အခန်း (၇၂၉)
Vol. 49 Ch. 729
“ဒါဆိုလည်း စောင့်ကြည့်ကြတာပေါ့” ထျန်းမင်တောင်သခင်သည် ခပ်တည်တည်နှင့်ပင်။ ဤတစ်ကြိမ်မှာတော့ သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှ သတင်းအချက်အလက် တော်တော်များများ ရရှိခဲ့၏။ အနည်းဆုံး အနေနှင့် အင်မော်တယ်ဘုရင်အဆင့် စာရင်းတွင် ရှိနေသည့် လူများသည် အထင်အမြင်သေး၍ ရသည့်လူများ မဟုတ်ကြောင်း သူ သိရှိခဲ့၏။
ထို့အပြင် သူ့ကို စိုးရိမ်ပူပန်မိစေသည်မှာ ငရဲလောကကြီး၏ ပျက်စီးမှုပင် ဖြစ်၏။ ငရဲလောကကြီး မတည်ရှိတော့ဘဲ လက်ရှိငရဲလောကြီးသည် ဦးဆောင်မှု ကင်းမဲ့နေသည် ဆိုခြင်းပင်။ ထိုသို့ဆိုလျှင် ငရဲလောကကြီးကို မည်သူက ဦးဆောင်မည်နည်း။ ခေါင်းဆောင် မရှိပါက ငရဲလောကကြီးသည် အားကောင်းလာသည် ဆိုလျှင်တောင်မှ အားလုံးသောသူတို့၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ပြိုကျ ပျက်စီးမှာ သေချာသည်။
“ဟမ်”
သတ္တမဘိုးဘေးကြီးနှင့် တခြားသောသူများသည် များများစားစား မပြောချေ။ ၎င်းတို့ ခြေထောက်များကို မြှောက်ကာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်သွား၏။
လျှိုချင်းကျီသည် လျှိုချင်းယု နားမှဖြတ်သွားချိန်မှာတော့ သတ်ဖြတ်လိုခြင်း ဆန္ဒအပြည့်ဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ သို့ပေမဲ့ သူသည် အေးစက်စက်ဖြင့် နှာခေါင်းကိုရှုံကာ မည်သည့်စကားမှ မဆိုချေ။
လျှိုကလန်၏ လျှိုချင်းယုကဲ့သို့သော သစ္စာဖောက်အတွက် ကလန်ထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် အရှက်သိက္ခာကို ခံစားနေရ၏။ လက်ရှိအချိန်မှာတော့ နတ်ဘုရားလောက၊ အင်မော်တယ်လောက မည်သည့် နေရာတွင်ဖြစ်ဖြစ် လျှိုကလန်အကြောင်း မကောင်းပြောဆိုနေ၏။ လျှိုကလန်အနေဖြင့် ငရဲလောကကြီးနှင့် ပူးပေါင်းသွားခဲ့ပြီဟုပင် တချို့သောသူများက ယုံကြည်လျက် ရှိနေသည်။
...............
ကောင်းကင်လျှို့ဝှက်နန်းဆောင် အတွင်းမှာတော့ ...........
