အခန်း (၁၄၁၇-၁၄၁၉)
Vol. 95 Ch. 1417-1419
အခန်း(၁၄၁၇)
ရွှယ်ယင်ထျန်း၏ စိတ်ဝိညာဥ် အားလုံးက ပျောက်ဆုံးသွားခဲ့သည်။
သူက ချက်ချင်းပင် သွေးစွမ်းအားများကို ထုတ်ဖော်ကာ သူ၏ ရင်ဘတ်နားတွင် လက်နှစ်ဖက်ကို ကပ်လိုက်ပြီး လက်ဟန်တစ်ခုကို ထုတ်ဖော်လိုက်သည်။
နောက်ထပ် တစ်ခဏမှာပင် လျှို့ဝှက်ဆန်းကြယ်သောစွမ်းအင်များ ပါဝင်နေသည့် သွေးအလင်းသည် သူ၏ ခန္ဓာကိုယ်တွင် ချက်ချင်းဆိုသလို စုစည်းသွားခဲ့သည်။
သို့သော်လည်း သူက သွေးဝိညာဥ် လွတ်မြောက်ခြင်း နည်းစနစ်ကို ထုတ်ဖော်သည်မှာ တစ်ဝက်မျှသာ ရှိသေးသောအချိန်မှာပင် ငါးရောင်ခြယ် ဓားအလင်းသည် သူ့ထံသို့ သက်ဆင်းလာခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် စုစည်းထားသော သွေးစွမ်းအား အားလုံးကို ချေမှုန်းကာ သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့သည်။
ရွှယ်ယင်ထျန်းက ရုတ်တရက် ငုံ့ကြည့်လိုက်ရာ သူ၏ လည်ပင်းကနေ ရင်ဘတ်အထိ ကန့်လန့်ဖြတ် ဓားဒဏ်ရာတစ်ခုကို တွေ့လိုက်ရသည်။
"ဒါမဖြစ်နိုင်ဘူး"
ရွှယ်ယင်ထျန်းသည် မျှော်လင့်ချက်မဲ့ကာ ထိတ်လန့်နေခဲ့သည်။
သူက ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် ငါးရောင်ခြယ်ဓားအလင်းသည် သူ၏ ခန္ဓာကိုယ်ကို ပေါက်ကွဲသွားစေခဲ့၏။
တစ်ချိန်က ရှန်းဝူကုန်းမြေကို လွှမ်းမိုးခဲ့သော အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူဖြစ်သည့် ရွှယ်ယင်ထျန်း၏ ခန္ဓာကိုယ်သည် နှစ်ပိုင်းပြတ် ထွက်သွားခဲ့ပြီး အရိုးများ၊အသားများ၊လသွေးများနှင့် စိတ်ဝိညာဥ်လအားလုံးပင်လျှင် ငါးရောင်ခြယ် ဓားစွမ်းအင်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။
ဓားကွက် တစ်ကွက်တည်းဖြင့်ပင် ကျန်းချန်သည် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူကို သတ်ဖြတ်ခဲ့၏။
ဤအချိန်တွင် ပတ်ဝန်းကျင်သည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့ပြီး လူတိုင်းသည် မှင်တက်ရာကနေ ပြန်လည်သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
"နန်းတော်သခင်က ဒီလိုပဲ သေဆုံးသွားပြီလား"
ထိုမြင်ကွင်းကိုကြည့်ကာ သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူများစွာ၏ မျက်နှာများသည် ချက်ချင်းပင် အလွန်တရာ ဖြူဖျော့သွားခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက ရှန်းဝူကုန်းမြေတွင် နာမည်ကျော်ကြားခဲ့သော သူတို့၏ သွေးနတ်ဆိုးနန်းတော်သခင် အင်ပါယာ တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်သည် ကျန်းချန်၏ ဓားကွက် တစ်ကွက်တည်းဖြင့် သတ်ဖြတ်ခံလိုက်ရသည်။
ဆိုရလျှင် သူတို့ သွေးနတ်ဆိုးနန်းတော်သည် လုံးဝ အဆုံးသတ်သွားခဲ့ပြီ ဖြစ်၏။
"နန်းတော်သခင် သေသွားပြီ.. ငါတို့ သွေးနတ်ဆိုးနန်းတော်က လုံးဝ ပျက်စီးသွားခဲ့ပြီ.. အားလုံးပဲ ထွက်ပြေးကြတော့"
ဤအချိန်တွင် သွေးနတ်ဆိုးနန်းတော်မှ အကြီးအကဲ တစ်ယောက်က အော်ဟစ်လိုက်ပြီး သွေးအလင်း အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ယံဆီသို့ ထွက်ပြေးသွားခဲ့သည်။
ရှဟန်ထျန်းနှင့်အတူ ပါလာသောခွင်းရှဂိုဏ်းမှ ပြန်လည် ရှင်သန်လာသူများ အပါအဝင် သွေးနတ်ဆိုးနန်းတော်မှ အစွမ်းထက် ကျင့်ကြံသူများသည် အရပ်လေးမျက်နှာ အနှံ့သို့ အလျင်အမြန်ပင် ထွက်ပြေးသွားခဲ့ကြသည်။
ကျန်းချန်၏ အမူအရာက အေးစက်နေခဲ့ပြီး တောက်ပသောငါးရောင်ခြယ် ဓားအလင်း တစ်ဒါဇင်ကျော်သည် သူ၏ ဓားချက်ကနေ ချက်ချင်း ဆိုသလို ထွက်ပေါ်လာခဲ့သည်။
"မင်းတို့ရဲ့ အသက်တွေကို ထားခဲ့ကြစမ်း"
ယခုအခါတွင် ရွှမ်းဝူကောင်းကင် အစီအရင်သည် ပျက်သုဥ်းကာနီးနေပြီ ဖြစ်သောကြောင့် ကျန်းချန်သည် သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူများကို အလွယ်တကူ ထွက်သွားခွင့် ပေးမည် မဟုတ်ပေ။
ငါးရောင်ခြယ်ဓားအလင်းသည် ထိတ်လန့်တကြား ထွက်ပြေးသွားသော သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူများကို ဟင်းသီးဟင်းရွက်များအား ဖြတ်တောက်လိုက် သကဲ့သို့ ထိမှန်သွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် ရှဟန်ထျန်းကဲ့သို့ သွေးနတ်ဆိုးနန်းတော်မှ အစွမ်းထက် ကျင့်ကြံသူများနှင့် ခွင်းရှဂိုဏ်းမှ အသက် ပြန်လည်ရှင်သန်လာသူများသည် ငါးရောင်ခြယ်ဓားအလင်းအောက်တွင် သတ်ဖြတ်ခံလိုက်ရသည်။
သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူများကို ဖြေရှင်းပြီးနောက်တွင် ကျန်းချန်သည် မုန့်ချင်းရွှယ်ကို ဒဏ်ရာများကုသရန်အတွက် ခံတပ်သို့ပြန်ပို့ခဲ့သည်။
ထို့နောက် ခံတပ်၌ ခဏမျှ အနားယူလိုက်ပြီးနောက်တွင် ယဲ့ချန်ကျွင်းနှင့် အတူ အင်ပါယာမြှုပ်နှံခြင်း ချောက်နက်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
