အခန်း (၇၃၂)
Vol. 49 Ch. 732
“ငရဲလောကအရှင်သာ ပြန်လာမယ်ဆိုရင် အသင်္ချေ များပြားတဲ့ လောကအသီးသီးမှာရှိတဲ့ သက်ရှိသတ္တဝါတွေ အားလုံးက အမှောင်ထုထဲကို သက်ဆင်းရတော့မှာပဲ။ အကုန်လုံးက မျှော်လင့်ချက်မဲ့တဲ့ အခြေအနေမျိုးကို ရောက်ကုန်လိမ့်မယ်” သတ္တမဘိုးဘေးကြီးက လေးလေးနက်နက် ပြောလိုက်၏။
“အင်း... အရင်တုန်းက အောင်မြင်မှုကို ရရှိခဲ့တဲ့ ကျုပ်တို့တောင်မှ တကယ့်ကို ခက်ခဲတဲ့ အခြေအနေမျိုးကို ရောက်သွားနိုင်တယ်” လျှိုရွှမ်ချမ်က အသာပြောဆိုလိုက်သည်။
“ဘာပဲပြောပြော ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်ရဲ့ အစီအစဉ်က အောင်မြင်လို့ မဖြစ်ဘူး။ ဒါပေမဲ့ ဒီရည်ရွယ်ချက်ကို ကျုပ်တို့ပဲ သိတယ်။ ကျုပ်တို့ သူ့ကို ဘယ်လို တားဆီးမလဲ”
“ပိုပြီး အရေးကြီးတာက အတိတ်တုန်းက ငရဲလောကကို အနိုင်ယူခဲ့တဲ့ ကွာစီအင်မော်တယ် အင်ပါယာတွေ ဘယ်ကိုရောက်သွားလဲဆိုတာ ကျုပ်တို့ မသိတော့ဘူး။ ကျုပ်တို့ အင်မော်တယ်ဘုရင် အနည်းငယ်လောက်နဲ့ ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်ကို သွားပြီး ရင်ဆိုင်တိုက်ခိုက်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ တူတူပဲ”
လျှိုကလန်၏ ဘုရင်သုံးပါးတို့သည် သေသေချာချာ ဆွေးနွေးပြီးသည့်နောက် ကောင်းကင်လျှို့ဝှက် နန်းဆောင် တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ လူတစ်ယောက်ချင်းစီတိုင်းသည် မသက်မသာ ခံစားချက် များကို ရရှိနေကြ၏။ အလုံးစုံ တည်ငြိမ်လျက် ရှိနေသည့် လီယွင်မှလွဲလျှင် အားလုံးသော သူတို့သည် စိုးရိမ်ပူပန်လျက် ရှိနေ၏။ ထိုသူတို့သည် ငရဲလောက၏အရှင် ပြန်လာမည်ကို တကယ်ပဲ စိုးရိမ်နေမိကြ၏။
အချက်အလက်အားဖြင့် ဤအရာကလည်း စိုးရိမ်ပူပန်ဖို့ကောင်း၏။ ငရဲလောက၏အရှင် အင်မော်တယ် အင်ပါယာ သာ ပြန်လာသည်ဆိုပါက တစ်ဖက်လူသည် ကျိန်းသေပေါက် လီယွင်ကို ဒုက္ခပေးနိုင်လိမ့်မည် မဟုတ်ချေ။ အနိုင်မယူနိုင်ဘူး ဆိုလျှင်တောင်မှ လီယွင်သည် ထွက်ခွာသွားနိုင်စွမ်း ရှိနေသည်။
ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲသို့ တစ်ဖက်လူကို ဆွဲခေါ်နိုင်သည်ဆိုပါက တစ်ဖက်လူသည် အင်မော်တယ် အင်ပါယာတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင် လီယွင်လုပ်ချင်တိုင်း လုပ်၍ရသည့် အခြေအနေမျိုး ရောက်လာပေမည်။
“စီနီယာ”
