အခန်း (၁၄၂၃-၁၄၂၆)
Vol. 95 Ch. 1423-1425
အခန်း(၁၄၂၃)
"ကောင်းကင်ထိုးဖောက်သွေးတိမ်တိုက်"
ကျိုးယိုက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ၏ လက်ဖဝါးကို လေထုထဲသို့ ရိုက်ထုတ်လိုက်သည်။
တစ်ခဏအတွင်းမှာပင် ကောင်းကင်နှင့်နေကို လွှမ်းခြုံထားသည့် သွေးတိမ်တိုက်သည် ကောင်းကင်ယံတွင် လှိုင်းထလာခဲ့ပြီး ပေတစ်ထောင်အရွယ်အစားရှိ သွေးလက်ဝါး အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်ကို ဖိနှိပ်လိုက်၏။
ထိုသွေးလက်ဝါး၏ ဖိနှိပ်မှုနှင့်အတူ လေထုက ပြိုကွဲလာခဲ့ပြီး အာကာပြင် အက်ကြောင်းများပင် ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်က တည်ငြိမ်စွာဖြင့်ပင် သွေးလက်ဝါးကို ကြည့်နေခဲ့သည်။
ထို့နောက်တွင် သူ၏ လက်ညှိုးကို ကောင်းကင်ပေါ်သို့ ညွှန်လိုက်ရာ လေထုထဲတွင် ဧရာမ ရွှေရောင်ဓားတစ်လက် ဖြစ်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သယ်ဆောင်ကာ သွေးလက်ဝါးနှင့် ရင်ဆိုင်လိုက်သည်။
"ဝုန်း.."
ကောင်းကင်ယံအထက်တွင် ဧရာမ ရွှေရောင်ဓားနှင့် သွေးလက်ဝါးတို့ ထိပ်တိုက် ဆုံမိသွားကြပြီး နေရာလွတ် အက်ကွဲကြောင်းများသည် ပင့်ကူအိမ် ကဲ့သို့ပင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
"အင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူတွေရဲ့ တိုက်ပွဲက တကယ်ကို သာမန် မဟုတ်ဘူးပဲ"
ကောင်းကင်ယံမှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကိုကြည့်ကာ ချင်ထျန်းကျန့်၏ အမူအရာသည် အလွန်တရာပင်လေးနက်နေခဲ့သည်။
"နန်းတော်သခင်ကျန်းက ကျိုးယိုကို အနိုင်ရဖို့ မလွယ်လောက်ဘူးထင်တယ်.. ကျိုးယိုက အင်ပါယာ ဟောင်ထျန်းထက် မနိမ့်ကျတဲ့ အင်ပါယာတစ်ပါး ဖြစ်ခဲ့ဖူးတယ်.. နှစ်ပေါင်ထောင်ချီကြာအောင် ဖိနှိပ်ခံထားရတဲ့အတွက် သူရဲ့စွမ်းအားက အထွတ်အထိပ် အခြေအနေမှာ မရှိတော့ပေမဲ့ ကျန်းချန် သူ့ကို ယှဥ်နိုင်ဖို့ မလွယ်လောက်ဘူး"
ရှားကျန့်ကလည်း ခေါင်းခါရမ်းကာ မချိပြုံး ပြုံး၍ ပြောလိုက်သည်။
သို့သော် ယခုအခါတွင် ကျန်းချန်သည် ကျိုးယိုကို တားဆီးနိုင်ရန် သူတို့အနေဖြင့် ဆုတောင်းရုံသာ ရှိတော့၏။
ရှားကျန့်နှင့် ချင်ထျန်းကျန့်တို့၏ စကားကို ကြားလျှင် ယဲ့ထျန်းကျီသည် ဝင်ပြောလိုက်သည်။
"မင်းတို့ပြောသလို ကျိုးယိုက အရမ်းသန်မာတယ် ဆိုတာ ငါသိပါတယ်.. ဒါပေမဲ့ နန်းတော်သခင်ကျန်းရဲ့ စွမ်းရည်ကို သာမန်အသိနဲ့ ဖော်ပြလို့မရဘူး"
ကျန်းချန်၏ အရည်အချင်းက မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ယဲ့ထျန်းကျီသည် မည်သူ့ထက်မဆို ကောင်းစွာ သိထားခဲ့သည်။
ကျန်းချန်သည် အင်ပါယာတစ်ပိုင်း နယ်ပယ်အဆင့်သို့ ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် ဥပဒေသများစွာကို ကျွမ်းကျင်ကာ သာမန် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူများကိုပင် ကြက်သတ်သကဲ့သို့ အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့ပြီး အင်ပါယာ တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်များ အကြားတွင် အစွမ်းထက်ဆုံး ကျင့်ကြံသူပင် ဖြစ်လာခဲ့သည်။
ယခု ကျန်းချန်က အင်ပါယာ နယ်ပယ်အဆင့်ကို ထိုးဖောက်သွားပြီ ဖြစ်ရာ သာမန်အမြင်ဖြင့် မည်ကဲ့သို့ ကြည့်၍ ရနိုင်ပါအံ့နည်း။
"ဝုန်း.. ဝုန်း.."
သူတို့ စကားပြောနေစဥ်မှာပင် ကောင်းကင်သည် အဆက်မပြတ် တုန်ခါနေခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော သွေးစွမ်းအားနှင့် ပြင်းထန်သော ဓားစွမ်းအင်တို့သည် ကမ္ဘာကြီးတွင် ပြည့်နှက်နေခဲ့သည်။
ကျိုးယိုသည် သူ၏ တိုက်ခိုက်မှုကို ကောင်းစွာ ရင်ဆိုင်နေသော ကျန်းချန်ကို ကြည့်ကာ သူ၏ မျက်ဝန်းထဲတွင် အံ့သြသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူ၏ လက်ရှိစွမ်းရည်သည် သာမန် အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူနှင့် အတူတူနီးပါး ဖြစ်သော်လည်း သူ၏ အတွေ့အကြုံသည် သူ၏ရှေ့မှ ကောင်လေးထက် များစွာ ကြွယ်ဝ၏။
သို့သော် သူ့ရှေ့မှ ကောင်လေးသည် အင်ပါယာနယ်ပယ် အဆင့်သို့ ထိုးဖောက်ကာစ ဖြစ်သော်လည်း သူနှင့်ပင် တန်းတူ တိုက်ခိုက်နိုင်ခဲ့သည်။
ဤသည်မှာ ကျိုးယို တစ်ခါမှ မတွေးမိဖူးသော အရာ ဖြစ်၏။
"ဒီကောင်လေးက မူလစွမ်းအား ဖြတ်တောက်ခံထားရတဲ့ ရှန်းဝူကုန်းမြေမှာ အင်ပါယာ နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့တာ ဆိုတော့ တကယ်ကို သာမန်မဟုတ်ဘူး"
ကျိုးယို၏ မျက်လုံးတွင် သွေးရောင်အလင်းသည် တလက်လက် တောက်ပနေခဲ့သည်။
သူ့အနေဖြင့် ဤကောင်လေးကို သတ်ဖြတ်ချင်သည် ဆိုလျှင် အဖိုးအခ ကြီးကြီးမားမားကို ပေးဆပ်ရတော့မည်ဟု တွေးမိခဲ့သည်။
"ကောင်လေး အင်ပါယာ နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်တာနဲ့ပဲ ငါ့ကို ယှဥ်ပြိုင်နိုင်မယ်လို့ ထင်မနေနဲ့.. အခု မင်းကို ငါ့ရဲ့ စစ်မှန်တဲ့ စွမ်းအားကို မြင်တွေ့စေမယ်"
ကျိုးယိုက ရေခဲတမျှ အေးစက်သော လေသံဖြင့် ကြုံးဝါးလိုက်ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအားများသည် ပေါက်ကွဲထွက်လာခဲ့သည်။
"ဝုန်း.."
