အခန်း (၇၃၃)
Vol. 49 Ch. 733
“အန္တိမအဆင့် ပစ္စည်းငါးခု ဟုတ်လား” လျှိုရွှမ်ချမ်သည် မျက်ခုံးကို ပင့်လိုက်၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင် အထဲတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် အင်မော်တယ်ဘုရင် အဆင့် ပစ္စည်းများကိုသာ စတင် ဈေးပြောဆိုခဲ့ခြင်းဖြစ်၏။ ယခု အန္တိမအဆင့် ပစ္စည်းငါးခုကို တောင်းခံခြင်း ဆိုသည်မှာ ဈေးပေါသလို ခံစားရစေ၏။ ထို့ကြောင့် သူတို့သည် အံ့အားသင့်လို့ နေခဲ့သည်။
“ဟုတ်တယ်”
လီယွင်က ခေါင်းညိတ်လိုက်၏။ “အန္တိမအဆင့် ပစ္စည်းငါးခု”
“ကျေးဇူးပြုပြီး ရှင်းရှင်းလင်းလင်း ပြောပါအုံး စီနီယာ” လျှိုရွှမ်ချမ်က အသာပြောလိုက်၏။ တွန့်ဆုတ်မှု မရှိဘဲ လျှိုရွှမ်ချမ်သည် အန္တိမအဆင့် ပစ္စည်းငါးခုကို ထုတ်ယူကာဖြင့် လီယွင်၏ အရှေ့ဆီသို့ ချပေးလိုက်သည်။
“အမှန်ပဲ”
လီယွင်သည် ပစ္စည်းကို သိမ်းဆည်းပြီးသည့်နောက် ပြောလိုက်၏။ “အင်မော်တယ်ဘုရင်အဆင့် စာရင်းမှာ ရှိနေတဲ့လူတွေ အကုန်လုံးက အသက်ရှင်လျက် ရှိနေသေးတယ်။ မကြာသေးခင်မှာ ခင်ဗျားတို့အနေနဲ့ သူတို့ကို တွေ့ရလိမ့်မယ်”
“ကျိုးချီ၊ လူဝုတောက်၊ လွင့်မျောမြို့ရဲ့ အရင်အရှင်တွေလည်း ပါဝင်တာလား” လျှိုရွှမ်ချမ်သည် မယုံကြည်နိုင်သလို ဖြစ်မိနေသည်။
တခြားသောသူများအတွက် ဤအရာသည် လက်သင့်ခံနိုင်သည့် အကြောင်းအရာ တစ်ခုဖြစ်သည် ဆိုလျှင်တောင်မှ လွင့်မျောမြို့၏ အရင်အရှင်သည် သေဆုံးသွားခဲ့ပြီဟု အတည်ပြုပြီးသားဖြစ်၏။
၎င်းသည် သေဆုံးခဲ့ပြီးသည့်နောက် မည်ကဲ့သို့ အသက်ရှင်လာရသနည်း။ မသေဆုံးခဲ့ဘူး ဆိုလျှင်လည်း အဘယ်ကြောင့် ဤမျှ အချိန်ကြာမြင့်အောင် ပုန်းအောင်းနေရသနည်း။
ငရဲလောကကြီး၏ တိုက်ပွဲပြီးသည့်နောက် လောကအသီးသီးတို့သည် ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့၏။ စွမ်းအားမြင့် ကျင့်ကြံသူများသည် ဒဏ်ရာကို ဖိနှိပ်ကုသခဲ့ပြီးသည့်နောက် ယခုမှ ပြန်လည်ကာ ထွက်ပေါ်လာ ခဲ့ကြသည်လား။
“ဟုတ်တယ်” လီယွင်က ခေါင်းညိတ်လိုက်သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ” သတ္တမဘိုးဘေးကြီးသည် ငြိမ်ငြိမ်သက်သက် မနေနိုင်တော့ချေ။ ဤတိုက်ပွဲကြီးကို ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် တခြားသောသူများ၏ အားအင်အဆင့်ကို သူက ကောင်းကောင်း နားလည်၏။ အသက်ရှင်လျက် ရှိနေသေးသည်ဆိုပါက ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာပင်။
“စီနီယာ… အရင်တုန်းက လုဝူတောက်က ကွာစီအင်မော်တယ် အင်ပါယာနှစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်။ ဘယ်လိုဖြစ်ပြီး အသက်ရှင်ခဲ့ရတာလဲ။ ဒီနေရာမှာ ကျုပ်တို့ မသိသေးတဲ့ အကြောင်းအရာတွေ ရှိနေတာလား” သတ္တမဘိုးဘေးကြီးက မြန်မြန်ဆန်ဆန် စုံစမ်းလိုက်၏။
“အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းနှစ်ခု” လီယွင်သည် လက်နှစ်ချောင်းကို ထောင်ပြပြီးသည့်နောက် တစ်ဖက်လူ သုံးယောက်ကို စနောက်လိုက်သည်။
သတ္တမဘိုးဘေးကြီးသည် ဆွံ့အသွားခဲ့၏။ စီနီယာနန်းဆောင်သခင်သည် မည်မျှ လောဘကြီးသနည်း။ ထို့အတူ ဈေးနှုန်းတောင်းဆိုမှုကလည်း တကယ့်ကို ကြမ်းတမ်းလှချေ၏။ ကွာစီအင်မော်တယ် အဆင့်နှင့် ထိုအထက် ပစ္စည်းများကို အဆက်မပြတ်ဆိုသလိုပဲ တောင်းဆိုလျက် ရှိနေ၏။ ထိုပစ္စည်းများသည် သာမန် လမ်းဘေးတွင် ရှာဖွေတွေ့ရှိနိုင်သည့် ပစ္စည်းများ မဟုတ်ကြောင်းကို စီနီယာ မသိလေသည်လား။
“စီနီယာ နောက်နေတာလား”
သတ္တမဘိုးဘေးကြီးသည် နှုတ်ခမ်းကို တင်းတင်းစေ့ပြီးသည့်နောက် ဆက်လက် မမေးမြန်းရန်သာ ဆုံးဖြတ်လိုက်၏။ လူဝုတောက် အသက်ရှင်လျက် ရှိနေသည်ဖြစ်ကြောင်းကို သိရှိလျှင် လုံလောက်ပြီဖြစ်၏။ အင်မော်တယ်ဘုရင်အဆင့် ပစ္စည်း နှစ်ခုကို ထုတ်ဖော်၍ မေးမြန်းခြင်းကို မပြုနိုင်ပေ။
“အသက်ရှင်လျက် ရှိနေသေးတယ်ဆိုရင် ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးနဲ့ ပတ်သက်ပြီး မျက်စိကန်းသလို နေနေမှာ မဟုတ်ဘူး။ ဖြစ်နိုင်တာ ဒီကိစ္စကြီးက တကယ့်ကို ကြီးမားတဲ့ ကပ်ဘေးကြီး ဖြစ်လာ လိမ့်မယ်” သတ္တမဘိုးဘေးကြီးသည် တစ်စုံတစ်ခုကို နားလည်လိုက်၏။ သူ၏အသံသည်ကလည်း လေးနက်လျက် ရှိနေသည်။
သူတို့သည် သတင်းအချက်အလက်ကို ကြိုတင်ရရှိခဲ့ပြီး ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ခဲ့၏။ သို့ပေမဲ့ အလုံးစုံသော အားအင်အဆင့်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် စီစဉ်ထားသမျှ အရာအားလုံးသည် စွမ်းအင်ကင်းမဲ့ သလို ဖြစ်နေမှာ သေချာ၏။
ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်သည် ကျိန်းသေပေါက် သူတို့အားလုံးကို လွယ်လွယ်ကူကူနှင့် ဖိနှိပ်နိုင်စွမ်း ရှိ၏။ လက်ရှိအခြေအနေ၌ လောကအသီးသီးထဲတွင် စီနီယာ နန်းဆောင်သခင်သည် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်ဖြစ်ကြောင်း သူတို့က သိရှိ၏။ သို့ပေမဲ့ ကံဆိုးစွာဖြင် ထိုကွာစီအင်မော်တယ် အင်ပါယာသည် သူတို့ဘက်တွင် မရပ်တည်ခဲ့ချေ။
“စီနီယာ.. ငရဲလောကရဲ့ ကွာစီအင်မော်တယ် အင်ပါယာ ရှိနေသေးတယ်ဆိုရင် ကျုပ်တို့ဘက်က ကွာစီ အင်မော်တယ် အင်ပါယာက ဘယ်နေရာမှာလဲ။ သူတို့ သေဆုံးသွားခဲ့ကြတာလား” သတ္တမဘိုးဘေးကြီးသည် စိတ်ဝင်စားမှုအပြည့်ဖြင့် မေးမြန်းလိုက်၏။
“အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းတစ်ခု” လီယွင်က ပြုံးလိုက်သည်။
“ဟမ်”
ထိုစကားကို ကြားသည့်အချိန်မှာတော့ သတ္တမဘိုးဘေးကြီး၏ နှလုံးခုန်သံများက မြန်ဆန်လာခဲ့၏။ ကွာစီအင်မော်တယ် အင်ပါယာ မည်သည့်နေရာတွင် ရှိသည်ဆိုသည့် အကြောင်းအရာနှင့်ပတ်သက်၍ ကုန်ကျ စရိတ်ကို နားလည်ပြီးသားဖြစ်၏။ သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ဘဲ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်သည် အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းတစ်ခုကိုသာလျှင် တောင်းဆိုခဲ့၏။ ဤဈေးနှုန်းသည် သံသယ ရှိစရာ မလိုအောင် နည်းပါးလို့နေ၏။