သူတို့နှစ်ယောက်က အင်ပါယာမြှုပ်နှံခြင်းချောက်နက် အတွင်းရှိ ငါးရောင်ခြယ်နတ်အလင်းဖြင့် လွှမ်းခြုံနေသော ပလ္လင်ရှိရာသို့ မကြာမီမှာပင် ရောက်ရှိလာခဲ့ကြသည်။
ထိုအခါ ပလ္လင်အောက်တွင် ဖိနှိပ်ခံထားရသော ကြောက်မက်ဖွယ်ရာ သွေးအလင်းသည် ယခင်ထက် တောက်ပနေသည်ကို တွေ့လိုက်ရ၏။
ကျန်းချန်သည် ပလ္လင်ပေါ်ရှိ ငါးရောင်ခြယ် နတ်အလင်းက မျက်စိဖြင့် မြင်နိုင်သောနှုန်းဖြင့် လျင်မြန်စွာ ပျက်သုဥ်းနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။
အောက်ဘက်မှ ကြောက်မက်ဖွယ်ရာကောင်းသော သွေးအလင်းသည် ငါးရောင်ခြယ် နတ်အလင်းကို အရူးအမူးတိုက်ခိုက်နေခဲ့ပြီး ပြင်ပသို့ ထွက်လာရန် အဆင်သင့် ဖြစ်နေသော ခပ်ရေးရေး ခံစားချက် တစ်ခုကို ကျန်းချန်က ရရှိခဲ့သည်။
"ဒါက တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်နဲ့ ကျိုးယိုကို ဖိနှိပ်ထားတဲ့ နေရာလား"
သူ၏ရှေ့မှ အခြေအနေကို ကြည့်ရင်း ယဲ့ထျန်းကျီက မေးခွန်းထုတ်လိုက်သည်။
"ဟုတ်တယ် ပလ္လင်ပေါ်က ငါးရောင်ခြယ်နတ်အလင်းက အင်ပါယာအားလုံးရဲ့ စွမ်းအားကို စုစည်းခဲ့ပြီး ရှန်းဝူတိုက်ရဲ့ မူလစွမ်းအားကိုပါ အသုံးပြုထားတဲ့ အင်ပါယာဟောင်ထျန်းရဲ့ အစီအရင်ပဲ"
ကျန်းချန်က ပလ္လင်ကို အနီးကပ် အကဲခတ်လိုက်ပြီးနောက်တွင် အလေးအနက် ပြောလိုက်သည်။
"ရှန်းဝူကောင်းကင် အစီအရင်ရဲ့ စွမ်းအားက လက်ရှိအချိန်မှာ သုံးပုံတစ်ပုံလောက် ပျက်သုဥ်းသွားခဲ့ပြီ.. သွေးဝိညာဥ်မျိုးနွယ်စုရဲ့ တပ်မှုးချုပ် ကျိုးယိုက သိပ်မကြာခင် လွတ်မြောက်လာတော့မှာ အသေအချာပဲ"
ထိုစကားကိုကြားလျှင် ယဲ့ထျန်းကျီ၏ မျက်နှာ အမူအရာသည် လေးနက်နေခဲ့သည်။
"ငါတို့ အစီအရင် ပျက်သုဥ်းတဲ့အထိ စောင့်ရမှာလား.. သူ့ကိုဖိနှိပ်ဖို့ နည်းလမ်းတစ်ခုခုများ ရှိဦးမလား"
"လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀၀၀)က အင်ပါယာ ဟောင်ထျန်းက အင်ပါယာအားလုံးရဲ့ စွမ်းအားကို စုစည်းခဲ့ပြီး ရွှမ်းဝူကောင်းကင် အစီအရင်ကို အသုံးပြုခဲ့တယ်.. အစီအရင်ရဲ့စွမ်းအားကို ပိုမိုကောင်းမွန်လာစေဖို့ အတွက် ရှန်းဝူတိုက်ကြီးရဲ့ မူလစွမ်းအင်ကိုပါ ဖြတ်တောက်ခဲ့တယ်.. အခု အင်ပါယာတွေရဲ့ စွမ်းအားက ပျက်သုဥ်းသွားခဲ့ပြီ.. ကျွန်တော်က ရွှမ်းဝူကောင်းကင် အစီအရင်ကို ပြန်လည် ပြုပြင်ပေးရင်တောင် ဘယ်လိုမှ အထောက်အကူ မဖြစ်နိုင်တော့ဘူး.. ရွှမ်းဝူကောင်းကင် အစီအရင်ရဲ့ ပျက်သုဥ်းတဲ့နှုန်းအရ ဆိုရင် တစ်လလောက်တော့ ကြာဦးမယ်ထင်တယ်.. ဒီအချိန်မှာ ကျွန်တော်တို့က အရမ်းကာရော လုပ်ဆောင်မိရင် ရွှမ်းဝူကောင်းကင် အစီအရင်ရဲ့ စွမ်းအားကို ပိုပြီးတော့ မြန်မြန် ပျက်သုဥ်းသွားစေနိုင်တယ်"
ကျန်းချန်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။
သူက ပလ္လင်ပေါ်ရှိ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို ကြည့်ကာ ရယ်မောလိုက်သည်။
"ရွှမ်းဝူကောင်းကင် အစီအရင်က စတင် ပျက်သုဥ်းနေတာ ကြာမြင့်နေပြီ ဖြစ်ပေမဲ့ အခုအချိန်ထိ ရွှယ်လင် ကုန်းမြေတိုက်က သွေးဝိညာဥ်မျိုးနွယ်စုတွေ ရောက်လာတာမျိုး မရှိသေးဘူး.. ဒါက ကျွန်တော်တို့ အတွက် သတင်းကောင်းတစ်ခုပဲ"
ယဲ့ထျန်းကျီ၏ မျက်လုံးများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
"ရွှယ်လင်ကုန်းမြေတိုက်က သွေးဝိညာဥ် မျိုးနွယ်စုတွေ တည်နေရာရွှေ့ပြောင်းခြင်း လုပ်လို့ရနေပြီလို့ ဆိုလိုတာလား"
"အမှန်ပဲ.. အဲဒီအချိန်က ရွှမ်းဝူကောင်းကင် အစီအရင်မှာ ချို့ယွင်းချက် အနည်းငယ်လေးပဲ ရှိတာတောင် ရွှယ်လင်ကုန်းမြေတိုက်က သွေးဝိညာဥ်မျိုးနွယ်စု တချို့က ကျူးကျော်လာခဲ့ကြတယ် အခု သွေးဝိညာဥ်မျိုးနွယ်စုတွေ မရောက်လာသေးပုံ ထောက်ရင် ရွှယ်လင်ကုန်းမြေတိုက်မှာ ကိစ္စတစ်ခုခုဖြစ်ပွားခဲ့တာ သေချာသလောက်ပဲ"
ထိုစကားကို ပြောလိုက်သောအချိန်တွင် ကျန်းချန်သည် အနည်းငယ် စိတ်သက်သာရာ ရနေခဲ့သည်။
သွေးဝိညာဥ်မျိုးနွယ်စုသာ ရှန်းဝူကုန်းမြေတိုက်ကို မကျူးကျော်လာသရွေ့ ဖိနှိပ်ခံထားရသော တပ်မှုးချုပ် ကျိုးယိုကို ရင်ဆိုင်ရန် ပိုမို လွယ်ကူလိမ့်မည် မဟုတ်ပါလား။
"ဒါဆိုရင် ငါဒီနေရာကို စောင့်ရှောက်ထားလိုက်မယ်.. သခင်လေးကျန်းက အနားယူပြီးတော့ အင်ပါယာနယ်ပယ်အဆင့်ကို အမြန်ဆုံး ထိုးဖောက်နိုင်အောင် ကျင့်ကြံလိုက်ပါ"
ယဲ့ထျန်းကျီ၏ မျက်လုံးများက လင်းလက်သွားခဲ့ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
ယခုအခါ ကျန်းချန်ထံတွင် အစစ်အမှန် နဂါးမှော်ဆေးဝါးနှင့် နတ်အသွင်ပြောင်း ဒယ်စောက်အိုး ရှိနေခဲ့သည်။
၎င်းတို့ကို အသုံးပြုပြီး တစ်လအတွင်း အင်ပါယာနယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်မည်ဆိုလျှင် သွေးဝိညာဥ်မျိုးနွယ်စု၏ တပ်မှုးချုပ် ကျိုးယိုကို အနိုင်ယူရန် အခွင့်အရေး ရရှိနိုင်မည် ဖြစ်သည်။
