အခန်း (၁၄၁၁-၁၄၁၃)
Vol. 95 Ch. 1411-1413
အခန်း(၁၄၁၁)
လက်သီးချက်ကို ထုတ်ဖော်လိုက်သည်နှင့်အမျှ ကမ္ဘာကြီးက လှုပ်ခတ်သွားခဲ့ပြီး နေနှင့်လတို့ပင် ဗြောင်းဆန်သွာခဲ့သည်။
ကောင်းကင်ကိုပင် တုန်ဟည်းစေသော ဆူညံပေါက်ကွဲသံများသည် လေထုတစ်လျှောက် ဆက်တိုက်ဆိုသလို ထွက်ပေါ်နေခဲ့သည်။
ငါးရောင်ခြယ် လက်သီးချက်သည် လေထုကို ထိုးဖောက်ကာ ချင်ထျန်းကျန့်၏ ဧရာမအဖြူရောင်ဓားကို ရိုက်ခတ်လိုက်၏။
ထို့နောက်တွင် အဖျက်စွမ်းအင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။
ချင်ထျန်းကျန့်သည် လေထုထဲတွင် ဆယ်လှမ်းကျော်ခန့် နောက်သို့ဆုတ်လိုက်ရ၏။
သူက ခေါင်းမော့၍ ကြည့်လိုက်ရာ လေထုထဲတွင် တည်ငြိမ်စွာရပ်နေသော ကျန်းချန်ကို မြင်လျှင် မယုံကြည်နိုင်သောအမူအရာများ မျက်နှာထက်တွင် ဖြစ်ပေါ်လာခဲ့သည်။
"ဒါ..ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ချင်ထျန်းကျန့်သည် လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀)က မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
သူက လွန်ခဲ့သော နှစ်ပေါင်း(၈၀၀)တွင် အင်ပါယာတစ်ပိုင်းနယ်ပယ်အဆင့်ကို မမျှော်လင့်ဘဲ ထိုးဖောက်နိုင်ခဲ့ပြီး ယခုအခါတွင် ဓားဥပဒေသကို ခုနစ်ဆယ် ရာခိုင်နှုန်းခန့် နားလည်နေပြီ ဖြစ်၏။
အင်ပါယာ တစ်ပိုင်းအဆင့် ကျင့်ကြံသူများထဲမှာပင် သူ၏ စွမ်းအားသည် ထိပ်တန်းအဆင့်တွင် ရှိသည်။
သို့သော်လည်း ယခုအခါတွင် သူသည် သူ့ရှေ့မှလူငယ်လေး၏ ဥပဒေသစွမ်းအားနှင့် ရင်ဆိုင်ရာ၌ အရေးနိမ့်နေခဲ့၏။
"ဓား.. လာခဲ့စမ်း"
ချင်ထျန်းကျန့်က သူ၏ရင်ထဲမှ ထိတ်လန့်မှုကို ထိန်းချုပ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ရှေးဟောင်း ရွှေရောင်ဓားတစ်လက်ကို ထုတ်ဖော်လိုက်သည်။
ထိုဓား ထွက်ပေါ်လာသည်နှင့်အမျှ ချင်ထျန်းကျန့်၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ဓားအရှိန်အဝါများဖြင့် ပြည့်နှက်သွားခဲ့၏။
"သွားစမ်း.."
ချင်ထျန်းကျန့်က ဓားကွက်ကို ထုတ်ဖော်လိုက်ရာ အစွမ်းထက်ဓားစွမ်းအင်သည် ပေထောင်ချီ အကွာအဝေးကို တိုက်ရိုက်ပင်ဖြတ်ကျော်သွားခဲ့ပြီး နတ်ဘုရားကိုပင် ပိုင်းဖြတ်နိုင်သော ဓားချက်ကဲ့သို့ ကျန်းချန်၏ ဦးခေါင်း အထက်ကနေ ကျဆင်းလာခဲ့သည်။
ကြောက်မက်ဖွယ် ဓားချက်ကို ရင်ဆိုင်နေရသော်လည်း ကျန်းချန်သည် အေးစက်စက်ပင် ရှိနေခဲ့၏။
သူက ငါးရောင်ခြယ် အလင်းများ ဖြာထွက်နေသော လက်သီးချက်ကို ထုတ်ဖော်ကာ ဓားစွမ်းအင်ကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။
"ဝုန်း.."
ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအင် မုန်တိုင်းများသည် အရပ်မျက်နှာအနှံ့သို့ ထပ်မံ တိုက်ခိုက်သွားခဲ့သည်။
ကျန်းချန်က သူ၏ နေရာမှာပင် ဝင့်ကြွားစွာ ဆက်လက်ရပ်တည်နိုင်ခဲ့သော်လည်း ချင်ထျန်းကျန့်၏ ပုံရိပ်ကမူ ပေရာချီ အကွာအဝေးသို့ နောက်ပြန် လွင့်စင်သွားခဲ့ပြီး မျက်နှာပေါ်တွင် ဖြူဖျော့သော အမူအရာများပင် ဖြစ်ပေါ်လာခဲ့သည်။
"သန်မာလှချည်လား"
သူ့ရှေ့မှကောင်လေး၏ ခွန်အားသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
သူက အစွမ်းကုန် တိုက်ခိုက်ခဲ့သည့်တိုင် သူ၏ ပြိုင်ဘက်ဖြစ်သည့် ထိုကောင်လေးကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ချေ။
သူ့ထက် အရင် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာသို့ နှစ်ပေါင်း(၁၀၀၀)စော၍ ဝင်ရောက်လာသော ရှားကျန့်ပင်လျှင် ထိုကောင်လေးကို ထိခိုက်အောင် လုပ်နိုင်မည်ဟု သူ မထင်ချေ။
"ဒီကောင်လေးက လွန်ခဲ့တဲ့ လဝက်လောက်ကမှ အင်ပါယာယွင် နတ်သစ်သီးကိုရပြီး အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့တာ မဟုတ်လား.. သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနေရတာလဲ"
ချင်ထျန်းကျန့်က ကျန်းချန်၏ ဖိနှိပ်ခြင်း ခံနေရသည်ကို မြင်လျှင် မိုးကြိုးဧကရာဇ်၏ မျက်နှာထက်တွင် တုန်လှုပ်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
လွန်ခဲ့သော လဝက်ခန့်က ထိုကောင်လေးသည် အစွမ်းကုန်ကြိုးစား တိုက်ခိုက်သည့်တိုင် သူ၏ ဥပဒေသစွမ်းအားကို အသေအလဲ ခုခံ ကာကွယ်ခဲ့ရ၏။
သို့ရာတွင် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို ထိုးဖောက်ပြီးသည်နှင့် ထိုကောင်လေး၏ တိုက်ခိုက်ရေး စွမ်းအားသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အဆင့်အထိ ရောက်ရှိသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သိထားရမည့်အချက်မှာ ချင်ထျန်းကျန့်သည် ဓားပညာကို အထူးပြု ကျင့်ကြံသော အင်ပါယာတစ်ပိုင်းပုဂ္ဂိုလ် ဖြစ်ပြီး မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာထဲရှိ အင်ပါယာတစ်ပိုင်း ပုဂ္ဂိုလ် အားလုံးထဲတွင် တိုက်ခိုက်ရေးစွမ်းအား အကောင်းဆုံးများထဲမှ တစ်ယောက် ဖြစ်သည်။