တစ်ခဏအတွင်းမှာပင် ကျိုးယို၏ ပုံရိပ်သည် ရုတ်တရက် မြင့်မားလာခဲ့ပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ခန္ဓာကိုယ် တစ်ခုလုံးသည် ပေထောင်ချီ အမြင့်ရှိသော ဧရာမလူကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ကောင်လေး မင်းက အင်ပါယာ နယ်ပယ်အဆင့်ကို ထိုးဖောက်ကာစ ဖြစ်ပေမဲ့ ငါ့ကို အင်ပါယာခန္ဓာကိုယ် စွမ်းရည်ထုတ်သုံးဖို့ ဖိအားပေးနိုင်တာက တကယ်ကို လက်ဖျားခါလောက်စရာပဲ.. အင်ပါယာခန္ဓာကိုယ် စွမ်းရည်အောက်မှာ သေဆုံးရတဲ့ အတွက် မင်းကိုယ်မင်း ဂုဏ်ယူလို့ရပြီ"
သွေးကဲ့သို့ နီရဲနေသော ဧရာမ လူကြီးသည် ကောင်းကင်ယံတွင် မတ်မတ် ရပ်နေခဲ့ပြီး သွေးနတ်ဘုရား တစ်ပါးကဲ့သို့ ကျန်းချန်ကို စူးစိုက်ကြည့်ကာ ဆန်းကြယ်သည့် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကို ထုတ်လွှတ်နေခဲ့သည်။
သူ၏ အကြည့်တစ်ချက်ဖြင့်ပင် ကမ္ဘာကြီးသည် တွင်းပေါက်ကြီးတစ်ခု ဖြစ်သွားနိုင်သကဲ့သို့ပင်။
"အင်ပါယာခန္ဓာကိုယ်ပါလား"
ကောင်းကင်ယံရှိ ဧရာမသွေးနီရောင်လူကြီးကို မြင်လျှင် ရှားကျန့်နှင့် အခြားသူများ၏ အမူအရာသည် အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
အင်ပါယာနယ်ပယ်အဆင့်ကို ထိုးဖောက်ရန် ကောင်းကင်နှင့်မြေကြီး၏ကပ်ဘေးကို ကျော်ဖြတ်ရမှန်း သူတို့လျှို့ဝှက်နယ်မြေရှစ်ခုက သိထားခဲ့သည်။
အင်ပါယာ နယ်ပယ်အဆင့်သို့ ရောက်လျှင် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို အသုံးပြုကာ အင်ပါယာ ခန္ဓာကိုယ်ကို စုဖွဲ့နိုင်သည်။
ဆိုရလျှင် အင်ပါယာ ခန္ဓာကိုယ်သည် အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူ၏ အပြင်းထန်ဆုံး တိုက်ခိုက်ရေးစွမ်းအား ဖြစ်သည်။
ကျိုးယိုက ယခုအခါတွင် အင်ပါယာ ခန္ဓာကိုယ်ကို ထုတ်ဖော်ထားပြီ ဖြစ်ရာ ကျန်းချန်နှင့် သူသေကိုယ်သေ တိုက်ခိုက်တော့မည်မှာ ထင်ရှားနေ၏။
"ဟားဟား မင်းတစ်ယောက်ပဲ အင်ပါယာ ခန္ဓာကိုယ်ကို ထုတ်ဖော်နိုင်တယ်လို့ ထင်နေတာလား"
လေထုထဲရှိ ကျန်းချန်သည် သူ၏ရှေ့မှ သွေးနီရောင်ဧရာမလူကြီးကို ကြည့်ကာ ခပ်ထေ့ထေ့ ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး လက်ဟန်တချို့ကို ပြုလုပ်လိုက်ရာ မိုးမြေ တစ်ခွင်ရှိ ဓားစွမ်းအင်များသည် ပေါက်ကွဲ၍ ထွက်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲကို တိုက်ရိုက်ပင် ဝင်ရောက်သွားခဲ့သည်။
ထိုဓားအလင်းများက ကျန်းချန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ကျန်းချန်၏ ခန္ဓာကိုယ်သည် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းသောနှုန်းဖြင့် မြင့်မားလာခဲ့သည်။
အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် ကျန်းချန်၏ ခန္ဓာကိုယ်သည် အလွန်တရာ မြင့်မားလာခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်တော့မည့် နတ်ဘုရား ဓားတစ်လက် ကဲ့သို့ ဖြစ်နေကာ ထူးခြားသော ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဓားစွမ်းအင်ကို ထုတ်လွှတ်နေခဲ့သည်။
"မင်းက အင်ပါယာ အဆင့်ကို ထိုးဖောက်ကာစ ဖြစ်ပေမဲ့ ဓားစွမ်းရည်ကို ဒီလောက်အထိ အသုံးပြုနိုင်တာ ဆိုတော့ တကယ်ကို မဆိုးဘူးပဲ.. ဒါပေမဲ့ မင်းဘယ်လောက်ပဲ ပါရမီရှိပါစေ.. ဒီနေ့ ငါ့ရဲ့ လက်ထဲမှာ သေချာပေါက် ကျဆုံးရလိမ့်မယ်"
ကျိုးယို၏ သွေးရောင်မျက်လုံးတွင် ဒေါသရိပ်များ ထွက်ပေါ်လာခဲ့သည်။
သူက ချက်ချင်းဆိုသလိုပင် သွေးလက်သီးကို ထုတ်ဖော်ကာ ကျန်းချန်ကို ထိုးနှက်လိုက်၏။
တစ်ခဏအတွင်းမှာပင် ကြောက်မက်ဖွယ် သွေးစွမ်းအားများပါဝင်သော လက်သီးချက်သည် ကျန်းချန်ဆီသို့ ကျရောက်လာခဲ့သည်။
"ပျက်စီးစမ်း"
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီး ဓားစွမ်းအင် တစ်ခုကို ထုတ်လွှတ်လိုက်သည်။
ဓားစွမ်းအင်နှင့် သွေးစွမ်းအင်တို့သည် လေထဲတွင် ထိပ်တိုက် ဆုံမိသွားကြပြီး ကမ္ဘာကြီးကိုပင် ဖျက်ဆီးနိုင်လောက်သော ကျယ်လောင်သော အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
ထို့နောက်တွင် ကျန်းချန်နှင့် ကျိုးယိုတို့၏ မြင့်မားသော ခန္ဓာကိုယ် နှစ်ခုစလုံးသည် လေထုထဲတွင် ပေထောင်ချီ အကွာအဝေးအထိ နောက်ဆုတ်လိုက်ရသည်။
သူတို့က ဧရာမအရွယ်အစားသို့ ရောက်ရှိနေ၍ သူတို့၏ ခြေလှမ်းတစ်လှမ်းချင်းစီသည် ပေရာချီ အကွာအဝေးကိုပင် ရောက်ရှိစေခဲ့သည်။
နှစ်ဦးစလုံးက သူတို့၏ ခန္ဓာကိုယ် ဟန်ချက်ကို ပြန်လည်ထိန်းချုပ်ပြီးနောက်တွင် ပြင်းထန်သော တိုက်ကွက်များကို ကိုယ်စီထုတ်ဖော်ကာ ထပ်မံ တိုက်ခိုက်လိုက်ကြသည်။
"ဝုန်း.."