လျှိုရွှမ်ချမ်သည် လီယွင်၏ အမူအရာကို လှမ်းကြည့်ရင်း အဓိပ္ပာယ်ပါပါဖြင့် မေးမြန်းလိုက်သည်။ “စီနီယာ ဒီကိစ္စကို သိနေပြီဆိုမှတော့ ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်ရဲ့ အစီအစဉ် အသေးစိတ်ကို ကျိန်းသေပေါက် သိရှိမှာပေါ့။ ပြီးတော့ ဘယ်လို အဆုံးသတ်သွားမလဲ ဆိုတာလဲ သိလိမ့်မယ်လေ။ စီနီယာအနေနဲ့ အသင်္ချေ များပြားတဲ့ လောကအသီးသီးမှာရှိတဲ့ သက်ရှိသတ္တဝါတွေ အားလုံးကို ကယ်တင်ချင်စိတ်ရှိလားဆိုတာ မသိပါဘူး”
“ကျုပ်လား”
လီယွင်က ပြုံးလိုက်၏။ သူသည် ခေါင်းကို အသာခါယမ်းကာ ပြောလိုက်၏။ “ခင်ဗျားကို စိတ်ပျက်သွားမှာ စိုးရတယ်။ ကျုပ်ဆီမှာ ဝင်ပြီးတော့ ရှုပ်ထွေးစေချင်တဲ့ဆန္ဒ တစ်ခုလေးမှ မရှိဘူး”
ငရဲလောကတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို တိုက်ရိုက်ဆိုသလို ရန်ပြုလာသည် မဟုတ်ပါက သူ့အနေနှင့် ဘေးတစ်ဖက်မှနေ၍ ပျော်ပျော်ရွှင်ရွှင်နှင့် အရာအားလုံးကို ကြည့်ရှုနေမှာ သေချာ၏။ သူ့အနေနှင့် အလယ်မှ ပွဲစားလုပ်၍ အကျိုးအမြတ်များကိုပင် ရရှိကောင်း ရရှိနိုင်သည်။
ထို့အပြင် အင်မော်တယ် အင်ပါယာအဆင့်သည် လောကအားလုံး၏ အဆုံးသတ် မဟုတ်နိုင်သေးချေ။ ထို့ထက် ပိုမိုကာ အားကောင်းသည့်အဆင့်ကလည်း ရှိလျှင် ရှိနိုင်သေး၏။ သူ၏ အားအင်အဆင့်သည် အနာဂတ်တွင် လုံလောက်သည် ဆိုလျှင်တောင်မှ ငရဲလောက၏အရှင်ကို အနိုင်ယူပြီး ဘာလုပ်ရမည်နည်း။
မည်သည့် ဖိအားမှ မရှိ၊ မည်သည့် စိတ်အားတက်ကြွမှုမှ မရှိသည်ဆိုပါက ရုပ်သေးရုပ်ကြီး တစ်ရုပ်ကဲ့သို့ပင် ခံစားရမှာ သေချာ၏။ ထိုသို့ဆိုလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်၌ ကံကြမ္မာဖတ်ရန်အတွက် မည်သူက အရင်းအမြစ်များကို အသုံးပြုတော့မည်နည်း။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်က အမြဲတမ်း ကြားနေပဲ နေမယ်။ ဘယ်သူကိုမှ ဘက်မလိုက်ဘူး။ ကပ်ဘေးကြီးကို လုံလုံခြုံခြုံနဲ့ ကျော်ဖြတ်နိုင်ဖို့ဆိုတာ ခင်ဗျားတို့ရဲ့ ကိုယ်ပိုင်နည်းလမ်းတွေ အပေါ်မှာပဲ မူတည်တယ်”
လီယွင်က ပြုံးကာ ဆက်ပြောလိုက်၏။ “ကျုပ် ထပ်ပြောမယ်။ ကျုပ်ရဲ့ မျက်လုံးထဲမှာ ခင်ဗျားတို့နဲ့ ငရဲလောကက လူတွေကြားမှာ ခြားနားမှုဆိုတာ မရှိဘူး”
ငရဲလောကသည် အသင်္ချေ များပြားလှသည့် လောကကြီးကို လွှမ်းမိုးချုပ်ကိုင်ခဲ့၏။ ပြန်လည်မွေးဖွားခြင်း နည်းလမ်းများကို ဖိနှိပ်ပြီး သေဆုံးပြီးသား လူများအား အသုံးချခဲ့သည်။ အသင်္ချေ များပြားသည့် လောကကြီးတွင် ရှိနေသည့် သက်ရှိသတ္တဝါများ သည် ငရဲလောကကြီး၏ နည်းလမ်းများကြောင့် ပြန်လည်မွေးဖွားခြင်း လမ်းစဉ်ကို တားဆီးခံရကာဖြင့် ဝိညာဉ်မွန်းစတားများ အဖြစ်သို့ ရောက်ရှိခဲ့ရသည်။