ထိုကဲ့သို့ စွမ်းရည်ရှိသည့်တိုင် ချင်ထျန်းကျန့်သည် ကျန်းချန်နှင့် ရင်ဆိုင်ရာတွင် ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိလောက်သည် အထိ ဖိနှိပ်ခံခဲ့ရ၏။
ထိုကောင်လေး၏ တိုက်ခိုက်ရေးစွမ်းအင်သည် တကယ်ကို နတ်ဆိုးဆန်လွန်းသည်ဟုပင် ဆိုရပေမည်။
"ချင်ထျန်းကျန့်.. မင်းက လျှို့ဝှက်နယ်မြေရှစ်ခုရဲ့ ဘိုးဘေးဖြစ်နေတဲ့အတွက် မင်းကို ငါမသတ်ချင်ခဲ့ဘူး.. ဒါပေမဲ့ မင်းဒီလောက်တောင် သေချင်နေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ်တစ်ခုလုံးကနေ ရုန့်ရင်းသည့် သတ်ဖြတ်လိုသော အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့သည်။
ဤအခိုက်အတန့်တွင် တောက်ပသော ငါးရောင်ခြယ်နတ်အလင်းသည် ကျန်းချန်ကို နတ်ဘုရားတစ်ပါးနှယ် တောက်ပစေခဲ့၏။
ထိုမြင်ကွင်းကိုမြင်လျှင် ချင်ထျန်းကျန့်၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
သူက ကျန်းချန် တိုက်ခိုက်လာမည်ကို စောင့်ဆိုင်း မနေတော့ဘဲ ကျန်းချန်ကို တိုက်ရိုက်ပင် တိုက်ခိုက်လိုက်သည်။
သူက ဓားအထူးပြု ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး ဓားသိုင်းတွင်ကျော်ကြားသော်လည်း ခုခံကာကွယ်ရေးတွင်မူ အားမကောင်းပေ။
ယခုအခါတွင် သူသည် ကျန်းချန်၏ ဖိနှိပ်ခြင်းကို လုံးဝ ခံနေရပြီ ဖြစ်၏။
ကျန်းချန်ကိုသာ ဦးစွာ တိုက်ခိုက်ခွင့် ပြုလိုက်လျှင် သူ့အတွက် အခြေအနေက ပို၍ပင် ဆိုးရွားသွားနိုင်သည်ကို ကောင်းစွာ သိထားခဲ့သည်။
ချင်ထျန်းကျန့်က သူ၏ အစွမ်းအားလုံးကို ထုတ်ဖော်လိုက်ပြီး ဓားဥပဒေသ အားလုံးကို ပေါင်းစပ်ထားသော သိုင်းကွက်အားအသုံးပြုလိုက်သည်။
ချက်ချင်းဆိုသလိုပင် ပေရာချီ ရှည်လျားသော ရွှေရောင် နတ်ဓားတစ်လက်သည် ချင်ထျန်းကျန့်၏ ဦးခေါင်းအထက်တွင် စုစည်းသွားခဲ့သည်။
ထို့နောက်တွင် ထိုရွှေရောင်နတ်ဓားသည် ကြောက်မက်ဖွယ်အရှိန်အဟုန်ဖြင့် လေထုကို ထိုးခွဲကာ ကျန်းချန်ဆီသို့ ဦးတည်လာခဲ့၏။
"ဟားဟား ဘယ်ဆိုးလို့လဲ"
ကမ္ဘာကိုပင် ချေမှုန်းနိုင်လောက်သော ချင်ထျန်းကျန့်၏ ရွှေရောင်နတ်ဓားကို ရင်ဆိုင်ရလျှင် ကျန်းချန်သည် ခပ်ထေ့ထေ့ ရယ်မောလိုက်သည်။
သူက ငါးရောင်ခြယ်အလင်းတန်းများ တောက်ပနေသော လက်ဝါးကို ဆန့်ထုတ်ကာ ရွှေရောင်နတ်ဓားအား တားဆီးလိုက်သည်။
"ပြောင်းလဲစမ်း"
ချင်ထျန်းကျန့်၏ အေးစက်စက်အသံက ကမ္ဘာတစ်ဝှမ်းလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။
ထိုအသံထွက်ပေါ်လာသည်နှင့်အမျှ ကျန်းချန်၏ တားဆီးခြင်းကို ခံနေရသည့် ရွှေရောင်ဓားသည် ချက်ချင်းဆိုသလိုပင် ရွှေရောင်နဂါးတစ်ကောင် အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်၏ တားဆီးမှုကနေ လွတ်မြောက်ရန် ကြိုးစားနေခဲ့သည်။
ကျန်းချန်က ချက်ချင်းပင် ဥပဒေသငါးခု၏ စွမ်းအားဖြင့် ငါးရောင်ခြယ် နတ်အလင်းကို ငါးရောင်ခြယ် တောင်တစ်လုံး အဖြစ်သို့ ပြောင်းလဲကာ ရွှေရောင်နတ်ဓားကို ဖိနှိပ်လိုက်သည်။
"ဝုန်း.."
ကြောက်မက်ဖွယ်ကောင်းသော ငါးရောင်ခြယ် အလင်းတန်းများ တောက်ပနေသော ဧရာမ တောင်ကြီး တစ်လုံးသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး ရွှေရောင်နတ်ဓားကို ဖျက်ဆီးလိုက်ကာ ဆယ်မိုင်ပတ်လည်ရှိ တိမ်တိုက်များကိုပင် ဖြိုခွင်းပစ်လိုက်သည်။
ထိုခဏတွင် ပတ်ဝန်းကျင် တစ်ခုလုံး၌ ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းသွားခဲ့၏။
ဖုန်မှုန့်များ ပျောက်ကွယ်သွားသောအခါ ထိုနေရာ၌ရှိသော အရာအားလုံးသည် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ကောင်းကင်ယံတွင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
သူ၏ ဆံပင်ရှည်များက လေထဲတွင် လွင့်နေခဲ့ပြီး အနက်ရောင်ဝတ်ရုံသည်လည်း လေထဲတွင် တဖျပ်ဖျပ် လွင့်နေခဲ့၏။
သူ့ကို ကြည့်ရသည်မှာ ကောင်းကင်ကနေ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
သူ၏အောက်ဘက်တွင်မူ တွင်းနက်ကြီးတစ်ခု ရှိနေပြီး ချင်ထျန်းကျန့်သည် ထိုတွင်းနက်ထဲတွင် လဲလျောင်းနေခဲ့သည်။
သူ၏ အနက်ရောင်ဆံပင်များက ဖရိုဖရဲ ဖြစ်နေခဲ့ပြီး မျက်နှာတွင်လည်း သွေးများ စွန်းထင်နေခဲ့ကာ အသက်ရှူသံပင် အလွန်တရာ အားနည်းနေခဲ့၏။
"ချင်ထျန်းကျန့်က ဒီလိုပဲ ရှုံးနိမ့်သွားတယ်လား.. ဒါ.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
သူတို့ရှေ့မှ ထိတ်လန့်ဖွယ်ရာကောင်းသော မြင်ကွင်းကိုမြင်လျှင် မိုးကြိုးဧကရာဇ်ဖြစ်စေ၊ ရှားကျန့်ဖြစ်စေ မှင်တက်သွားခဲ့ကြပြီး အချိန်အတော်ကြာမှသာ ပြန်လည် သက်သာလာခဲ့ကြသည်။
