Chapter 82
Vol. 9 Ch. 82
ရေချိုးခန်းထဲ၌ ပေယွဲ့ပိုင်သည် အသိစိတ်ပျောက်တော့မည့်အလား ခံစားနေရသည်။
သူသည် ထိုသို့ရူးနှမ်းနေသည့်ခွေးအား သတ်မိလုနီးပါးဖြစ်သည်။ ရှိုးပွဲပြီးသည်နှင့် သူသည် ထိုအရူးကောင်အား အမှန်ပင် သတ်ပစ်ချင်နေခဲ့သည်။
ပေယွဲ့ပိုင်သည် ဒေါသကြီးစွာဖြင့် ခေါင်းအားပွတ်သပ်ခါလိုက်သည့်အချိန် ဆံပင်များစွာသည် သူ၏ဦးရေပြားမှ ကျဆင်းလာသည်။ ခွေး၏ ကျင်ငယ်ရည်များအား သန့်စင်ပြီးနောက်တွင် ရေချိုးခန်းမှထွက်လာခဲ့ပြီး ခါးတွင် တဘက်တစ်ထည်အား ပတ်ထားသည်။
ထုတ်လုပ်ရေးအဖွဲ့သည် စကိတ်ကွင်းတစ်ခုလုံးအား ကြိုတင်ချိတ်ဆက်ထားသည့်အတွက် လူသူများကင်းမဲ့နေသည်။
ရေချိုးခန်းထဲ၌ တိတ်ဆိတ်ငြိမ်သက်နေသည်။ ပေယွဲ့ပိုင်သည် အဝတ်လဲရန် ထွက်လာသည့်အချိန်တွင် ရိုက်ကူးရေးအဖွဲ့မှ ဝန်ထမ်းတစ်ယောက်သည် သူ့ထံသို့ပြေးလာနေသည်ကို သတိပြုမိသွားသည်။
ပေယွဲ့ပိုင်သည် ထိုသူအားမှတ်မိသည်။ ယန်ရှီ၏PDဌာနလက်အောက်၌ လုပ်ကိုင်နေသော လက်ထောက်လျူပင်ဖြစ်သည်။
လက်ထောက်လျူ၏ယူနီဖောင်းသည် အစားအစာများ ပေစွန်းနေသည်။ သူသည် ယန်ရှီ၏ရိုက်ကွင်းနောက်သို့ တစ်နေကုန်လိုက်နေရပြီး စောနကမှထမင်းစားခဲ့ရသည်။ အလောတကြီး စားသောက်ခဲ့ရသောကြောင့် အစားအသောက်များသည် သူ၏ကိုယ်ပေါ်၌ ပေကျံနေပြီး ယခုတွင် ရေချိုးရန် အလွန်လိုအပ်နေပြီဖြစ်သည်။
အပန်းဖြေနေရာ၏သော့ခတ်နိုင်သောအံဆွဲ(Locker)သည် ငွေသားထည့်သွင်းရန်လိုအပ်သော်လည်း လက်ထောက်လျူသည် မည်သည့်ငွေမျှ ယူမလာမိချေ။
“ဒုတိယသခင်လေးပေ”
လက်ထောက်လျူသည် တီးတိုးခေါ်ဆိုသည်။
“ကျွန်တော်ရဲ့ကိစ္စကို နည်းနည်းလောက် အာရုံစိုက်ပေးလို့ရမလား၊ ကျွန်တော် မြန်မြန်လုပ်ပါ့မယ် ၊ငါးမိနစ်ထက်ပိုမကြာပါဘူး”
ပေယွဲ့ပိုင်သည် သူ၏ဆံပင်များကို အခြောက်ခံနေသည်
“စားပွဲပေါ်မှာတင်ခဲ့လိုက်၊ငါကြည့်လိုက်မယ်”
လက်ထောက်လျူသည် အလွန်ပင်ပျော်ရွင်သွားသည်။ စေးကပ်နေသော အစားအစာပေကျံမှုများသည် သည်းမခံနိုင်စဖွယ်ဖြစ်သည်။ သူသည်ထိုထဲ၌ နွံနစ်နေသကဲ့သို့ပင် ခံစားရသည်။
“ကျေးဇူးတင်ပါတယ် ၊ဒုတိယသခင်လေးပေ”
