← Chapters

အခန်း (၁၄၁၄-၁၄၁၆)

Vol. 95 Ch. 1414-1416

အခန်း (၁၄၁၄-၁၄၁၆)

Vol. 95 Ch. 1414-1416

အခန်း(၁၄၁၄)

မြောက်ပိုင်းတောရိုင်းလွင်ပြင်ရှိ အင်ပါယာမြှုပ်နှံခြင်းချောက်နက်နှင့် မိုင်ထောင်ချီအကွာတွင် သွေးနတ်ဆိုးနန်း‌တော်၏ လျှို့ဝှက်ဌာနတစ်ခု ရှိသည်။

နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် သွေးဧကရာဇ် တစ်ဒါဇင်ကျော်သည် ထိုနေရာတွင် စုဝေးနေခဲ့ကြသည်။

ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူကနေ လွတ်မြောက်လာကြသော ရှဟန်ထျန်းနှင့် ခွင်းရှဂိုဏ်းမှ ပြန်လည် ရှင်သန်လာသူများသည် ထိုနေရာတွင် ရှိနေကြ၏။

ထိုလူအုပ်စု၏ ခေါင်း‌ဆောင်နေရာတွင် သွေးမှုန်များဖြင့် ဖုံးလွှမ်းနေသော လျှို့ဝှက်ဆန်းကြယ်သည့် သွေးအရိပ်တစ်ခု ရှိနေခဲ့သည်။

၎င်း၏ ခန္ဓာကိုယ်ကနေ လူတစ်ဦး၏ စိတ်နှလုံးကို ထိတ်လန့်စေလောက်သည့် ကြောက်မက်ဖွယ်ကောင်းသော သွေးအရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

ထိုလျှို့ဝှက်ဆန်းကြယ်သော သွေးအရိပ်ကို ကြည့်ရှုကာ အားလုံးသည် ကြောက်ရွံ့‌ လေးစားမှုများ ရှိနေကြ၏။

ဆိုရလျှင် ထိုလျှို့ဝှက်ဆန်းကြယ်သော သွေးအရိပ်သည် တခြားသူ မဟုတ်ပေ။

လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀၀)က သွေးနတ်ဆိုးနန်းတော်ကို တည်ထောင်ခဲ့ပြီး ရှန်းဝူကုန်းမြေကို ကိုင်လှုပ်နိုင်ခဲ့သော သွေးနတ်ဆိုးနန်းတော်၏ အရှင်သခင် ရွှယ်ယင်ထျန်းပင် ဖြစ်သည်။

၎င်းသည် အင်ပါယာတစ်ပိုင်း အဆင့် ကျင့်ကြံသူလည်း ဖြစ်၏။

"သွေးနတ်ဆိုးနန်းတော်သခင်.. ဒီတစ်ကြိမ် ကျွန်တော်တို့ကို ခေါ်တာက အင်ပါယာမြှုပ်နှံခြင်းချောက်နက် အပြင်က ခံတပ်ကို တိုက်ခိုက်ဖို့ထင်တယ်"

ရှဟန်ထျန်းက လျှို့ဝှက်ဆန်းကြယ်သော သွေးအရိပ်ကို ကြည့်၍ ပြောလိုက်ပြီး ခန်းမထဲရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"ဟုတ်တယ် ငါတို့ အချိန်ဆွဲလို့မဖြစ်ဘူး.. လျှို့ဝှက်နယ်မြေ ရှစ်ခုရောက်မလာခင် အင်ပါယာမြှုပ်နှံခြင်း ချောက်နက်ထဲကို ဝင်ရမယ်.. တပ်မှုးချုပ်ကျိုးယိုကို ချုပ်နှောင်ထားတဲ့ စည်းတံဆိပ်ကို ဖျက်ဆီးပြီး တပ်မှုးချုပ် ကျိုးယိုကို ကယ်တင်ရမယ်"

ရွှယ်ယင်ထျန်း၏ မျက်လုံးများက အနည်းငယ် တောက်ပသွားခဲ့သည်။

လျှို့ဝှက်နယ်မြေရှစ်ခု၏ စွမ်းအားနှင့် ပတ်သက်၍ ရွှယ်ယင်ထျန်းသည် ကောင်းစွာ သိရှိထားခဲ့သည်။

အထူးသဖြင့် အင်ပါယာဟောင်ထျန်း တည်ထောင်ခဲ့သည့် ဟောင်ထျန်း သူ‌တော်စင်နယ်မြေတွင် အင်ပါယာတစ်ပိုင်းအဆင့်ပုဂ္ဂိုလ်များပင် ရှိကြ၏။

လျှို့ဝှက်နယ်မြေရှစ်ခုသာ ရောက်ရှိလာခဲ့လျှင် သူတို့အနေဖြင့် အင်ပါယာမြှုပ်နှံခြင်း ချောက်နက် အတွင်းသို့ ဝင်ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

"နန်းတော်သခင် အမိန့်ပေးပါ.. ကျွန်တော်တို့ နန်းတော်သခင်ရဲ့နောက်ကိုလိုက်ဖို့ ကတိသစ္စာပြုပါတယ်"

".........."

သွေးကျင့်ကြံသူ အများအပြားက အမိန့်ကို လိုက်နာရန် အဆင်သင့် ဖြစ်နေကြသည်။

၎င်းတို့၏ မျက်ဝန်းများတွင် သွေးဆာသော အရိပ်အယောင်များ ထွက်ပေါ်လာခဲ့၏။

"သွားကြစို့ ငါတို့ ဒီနေ့ဘယ်လောက်ပဲ ပေးဆပ်ရပါစေ.. အင်ပါယာမြှုပ်နှံခြင်း ချောက်နက်ထဲကို ရအောင်ဝင်မယ်"

ထိုစကားများကို ပြောဆိုပြီးနောက်တွင် ရွှယ်ယင်ထျန်းသည် ချက်ချင်းပင် သွေးအလင်း အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။

ရွှယ်ယင်ထျန်း ဦးဆောင်၍ ချီတက်သွားသည်ကို မြင်လျှင် သူ၏ နောက်ကနေ အင်အားကြီးမားသော ကျင့်ကြံသူများသည် အနီးကပ် လိုက်ပါသွားခဲ့ကြသည်။

သူတို့၏ ဦးတည်ရာမှာ အင်ပါယာမြှုပ်နှံခြင်း ချောက်နက်သို့ ဖြစ်၏။

တစ်ချိန်တည်းမှာပင် အင်ပါယာမြှုပ်နှံခြင်း ချောက်နက်အဝင်ဝရှိ ခံတပ်တွင် ယဲ့ချန်ကျွင်းနှင့် လူသားဧကရာဇ်နန်း‌တော်မှ ကျင့်ကြံသူများသည် စုဝေးနေခဲ့ကြသည်။

သူတို့အားလုံး၏ အမူအရာက အလွန်တရာပင် လေးနက်နေခဲ့၏။

"အားလုံးပဲ.. မြောက်ပိုင်းတောရိုင်းဒေသမှာ ထကြွလာတဲ့ သွေးနတ်ဆိုးနန်းတော်ရဲ့ အင်အားက ငါတို့ စိတ်ကူးထားတာထက်တောင် ကျော်လွန်နေတယ်...သူတို့ကို ကိုင်တွယ်ဖို့ ငါတို့ဘယ်လိုလုပ်သင့်လဲ"

ယဲ့ချန်ကျွင်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"မထင်မှတ်ဘဲ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀၀၀)က သွေးနတ်ဆိုးနန်းတော်ကို တည်ထောင်ခဲ့တဲ့ အင်ပါယာတစ်ပိုင်း ပုဂ္ဂိုလ်က ပြန်လည် အသက်ရှင်လာခဲ့တယ်"

