အခန်း (၇၂၅)
Vol. 49 Ch. 725
"ဂုဏ်ယူပါတယ်တာအိုရောင်းရင်း စာရင်းထဲမှာ ပါဝင်နိုင်ခဲ့လို့။" လျှိုချင်းယုက ပြောဆိုလိုက်သည်။ သူသည် မနာလိုသည့် အမူအရာများကို တစ်ခါမှ ထုတ်ဖော် မပြသထားချေ။ ထျန်းမင်တောင်သခင်၏ အားအင် အဆင့်သည် ကိုးဆယ့်လေးယောက်မြောက်၌ ရှိ၏။
အသင်္ချေများပြားသည့် လောကကြီးထဲတွင် အင်မော်တယ်ဘုရင် မည်မျှ ရှိသနည်း။ မည်သူမှ သေသေချာချာ မသိရှိနိုင်ပေ။ ဖြစ်နိုင်သည်မှာ တိကျသည့်အရေအတွက်ကို စီနီယာ နန်းဆောင်သခင်သာ လျှင် သိရှိပေလိမ့်မည်။
ထျန်းမင်တောင် သခင်၏ အပြုံးမှာတော့ ပျောက်ကွယ်မသွားခဲ့ချေ။ အချိန်အတော်ကြာ စည်းခတ်ခံခဲ့ရသော်လည်း အင်မော်တယ်ဘုရင်စာရင်း၏ ၉၄ ယောက်မြောက်စာရင်းသို့ ပါဝင်လာခဲ့ခြင်းမှာ တကယ့်ကို ကောင်းမွန်သည့် အရာပင်ဖြစ်သည်။
သူသာ စည်းခတ်ခြင်း မခံရပါက….။
ထျန်းမင်တောင်သခင်သည် အင်ပါယာစာရင်း၏ ထိပ်ဆုံးကို ပြန်လည်ကာ ကြည့်ရှုလိုက်၏။ သူ၏ မျက်လုံးထဲတွင် သဘောမတွေ့သည့် အရိပ်အယောင် များ ဖြစ်တည်လျှက် ရှိ၏။ အချိန်အတော် ကြာပြီးသည့်နောက် သူ၏ အားအင်အဆင့်သည် တဖြည်းဖြည်း တိုးတက်လာပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ သူ၏ အဆင့်သည် မြင့်မြင့်မားမားသို့ ရောက်ရှိလာမှာ သေချာ၏။ သူ့ကို စည်းခတ်ခဲ့သည့် ကွာစီအင်မော်တယ် အင်ပါယာ အကြောင်းကို တွေးမိချိန်မှာတော့ ထျန်းမင်တောင် သခင်၏ မျက်လုံးထဲတွင် အေးစက်သည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့၏။
တစ်ဖက်လူသည်သာ မသေဆုံးသေးသာပါက ဤတကြိမ် ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေးကို ရရှိပြီးနောက် သွေးကြွေးဆပ်ရ ပေလိမ့်မည်။ ထို့အပြင် တစ်ဖက်လူသည် သူ့ကို စည်းခတ်ခဲ့သည် သာမက နက်နဲမီးတောက် လောကကြီး တစ်ခုလုံး ကိုလည်း အစိတ်စိတ် အပိုင်းပိုင်း ဖြစ်အောင် ပြုလုပ်ခဲ့သည်။
ဤအရာသည် ဘာကို ရည်ညွှန်းသနည်း။ တစ်ဖက်လူ အနေနှင့် သူ၏ ရေသောက်မြစ်အားလုံးကို ဖြတ်တောက် လိုက်ခြင်းပင်။ နက်နဲမီးတောက် လောကကြီးသည် သူ၏ အခြေခံပင်ဖြစ်၏။
“ဒီအချိန် ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို သွားပြီးတော့ သတင်းအချက်လက် တစ်ချို့ကို မေးမြန်းဖို့ လိုအပ်တဲ့ပုံပဲ လျှိုချင်းယုသည် သိုလှောင်လက်စွပ်ကို အသာ ပွတ်သပ်ကာဖြင့် ပြောလိုက်သည်။
"အင်း"
ထျန်းမင်တောင်သခင်က ခေါင်းညိတ်လိုက်၏။ အင်မော်တယ်ဘုရင်စာရင်းတွင် များပြားလှသည့် လူများ ပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့် သေခြင်း ၊ ရှင်ခြင်းဆိုသည့်အရာမှာ အတည်ပြုနိုင်သည့် အရာမျိုး မဟုတ်တော့ချေ။