သူသည် ပေကျံနေသည့်အင်္ကျီများကိုချွတ်ပြီး ရေချိူးခန်းထဲသို့ပြေးဝင်သွားသည်။
ဘေစင်တွင် ပေယွဲ့ပိုင်သည် ဆံပင်အားဆက်လက်အခြောက်ခံနေလိုက်သည်။ သို့သော် ရုတ်တရတ်ကြီး လက်ထောက်လျူ၏ စကားပြောစက်မှ အသံများထွက်လာခဲ့သည်။
ရုပ်ရှင်နှင့်ရသစုံရှိူး ရိုက်ကူးရေးအဖွဲ့သားများသည် ထိုကိရိယာအား အသုံးပြုနေဆဲဖြစ်သည်။ အများစုသည် ဆက်သွယ်ရန် ဖုန်းကိုအစားထိုးအသုံးပြုလာကြသော်လည်း ဒါရိုက်တာယွီသည် ထိုရှေးရိုးဆန်သည့် ရေဒီယိုကိုသာ ကြိုက်နှစ်သက်နေဆဲဖြစ်သည်။ထို့ကြောင့် ပြန်လည်ဖွံ့ဖြိုးဆဲ Queen’s City ရေခဲပြင်ကွင်း၏ ဆိုးရွားသည့်ဆက်သွယ်ရေးအတွက် စိုးရိမ်မိသည်။
ပေယွဲ့ပိုင်သည် စကားပြောစက်အားကောက်ကိုင်လိုက်သည့်အချိန်တွင် ဒါရိုက်တာယွီ၏ အသံကိုကြားလိုက်ရသည်။
“လက်ထောက်လျူ ကြားလား၊ စခန်းထဲက အလုပ်သမားတွေက ငါတို့ကို နှင်းမုန်တိုင်းတိုက်တော့မယ့်အကြောင်း သတိပေးလာတယ်၊ ယန်ရှီရဲ့အဖွဲ့ကိုအကြောင်းကြားလိုက်ပါ၊ သူတို့ရိုက်ကွင်းသိမ်းဖို့ တစ်နာရီအချိန်ရသေးတယ်”
“ဟယ်လို၊ လက်ထောက်လျူ၊မင်းကြားလား”
ယုတ်မာသည့်အကြည့်များသည် ပေယွဲ့ပိုင်၏ မျက်လုံးများ၌ ဖြတ်ပြေးသွားသည်။
သူသည် PTT ခလုတ်အား ဖိလိုက်ပြီး အသံကိုနိမ့်၍ပြောလိုက်သည်
“သိပြီ၊ဒါပဲ”
လက်ထောက်လျူသည် လျင်မြန်စွာ ရေချိူးသန့်စင်လိုက်သည်။ သူ၏ကိုယ်ပေါ်သို့ တဘတ်မပတ်မီ အဆီများအား ပြောင်စင်အောင် ဆေးကြောလိုက်ပြီး မြန်ဆန်စွာ ပြန်ထွက်လာသည်။ ယခုသည် အလုပ်ချိန်ဖြစ်နေသေးသည့်အတွက်ကြောင့် သူသည် အချိန်မဆွဲရဲပေ။
အင်္ကျီအသစ်အားလဲဝတ်ပြီး ပစ္စည်းများအား သိမ်းဆည်းပြီးနောက် သူသည် အဖွဲ့ထံသို့ပြန်မသွားခင် ပေယွဲ့ပိုင်အား နှုတ်ဆက်၍ ထွက်ခွာသွားသည်။
အစမှ အဆုံးအထိ ပေယွဲ့ပိုင်သည် မည်သည့်စကားကိုမျှ မပြောခဲ့ချေ။
—
လတ်ဆက်စွာ ရေချိုးသန့်စင်ပြီး စကိတ်ကွင်းနှင့်လိုက်ဖက်သည့် အင်္ကျီအား ဝတ်ဆင်ကာ ပေယွဲ့ပိုင်သည် စကိတ်ကွင်း၏နားနေခန်းရှိ ကြမ်းပြင်မှမျက်နှာကြက်အထိ မှန်များကာရံထားသော ပြတင်းပေါက်ရှေ့၌ ရပ်နေသည်။အပြင်ဘက်တွင် အဆုံးမရှိသော အဖြူရောင်နှင်းမှုန်များ၏ အကျယ်အဝန်းသည် မိုးကုပ်စက်ဝိုင်းထွသို့ ဆန့်တန်းကာ ကောင်းကင်နှင့် မြေကြီးကို မြူနှင်းများဖုံးလွှမ်းနေစေသည်။ အဝေးတစ်နေရာရှိ မုန်တိုင်းတိမ်မည်းများသည် တရွေ့ရွေ့နှင့် နီးကပ်လာသည်။