ဧရာမ အရွယ်အစားရှိသည့် ကျင့်ကြံသူ နှစ်ဦးသည် နတ်ဘုရားများကဲ့သို့ လေထုထဲတွင် အဆက်မပြတ် ရင်ဆိုင်နေခဲ့ပြီး တောင်တန်းများနှင့် မြစ်များကို ပြိုကျစေကာ နေနှင့်လကိုပင် ဗြောင်းဆန်စေခဲ့သည်။
ယဲ့ထျန်းကျီနှင့် အခြားသူများသည် ကျန်းချန်နှင့် ကျိုးယိုတို့ တိုက်ခိုက်နေသည်ကို ကြည့်ကာ အံ့အားသင့်သွားကြသည်။
၎င်းတို့ ပတ်ဝန်းကျင်ရှိ အာကာပြင်က အဆက်မပြတ် ပြိုကျနေခဲ့ပြီး တစ်ချိန်တည်းမှာပင် အဆက်မပြတ် ပြန်လည်ပြုပြင်နေသောကြောင့် ကြည့်ရှုနေကြသည့် လူများကို ကြောက်မက်ဖွယ်ကောင်းသော သံသရာလည်သည့် ခံစားချက်အား ပေးစွမ်းနေခဲ့သည်။
တိုက်ကွက် အနည်းငယ်ရင်ဆိုင်ပြီးနောက်တွင် ကျန်းချန်သည် ဓားဥပဒေသကို အထူးပြုကာ ကျန်ဥပဒေသ လေးခုကို ပေါင်းစပ်၍ ပြင်းထန်သော တိုက်ကွက်ကို ထုတ်ဖော်ကာ ကျိုးယိုကို ဖိနှိပ်လိုက်သည်။
"ဝုန်း.."
ကြောက်မက်ဖွယ်ရာကောင်းသော ဥပဒေသ စွမ်းအားသည် ကျိုးယို၏ တိုက်ကွက်ကို တစ်ခဏအတွင်း ချေမှုန်းလိုက်ပြီး ကျိုးယို၏ ခန္ဓာကိုယ်ပေါ်သို့ပင် ကျရောက်သွားခဲ့သည်။
ကျန်းချန်၏ တိုက်ခိုက်မှုအောက်တွင် ပေထောင်ချီ ရှည်လျားသော ခန္ဓာကိုယ်သည် ပေရာချီ အကွာအဝေးထိ နောက်ပြန်လွင့်စင်သွားခဲ့သည်။
"ငါတို့နိုင်သွားပြီလား"
လေထုထဲမှ မြင်ကွင်းကိုကြည့်ကာ အောက်ဘက်ရှိ ယဲ့ထျန်းကျီနှင့် အခြားသူများ၏ မျက်ဝန်းထက်တွင် ပျော်ရွှင်သောအမူအရာများ ဖြစ်ပေါ်လာခဲ့ကြသည်။
အခန်း(၁၄၂၃)ပြီး၏။
အခန်း(၁၄၂၄)
"ဒီကောင်လေးက သာမန်အတွေးလောက်နဲ့ ခန့်မှန်းလို့မရတဲ့ မွန်းစတားတစ်ကောင်ပဲ"
ရှားကျန့်က လေထုထဲမှ တိုက်ပွဲအခြေအနေကို ကြည့်ကာ မှင်တက်ရာကနေ ပြန်လည် သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
ကျန်းချန်သည် အင်ပါယာ နယ်ပယ်အဆင့်ကို မကြာသေးခင်ကမှ ထိုးဖောက်ထားသော အင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
ကျိုးယိုသည် ဤအချိန်တွင် သာမန် အင်ပါယာနယ်ပယ်အဆင့် စွမ်းအားသာ ရှိနေသည့်တိုင် ကျန်းချန်သည် ကျိုးယိုနှင့် ယှဥ်ပြိုင်ရန် ခက်ခဲသင့်၏။
သို့သော်လည်း အင်ပါယာနယ်ပယ်ကို ယခုမှသာ ထိုးဖောက်ကာစ ဖြစ်သည့် ကျန်းချန်သည် အင်ပါယာ ဥပဒေသ အပေါ် ကျွမ်းကျင်မှုတွင် ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ရောက်ရှိနေမည်ဟု သူ မထင်ထားခဲ့ပေ။
ကျိုးယိုပင်လျှင် ကျန်းချန်၏ ဖိနှိပ်မှုကို ခံခဲ့ရသည်။
"မကောင်းတော့ဘူး.. တပ်မှုးချုပ် ကျိုးယိုက အခုမှလွတ်မြောက်လာတာ ဆိုတော့ သူ့ရဲ့ အထွတ်အထိပ်အခြေအနေကို ပြန်လည် မရောက်ရှိသေးဘူး.. တပ်မှုးချုပ်ကျိုးယိုက ရှန်းဝူကုန်းမြေက အင်ပါယာကို မယှဥ်နိုင်မှာ ငါစိုးရိမ်မိတယ်"
ကျိုးယိုက ကျန်းချန်နှင့် တိုက်ပွဲတွင် အနည်းငယ် အရေးနိမ့်နေသည်ကို မြင်လျှင် သွေးဝိညာဥ်မျိုးနွယ်စုမှ အင်ပါယာတစ်ပိုင်း ပုဂ္ဂိုလ်တစ်ဦး၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူတို့လူစုကို ဦးဆောင်လာသော လူလတ်ပိုင်းအရွယ်အမျိုးသား၏ မျက်လုံးများကမူ တောက်ပနေဆဲပင်။
"ထပ်ပြီး စောင့်ကြည့်ပါဦး.. တပ်မှုးချုပ် ကျိုးယိုရဲ့စွမ်းအားက အထွတ်အထိပ်အခြေအနေမှာ မရှိရင်တောင် ဘယ်လိုမှ ရှုံးနိမ့်နိုင်မှာ မဟုတ်ဘူး"
"ကျိုးယို ခင်ဗျားက ရွှမ်းဝူကောင်းကင် အစီအရင်မှာ နှစ်ပေါင်း ထောင်ချီကြာအောင် ဖိနှိပ်ခံထားရတဲ့ အတွက် ခင်ဗျားရဲ့သွေးအဆီအနှစ်နဲ့ စွမ်းအင်တွေက ခင်ဗျား အထွတ်အထိပ်မှာ ရှိစဥ်က အခြေအနေရဲ့ ၁၀ပုံ ၁ပုံလောက်ပဲ ရှိတယ်.. ခင်ဗျားရဲ့ လက်ရှိစွမ်းရည်က ကျွန်တော့်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး ထင်တယ်"
ကျန်းချန်က ကျိုးယိုကို မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။