အကယ်၍ အင်ပါယာနယ်ပယ်အဆင့်ကို မထိုးဖောက်နိုင်ခဲ့လျှင် အင်ပါယာနယ်ပယ် အဆင့်ကျင့်ကြံသူ၏ ရှေ့တွင် သူတို့ရှန်းဝူကုန်းမြေတိုက်၏ စွမ်းအားသည် လုံးဝ မလုံလောက်ပေ။
"ကောင်းပြီ အကြီးအကဲယဲ့.. ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ"
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် အင်ပါယာမြှုပ်နှံခြင်း ချောက်နက်ထဲကနေ ထွက်ခွာလာခဲ့သည်။
အင်ပါယာမြှုပ်နှံခြင်း ချောက်နက်၏ အပြင်ဘက်ရှိ ခံတပ်သို့ ပြန်ရောက်သည်နှင့် ကျန်းချန်သည် အချိန်မဖြုန်းတော့ပေ။
သူက ခံတပ်ရှိ လျှို့ဝှက် ခန်းမ တစ်ခုထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့ပြီး နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို ထုတ်ယူလိုက်သည်။
နတ်အသွင်ပြောင်း ဒယ်စောက်အိုးသည် မိုးကြိုးနတ်ဘုရားဂိုဏ်း၏ အမွေအနှစ်ပစ္စည်း ဖြစ်သည်။
ဤနတ်အသွင်ပြောင်း ဒယ်စောက်အိုးကို မိုးကြိုးနတ်ဘုရားဂိုဏ်းမှ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်က ဖန်တီးခဲ့သည်ဟု ဆိုကြသည်။
နတ်အသွင်ပြောင်း ဒယ်စောက်အိုးထဲတွင် ကုန်းမြေ၏ မူလအစနှင့် ဆင်တူသော စွမ်းအားရှိသည့် လျှို့ဝှက်ဆန်းကြယ်ကမ္ဘာတစ်ခု ရှိသည်ဟု ဆိုကြ၏။
မိုးကြိုးနတ်ဘုရားဂိုဏ်း အနေဖြင့် ရှန်းဝူကုန်းမြေတိုက်တွင် အချိန်ကြာမြင့်စွာ တည်ရှိခဲ့ရသည့် အကြောင်းအရင်းမှာ ဤနတ်အသွင်ပြောင်း ဒယ်စောက်အိုးကို အားကိုး၍ မျိုးဆက်ပေါင်းများစွာသည် အင်ပါယာ နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ကျန်းချန်က နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို ခဏမျှ ကြည့်ရှုပြီးနောက်တွင် အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ကာ ရွှေရောင်အလင်းအဖြစ်သို့ ပြောင်းလဲ၍ နတ်အသွင်ပြောင်းဒယ်စောက်အိုးထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်သွားခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် ကျန်းချန်သည် လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာငယ် တစ်ခုသို့ ရောက်ရှိလာသည်ဟု ခံစားလိုက်ရသည်။
ကမ္ဘာငယ်ထဲရှိ ကမ္ဘာမြေ၏ အသက်စွမ်းအားများသည် ရှန်းဝူ ကုန်းမြေတိုက်ထက်ပင် ဆယ်ဆနီးပါး ပိုမို အားကောင်းနေခဲ့သည်။
ဤနေရာတွင် ပြင်ပစွမ်းအားကို အားမကိုးဘဲ ကျင့်ကြံလျှင်ပင် ဥပဒေသ စွမ်းအားများကို ပြီးမြောက် အောင်မြင်နိုင်ပြီး အင်ပါယာ ကပ်ဘေးကို ဖြစ်ပေါ်စေကာ အင်ပါယာနယ်ပယ်အဆင်သို့ ထိုးဖောက်နိုင်လိမ့်မည်ဟု ကျန်းချန်ခံစားမိခဲ့သည်။
မှန်ပါသည်။ ဤနတ်အသွင်ပြောင်း ဒယ်စောက်အိုးရှိ ကမ္ဘာငယ်လေးကို အားကိုး၍ တစ်လအတွင်း အင်ပါယာနယ်ပယ်အဆင့်သို့ ထိုးဖောက်ရန်မှာ လွယ်ကူသောအလုပ် မဟုတ်ပေ။
သို့ရာတွင် ကံကောင်းထောက်မစွာဖြင့် ဤနတ်အသွင်ပြောင်းဒယ်စောက်အိုး ထဲတွင် အစစ်အမှန် နဂါးမှော်ဆေးဝါး ရှိနေခဲ့သည်။
သူက အစစ်အမှန် နဂါးမှော်ဆေးဝါးကို စားသုံးပြီး နတ်အသွင်ပြောင်း ဒယ်စောက်အိုး၏ စွမ်းအားကို အသုံးပြုနိုင်ခဲ့လျှင် အင်ပါယာနယ်ပယ် အဆင့်သို့ ထိုးဖောက်ရန် ပိုမို လွယ်ကူသွားလိမ့်မည် ဖြစ်၏။
ထိုကဲ့သို့ တွေးမိပြီးနောက် ကျန်းချန်သည် ကမ္ဘာငယ်လေးထဲတွင် အစစ်အမှန် နဂါးနတ်ဆေးဝါးကို အလျင်အမြန်ပင် ရှာဖွေလိုက်သည်။
ကျန်းချန်၏ အကြည့်သည် အလွန်လျင်မြန်စွာပင် သူနှင့်ပေ(၁၀၀၀) အကွာရှိ တောင်တန်းတစ်ခု ပေါ်သို့ ကျရောက်သွားခဲ့သည်။
ထိုနေရာတွင် ခြေသည်းငါးခုပါရှိသော ရွှေရောင်နဂါးတစ်ကောင် ရှိနေခဲ့၏။
အခန်း(၁၄၁၇)ပြီး၏။
အခန်း(၁၄၁၈)
ကျန်းချန်က တောင်ထိပ်တွင် နားခိုနေသော ရွှေနဂါးကိုမြင်သည်နှင့် သူ၏ပုံရိပ်သည် ချက်ချင်းဆိုသလိုပင် ရွှေနဂါး၏ ဦးခေါင်းထက်၌ လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။
ကျန်းချန်က ရုတ်တရက် သူ့အနားတွင် ပေါ်လာသည်ကို မြင်လျှင် အစစ်အမှန် နဂါးမှော်ဆေးဝါးသည် ချက်ချင်းပင် ထိတ်လန့်သွားခဲ့ပြီး သူ၏ ကြီးမားသော ခန္ဓာကိုယ်ကို ရွှေရောင်အလင်း အဖြစ်သို့ ပြောင်းလဲကာ ထွက်ပြေးလိုက်သည်။
အစစ်အမှန် နဂါးမှော်ဆေးဝါးသည် သဘာလွန်စွမ်းအားများ ရှိသော်လည်း တိုက်ခိုက်ရေးတွင် မကျွမ်းကျင်၍ သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် သာမန် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝအဆင့် ကျင့်ကြံသူလောက်သာ ရှိသည်။
သူက အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်သော ကျန်းချန်၏ ပြိုင်ဘက်မဟုတ်မှန်း ကောင်းစွာသိ၍ တုံ့ဆိုင်းမနေခဲ့ဘဲ ထွက်ပြေးရန်သာ ရွေးချယ်ခဲ့ခြင်းပင်။
"ဟားဟား.. ဒီတစ်ကြိမ်တော့ မင်းထွက်ပြေးလို့မရတော့ဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး သူ၏ခန္ဓာကိုယ်က တစ်ခဏအတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ ပုံရိပ်သည် ရွှေနဂါး၏ရှေ့တွင် ပြန်လည် ပေါ်ထွက်လာခဲ့၏။
