← Chapters

အခန်း (၇၃၀)

Vol. 49 Ch. 730

အခန်း (၇၃၀)

Vol. 49 Ch. 730

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းဘက်မှာတော့ ...

ဘုရင်သုံးပါးတို့သည် ထိုင်ရန် စိတ်ဆန္ဒပင် မရှိတော့ချေ။ တစ်ယောက်ချင်းစီတိုင်းသည် မျက်မှောင်ကုတ်လျက် ရှိနေ၏။ အထူးသဖြင့် လျှိုချင်းကျီပင် ဖြစ်၏။ ၎င်းသည် ရှေ့လျှောက်လိုက်၊ နောက်လျှောက်လိုက်ဖြင့် ဂဏာမငြိမ် ဖြစ်လို့နေ၏။ ချင်းဟုန်နှင့် ဒုတိယဘိုးဘေးကြီးတို့သာ သေဆုံးသွားခဲ့ပါက လျိုကလန်သည် အနာဂတ်၌ မည်ကဲ့သို့သော အရာများကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ခန့်မှန်း၍ပင် မရနိုင်တော့ချေ။

“စီနီယာ... ချင်းဟုန်နှင့် ဒုတိယဘိုးဘေးကြီးတို့က နတ်ဆိုးလောက အနီးအနားမှာ ဒုက္ခတွေ့နေပြီလား” သတ္တမဘိုးဘေးက မေးမြန်းလိုက်၏။

လျှိုရွှမ်ချမ်သည် ရုတ်တရက် ရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက် အင်မော်တယ်ဘုရင်အဆင့် ပစ္စည်း တစ်ခုကို ထုတ်ပေးလိုက်၏။ လျှိုကလန်၏ နောက်ခံနှင့် ပတ်သက် ဆက်သွယ်လျက် ရှိနေသောကြောင့် သူတို့အနေနှင့် အနည်းငယ်လေးမှ နှောင့်နှေးနေ၍ မဖြစ်တော့ချေ။

“စိတ်ချပါ”

လီယွင်သည် ထိုပစ္စည်းကို သိမ်းဆည်းပြီး အရှေ့မှလူသုံးယောက်တို့ကို လှမ်းကြည့်ကာဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်။ “အင်း အချိန်အတိုင်းအတာတိုအတွင်း သူတို့ပြဿနာတော့ မရှိသေးပါဘူး။ ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်နဲ့ ပတ်သက်ပြီး ခင်ဗျားတို့ စိုးရိမ်ပူပန်နေတဲ့ ကိစ္စကတော့ .... သူ့ဆီမှာ တကယ့်ကို ကြီးမားတဲ့ အကြံအစည် တစ်ခုရှိနေတယ်။ သူ လှုပ်ရှားလိုက်ပြီဆိုတာနဲ့ သူ့ရဲ့ဖုံးကွယ်ထားတဲ့ တည်ရှိမှုအကုန်လုံး ပေါ်ပေါက်သွားမှာ စိုးရိမ်နေသေးတယ်”

“အရမ်းကောင်းတာပဲ” သတ္တမဘိုးဘေးကြီးသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်၏။

ချင်းဟုန်နှင့် ဒုတိယဘိုးဘေးတို့သည် ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်နှင့် ရင်ဆိုင် မတွေ့ပါက အရာအားလုံး အဆင်ပြေပေလိမ့်မည်။ တခြားသော တစ်စုံတစ်ယောက်နှင့် ရင်ဆိုင်တွေ့သည်ဆိုပါက သေဆုံးရန် အခြေအနေက နည်းပါးလွန်းသည်။