ရှောင်တုလီက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်၍ ပြောလိုက်သည်။

"အခုအချိန်မှာ ငါတို့က ဒီခံတပ်ကို အားပြုပြီး‌တော့ လျှို့ဝှက်နယ်မြေရှစ်ခုရဲ့ အကူအညီကို စောင့်ဆိုင်းရလိမ့်မယ်.. ဒါပေမဲ့ သွေးနတ်ဆိုးနန်းတော်က ငါတို့ကို အဲဒီလောက်ထိ အချိန်မပေးမှာ ငါစိုးရိမ်မိတယ်"

ယဲ့ချန်ကျွင်းက ခေါင်းခါရမ်းလိုက်ပြီး မချိပြုံး ပြုံးလိုက်သည်။

သူက သူ၏ နံဘေးရှိ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ချောမောသော အမျိုးသမီးကို ကြည့်လိုက်သည်။

"မိန်းကလေးချင်းရွှယ်.. မင်းနဲ့ အကြီးအကဲအနက်က သွေးနတ်ဆိုးနန်းတော်ရဲ့ အင်ပါယာတစ်ပိုင်းပုဂ္ဂိုလ်ကို တားဆီးထားနိုင်မလား"

"အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူက အင်ပါယာဥပဒေသကို နားလည်ကြတယ်.. ဒါက နတ်သန္ဓေအင်ပါယာနယ်ပယ်အဆင့်နှင့် အခြေခံအားဖြင့် ကွဲပြားတယ်.. ကျွန်မနဲ့အကြီးအကဲ အနက်လည်း အချိန်အကြာကြီး တားဆီးနိုင်လိမ့်မယ်လို့ မထင်ဘူး"

မုန့်ချင်းရွှယ်က သိမ်မွေ့သော လေသံဖြင့် ပြောလိုက်သည်။

သူမက လနတ်ကြမ္မာ ခန္ဓာကိုယ်ကို နိုးထခဲ့ပြီး အင်ပါယာရွှယ်ယဲ့ထံကနေ အမွေဆက်ခံခဲ့သည်။

ဤနောက်ပိုင်းတွင် သူမသည် နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့်သို့ တစ်ခဏအတွင်း ထိုးဖောက်ခဲ့ပြီး သူမ၏ တိုက်ခိုက်ရေးစွမ်းအားသည် နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူထက် မနိမ့်ပေ။

သို့သော်လည်း သူမသည် သိပ်မကြာခင်ကမှ နိုးထခဲ့၍ အင်ပါယာ တစ်ပိုင်းအဆင့် ကျင့်ကြံသူများနှင့် ယှဥ်လျှင်မူ ကြီးမားသော ကွာဟချက် ရှိနေပါသေးသည်။

ကျန်းချန်က လူသားဧကရာဇ် နန်းတော်သို့ စေလွှတ်ခဲ့သည့် နတ်သန္ဓေအင်ပါယာ နယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူ၏ အကူအညီ ပါဝင်လျှင်ပင် အင်ပါယာတစ်ပိုင်းအဆင့် ပုဂ္ဂိုလ် တစ်ဦးကို ရပ်တန့်ရန် မလွယ်ကူလောက်ပေ။

"ဝုန်း.."

လူတိုင်း ဆွေးနွေးနေကြစဥ်မှာပင် အဝေးရှိ ကောင်းကင်ယံကနေ အလွန် ပြင်းထန်သော သွေးစွမ်းအားများသည် ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။

လူတိုင်း၏ မျက်နှာအမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့ကြ၏။

"သွေးနတ်ဆိုးနန်းတော်က လူတွေရောက်လာပြီ.. ငါတို့ အတူတူ ရန်သူတွေကို ရင်ဆိုင်ကြစို့"

ယဲ့ချန်ကျွင်းက အော်ဟစ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ခံတပ်ထဲကနေ သူတို့လူစုက ထွက်လာကြပြီး ခံတပ်ရှေ့ရှိ လေထုထဲတွင် ရပ်လိုက်ကြသည်။

"ယဲ့ချန်ကျွင်း.. ဒီဧကရာဇ်က မင်းကို လက်နက်ချဖို့ နောက်ဆုံးအခွင့်အရေးပေးမယ်.. အညံ့မခံရင်တော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့"

သူတို့၏ ရှေ့တွင် သွေးနတ်ဆိုးနန်းတော်၏ ခေါင်းဆောင် ရွှယ်ယင်ထျန်းသည် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

ရွှယ်ယင်ထျန်း၏ မျက်လုံးကနေ အေးစက်စက် သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့၏။

ယဲ့ချန်ကျွင်းက အေးစက်စွာ ပြုံးလိုက်သည်။

"ရွှယ်ယင်ထျန်း မင်းဘာတွေးနေလဲဆိုတာ ငါမသိဘူးလို့မထင်နဲ့.. ငါဒီမှာ ရှိနေသရွေ့ မင်း အင်ပါယာမြှုပ်နှံခြင်းချောက်နက်ထဲကို ခြေတစ်လှမ်း‌တောင် မလှမ်းနိုင်စေရဘူး"

"ဟမ့်.. မင်းက ဒီလောက်တောင် သေချင်နေမှတော့ ဒီဧကရာဇ်က မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"

ရွှယ်ယင်ထျန်း၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် သူ၏ နောက်လိုက်နောက်ပါများကို ယဲ့ချန်ကျွင်းတို့ လူစုအား သတ်ဖြတ်ရန် အမိန့်ပေးလိုက်သည်။

"သတ်.."

ယဲ့ချန်ကျွင်းကလည်း ကျယ်လောင်စွာ ကြွေးကြော်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ စွမ်းအင်များကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။

မည်မျှပင် ပေးဆပ်ရပါစေ၊ သူတို့သည် ခံတပ်ကို ကာကွယ်ပြီး ရွှယ်ယင်ထျန်းတို့လူစု အင်ပါယာမြှုပ်နှံခြင်း ချောက်နက်ထဲကို ဝင်ရောက်ခွင့်မရရန် ကာကွယ်ရမည် ဖြစ်သည်။

နှစ်ဖက်စလုံးရှိ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာသည် ချက်ချင်းဆိုသလိုပင် ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။

တစ်ခဏအတွင်းမှာပင် အင်ပါယာမြှုပ်နှံခြင်းချောက်နက် ပြင်ပရှိ မိုင်ပေါင်းထောင်ချီဧ ရိယာအတွင်း လေထုတုန်ခါမှုများသည် ကြောက်မက်ဖွယ်ရာ ဖြစ်ပေါ်လာခဲ့သည်။

ကမ္ဘာကြီးကိုပင် တုန်လှုပ်စေမည့် ကြောက်မက်ဖွယ်ရာစွမ်းအင်မုန်တိုင်းသည် ပတ်ဝန်းကျင်တွင် တိုက်ခတ်နေခဲ့၏။

ယဲ့ချန်ကျွင်းက သူ၏လူများကို ဦးဆောင်ကာ သွေးနတ်ဆိုးနန်းတော်၏ နတ်သန္ဓေအင်ပါယာများနှင့် တိုက်ခိုက်နေသောအချိန်တွင် မုန့်ချင်းရွှယ်နှင့် အနက်ရောင်မြွေတို့သည် ရွှယ်ယင်ထျန်း ဆီသို့ ရောက်ရှိသွားခဲ့ကြသည်။

သူတို့နှစ်ဦးထဲတွင် တစ်ဦးမှာ အင်ပါယာရွှယ်ယဲ့ ထံမှ အမွေဆက်ခံခဲ့သော လနတ်ကြမ္မာ ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်ပြီး နောက်တစ်ဦးမှာ စစ်မှန်သော နဂါးသွေးပါဝင်သည့် အဋ္ဌမအဆင့်အထွတ်အထိပ် အနက်ရောင်မြွေသားရဲ ဖြစ်သည်။

နှစ်ဦးစလုံးတွင် သာမန် နတ်သန္ဓေအင်ပါယာ နယ်ပယ် အထွတ်အထိပ် အဆင့် ကျင့်ကြံသူထက် သာလွန်သော တိုက်ခိုက်ရေးစွမ်းအား ကိုယ်စီရှိကြသည်။