ဆန်းကြယ်လွန်းလှသည့် စွမ်းအင်များသည် လောကအသီးသီးတွင် ရှိနေသည့် လူပေါင်းများစွာတို့ကို ဒုက္ခရောက်စေခဲ့၏။
သို့ပေမဲ့ သာမန်လူများကိုကော ကျင့်ကြံသူများက မည်သို့ တုန့်ပြန်ခဲ့သနည်း။ အစစ်အမှန် တရားမှာတော့ ထိုသူများသည်လည်း ငရဲလောကနှင့် ခြားနားသည် မဟုတ်ချေ။ ပိုမို၍ပင် ဆိုးကောင်း ဆိုနေနိုင်၏။
ထို့အပြင် အင်မော်တယ်ဘုရင် တော်တော်များများတို့သည် ၎င်းတို့၏ အားအင်အဆင့် ပိုမိုတိုးတက်ရန်အတွက် လောကကြီး တစ်ခုလုံးကို သန့်စင်သည့် အပြုအမူမျိုးကိုပင် ပြုလုပ်ခဲ့သေး၏။ ထိုသူများအားလုံးသည် အပြင်ဘက်တွင် လမ်းမှန်ကျင့်ကြံသူများအဖြစ် နေထိုင်ကြသည် ဆိုသော်လည်း တကယ်တမ်းမှာတော့ ကြောက်မက်ဖွယ်ရာ ကောင်းသည့် နည်းစနစ်များကို ထုတ်ဖော်ကာ မိမိကိုယ်ကျိုးအတွက် အသုံးပြုခဲ့ကြသည့် လူများ ဖြစ်၏။ အရာအားလုံးတို့သည် ၎င်းတို့အတွက် အသုံးချခံပစ္စည်းများကဲ့သို့ပင်။
“ဒါက”
စကားစုများကို ကြားရသည့်အချိန်မှာတော့ လျှိုရွှမ်ချမ်သည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိ၏။ “စီနီယာ… ကွာစီအင်မော်တယ် အင်ပါယာက လောကအသီးသီးဘက်မှာ ပေါ်ပေါက်လာပြီဆိုရင်တောင်မှ ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်ကို တားဆီးနိုင်ပါ့မလား” လျှိုရွှမ်ချမ်သည် အသာလှမ်းကာ မေးမြန်းလိုက်၏။ သူသည် အင်မော်တယ် ဘုရင်အဆင့် ပစ္စည်းတစ်ခုကို ထုတ်ကာ ပေးလိုက်၏။
“မတားနိုင်ဘူး” လီယွင်သည် ခေါင်းကို ခါယမ်းလိုက်သည်။
ဤစကားစုတစ်ခုသည် တန်ဖိုးကြီးမားသည့် အရာနှင့် လဲလှယ်ခဲ့သည့် အရာပင် ဖြစ်၏။ အရင်းအမြစ်များ၏ ကုန်ဆုံးမှုသည် တကယ်ပင် များပြားလှချေ၏။
သို့ပေမဲ့ လျှိုကလန်မှ ဘုရင်သုံးပါးတို့သည် ၎င်းတို့၏ အရင်းအမြစ်များ ပေးအပ်လိုက်ခြင်းအတွက် တစ်ချက်ကလေးမှ စိုးရိမ်ပူပန်ခြင်း မရှိကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ နှလုံးသားထဲတွင် ထိုအရာက အရေးမကြီးသောကြောင့်ပင်။
ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက် ပေါ်ပေါက်လာမည် ဆိုလျှင်ပင်လျှင် ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်အား တားဆီးနိုင်လိမ့်မည် မဟုတ်ဆိုသော စကားသည် သူတို့၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်လျက် ရှိနေ၏။