ရွှေနဂါးသည် သူ၏ရှေ့တွင် ပေါ်လာသော ကျန်းချန်ကို ကြည့်ကာ ချက်ချင်းပင် ရွှေရောင်အလင်း အဖြစ် ပြောင်းလဲသွားခဲ့ပြီး အခြားတစ်ဖက်ဆီသို့ ဦးတည်၍ ပြေးသွားခဲ့သည်။
ဤတစ်ကြိမ်တွင် ကျန်းချန်က ရွှေနဂါး၏ နောက်ကို မလိုက်တော့ဘဲ သူ၏ လက်တစ်ဖက်ကို ပေ့ါပါးစွာ ဝှေ့ယမ်းလိုက်ရာ အချိန်နှင့်နေရာလွတ် စွမ်းရည်သည် လေထုကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။
ထိတ်လန့်တကြား ထွက်ပြေးနေသော ရွှေနဂါးသည် အလွန် လျင်မြန်သော အရှိန်အဟုန်ဖြင့် ထွက်ပြေးရာကနေ ချက်ချင်းဆိုသလို ငြိမ်သက်သွားခဲ့ပြီး လေထုထဲတွင် ရပ်တန့်နေခဲ့သည်။
ကျန်းချန်က ရွှေနဂါး၏ အနီးသို့ လျှပ်တစ်ပြက် ရောက်ရှိသွားခဲ့ပြီး လက်ဝါးရိုက်ချက်ဖြင့် ရိုက်ချလိုက်ရာ ရွှေနဂါးသည် ကောင်းကင်ကို မော့ကြည့်ပြီး ဝမ်းနည်းဖွယ်ရာ ညည်းညူလိုက်၏။
အဆုံးသတ်တွင် ရွှေနဂါး၏ ကြီးမားသော ခန္ဓာကိုယ်က ပြိုကွဲသွားခဲ့ပြီး ရွှေရောင်မြက်ပင်အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်၊။
အစစ်အမှန် နဂါးမှော်ဆေးဝါးကို ရရှိပြီးနောက်တွင် ကျန်းချန်၏ ပုံရိပ်သည် ကောင်းကင်ထက်ကနေ လျှပ်တစ်ပြက်ဆင်းသက်လာခဲ့ပြီး တောင်ထိပ်ရှိ ကျောက်တုံးကြီး တစ်တုံးကို ရှာဖွေကာ ထိုကျောက်တုံးပေါ်တွင် တင်ပျဥ်ခွေ ထိုင်၍ စတင် ကျင့်ကြံခဲ့သည်။
ဆယ်မိခန့်ကြာပြီးနောက်တွင် ကျန်းချန်၏ စိတ်ထဲ၌ စနစ်၏ သတိပေးချက်က ထွက်ပေါ်လာခဲ့သည်။
"ဒင်.. သင်က နတ်အသွင်ပြောင်း ဒယ်စောက်အိုးရဲ့ မူလစွမ်းအားကို ခံစားပြီး ဓားဥပဒေသ အတွေ့အကြုံရမှတ် (၁၀၀၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က နတ်အသွင်ပြောင်း ဒယ်စောက်အိုးရဲ့ မူလစွမ်းအားကို ခံစားပြီး မိုးကြိုးဥပဒေသ အတွေ့အကြုံရမှတ် (၁၀၀၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်..သင်က နတ်အသွင်ပြောင်း ဒယ်စောက်အိုးရဲ့ မူလစွမ်းအားကို ခံစားပြီး လေဥပဒေသ အတွေ့အကြုံရမှတ် (၁၀၀၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"
"............"
"ဒီနတ်အသွင်ပြောင်း ဒယ်စောက်အိုးထဲမှာ မူလစွမ်းအားကို ခံစားပြီး ကိုယ်ခံပညာရဲ့စွမ်းအားကို အမှန်တကယ် မြှင့်တင်နိုင်တာပဲ"
သူ၏စိတ်ထဲမှ စနစ်၏ သတိပေးချက်ကို ကြားလိုက်ရပြီးနောက်တွင် ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့သြသောအရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
မူလစွမ်းအားများပင် ပါဝင်သော ဤမျှ ပြီးပြည့်စုံသည့် ကမ္ဘာငယ်လေးကို မိုးကြိုးနတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူသည် ဖန်တီးနိုင်ခဲ့သည်။
ဤနတ်အသွင်ပြောင်း ဒယ်စောက်အိုးကို တည်ဆောက်ခဲ့သော မိုးကြိုးနတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူသည် တကယ်ကိုအစွမ်းထက်သော ကျင့်ကြံသူ တစ်ယောက် ဖြစ်မည်မှာ သေချာသလောက်ပင်။
"ဒီကမ္ဘာငယ်လေးမှာ ဥပဒေသရဲ့ စွမ်းအားကို နားလည်ဖို့ မခက်ပေမဲ့ ဓားဥပဒေသကို အပြည့်အဝ ကျွမ်းကျင်ပြီး အချိန်တိုအတွင်း အင်ပါယာ နယ်ပယ်အဆင့်ကို ထိုးဖောက်ဖို့ကတော့ မလွယ်ကူတဲ့ အလုပ်တစ်ခုပဲ"
ကျန်းချန်က တီးတိုး ရေရွတ်လိုက်သည်။
ကျန်းချန်သည် အင်ပါယာယွင် နတ်သစ်ပင်အောက်တွင် ကျင့်ကြံစဥ် အတွေ့အကြုံရမှတ် တစ်သန်းရရှိခဲ့ပြီး အတွေ့အကြုံတစ်ခုချင်းစီ အတွက် တစ်နာရီကြာမြင့်ခဲ့သည်။
ဤနတ်အသွင်ပြောင်း ဒယ်စောက်အိုးထဲတွင်မူ တစ်ကြိမ်လျှင် အတွေ့အကြုံရမှတ် (၁၀၀၀၀)ရရှိခဲ့ပြီး ဆယ်မိနစ်ခန့်သာ ကြာမြင့်ခဲ့၏။
ဆိုလိုသည်မှာ ဤနတ်အသွင်ပြောင်း ဒယ်စောက်အိုးထဲတွင် ရှိနေစဥ် သူရရှိခဲ့သော အတွေ့အကြုံရမှတ်သည် အင်ပါယာယွင်နတ်သစ်ပင်အောက်တွင် သူရရှိခဲ့သော အတွေ့အကြုံရမှတ်နှင့် အတူတူနီးပါးပင်။
ထိုအချိန်က ကျန်းချန်သည် အင်ပါယာယွင် နတ်သစ်သီးတစ်လုံးကို စားသုံးခဲ့ပြီး လဝက်ခန့် ကျင့်ကြံခဲ့ရာ ဓားဥပဒေသကို သုံးဆယ်ရာခိုင်နှုန်းအထိ နားလည်ခဲ့သည်။
သို့သော် တစ်လအတွင်း ဓားဥပဒေသကို အပြည့်အဝကျွမ်းကျင်ရန်မှာမူ မဖြစ်နိုင်သလောက်ပင်။
"အင်ပါယာတစ်ပိုင်းအဆင့်ကို အမြန်ထိုးဖောက်ချင်ရင် ဒီအစစ်အမှန် နဂါးမှော်ဆေးဝါးကိုပဲ အားကိုးရတော့မယ်ထင်တယ်"
ကျန်းချန်၏ လက်ဖဝါးထဲရှိ အစစ်အမှန် နဂါးမှော်ဆေးဝါးကို ခဏမျှ စူးစိုက်ကြည့်ပြီးနောက်တွင် အသက်ကို ခပ်ပြင်းပြင်းရှူကာ တစ်ခါတည်း မျိုချပစ်လိုက်သည်။
"ဒင်.. သင်က အစစ်အမှန် နဂါးမှော်ဆေးဝါးကို မျိုချပြီး ဓားဥပဒေသမှာ အတွေ့အကြုံရမှတ် အများအပြား ရရှိခဲ့ပါတယ်"
"ဒင်.. သင်က အစစ်အမှန် နဂါးမှော်ဆေးဝါးကို မျိုချပြီး မိုးကြိုးဥပဒေသမှာ အတွေ့အကြုံရမှတ် အများအပြား ရရှိခဲ့ပါတယ်"
"ဒင်.. သင်က အစစ်အမှန် နဂါးမှော်ဆေးဝါးကို မျိုချပြီး လေဥပဒေသမှာ အတွေ့အကြုံရမှတ် အများအပြား ရရှိခဲ့ပါတယ်"
"..........."