ကျန်းချန်၏ စကားကိုကြားလျှင် ကျိုးယို၏ မျက်နှာသည် အလွန်အမင်း အကျည်းတန်လာခဲ့သည်။
ကျိုးယိုသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို မည်သူ့ထက်မဆို ကောင်းစွာသိ၏။
သူက လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀၀)ခန့်တွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ရွှမ်းဝူကောင်းကင် အစီအရင်ဖြင့် ဖိနှိပ်ခံခဲ့ရသည်။
မည်သို့ပင်ဖြစ်စေကာမူ ပုံမှန်အားဖြင့် အင်ပါယာနယ်ပယ်အဆင့်သို့ ယခုမှသာ ထိုးဖောက်ကာစ ဖြစ်သော ကောင်လေးတစ်ယောက်ကို အလွယ်တကူ နှိမ်နင်းနိုင်သင့်၏။
ဤအချိန်တွင် ကျိုးယိုသည် ကျန်းချန်ကို အထင်အမြင်သေးမိခဲ့မှန်း ကောင်းစွာ သဘောပေါက်သွားခဲ့သည်။
ဤကောင်လေး၏ သွေးစွမ်းအားသည် မူလကတည်းကပင် ထူးခြားသည်။
ထို့အပြင် ကြောက်မက်ဖွယ်ရာကောင်းသော ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ရှိပြီး ကိုယ်ခံပညာ ဥပဒေသများနှင့် ပေါင်းစပ်လိုက်သောအခါတွင် ဤကောင်လေး၏ စွမ်းရည်သည် သာမန် အင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူများထက် များစွာ ပို၍ အားကောင်းနေခဲ့သည်။
ယင်းအပြင် ၎င်းသည် ဓားဥပဒေသများကို အပြည့်အဝ ကျွမ်းကျင်နေသည့် အပြင် တခြားသော ဥပဒေသလေးခု၏ ၇၀ ရာခိုင်နှုန်းကျော်ကိုပါ ကျွမ်းကျင်နေသေး၏။
ထိုဥပဒေသများ၏ စွမ်းအားကို ပေါင်းစည်းလိုက်သောအခါ ထွက်ပေါ်လာသော စွမ်းအားသည် အလွန်ပင် ရင်ဆိုင်ရ ခက်ခဲသည်။
ဤအတိုင်းသာ ဆက်သွားနေမည် ဆိုလျှင် သူသည် ဤကောင်လေး၏ လက်ထဲတွင် အမှန်တကယ် ရှုံးနိမ့်သွားမည်မှာ သေချာသလောက်ပင်။
"ကောင်လေး သိပ်ပျော်မနေနဲ့.. လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀၀၀)တုန်းက ရှန်းဝူကုန်းမြေမှာ ငါကျိုးယိုက အင်ပါယာဟောင်ထျန်းကိုတောင် ဂရုစိုက်ခဲ့တာမဟုတ်ဘူး.. မင်းလို အင်ပါယာ နယ်ပယ်အဆင့်ကို အခုမှ ထိုးဖောက်လာတဲ့ အင်ပါယာတစ်ယောက် ဆိုရင်တော့ စကားထဲ ထည့်ပြောစရာတောင် မလိုအပ်ဘူး"
စကားဆုံးသည်နှင့် ကျိုးယိုသည် သူ၏ လက်များကို ရင်ဘတ်နားတွင် ကပ်ကာ ထူးဆန်းသော လက်ဟန်များကို ရုတ်တရက်ပြုလုပ်လိုက်သည်။
မကြာခင်မှာပင် ကျိုးယို၏ ခေါင်းအထက်၌ ဆန်းကြယ်သောသွေးတိမ်တိုက်သည် တစ်ခဏအတွင်း စုစည်းသွားခဲ့သည်။
ထိုသွေးတိမ်တိုက် စတင် စုဖွဲ့လာသောအခါတွင် လက်ဖဝါးအရွယ်အစားမျှသာ ရှိသော်လည်း ကျိုးယို၏ လက်ဟန်များ ပြောင်းလဲမှုနှင့် အတူ ထိုသွေးတိမ်တိုက်၏ အရွယ်အစားသည် လေထုထဲတွင် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သွေးတိမ်တိုက်၏ အရွယ်အစားသည် လေထုထဲတွင် မိုင်(၁၀၀)ခန့် ပြည့်နှက်သွားခဲ့သည်။
ကျိုးယိုက သွေးဆာနေသော မျက်ဝန်းများဖြင့် ကျန်းချန်ကို ခပ်တင်းတင်း စူးစိုက်၍ ကြည့်လိုက်ပြီး ခံစားချက်ကင်းမဲ့သော ရေခဲတမျှ အေးစက်စက် အသံဖြင့် ကြုံးဝါးလိုက်သည်။
သူ၏ အသံသည် တစ်ခဏအတွင်း ကမ္ဘာတစ်ဝန်းလုံးတွင် ပဲ့တင်ထပ်သွားခဲ့၏။
"ကောင်လေး ငါ့ရဲ့ အထွတ်အထိပ် ကိုယ်ခံပညာကို မြည်းစမ်းကြည့်လိုက်.. သွေးဆာလောင်ဓား စုဖွဲ့စမ်း"
အေးစက်စက် ကြုံးဝါးသံ အဆုံးသတ်သည်နှင့် ကျိုးယိုသည် သူ၏ လက်ကို ဆန့်ထုတ်ကာ ကောင်းကင်ယံရှိ သွေးတိမ်တိုက်ကို ရုတ်တရက် လှုံ့ဆော်လိုက်သည်။
သွေးတိမ်တိုက်သည် ချက်ချင်းဆိုသလိုပင် လေထုထဲ၌ လျှို့ဝှက်ဆန်းကြယ်သော သွေးဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သွေးဆာလောင်သော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။
ထိုသွေးဓားသည် အလွန်ပင် ထူးဆန်းပြီး ကမ္ဘာကြီးကို လွှမ်းမိုးနိုင်သော ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအားများ ပါဝင်နေခဲ့သည်။