ထိုသို့ဆိုလျှင် ဝိညာဉ်နှင့်နတ်ဆိုးတောအုပ် ဌာနေအရှင်အား တားဆီးရန်အတွက် မည်ကဲ့သို့ ပြုလုပ် ရတော့မည်နည်း။
၎င်း၏ အစီအစဉ် အောင်မြင်ပြီး ငရဲလောကအရှင် ပြန်လည်ကာ ရှင်သန်လာမည်ဆိုပါက ကျိန်းသေပေါက် ဒုက္ခများ ပေလိမ့်မည်။ ထို့အပြင် တစ်ဖက်လူသည် အင်မော်တယ် အင်ပါယာတစ်ယောက် ဖြစ်၏။ သမိုင်းမှတ်တမ်းထဲတွင် ထိုကဲ့သို့သော လူမျိုးသည် လက်တစ်ဆုပ်စာသာ ရှိ၏။
“ကျုပ်သာ ခင်ဗျားတို့နေရာမှာဆိုရင် ဒီလိုကိစ္စတွေနဲ့ ပတ်သတ်ပြီး စိုးရိမ်နေမှာ မဟုတ်ဘူး။ ကိုယ့်ရဲ့ အားအင်အဆင့် တိုးတက်အောင်ပဲ အာရုံစိုက်ထားမယ်။ ပြီးတော့ ကြီးမားတဲ့ ကပ်ဘေးကြီးက ချဉ်းကပ်လာနေပြီ။ ခင်ဗျားတို့ရဲ့ အားအင်အဆင့် အနည်းငယ် တိုးတက်ခြင်းကသာ အသက်ရှင်ဖို့ အခွင့်အရေးကို ရရှိလိမ့်မယ်” လီယွင်သည် အဓိပ္ပာယ်ပါသည့် စကားတစ်ခွန်းကို ပြောဆိုလိုက်သည်။
“လမ်းညွှန်ပြသမှုအတွက် ကျေးဇူးပါပဲ စီနီယာ” လျှိုရွှမ်ချမ်နှင့် လျှိုချင်းကျီတို့သည် အကူအညီမဲ့စွာဖြင့် ၎င်းတို့၏ ကျေးဇူးတင်စကားကိုသာ ထုတ်ဖော်ပြောဆိုလိုက်ရ၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် တချို့သော အရာများကိုသာ သိရှိသည် ဆိုလျှင်တောင်မှ ဘာမှ မလုပ်နိုင်သောကြောင့် ၎င်းတို့၏ အားအင်အဆင့်ကို ပိုမို တိုးတက်အောင် ပြုလုပ်စေချင်သည့် စိတ်ဆန္ဒရှိသင့်ကြောင်း ပြောဆိုခဲ့သည်။
ပြောရမည်ဆိုလျှင် အားအင်အဆင့် တိုးတက်လာမှသာလျှင် မိမိ၏ အသက်ဘေးကို ကာကွယ်နိုင်မှာ ဖြစ်၏။
“ကျုပ်တို့ မထွက်ခွာခင်မှာ မေးခွန်းတစ်ခု ရှိပါသေးတယ်” လျှိုရွှမ်ချမ်သည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လှမ်းပြော လိုက်သည်။
“အင်မော်တယ်ဘုရင် စာရင်း အကြောင်း မေးချင်တာလား”
လီယွင်သည် အသာရယ်မောကာ ပြောလိုက်၏။ “ဒါ ကျုပ် သေချာ ထုတ်ဖော်ထားတဲ့ စာရင်းတစ်ခုပဲ။ ခင်ဗျားစိတ်ထဲမှာရှိတဲ့ မေးခွန်းတစ်ခုကတော့ အန္တိမအဆင့် ပစ္စည်းငါးမျိုး ကုန်ကျလိမ့်မယ်”
ဤသတင်းအချက်အလက်နှင့် ပတ်သက်၍ လူပေါင်းများစွာတို့သည် ဝယ်ယူသွားခဲ့ပြီဖြစ်၏။ အင်မော်တယ်ဘုရင် အဆင့်စာရင်းသည် တကယ့်ကို အစစ်အမှန်ပင် ဖြစ်၏။ အထဲတွင် ရှိနေသည့် လူအားလုံးသည် အသက်ရှင်လျက် ရှိနေသည်ဆိုသည့် သတင်းသည် တလောကလုံးသို့ ပျံ့နှံ့သွားပေလိမ့်မည်။ ထို့ကြောင့် သတင်းအချက်အလက်၏ တန်ဖိုးက လျော့သွားခဲ့ခြင်း ဖြစ်၏။ လျှိုကလန် ဘုရင်သုံးပါးတို့ဆီမှ အန္တိမအဆင့် ပစ္စည်းငါးခုကို သိမ်းဆည်းဖို့ ဆိုသည်မှာ အလွန်လွယ်ကူနေလေသည်။