"ဒင်.. သင်က ပြီးပြည့်စုံတဲ့ဥပဒေကို အောင်မြင်စွာ ကျွမ်းကျင်သွားခဲ့ပါပြီ"
"ဒင်.. သင်က အင်ပါယာ နယ်ပယ်အဆင့်ကို အောင်မြင်စွာ ထိုးဖောက်သွားခဲ့ပါပြီ"
ကျန်းချန်၏ စိတ်ထဲတွင် စနစ်၏ သတိပေးချက်များသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပြီးနောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ်သည် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။
အထင်ရှားဆုံးမှာ စိတ်ဝိညာဥ်၏ အဆုံးစွန်သော အဆင့်မြှင့်တင်မှု ဖြစ်၏။
သူ၏ စိတ်ဝိညာဥ်က ယခင်ထက် ၁၀ဆမျှ ပိုမိုအားကောင်းလာခဲ့ပြီး သေမျိုးမဟုတ်တော့သော အရှိန်အဝါကို ခပ်ရေးရေးထုတ်လွှတ်နေသည်ဟု ကျန်းချန် ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။
ဤသည်က အင်ပါယာ နယ်ပယ်အဆင့်ကို ထိုးဖောက်ပြီးနောက်တွင် မွေးဖွားလာသည့် အင်မော်တယ် အရှိန်အဝါ ဖြစ်ကြောင်း ကျန်းချန် သိရှိခဲ့သည်။
ရှန်းဝူကုန်းမြေတွင် ဤကဲ့သို့သော အရှိန်အဝါကို အင်ပါယာဆန္ဒဟုလည်း ခေါ်ဆိုကြ၏။
အင်ပါယာဆန္ဒ ရှိသောကြောင့်သာ အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူများသည် ကမ္ဘာပေါ်တွင် နှစ်ပေါင်းထောင်ချီကြာအောင် အသက်ရှည်ရှည် ရှိနေနိုင်ကြခြင်း ဖြစ်သည်။
ထို့အပြင် ကျန်းချန်၏ အစစ်အမှန် နဂါးခန္ဓာကိုယ်သည်လည်း သွေးစွမ်းအား အသစ်တစ်ခုကို မွေးဖွားခဲ့သည်။
ထိုသွေးစွမ်းအား အသစ်သည် အင်ပါယာသွေးစွမ်းအားဖြစ်သည်။
အင်ပါယာ သွေးစွမ်းအားသည် ကျန်းချန်၏ အစစ်အမှန်နဂါးခန္ဓာကိုယ်၏ သွေးစွမ်းအားထက် များစွာ ပိုမိုအားကောင်း၏။
"ဒါက အင်ပါယာနယ်ပယ်အဆင့်ရဲ့ စွမ်းအားလား.. တကယ်ကို အားကောင်းလွန်းတာပဲ"
သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားကို ခံစားမိလျှင် ကျန်းချန်၏ မျက်လုံးထဲ၌ အံ့သြသော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူကို အင်ပါယာနီးပါး အဆင့်ဟု တင်စားကြသော်လည်း တကယ်တမ်း အင်ပါယာအဆင့်ကျင့်ကြံသူနှင့် နှိုင်းယှဥ်လျှင် ပုရွက်ဆိတ်နှင့်မခြားပေ။
သူ၏ လက်ရှိစွမ်းအားဖြင့် ဆိုလျှင် အတွေးတစ်ချက်ဖြင့်ပင် အင်ပါယာတစ်ပိုင်း ပုဂ္ဂိုလ်ကို ဒဏ်ရာအပြင်းအထန် ရရှိစေရန် လုံလောက်၏။
"လခွမ်း.. ငါ့ရဲ့ အဆ ၁၀၀ စနစ်က သာမန်လောက် ကောင်းကင်ကို ဆန့်ကျင်နေတာ မဟုတ်ဘူးပဲ.. အင်ပါယာနယ်ပယ်အဆင့်ကို ထိုးဖောက်ရင် ကြုံတွေ့ရမဲ့ အင်ပါယာကပ်ဘေးကိုတောင် ဖယ်ရှားပစ်လိုက်တယ်"
အစစ်အမှန် နဂါးမှော်ဆေးဝါးကို မျိုချပြီးနောက်တွင် အင်ပါယာနယ်ပယ်အဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့သည်ကိုမြင်လျှင် ကျန်းချန်သည် အဆ ၁၀၀ စနစ်၏ စွမ်းအားကို ရည်ရွယ်၍ ညည်းညူလိုက်သည်။
ယေဘုယျအားဖြင့် အင်ပါယာ တစ်ပိုင်းအဆင့် ကျင့်ကြံသူများသည် ပြီးပြည့်စုံသော ဥပဒေသစွမ်းအားကို ကျွမ်းကျင်ပြီးနောက်တွင် အင်ပါယာကပ်ဘေးကို ဖြစ်ပေါ်စေလိမ့်မည်ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီး၏ အင်ပါယာကပ်ဘေးဖြင့် ရင်ဆိုင်ပြီးမှသာလျှင် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ၏ စိတ်ဝိညာဥ်နှင့် ခန္ဓာကိုယ်သည် မြင့်မားလာမည် ဖြစ်ပြီး အင်ပါယာအဆင့်ကို ထိုးဖောက်နိုင်မည် ဖြစ်သည်။
ဤလုပ်ငန်းစဥ်သည် ရိုးရှင်းပုံရသော်လည်း လက်တွေ့တွင် အလွန်ပင် အန္တရာယ်များ၏။
ရှန်းဝူကုန်းမြေတိုက်တွင် မူလစွမ်းအား မပြတ်တောက်မီကပင် အင်ပါယာ ကပ်ဘေးအောက်တွင် ကျဆုံးခဲ့သော ကျင့်ကြံသူများစွာ ရှိခဲ့သည်။
အဆ ၁၀၀ စနစ်သည် အင်ပါယာကပ်ဘေးကို ဖယ်ရှားပစ်လိုက်ပြီး အင်ပါယာ နယ်ပယ်အဆင့်သို့ တိုက်ရိုက်ပင် ထိုးဖောက်သွားစေခဲ့သည်။
ဤသည်မှာ ကောင်းကင်ကို အလွန်အမင်း ဆန့်ကျင်နေခဲ့ပြီဖြစ်၏။
အင်ပါယာနယ်ပယ်သို့ အဆင့်တက်ပြီးနောက်တွင် ကျန်းချန်သည် နတ်အသွင်ပြောင်း ဒယ်စောက်အိုးထံကနေ အလျင်စလို မထွက်ခွာခဲ့ပေ။
သူက အင်ပါယာနယ်ပယ်အဆင့်ကို အခြေခိုင်အောင် နှစ်ရက်ခန့် ကျင့်ကြံခဲ့ပြီးနောက်တွင် လူသားဧကရာဇ် စည်းတံဆိပ်၏ ဒုတိယမြောက် စည်းတံဆိပ်ကို ကျင့်ကြံခဲ့သည်။
လွန်ခဲ့သော ခြောက်လအတွင်း ကျန်းချန်သည် ဒုတိယစည်းတံဆိပ် ဖြစ်သော ကျူးရှန်း စည်းတံဆိပ်ကို နားလည်ရန်အတွက် အချိန်များစွာကို သုံးစွဲခဲ့သည်။