လေတိုက်နှုန်းသည် အမြင့်ဆုံးဖြစ်နေသော်လည်း ပေယွဲ့ပိုင်သည် စိတ်အားထက်သန်နေမိသည်။သူသည် ကျုံချင်းယွီနှင့် လက်တွဲတော့မည့်အခါမှ ထွက်သွားသည်ကိုတွေးလျက် ထိုနာကျင်မှုသည် သူ့အာရုံအားဖမ်းစားလိုက်လေသည်။
သူသည် နှင်းလျှောစီးသည့်ထောက်တိုင်အား လေးလံစွာကိုင်ဆောင်ထားပြီး သူ့ထံသို့လာနေသည့် ရဲ့လော့ယီအား တွေ့လိုက်သည်။အနားတွင်ကင်မရာမရှိမှန်းသိသည်နှင့် ပေယွဲ့ပိုင်သည် သူမအနားသို့ သွားလိုက်သည်။
“လော့ယီ ၊ဘာဖြစ်တာလဲ”
ရဲ့လော့ယီသည် သူ့အား မျက်ရည်ဝိုင်းနေသည့်မျက်လုံးများဖြင့်ကြည့်လေသည်။ သူမ၏ပုံစံသည် ပျော့ပျောင်းနူးညံ့နေသည်။
“ကျွန်မ နှင်းလျှောဘယ်လိုစီးရမလဲမသိဘူး ၊ခြေကျင်းဝတ်ခေါက်သွားပြီ”
“ပေဟန်လီကဘယ်မှာလဲ၊ မင်းတို့အတူရှိနေတာ မဟုတ်ဘူးလား၊ သူကမင်းကို ဘာလို့ဆေးခန်းမပို့ပေးတာလဲ”
“ကျွန်မ CEO ပေကို ဘာမဟုတ်တာလေးနဲ့ အနှောင့်အယှက်မပေးချင်ဘူး”
ရဲ့လော့ယီသည် အလောကြီးစွာပြောလာသည်။
“ယွဲ့ပိုင် ကျွန်မကိုစိတ်မပူပါနဲ့၊ ရှင် ချင်းယွီနဲ့အတူရှိနေသင့်တာမလား”
သူမသည် မျက်လွှာချလိုက်ပြီး အသံသည်လည်း ဝမ်းနည်းနေသည်။
“သူ့ဆီသွားလိုက်ပါ၊ ကျွန်မဘာသာလုပ်…”
ပေယွဲ့ပိုင်၏နှလုံးသားသည် နာကျင်လာသည်။သူချစ်သည့်အမျိုးသမီးသည် အနာတရဖြစ်နေသော်ငြား သူသည် အနားတွင် နေပေးရမည့်အစား သူဂရုမစိုက်သည့်မိန်းမနားတွင် ကပ်နေရသည်။
ဘာမျှထပ်မပြောပဲနှင့် သူသည် ရဲ့လော့ယီအား ကောက်ချီလိုက်သည်။
“ကိုယ်မင်းကိုဆေးခန်းပို့ပေးမယ်”
ရဲ့လော့ယီသည် မြေကြီးနှင့်ခြေထောက်လွတ်သွားသည့်အချိန် လန့်သွားပြီး သူမ၏လက်များသည် ပေယွဲ့ပိုင်၏လည်ပင်းအား အလိုလိုဖက်လိုက်မိသည်။
၎င်းသည် ရှိုးစသည့်အချိန်မှယခုအထိ ပထမဆုံးထိတွေ့ခြင်းဖြစ်သည်။ ပေယွဲ့ပိုင်သည် သူမ၏နွေးထွေးသည့်အသက်ရှုသံအားခံစားမိနေပြီး သူမစွတ်ထားသော ရေမွှေး၏ နူးညံသောအနံ့သည် သူအား လာရောက်ကျီစယ်နေသည်။ သူ၏သွေးခုန်နှုန်းများသည် နိုက်ကလပ်ရှိဒရမ်ကဲ့သို့ပင် ပြင်းထန်စွာခုန်နေသည်။