၎င်းတို့သုံးယောက်သည် ဝင်ရောက်လိုက်သည်နှင့် တပြိုင်နက် လေးလေးစားစားဖြင့် ဦးညွတ်လိုက်ကြ၏။ “ဂျူနီယာတွေက စီနီယာနန်းဆောင်သခင်ကို ဂါရဝပြုပါတယ်”
“ဟမ်”
လီယွင်သည် ပြတင်းပေါက်နားတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်း၏ နှုတ်ခမ်းပါးထက်တွင် အပြုံးတစ်ခုက တည်ရှိနေ၏။ အသာခေါင်းညိတ်ပြီးသည့်နောက် ခန္ဓာကိုယ်ကို လှည့်ကာဖြင့် တစ်ဖက်လူ သုံးယောက်တို့ကို ကြည့်ရှုလိုက်သည်။ “ထိုင်ကြ။ ခင်ဗျားတို့က နတ်ဆိုးလောကကြီးကနေ အားရပါးရ ပြေးလာခဲ့တာဆိုတော့ မမောသေးဘူးလား။ ဒီနေရာကို ရောက်ပြီဆိုရင်တော့ စိတ်ချထားပါ”
“စီနီယာနန်းဆောင်သခင် အနေနဲ့ လုံလုံခြုံခြုံ ပြန်လာအောင် ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” သတ္တမ ဘိုးဘေးကြီးသည် လေးနက်စွာဖြင့် ဦးညွတ်လိုက်၏။
“ကျုပ်ကို ကျေးဇူးတင်ဖို့ မလိုဘူး။ တချို့ကိစ္စတွေက ဒီလိုလုပ်ဖို့ လိုကို လိုအပ်နေတာပဲ” လီယွင်သည် အသာပင် ပြောဆိုလိုက်၏။ သူ၏ မျက်လုံးအကြည့်များသည် ကြင်နာ နူးညံ့လျက် ရှိနေသည်။
“ဟမ်”
သတ္တမဘိုးဘေးကြီးနှင့် တခြားသောသူများသည် ထိုင်ချလိုက်ရုံသာ ရှိသေးသည်။ ထိုစကားကို ကြားရသည့် အချိန်မှာတော့ ရုတ်တရက် ပြန်လည်ကာ မတ်တပ်ထရပ်လိုက်မိ၏။
ဇဝေဇဝါ အမူအရာများ တည်ရှိလျက် ရှိနေသော သတ္တမဘိုးဘေးကြီးက မေးမြန်းလိုက်လေ၏။ “ကျုပ်သိချင်တာ စီနီယာ ဘာဆိုလိုတာပါလဲ။ ဂျူနီယာအနေနဲ့ ကူညီလို့ရတာ တစ်ခုခုများရှိလား။ စီနီယာသာ အကူအညီ လိုအပ်တယ်ဆိုရင် ကျုပ်တို့ အကောင်းဆုံး ပြုလုပ်ပေးပါ့မယ်”
“မလိုပါဘူး”
လီယွင်သည် လက်ကို ယမ်းခါပြီးသည့်နောက် လျှိုရွှမ်ချမ်ဆီသို့ လှမ်းလျှောက်သွား၏။ လက်ကို မြှောက်ပြီးနောက် လျှိုကလန် ဘုရင်သုံးယောက်၏ ဇဝေဇဝါ အကြည့်များ အောက်မှာပဲ လျှိုရွှမ်ချမ်၏ ရင်ဘတ်ကို ပုတ်လိုက်သည်။
ဟူး....
ရောင်စဉ်ရောင်ဝါများ တောက်ပလာခဲ့ပြီးသည့်နောက် လီယွင်သည် ၎င်း၏ လက်ထဲတွင် သေးငယ်သည့် မျက်လုံးတစ်ခုကဲ့သို့သော အရာကို ကိုင်ဆောင်ထား၏။ ထိုအရာဆီမှ တလက်လက် တောက်ပလျက် ရှိနေသည့် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်၏ အော်ရာများ ထွက်ပေါ်လာသည်။
အား...