ယခုအခါတွင် သူ၏ ကျူးရှန်း စည်းတံဆိပ်အပေါ် နားလည်မှုသည် ၇၀ ရာခိုင်နှုန်းခန့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
အင်ပါယာ နယ်ပယ်အဆင့်သို့ ထိုးဖောက်ရန် အချိန်များစွာ မယူလိုက်ရသောကြောင့် ကျန်းချန်သည် ပိုထွက်လာသောအချိန်များကို ကျုးရှန်းစည်းတံဆိပ်အား နားလည်ရာတွင် အပြည့်အဝ အသုံးချရန် ဆုံးဖြတ်လိုက်သည်။
အဆုံးသတ်တွင် လူသားဧကရာဇ် စည်းတံဆိပ်သည် ရွှယ်လင်ကုန်းမြေမှ လူသားမျိုးနွယ်စု၏ အထွတ်အထိပ်နတ်လက်နက်တစ်ခု ဖြစ်ပြီး သွေးဝိညာဥ် မျိုးနွယ်စုကို ကောင်းစွာ ထိန်းချုပ်နိုင်သော စွမ်းရည် ရှိသည်။
သူသာ ကျိုးယို မလွတ်မြောက်လာမီ လူသားဧကရာဇ်စည်းတံဆိပ်၏ ဒုတိယစည်းတံဆိပ်ကို နားလည်နိုင်ခဲ့လျှင် ကျိုးယိုကို သတ်ဖြတ်ရန် အတွက် သူ၏ ကြီးမားသော ဝှက်ဖဲတစ်ခု ဖြစ်လာမည်မှာ သေချာ၏။
ထိုအတွေးကို ရရှိလိုက်သည်နှင့် ကျန်းချန်သည် ချက်ချင်းပင် အာရုံစိုက်ကာ လူသားဧကရာဇ် စည်းတံဆိပ်၏ ဒုတိယ စည်းတံဆိပ်ဖြစ်သော ကျူးရှန်း စည်းတံဆိပ်ကို အပြည့်အဝနားလည်ရန် စတင်ကြိုးစားခဲ့သည်။
အခန်း(၁၄၁၈)ပြီး၏။
အခန်း(၁၄၁၉)
ယဲ့ထျန်းကျီသည် ပလ္လင်နဲ့ ပေထောင်ချီအကွာတွင် တိတ်တဆိတ် ထိုင်နေခဲ့သည်။
"ရက်ပေါင်းနှစ်ဆယ်တောင် ကျော်သွားခဲ့ပြီ.. ရွှမ်းဝူကောင်းကင်အစီအရင်က ရက်အနည်းငယ်လောက်ပဲ ထပ်မံ တောင့်ခံနိုင်တော့မယ် ထင်တယ်"
သူက သူ၏ရှေ့မှ ပလ္လင်ကို စူးစိုက်၍ ကြည့်နေခဲ့သည်။
သူ၏အမူအရာသည် အလွန်တရာပင် လေးနက်နေခဲ့၏။
ကျန်းချန် ထွက်ခွာသွားသော အချိန်မှစ၍ ယဲ့ထျန်းကျီသည် ပလ္လင်အနားတွင် ရှိနေခဲ့ပြီး ပလ္လင်ပေါ်ရှိ အပြောင်းအလဲများကို စောင့်ကြည့်နေခဲ့သည်။
ဤရက်ပေါင်းနှစ်ဆယ်ကျော် အတွင်း ယဲ့ထျန်းကျီသည် ရွှမ်းဝူကောင်းကင် အစီအရင်က တဖြည်းဖြည်း ပျက်သုဥ်းနေသည်ကို မျက်မြင် ကိုယ်တွေ့ကြုံခဲ့ရသည်။
လက်ရှိအချိန်တွင် ပလ္လင်ပေါ်၌ ငါးရောင်ခြယ် နတ်အလင်းများပင် သိပ်မကျန်ရှိတော့ပေ။
ပလ္လင်အောက်ရှိ သွေးအလင်းကမူ ပိုမို၍ အားကောင်းလာခဲ့သည်။
ပလ္လင်ပေါ်ရှိ ငါးရောင်ခြယ် နတ်အလင်းကို ပလ္လင်အောက်မှ ပျံ့နှံ့လာသော သွေးအလင်းများသည် ဝိုင်းရံနေခဲ့သည်။
အထူးသဖြင့် ဤရက်အနည်းငယ် အတွင်း ယဲ့ထျန်းကျီသည် ပလ္လင်အောက်မှ ပြင်းထန်သော သွေးစွမ်းအင်များကို ခံစားနိုင်ခဲ့ပြီး ထိုသွေးစွမ်းအားများသည် ပလ္လင်ပေါ်ရှိ ငါးရောင်ခြယ်နတ်အလင်းကို အရူးအမူး တိုက်ခိုက်နေခဲ့သည်။
သွေးဝိညာဥ် မျိုးနွယ်စု၏တပ်မှုးချုပ် ကျိုးယိုသည် ရွှမ်းဝူကောင်းကင် အစီအရင်က သူ့ကို မဖိနှိပ်နိုင်တော့ကြောင်း ခံစားမိခဲ့ပြီး ရွှမ်းဝူကောင်းကင် အစီအရင်၏ နောက်ဆုံးသောစွမ်းအားကို ဖျက်ဆီးရန် ဆန္ဒရှိနေသည်မှာ ထင်ရှားနေ၏။
"သခင်လေးကျန်း ဘယ်လိုအခြေအနေရှိလဲ မသိဘူး"
လက်ရှိ အခြေအနေနှင့်ပတ်သက်၍ ယဲ့ထျန်းကျီသည် ဘာမှမတတ်နိုင်ခဲ့ပေ။
ယခုအခါတွင် သူသည် ကျန်းချန်က အင်ပါယာနယ်ပယ်အဆင့်ကို အောင်မြင်စွာ ထိုးဖောက် ဝင်ရောက်နိုင်ရန် ဆုတောင်းရုံသာ တတ်နိုင်ခဲ့၏။
ယဲ့ထျန်းကျီက သူ၏ စိတ်နှလုံးထဲတွင် ညည်းညူနေစဥ်မှာပင် အင်ပါယာမြှုပ်နှံခြင်းချောက်နက်ရှိ လေထုအထက်တွင် လေတိုးသံများစွာ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ယဲ့ထျန်းကျီက ရုတ်တရက် မော့ကြည့်လိုက်ရာ ကောင်းကင်ယံကနေ လူဒါဇင်ပေါင်းများစွာ ဆင်းသက်လာသည်ကို တွေ့လိုက်ရ၏။
ထိုလူများထဲတွင် လူသားဧကရာဇ် နန်းတော်မှ ယဲ့ချန်ကျွင်းအပြင် လျှို့ဝှက်နယ်မြေရှစ်ခုမှ ကျင့်ကြံသူ များစွာလည်း ပါဝင်နေခဲ့သည်။
မိုးကြိုးနတ်ဘုရား၏ ရှေးဟောင်းကမ္ဘာကနေ ထွက်လာကြသော အင်ပါယာ တစ်ပိုင်း အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည့် ရှားကျန့်နှင့် ချင်ထျန်းကျန့် တို့သည်လည်း ထိုလူစုထဲတွင် ရှိနေကြ၏။
ယဲ့ချန်ကျွင်းတို့က ရုတ်တရက် ရောက်ရှိလာကြသောကြောင့် ယဲ့ထျန်းကျီ၏ မျက်ခုံးများသည် ရုတ်တရက် တွန့်ကွေးသွားခဲ့သည်။
"ချန်ကျွင်း မင်းတို့ ဘယ်လိုလုပ်ပြီး ရောက်လာကြတာလဲ"
"ငါပဲ သူ့ကို ဒီနေရာဆီ ခေါ်လာခိုင်းလိုက်တာ"
ယဲ့ချန်ကျွင်း ပြန်မဖြေမီမှာပင် ရှားကျန့်က ကိုယ်စား ပြန်ဖြေလိုက်သည်။