ခုခံနိုင်ခြင်းမရှိဘဲနှင့် သူသည် ရဲ့လော့ယီအားနမ်းရန်ငုံ့လိုက်သည်။
ရဲ့လော့ယီသည် ရှောင်လိုက်သည်။သူမ၏ပါးများသည် နီရဲလာသည်။
“ဒုတိယသခင်လေးပေ....ဒီမှာတော့မလုပ်နဲ့လေ”
သူမ၏ရှက်ရွံမှုသည် သူ၏လိုအင်ဆန္ဒအား ပို၍တောက်လောင်စေသည်။ ပေယွဲ့ပိုင်၏စိတ်ထဲတွင် လောင်ကျွမ်းနေသောမီးသည် သူလိုချင်နေသည့် ကျေနပ်မှုပင် ဖြစ်သည်။
“ကောင်းပြီ ၊နောက်ကျရင် ကိုယ်တို့သီးသန့်နေရာလေး တစ်ခုလောက်ရှာကြတာပေါ့”
သူမအား ဆေးခန်းသို့ သယ်ဆောင်ခေါ်ယူလာခဲ့ပြီးနောက် ပေယွဲ့ပိုင်သည် သူမအား အိပ်ရာပေါ်သို့ညင်သာစွာ လှဲစေကာ ခြေကျင်းဝတ်အား စမ်းသပ်လိုက်သည်။
သူတို့ကြားထဲရှိလေထုသည် စကားမပြောသည့်အခြေအနေတွင် ပို၍တင်းမာလာသည်။
ဆေးခန်းတံခါးအား ပိတ်လိုက်သည့် လက်တစ်စုံအား မည်သူမျှ သတိမပြုမိလိုက်ချေ။
---
တစ်ဖက်တွင်မူ
ပေဟန်လီသည် နှင်းခဲပုံများအား တိုးလျိုး၍ ကျုံချင်းယွီ၏အနားသို့မရောက်မှီအထိ ဆင်ခြေလျှောတစ်လျှောက်ကို ဖြတ်သန်းလာခဲ့ရသည်
လျှောက်လမ်းတွင် သူမအား မြင်လိုက်ရသည်။ သူမသည် တောင်ခြေအောက်တွင် ကျက်သရေရှိစွာ နှင်းလျှောစီးနေပြီး နေရောင်သည် သူမအပေါ်သို့ ရွေရောင်အဆင်းဖြင့် ကျရောက်နေသည်။ သူမ၏ နှင်းလျှောစီးဖိနပ်သည် နှင်းမှုန်များကြားတွင် စက်ဝိုင်းသဖွယ် လည်ပတ်နေပြီး ယက်ကြောင်းထဲတွင် နှင်းမှုန်များသည် ပိုးသားဖဲကြိုးများသဖွယ် ဖြာကျနေသည်။
ထိုမြင်ကွင်းသည် အသက်ရှုမှားလောက်ဖွယ်ဖြစ်သည်။
အကယ်၍ ဟာသလုပ်တက်သောယောင်ကျူသည် ကျုံချင်းယွီ၏နောက်တွင် စိတ်လှုပ်ရှားနေသော ပင်လယ်ဖျံအလား လျှောက်လိုက်မနေလျှင် ပို၍ကြည့်ကောင်းပေမည်။
ပေဟန်လီ၏စူးရှသည့်အကြည့်များသည် ကျုံချင်းယွီအားကြည့်နေစဉ်တွင် အလွန်ပင်နူးညံ့နေလေသည်။
ကင်မရာဖြင့်အလုပ်ရှုပ်နေသည့် PDသည် နောက်မှလှမ်းအော်လာသည်။
“CEOပေ၊ ခင်များ အဲဒီဇုန်နားကိုသွားလို့မရဘူး၊ စည်းကမ်းဖောက်ဖျက်သလိုဖြစ်သွားမယ်”
ပေဟန်လီသည် ပခုံးတွန့်လိုက်သည်။