အထူးသဖြင့် ရှားကျန့်သည် ချင်ထျန်းကျန့်နှင့် အတူ နှစ်ပေါင်း(၅၀၀)ကျော် နေထိုင်ခဲ့သူ ဖြစ်သည်။
ထို့ကြောင့် မည်သူ့ထက်မဆို ရှားကျန့်သည် ချင်ထျန်းကျန့်၏ စွမ်းအားနှင့် ပတ်သက်၍ ကောင်းစွာ သိရှိထားခဲ့၏။
ချင်ထျန်းကျန့်သည် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာရှိ အင်ပါယာတစ်ပိုင်း အဆင့် ကျင့်ကြံသူ အားလုံးထဲတွင် အသန်မာဆုံး မဟုတ်သော်လည်း တိုက်ခိုက်ရေးစွမ်းအင်သည် ထိပ်တန်းအဆင့်တွင် ရှိသည်။
အင်ပါယာဥပဒေသ၏ စွမ်းအားကို ကိုးဆယ် ရာခိုင်နှုန်းခန့် နားလည်ထားသော ရှားကျန့် ပင်လျှင် ချင်ထျန်းကျန့်ကို အလွယ်တကူ အနိုင်မယူနိုင်ပေ။
သို့သော်လည်း သူ၏ ရှေ့မှ ကျန်းချန်ဟု ခေါ်သောကောင်လေးကမူ ထိုအရာကို လုပ်ပြနိုင်ခဲ့သည်။
ထိုကောင်လေး၏ ပါရမီသည် တကယ်ကို နတ်ဆိုးဆန်လွန်းလှ၏။
ရှားကျန့်သည် နှစ်ပေါင်း(၃၀၀၀)ကျော် ရှင်သန်ခဲ့သည့် ဘဝတစ်လျှောက်တွင် ဤကဲ့သို့ ပါရမီရှိလွန်းသော ကျင့်ကြံသူကို တစ်ခါမှ မမြင်ဖူးပေ။
"နန်းတော်သခင်ကျန်းရဲ့ တိုက်ခိုက်ရေးစွမ်းအင်က တကယ်ကို ကြောက်စရာကောင်းတာပဲ"
သူ၏ရှေ့မှ အခြေအနေကို ကြည့်ကာ ယဲ့ထျန်းကျီသည် တအံ့တသြ ရေရွတ်လိုက်သည်။
ကျန်းချန်က အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်အား ထိုးဖောက်သည်အား သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသော်လည်း ကျန်းချန်က အင်ပါယာဥပဒေသ၏ စွမ်းအားငါးမျိုးကို အလွန် ကြောက်မက်ဖွယ်ရာကောင်းသော အမြန်နှုန်းဖြင့် ကျွမ်းကျင်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ထို့အပြင် ကျန်းချန်၏ အင်ပါယာ ဥပဒေသငါးခုဖြင့် စုစည်းထားသော စွမ်းအားသည် အလွန်တရာပင် ကြောက်မက်ဖွယ်ကောင်းသော အဆင့်ကို ရောက်ရှိနေပြီ ဖြစ်၏။
အင်ပါယာနယ်ပယ် အဆင့်အောက်ရှိ ပြီးပြည့်စုံသော အင်ပါယာ ဥပဒေသကို နားလည်ထားသည့် ခြေလှမ်းတစ်ဝက် အင်ပါယာကသာလျှင် ကျန်းချန်နှင့် တိုက်ခိုက်ရန် အရည်အချင်းပြည့်မီလိမ့်မည်ဟု သူထင်ခဲ့သည်။
"ငါနောက်ဆုံးအကြိမ် ထပ်ပြောမယ် ဒီနတ်အသွင်ပြောင်းဒယ်စောက်အိုးက ငါ့ရဲ့ပစ္စည်းပဲ.. ဘယ်လိုလဲ.. မင်းတို့ ငါ့စကားကို သဘောတူလား"
လူတိုင်းက တုန်လှုပ်နေသော အချိန်မှာပင် ကျန်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေရင်း အေးစက်စက် ပြောလိုက်သည်။
သူ၏အသံက လူတိုင်း၏ နားထဲသို့ တဖြည်းဖြည်း ပဲ့တင်ထပ်သွားခဲ့၏။
ရှားကျန့်၏ မျက်ဝန်းထဲတွင် တုန်လှုပ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
အဆုံးသတ်တွင် သူက ခါးသီးစွာ ရယ်မော၍ ပြောလိုက်သည်။
"သခင်လေးက ငါတို့ထက် အများကြီး အစွမ်းထက်ပါတယ်.. ငါတို့ သခင်လေးရဲ့ သဘောထားကို မဆန့်ကျင်ရဲပါဘူး"
ကျန်းချန်၏ အင်ပါယာဥပဒေသ စွမ်းအားကို နားလည်မှုသည် နက်နဲခြင်း မရှိသေးသော်လည်း ကျန်းချန်သည် အင်ပါယာဥပဒေသစွမ်းအား ငါးမျိုးကို ကျွမ်းကျင်ထားခဲ့သည်။
ထိုအင်ပါယာ ဥပဒေသငါးခု၏ စွမ်းအားကို စုစည်းလိုက်သောအခါတွင် ဖြစ်ပေါ်လာသော စွမ်းအားသည် ကြောက်မက်ဖွယ်ရာ ကောင်းသည်ဟုသာ ဖော်ပြနိုင်တော့၏။
ရှားကျန့်သည် အင်ပါယာဥပဒေသ အပေါ်တွင် နားလည်မှုမှာ ၉၀ ရာခိုင်နှုန်းခန့်အထိ ရောက်ရှိနေပြီ ဖြစ်သော်လည်း ကျန်းချန်ကို အနိုင်ယူနိုင်မည်ဟု မသေချာခဲ့ပေ။
ယခုအခါတွင် ချင်ထျန်းကျန့်သည် တိုက်ခိုက်နိုင်စွမ်းကို လုံးဝနီးပါး ဆုံးရှုံးသွားခဲ့ပြီ ဖြစ်ပြီး သူနှင့် မိုးကြိုးဧကရာဇ်တို့ပူးပေါင်းခဲ့လျှင်ပင် ကျန်းချန်တို့၏ ပြိုင်ဘက် မဖြစ်နိုင်၍ နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို ကျန်းချန်၏ လက်ကနေလုယူနိုင်တော့မည်မဟုတ်ပေ။
သူက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီးနောက်တွင် ဒဏ်ရာအပြင်းအထန် ရရှိထားသော ချင်ထျန်းကျန့်နှင့် အတူ ကျန်းချန်၏ ရှေ့ကနေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
အခန်း(၁၄၁၁)ပြီး၏။
အခန်း(၁၄၁၂)
ရှားကျန့်တို့နှစ်ယောက် အလျင်အမြန် ထွက်ခွာသွားသည်ကို မြင်လျှင် မိုးကြိုးဧကရာဇ်၏ မျက်နှာအမူအရာသည် ချက်ချင်းပင် အကျည်းတန်သွားခဲ့သည်။
ရှားကျန့်သည် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာတွင် အသန်မာဆုံး အင်ပါယာတစ်ပိုင်း အဆင့် ကျင့်ကြံသူ ဖြစ်သည်။
ရှားကျန့်၏ အင်အားဖြင့်ဆိုလျှင် ကျန်းချန်တို့ကို အနိုင်ယူပြီး နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို မိုးကြိုးနတ်ဘုရားဂိုဏ်းသို့ ပြန်လည် ယူဆောင်လာနိုင်လိမ့်မည်ဟု မိုးကြိုးဧကရာဇ်မူလက ထင်ခဲ့သည်။