"ယဲ့ထျန်းကျီ.. လွန်ခဲ့တဲ့နှစ်ပေါင်း(၁၀၀၀၀)က တိုက်ပွဲမှာ ငါတို့ဘိုးဘေး ဟောင်ထျန်းက အင်ပါယာတွေရဲ့ စွမ်းအားကို စုစည်းပြီး သွေးဝိညာဥ် မျိုးနွယ်စုတွေကို သတ်ဖြတ်ပစ်ခဲ့ပေမဲ့ ကျိုးယိုကို သတ်ဖြတ်ဖို့ကတော့ မအောင်မြင်ခဲ့ဘူး.. အဆုံးသတ်မှာ ကျိုးယိုနဲ့ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို ဖိနှိပ်ဖို့ပဲ တတ်နိုင်ခဲ့တယ်.. ဘိုးဘေးက ကျိုးယိုကို နှစ်ပေါင်း (၁၀၀၀၀)လောက်ပဲ ဖိနှိပ်နိုင်လိမ့်မယ် ဆိုတာကို ကြိုသိခဲ့တယ်.. ဒါကြောင့် ငါတို့ ဟောင်ထျန်းသူတော်စင် နယ်မြေမှာ ကျိုးယိုကို သတ်ဖြတ်ဖို့အတွက် လျှို့ဝှက်နည်းလမ်း တစ်ခုကို ချန်ထားရစ်ခဲ့တယ်"
ထိုစကားကိုကြားလျှင် ယဲ့ထျန်းကျီက မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။
"သခင်လေးကျန်းက အခုထိ တံခါးပိတ် ကျင့်ကြံနေတုန်းပဲ.. ဒါကြောင့် သခင်လေးကျန်း တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာတဲ့အထိ ကျွန်တော်တို့ စောင့်ကြရအောင်"
ဤအချိန်တွင် ယဲ့ထျန်းကျီသည် ပလ္လင်နှင့် ပတ်သက်၍ မည်သူ့ကိုမှ တစ်စုံတစ်ရာ မပြုလုပ်စေချင်ခဲ့ပေ။
သွေးဝိညာဥ်မျိုးနွယ်စု၏ ကျင့်ကြံသူများသည် အလွန်ပင် လျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းသော သွေးလမ်းစဥ်နည်းစနစ်များကို ကျွမ်းကျင်ထားကြသည်။
သွေးနတ်ဆိုးနန်းတော်ရှိ လျှို့ဝှက်နည်းစနစ်တချို့ကို တတ်မြောက်ထားသော သွေးဧကရာဇ်များသည်ပင် သတ်ဖြတ်၍ မရနိုင်သော အင်မော်တယ်များပမာ ဖြစ်နေခဲ့သည်။
ကျိုးယိုသည် သွေးဝိညာဥ်မျိုးနွယ်စု၏ အစွမ်းအထက်ဆုံးတပ်မှုးချုပ် ဖြစ်သည်။
ဤကဲ့သို့သော သူကို မည်ကဲ့သို့ အလွယ်တကူ သတ်ဖြတ်နိုင်ပါမည်နည်း။
အကယ်၍သာ သတ်ဖြတ်နိုင်ခဲ့လျှင် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းကပင် အင်ပါယာဟောင်ထျန်းသည် ကျိုးယိုကို တစ်ခါတည်း နှိမ်နင်းခဲ့မည် ဖြစ်ပြီး ရှန်းဝူကုန်းမြေအတွက် ဤမျှကြီးမားသော ဘေးအန္တရာယ်ကို ချန်ထားရစ်ခဲ့မည် မဟုတ်ပေ။
ရှားကျန့်နှင့် တခြားသူများသည် အင်ပါယာဟောင်ထျန်းက သူတို့ကို ပေးအပ်ခဲ့သော လျှို့ဝှက်နည်းစနစ်ကို တကယ်ပင် ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်ထားနိုင်သော်လည်း ၎င်းက ကျိုးယိုကို သေချာပေါက် သတ်ဖြတ်ပစ်နိုင်လိမ့်မည်ဟု အာမမခံနိုင်ပေ။
အကယ်၍ ကျိုးယိုကိုသာ မသတ်ဖြတ်နိုင်ခဲ့လျှင် ရွှမ်းဝူကောင်းကင် အစီအရင်၏ ဟန်ချက်ညီမှုကို ပျက်စီးစေခဲ့ပြီး အစီအရင် ပျက်သုဥ်းမှုကို အရှိန်မြင့်သွားစေမည်ကို သူစိုးရိမ်မိသည်။
ထိုသို့ ဖြစ်လာလျှင် ကျိုးယိုသည် စောစီးစွာ လွတ်မြောက်လာလိမ့်မည် ဖြစ်၏။
"ငါတို့ နန်းတော်သခင်ကျန်းကို ထပ်စောင့်လို့ မဖြစ်တော့ဘူး.. မင်းလည်း ဒီမှာ ရက်ပေါင်းနှစ်ဆယ်ကျော် စောင့်လာတာဆိုတော့ အစီအရင်က ရက်အနည်းငယ်လောက်ပဲ ခံနိုင်ရည်ရှိတော့မှာကို မင်းလည်း သိမယ်လို့ထင်တယ်.. ကျိုးယိုသာ တကယ်ပဲ လွတ်မြောက်လာခဲ့ရင် ငါတို့အတွက် အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး"
ရှားကျန့်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီးနောက်တွင် ယဲ့ထျန်းကျီကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်းဘာအတွက် စောင့်နေလဲဆိုတာ ငါသိတယ်.. နန်းတော်သခင်ကျန်းက ရက်အနည်းငယ်အတွင်း အင်ပါယာနယ်ပယ်အဆင့်ကို အမှန်တကယ် ထိုးဖောက်နိုင်မယ်လို့ မင်းထင်နေတာလား"
ရှားကျန့်သည် ထိုနေ့က နတ်အသွင်ပြောင်း ဒယ်စောက်အိုးအတွက် ယှဥ်ပြိုင်ခြင်းကို လက်လွှတ်ခဲ့ရသော်လည်း နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ရှင်းရှင်းလင်းလင်း သိထားခဲ့သည်။
ဆိုရလျှင် နတ်အသွင်ပြောင်း ဒယ်စောက်အိုးသည် ကျန်းချန်၏ လက်ထဲသို့ ရောက်ရှိနေသည်ကို သူသိထားခဲ့ပြီးပြီ ဖြစ်သည်။
ယခုအခါတွင် ကျန်းချန်သည် နတ်အသွင်ပြောင်း ဒယ်စောက်အိုး၏ စွမ်းအားကို အသုံးပြု၍ ကျင့်ကြံနေခဲ့ကာ အင်ပါယာနယ်ပယ်အဆင့်ကို ထိုးဖောက်ရန် ကြိုးစားနေခဲ့သည်။
သို့ရာတွင် အင်ပါယာ နယ်ပယ်ကို ထိုးဖောက်ရန်မှာ မည်ကဲ့သို့ လွယ်ကူနိုင်ပါမည်နည်း။
ကျန်းချန်က နတ်အသွင်ပြောင်း ဒယ်စောက်အိုးကို ရရှိခဲ့လျှင်ပင် အချိန်တိုအတွင်း ထိုးဖောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ယဲ့ထျန်းကျီနှင့် ရှားကျန့်တို့ စကားပြောဆိုနေစဥ်မှာပင် ပလ္လင်ကနေ ကြောက်မက်ဖွယ်ကောင်းသော သွေးအရှိန်အဝါ တစ်ခုသည် ပေါက်ကွဲထွက်လာခဲ့သည်။
