← Chapters

အခန်း (၇၂၄)

Vol. 49 Ch. 724

အခန်း (၇၂၄)

Vol. 49 Ch. 724

နတ်ဆိုးလောကသည် အလွန်အားကောင်းသည့် လောကကြီးတစ်ခုဖြစ်၏။ ကြမ်းတမ်းလွန်သည့် လောကသားများ၏ သဘောသဘာဝသည် တကယ်ပင် အားလုံးသောသူတို့ကို အထိတ်တလန့် ဖြစ်စေခဲ့၏။ အင်မော်တယ်ဘုရင်တစ်ယောက်သည်ပင် ဤနေရာထဲသို့ ဝင်ရောက်သည်ဆိုလျှင် ကျိန်းသေပေါက် ကြောက်လန့်မှုကို ခံစားရမှာ သေချာ၏။

"ဒါပေမဲ့ ကိုယ့်ဘာကိုယ်လှုပ်ရှားတာထက်တော့ ပိုပြီးကောင်းတယ်။ ကွာစီအင်မော်တယ် အင်ပါယာ အဆင့် အခွင့်အရေး ကောလာဟလ သတင်းအချက်လက်တွေက လျှင်လျှင်မြန်မြန် ပျံ့နှံ့နေပြီ။ အချိန်အတိုင်းအတာ အတွင်းမှာပဲ နတ်ဘုရားလောကနဲ့ အင်မော်တယ်လောကမှာရှိတဲ့ စွမ်းအားမြင့် ကျင့်ကြံသူတွေ အားလုံးက ရောက်လာလိမ့်မယ်။ ဒါဆိုရင် ဒီသတင်းက နတ်ဆိုးလောကကြီးဆီကို မရောက်ဘဲ နေမလား။ "

ထျန်းမင်တောင်သခင်၏ မျက်လုံးထဲတွင်တော့ မဖြစ်နိုင်ချေ။ နတ်ဆိုးလောကကြီးသည် သိရှိပြီးသား ဖြစ်ပေလိမ့်မည်။ ပြင်ပတွင်ရှိနေသော သတင်း အချက်အလက်များကို သူတို့က လက်ခံရယူနိုင်၏။ ကွာစီအင်မော်တယ်အင်ပါယာအဆင့် အခွင့်အရေးကို သိရှိသည့်အချိန်တွင် ကျိန်းသေပေါက် လှုပ်ရှားကြမှာ သေချာသည်။

"ဘာပဲပြောပြော ကျုပ်တို့ ပူးပေါင်းထားမယ် ဆိုရင် အကောင်းဆုံး ဖြစ်လိမ့်မယ်လေ။" လျှိုချင်းယုက ပြောဆိုလိုက်လေ၏။ သူသည် အင်မော်တယ်ဘုရင်အဆင့်ကို လှမ်းကာ ကြည့်ရှုပြီးနောက် စိတ်ဆုံးဖြတ်ထားသလို ပြောဆိုလိုက်၏။

ထိုစကားကို ကြားရသည့် အချိန်မှာတော့ ထျန်းမင်​တောင်သခင်သည် သဘောမတွေ့သလိုခံစားရ၏။ သူ၏ အားအင်အဆင့်သည် လုံလောက်သည်ဟု သတ်မှတ်ရမည်ဆိုလျှင်တောင်မှ လျှိုချင်းယု၏ အားအင်အဆင့် သည် ဘာဖြစ်မည်မသိချေ။

သူသည် အချိန်ကြာမြင့်စွာ စည်းခတ်ခြင်းကို ခံထားရသောကြောင့် အားနည်းခဲ့၏။ စည်းမှ ပြန်လည် လွတ်မြောက်လာပြီးနောက် သူသည် ပြန်လည် ကြိုးစားနေရသည်။ ငရဲလောက၏ တိုက်ပွဲအတွင်းတွင် သူသည် ကျိန်းသေပေါက် အားမနည်းခဲ့ချေ။ ထို့ကြောင့် ယခင်အားအင်အဆင့်ကို ပိုင်ဆိုင်ရန် သူ ယခုထက် ကြိုးစားရပေမည်။