အင်မော်တယ်ဘုရင် ထိပ်ဆုံးဆယ်ယောက်စာရင်းတွင် ရှိနေသည့်လူများနှင့် မရင်ဆိုင်ရပါက စိုးရိမ်စရာ မဟုတ်ပေ။ လျှိုချင်းဟုန်နှင့် ဒုတိယဘိုးဘေးကြီးတို့သည် အတူတွဲကာ တိုက်ခိုက်ပါက အနိုင်မယူနိုင်ဘူး ဆိုလျင်တောင်မှ ထွက်ခွာသွားရန်ဆိုသည်မှာ ပြဿနာတစ်ခု မဟုတ်နိုင်ချေ။

၎င်းတို့သုံးယောက်သည် စိတ်အေးလက်အေးဖြင့် ထိုင်ချလိုက်၏။

လျှိုရွှမ်ချမ်သည် ခဏလောက် စဉ်းစားလိုက်၏။ ပြီးနောက် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်သည်။ “အစောပိုင်းတုန်းက ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်က သူ့ရဲ့တည်ရှိမှုကို မပေါ်ပေါက်သွားစေချင်ဘူးလို့ စီနီယာ ပြောဆိုခဲ့တယ်။ ဒီတော့ သူ့ရဲ့တည်ရှိမှုက ထူးဆန်းတာ ရှိနေလို့လား”

ဤစကားစုသည် သတ္တမဘိုးဘေးနှင့် လျှိုချင်းကျီတို့အားပင် တန့်ကနဲဖြစ်သွားစေ၏။

“ဟမ့်”

လီယွင်သည် အသာရယ်မောကာ ပြောဆိုလိုက်သည်။ “ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်ရဲ့ တည်ရှိမှုက သာမန်ထက် ပိုတယ်။ ခင်ဗျားတို့ သိသင့်တယ်။ ကျုပ်ကို တိုက်ရိုက် ပြောဆိုစေချင်တယ်ဆိုရင်တော့ ဈေးနှုန်းက မြင့်မားတာမဟုတ်ဘူး။ ကွာစီအင်မော်တယ် အင်ပါယာအဆင့်ပစ္စည်းတစ်ခုနဲ့တင် လုံလောက်ပြီ”

တစ်ဖက်လူ သုံးယောက်တို့သည် ကြောင်အသွားခဲ့ကြ၏။ ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင် အကြောင်း နှင့် ပတ်သက်၍ ကွာစီအင်မော်တယ် အင်ပါယာအဆင့်ပစ္စည်းတစ်ခုကို တောင်းခြင်း ဆိုသည်မှာ လုယက်ခြင်းနှင့်ပင် ဆင်တူ၏။ ထို့အပြင် တစ်ဖက်လူ၏ အသက်ကို လိုချင်ခြင်း မဟုတ်ချေ။ မည်သူ ဖြစ်ကြောင်း သိရှိချင်ခြင်းသာ ဖြစ်၏။ အဘယ့်ကြောင့် ဤမျှ ဈေးကြီးရသနည်း။

ငရဲလောက၏အရှင် ပြန်လည်မွေးဖွားလာသည် ဆိုလျှင်တောင်မှ ဤကဲ့သို့သော ဈေးနှုန်းမျိုးကို ပေးအပ်ရလိမ့်မည် မဟုတ်ဟု သူတို့က ထင်မှတ်ခဲ့၏။ ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်သည် ငရဲလောက အရှင် ပြန်လည် မွေးဖွားလာသည့် လူတစ်ယောက်တော့ မဟုတ်နိုင်ပေ။

“စီနီယာ... ကျုပ်တို့ကို နောက်နေတာလား” လျှိုချင်းကျီသည် တွန့်ဆုတ်လျက် ရှိနေ၏။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်က ဘယ်တော့မှ မနောက်ဘူး” လီယွင်သည် လေးနက်တည်ကြည်စွာ ပြောဆိုလိုက်၏။ သူ၏ စကားလုံးများသည် ရှေ့တွင်ရှိနေသည့် လူသုံးယောက်တို့၏ နှလုံးသားများအား အေးစက်သွားစေသည်။

ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်သည် မည်သူဖြစ်မှန်း သူတို့မသိရှိသော်လည်း ၎င်း၏ နောက်ခံနှင့် ၎င်း၏ တည်ရှိမှုသည် သာမန်ထက် ပိုလွန်းနေသည်မှာတော့ သေချာလှသည်။ ထိုအရာသာ ပေါ်ပေါက်လာသည်ဆိုပါက အသင်္ချေ များပြားလှသည့် လောကအသီးသီးသည် လှုပ်ခါသွားပေလိမ့်မည်။

“စီနီယာ... ဝိညာဉ်နတ်ဆိုးတောအုပ်ရဲ့ ဌာနေအရှင်က အင်မော်တယ်ဘုရင်စာရင်းထဲမှာ ပါလား” လျှိုရွှမ်ချမ်သည် သတိအပြည့်နှင့် မေးမြန်းလိုက်၏။

ပြောရမည်ဆိုလျှင် ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်သည် ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက် ဖြစ်၏။ ထို့ကြောင့် ၎င်းနှင့် အင်မော်တယ်ဘုရင်စာရင်းသည် ချိတ်ဆက်မှုမျိုး ရှိနေမည် မဟုတ်ချေ။ သို့ပေမဲ့ မဖြစ်နိုင်ဘူး ဆိုသည်မှာ မရှိနိုင်ချေ။

အင်မော်တယ်ဘုရင်စာရင်းတွင် ရှိနေသည့် တစ်စုံတစ်ယောက်သည် ကွာစီအင်မော်တယ် အင်ပါယာအဆင့် ဆီသို့ လှမ်းတက်သွားနိုင်ခြင်းလည်း ဖြစ်နိုင်၏။ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်၏ အော်ရာ များသည် ၎င်း၏ လှုပ်ရှားမှုများ၌ ထွက်ပေါ်ခဲ့ကြောင်း သူတို့ ခံစားမိခဲ့၏။ သို့ပေမဲ့ ၎င်းတို့သုံးယောက် တို့သည် အထင်အမြင်မှားခြင်းများလည်း ဖြစ်နိုင်သည်။

လုဝူတောက်ကဲ့သို့သော ဒုတိယအဆင့်တွင်ရှိနေသည့် လူတစ်ယောက်သည် နှစ်သန်းပေါင်းများစွာတည်းက ကွာစီအင်မော်တယ် အင်ပါယာများနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူး၏။ ထို့ကြောင့် ကွာစီအင်မော်တယ် အင်ပါယာများနှင့် နှိုင်းယှဉ်၍ရနိုင်သည့် အော်ရာများ ထွက်ပေါ်နေသည်ဆိုခြင်းမှာ အံ့အားသင့်စရာ မဟုတ်ချေ။

ဤအကြောင်းအရာအတိုင်း ဆက်လက်ကာ စဉ်းစားရမည်ဆိုလျှင် ဝိညာဉ်နတ်ဆိုး တောအုပ်၏ ဌာနေအရှင် သည် အင်မော်တယ်ဘုရင်စာရင်း၏ ပထမနှင့် ဒုတိယနေရာတွင် ရှိနေသည့် တစ်စုံ တစ်ယောက်လည်း ဖြစ်နိုင်၏။ နာမည် ပြောင်းလဲလိုက်ခြင်း ဖြစ်နိုင်၏။။

“မဟုတ်ဘူး” လီယွင်က ခေါင်းကို ခါယမ်းလိုက်သည်။

“အင်မော်တယ်ဘုရင် စာရင်းထဲမှာ မပါဘူးလား” ၎င်းတို့သုံးယောက်၏ အမူအရာက လေးနက်သွားခဲ့၏။ ဝိညာဉ်နတ်ဆိုးအရှင်သည်သာ အင်မော်တယ်ဘုရင် စာရင်းတွင်သာ မပါဘူးဆိုပါက ကျိန်းသေပေါက် ငရဲလောကဘက်ခြမ်းတွင် ရှိသည့် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ဖြစ်မည်။။