ကွာစီအင်မော်တယ် အင်ပါယာ အဆင့် အခွင့်အရေးကိုရရှိရန် ယှဉ်ပြိုင်မည့် လူပေါင်းများစွာ ရှိနေသည်ဟု အဓိပ္ပာယ် သက်ရောက်၏။ ပထမဦးဆုံး အနေဖြင့် စာရင်းထိပ်ဆုံးတွင်ရှိနေသည့် လူများ အသက်ရှင်လျက် ရှိနေသည်ဟု အတည်ပြုရန် လိုအပ်နေခြင်းပင်။
ထိုသူများ သေဆုံးသွားကြောင်း အတည်ပြုနိုင်ပါက အဆင်ပြေ၏။ အရေးအကြောင်း အခြေအနေမျိုးတွင် အင်မော်တယ်စာရင်း၏ ထိပ်ဆုံးတွင် ရှိသည့်လူများ ပေါ်ပေါက်လာခဲ့ပါက အင်မော်တယ် ဘုရင်အားလုံးသည် ဒုက္ခ လှလှ တွေ့ပေလိမ့်မည်။
ထျန်းမင်တောင်သခင်ကို ဥပမာ ပြုရမှာ ဖြစ်၏။ အောက်ခြေအဆင့်တွင်ရှိသည့် အင်မော်တယ် ဘုရင်တစ်ယောက် ဖြစ်သည် ဆိုလျှင်တောင်မှ ၎င်းသည် လျှိုရွှမ်းချန်၊ လျှိုကလန်၏ သတ္တမ ဘိုးဘေးကြီးကို ကောင်းကောင်းအနိုင်ယူနိုင်သည့် လူမျိုး ဖြစ်၏။
ထိုသူတို့သည်လည်း အင်မော်တယ် ဘုရင်များပင် ဖြစ်၏။ ထျန်းမင်တောင်သခင်ကို တိုက်ခိုက်ရန် လာရောက်ကြခြင်းသည် သေလမ်းရှာသည့် နည်းလမ်းပင်ဖြစ်လေ၏။ ထျန်းမင်တောင်သခင်သည် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသည့် လူများထဲတွင် ခန့်မှန်း၍ မရနိုင်သည့် အားအင်အဆင့် ရှိကြောင်း သက်သေပြလျက် ရှိသည်။ သာမန် အင်မော်တယ် ဘုရင်တစ်ယောက်မဟုတ်ချေ။
"သွားကြရအောင်"
ထျန်းမင်တောင်သခင်၏ ခြေထောက်များသည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားခဲ့၏။ "ကျုပ်တို့ ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို သွားရမယ်။ အင်မော်တယ်ဘုရင်အဆင့် ထွက်ပေါ်လာတဲ့အတွက် မကြာခင်မှာ အင်မော်တယ်ဘုရင်တွေက ကောင်းကင်မူလ လောကကြီးဆီ ရောက်လာလိမ့်မယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ကြိုပြီး မသွားဘူးဆိုရင် အခွင့်အရေးကို လက်လွတ်သွားလိမ့်မယ်။"
အင်မော်တယ် အင်ပါယာအဆင့် အခွင့်ရေးသည် အသင်္ချေ များပြားသည့် လောကကြီးထဲသို့ ပျံ့နှံ့နေပြီဖြစ်၏။ အင်မော်တယ် ဘုရင်ပေါင်း မြောက်များစွာတို့သည် လောကထဲကိုဝင်ရောက်ပြီး ထိုအခွင့်အရေးကိုရယူရန် ကြိုးစားကြမှာ သေချာသည်။
အထူးသဖြင့် လျှိုကလန်ပင်။ လျှိုကလန်သည် ဖြစ်ပျက်ခဲ့သမျှကို ဖုံးကွယ်ထားရန် ရည်ရွယ်ချက် မရှိတော့ပုံပင်။ လျှိုချင်းယုနှင့် ထျန်းမင်တောင်သခင်တို့ ပူးပေါင်းသွားပြီဖြစ်ကြောင်း အားလုံးသောသူတို့ကို ထုတ်ဖော် ပြောကြားခဲ့၏။
လျှိုချင်းယု၊ ထျန်းမင်တောင်သခင် …. ၎င်းတို့ နှစ်ယောက်တည်းနှင့် အခွင့်အရေးကို ရယူနိုင်လိမ့်မဟုတ်ချေ။ လျှိုချင်းယုသည် ထွက်ခွာသွားသော ထျန်းမင်တောင်သခင်ကို လှမ်းကာကြည့်ရှုပြီး မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။
သို့ပေမဲ့ ချက်ချင်းဆိုသလိုပဲ သူသည် ပြန်လည် တည်ငြိမ်သွားခဲ့၏။
…………..