ကျန်းချန်၏ လက်ရှိစွမ်းအားဖြင့်ပင် ထိုသွေးဓားကို အန္တရာယ်ရှိသည်ဟု ခံစားမိခဲ့သည်။
ရှားကျန့်သည် လေထုထဲရှိ ကြောက်မက်ဖွယ်ရာကောင်းသော လျှို့ဝှက်ဆန်းကြယ်သည့် သွေးဓားကို မြင်လျှင် မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့၏။
"ဒါ.. ဒါက သွေးဆာလောင်တဲ့ဓားပဲ"
"သွေးဆာလောင်တဲ့ဓား ဆိုတာဘာလဲ"
ရှားကျန့်၏ စကားကိုကြားလျှင် ယဲ့ထျန်းကျီ၏ အမူအရာသည် တစ်ခဏအတွင်းမှာပင် အလွန်တရာ လေးနက်သွားခဲ့သည်။
ကျိုးယို ထုတ်ဖော်ခဲ့သော ဤကိုယ်ခံပညာသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။
ဤလျှို့ဝှက်ဆန်းကြယ်သည့် သွေးဆာလောင်သောဓားအား ကျန်းချန် မတားဆီးနိုင်မည်ကို သူ စိုးရိမ်နေမိသည်။
"ငါတို့ ဟောင်ထျန်းသူတော်စင်နယ်မြေရဲ့ မှတ်တမ်းတွေအရဆိုရင် ဒီကိုယ်ခံပညာက ကျိုးယိုရဲ့ အစွမ်းအထက်ဆုံး ကိုယ်ခံပညာပဲ.. ဒီကိုယ်ခံပညာရဲ့အဆင့်က နတ်တစ်ပိုင်းအဆင့်ကိုတောင် ကျော်လွန်သွားခဲ့ပြီ"
ရှားကျန့်က အသက်ကို ခပ်ပြင်းပြင်းရှူ၍ အလေးအနက်ပြောလိုက်သည်။
"ငါတို့ရဲ့ ဘိုးဘေးဖြစ်တဲ့ အင်ပါယာဟောင်ထျန်းက ဒီကိုယ်ခံပညာကြောင့် အများကြီး အခက်တွေ့ခဲ့ရတယ်"
ကျိုးယို ထုတ်ဖော်လိုက်သော ကိုယ်ခံပညာက နတ်တစ်ပိုင်းအဆင့် ကိုယ်ခံပညာထက်ပင် သာလွန်သော ကိုယ်ခံပညာရပ်ဖြစ်သည်ကို သိလျှင် လူတိုင်းသည် အသက်ရှူရပ်မတတ်ပင် တုန်လှုပ်သွားကြသည်။
သူတို့အားလုံးက ကျန်းချန်ကို အလွန်တရာပင် စိတ်ပူပန်လာကြ၏။
ဤကပ်ဘေးကနေ ရှန်းဝူကုန်းမြေတိုက် လွတ်မြောက်နိုင်မလား ဆိုသည်မှာ ကျန်းချန်သည် ကျိုးယို၏ တိုက်ခိုက်မှုကို တားဆီးနိုင်မလား ဆိုသည့်အပေါ်တွင် အဓိက မူတည်သည် မဟုတ်ပါလား။
"ကောင်လေး မင်းတော့ အဆုံးသတ်ပြီ"
ကျိုးယိုက သူ၏ လက်ဝါးကို ဆန့်ထုတ်ကာ လျှို့ဝှက်ဆန်းကြယ်သော သွေးဆာလောင်ဓားကို တိုက်ရိုက်ပင် ဆုပ်ကိုင်လိုက်သည်။
ထိုအချိန်မှာပင် ဆန်းကြယ်သော သွေးဖိအားသည် သွေးဆာလောင်သောဓားကနေ ထွက်ပေါ်လာခဲ့သည်။
ထိုအရှိန်အဝါကို ခံစားမိလျှင် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူ များစွာသည် ခန္ဓာကိုယ်များ တဆတ်ဆတ် တုန်ယင်သွားခဲ့ပြီး သွေးများကို အန်ထုတ်လိုက်ရသည်။
ယဲ့ထျန်းကျီကဲ့သို့ အင်ပါယာတစ်ပိုင်းအဆင့် ပုဂ္ဂိုလ်များသည်ပင် မျက်နှာများ ဖြူဖျော့သွားခဲ့ကြ၏။
"ကျိုးယို ခင်ဗျားပြောတာမှန်တယ် ဒီတိုက်ပွဲက တကယ်ပဲ ပြီးဆုံးသင့်ပြီ.. ဒါပေမဲ့ ဒီနတ်တစ်ပိုင်းအဆင့် ကိုယ်ခံပညာလောက်နဲ့ ငါ့ကို အနိုင်ယူချင်တယ် ဆိုရင်တော့ ရူးမိုက်လွန်းတာပဲ ဖြစ်လိမ့်မယ်.. ဒီကမ္ဘာမှာ နတ်အဆင့် ကိုယ်ခံပညာကို ပိုင်ဆိုင်ထားတဲ့သူက ခင်ဗျားတစ်ယောက်တည်း မဟုတ်ဘူး"
ကျန်းချန်က မောက်မာစွာ ကြုံးဝါးလိုက်ပြီးနောက်တွင် ဆန်းကြယ်သော လက်ဟန်များကို ချက်ချင်းပင် ထုတ်ဖော်လိုက်သည်။
တစ်ခဏ အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်ကနေ ခမ်းနားသောရွှေရောင်အလင်းများ ထွက်ပေါ်လာခဲ့ပြီး မိုင်(၁၀၀) အချင်းရှိသော နေရာလွတ် တစ်ခုလုံးကို ထိုရွှေရောင်အလင်းဖြင့် လွှမ်းခြုံလိုက်သည်။
တဖြည်းဖြည်းနှင့် လေထုထဲရှိ ရွှေရောင်အလင်းသည် အဆတ်မပြတ် ပြောင်းလဲကာ စုဖွဲ့လာခဲ့ပြီး အဆုံးသတ်တွင် ပေ(၁၀၀၀) အရွယ်အစားရှိ လျှို့ဝှက်ဆန်းကြယ်သော ရွှေရောင် စည်းတံဆိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤသည်မှာ လူသားဧကရာဇ် စည်းတံဆိပ်၏ ဒုတိယမြောက်စည်းတံဆိပ်ဖြစ်သော ကျူးရှန်းစည်းတံဆိပ် ဖြစ်သည်။
ကျိုးယို၏ အစွမ်းအထက်ဆုံး ကိုယ်ခံပညာကို ရင်ဆိုင်ရလျှင် ကျန်းချန်သည် သူသိပ်မကြာခင်ကမှ နားလည်ခဲ့သော ကျူးရှန်းစည်းတံဆိပ်ကို အဆုံးသတ်တွင် အသုံးပြုခဲ့သည်။
"ဒါက.."