ဤကဲ့သို့သောလူမျိုး ပေါ်ပေါက်လာခြင်းသည် အသင်္ချေ များပြားသည့် လောကအသီးသီးတို့အတွက် ကျိန်းသေပေါက် ကြီးမားသည့် ဘေးဒုက္ခပင် ဖြစ်၏။ ပို၍ အရေးကြီးမားသည်မှာ ဝိညာဉ်နတ်ဆိုး တောအုပ်၏ ဌာနေအရှင် သည် ကိုယ်ပိုင် အကြံအစည် ရှိနေကြောင်း စီနီယာနန်းဆောင်သခင်က အရိပ်အမြွက် ပြောဆိုခဲ့၏။ မည်သည့် အကြံအစည်မှန်းတော့ သေသေချာချာ မသိရှိချေ။

“စီနီယာ... ဝိညာဉ်နှင့်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်က ဘာလုပ်ချင်တာနဲ့ပတ်သက်ပြီး နည်းနည်းလောက် ပြောပြလို့ ရနိုင်မလား” သတ္တမဘိုးဘေးကြီးသည် စိတ်ဝင်တစားနှင့် မေးမြန်းလိုက်၏။

“ဒီမေးခွန်းက အရင်မေးခွန်းထက်တောင် ပိုပြီးဈေးကြီးသေးတယ်။ အရာအားလုံး ပါဝင်နေတယ်လေ။ ဒီကိစ္စတွေကို သိရှိခြင်းက ခင်ဗျားအတွက် အကောင်းထက် အဆိုးကို ဖြစ်စေလိမ့်မယ်” လီယွင်၏ အသံသည် ရှားရှားပါးပါး ဆိုသလိုပဲ လေးနက်လျက်ရှိသည်။

“ဒီလိုဆိုရင် ဂျူနီယာအနေနဲ့ တချို့သောအရာတွေကို နားလည်သွားပါပြီ” သတ္တမဘိုးဘေးက လေးနက်စွာ ပြောလိုက်၏။ သူသည် သူ၏ သိရှိချင်စိတ်အားလုံးကို ခဏတာ ဖိနှိပ်ထားခဲ့၏။ သို့ပေမဲ့ ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်သည် ငရဲလောကကြီးဆီမှ စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီး အသင်္ချေ များပြားသည့် လောကအသီးသီးကို လွှမ်းမိုးနိုင်ရန် အစီအစဉ် ချမှတ်လျက် ရှိနေကြောင်း နားလည်ထားမိ၏။

“ပြီးတော့ ဈေးနှုန်းကို ခင်ဗျားတတ်နိုင်မှာ မဟုတ်ဘူး”

လီယွင်သည် ထပ်မံကာ တုံ့ပြန်လိုက်၏။ ခေါင်းကို ခါယမ်းလိုက်သည်။ “ခင်ဗျားအနေနဲ့ လျှိုကလန်မှာရှိနေတဲ့ ချမ်းသာကြွယ်ဝမှု အားလုံးကို ပေးမယ် ဆိုရင်တောင်မှ ဈေးနှုန်းက ကိုက်ညီမှာ မဟုတ်သေးဘူး။ ဒါက ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးထက်တောင်မှ ပိုပြီးတော့ ကြီးမားတဲ့ တန်ကြေးပဲ”

“ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးထက်တောင် ပိုပြီးတော့ တန်ဖိုးကြီးမားတယ် ဟုတ်လား”

သတ္တမဘိုးဘေးက အံ့အားသင့်သွား၏။ “ဒီနှစ်ခုက ချိတ်ဆက်နေတာလား”

“ရှုပ်ထွေးတဲ့ အခြေအနေကို ဖော်ညွှန်းပြသနေတာပဲ” လီယွင်သည် အကြမ်းဖျဉ်း ရှင်းပြလိုက်သည်။

All Chapters