နှလုံးကွဲလုမတတ် အော်ဟစ်သံသည် ကောင်းကင်လျှို့ဝှက်နန်းဆောင် တစ်ခုလုံး၌ ပျံ့နှံ့သွား၏။ ကံကောင်းစွာဖြင့် ဤအသံ ထွက်ပေါ်လာသည့် အချိန်မှာတော့ လီယွင်သည် လက်ကို မြှောက်ပြီးသည့်နောက် ထိုအသံကို ချက်ချင်းပဲ တားဆီးလိုက်၏။ အပြင်လောကဆီသို့ ထိုအသံက မရောက်ရှိသွားခဲ့ချေ။
“ဒီအသံ..။ သူပဲ”
တစ်စုံတစ်ခုကို နားလည်သွားသည့် အချိန်မှာတော့ သတ္တမဘိုးဘေးကြီး၏ မျက်နှာသွင်ပြင် တစ်ခုလုံးက ဖြူလျော်သွားခဲ့၏။ သူ၏ ဘေးတစ်ဖက်တွင် ရှိနေသည့် လျှိုချင်းကျီသည် မသက်မသာ ခံစားချက်များ ရရှိနေ၏။ အဘယ်ကြောင့်ဆိုသော် ဤအသံကို သူ အလွန်ရင်းနှီး၏။ ဝိညာဉ်နတ်ဆိုး တောအုပ်၏ ဌာနေအရှင်ပင် မဟုတ်ပါလား။
သူတို့သည် အားလုံးကို ကြိုတင် တွက်ချက်ခဲ့သည် ဆိုလျှင်တောင်မှ တစ်ဖက်လူသည် သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ဤကဲ့သို့သော ဝိညာဉ်အစိတ်အပိုင်း တစ်ခုခုကို ထည့်သွင်းထားလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ထို့အပြင် သူတို့ သတိပင် မပြုမိခဲ့ချေ။
ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ရောက်ရှိလာခဲ့ပြီး ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ဆွဲထုတ်ပေးမှ သာလျှင် ထိုအရာရှိကြောင်း သိရှိခဲ့ရ၏။
လျှိုကလန်၏ စီစဉ်မှုများ အားလုံးသည် ..........
အထူးသဖြင့် လျှိုချင်းဟုန်နှင့် ဒုတိယဘိုးဘေးတို့၊ မှတ်ထားရန် လိုအပ်သည်မှာ ဤနှစ်ယောက်တို့သည် နတ်ဆိုး လောကကြီး အနီးအနားတွင် တည်ရှိနေခဲ့၏။ ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်သည်သာ မကောင်းသည့် ရည်မှန်းချက်များ ရှိပါက ......
အင်မော်တယ်ဘုရင်အဆင့် စာရင်း၏ ငါးဆယ့်လေးယောက်မြောက်တွင် တည်ရှိနေသော လျှိုချင်းဟုန်သည် အထင်အမြင်သေး၍ ရနိုင်သည့် လူမျိုးမဟုတ်ဘူး ဆိုလျှင်တောင်မှ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်နှင့် တိုက်ခိုက်သည့် နေရာတွင် မည်သို့မှ အခွင့်အရေး ရရှိလိမ့်မည် မဟုတ်ချေ။
ဘန်း
လီယွင်သည် လက်ကို အသာပြန်ရုတ်ပြီးသည့်နောက် လက်ချောင်းများကို အသာ ပွတ်သပ်လိုက်၏။ လက်ချောင်းများ ကြားထဲတွင်တော့ အမဲရောင်မြူများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။
“စီနီယာ ဒီနေ့ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စီနီယာသာ ဒီလိုမလုပ်ဘူးဆိုရင် ဖြစ်လာနိုင်မယ့် အကျိုးဆက်ကို ကျုပ်တို့ ခန့်မှန်းလို့တောင် မရနိုင်ဘူး” လျှိုရွှမ်ချမ်သည် ကျေးဇူးတင်မှုကို ထုတ်ဖော် ပြောဆိုလိုက်သည်။
“ဒါ ကိစ္စသေးသေးလေးပါပဲ”
လီယွင်က အသာရယ်မောလိုက်၏။ ပြီးနောက် ပြောဆိုလိုက်၏။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်က တခြားသူတွေလာပြီး ကြည့်ချင်တိုင်း ကြည့်လို့ရတဲ့ အရာမဟုတ်ဘူး”
လီယွင်၏ စကားသည် နက်နဲလွန်းသည်။