သူတို့နှစ်ဦး ပူးပေါင်း၍ တိုက်ခိုက်လိုက်သောအခါ အင်ပါယာတစ်ပိုင်းအဆင့် ပုဂ္ဂိုလ်ဖြစ်သော ရွှယ်ယင်ထျန်း ပင်လျှင် သူတို့ကို ချက်ချင်း အနိုင်မယူနိုင်ခဲ့ပေ။

"ကျွတ်ကျွတ်.. မင်းတို့နှစ်ယောက်ရဲ့သွေးစွမ်းအားက တကယ်ကိုကောင်းမွန်တယ်.. မင်းတို့နှစ်ယောက်ရဲ့သွေးစွမ်းအားကိုသာ စုပ်ယူနိုင်ရင် ဒီဧကရာဇ်က အထွတ်အထိပ် အခြေအနေကို ပြန်လည် ရောက်ရှိသွားမှာ သေချာတယ်.. အင်ပါယာနယ်ပယ်အဆင့်ကိုတောင် မရောက်ရှိနိုင်ဘူးလို့ ပြောလို့မရဘူး"

မုန့်ချင်းရွှယ်တို့ နှစ်ယောက်က ကြောက်မက်ဖွယ်ရာတိုက်ခိုက်‌ရေး စွမ်းရည်ဖြင့် တားဆီးနေသောအခါ ရွှယ်ယင်ထျန်း၏ မျက်ဝန်းများတွင် ဒေါသရိပ်များ ဖြစ်ပေါ်လာခဲ့သည်။

ရွှယ်ယင်ထျန်း၏ စကားကိုကြားလျှင် မုန့်ချင်းရွှယ်သည် အေးစက်စက် တုံ့ပြန်လိုက်သည်။

"ဟမ့်.. ငါ့ရဲ့သွေးကို လိုချင်တယ်ဆိုတော့ နင့်ဆီမှာ အဲဒီစွမ်းရည်ရှိမရှိ ကြည့်ရသေးတာပေါ့"

"ဟားဟား ဒီဧကရာဇ်ရဲ့ လက်ရှိ အခြေအနေနဲ့ကတော့ မင်းတို့နှစ်ယောက်ကို တစ်ခဏအတွင်း ဘာမှလုပ်နိုင်မှာမဟုတ်ဘူး ဒါပေမဲ့ မင်းတို့ရဲ့ အဖော်တွေ သေဆုံးသွားပြီးရင်တော့ မင်းတို့ နှစ်ယောက် ငါ့ရဲ့လက်ထဲကနေ မလွတ်မြောက်နိုင်တော့ဘူး"

ရွှယ်ယင်ထျန်းက ကောက်ကျစ်စွာ ပြုံးလိုက်သည်။

ရွှယ်ယင်ထျန်း၏ စကားကိုကြားလျှင် မုန့်ချင်းရွှယ်သည် ပတ်ဝန်းကျင်ရှိ စစ်မြေပြင်ဆီသို့ အကဲခတ်ကြည့်လိုက်ရာ သူမ၏ လှပသော မျက်နှာလေးသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သွေးနတ်ဆိုးနန်းတော်ဘက်တွင် သွေးလမ်းစဥ်ကို ကျင့်ကြံသော ကျင့်ကြံသူများ အပြင် လျှို့ဝှက်ဆန်းကြယ်သော အစွမ်းထက် ကျင့်ကြံသူတချို့လည်း ရှိနေခဲ့၏။

၎င်းတို့ထဲမှ တစ်ဦးဆိုလျှင် နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

နတ်သန္ဓေအင်ပါယာ နယ်ပယ် အဋ္ဌမအဆင့် ကျင့်ကြံသူဖြစ်သော ယဲ့ချန်ကျွင်းနှင့် သတ္တမအဆင့် ဖြစ်သည့် ရှောင်တုလီတို့ပင်လျှင် ၎င်းထက် နိမ့်ကျနေခဲ့သည်။

ယဲ့ချန်ကျွင်းနှင့် ရှောင်တုလီတို့က လျှို့ဝှက်ဆန်းကြယ်သော နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူနှင့် တိုက်ခိုက်နေသောအခါ လူသားဧကရာဇ်နန်းတော်ဘက်ရှိ အခြားသော နတ်သန္ဓေအင်ပါယာများသည် အခြေအနေ သိပ်မကောင်းတော့ပေ။

သူမ၏ဆရာ ယွဲ့ချန်ယင် အပါအဝင် အားလုံးသည် သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူများ၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် အန္တရာယ်များဖြင့် ပတ်လည် ဝိုင်းနေခဲ့သည်။

"အကြီးအကဲအနက်.. သူတို့ကို သွားကူညီလိုက်ပါ ရွှယ်ယင်ထျန်းကို ကျွန်မ တစ်ယောက်တည်း ထိန်းထားလိုက်မယ်"

မုန့်ချင်းရွှယ်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။

သူမ၏ လှပသော မျက်ဝန်းထဲတွင် ပြတ်သားသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အနက်ရောင်မြွေက အနည်းငယ် တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။

"မင်းတစ်ယောက်တည်း သူ့ကို ရင်ဆိုင်နိုင်ပါ့မလား"

သူ၏ရှေ့မှ အမျိုးသမီးက ထူးခြားသော တိုက်ခိုက်ရေးစွမ်းရည် ရှိမှန်း သိထားသော်လည်း အင်ပါယာတစ်ပိုင်း အဆင့် ပုဂ္ဂိုလ်ကို တစ်ယောက်တည်း ရင်ဆိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

သူထွက်သွားပြီး မုန့်ချင်းရွှယ်က ရွှယ်ယင်ထျန်း၏ အနိုင်ယူခြင်းကို ခံလိုက်ရသည်နှင့် မည်သူကမှ ရွှယ်ယင်ထျန်းကို ရပ်တန့်နိုင်တော့မည် မဟုတ်ပေ။

ထိုအချိန်တွင် သူတို့အားလုံးသည် ဤနေရာမှာပင် မြှုပ်နှံခံလိုက်ရမည်ဟု သူ စိုးရိမ်နေမိသည်။

အခန်း(၁၄၁၄)ပြီး၏။

အခန်း(၁၄၁၅)

မုန့်ချင်းရွှယ်က အနက်ရောင်မြွေ သူမအား စိတ်မချ ဖြစ်နေသည်ကို နားလည်ခဲ့သည်။

"အကြီးအကဲအနက် စိတ်မပူပါနဲ့.. အင်ပါယာတစ်ပိုင်း အဆင့် ကျင့်ကြံသူ ဖြစ်နေရင်တောင် ကျွန်မကို အနိုင်ယူဖို့ မလွယ်ပါဘူး"

စကားဆုံးသည်နှင့် သူမ၏ လက်ဖဝါးတွင် လရောင်များ ဖြာထွက်နေသော လျှို့ဝှက်ဆန်းကြယ်သည့် ကျောက်တုံးတစ်တုံး ပေါ်လာခဲ့သည်။

ဤသည်မှာ ကျန်းချန်က ကြယ်တာရာမြို့တော်က‌နေ သူမအတွက် ယူလာပေးခဲ့သော လနတ်ကျောက်တုံးပင် ဖြစ်၏။

လနတ်ကျောက်တုံးသည် မူလက အင်ပါယာရွှယ်ယဲ့ သန့်စင်ထားသော အင်ပါယာလက်နက် ဖြစ်သည်။

မုန့်ချင်းရွှယ်သည် လနတ်ကျောက်တုံး၏ အကူအညီဖြင့် လနတ်ကြမ္မာခန္ဓာကိုယ်ကို နိုးထလာပြီးနောက်တွင် အင်ပါယာရွှယ်ယဲ့၏ အမွေအနှစ်ကို ရရှိခဲ့ကာ အင်ပါယာရွှယ်ယဲ့၏ အင်ပါယာလက်နက်ကိုလည်း အသုံးပြုနိုင်လာခဲ့သည်။

"ဒါက အင်ပါယာ လက်နက်လား"