သူသည် အင်မော်တယ်ဘုရင် စာရင်းထဲတွင်ပါဝင်နိုင်သည်။ အနည်းဆုံး အနေနှင့် အဆင့်နိမ့်နေရာတွင်ဖြစ်သည်။

"ဟမ်"

သက်တံ့ရောင်ကျောက်ပြားပေါ်တွင် အခြားသော နာမည်တစ်ခုက ပေါ်ပေါက်လာခဲ့၏။ ထိုအရာကို ဖတ်ရှုပြီးသည့်နောက် ထျန်းမင်တောင်သခင်သည် လျှိုချင်းယုကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်၏။

"ငါးဆယ့်သုံးမြောက်နေရာက လျှိုချင်းဟုန်ပဲ။ ဒါလျှိုကလန်က ကြယ်ပွင့်တစ်ပွင့်မလား။ "

ငါးဆယ့်သုံးနေရာ။

ပြောရမည်ဆိုလျှင် ဤနေရာသည် အဆင့်မြင့်မားသည့် နေရာမျိုးတော့ မဟုတ်ပေ။ အလယ်အလတ် တန်းစားနေရာသာ ဖြစ်၏။ သို့ပေမဲ့ မတူညီသည့် အမြင်နှင့် သုံးသပ်ကာ ကြည့်ရှုရမည်ဆိုလျှင် အသင်္ချေများပြားသည့် လောကကြီးထဲတွင် ရှိနေသည့် အင်မော်တယ်ဘုရင်များ၏ စာရင်းတွင် ငါးဆယ့်သုံးယောက်မြောက် အားအကောင်းဆုံး သူဖြစ်သည်။

အင်မော်တယ်ဘုရင်အဆင့်တွင် လျှိုချင်းဟုန် ထက် အဆင့်မြင့်မားသောသူမှာ ငါးဆယ်ကျော် သာ ရှိ၏။ ထို့အပြင် ပိုမို၍ အရေးကြီးမားသည်မှာ လျှိုချင်းဟုန်သည် မကြာသေးခင်ကမှ ထွန်းတောက်လာခဲ့သည့် ကြယ်တစ်ပွင့် ဖြစ်၏။

လျှိုချင်းဟုန်သည် ငရဲတိုက်ပွဲကြီးပြီးဆုံးပြီးမှ ထွက်ပေါ်လာခဲ့သည့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး နှစ်အနည်းငယ်သာ အသက်ရှင်နေထိုင်ရသေးသော်လည်း အင်မော်တယ်ဘုရင် အဆင့်တွင် ပဝင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ၎င်း၏ ပါရမီသည် ကျိန်းသေပေါက် ကြီးမားလွန်းလှသည်။ တစ်ချိန်ချိန်တွင် ကွာစီအင်မော်တယ် အင်ပါယာ အဆင့်ကို ကျိန်းသေပေါက် တက်လှမ်းနိုင်မည့် လူတစ်ယောက် ပင် ဖြစ်ရပေလိမ့်မည်။

"အင်း ကံကောင်းလို့ပါ။"

လျှိုချင်းယုက နှာခေါင်းရှုံ့လိုက်၏။ သူ၏ မျက်လုံးထဲတွင် အထင်မြင်သေးမှုများ ပေါ်ပေါက်လာသည်။ ထို့အတူ သူ၏ စကားလုံးများတွင် နာကျင်မှုများလည်း ပါဝင်နေသည်။ တူညီသည့် ကလန်တစ်ခုထဲတွင် ရှိနေပြီး တူညီသည့်အရင်းမြစ်နှင့် နောက်ခံများကို ရရှိခဲ့သည်ဆိုလျှင်တောင်မှ လျှိုချင်းဟုန်သည် အင်မော်တယ် ဘုရင်အဆင့် စာရင်းထဲ တက်လှမ်းနိုင်ခဲ့ပြီ။ ထိုအရာသည် အလယ်အလတ်အဆင့်တွင် ရှိနေသည် ဆိုလျှင်တောင်မှ ရောက်ရှိခြင်းက ရောက်ရှိခြင်းသာလျှင်ဖြစ်၏။