တခြားသောဘက်အခြမ်း။
လျှိုကလန်၏ ဘုရင်သုံးယောက်တို့သည် ရှုပ်ထွေးသော တည်နေရာ လေဟာနယ် လမ်းကြောင်းဆီမှ ပြန်လာခဲ့ကြ၏။ ၎င်းတို့၏ ပုံပန်းသွင်ပြင်များသည် စုတ်ပြတ်လျက် ရှိနေ၏။ ဤခရီးစဉ်အတွင်း ၎င်းတို့သည် နတ်ဆိုးလောက၏ များပြားသော ကျင့်ကြံသူများ၏ အနောက်မှ လိုက်ပါတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
ကောင်းကင်မူလလောကကြီးသို့ ပြန်ရောက်သည့်အချိန်မှသာ ၎င်းတို့သည် စိတ်သက်သာရာ ရသလို သက်ပြင်းချမိကြ၏။ နတ်ဆိုးလောကကြီးမှ ကွာစီအင်မော်တယ်အင်ပါယာ တစ်ယောက် ရောက်ရှိလာလျှင်တောင်မှ ကောင်းကင်မူလလောကကြီးသည် ကောင်းကောင်း ပြန်လည် တိုက်ခိုက်နိုင်၏။
ထို့အပြင် အားအင်အဆင့်အရဆိုလျှင် စီနီယာ နန်းဆောင်သခင်သည် ပိုမိုကာ အားကောင်း နိုင်၏။ သူတို့၏ ခရီးစဉ်သည် အံ့အားသင့်စရာ ရှိပြီး အန္တရာယ်မရှိဘူးဟု စီနီယာနန်းဆောင်သခင်က ပြောဆိုခဲ့သည်။
ယခု ပြန်လည်ရောက်ရှိလာသည့် အချိန်မှာတော့ အံ့အားသင့်မှုများကို တကယ်ပင် ကြုံဆုံခဲ့ရသည်။ ထို့အတူ မည်သည့် အန္တရာယ်မှ မတွေ့ကြုံရချေ။ စီနီယာ နန်းဆောင်သခင်သည် နတ်ဆိုးလောကထဲတွင် ရှိနေသည့် ကျင့်ကြံသူများ၏ အကြောင်းကို အစောကြီးတည်းက သိရှိပြီးသား ဖြစ်ပေလိမ့်မည်။
အခြားတစ်ဖက်က ကြည့်ရှုရမည် ဆိုလျှင်တော့ ဝိညာဉ်နတ်ဆိုးတောအုပ်အရှင်သည် စီနီယာ နန်းဆောင် သခင် တည်ရှိမှုကို သတိမပြုမိသေးချေ။ ကွာခြားချက်မှာ ရှင်းရှင်းလင်းလင်းကြီးပင်။
"အနည်းဆုံး ကျုပ်တို့ပြန်ရောက်ပြီပဲ"
လျှိုချင်းကျီ၏ စိတ်ထဲတွင် စိတ်သက်သာရာ ရမှုများနှင့် ပြည့်နှက်သွားခဲ့၏။ ဝိညာဉ်နတ်ဆိုး အရှင် နှင့် ရင်ဆိုင်တွေ့ရသည့် အချိန်တွင် သူ၏ နှလုံးသား တစ်ခုလုံးသည် ပျက်စီးလုနီးပါး ဖြစ်ခဲ့၏။
နတ်ဘုရားလောကထဲသို့ ပြန်မည်ဆိုလျှင်တောင်မှ ၎င်းတို့သည် လုံခြုံမှုကို ခံစားရမည် မဟုတ်ချေ။ နတ်ဘုရားလောကကြီးသည် အားကောင်းလွန်းသည့် လောကကြီးတစ်ခုဖြစ်သည် ဆိုလျှင်တောင်မှ ကွာစီ အင်မော်တယ် အင်ပါယာအဆင့် ကျွမ်းကျင်သူ မရှိချေ။