သို့သော်လည်း ချင်ထျန်းကျန့် ကဲ့သို့ အစွမ်းထက်သော ကျင့်ကြံသူပင်လျှင် ကျန်းချန်၏ အလွယ်တကူ အနိုင်ယူခြင်းကို ခံရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ရှားကျန့်ပင်လျှင် ကျန်းချန်၏ စွမ်းအားကို မြင်ပြီးနောက်တွင် ထိတ်လန့်သွားကာ ဆုတ်ခွာရန် ရွေးချယ်ရသည် အထိပင်။
ယခု သူတစ်ယောက်တည်း စွမ်းအားဖြင့် ကျန်းချန်ကို ရင်ဆိုင်ရန်မှာ အလွန်ပင် ခက်ခဲသွားပြီ ဖြစ်သည်။
ဤအချိန်တွင် ကျန်းချန်၏ နံဘေးရှိ ယဲ့ထျန်းကျီနှင့် အင်ပါယာ ရုပ်အလောင်းသည် သူ့ကို စူးစိုက်၍ ကြည့်နေခဲ့သည်။
မိုးကြိုးဧကရာဇ်သည် စိတ်ထဲကနေ အလွန်ပင် မကျေမချမ်း ဖြစ်နေခဲ့၏။
သူက နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို ရှာဖွေရန် နှစ်ပေါင်းထောင်ချီ အချိန်ပေးခဲ့ရသည်။
ထို့အပြင် နေရာကို ရှာတွေ့သည့်တိုင် စည်းတံဆိပ်ကို ဖြိုခွင်းရန် နှစ်ပေါင်း(၁၀၀)ခန့် ပင်ပန်းတကြီး အားထုတ်ခဲ့ရ၏။
ယခုအခါ နတ်အသွင်ပြောင်းဒယ်စောက်အိုးနှင့် လက်တစ်ကမ်းအကွာသို့ ရောက်မှ ကျန်းချန်တို့၏ လက်ထဲသို့ ထည့်ပေးရတော့မည်လော။
"မိုးကြိုးဧကရာဇ် မင်းအခုထိ ထွက်မသွားသေးဘူးလား.. ကြည့်ရတာ နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို ငါရယူတာနဲ့ပတ်သက်ပြီး မင်းဆီမှာ သဘောထားကွဲလွဲမှုတွေ ရှိနေတဲ့ပုံပဲ"
မိုးကြိုးဧကရာဇ် ဒေါသထွက်နေချိန်တွင် ကျန်းချန်၏ အေးစက်စက် အသံသည် ထပ်မံ ထွက်ပေါ်လာခဲ့သည်။
"ကျန်းချန် မင်းဘာလို့ ဒီလိုတွေလုပ်နေတာလဲ.. ဒီနတ်အသွင်ပြောင်း ဒယ်စောက်အိုးမှာ ငါတို့ မိုးကြိုးနတ်ဘုရားဂိုဏ်းက ကျင့်ကြံသူရဲ့ တားမြစ်အစီအရင် ရှိတယ်.. မင်းဒီပစ္စည်းကို ယူသွားရင်လည်း အသုံးပြုနိုင်မှာ မဟုတ်တဲ့အတွက် အင်ပါယာ နယ်ပယ်အဆင့်ကို ထိုးဖောက်ဖို့လည်း ဖြစ်နိုင်မှာ မဟုတ်ဘူး.. နတ်အသွင်ပြောင်း ဒယ်စောက်အိုးပေါ်က တားမြစ်အစီအရင်ကို ငါတစ်ယောက်ပဲ ဖျက်ဆီးနိုင်တယ်.. မင်းအနေနဲ့ ငါ့လက်ထဲကို ပြန်အပ်လိုက်တာ ကောင်းမယ်လို့ ငါအကြံပေးချင်တယ်.. ပြီးရင် နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို ငါတို့တွေ ခွဲဝေသုံးစွဲကြမယ်.. ဒါဆိုရင် ငါတို့နှစ်ဖက်လုံး အကျိုးရှိလိမ့်မယ်"
မိုးကြိုးဧကရာဇ်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ကျန်းချန်ကို လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
ယခုအခါတွင် မိုးကြိုးဧကရာဇ်၏ တစ်ခုတည်းသော အားကိုးရာမှာ နတ်အသွင်ပြောင်း ဒယ်စောက်အိုးပေါ်ရှိ တားမြစ်အစီအရင် ဖြစ်သည်။
ကျန်းချန်က နတ်အသွင်ပြောင်း ဒယ်စောက်အိုးပေါ်ရှိ တားမြစ်အစီအရင်ကို မဖျက်ဆီးနိုင်သရွေ့ နတ်အသွင်ပြောင်းဒယ်စောက်အိုးကို ရရှိသွားလျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။
ထို့အပြင် သူက ဤကမ္ဘာတွင် တားမြစ်အစီအရင်ကို ဖျက်ဆီးနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်၍ ကျန်းချန်သာ နတ်အသွင်ပြောင်း ဒယ်စောက်အိုး၏ စွမ်းအားကို အသုံးပြုလိုလျှင် သူ့ကို လုံးဝ စွန့်ပစ်ရန် မဖြစ်နိုင်ချေ။
"အခုအချိန်မှာ ငါနဲ့ညှိနှိုင်းဖို့ မင်းမှာ အရည်အချင်းမရှိဘူး"
ကျန်းချန်က မိုးကြိုးဧကရာဇ်ကို စူးစိုက်၍ ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
"မင်းမှာ နောက်ဆုံး အခွင့်အရေးတစ်ခုပဲရှိတယ်.. အဲဒါက မင်း ထွက်မသွားဘူးဆိုရင် သေရလိမ့်မယ် ဆိုတာပဲ"
မိုးကြိုးဧကရာဇ်၏ မျက်နှာအမူအရာသည် အလွန်တရာပင် အကျည်းတန်လာခဲ့သည်။
"ကျန်းချန်.."
သို့သော် မိုးကြိုးဧကရာဇ်၏ စကားမဆုံးခင်မှာပင် ကျန်းချန်၏ ပုံရိပ်သည် လှုပ်ရှားသွားခဲ့ပြီး ပေထောင်ချီ နေရာလွတ်ကို လွှမ်းခြုံထားသည့် ငါးရောင်ခြယ် နတ်အလင်းသည် မိုးကြိုးဧကရာဇ်ကို ဖိနှိပ်လိုက်သည်။
ထိုမြင်ကွင်းကိုမြင်လျှင် မိုးကြိုးဧကရာဇ်၏ မျက်နှာအမူအရာသည် ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။
သူက ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို အစွမ်းကုန် ထုတ်သုံးကာ ငါးရောင်ခြယ် နတ်အလင်းကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။
"ဝုန်း.."
ကောင်းကင်ကိုပင် တုန်ရီစေသော စွမ်းအင်လှိုင်းသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။
ထို့နောက်တွင် မိုးကြိုးဧကရာဇ်၏ အော်သံကိုသာ ကြားလိုက်ရပြီး မိုးကြိုးဧကရာဇ်၏ ခန္ဓာကိုယ်သည် ပေရာချီအကွာအဝေးအထိ နောက်ပြန် လွင့်စင်သွားခဲ့သည်။
မိုးကြိုးဧကရာဇ်က သူ၏ ပုံရိပ်ကို မထိန်းချုပ်နိုင်သေးမီမှာပင် သူ၏ စိတ်ဝိညာဥ်ကို တုန်ယင်စေသော ဧရာမ အနက်ရောင် စည်းတံဆိပ်တစ်ခုသည် လေထဲမှ တစ်ဆင့် သူ၏ ဦးခေါင်းထက်ကို တိုက်ရိုက်ပင် ဖိနှိပ်လာခဲ့သည်။