သူကရော ….။ လက်ရှိအခြေနေတွင် စာရင်းထဲတွင်ပင် ပါဝင်ရန် အခြေနေမရှိပေ။ ထို့အပြင် အနီးနားတွင်ရှိနေသည့် ထျန်းမင်တောင်သခင်သည်လည်း မပါဝင်သေးချေ။ သတ္တမဘိုးဘေး၊ ဒုတိယဘိုးဘေး …. ထိုသူများလည်း မပါဝင်သေးချေ။ ထိုကဲ့သို့သောသူမျိုးများတောင် မပါဝင်သည် ဆိုမှတော့ သူ့အနေနှင့် စာရင်းထဲတွင် ပါဝင်ရန် အခွင့်အရေး ဟူ၍ ရှိလိမ့်မည်မထင်ပေ။

"သူ့ကံက တော်တော်ကြီးကောင်းတဲ့ ပုံပေါ်တယ်"

ထျန်းမင်တောင်သခင်သည် ဘေးနားမှ လှမ်း၍ လှောင်ပြောင်လိုက်၏။ ငါးဆယ့်သုံးနေရာ မြောက်တွင် ရှိခြင်း ဆိုသည်မှာ ကံကောင်းခြင်းကြောင့် မဟုတ်နိုင်ကြောင်း သူ ကောင်းကောင်းသိသည်။

"လာလှောင်နေတာလား တာအိုရောင်းရင်း " လျှိုချင်းယုသည် သဘောမတွေ့သလို ဖြစ်သွားမိ၏။ လျှိုချင်းဟုန် နှင့် နှိုင်းယှဉ်ခံရသောကြောင့် သူ တကယ် စိတ်တိုမိသည်။ သို့ပေမဲ့ လျှိုချင်းဟုန်သည် တကယ့် ထိပ်တန်း ပါရမီကို ပိုင်ဆိုင်ကြောင်းတော့ သူ နားလည်ထား၏။

"မဟုတ်ပါဘူး"

ထျန်းမင်တောင်သခင်သည် ရယ်မောကာ ခေါင်းကို ခါယမ်း လိုက်သည်။

"ဒါ စိတ်ခံစားချက် တစ်ချို့တစ်လေပဲလေ။ ကျုပ်က အချိန်အတော်ကြာ စည်းခတ်ခြင်းကို ခံထားရတာ ဆိုတော့ လောကအသီးသီးမှာ ဖြစ်ခဲ့တဲ့ ပြောင်းလဲမှုတွေကို များများစားစား မသိခဲ့ရဘူး။ ဒီလျှိုချင်းဟုန် က ကျုပ်ကို ကျိန်းသေပေါက် အံ့အားသင့်စေခဲ့တယ်။ ကျုပ်တို့တောင် အင်မော်တယ်ဘုရင်အဆင့်ထဲမှာ မပါဘူးလေ။"

ထျန်းမင်တောင်သခင်နှင့် လျှိုချင်းယုသည် မဟာမိတ်အဖြစ်သို့ ဖွဲ့ခဲ့ပြီးဖြစ်၏။ ထို့ကြောင့် ၎င်းတို့ နှစ်ယောက်သည် တူညီသည့် ကြိုးပေါ်တွင် ရပ်နေသည့် ငှက်နှစ်ကောင်ကဲ့သို့ပင်။ ထို့ကြောင့် လျှိုချင်းဟုန် နှင့် တချိန်ချိန်တွင် ရင်ဆိုင်တိုက်ခိုက်ရမည့်လူများ ဖြစ်၏။ ကွာစီအင်မော်တယ်အင်ပါယာ အခွင့်အရေး တည်နေရာ၌ လျှိုချင်းဟုန် နှင့် သူတို့သည် ကျိန်းသေပေါက် တိုက်ခိုက်ရပေလိမ့်မည်။