“ဘာစည်းကမ်းလဲ ၊ငါ့ပါတနာပျောက်သွားလို့လာကြည့်တာ၊ စည်းမကျော်ဘူးလေ၊ ဘာပြဿနာရှိလို့လဲ”
PDသည် ပြန်လည်ချေပရန် ပါးစပ်ဟတော့မည့်အချိန် သူ၏လက်ထောက်သည် လက်ကိုလှမ်းဆွဲလေသည်။
“အဲဒါ CEO ပေ ၊ဘေးဖယ်နေလိုက်တာ ကောင်းမယ်”
စည်းမျဉ်းများသည် ရိုးရှင်းပါသည်။အထူးသဖြင့် ဤလုပ်ဖော်ကိုင်ဖက် လဲလှယ်မှုအပိုင်းကို ပထမနေရာတွင် အဆိုပြုသူခဲ့သော အမျိုးသားများသည် သူတို့အား ငြင်းဆိုနေသည့်အချိန်တွင် ထိုစည်းမျဥ်းသည် အလွန် အသုံးဝင်သည်။ဒါရိုက်တာယွီပင်လျှင် သူ၏အနားတွင် ဂရုတစိုက်ပြုမူလျက်ရှိသည်။
အလိုက်သိစွာဖြင့် PDသည် ပါးစပ်ပိတ်လိုက်သည်။
ပေဟန်လီသည် သူ၏ငွေရောင်မျက်မှန်အား ပြန်လည်တပ်ဆင်လိုက်ပြီး နှင်းစီးဖိနပ်၏အစွန်းများအား ၄၅ဒီဂရီတိမ်းစောင်းလိုက်သည်။ သူသည် မြင့်မားသောတောင်စွန်းမှ မှန်ကန်သည့်အဟုန်ဖြင့် နှင်းများတစ်လျှောက် ကျုံချင်းယွီဘေးသို့မရောက်မီအထိ လျောဆင်းလိုက်သည်။
သူမသည် မျက်မှန်အားချွတ်လိုက်ပြီး မျက်လုံးအားမှေး၍ကြည့်သည်။ ဆောင်းနှင်းများဖုံးလွှမ်းနေသော်လည်း သူမသည် ပေဟန်လီအား ချက်ချင်းမှတ်မိသည်။
“ပေဟန်လီ၊ ရှင်က ရဲ့လော့ယီနဲ့ရှိနေရမှာမဟုတ်ဘူးလား”
ပေဟန်လီသည် နှင်းပေါ်တွင် လှည့်လည်ပြနေသည်။ သူမ၏ရှေ့၌ ပြီးပြည့်စုံစွာ မရပ်ခင်တွင် ဒေါင်းသည် သူ၏တောင်ပံများအားခါပြသကဲ့သို့ သူ၏စွမ်းရည်များအားဖော်ထုတ်ပြသနေခဲ့သည်။
“သူဘယ်သွားလဲမသိဘူး”
ပေဟန်လီသည်ဖြေးညင်းစွာဆိုလာသည်။
“မင်းရဲ့ခရီးသွား အကြံပေးရော ၊သူဒီမှာရှိနေရမှာမဟုတ်ဘူးလား”
“ဘယ်သူဂရုစိုက်လို့လဲ”
ပေယွဲ့ပိုင်အား ယောင်ကျူသေးပန်းလိုက်သည့်မှတ်ဉာဏ်သည် ကျုံချင်းယွီကို ယခုထိ ရယ်ချင်စေသည်။သူမသည် ပေယွဲ့ပိုင် ရေကြာကြာချိုးနေရန် မျှော်လင့်မိသည်။သူကြာကြာထွက်သွားလေ သူမအတွက်ပိုကောင်းလေ ဖြစ်သည်။
ပေဟန်လီသည် မျက်ခုံးများအားတွန့်ချိုးလိုက်သည်။
“မင်းသူ့ကိုသွားမကြည့်ဘူးလား”
“သူနဲ့မတန်ဘူး”
“ဘယ်လိုတောင် တိုက်ဆိုင်ရတာလဲ”
ပေဟန်လီသည် ပြောသည်။
“ကိုယ်လည်း ကိုယ့်ပါတနာကိုသွားမရှာချင်ဘူး၊ အဲအစားကိုယ်တို့ပဲ အဖွဲ့ဖွဲ့လိုက်ကြမလား”