"ကျန်းချန် ငါ့ကို မသတ်ပါနဲ့.. ငါ.. ငါမင်းကို နတ်အသွင်ပြောင်းဒယ်စောက်အိုးပေါ်က တားမြစ်အစီအရင် ဖျက်ဆီးဖို့ ကူညီပေးပါ့မယ်"
ကြောက်မက်ဖွယ်ကောင်းသော ဧရာမ အနက်ရောင် စည်းတံဆိပ်တုံးကို မြင်လျှင် မိုးကြိုးဧကရာဇ်သည် သူ၏ စိတ်ဝိညာဥ်များအားလုံး ပျောက်ဆုံးသွားသည်ဟု ခံစားလိုက်ရပြီး ကျန်းချန်ကို ထိတ်လန့်တကြား အော်ဟစ် ပြောဆိုလိုက်သည်။
ဤကောင်လေး၏ခွန်အားသည် အလွန်ပင် သန်မာလွန်းပြီး သူ့အနေဖြင့် လုံးဝ မခုခံနိုင်ခဲ့ပေ။
"မလိုပါဘူး ဒါက သာမန် တားမြစ်အစီအရင်လေး တစ်ခုပါပဲ.. ငါကျန်းချန်က ဒီလို အစီအရင်ကို မဖျက်ဆီးဖူးတာလည်း မဟုတ်ဘူး"
ကျန်းချန်၏ မထီမဲ့မြင် စကားသံ ထွက်ပေါ်လာပြီးနောက်တွင် အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်သည် မိုးကြိုးဧကရာဇ်၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် လွှမ်းခြုံသွားခဲ့သည်။
ထို့နောက်တွင် မိုးကြိုးဧကရာဇ်၏ ခန္ဓာကိုယ်သည် ဤကမ္ဘာလောကကြီးကနေ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
"သခင်လေးကျန်း. ရှန်းဝူကုန်းမြေတိုက်မှာ မင်းက ပြိုင်ဘက်မရှိတော့ဘူးလို့ ငါထင်တယ်"
ကျန်းချန်က မိုးကြိုးဧကရာဇ်ကို ချေမှုန်းလိုက်သည်ကိုမြင်လျှင် ယဲ့ထျန်းကျီ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ထိုကောင်လေးသည် အသက်(၂၀)ကျော် အရွယ်ဖြင့်ပင် အင်ပါယာတစ်ပိုင်းအဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီး ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့၏။
ထိုကဲ့သို့သော ပါရမီရှင်သည် ရှန်းဝူတိုက်ကြီးတွင် တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူးပေ။
"ရှန်းဝူကုန်းမြေတိုက်မှာ ပြိုင်ဘက်ကင်းခဲ့ရင်တောင် ကျွန်တော်တို့ရဲ့ လက်ရှိစွမ်းအားနဲ့ ဆိုရင် ကျိုးယိုနဲ့ သွေးဝိညာဥ်မျိုးနွယ်စုကို ရင်ဆိုင်ဖို့ မလုံလောက်သေးပါဘူး"
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ယဲ့ထျန်းကျီ၏ မျက်ဝန်းထဲတွင် လေးနက်သော အမူအရာတစ်ခု ရှိနေခဲ့၏။
လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀၀)ခန့်က ရွှမ်းဝူကောင်းကင် အစီအရင်ဖြင့် ဖိနှိပ်ခံခဲ့ရသော သွေးဝိညာဥ်မျိုးနွယ်စု၏ တပ်မှုးချုပ် ကျိုးယိုသည် အင်ပါယာဟောင်ထျန်းထက် မနိမ့်သောအင်ပါယာတစ်ပါး ဖြစ်သည်။
နှစ်ပေါင်းထောင်ချီ ဖိနှိပ်ခံပြီးနောက်တွင် ၎င်း၏ စွမ်းအားများစွာ လျော့ကျသွားခဲ့လျှင်ပင် ကျိုးယိုသည် အင်ပါယာတစ်ပါးကို ကောင်းစွာ ယှဥ်ပြိုင်နိုင်သော အဆင့်တွင် ရှိ၏။
အင်ပါယာတစ်ပိုင်း အဆင့်နှင့် အင်ပါယာတို့ အကြားရှိ ကွာခြားချက်သည် စကားလုံးတစ်လုံးသာ ဖြစ်သော်လည်း စွမ်းအားကမူ ကမ္ဘာကြီးတစ်ခုလောက် ကွာခြားသည်။
စစ်မှန်သော အင်ပါယာအဆင့် ကျင့်ကြံသူ၏ရှေ့တွင် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူသည် ပြောပလောက်စရာ စွမ်းရည် မရှိပေ။
"သခင်လေးကျန်း အဲဒီလောက်ထိ စိတ်ပူနေစရာ မလိုပါဘူး.. သခင်လေးကျန်းရဲ့ အရည်အချင်းနဲ့ဆိုရင် နတ်အသွင်ပြောင်းဒယ်စောက်အိုးနဲ့ အစစ်အမှန် နဂါးမှော်ဆေးဝါး ရှိနေသရွေ့အင်ပါယာအဆင့်ကို ထိုးဖောက်ဖို့က အလွယ်လေးပါပဲ"
ထိုစကားကို ပြောပြီးနောက်တွင် ယဲ့ထျန်းကျီသည် အနည်းငယ် တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။
"ဒါနဲ့ သခင်လေးကျန်းကို မေးစရာရှိတယ်.. နတ်အသွင်းပြောင်း ဒယ်စောက်အိုးပေါ်က တားမြစ်အစီအရင်ကို သခင်လေးကျန်း တကယ်ပဲ ဖျက်ဆီးနိုင်တာလား"
"စိတ်မပူပါနဲ့ ငါ မိုးကြိုးဧကရာဇ်ကို သတ်ရဲမှတော့ နတ်အသွင်ပြောင်း ဒယ်စောက်အိုးပေါ်က တားမြစ်အစီအရင်ကို ဖျက်ဆီးဖို့သေချာပါတယ်"
ကျန်းချန်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။
"ဒီနတ်အသွင်ပြောင်း ဒယ်စောက်အိုးပေါ်က တားမြစ်အစီအရင်ကို အလွန်ဆုံး ဆယ်ရက်အတွင်း ငါဖြေရှင်းနိုင်ပါတယ်"
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် ယဲ့ထျန်းကျီနှင့် အင်ပါယာရုပ်အလောင်းကို ပတ်ဝန်းကျင်တွင် စောင့်ကြပ်စေလိုက်သည်။
ထို့နောက် သူက နတ်အသွင်ပြောင်း ဒယ်စောက်အိုးပေါ်ရှိ တားမြစ် အစီအရင်ကို ဆက်လက် နားလည်ရန် လုပ်ဆောင်ခဲ့၏။
"ဒင်.. သင်က နတ်အဆင့် တားမြစ်အစီအရင်ကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"
"ဒင်.. သင်က နတ်အဆင့် တားမြစ်အစီအရင်ရဲ့ ၁၀၀၀၀ ပုံ ၁ ၁ပုံကို နားလည်သွားခဲ့ပါပြီ"
"ဒင်.. သင်က နတ်အဆင့် တားမြစ်အစီအရင်ကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"
"ဒင်.. သင်က နတ်အဆင့် တားမြစ်အစီအရင်ရဲ့ ၁၀၀၀၀ ပုံ ၁ ၁ပုံကို နားလည်သွားခဲ့ပါပြီ"
"........."