သူသည် အင်မော်တယ်ဘုရင်စာရင်းထဲတွင် ပါဝင်ခြင်း မရှိလျှင်တောင်မှ တစ်ဖက်လူများသည် သူ့ကို အထင်မြင်သေးလိမ့်မည် မဟုတ်ဟု ထျန်းမင်တောင်သခင်က ယုံကြည်မိ၏။ လျှိုချင်းဟုန် သည် အားကောင်းလွန်းသောကြောင့်သာ စီနီယာနန်းဆောင်သခင်က စာရင်းကို ထည့်သွင်းထားခြင်း ဖြစ်ပေလိမ့်မည်။

ခဏလောက်ကြာပြီးနောက် နောက်ထပ်စာရင်း တစ်ခုက ပေါ်ပေါက်လာခဲ့ပြန်၏။

[၉၃- မုရှန်းဖန်။]

ထျန်းမင်တောင်သခင်သည် ထိုအရာကို မြင်သည့်အချိန်မှာတော့ နှလုံးသားတစ်ခုလုံး အေးခဲသွားမိ၏။ အင်မော်တယ်ဘုရင် စာရင်းတွင် လူမည်မျှရှိမည်နည်းကို သူ မသိချေ။ သို့ပေမဲ့ အဆုံးသတ်ဆီသို့ နီးကပ်လာနေပြီဖြစ်၏။ ကိုးဆယ့်သုံးယောက်မြောက်စာရင်း၏ လူနာမည် ပေါ်ပေါက်လာခဲ့သော်လည်း သူ၏ နာမည် မပါဝင်သေးချေ။ သူ၏ အားအင်သည် စာရင်းထဲတွင် ပါဝင်ရန် အရည်အချင်း မရှိလေသည်လား။

[၉၄ ယောက်မြောက်- ဖန်းရှန်]

ထိုနာမည်ပေါ်ပေါက်လာသည့် အချိန်မှာတော့ ထျန်းမင်တောင်သခင်သည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်၏။ အနည်းဆုံးသူသည် စာရင်းထဲတွင် ပါဝင်လာခဲ့ပြီဖြစ်သည်။

စာရင်း၏ အောက်ပိုင်းတွင်တည်ရှိနေသည် ဆိုလျှင်တောင်မှ စာရင်းထဲ၌ ပါဝင်ခြင်းသည် ပါဝင်ခြင်းသည်သာ ဖြစ်၏။ အနာဂတ် အပြင်ဘက်သို့ လှည့်လည် သွားလာသည့် အချိန်တွင် အင်မော်တယ် ဘုရင် စာရင်းတွင် ပါဝင်သည့် လူတစ်ယောက်ဟု လက်မထောင်ကာ ပြောဆိုနိုင်စွမ်းရှိ၏။

သူ့ထက် အားကောင်းသည့်လူ ကိုးဆယ့်သုံးယောက် ရှိခြင်းကသာ ဆိုး၏။ ထိုသူတို့နှင့် ရင်ဆိုင် မတွေ့ပါက သူသည် ပြိုင်ဘက်ကင်းပင်။ ဥပမာအားဖြင့် သူ၏ ဘေးတွင် ရှိနေသည့် လျှိုချင်းယု ။ လျှိုချင်းယုသည် သူ့ကို ရင်ဆိုင်တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုအရာကို တွေးတောပြီးသည့်နောက် သူသည် ဘေးတစ်ဖက်တွင်ရှိနေသည့် လျှိုချင်းယုဆီသို့ မျက်စိ စွေစောင်းကာ ကြည့်ရှုလိုက်သည်။

လျှိုချင်းယု၏ မျက်လုံးထဲတွင် အေးစက်သည့် အရိပ်အယောင်များ ဖြစ်တည်နေသည်ကို သူကမြင်ရ၏။

All Chapters