အနက်ရောင်မြွေက လနတ်ကျောက်တုံး၏ စွမ်းအားကို ခံစားရလျှင် အံ့သြ တုန်လှုပ်သွားခဲ့သည်။

မုန့်ချင်းရွှယ်တွင် ရွှယ်ယင်ထျန်းအား ရင်ဆိုင်ရန် ထူးခြားသောစွမ်းရည် ရှိနေသည်ကို သိလိုက်ရလျှင် အနက်ရောင်မြွေသည် တုံ့ဆိုင်းမနေတော့ဘဲ ယဲ့ချန်ကျွင်းတို့ နှစ်ဦး တိုက်ခိုက်နေသော နေရာသို့ တိုက်ရိုက်ပင် ပြေးသွားလိုက်သည်။

မုန့်ချင်းရွှယ်က ရွှယ်ယင်ထျန်းကို ယာယီ တားဆီးထားနိုင်သမျှ သူ့အနေဖြင့် ယဲ့ချန်ကျွင်းတို့နှစ်ဦးကို နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရာတွင် အလျင်အမြန် အကူအညီပေးနိုင်ခဲ့လျှင် သူတို့အတွက် အခြေအနေသည် များစွာပို၍ ကောင်းမွန်လာလိမ့်မည် မဟုတ်ပါလား။

"လနတ်ကျောက်တုံးပါလား.. ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက အင်ပါယာရွှယ်ယဲ့ရဲ့ အင်ပါယာလက်နက်ပဲ.. ကြည့်ရတာ မင်းက အင်ပါယာရွှယ်ယဲ့ရဲ့ အမွေအနှစ်ကို ဆက်ခံခဲ့ပုံပဲ.. မင်းတစ်ယောက်တည်း ဒီဧကရာဇ်ကို ရင်ဆိုင်ဝံ့တာ အံ့သြစရာမရှိတော့ဘူး"

ရွှယ်ယင်ထျန်းသည် မုန့်ချင်းရွှယ်၏ လက်ထဲမှ လနတ်ကျောက်တုံးကို ကြည့်ရင်း ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

အင်ပါယာရွှယ်ယဲ့သည် လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀၀)ခန့်က စစ်ပွဲတွင် ပါဝင်ခဲ့သူ ဖြစ်သည်။

ထိုစဥ်က အင်ပါယာရွှယ်ယဲ့သည် လနတ်ကျောက်တုံးကို အသုံးပြုပြီး သွေးဝိညာဥ်မျိုးနွယ်စုမှ အစွမ်းထက်ကျင့်ကြံသူ များစွာကို သတ်ဖြတ်ပစ်ခဲ့သည်။

ထိုမြင်ကွင်းသည် ရွှယ်ယင်ထျန်း၏ မျက်ဝန်းထဲတွင် လုံးဝပျောက်ပျက်သွားခြင်း မရှိခဲ့ပေ။

သူ၏ ရှေ့မှ အမျိုးသမီးသည် အင်ပါယာရွှယ်ယဲ့၏ အမွေကို ဆက်ခံထားသူ ဖြစ်နေလိမ့်မည်ဟု ရွှယ်ယင်ထျန်း မထင်ထားခဲ့ပေ။

မုန့်ချင်းရွှယ်က ရွှယ်ယင်ထျန်းကို အကြောက်အလန့်ကင်းစွာ ပြောလိုက်သည်။

"ရွှယ်ယင်ထျန်း ကျွန်မဒီမှာရှိနေသရွေ့ အင်ပါယာမြှုပ်နှံခြင်းချောက်နက်ထဲကို ရှင်ဝင်ရောက်ဖို့ အခွင့်အရေးရမှာ မဟုတ်ဘူး"

"ဟားဟား.. အင်ပါယာရွှယ်ယဲ့ အမွေအနှစ်ကို ဆက်ခံထားတာနဲ့ပဲ ဒီဧကရာဇ်ရဲ့ရှေ့မှာ မောက်မာဖို့ အရည်အချင်း ပြည့်မီနေပြီလို့ ထင်နေတာလား.. မင်းသာ အင်ပါယာတစ်ပိုင်း အဆင့်ကို ထိုးဖောက်နိုင်ခဲ့ရင် ဒီဧကရာဇ်က မင်းကို ကြောက်ရွံ့ကောင်းကြောက်ရွံ့ရလိမ့်မယ်.. ဒါပေမဲ့ အခုအချိန်မှာတော့ မင်းက ငါ့ကို ရင်ဆိုင်ဖို့ မလုံလောက်သေးဘူး.. မင်းက ဒီလောက်တောင် သေချင်နေမှတော့ ဒီဧကရာဇ်က မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်"

ရွှယ်ယင်ထျန်းက အေးစက်စက် ပြုံးလိုက်ပြီးနောက်တွင် သူ၏စွမ်းအားကို ထုတ်ဖော်လိုက်ရာ ပေတစ်ထောင်ပတ်လည်ရှိသော သွေးပင်လယ်ကြီးသည် မုန့်ချင်းရွှယ်ကို ချက်ချင်းဆိုသလို ဝိုင်းရံသွားခဲ့သည်။

ထိုသွေးပင်လယ်ထဲတွင် ထူးဆန်းသော သွေးဥပဒေသ တစ်ခုရှိနေပုံရပြီး မုန့်ချင်းရွှယ်၏‌ သွေးကို ခန္ဓာကိုယ်မှ ဆွဲထုတ်ရန် ကြိုးစားနေသကဲ့သို့ပင်။

ရွှယ်ယင်ထျန်း၏ သွေးဥပ‌ဒေသနှင့် ရင်ဆိုင်ရသော်လည်း မုန့်ချင်းရွှယ်၏ လှပသော မျက်နှာလေးတွင် အပြောင်းအလဲ မရှိခဲ့ပေ။

သူမက လနတ်ကျောက်တုံးကို အသုံးပြုကာ အတားအဆီးတစ်ခုကို လျင်မြန်စွာပင် ဖန်တီးလိုက်သည်။

ထိုအတားအဆီး၏ ကာကွယ်မှုအောက်တွင် ရွှယ်ယင်ထျန်း၏ သွေးဥပဒေသများသည် မည်မျှပင် သက်ရောက်နေပါစေ မုန့်ချင်းရွှယ်ကို လုံးဝ ထိခိုက်ခြင်း မရှိခဲ့ပေ။

"ဟမ့်.. မင်းရဲ့အတားအဆီးက ဘယ်လောက်ထိ ကြာကြာခံမလဲဆိုတာ ကြည့်ရသေးတာပေ့ါ"

ရွှယ်ယင်ထျန်းက အေးစက်စက် ကြုံးဝါးလိုက်ပြီး ချက်ချင်းဆိုသလိုပင် သွေးလမ်းစဥ်၏ လျှို့ဝှက်နည်းစနစ်နှင့် သွေးဥပဒေသကို အသုံးပြုကာ မုန့်ချင်းရွှယ်ကို တိုက်ခိုက်လိုက်သည်။

"ဝုန်း.. ဝုန်း.. ဝုန်း.."