ကျန်းချန်သည် နတ်အသွင်ပြောင်း ဒယ်စောက်အိုးပေါ်ရှိ နတ်အဆင့် တားမြစ်အစီအရင်ကို အပြည့်အဝ နားလည်ရန်အတွက် နောက်ထပ် ၇ ရက်ခန့် အပြည့်အဝ အချိန်ယူခဲ့ရသည်။
ထို့နောက်တွင် ကျန်းချန်သည် နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို သူ၏ သိုလှောင်အိတ်ထဲသို့ အောင်မြင်စွာ ထည့်သိမ်းလိုက်တော့သည်။
နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို ရယူပြီးနောက်တွင် ကျန်းချန်သည် ယဲ့ထျန်းကျီကို ပြုံးရွှင်စွာ ပြောလိုက်သည်။
"အကြီးအကဲယဲ့ ကျွန်တော်တို့ သွားကြစို့.. အခု နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို လက်ဝယ်ရရှိပြီ ဆိုတော့ ရှန်းဝူကုန်းမြေတိုက်ကို ပြန်ဖို့ အချိန်တန်ပြီ"
ယခုအခါတွင် ကျန်းချန်တို့နှစ်ယောက် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာသို့ ဝင်ရောက်လာသည်မှာ (၂)လနီးပါး ကြာမြင့်နေပြီ ဖြစ်၏။
ဤတစ်ကြိမ် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာသို့ ဝင်ရောက်ရာတွင် ကျန်းချန်သည် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်ရုံသာမက အင်ပါယာခွင်းရှ ဝှက်ထားသည့် နတ်အသွင်ပြောင်း ဒယ်စောက်အိုးကိုပါ ရယူနိုင်ခဲ့ပြီး သူ၏ ပန်းတိုင်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
ထို့အပြင် အင်ပါယာမြှုပ်နှံခြင်းချောက်နက်အတွင်းရှိ ရွှမ်းဝူကောင်းကင်အစီအရင်သည် အချိန်မရွေး ပျောက်ကွယ်သွားနိုင်၍ ကျန်းချန်သည် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာတွင် အချိန်ဆက်လက် ဖြုန်းတီးလိုခြင်း မရှိခဲ့ပေ။
"ကောင်းပြီ ငါလည်း မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာမှာ နှစ်ပေါင်း(၅၀၀) တိတိ နေခဲ့ပြီးပြီ ဆိုတော့ ရှန်းဝူကုန်းမြေတိုက်ကို ပြန်ဖို့ အချိန်တန်ပြီ"
ယဲ့ထျန်းကျီက ခေါင်းညိတ်ကာ ပြောလိုက်သည်။
မကြာခင်မှာပင် ယဲ့ထျန်းကျီသည် လက်နှစ်ဖက်ကို လှုပ်ရှားကာ လေထဲတွင် လျှို့ဝှက်ဆန်းကြယ် သင်္ကေတတစ်ခုကို ရေးဆွဲလိုက်သည်။
ထိုသင်္ကေတများက လေထုထဲတွင် ထွက်ပေါ်လာပြီးနောက်တွင် သူတို့နှင့် သုံးပေခန့်အကွာ၌ နေရာလွတ် ဂိတ်တံခါးတစ်ခုသည် ပွင့်သွားခဲ့သည်။
"ဒါက ဘယ်လိုစွမ်းရည်လဲ"
ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့သြသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"ဒါက ရွှယ်လင်ကုန်းမြေတိုက်က ယဲ့မိသားစုရဲ့ နေရာလွတ်ကို ဖြိုခွင်းနိုင်တဲ့ မှော်စွမ်းအားပဲ.. ဒီမှော်စွမ်းအားက အစစ်အမှန်နတ်ဘုရားအဆင့် ကျင့်ကြံသူ ဖန်တီးထားတဲ့ နေရာလွတ်အတားအဆီးကိုတောင် ဖြိုခွင်းနိုင်စွမ်းရှိတယ်.. ငါ လွန်ခဲ့တဲ့ နှစ်ပေါင်း(၅၀၀)က ဒီမှော်စွမ်းအားကို အားကိုးပြီး မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာကို ဝင်ရောက်နိုင်ခဲ့တာပဲ"
ယဲ့ထျန်းကျီက ပြုံးရွှင်စွာဖြင့် ရှင်းပြလိုက်သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာခဲ့၏။
"ဒါဆို မိုးကြိုးနတ်ဘုရားရဲ့ ရှေးဟောင်းကမ္ဘာက ပိတ်ထားရင်တောင် ကျွန်တော်တို့ အချိန်မရွေး ဝင်ရောက်နိုင်တဲ့ သဘောပေါ့"
ဤအတိုင်းသာဆိုလျှင် သူသည် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာသို့ ပြန်လာပြီး အင်ပါယာယွင် နတ်သစ်ပင်ကိုအသုံးပြုကာ သူ၏ ကိုယ်ခံပညာနယ်မြေများကို ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပါလော။
"သခင်လေးကျန်း ဆန္ဒရှိရင် အချိန်မရွေး ဝင်နိုင်ပါတယ်.. ကဲ ကျွန်တော်တို့ သွားကြစို့"
ယဲ့ထျန်းကျီက ပြုံး၍ ပြောလိုက်ပြီးနောက်တွင် ကျန်းချန်ကို ဦးဆောင်ကာ နေရာလွတ် ဂိတ်တံခါး ဆီသို့ ဦးတည်လိုက်သည်။
အခန်း(၁၄၁၂)ပြီး၏။
အခန်း(၁၄၁၃)
မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာပြင်ပရှိ လေထုထဲတွင် ပြင်းထန်သော စွမ်းအင်များ ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။
မကြာမီမှာပင် လူသားပုံရိပ် နှစ်ခုသည် လေထုထဲကနေ ဖြည်းဖြည်းချင်း ထွက်လာခဲ့ကြသည်။
ထိုနှစ်ဦးမှာ မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာကနေ ထွက်လာခဲ့သော ကျန်းချန်နှင့် ယဲ့ထျန်းကျီတို့ပင် ဖြစ်၏။
နှစ်ယောက်စလုံးက မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာကနေ ထွက်လာသည်နှင့် ၎င်းတို့၏ မျက်နှာဆီသို့ ကမ္ဘာမြေ၏ သိပ်သည်းသော အသက်စွမ်းအင်များက ရုတ်တရက်တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။
"ရှန်းဝူကုန်းမြေရဲ့ အသက်စွမ်းအင်က လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀၀)ကထက် ပိုပြီး သိပ်သည်းလာပါလား.. ဒါ့အပြင် ရှန်းဝူကုန်းမြေတိုက်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်မျိုး ရှိနေပုံရတယ်လို့ ငါခံစားရတယ်"
သူ၏ ပတ်ဝန်းကျင်မှာ သိပ်သည်းသော စွမ်းအင်များကို ခံစားမိလျှင် ယဲ့ထျန်းကျီ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ပြင်ပအကူအညီ မပါဘဲ ကမ္ဘာမြေပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည် သူ့ကို အင်ပါယာအဆင့်သို့ ထိုးဖောက်ရန် အကူအညီပေးနိုင်ပုံ ရသည်ဟု ယဲ့ထျန်းကျီ မရေမရာခံစားလိုက်ရသည်။
"မဟုတ်သေးဘူး.. သွေးဝိညာဥ်မျိုးနွယ်စုရဲ့ ကျိုးယိုကို ဖိနှိပ်ထားတဲ့ ရွှမ်းဝူကောင်းကင်အစီအရင် စတင် ပျက်စီးနေပြီ ထင်တယ်"