ကျုံချင်းယွီသည် ပေဟန်လီအား ကြာရှည်စွာ ခပ်စူးစူးကြည့်နေခဲ့သည်။
ခဏအကြာ စဉ်းစားပြီးသည့်နောက်တွင် သူမသည် ရယ်မောလိုက်သည်။သူမ၏အသံသည် ငွေခေါင်းလောင်းလေးကဲ့သို့ပင် ကြည်လင်ချိုသာလှသည်။
“ရတာပေါ့”
—
ထိုစဉ် နှင်းလျောစီးတက်စသူများအတွက် ပြုလုပ်ထားပေးသော ဆင်ခြေလျှောတွင်။
သူမ၏ မိန်းမပျိုလေးသည် အဘယ့်ကြောင့်အဓိကဝတ္ထုဇာတ်ကြောင်း၏ ရန်ဘက်ဖြစ်သွားသလဲဆိုတာ ယန်ရှီနားမလည်နိုင်ချေ။ ပါတနာတွဲသည့်လုပ်ငန်းအား ပြီးမြောက်အောင်ဆောင်ရွက်ချင်သော်လည်း သူမသည် နှင်းလျှောစီးရန်အတွက် အလွန်ပင် ရုန်းကန်နေရသည်။
ယခင်ညက ကားတံခါးနှင့်တိုက်မိသောဒဏ်ရာသည် ပျောက်ကင်းသွားပြီဖြစ်သော်လည်း နှင်းလျှောစီးရာတွင် အနည်းငယ်နာကျင်စေသည်။ ကျုံယန်စီသည် ပြောခဲ့သည့် နှင်းလျောစီးနည်းများစွာကို သူမ မှတ်ထားလိုက်သည်။
သို့သော် သီအိုရီနှင့် လက်တွေ့သည် အမှန်ပင်ကွာခြားလေသည်။
နောက်တစ်ခေါက်ထပ်ကြိုးစားသော်လည်း သူမသည် နှစ်မီတာရောက်ရန်ပင် အလွန်ကြိုးစားလိုက်ရပြီး မှောက်လဲသွားလေသည်။ သူမ၏မျက်နှာသည် နှင်းပုံထဲသို့ နစ်ကျသွားသည်။
ကျုံယန်စီ: “...”
သူသည် စိတ်မရှည်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ ၎င်းသည်အဓိပ္ပါယ်မရှိချေ။သူသည် ယန်ရှီအလွန်ဉာဏ်ကောင်းသည်ကို သိသည်။ အဘယ့်ကြောင့် သူမသည် ယခုထိမစီးတက်သေးသနည်း။ နှင်းလျောစီးခြင်းသည် ထိုမျှလောက်ခက်ခဲသည်လော။ ကောလိပ်ဝင်ခွင့်စာမေးပွဲ၌ ရူပလက်တွေ့ပြုလုပ်ရခြင်းထက် ပို၍ခက်ခဲသည်လော။
သို့သော် ယန်ရှီအတွက် ၎င်းသည် တကယ့်ကိစ္စကြီးဖြစ်သည်။
သူမသည် သီအိုရီအားကောင်းစွာ နားလည်သော်လည်း လက်တွေ့ပြုလုပ်ခြင်းသည် အလွန်ခက်ခဲလေသည်။
သူတို့နှစ်ယောက်သည် ရှေ့သို့သွားနေကြသည်။ သို့မဟုတ် အတော်ကြာပြီးသည့်နောက်တွင် ကျုံယန်စီသည် နောက်မှထိန်းပေးပြီး ယန်ရှီသည် လျောစီး၍ သူမ၏လမ်းကြောင်းတစ်လျှောက်သွားနေသည်။ရင်ခုန်စရာ နှင်းလျှောစီးပွဲလို့ ယူဆရသည့် အရာသည် "ယန်ရှီအား ကျုံယန်စီမှ နှင်းလျှောစီးသင်ပေးနေခြင်း”ဖြစ်သည်။