ကြောက်မက်ဖွယ်ရာကောင်းသော သွေးစွမ်းအားသည် မုန့်ချင်းရွှယ်၏ အတားအဆီးပေါ်သို့ အရူးအမူး သက်ရောက်လာခဲ့၏။

ရွှယ်ယင်ထျန်း၏ အကြိမ်ကြိမ် တိုက်ခိုက်မှုကို ရင်ဆိုင်ရပြီးနောက်တွင် မုန့်ချင်းရွှယ်၏ အတားအဆီးမှ တောက်ပသောအလင်းသည် အဆုံးသတ်တွင် တဖြည်းဖြည်း မှိန်ဖျော့လာခဲ့သည်။

နောက်ဆုံး၌ မုန့်ချင်းရွှယ်၏ တားမြစ် အစီအရင်သည် ကြေမွသွားသော မှန်တစ်ချပ်ကဲ့သို့ အသံမျိုး ထွက်ပေါ်လာခဲ့ပြီး ပွင့်ထွက်သွားခဲ့သည်။

အတားအဆီးများ ကြေမွသွားပြီးနောက်တွင် မုန့်ချင်းရွှယ်၏ ခန္ဓာကိုယ်သည် ဆတ်ခနဲ တုန်ယင်သွားခဲ့ပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

"ကျွတ်ကျွတ်.. ကောင်မလေး.. မင်းရဲ့သွေးကို ဒီဧကရာဇ်ဆီ ဆက်သဖို့သာ ပြင်ထားပေတော့"

မုန့်ချင်းရွှယ်၏ ခန္ဓာကိုယ်ပတ်ပတ်လည်မှ အတားအဆီးများကို ဖျက်ဆီးပစ်လိုက်ပြီးနောက်တွင် ရွှယ်ယင်ထျန်းသည် မုန့်ချင်းရွှယ်ကို အသက်ရှူရန်ပင် အခွင့်အရေးမပေးခဲ့ပေ။

သွေးဥပ‌ဒေသများ ပါဝင်သော သွေးပင်လယ်ကြီးသည် လေထုထဲကနေ ထပ်မံ ထွက်ပေါ်လာခဲ့သည်။

"မကောင်းတော့ဘူး"

ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင် ရှဟန်ထျန်းနှင့် တိုက်ခိုက်နေသော အနက်ရောင်မြွေ၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့ပြီး ရှဟန်ထျန်းနှင့် တိုက်ခိုက်နေရာကနေ နောက်ဆုတ်ကာ မုန့်ချင်းရွှယ်ကို ကယ်တင်ရန် ကြိုးစားလိုက်သည်။

"ဘယ်ကိုသွားမလို့လဲ"

ရှဟန်ထျန်းက အနက်ရောင်မြွေ၏ ရည်ရွယ်ချက်ကို ကောင်းစွာ သိရှိထားခဲ့သည်။

ထို့ကြောင့် အလွယ်တကူ ထွက်ခွာခွင့်မပြုခဲ့ဘဲ သူ၏ စွမ်းအားကို အစွမ်းကုန် အသုံးပြုကာ အနက်ရောင်မြွေကို ဟန့်တားထားလိုက်သည်။

အနက်‌ရောင်မြွေက ဒေါသထွက်သွားပြီး သူ၏ ခန္ဓာကိုယ် အစစ်အမှန် ဖြစ်သည့် မြွေခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများသည် ချက်ချင်း ဆိုသလိုပင် ထွက်ပေါ်လာခဲ့သည်။

သူက ဤတိုက်ကွက်ဖြင့် ရှဟန်ထျန်းကို တိုက်ခိုက်ခဲ့သော်လည်း သွေးပင်လယ်ဖြင့် ဝိုင်းရံခံထားရသော မုန့်ချင်းရွှယ်ကို ကယ်တင်ရန်မူ အလွန်တရာ နောက်ကျသွားခဲ့ချေပြီ။

မုန့်ချင်းရွှယ်က သွေးပင်လယ်ထဲတွင် နစ်မြှုပ်တော့မည့် အခြေအနေကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

သူမက သွေးဥပ‌ဒေသများကို အံကြိတ်၍ ရင်ဆိုင်ရင်း သူမ၏ လက်နှစ်ဖက်ကို ရင်ဘတ်နားတွင် ကပ်ကာ ထူးဆန်းသောလက်ဟန် တစ်ခုကို ပြုလုပ်လိုက်သည်။

နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့်နှင့် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူတို့ကြား ကွာခြားချက်သည် တကယ်ကိုကြီးမားသည်။

မုန့်ချင်းရွှယ်သည် နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့်ကျင့်ကြံသူသာ ဖြစ်ပြီး အထွတ်အထိပ်အဆင့်သို့ပင် မရောက်သေးသည် ဖြစ်ရာ ပြောနေစရာပင် မလိုအပ်ပေ။

ဤအချိန်တွင် သူမသည် အင်ပါယာရွှယ်ယဲ့၏ အမွေအနှစ်ထဲမှ တားမြစ်နည်းစနစ်ကို အသုံးပြု၍ အစွမ်းကုန် တိုက်ခိုက်ရုံသာ ကျန်ရှိတော့သည်။

သို့သော်လည်း မုန့်ချင်းရွှယ်က စိတ်ပျက်အားလျော့စွာဖြင့် တားမြစ်နည်းစနစ်ကို အသုံးပြုတော့မည့် အချိန်မှာပင် လေထုထဲကနေ ဓားအလင်း တစ်ခုသည် နတ်ဓားတစ်စင်း ကဲ့သို့ ကျဆင်းလာခဲ့ပြီး မုန့်ချင်းရွှယ်၏ ပတ်ပတ်လည်ရှိ သွေးပင်လယ်ကို ချက်ချင်းပင် ချေမှုန်းပစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် အေးစက်စက် အသံတစ်သံသည် ကောင်းကင်ယံတွင် ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။

"မင်း သူမကို ထိခိုက်ရဲရင် ငါမင်းကို သတ်ပစ်မယ်"

ရင်းနှီးသောလေသံကိုကြားလိုက်ရလျှင် မုန့်ချင်းရွှယ်၏ လှပသော မျက်ဝန်းလေးတွင် အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"သူနောက်ဆုံးတော့ ရောက်လာခဲ့ပြီ"

လျှပ်တစ်ပြက် ပြောင်းလဲသွားသော အခြေအနေကြောင့် ရွှယ်ယင်ထျန်း၏ မျက်နှာအမူအရာသည်လည်း အပြင်းအထန်ပြောင်းလဲသွားခဲ့သည်။

သူက အသံလာရာဆီသို့ မော့ကြည့်လိုက်ရာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးနှင့် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ဦးကို တွေ့လိုက်ရသည်။

"နန်းတော်သခင်လား"

လေထဲကနေ ပျံသန်းလာသော အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်ကိုမြင်လျှင် ပတ်ဝန်းကျင်ရှိ အစွမ်းထက်ကျင့်ကြံသူများသည် ခဏမျှ မှင်တက်သွားပြီးနောက်တွင် ၎င်းတို့၏ မျက်နှာထက်၌ ပျော်ရွှင်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။

"နောက်ဆုံးတော့ သခင်ကိုယ်တိုင် ရောက်လာခဲ့ပြီ"

အနက်ရောင်မြွေသည် လေထုထဲရှိ ကျန်းချန်ကို မြင်လျှင် ၎င်း၏ လေးလံသောနှလုံးသားက လုံးဝကို သက်သောင့်သက်သာ ဖြစ်သွားခဲ့သည်။

မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာတွင် ကျန်းချန်သည် အင်ပါယာယွင် နတ်သစ်သီးကို စားသုံးပြီး အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်သို့ တစ်ချီတည်းဖြင့် ထိုးဖောက်နိုင်ခဲ့သည်။

ထို့အပြင် သူ့သခင်၏ နံဘေးတွင်လည်း ယဲ့ထျန်းကျီ ကဲ့သို့ အစွမ်းထက်သည့် အင်ပါယာတစ်ပိုင်း အဆင့် ပုဂ္ဂိုလ်တစ်ဦး ရှိနေသေး၏။

ယခုအခါ သူတို့ဘက်တွင် အင်ပါယာတစ်ပိုင်း အဆင့် ပုဂ္ဂိုလ်နှစ်ဦး ရှိနေပြီဖြစ်ရာ ဤအချိန်သည် ရွှယ်ယင်ထျန်းကို ရှင်းလင်းပစ်ရန် အကောင်းမွန်ဆုံး အခြေအနေပင် မဟုတ်ပါလော။

"အရှင်မင်းသားနဲ့ပါလာတာ မြို့သခင်ဟောင်းပါလား"

ယဲ့ချန်ကျွင်းနှင့် နိဗ္ဗာန်မြို့တော်မှ ကျင့်ကြံသူများသည် ရုတ်တရက် ပေါ်ထွက်လာသော ကျန်းချန်တို့ကို မြင်လျှင် ကိုယ့်မျက်လုံးကိုယ်ပင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။