ကျန်းချန်က ရှန်းဝူကုန်းမြေတိုက်၏ အပြောင်းအလဲများကို ခံစားမိလျှင် မျက်နှာ အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူ၏ရှေ့မှ အခြေအနေသည် မြောက်ပိုင်းတောရိုင်း ဒေသရှိ ရွှမ်းဝူကောင်းကင် အစီအရင်တွင် ချို့ယွင်းချက် ဖြစ်ပေါ်စဥ်က အခြေအနေနှင့် ထပ်တူကျလု နီးပါးပင်။
ထို့ကြောင့် ကျန်းချန်က အင်ပါယာမြှုပ်နှံခြင်းချောက်နက်ထဲရှိ ရွှမ်းဝူကောင်းကင်အစီအရစတင်ပျက် ပျက်သုဥ်းနေလောက်ပြီဟု ခန့်မှန်းမိခဲ့သည်။
ကျန်းချန်၏ စကားကိုကြားလျှင် ယဲ့ထျန်းကျီ၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
"သခင်လေးကျန်း ဆိုလိုတာက ရှန်းဝူကုန်းမြေတိုက်ရဲ့အပြောင်းအလဲတွေက လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက အင်ပါယာဟောင်ထျန်း ချမှတ်ခဲ့တဲ့ အစီအရင်နဲ့ သက်ဆိုင်နေတဲ့ သဘောလား"
"ဟုတ်တယ်.. လွန်ခဲ့တဲ့ နှစ်ပေါင်း(၁၀၀၀၀)က သူ့ရဲ့ လက်ကျန်စွမ်းအားတွေကို စုစည်းပြီး အင်ပါယာဟောင်ထျန်းက ရွှမ်းဝူကောင်းကင်အစီအရင်လို့ခေါ်တဲ့ မှော်ဆန်လွန်းတဲ့အစီအရင်တစ်ခုကို တည်ဆောက်ခဲ့တယ်.. ဒီအစီအရင်က ရှန်းဝူကုန်းမြေတိုက်ရဲ့ မူလစွမ်းအားကို ဖြတ်တောက်ထားတဲ့ အတွက် ရှန်းဝူကုန်းမြေတိုက်မှာ နှစ်ပေါင်းထောင်ချီ ကြာတဲ့အထိ အင်ပါယာတွေကို မမွေးထုတ်နိုင်ခဲ့တာပဲ.. အခု အင်ပါယာဟောင်ထျန်း ဖြတ်တောက်ထားတဲ့ မူလစွမ်းအင်က ပြန်လည် ထွက်ပေါ်လာခဲ့ပြီ.. ဒါက မဟာကပ်ဘေးရဲ့ လက္ခဏာအစပဲ"
ကျန်းချန်က အသက်ကိုခပ်ပြင်းပြင်းရှူလိုက်ပြီး အလေးအနက် ပြောလိုက်သည်။
သူက ရွှမ်းဝူကောင်းကင်အစီအရင် ပျက်စီးတော့မည်ကို သိသော်လည်း ထိုနေ့ရက်က ဤမျှအထိ လျင်မြန်စွာ ရောက်ရှိလာလိမ့်မည်ဟု မထင်ခဲ့ပေ။
ကျန်းချန်၏ စကားကိုကြားပြီးနောက်တွင် ယဲ့ထျန်းကျီ၏ အမူအရာသည် ချက်ချင်းပင် အလွန်တရာ လေးနက်လာခဲ့၏။
ယဲ့မိသားစု၏ မျိုးဆက် ဖြစ်ပြီး နိဗ္ဗာန်မြို့တော်၏ မြို့စားဖြစ်ခဲ့သည့် အပြင် ရွှယ်လင်ကုန်းမြေမှ လူသားမျိုးနွယ်စု၏ အဓိကမိသားစု သုံးစုထဲမှ တစ်စုအနေဖြင့် ယဲ့ထျန်းကျီသည် သွေးဝိညာဥ်မျိုးနွယ်စု၏ စွမ်းအားကို ကောင်းစွာ သိရှိထားခဲ့သည်။
ယနေ့ခေတ် ရှန်းဝူတိုက်သည် လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀၀)ကနှင့် နှိုင်းယှဥ်၍ မရတော့ပေ။
ထို့ကြောင့် သွေးဝိညာဥ်မျိုးနွယ်စု၏ ကျူးကျော်လာမှုကို တားဆီးရန်မှာ သူတို့အတွက် လွယ်ကူသော အလုပ်တစ်ခု ဖြစ်မည်မဟုတ်ပေ။
"ကျွန်တော်တို့ လူသားဧကရာဇ်နန်းတော်ကို အရင်ဆုံး ပြန်သွားကြစို့"
ရွှမ်းဝူ ကောင်းကင်အစီအရင်က ပျက်စီးစပြုလာပြီကို သိရှိသည်နှင့် တစ်ပြိုင်နက် ကျန်းချန်သည် အင်ပါယာမြှုပ်နှံခြင်းချောက်နက်ထဲမှ အခြေအနေကို သိရှိလိုစိတ် ပြင်းပြလာခဲ့သည်။
ထို့ကြောင့် သူက အချိန်ဆွဲမနေဘဲ ယဲ့ထျန်းကျီနှင့်အတူ လူသားဧကရာဇ်နန်းတော် ဆီသို့ အလျင်အမြန် သွားရောက်ခဲ့သည်။
သူတို့နှစ်ဦး၏ လက်ရှိ စွမ်းအားကြောင့် နေ့တစ်ဝက် အတွင်းမှာပင် လူသားဧကရာဇ်နန်းတော်၏ ဌာနချုပ်ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ကြ၏။
လူသားဧကရာဇ် နန်းတော်ကို ရောက်သည်နှင့် ကျန်းချန်သည် အလွန်လျင်မြန်စွာပင် ထူးဆန်းသော ခံစားချက်ကို ရရှိလိုက်သည်။
ကျန်းချန်က မြို့တော်ငါးခုကို အနိုင်ယူကာ နိဗ္ဗာန်မြို့တော်ကိုသိမ်းပိုက်၍ လူသားဧကရာဇ် နန်းတော်ကို တည်ထောင်ခဲ့သည့် အချိန်မှစ၍ လူသားဧကရာဇ်သည် ရှန်းဝူကုန်းမြေတိုက်တွင် ထိပ်တန်းအင်အားစု ဖြစ်လာခဲ့ပြီး သူ၏ ကျော်ကြားမှုသည်လည်း အလွန်တရာ မြင့်မားလာခဲ့သည်။
သို့သော်လည်း ယနေ့တွင်မူ လူသားဧကရာဇ် နန်းတော်သည် အေးစက်စက် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။
ကျန်းချန်ကို ပို၍ အံ့အားသင့်စေသော အချက်မှာ လူသားဧကရာဇ်နန်းတော်တွင် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူ၏ အရှိန်အဝါကို လုံးဝ မခံစားမိခြင်းပင်။
ယဲ့ချန်ကျွန်း၊ ရှောင်တုလီ၊ မုန့်ချင်းရွှယ်တို့ အပြင် မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာတွင် ကျန်းချန် သိမ်းသွင်းခဲ့သော အနက်ရောင်မြွေသည်ပင် လူသားဧကရာဇ် နန်းတော်၌ မရှိတော့ပုံ ရ၏။
လူသားဧကရာဇ်နန်းတော်၏ မူမမှန်သော အခြေအနေကို ခံစားမိလျှင် ကျန်းချန်သည် အနည်းငယ် စိုးရိမ်သွားခဲ့သည်။
သူက ချက်ချင်းပင် သူ၏ နတ်အသိစိတ်ကို လူသားဧကရာဇ်နန်းတော်တစ်ခုလုံးသို့ ချက်ချင်းဆိုသလို လွှမ်းခြုံလိုက်ရာ အဆုံးသတ်တွင် အရှိန်အဝါ တစ်ခုကို ခံစားမိလိုက်သည်။
ထို့နောက်တွင် သူ၏ပုံရိပ်သည် နေရာကနေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့၏။
လူသားဧကရာဇ် နန်းတော်ရှိ အကြီးအကဲများ နေထိုင်ရာခန်းမတစ်ခု၏ ပင်မ ထိုင်ခုံပေါ်တွင် ခန္ဓာကိုယ် ထွားကျိုင်းသောလူတစ်ဦး ထိုင်နေခဲ့သည်။
ထိုလူမှာ ဆိတ်ငြိမ်နယ်မြေတွင် ကျန်းချန် သိမ်းသွင်းခဲ့သော ချိုးဟေးရှာပင် ဖြစ်သည်။
ယနေ့တွင် ချိုးဟေးရှာ၏ ခန္ဓာကိုယ်ကနေ နတ်သန္ဓေအင်ပါယာနယ်ပယ်အဆင့် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။
ကြည့်ရသည်မှာ ချိုးဟေးရှာသည် နတ်သန္ဓေအင်ပါယာနယ်ပယ်အဆင့်ကို သိပ်မကြာခင်က ထိုးဖောက်ခဲ့ပုံရ၏။
ချိုးဟေးရှာ၏ ရှေ့တွင် လူလတ်ပိုင်းအရွယ် လူတစ်ဦး ရှိနေခဲ့သည်။
"လီရှန့်.. အင်ပါယာမြှုပ်နှံခြင်း ချောက်နက်ထဲမှာ ဘယ်လိုအခြေအနေရှိလဲ"
ချိုးဟေးရှာက သူ့ရှေ့မှ လူလတ်ပိုင်းအရွယ်လူကို ကြည့်ကာ လေးနက်သော လေသံဖြင့် မေးလိုက်သည်။
လွန်ခဲ့သော လဝက်ခန့်က သွေးနတ်ဆိုးနန်းတော်၏ အစွမ်းထက်သော ကျင့်ကြံသူ နှစ်ယောက်သည် လူသားဧကရာဇ် နန်းတော်ကို လာရောက် တိုက်ခိုက်ခဲ့သည်။