တဖြည်းဖြည်းနှင့် သူတို့သည် လျှောစောက်အစွန်းသို့ ရောက်လာသည်။ထိုအမှတ်ကိုကျော်လွန်၍ သတ်မှတ်ထားသော နှင်းလျှောစီးဧရိယာအပြင်ဘက်တွင် မြေမျက်နှာသွင်ပြင်သည် ပိုမိုမတ်စောက်ပြီး အန္တရာယ်များလာသည်။
ကျုံယန်စီသည် သူမကို သတိပေးသည်။
"သတိထား၊ ကိုယ်တို့ ပြန်လှည့်ကြမယ်"
ယန်ရှီသည်ခေါင်းညိတ်ပြသော်လည်း သိပ်၍အရေးတယူမလုပ်ချေ။
နောက်ဆုံးတွင် သူမ၏ နှင်းလျှောစီးခြင်းသည် ဆယ်မီတာပင် မကျော်လွန်ခဲ့ပေ။သူမ မည်သို့ စည်းကျော်၍သွားရဲမည်နည်း။
အဝေးတွင် မုန်တိုင်းတိမ်မည်းများ နီးကပ်လာသည်။
ကျုံယန်စီသည် ဆိုးရွားလာသည့် ရာသီဥတုကို ခံစားလိုက်မိသည်။ လေနှင့် ဆီးနှင်းများ ဝိုင်းအုံလာကာ မြင်နိုင်စွမ်း သိသိသာသာ လျော့ကျသွားသည်။ မီတာငါးဆယ်ကျော်အကွာတွင် အရာအားလုံးသည် မှုန်ဝါးဝါးဖြစ်နေသည်။ သူသည် ထုတ်လုပ်ရေး အဖွဲ့သားထံသို့ နှင်းလျှောစီး၍သွားနေစဉ်တွင် ယန်ရှီအား မိမိဘာသာ လေ့ကျင့်နေရန် ပြောခဲ့သည်။
PD သည် ကျုံယန်စီချဉ်းကပ်လာသည်ကို သတိမထားမိဘဲ တိတ်ဆိတ်စွာ စကားစမြည်ပြောနေသည်။
"စောနက ဆက်သွယ်ရေးအဆင်ပြေပါတယ် ၊ ရုတ်တရက် ဘယ်လိုပြတ်သွားတာလဲ"
"ကျွန်တော်တို့လည်း မသိပါဘူး၊ ဒါပေမယ့် တိုက်ရိုက်ထုတ်လွှင့်မှုကို ခဏတာ ရပ်ထားတယ်၊ ကျွန်တော်တို့ရဲ့ ဖုန်းတွေမှာလည်း ဘာအချက်ပြမှုမှမရဘူး"
"စက်ပစ္စည်းတွေများ ချို့ယွင်းနေတာလား”
ကျုံယန်စီသည် မျက်မှောင်ကြုတ်လိုက်သည်။
"နှင်းမုန်တိုင်းလာတော့မယ်လို့အချက်ပြတာများလား"
PD သည်လန့်သွားသည် ။
"မဖြစ်နိုင်ပါဘူး၊ နှင်းမုန်တိုင်းရှိရင် နှင်းလျှောစီးအပန်းဖြေစခန်းက ဒါရိုက်တာယွီကို အကြောင်းကြားပြီး သူက ငါတို့ကို ပြန်ပြောမှာပေါ့"
လေးလံသော ကင်မရာအား ကိုင်ဆောင်ထားသည့် PD သည် ဒါရိုက်တာယွီကို အလွယ်တကူ ဆက်သွယ်၍မရချေ။ သူသည် ဆက်သွယ်ရေးအား တာဝန်ယူထားသည့် လက်ထောက်လျူဘက်သို့ လှည့်လိုက်သည်။
"ဒီနေ့ ဒါရိုက်တာယွီ ဆီက ဘာကြားသေးလဲ"
လက်ထောက်လျူသည် ခေါင်းကို ဆတ်ဆတ်ခါလိုက်သည်။
"ဘာမှမကြားဘူး"
သို့သော် PD နှင့် လက်ထောက်လျူသည် သတိမပြုမိသော်လည်း ကျုံယန်စီသည် ရာသီဥတု လျင်မြန်စွာ ဆိုးရွားလာသည်ကို ခံစားမိသည်။ ၎င်းတို့၏ဖုန်းများသည် လိုင်းမမိသည့်အပြင် ဝိုင်ဖိုင်လည်း ပြတ်နေသည်။ သူသည် လက်ထောက်လျူအား မှာကြားလိုက်သည်