ဤကဲ့သို့ သေရေးရှင်ရေး အချိန်တွင် ကျန်းချန်က ဤနေရာသို့ အလျင်အမြန် ရောက်ရှိလာရုံသာမက သူတို့၏ ယခင်မြို့စားဖြစ်သော ယဲ့ထျန်းကျီကိုပါ ခေါ်ဆောင်လာလိမ့်မည်ဟု သူတို့ တစ်ခါမှ မစဥ်းစားမိကြပေ။

သိထားရမည့်အချက်မှာ သူတို့ နိဗ္ဗာန်မြို့တော်၏ မြို့စားဟောင်း ယဲ့ထျန်းကျီသည် လွန်ခဲ့သော နှစ်ပေါင်း(၅၀၀)က နတ်သန္ဓေအင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်သည်။

ယခုနှစ်ပေါင်း(၅၀၀) ကြာမြင့်သွားပြီဖြစ်ရာ ယဲ့ထျန်းကျီ၏ စွမ်းအားသည် ပို၍ပင် ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မည်မှာ သေချာသည်။

သွေးနတ်ဆိုးနန်းတော်၏ ခေါင်းဆောင်ဖြစ်သည့် အင်ပါယာတစ်ပိုင်း ပုဂ္ဂိုလ်သည် အလွန်တရာပင် အစွမ်းထက်သော်လည်း နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် ကျင့်ကြံသူကိုပင် အလွယ်တကူ အနိုင်ယူနိုင်သော သူတို့၏ နန်းတော်သခင်က ကောင်းစွာ ရင်ဆိုင်နိုင်လိမ့်မည်ဟု သူတို့ယုံကြည်ခဲ့ကြသည်။

"မင်းက ဘယ်သူလဲ"

ရွှယ်ယင်ထျန်းသည် သူ၏ရှေ့တွင် ရုတ်တရက်ပေါ်လာသော လူနှစ်ဦးကို အကဲခတ် ကြည့်လိုက်ပြီးနောက်တွင် သူ၏ စိတ်နှလုံး၌ ဆိုးရွားသော ခံစားချက် တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

ထိုနှစ်ဦးက သူ၏ရှေ့တွင် မည်သည့် လှုပ်ရှားမှုမျိုးကိုမှ မပြုလုပ်ရသေးသော်လည်း ရွှယ်ယင်ထျန်းသည် ၎င်းတို့ထံကနေ အန္တရာယ် ဟူသော ခံစားချက် တစ်ခုကို အလိုအလျောက် ခံစားလိုက်ရသည်။

သာမန် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူများသည် သူ့ကို ဤကဲ့သို့ ခံစားချက်မျိုး မဖြစ်ပေါ်စေပေ။

သူ၏ရှေ့မှ လူနှစ်ဦးသည် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော ကျင့်ကြံသူများ ဖြစ်နေပါသလော။

ကျန်းချန်က ရွှယ်ယင်ထျန်းကို အေးစက်သော မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်သည်။

သတ်ဖြတ်လိုသော စိတ်ဆန္ဒများသည် သူ၏ခန္ဓာကိုယ်တွင် ပြည့်နှက်နေခဲ့၏။

"ငါက မင်းကိုသတ်ဖို့ ဒီကို ရောက်လာတဲ့သူပဲ"

အခန်း(၁၄၁၅)ပြီး၏။

အခန်း(၁၄၁၆)

ရှဟျန်ထျန်းသည် ရုတ်တရက်ပေါ်လာသော ကျန်းချန်ကိုမြင်လျှင် မျက်နှာအမူအရာ ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။

"သွေးနတ်ဆိုးနန်းတော်သခင် သူက ကျွန်တော်တို့ ခွင်းရှဂိုဏ်းနဲ့ နန်းတော်သခင်ရဲ့ ဌာနခွဲခြောက်ခုကို ဖျက်ဆီးခဲ့တဲ့ တရားခံကျန်းချန်ပဲ"

ရှဟန်ထျန်းသည် သူတို့ ခွင်းရှဂိုဏ်းမှာ ပြန်လည် ရှင်သန်လာသော လူပေါင်းများစွာကို သတ်ဖြတ်ပြီး သူ့ကို ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းကနေ မောင်းထုတ်ခဲ့သည့် ဤလူငယ်နှင့် မစိမ်းပေ။

ထိုနေ့က ရှထျန်းယန်သည် လျှို့ဝှက်ဆန်းကြယ်သော လူငယ်တစ်ဦးကို ခွင်းရှဂိုဏ်း၏ အင်ပါယာနန်းတော်သို့ ခေါ်ဆောင်သွားခဲ့သည်။

ထို့နောက်တွင် ထိုလူငယ်သည် သူတို့ ခွင်းရှဂိုဏ်းကို ဖျက်ဆီးပစ်ခဲ့၏။

ရှဟန်ထျန်းသည် ခွင်းရှဂိုဏ်း၏ အင်ပါယာနန်းတော်သို့ ဝင်ရောက်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် လူငယ်လေးကို မမြင်ဖူးသော်လည်း ထိုလျှို့ဝှက်ဆန်းကြယ်သော လူငယ်မှာ သူ၏ရှေ့မှ ကျန်းချန် ဖြစ်နိုင်ကြောင်း ကောင်းစွာ သိရှိခဲ့သည်။

"မင်းက ငါ့ရဲ့ သွေးနတ်ဆိုးနန်းတော် ဌာနခွဲတွေကို ဖျက်ဆီးခဲ့တဲ့ ကျန်းချန်လား"

ရှဟန်ထျန်း၏ စကားကိုကြားလျှင် ရွှယ်ယင်ထျန်း၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့ပြီး ကျန်းချန်ကို စေ့စေ့ကြည့်လိုက်သည်။

မကြာသေးမီက ရွှယ်ယင်ထျန်းသည် အင်ပါယာတစ်ပိုင်း စွမ်းရည်ကို ပြန်လည် ရရှိခြင်းမပြုမီ နှစ်ပေါင်း(၁၀၀၀၀)ပြည့်တော့မည်ကို ခံစားမိခဲ့သည်။

ထို့ကြောင့် သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲခြောက်ခုကို မွေးဖွားခဲ့ပြီး ကျုံးကျိုးကုန်းမြေကို အနှောင့်အယှက်ပေးခဲ့သည်။

သို့သော်လည်း သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲခြောက်ခုသည် အချိန်တို အတွင်းမှာပင် ကျန်းချန်၏ ဖျက်ဆီးခြင်းကို ခံရလိမ့်မည်ဟု ရွှယ်ယင်ထျန်း မမျှော်လင့်ခဲ့ပေ။

ကျန်းချန်သည် သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲခြောက်ခုကို လျင်မြန်စွာနှိမ်နင်းခဲ့ပြီး ပြန်လည်မွေးဖွားလာကြသော သွေးဧကရာဇ်များပင် သူ၏လက်ထဲတွင် ကျဆုံးသွားခဲ့ကြသည်။

"ဟုတ်တယ် ငါက ကျန်းချန်ပဲ"

ကျန်းချန်က ရွှယ်ယင်ထျန်းကို အေးစက်စက် စိုက်ကြည့်နေခဲ့သည်။

"သွေးနတ်ဆိုးနန်းတော်ကို တည်ထောင်ခဲ့တဲ့ မင်းက အခုထိ အသက်ရှင်နေဦးမယ်လို့ ငါမထင်ထားခဲ့ဘူး.. မင်းတို့သွေးနတ်ဆိုးနန်းတော်ရဲ့လူတွေက တော်တော် အသက်ပြင်းတာပဲ"

"ဟမ့်.. မင်းတို့ ရှန်းဝူကုန်းမြေတိုက်က ပုရွက်ဆိတ်လေးတွေက ဒီအင်ပါယာကို ဘယ်လိုလုပ်ပြီး သတ်ဖြတ်နိုင်မှာလဲ"