ကံကောင်းစွာဖြင့် လနတ်ကြမ္မာခန္ဓာကိုယ်ကို နိုးထနိုင်ခဲ့သောမုန့်ချင်းရွှယ်သည် နန်းတော်သခင် ကျန်းချန်က မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာကနေ စေလွှတ်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူ၏ အကူအညီနှင့်အတူ ထိုနှစ်ယောက်ကို တွန်းလှန်နိုင်ခဲ့သည်။
ထို့နောက်တွင် ရှန်းဝူကုန်းမြေ၏ ကမ္ဘာကြီးသည် ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။
အထူးသဖြင့် နန်းတော်သခင်က သူတို့ကို ဂရုတစိုက် စောင့်ကြည့်ခိုင်းခဲ့သော မြောက်ပိုင်းတောရိုင်းဒေသရှိ အင်ပါယာမြှုပ်နှံခြင်း ချောက်နက်ထဲတွင် အစွမ်းထက်သော သွေးကျင့်ကြံသူ များစွာ ပေါ်ပေါက်လာခဲ့သည်။
ထို့ကြောင့် မုန့်ချင်းရွှယ်က လူသားဧကရာဇ် နန်းတော်မှ အစွမ်းထက် ကျင့်ကြံသူများကို ဦးဆောင်ကာ သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူများကို နှိမ်နင်းခဲ့သည်။
သို့သော်လည်း မြောက်ပိုင်းတောရိုင်း ဒေသတွင် ထွက်ပေါ်လာသော သွေးကျင့်ကြံသူများသည် အလွန်ပင် အစွမ်းထက်၏။
အဆုံးသတ်တွင် လူသားဧကရာဇ် နန်းတော်သည် အင်အားအားလုံး နီးပါးကို စေလွှတ်ခဲ့ရသည်။
ယခုအခါတွင် လူသားဧကရာဇ်နန်းတော် တစ်ခုလုံး၌ မကြာသေးမီကမှ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့သော သူတစ်ဦးတည်းသာလျှင် ကျန်ရစ်ခဲ့သည်။
သူ့ရှေ့မှ လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် မြောက်ပိုင်းတောရိုင်းဒေသရှိ အင်ပါယာမြှုပ်နှံခြင်း ချောက်နက်ထဲမှ သတင်းများကို စုံစမ်းရန် သူစေလွှတ်ထားသောသူ ဖြစ်သည်။
ချိုးဟေးရှာသည် မြောက်ပိုင်းတောရိုင်း ဒေသတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သိလိုနေခဲ့သည်။
"အကြီးအကဲချိုး အခြေအနေက အကောင်းဘက်မှာ သိပ်မရှိဘူး.. မြောက်ပိုင်း တောရိုင်းဒေသမှာ ပေါ်ထွက်လာတဲ့ သွေးကျင့်ကြံသူတွေက ကျွန်တော်တို့ ထင်ထားတာထက် အများကြီး ပိုမို အားကောင်းတယ်.. ဒါ့အပြင် သွေးနတ်ဆိုးနန်းတော်ရဲ့ အင်ပါယာတစ်ပိုင်း ပုဂ္ဂိုလ်တွေတောင် ထွက်ပေါ်လာခဲ့တယ်.. ဒါကြောင့် အကြီးအကဲယဲ့က လျှို့ဝှက်နယ်မြေ ရှစ်ခုဆီက အကူအညီကို တောင်းခံဖို့နဲ့ မိုးကြိုးနတ်ဘုရားရဲ့ရှေးဟောင်းကမ္ဘာမှာ ရှိနေတဲ့ နန်းတော်သခင်ကို ဆက်သွယ်ဖို့ မှာကြားခဲ့တယ်"
လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"သွေးနတ်ဆိုးနန်းတော်မှာ အင်ပါယာတစ်ပိုင်းအဆင့် ပုဂ္ဂိုလ်တောင် ထွက်ပေါ်လာတယ်လား"
ချိုးဟေးရှာသည် သူ့ရှေ့မှ လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ စကားကိုကြားလျှင် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်သွားခဲ့သည်။
ဤတစ်ကြိမ် အခြေအနေသည် သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲခြောက်ခု ထွက်ပေါ်လာစဥ်ကထက် များစွာပို၍ ပြင်းထန်ပုံရသည်။
"ငါ ဟောင်ထျန်း သူတော်စင်နယ်မြေကို အခုချက်ချင်းပဲ တစ်ယောက်ယောက်ကို စေလွှတ်လိုက်မယ်.. နန်းတော်သခင်ကို ဆက်သွယ်ဖို့ အတွက်ကတော့ ငါအစွမ်းကုန် ကြိုးစားကြည့်ရုံပဲ တတ်နိုင်မယ်ထင်တယ်"
ချိုးဟေးရှာသည် ခေါင်းခါရမ်းလိုက်ပြီး မချိပြုံးပြုံးလိုက်သည်။
လျှို့ဝှက်နယ်မြေ ရှစ်ခုကို အကူအညီ တောင်းခံရန်အတွက် ဟောင်ထျန်း သူတော်စင်နယ်မြေကို တစ်ယောက်ယောက်အားစေလွှတ်ရန်မှာ မခက်ခဲပေ။
သို့သော်လည်း မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာတွင်ရှိနေသော နန်းတော်သခင်ကို ဆက်သွယ်ရန်မှာမူ လွယ်ကူသော အလုပ်မဟုတ်ချေ။
သို့သော် ချိုးဟေးရှာ၏ စကားသံ ထွက်ပေါ်လာပြီးနောက်တွင် ခန်းမထဲ၌ သိမ်မွေ့သောအသံတစ်သံ ပျံ့နှံ့လာခဲ့သည်။
"ငါ့ကိုရှာဖို့ မလိုတော့ဘူး.. ငါပြန်ရောက်လာပြီ"
ရုတ်တရက် ထွက်ပေါ်လာသော အသံကိုကြားလျှင် ချိုးဟေးရှာတို့ နှစ်ဦးစလုံးသည် အံ့အားသင့်သွားကြသည်။
သူတို့က အသံလာရာ ဆီသို့ ကြည့်လိုက်ရာ နန်းတော်သခင်ကျန်းချန်နှင့် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ဦးကို ခန်းမ၏ အဝတွင် တွေ့လိုက်ရသည်။
"နန်းတော်သခင် ပြန်ရောက်လာပြီလား"
ရုတ်တရက် ရောက်ရှိလာသော ကျန်းချန်ကိုမြင်လျှင် ချိုးဟေးရှာ၏ မျက်ဝန်းထက်တွင် ပျော်ရွှင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး တိုက်ရိုက်ပင် မေးလိုက်သည်။
"အကြီးအကဲချိုး အင်ပါယာမြှုပ်နှံခြင်းချောက်နက်ထဲမှာ တစ်ခုခု ဖြစ်ပျက်နေပြီလား"
"ဟုတ်တယ် နန်းတော်သခင် အင်ပါယာမြှုပ်နှံခြင်း ချောက်နက် အပြင်ဘက်မှာ သွေးကျင့်ကြံသူတွေ အများအပြား ရှိနေတယ်...အကြီးအကဲ ယဲ့ချန်ကျွင်းနှင့် လူသားဧကရာဇ်နန်းတော်ရဲ့ အမာခံ အင်အားစုတွေက သွေးကျင့်ကြံသူတွေကို နှိမ်နင်းဖို့အတွက် သွားနေကြတယ်"
ချိုးဟေးရှာက မကြာသေးမီက ဖြစ်ပျက်ခဲ့သော အရာအားလုံးကို ကျန်းချန်အားအလျင်အမြန် ပြောပြလိုက်သည်။
သွေးနတ်ဆိုးနန်းတော်တွင် အင်ပါယာတစ်ပိုင်း အဆင့် ပုဂ္ဂိုလ် ထွက်ပေါ်လာသည်ကို ကြားသိရလျှင် ကျန်းချန်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
လူသားဧကရာဇ်နန်းတော် ဆီသို့ မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာကနေ သူပို့ခဲ့သည့် အဋ္ဌမအဆင့်အထွတ်အထိပ် အနက်ရောင်မြွေ၏ အကူအညီဖြင့်ပင် ထိုအင်ပါယာတစ်ပိုင်း အဆင့်ပုဂ္ဂိုလ်၏ ပြိုင်ဘက် မဖြစ်နိုင်မည်ကို သူ စိုးရိမ်နေမိ၏။
အခန်း(၁၄၁၃)ပြီး၏။