ဝိညာဉ်နတ်ဆိုးတောအုပ် အရှင် ရောက်ရှိလာသည် ဆိုပါက ကျိန်းသေပေါက် သိုးအုပ်ထဲသို့ ကျားတစ်ကောင် ဝင်ရောက်လာခြင်းနှင့် ဆင်တူပေလိမ့်မည်။ ဤနေရာတွင် စောင့်စားနေခြင်းသည် ခုခံရန် မည်သို့မှ မဖြစ်နိုင်သည့် ကံကြမ္မာကို စောင့်စားနေခြင်းပင် ဖြစ်ပေလိမ့်မည်။
သို့ပေမဲ့ ကောင်းကင်မူလ လောကကြီးကတော့ ခြားနား၏ ။ စီနီယာနန်းဆောင်သခင် ရှိနေသောကြောင့် မည်သူက အဆင်ခြင်မဲ့ လုပ်ရဲမည်နည်း။
တော်ဝင်သဲကန္တာရမြို့ထဲတွင် အဆင်ခြင်မဲ့ ပြုလုပ်ရဲသည်ဆိုပါက ကျိန်းသေပေါက် အဆုံးသတ် ကောင်းမွန်လိမ့်မည် မဟုတ်ချေ။
"အင်း ဒုတိယဘိုးဘေးနဲ့ ချင်းဟုန်တို့ နတ်ဆိုးလောကနားကို ရောက်လာမယ်လို့ မျှော်လင့်မိတယ်။ သူတို့လာမဲ့ နေရာက နတ်ဆိုးလောကနဲ့ အရမ်းနီးကပ်နေတယ်" လျှိုရွှမ်ချမ်သည် သူ၏ စိုးရိမ်ပူပန်မှုကို ထုတ်ဖော် ပြောဆိုလိုက်၏။
၎င်းတို့သုံးယောက် လုံခြုံသည် ဆိုသော်လည်း လျှိုချင်းဟုန် နှင့် ဒုတိယဘိုးဘေးတို့သည် ကွာစီအင်မော်တယ်အင်ပါယာအဆင့် အခွင့်အရေး တည်ရှိနေသည့် နတ်ဆိုးလောက၏ အနီးနားတွင် လှုပ်ရှားရမှာ ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်နတ်ဆိုးတောအုပ် အရှင် ရှာဖွေတွေ့ရှိသွားမည့် အဖြစ်မျိုး ကြုံရနိုင်သည်။
"ဝိညာဉ်နတ်ဆိုးတောအုပ်အရှင်က အလကား နေ နေမှာ မဟုတ်ဘူး။ သူက နတ်ဆိုးလောကအပြင်ဆီ နေ့စဉ်နေ့တိုင်း စုံစမ်း ထောက်လှမ်း နေမှာပဲ။"
လျှိုချင်းကျီက အမှတ်မထင် ပြောဆိုလိုက်၏။ “ဒါပေမဲ့ အမြဲတမ်းတော့ ဘယ်စောင့်ကြည့်နေနိုင်မှာလဲ”
ကျင့်ကြံသူအားလုံးတို့သည် ကျင့်ကြံရန်လိုအပ်၏။ မည်သူမှ နတ်ဘုရား အသိအမြင်များကို တချိန်လုံး ထုတ်ဖော်ကာ တည်နေရာတစ်ခုလုံးဆီ ကြည့်ရှုနေလိမ့်မည် မဟုတ်ချေ။
ထို့အပြင် ဤကဲ့သို့ သေးငယ်သည့် ကိစ္စရပ်လေးများကို ကိုယ်တိုင်ပြုလုပ်နေရမည် ဆိုပါက နောက်လိုက်များကို ဘာသွားခိုင်းစားမည်နည်း။
"အင်း ဟုတ်တော့လည်း ဟုတ်ပါတယ်"
လျှိုရွှမ်ချမ်သည် ခေါင်းညိတ်လိုက်၏။ ဆုံးအောင် မပြောရသေးခင်မှာပင် တစ်စုံတစ်ခု မှားနေကြောင်း အာရုံခံမိ၏။ တစ်ချိန်လုံး တိတ်ဆိတ် ငြိမ်သက်လျက် ရှိနေသည့် သတ္တမ ဘိုးဘေးကြီးသည် ပုံမှန် နှင့် မတူဘဲ ထူးခြားလျက်ရှိနေကြောင်း အာရုံ ခံမိခြင်းပင်။