ကျိုးယိုက လေထုထဲရှိ အလွန်ရင်းနှီးသော ဧရာမ ရွှေရောင် စည်းတံဆိပ်ကို မြင်လျှင် အဆုံးသတ်တွင် သူ၏ မျက်လုံးထဲ၌ ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
"လူသားဧကရာဇ်စည်းတံဆိပ်ရဲ့ ကျူးရှန်း စည်းတံဆိပ်ပါလား"
သူ၏ရှေ့မှ လူငယ်လေး၏ တိုက်ခိုက်ရေးစွမ်းအင်သည် သာမန် အင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူများထက် များစွာ သာလွန်ရုံသာမက ရွှယ်လင်ကုန်းမြေတိုက်မှ လူသားမျိုးနွယ်စု၏ စည်းတံဆိပ်ကိုပါ ပိုင်ဆိုင်ထားခဲ့သည်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
သိထားရမည်မှာ ရွှယ်လင်ကုန်းမြေတိုက်တွင် လူသားမျိုးနွယ်၏ လူသားဧကရာဇ်သာလျှင် လူသားဧကရာဇ် စည်းတံဆိပ်တော်ကို ကျင့်ကြံရန် အရည်အချင်း ပြည့်မီသည်။
ကျိုးယိုသည် သူတို့ သွေးဝိညာဥ်မျိုးနွယ်စုမှ အစွမ်းထက်ကျင့်ကြံသူများကိုပင် ကြောက်ရွံ့စေသော နတ်အဆင့်ကိုယ်ခံပညာက ရှန်းဝူကုန်းမြေတိုက်တွင် ပေါ်ထွက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
"ကျိုးယို ခင်ဗျားဆီမှာ သွေးဆာလောင်တဲ့ဓား ရှိပေမဲ့ ငါ့မှာ လူသားဧကရာဇ် စည်းတံဆိပ်ရှိတယ်.. ဒီစည်းတံဆိပ်နဲ့ ငါက မင်းရဲ့ ဘဝကို အဆုံးသတ်ပေးလိုက်မယ်.. မင်းသေမင်းဆီကို အလည်သွားလို့ရပြီ"
ကျန်းချန်၏ အေးစက်စက် စကားလုံးများသည် ကောင်းကင်ယံ တစ်လျှောက်တွင် ပဲ့တင်ထပ်နေခဲ့သည်။
ထို့နောက်တွင် ကျန်းချန်က သူ၏လက်ဝါးကို လှုပ်ရှားလိုက်ရာ ကောင်းကင်ယံရှိ ဧရာမ ရွှေရောင်စည်းတံဆိပ်သည် တစ်ခဏအတွင်းမှာပင် ပေထောင်ချီ အကွာအဝေးကို ကျော်ဖြတ်လာခဲ့ပြီး ထိုက်စန်းတောင် ကဲ့သို့ပင် ကျိုးယိုဆီသို့ ဆင်းသက်လာခဲ့သည်။
အခန်း(၁၄၂၄)ပြီး၏။
အခန်း(၁၄၂၅)
"ဝုန်း.."
ရွှေရောင်စည်းတံဆိပ်နှင့် သွေးဆာလောင်သောဓားတို့ ထိပ်တိုက် ဆုံမိသွားပြီးနောက်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်း တစ်ခုသည် ပတ်ဝန်းကျင်တစ်ခုလုံးကို တိုက်ခိုက်သွားခဲ့သည်။
ပေထောင်ချီ အကျယ်အဝန်းရှိ နေရာလွတ် တစ်ခုလုံးသည် ထိုကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းအောက်တွင် ဘာမှ မကျန်ရှိတော့ပေ။
ယဲ့ထျန်းကျီနှင့် တခြားသူများပင် ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအား၏ ရိုက်ခတ်မှုကြောင့် ပေရာချီ အကွာအဝေးအထိ နောက်ဆုတ်သွားခဲ့ကြသည်။
သူတို့ အားလုံး၏ အကြည့်သည် ကောင်းကင်ယံရှိ လေထုထဲကို ရောက်ရှိနေကြသည်။
အားလုံးက တိုက်ပွဲ၏ရလဒ်ကို သိရှိလိုနေကြ၏။
ခဏအကြာတွင် အရာအားလုံး ငြိမ်သက်သွားခဲ့ပြီး ပုံရိပ်နှစ်ခုသည် လေထုထဲတွင် ဖြည်းညင်းစွာပေါ်လာခဲ့သည်။
ကျန်းချန်က မျက်နှာတစ်ခုလုံး ဖြူဖျော့နေခဲ့ပြီး နှုတ်ခမ်းထောင့်ကနေ သွေးများ ယိုစီးကျနေခဲ့သည်။
ကျန်းချန်နှင့် ပေ(၁၀၀၀) အကွာရှိ ကျိုးယိုကမူ ကျန်းချန်ထက်ပင် ပို၍ ဆိုးရွားနေခဲ့သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးပုံရိပ် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်၏ ကျူးရှန်း စည်းတံဆိပ်အောက်တွင် ကျိုးယို၏ ခန္ဓာကိုယ်သည် ဖျက်ဆီးခံလိုက်ရပြီး နတ်ဝိညာဥ်သာလျှင် အသက်ရှင် ကျန်ရစ်ခဲ့သည်မှာ ထင်ရှားနေသည်။
"ဟားဟား ငါတို့အနိုင်ရပြီ.. နန်းတော်သခင်ကျန်း ရှုံးနိမ့်မှာမဟုတ်ဘူး ဆိုတာ ငါသိသားပဲ"
လေထုထဲရှိ တိုက်ပွဲအခြေအနေကို မြင်လျှင် လူသားဧကရာဇ်နန်းတော်ရှိ ကျင့်ကြံသူ များစွာသည် စိတ်လှုပ်ရှားစွာဖြင့်ရယ်မောလိုက်ကြသည်။
သို့သော် ရှားကျန့်နှင့် လျှို့ဝှက်နယ်မြေရှစ်ခုမှ ကျင့်ကြံသူများကမူ သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ မှင်တက်နေခဲ့ကြပြီး အံ့အားသင့်မှုကနေ ပြန်လည် သက်သာလာရန် ခက်ခဲနေခဲ့ကြသည်။
လျှို့ဝှက်နယ်မြေရှစ်ခုမှ ကျင့်ကြံသူများ ဖြစ်သည့် ရှားကျန့်နှင့် အခြားသူများ၏ ကျိုးယိုအပေါ် နားလည်မှုသည် သာမန်လူများထက် သာလွန်သည်။
ထိုအချိန်က ကျိုးယိုသည် မည်မျှပင် ကြောက်မက်ဖွယ်ရာကောင်းခဲ့မှန်း သူတို့ ရှင်းရှင်းလင်းလင်း သိထားခဲ့၏။
သိထားရမည့်အချက်မှာ ထိုအချိန်က အင်ပါယာဟောင်ထျန်းသည်ပင် ရှန်းဝူကုန်းမြေမှ အင်ပါယာ များစွာကို ဦးဆောင်၍ ရင်ဆိုင်ခဲ့သော်လည်း အဆုံးသတ်တွင် ကျိုးယိုကို မဖျက်ဆီးနိုင်ခဲ့ပေ။
ယခုအခါတွင် ကျိုးယိုသည် သူ၏ အထွတ်အထိပ်ကာလကကဲ့သို့ အစွမ်းမရှိတော့လျှင်ပင် သာမန် အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူသည် သူ့ကို ယှဥ်ပြိုင်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း အင်ပါယာ နယ်ပယ်အဆင့်သို့ ထိုးဖောက်ကာစ ဖြစ်သော ကျန်းချန်သည် ကြောက်မက်ဖွယ် စွမ်းရည်များကို ထုတ်သုံးခဲ့ပြီး ကျိုးယိုကို အနိုင်ယူသွားလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