သူတို့၏ မျက်လုံးများထဲတွင် စိတ်ပါ ဝင်စားမှုများနှင့် ပြည့်နှက်လာခဲ့၏။ သူတို့သည် စီနီယာ ဆက်ပြောမည်ကို စောင့်စားနေ၏။
လီယွင်သည် တစ်ဖက်လူများ ကြာရှည်စောင့်မျှော်နေသည်ကို သိရှိသည်။ သို့ပေမဲ့ ဘာတစ်ခုမှ မပြောခဲ့ချေ။
"သူတို့တွေ မသေကြသေးဘူးလား"
သတ္တမဘိုးဘေး၏ မျက်လုံးများက တောက်ပသွားခဲ့၏။ သူသည် မယုံကြည်နိုင်သလို ဖြစ်လို့နေခဲ့၏။ "နတ်ဘုရားအင်ပါယာလည်း မသေသေးဘူးလား"
နတ်ဘုရားအင်ပါယာသည်သာ လောကကြီးထဲတွင် ရှိနေသေးသည် ဆိုပါက ဝိညာဉ်နတ်ဆိုးတောအုပ် အရှင်သည် မည်မျှ စီမံဆောင်ရွက်သည် ဆိုဆို ဘာတစ်ခုမှ ဖြစ်လာလိမ့်မည်မဟုတ်ချေ။
ဝိညဉ်နတ်ဆိုးတောအုပ် အရှင်သည် မလျှော်ညီသည့် ကိစ္စရပ်များကို စီစဉ်ဆောင်ရွက်လျက် ရှိသည် ဆိုလျှင်တောင်မှ သူတို့၏ ဘက်ခြမ်းတွင် ကွာစီ အင်မော်တယ် အင်ပါယာများနှင့် နတ်ဘုရားအင်ပါယာ သာ တည်ရှိနေပါက ဘာတစ်ခုမှ စိုးရွံ့နေစရာမလိုတော့ချေ။
နတ်ဘုရားအင်ပါယာသည်သာ ဝင်ရောက် တိုက်ခိုက်ပါက ဝိညာဉ်နတ်ဆိုးတောအုပ် အရှင်သည် ကျိန်းသေပေါက် ရှုံးနိမ့်မှာ သေချာ၏။
"စီနီယာ နတ်ဘုရားအင်ပါယာနဲ့ တခြား ကွာစီ အင်မော်တယ် အင်ပါယာတွေက မသေဆုံးသေးဘူးဆိုရင် ဘာလို့ နှစ်ပေါင်းများစွာ ပေါ်မလာကြတာလဲ။ သူတို့ တံခါးပိတ်ကျင့်ကြံနေတာလား။ ဒါမှမဟုတ် တခြားကိစ္စတွေရှိနေတာလား။" လျှိုရွှမ်ချမ်သည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်သည်။ သာမန် အသိအမြင်အရ ဆိုလျှင် ဤခေတ်ကြီးသည် တကယ့်ကို ကောင်းမွန်သည့် ခေတ်ကြီးဖြစ်သည်။ သာမန်ထက်ပိုသည့် ကျင့်ကြံသူများကို မွေးထုတ်ပေးနိုင်သော ခေတ်ကြီး ဖြစ်နေပြီ ဖြစ်သည်။
ဥပမာအားဖြင့် လျှိုချင်းယု နှင့် အင်မော်တယ်ရှေးလမ်းစဉ်တာအိုအရှင်တို့ပင် ဖြစ်လေ၏။ ၎င်းတို့သည် သာမန်ထက်ပိုသော စွမ်းအားနှင့် ပါရမီကို ပိုင်ဆိုင်ကြပြီး အားလုံးသောသူတို့၏ အာရုံစူးစိုက်မှုကို ရရှိသည့် လူမျိုးပင်။
အတိတ် ခေတ်ကာလတုန်းက လျှိုချင်းယုကဲ့သို့ သူများသည် ကွာစီအင်မော်တယ် အင်ပါယာ၏ နောက်လိုက်အဖြစ် ခေါ်ယူခံရမည့်သူများပင် ဖြစ်၏။
သို့ပေမဲ့ ထူးဆန်းစွာဖြင့် အတိတ်ကာလတုန်းက ရှိခဲ့သော ကွာစီအင်မော်တယ် အင်ပါယာများသည် ထိုကဲ့သို့ မပြုလုပ်ခဲ့ကြချေ။ ငြိမ်ငြိမ်သက်သက်နှင့် ပျောက်ကွယ်လျက် ရှိနေသည်။ ထူးဆန်းလှချေ၏။ ကွာစီအင်မော်တယ် အင်ပါယာအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လာသည်ဆိုပါက ကျိန်းသေပေါက် ၎င်း၏ အခွင့်အာဏာကို နေရာအနှံ့ထိ လွှမ်းခြုံစေချင်မည်မှာ သဘာဝပင် မဟုတ်ပါလား။
အဘယ့်ကြောင့် ငြိမ်ငြိမ်သက်သက်နှင့် တခြားသော သူများကို အဝေးမှလှမ်းကာ ကြည့်ရှုနေကြသနည်း။