ကျယ်ပြောလွန်းလှသည့် နတ်ဆိုးလောကကြီး အတွင်း၌ ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်သည် ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်၏။ သူ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်စရာ တုန်လှုပ်မှုများ ပေါ်ပေါက်လာ၏။ သူက လေးလေးနက်နက် ပြောလိုက်၏။ “ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်၊ အင်း.. အင်မော်တယ် အင်ပါယာအဆင့်နဲ့တောင် နီးစပ်နေတဲ့ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်။ ဒီလူက ဘယ်သူလဲ။ ငါသူ့ကို ဘာလို့ တစ်ခါမှ မတွေ့ဘူးတာလဲ”
ငရဲလောက၏ ကြီးမားသည့် တိုက်ပွဲကြီးအပြီးတွင် ကွာစီအင်မော်တယ် အင်ပါယာများ ပေါ်ပေါက်မလာခဲ့ချေ။ တိုက်ပွဲအတွင်း ပေါ်ပေါက်လာခဲ့သည့် ကွာစီအင်မော်တယ် အင်ပါယာအားလုံးကို သူ သိရှိပြီးသားဖြစ်၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် တည်ရှိနေသည့် ဤလူ၏ ပုံပန်းသွင်ပြင်သည် သူသိရှိသည့် လူများနှင့် တစ်ယောက်မှ မတူချေ။ ထို့အပြင် ၎င်းတို့၏ ကျင့်ကြံခြင်း နည်းစနစ်၊ အော်ရာများကလည်း ကွာခြားလျက် ရှိနေသည်။
ထူးဆန်းလှချေသည်။ မည်သည့်နေရာကမှန်း မသိဘဲ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ပေါ်ပေါက် လာသည်ဟု ပြောဆိုရမည်လား။ ကောင်းကင်ပေါ်တွင် တံခါးပိတ် ကျင့်ကြံရင်း ရုတ်တရက် အဆင့်ချိုးဖြတ်ခဲ့ လေသည်လား။ ကွာစီအင်မော်တယ် အင်ပါယာ၏ ကပ်ဘေးကြီးသည် သာမန်ထက် ပိုလွန်းလှ၏။ နတ်ဘုရားနယ်မြေပင်လျှင် ကွာစီအင်မော်တယ် အင်ပါယာကပ်ဘေးကို ခံယူ၍ မဖြစ်နိုင်ချေ။ လောကကြီးတစ်ခုလုံး ပျက်သုန်းသွားနိုင်သည့် ကပ်ဘေးကြီးတစ်ခု ဖြစ်နေသောကြောင့်ပင်။ ဤလူ ခပ်ဝေးဝေး တည်နေရာဆီသို့ သွားရောက်ကာ ကပ်ဘေးကျော်ဖြတ်မည် ဆိုလျှင်တောင်မှ ကျင့်ကြံသူတိုင်းက အာရုံခံမိမှာ သေချာ၏။
“ထူးဆန်းလိုက်တာ” ဝိညာဉ်နှင့်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်က တီးတိုးပြောဆိုလိုက်မိ၏။ ထိုလူသည် ကွာစီအင်မော်တယ် အင်ပါယာဖြစ်၏။ သို့ပေမဲ့ မည်သည့်နေရာက ပေါ်ပေါက်လာမှန်း မသိကြချေ။ သူ၏ ယခင် စီစဉ်ထားမှု အားလုံးကိုလည်း ဖျက်ဆီးခဲ့သည်။
ဤကွာစီအင်မော်တယ် အင်ပါယာသည်သာ ဝင်ရောက်ရှုပ်ထွေးခြင်း မရှိပါက သူ၏ အစီအစဉ်အတိုင်း သူက ဆက်လက်ကာ ပြုလုပ်နိုင်၏။ သို့ပေမဲ့ ဤကွာစီအင်မော်တယ် အင်ပါယာသည် ဝင်ရောက်ကာ ရှုပ်ထွေးခဲ့သောကြောင့် အရာအားလုံးက မသေချာတော့ချေ။ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ဆိုသည်မှာ အခြေအနေ တစ်ခုလုံးကိုပင် ပြောင်းပြန်လှန်နိုင်စွမ်း ရှိနေသည့် လူတစ်ယောက် မဟုတ်ပါလား။
“အင်း.. သူ ငါတို့နဲ့ ဘက်ကန်ပြီး မနေဖို့ မျှော်လင့်မိတာပဲ” ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်က တီးတိုး ရေရွတ်လိုက်မိ၏။