လူတိုင်းက အံ့အားသင့်သွားကြပြီး ပလ္လင်ရှိရာ ဆီသို့ ရုတ်တရက် ကြည့်လိုက်ကြသည်။
ပလ္လင်အောက်ရှိ ကြောက်မက်ဖွယ် သွေးစွမ်းအင်သည် ကောင်းကင်ပေါ်သို့ ထွက်ပေါ်လာခဲ့ပြီး ပလ္လင်အထက်ရှိ ငါးရောင်ခြယ် နတ်အလင်းထံသို့ အရူးအမူး ဝင်ရောက်သွားသည်ကို တွေ့လိုက်ရသည်။
ထိုသွေးစွမ်းအင်၏ သက်ရောက်မှုအောက်တွင် ငါးရောင်ခြယ် နတ်အလင်းသည် တစ်ခဏအတွင်း မှိန်ဖျော့သွားခဲ့၏။
တစ်ချိန်တည်းမှာပင် ပလ္လင်အောက်ကနေ ရယ်သံတစ်သံသည် လူတိုင်း၏ နားထဲကို ဖြည်းညင်းစွာ ပဲ့တင်ထပ်လာခဲ့သည်။
"ဟားဟား နှစ်ပေါင်းထောင်ချီ ဖိနှိပ်ခံထားရပေမဲ့ နောက်ဆုံးတော့ ငါကျိုးယို မျှော်လင့်ခဲ့တဲ့နေ့ကို ရောက်လာတော့မယ်.. အင်ပါယာဟောင်ထျန်း.. မင်းက အင်ပါယာ ၁၀၀ ရဲ့ စွမ်းအားကို စုစည်းပြီး ငါ့ကို နှစ်ပေါင်း(၁၀၀၀၀) ဖိနှိပ်နိုင်ခဲ့တော့ရော ဘာဖြစ်လဲ.. ငါမင်းရဲ့ အစီအရင်ကို ဖျက်ဆီးပြီးတာနဲ့ ဒီရှန်းဝူကုန်းမြေတိုက်က ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုရဲ့ ခြေဖဝါးအောက်ကို ကျရောက်သွားမှာပဲ"
ပလ္လင်အောက်မှ ထွက်ပေါ်လာသော အသံသည် ပတ်ဝန်းကျင်ရှိ လူတိုင်း၏ နှလုံးသားကို အေးစက်သွားစေခဲ့သည်။
"မကောင်းတော့ဘူး ကျိုးယို လွတ်မြောက်လာတော့မယ်"
ရှားကျန့်၏ မျက်နှာအမူအရာက အပြင်းအထန်ပင် ပြောင်းလဲသွားခဲ့ပြီး ယဲ့ထျန်းကျီကို ချက်ချင်းပင် အော်ဟစ် ပြောဆိုလိုက်သည်။
"ယဲ့ထျန်းကျီ မင်းငါ့တို့ကို ဒီလိုပဲ တားဆီးနေတော့မှာလား.. ထပ်ပြီး နှောင့်နှေးနေရင် ငါတို့မှာ တကယ်ပဲ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး"
"မင်းတို့ လုပ်လိုက်ကြတော့"
ယဲ့ထျန်းကျီက ပလ္လင်ပေါ်မှ အန္တရာယ်ရှိသော အခြေအနေကို မြင်တွေ့ပြီးနောက်တွင် ချက်ချင်းဆိုသလို ခွင့်ပြုလိုက်သည်။
အခုအခါတွင် ရွှမ်းဝူကောင်းကင် အစီအရင်၏ စွမ်းအားသည် ကျိုးယိုကို မတားဆီးနိုင်သလောက် ဖြစ်နေခဲ့ပြီ ဖြစ်၏။
ရှားကျန့်နှင့် အခြားသူများ ဘာမှမလုပ်လျှင်ပင် ကျိုးယိုသည် စည်းတံဆိပ်ကို ဖျက်ဆီးလိုက်မည်မှာ သေချာသည်။
ကျန်းချန်က အခုထိ အပြင်မထွက်သေး၍ ယခုအခါတွင် သူသည် ရှားကျန့်နှင့် အခြားသူများကို ကြိုးစားခွင့်ပြုရုံသာ ရှိတော့သည် မဟုတ်ပါလော။
အင်ပါယာဟောင်ထျန်း ချန်ထားရစ်ခဲ့သော နည်းလမ်းသည် ကျိုးယိုကို မသတ်ဖြတ်နိုင်လျှင်ပင် မလွတ်မြောက်လာသေးသော ကျိုးယိုအား အပြင်းအထန် ထိခိုက်အောင် လုပ်ဆောင်နိုင်သ၍ သူတို့အနေဖြင့် တိုက်ခိုက်ရန် အခွင့်အရေး ရှိနိုင်သေး၏။
"အားလုံးပဲ ခဏနေရင် ငါတို့ ဟောင်ထျန်းသူတော်စင် နယ်မြေက အစီအရင်တစ်ခုကို တည်ဆောက်မယ်.. အဲဒီအချိန်မှာ မင်းတို့ရဲ့ အသက်စွမ်းအင်တွေကို အစီအရင်ထဲကို ပေါင်းထည့်ပေးရမယ်.. ဒီလိုမှပဲ ငါတို့အားလုံးရဲ့ ခွန်အားကို ပေါင်းစပ်ပြီး ကျိုးယိုကို သတ်ဖြတ်ဖို့ လုပ်ဆောင်နိုင်လိမ့်မယ်"
ထိုစကားကို ပြောပြီးနောက်တွင် ရှားကျန့်သည် ဟောင်ထျန်းသူတော်စင်နယ်မြေမှ ရှားယွင်ချုံးနှင့် တခြားသူများကို ခေါ်ဆောင်ကာ ပလ္လင်ရှိရာ ဆီသို့ ဦးတည်သွားခဲ့သည်။
သို့သော်လည်း ရှားကျန့်က ဟောင်ထျန်း သူတော်စင်နယ်မြေမှ လူများနှင့်အတူ အစီအရင်ကို စတင် လုပ်ဆောင်တော့မည့် အချိန်တွင် ပလ္လင်ပေါ်ရှိ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်တွင် ရုတ်တရက် ပြင်းထန်သော နေရာလွတ်လှိုင်းများ ဖြစ်ပေါ်လာခဲ့သည်။
တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ပေါ်ရှိ သင်္ကေတများပင် ချက်ချင်း ဆိုသလို တောက်ပလာခဲ့ပြီး ရောင်ခြည်များပင် ထွက်ပေါ်လာခဲ့သည်။
တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ပေါ်ရှိ သင်္ကေတများ လင်းလက်လာသည်နှင့်အမျှ ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေသော သွေးရောင်ပုံရိပ် လေးခုသည် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲကနေ ထွက်ပေါ်လာခဲ့ကြသည်။
ဤမြင်ကွင်းကို မြင်လျှင် ရှားကျန့်နှင့် ယဲ့ထျန်းကျီ အပြင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားကြ၏။
ရွှယ်လင်ကုန်းမြေတိုက်ရှိ သွေးဝိညာဥ်မျိုးနွယ်စုမှ အစွမ်းထက် ကျင့်ကြံသူများ ရောက်ရှိလာချေပြီ မဟုတ်ပါလော။
အခန်း(၁၄၁၉)ပြီး၏။