ကျိုးယိုက နတ်တစ်ပိုင်းအဆင့် ကိုယ်ခံပညာကို ထုတ်ဖော်ခဲ့သည့်တိုင် ကျန်းချန်၏ ဧရာမ ရွှေရောင်စည်းတံဆိပ်ဖြင့် ဖိနှိပ်ခံခဲ့ရပြီး ခန္ဓာကိုယ်ပင် လုံးဝ ဖျက်ဆီးခံခဲ့ရသည်။
တစ်ဖက်တွင်လည်း သွေးဝိညာဥ်မျိုးနွယ်စုမှ ကျင့်ကြံသူ သုံးယောက်ကို ဦးဆောင်လာသော လူလတ်ပိုင်းအရွယ်အမျိုးသားသည် ကျိုးယို ရှုံးနိမ့်သွားသည်ကို မြင်လျှင် မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
"ငါတို့ဘယ်လောက်ပဲ ပေးဆပ်ရပါစေ.. တပ်မှုးချုပ် ကျိုးယိုကို ရွှယ်လင်ကုန်းမြေတိုက်ဆီ ရအောင် ပြန်ခေါ်သွားကြမယ်"
ပြင်းထန်သော ကြုံးဝါးသံနှင့်အတူ လူလတ်ပိုင်းအရွယ်အမျိုးသားသည် သူ၏ အဖော်သုံးယောက်နှင့် အတူ ချက်ချင်းဆိုသလိုပင် ကျိုးယို ရှိသောနေရာဆီသို့ အပြေးအလွှား သွားရောက်ခဲ့ကြသည်။
"သူတို့ကို တားထား"
ထိုမြင်ကွင်းကို မြင်လျှင် ယဲ့ထျန်းကျီသည် ကျင့်ကြံသူများကိုဦးဆောင်ကာ သွေးဝိညာဥ် မျိုးနွယ်စုမှ အင်ပါယာတစ်ပိုင်း အဆင့် ကျင့်ကြံသူ လေးယောက်ကို တားဆီးလိုက်သည်။
"ကျိုးယို မင်းရှုံးသွားပြီ"
ကျန်းချန်က နတ်ဝိညာဥ်သာလျှင် ကျန်ရှိတော့သော ကျိုးယိုကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
"အင်ပါယာဟောင်ထျန်းနဲ့ တခြားအင်ပါယာတွေ နှစ်ပေါင်း (၁၀၀၀)အကြာက မလုပ်ဆောင်နိုင်ခဲ့တဲ့ အရာကို ဒီနေ့ ငါ အဆုံးသတ်ပေးမယ်"
"ဟားဟား ကောင်လေး.. မင်းဒီနေ့ ငါ့ကို အနိုင်ယူပြီး ငါ့ရဲ့အင်ပါယာ ခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်ခဲ့ပေမဲ့ ငါ့ကို ဘယ်လိုမှ သတ်နိုင်မှာ မဟုတ်ဘူး.. မင်းငါ့ကို စောင့်နေပါ.. ငါအင်ပါယာခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းပြီး အထွတ်အထိပ် အခြေအနေကို ပြန်လည်ရရှိတာနဲ့ မင်းတို့ ရှန်းဝူကုန်းမြေတိုက်ကို ဆယ်ဆ ပြန်လည်ပေးဆပ်စေမယ်"
ကျိုးယိုက ကျန်းချန်ကို မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။
ထို့နောက်တွင် သူ၏ နတ်ဝိညာဥ်ပုံရိပ်သည် သွေးစီးကြောင်းအဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့ပြီး အင်ပါယာမြှုပ်နှံခြင်းချောက်နက် အတွင်းဆီသို့ ဆင်းသက်သွားခဲ့သည်။
ဤကောင်လေးသည် နတ်ဆိုးဆန်သော ပါရမီရှိသည့် အပြင် ထူးခြားသော တိုက်ပွဲဝင်စွမ်းရည် ရှိပြီး ရွှယ်လင်ကုန်းမြေတိုက်မှ လူသားမျိုးနွယ်စု၏ အင်ပါယာ စည်းတံဆိပ်ကိုပင် ပိုင်ဆိုင်ထားခဲ့သည်။
လက်ရှိအခြေအနေတွင် သူသည် ကျန်းချန်၏ ပြိုင်ဘက် လုံးဝမဟုတ်ပေ။
ထို့ကြောင့် ရွှယ်လင်ကုန်းမြေတိုက်ကို ဦးစွာ ပြန်သွားပြီး သူ၏ စွမ်းအားကို ပြန်လည် ထူထောင်ပြီးမှသာလျှင် ရှန်းဝူကုန်းမြေဆီသို့ ပြန်လာကာ ကျန်းချန်ကို လက်စားချေမည် ဖြစ်၏။
"ငါ့မှာ လူသားဧကရာဇ် စည်းတံဆိပ် ရှိတယ်ဆိုတာကို သိလျက်နဲ့ မင်းက ငါ့ရဲ့လက်ထဲကနေ ထွက်ပြေးချင်တယ်လား.. ဒါက အရမ်းကို ရူးသွပ်လွန်းတဲ့လုပ်ရပ်ပဲ"
ကျန်းချန်က ကြုံးဝါးပြီးသည်နှင့် လက်ဟန်တချို့ကို ထုတ်ဖော်လိုက်ရာ ဧရာမ အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ် တစ်ခုသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး ကျိုးယိုကို ဖိနှိပ်လိုက်သည်။
"လူသားဧကရာဇ် စည်းတံဆိပ်ရဲ့ ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ပါလား"
ကျိုးယိုက ရုတ်တရက် ထိတ်လန့်သွားခဲ့ပြီး ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်၏ အင်အားကို ခုခံရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် ဝိညာဥ်အားလုံး၏ ရန်သူ ဖြစ်သည်။
ကျိုးယိုက မည်မျှပင် ရုန်းကန်နေပါစေ၊ ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်၏ ဝါးမျိုခြင်းကို ခုခံရန် အလွန်ပင် ခက်ခဲနေခဲ့သည်။
တစ်ခဏအတွင်းမှာပင် ကျိုးယို၏ နတ်ဝိညာဥ် ခန္ဓာကိုယ်သည် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်၏ ဖိနှိပ်မှုအောက်တွင် အရည်ပျော်သွားခဲ့ပြီး နာကျင်စွာ အော်ညီးသံ တစ်သံသာ ပဲ့တင်ထပ်၍ ကျန်ရစ်ခဲ့သည်။
ဤသို့ဖြင့် လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀၀)က ရှန်းဝူကုန်းမြေတိုက်ကို တိုက်ခိုက်ရန် သွေးဝိညာဥ် မျိုးနွယ်စုကို ဦးဆောင်ခဲ့သော တပ်မှုးချုပ် ကျိုးယိုသည် အဆုံးသတ်တွင် လုံးဝ ကျဆုံးသွားခဲ့၏။
"တပ်မှုးချုပ်ကျိုးယို"