ရွှယ်ယင်ထျန်းက ကျန်းချန်ကိုကြည့်ကာ အေးစက်စက်ရေရွတ်လိုက်သည်။

"ကောင်လေး မင်းငါ့ရဲ့ အစီအစဥ်တွေကို ဖျက်ဆီးခဲ့တယ်.. ဒီနေ့ ဒီအင်ပါယာက မင်းကိုသေချာပေါက် ဒီနေရာမှာ သတ်ပစ်မယ်"

ကျန်းချန်က ခပ်ထေ့ထေ့ပြုံးလိုက်သည်။

"အင်ပါယာအဆင့်နဲ့ ယှဥ်ရင် အင်ပါယာ တစ်ပိုင်းအဆင့်က ပုရွက်ဆိတ် သာသာလောက်ပဲ.. မင်းက ငါ့ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် အင်ပါယာလို့ သုံးနှုန်းရဲတယ်လား"

"ဒီအင်ပါယာက အင်ပါယာ နယ်ပယ်ကို မထိုးဖောက်ရသေးရင်တောင် မင်းကို သတ်ဖြတ်ဖို့တော့ လုံလောက်တယ်"

စကားဆုံးသည်နှင့် ရွှယ်ယင်ထျန်းသည် စတင်တိုက်ခိုက်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအားများသည် သွေးရေတံခွန် အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ကနေ ကျန်းချန်ဆီသို့ သက်ဆင်းလာခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သွေးရေတံခွန်သည် ကျန်းချန်နှင့်မီတာတစ်ရာအကွာသို့ ရောက်ရှိလာခဲ့သည်။

သို့သော်လည်း ကျန်းချန်၏ အမူအရာသည် တည်တည်ငြိမ်ငြိမ်ပင် ရှိနေခဲ့သည်။

သူက ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ သွေးရေတံခွန်သည် ချက်ချင်းဆိုသလို ပြိုကွဲသွားခဲ့ပြီး ကောင်းကင်ယံတွင် သွေးစွမ်းအားများ ပြန့်ကျဲသွားခဲ့သည်။

"ဓားဥပဒေသ.. မင်းကတကယ်ပဲ အင်ပါယာတစ်ပိုင်းနယ်ပယ်အဆင့်ကို ထိုးဖောက်သွားပြီကိုး"

ကျန်းချန်၏ ဓားကွက်တွင် ပါဝင်သောစွမ်းအားကို ခံစားမိလျှင် ရွှယ်ယင်ထျန်း၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ကျန်းချန်က ရွှယ်ယင်ထျန်းကို ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"ဘာလဲ ဒီကမ္ဘာပေါ်မှာ မင်းတစ်ယောက်တည်း အင်ပါယာတစ်ပိုင်း အဆင့်ကို ထိုးဖောက်နိုင်မယ်လို့ ထင်နေတာလား"

"နန်းတော်သခင်ကလည်း အင်ပါယာတစ်ပိုင်းအဆင့်ကို ထိုးဖောက်သွားပြီလား"

ဤမြင်ကွင်းမြင်လျှင် လူသားဧကရာဇ်နန်းတော်ရှိ ကျင့်ကြံသူများ၏ မျက်နှာထက်တွင် ပျော်ရွှင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်၏ တိုက်ခိုက်ရေး စွမ်းရည်သည် အံ့မခန်းဖြစ်ပြီး နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် သွေးဧကရာဇ်များကိုပင် ကြက်သတ်သကဲ့သို့ အလွယ်တကူ သတ်ဖြတ်နိုင်သည်ကို သူတို့ သိထားခဲ့သည်။

သို့သော်လည်း သူတို့ရှေ့မှ ရွှယ်ယင်ထျန်းသည် သွေးနတ်ဆိုးနန်းတော်ကို တည်ထောင်ခဲ့သူ ဖြစ်၏။

လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက ဆိုလျှင် ရှန်းဝူကုန်းမြေတိုက်ကို ကိုင်လှုပ်ခဲ့သည့် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်ခဲ့သည်။

ကျန်းချန်က မည်မျှပင် ပါရမီရှိစေကာမူ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့်ဖြင့် အင်ပါယာတစ်ပိုင်း အဆင့်ပုဂ္ဂိုလ်ကို တိုက်ခိုက်နိုင်မည် ၊မဟုတ်ပေ။

သို့သော်လည်း ယခုအခါတွင် ကျန်းချန်က အင်ပါယာတစ်ပိုင်းအဆင့်သို့ ထိုးဖောက်လိုက်ပြီဖြစ်ရာ သူတို့၏ ထိတ်လန့်သော နှလုံးသားများသည် အဆုံးသတ်တွင် ပေါ့ပါးသွားခဲ့သည်။

နတ်ဆိုးဆန်စွာ ပါရမီရှိသောသူများသည် အဆင့်တူအတွင်း ပြိုင်ဘက်ကင်းသူများဖြစ်ကြသည်။

ထို့ကြောင့် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက အင်ပါယာတစ်ပိုင်းပုဂ္ဂိုလ်ဖြစ်ခဲ့သည့် သွေးနတ်ဆိုးနန်းတော်၏ နန်းတော်သခင် ရွှယ်ယင်ထျန်းသည် ကျန်းချန်၏ ပြိုင်ဘက်မဟုတ်သည်မှာ သေချာသလောက်ပင်။

"ကောင်လေး မင်းက အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်တာနဲ့ပဲ ငါ့ကိုယှဥ်နိုင်လိမ့်မယ်လို့ ထင်မနေနဲ့.. ဒီအင်ပါယာက မင်းကို ဘယ်လိုသတ်မလဲ ဆိုတာ စောင့်ကြည့်နေလိုက်"

ရွှယ်ယင်ထျန်း၏ မျက်လုံးတွင် သွေးအလင်းများထွက်ပေါ်လာခဲ့ပြီး ထူးဆန်းသော သွေးဓားစွမ်းအင်သည် သူ၏ လက်ချောင်းထိပ်တွင် စုစည်းသွားခဲ့သည်။

ရွှယ်ယင်ထျန်းသည် လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀၀)က စစ်ပွဲတွင် အသက်ရှင်ကျန်ရစ်ခဲ့သော သွေးဝိညာဥ် မျိုးနွယ်စုဝင်တစ်ဦး ဖြစ်သည်။

ထိုအချိန်ကတည်းကပင် သူသည် အင်ပါယာတစ်ပိုင်းအဆင့်ပုဂ္ဂိုလ် ဖြစ်ခဲ့၏။

နောက်ပိုင်းတွင် ရွှယ်ယင်ထျန်းသည် သွေးနတ်ဆိုးနန်းတော်ကို တည်ထောင်ခဲ့ပြီး ကျင့်ကြံခြင်းအဆင့် တိုးတက်လာခဲ့ကာ အင်ပါယာနယ်ပယ်အဆင့်နှင့် မဝေးတော့သည့် ခြေလှမ်းတစ်ဝက်အင်ပါယာ အဆင့်သို့ပင် ရောက်ရှိခဲ့သည်။

ယခု ပြန်လည်ရှင်လာသောအခါတွင် ရွှယ်ယင်ထျန်းသည် သူ၏ အထွတ်အထိပ် စွမ်းအားကို ထုတ်ဖော်နိုင်ခြင်းမရှိသေးသော်လည်း သူ၏စွမ်းအားသည် သာမန် အင်ပါယာတစ်ပိုင်း ကျင့်ကြံသူ အများစုထက် ပိုမို၍ အားကောင်း၏။

ဆိုရလျှင် သူ၏ရှေ့မှ ကျန်းချန်သည် အင်ပါယာတစ်ပိုင်းနယ်ပယ်အဆင့်ကို ယခုမှ ထိုးဖောက်ခဲ့သော လူငယ်လေးတစ်ဦးသာ ဖြစ်သည်။

ရွှယ်ယင်ထျန်းသည် သူ၏ ဝှက်ဖဲများဖြင့်ဆိုလျှင် ဤကောင်လေးကို ရင်မဆိုင်နိုင်ဟု လုံးဝ မယုံကြည်ခဲ့‌ပေ။

"သွားသေလိုက်စမ်း.."

ရွှယ်ယင်ထျန်းက သူ၏လက်ညှိုးကို ကောင်းကင်ပေါ်သို့ ညွှန်လိုက်ရာ ကောင်းကင်ယံတွင် သွေးတိမ်တိုက်များ ဖြစ်ပေါ်လာခဲ့သည်။

ထို့နောက်တွင် ရွှယ်ယင်ထျန်း၏ လက်ချောင်းထိပ်ကနေ ကြောက်မက်ဖွယ်ကောင်းသော သွေးဓားစွမ်းအင်သည် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

ရွှယ်ယင်ထျန်းသည် လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀၀)က ကပ်ဘေးအပြီးတွင် ရှန်းဝူကုန်းမြေတိုက်၌ ပြိုင်ဘက်ကင်းပုဂ္ဂိုလ် ဖြစ်ခဲ့သည်။

ယင်းမှာ အင်ပါယာတစ်ပိုင်းအဆင့် ပုဂ္ဂိုလ် ဖြစ်ခြင်းကြောင့် မဟုတ်ဘဲ ဥပဒေသနှစ်ခု၏ စွမ်းအားကို ကျွမ်းကျင်သောကြောင့် ဖြစ်၏။

ယခု သူ၏တိုက်ကွက်သည် သွေးဥပဒေသနှင့် ဓားဥပဒေသတို့ကို ပေါင်းစပ် ဖန်တီးထားသော အစွမ်းထက် တိုက်ကွက် ဖြစ်သည်။

ထိုစဥ်က ရွှယ်ယင်ထျန်းသည် ဤဓားကွက်ကို အသုံးပြု၍ ရှန်းဝူကုန်းမြေတိုက်ကို လွှမ်းမိုးနိုင်ခဲ့ကာ သူ၏ လက်ထဲတွင် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးထက် မနည်း ကျဆုံးခဲ့ရသည်။

"ဟားဟား အင်ပါယာဥပဒေသ နှစ်မျိုးလောက်နဲ့ ငါ့ရှေ့မှာ မာန်တက်ရဲတယ်လား"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီးနောက်တွင် သူ၏ လက်ထဲ၌ တောက်ပသော ငါးရောင်ခြယ် နတ်အလင်းသည် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က တောက်ပသော ငါးရောင်ခြယ် နတ်အလင်းဖြင့် လွှမ်းခြုံထားသော သူ၏ လက်ဝါးကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ပြီး သူ့ဆီသို့ သက်‌ရောက်လာသော သွေးဓားစွမ်းအင်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

"ဝုန်း.."

တုန်လှုပ်ခြောက်ခြားသံ တစ်သံ ထွက်ပေါ်လာပြီးနောက်တွင် သွေးဓားစွမ်းအင်သည် ကျန်းချန်၏ လက်ဝါးရိုက်ချက်အောက်တွင် ပြိုကွဲသွားခဲ့သည်။

"ဥပဒေသငါးခုရဲ့ စွမ်းအားပါလား မင်း..မင်းက ဥပဒေသစွမ်းအားငါးမျိုးကို‌တောင် နားလည်ထားတယ်လား"

ကျန်းချန်က ဥပဒေသ၏ စွမ်းအားငါးမျိုးကို တစ်ခဏအတွင်းစုစည်းပြီး သူ၏ အစွမ်းအထက်ဆုံး တိုက်ကွက်ကို အေးအေးဆေးဆေး အနိုင်ယူလိုက်သည်ကိုမြင်လျှင် ရွှယ်ယင်ထျန်း၏ မျက်လုံးတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

အင်ပါယာဥပဒေသများ၏ စွမ်းအားသည် အင်ပါယာတစ်ပိုင်းအဆင့် ပုဂ္ဂိုလ်၏ တိုက်ခိုက်‌ရေး စွမ်းအင်ကို တစ်စိတ်တစ်ပိုင်းအားဖြင့် ကိုယ်စားပြုသည်။

အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် ဥပ‌ဒေသစွမ်းအားကို ပိုမို နက်ရှိုင်းစွာ နားလည်လေလေ သို့မဟုတ် ဥပဒေသ စွမ်းအားကို ပိုင်ဆိုင်လေလေ ၎င်း၏ တိုက်ခိုက်ရေးစွမ်းအားသည် ပုံမှန်ထက်ပို၍ အားကောင်းလာမည် ဖြစ်၏။

သူ၏ရှေ့မှ ကောင်လေးသည် အင်ပါယာတစ်ပိုင်း အဆင့်ကို မကြာသေးခင်ကမှ ထိုးဖောက်ခဲ့သူ ဖြစ်သော်လည်း ဥပဒေသစွမ်းအားငါးမျိုးကို ပိုင်ဆိုင်ထားခဲ့သည်။

ထိုဥပဒေသ စွမ်းအားငါးမျိုးကို ပေါင်းစပ်လိုက်သောအခါတွင် ထိုလူငယ်လေး၏ တိုက်ခိုက်ရေး စွမ်းအင်သည် ပြီးပြည့်စုံသော ဥပဒေသစွမ်းအားကို ပိုင်ဆိုင်သော ခြေလှမ်းတစ်ဝက်အင်ပါယာနှင့်ပင် နှိုင်းယှဥ်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် လက်ရှိအခြေအနေတွင် သူသည် ဤကောင်လေး၏ ပြိုင်ဘက် မဟုတ်သည်မှာ သေချာသလောက်ပင်။

"ငါထွက်ပြေးမှ ဖြစ်တော့မယ်"

ရွှယ်ယင်ထျန်းက သူ၏စိတ်ထဲမှ ထိတ်လန့်မှုကို ထိန်းချုပ်လိုက်ပြီး လုံးဝ တုံ့ဆိုင်းမနေဘဲ သွေးအလင်းအဖြစ်သို့ ပြောင်းလဲကာ ထိတ်လန့်တကြား ထွက်ပြေးလိုက်သည်။

"ငါ့လက်ထဲက ထွက်ပြေးလို့ လွတ်မယ်များထင်နေလား"

ကျန်းချန်က အေးစက်စက် ပြုံးလိုက်၏။

သူ၏လက်ထဲတွင် သုံးပေခန့် ရှည်လျားသော ငါးရောင်ခြယ်အလင်းများ တောက်ပနေသည့် ဓားရှည်တစ်လက် ၊ဖြစ်ပေါ်လာခဲ့သည်။

"ပိုင်းဖြတ်စမ်း"

ကျန်းချန်က ငါးရောင်ခြယ် အလင်းတန်းများဖြင့် တောက်ပနေသော သူ၏ဓားကို ဝှေ့ယမ်းလိုက်သည်။

ဤဓားကွက်၏ စွမ်းအားကို စကားလုံးဖြင့်ပင် ဖော်ပြရန် မဖြစ်နိုင်သလောက်ပင်။

သူ၏ဓားကွက်ကနေ ကြောက်မက်ဖွယ်ကောင်းသော ငါးရောင်ခြယ် ဓားစွမ်းအင်က ထွက်ပေါ်လာခဲ့သည်။

ထိုဓားစွမ်းအင်သည် လေထုကို ချက်ချင်းဆိုသလို ထိုးဖောက်ကာ ထောင်နှင့် ချီသော တောင်တန်းများနှင့် မြစ်များကိုပင် တုန်ခါစေခဲ့သည်။

၎င်းက အရာအားလုံးကို ဖျက်ဆီးနိုင်သော ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားဖြင့် မျက်တောင်တစ်ခတ် အတွင်းမှာပင် ရွှယ်ယင်ထျန်း၏ အထက်၌ ပေါ်ပေါက်လာခဲ့သည်။

အခန်း(၁၄၁၆)ပြီး၏။

All Chapters