သူတို့၏ တပ်မှုးချုပ်ကို ကျန်းချန်က သတ်ဖြတ်လိုက်သည်ကို မြင်လျှင် သွေးဝိညာဥ်မျိုးနွယ်စုမှ အင်ပါယာတစ်ပိုင်း အဆင့် ကျင့်ကြံသူ လေးဦးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
"ကောင်လေး မင်း ငါ့တို့ကို စောင့်နေ.. ငါတို့ရဲ့ တပ်မှုးချုပ်ကို သတ်ရဲမှတော့ ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုက ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး"
သွေးဝိညာဥ်မျိုးနွယ်စုမှ အင်ပါယာ တစ်ပိုင်းအဆင့် ကျင့်ကြံသူ လေးဦးသည် ကျန်းချန်ကို ကြုံးဝါးပြီးသည်နှင့် တစ်ပြိုင်နက် တုံ့ဆိုင်းနေခြင်း မရှိဘဲ အင်ပါယာမြှုပ်နှံခြင်းချောက်နက်ထဲသို့ လျှပ်တစ်ပြက် ဆင်းသက်သွားကြသည်။
သူတို့က အင်ပါယာမြှုပ်နှံခြင်း ချောက်နက်ထဲရှိ ရွှယ်လင်ကုန်းမြေတိုက်နှင့် ဆက်သွယ်ထားသော တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ဆီသို့ ဦးတည်လိုက်ကြသည်။
"ထွက်သွားချင်တာလား.. ဒီရှန်းဝူကုန်းမြေတိုက်က မင်းတို့လာချင်တိုင်းလာ သွားချင်တိုင်း သွားလို့ရတဲ့နေရာမဟုတ်ဘူး.. ဒီကို ရောက်လာပြီ ဆိုမှတော့ မင်းတို့ရဲ့ အသက်ကို ထားခဲ့ရမယ်"
ကျန်းချန်က အင်ပါယာမြှုပ်နှံခြင်း ချောက်နက် ဆီသို့ ဆင်းသက်သွားသော သွေးဝိညာဥ် မျိုးနွယ်စုမှ အင်ပါယာတစ်ပိုင်း ပုဂ္ဂိုလ်လေးဦးကို အေးစက်စက် ကြည့်ရှုလိုက်ပြီးနောက်တွင် သူ၏ လက်ဖဝါးကို အသာအယာ ဆန့်ထုတ်လိုက်သည်။
နောက်ထပ် တစ်ခဏမှာပင် သွေးဝိညာဥ် မျိုးနွယ်စုမှ အင်ပါယာ တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်လေးဦး တည်ရှိနေသည့် ပေထောင်ချီ နေရာလွတ်သည် တစ်ခဏ အတွင်းမှာပင် တောင့်တင်းသွားခဲ့သည်။
ထိုလေးယောက်၏ ပုံရိပ်သည်လည်း လေထုထဲမှာပင် အေးခဲနေခဲ့ပြီး ရွေ့လျား၍ မရတော့ပေ။
ကျန်းချန်က ချက်ချင်းဆိုသလိုပင် အင်ပါယာ တစ်ပိုင်းအဆင့် ကျင့်ကြံသူ လေးဦးနားသို့ ရောက်ရှိလာခဲ့ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။
"ရွှယ်လင် ကုန်းမြေတိုက်ရဲ့ လက်ရှိအခြေအနေကို ပြောပြရင် မင်းတို့ကို အသက် ချမ်းသာခွင့်ပေးမယ်"
"ဟမ့် ငါတို့က ဂုဏ်သိက္ခာကြီးမားတဲ့ သွေးဝိညာဥ်မျိုးနွယ်စုက ကျင့်ကြံသူတွေပဲ.. မင်းတို့လို အဆင့်နိမ့်ဂြိုလ်က လူတွေကို ဘာလို့ အညံ့ခံရမှာလဲ"
ခေါင်းဆောင်ဖြစ်သည့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အေးစက်စက် ရေရွတ်လိုက်သည်။
"အပိုစကားတွေကိုရပ်လိုက်.. မင်းငါတို့ကို ကြိုက်သလို သတ်ဖြတ်ပစ်လို့ရတယ်.. သိပ်မကြာခင်မှာ ငါတို့သွေးဝိညာဥ်မျိုးနွယ်စုက မင်းတို့ ရှန်းဝူကုန်းမြေတိုက်ကို ပြန်လာပြီး ငါတို့အတွက် မင်းတို့ကို လက်စားချေလိမ့်မယ်"
"ကောင်းပြီလေ မင်းက သေချင်တယ် ဆိုမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် သူ၏ လက်ညှိုးကို ဆန့်ထုတ်လိုက်ရာ လက်ညှိုးမှ မီးလျှံဓားစွမ်းအင်များ ထွက်ပေါ်လာခဲ့ပြီး လူလတ်ပိုင်းအရွယ်အမျိုးသား ဆီသို့ ဦးတည်သွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် နာကျင်စွာ အော်ဟစ်သံသည် ကမ္ဘာတစ်ဝှမ်းလုံး ပဲ့တင်ထပ်သွားခဲ့ပြီး လူလတ်ပိုင်းအရွယ်အမျိုးသား၏ ခန္ဓာကိုယ်နှင့် နတ်ဝိညာဥ်သည် မီးလျှံဓားစွမ်းအင် အောက်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
"ဒီတစ်ခေါက်က မင်းအလှည့်ပဲ"
ခေါင်းဆောင်ဖြစ်သည့် လူလတ်ပိုင်းအရွယ် အမျိုးသားကို လက်ညှိုးမှ ဓားစွမ်းအင်ဖြင့် သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်၏ အကြည့်သည် နောက်ထပ် သွေးဝိညာဥ်မျိုးနွယ်စု၏ အင်ပါယာ တစ်ပိုင်းအဆင့် ကျင့်ကြံသူဆီသို့ ကျရောက်သွားခဲ့သည်။
ထိုသွေးဝိညာဥ်မျိုးနွယ်စုမှ အင်ပါယာ တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်သည်လည်း အေးစက်စက် သက်ပြင်းချရုံမှလွဲ၍ ကျန်းချန်ကို အညံ့မခံခဲ့ပေ။
ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ သူ၏ လက်ညှိုးမှ ဓားစွမ်းအားဖြင့် သတ်ဖြတ်လိုက်သည်။
မကြာမီမှာပင် သွေးဝိညာဥ် မျိုးနွယ်စုမှ အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ သုံးဦးသည် ကျန်းချန်၏ လက်ထဲတွင် ရှင်းလင်းခံခဲ့ရသည်။
သူ၏အဖော်သုံးဦးက သူ၏ မျက်စိအောက်မှာပင် ကျန်းချန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး ပြာပင် မကျန်ရစ်တော့သည်ကို မြင်လိုက်ရလျှင် နောက်ဆုံး ကျန်ရှိသည့် အရပ်ပုပု လူငယ်သည် ကျန်းချန်ကို ကြောက်ရွံ့သော အမူအရာဖြင့် တောင်းပန် ပြောဆိုလိုက်သည်။
"သခင်.. ကျွန်တော့်အသက်ကို ချမ်းသာပေးပါ.. ကျွန်တော် ရွှယ်လင် ကုန်းမြေတိုက်ရဲ့ အခြေအနေကို ပြောပြဖို့ဆန္ဒရှိပါတယ်"
အခန်း(၁၄၂၅)ပြီး၏။