"ဒါရိုက်တာယွီကိုဆက်သွယ်ပြီး သတင်းမေးလိုက်”
လက်ထောက်လျူသည် စကားပြောစက် ကို ချက်ချင်း ဆွဲထုတ်လိုက်သည်။
သူတို့ရဲ့ဖုန်းများသည် လိုင်းမမိသော်လည်း စကားပြောစက်များသည် အလုပ်လုပ်ေနဆဲဖြစ်သည်။
လက်ထောက်လျူသည် စကားမပြောမီ၊ ဒါရိုက်တာယွီ ၏ ထိတ်လန့်သောအသံသည် ကပျာကယာထွက်ပေါ်လာသည်
"လက်ထောက် လျူ... လက်ထောက်လျူ... မင်းဘာလို့ မပြန်လာသေးတာလဲ၊ တခြားဧည့်သည်တွေအားလုံး အပန်းဖြေစခန်းရဲ့ တည်းခိုခန်းကို ပြန်သွားကြပြီ... မြန်မြန်ပြန်လာပါ... နှင်းမုန်တိုင်း လာတော့မယ်... ကြားလား"
တစ်ချိန်တည်းမှာပင် ကျုံယန်စီသည် သူတို့ဆီသို့ ဟောက်ဟည်းနေသော သားရဲဖြူကဲ့သို့ ကြီးမားသော နှင်းများနှင့် လေပြင်းများတိုက်ခတ်နေသည်ကို မြင်လိုက်ရသည်။ ရေခဲများသည် မျက်နှာအား စင်သည့်အချိန်တွင် ဓါးသွားများကဲ့သို့ စူးရှလှပြီး အမြင်အာရုံကို ဖုံးကွယ်ထားသည်။
သူသည် ထိတ်လန့်သွားပြီး ယန်ရှီဘက်သို့ လှည့်ကြည့်လိုက်သည်။
ယန်ရှီဘက်သို့ ကြည့်လိုက်သည့်အချိန် စိုးရိမ်ပူပန်မှုများသည် ထိပ်ဆုံးသို့ရောက်သွားသည်။
သူမသည် မီတာသုံးဆယ်ကျော်အကွာတွင် အရှိန်တင်၍ နှင်းလျှောစီးနေဆဲဖြစ်သည်။
နှင်းမုန်တိုင်းသည် သူမအပေါ်သို့ရောက်လုနီးနေပြီဖြစ်သော်လည်း သူမသည် သတိမမူဘဲ စိတ်လှုပ်ရှားသောအသံဖြင့် နှင်းလျောစီးနေသည်။
“ကျုံယန်စီ၊ ကျွန်မစီးတက်သွားပြီ၊ ကြည့်ဦး ၊ကျွန်မ နှင်းလျှောစီးတက်သွားပြီ”
သူသည် နှင်းလျောကွင်း၏ သတ်မှတ်ဧရိယာကိုပင် ကျော်လွန်နေပြီ ဖြစ်သည်။
ကျုံယန်စီသည် ထိတ်လန့်မှုများကြောင့် အသံများပင် နစ်ဝင်နေသည်
"ယန်ရှီ၊နှင်းမုန်တိုင်းလာနေပြီ၊ အခုပြန်လာ!"
ထိုမှသာ ယန်ရှီသည် အန္တရာယ်ကို သတိပြုမိလာခဲ့သည်။ သူ၏ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးသည် ဖြူဖွေးနေသည့် ချောက်ကြီးတစ်ခုကဲ့သို့ ဖြစ်သွားပြီး လေပြင်းများသည် သူမ၏အရေပြားကို ဓါးသေးသေးလေးများကဲ့သို့ လှီးဖြတ်နေသည်။ သူမ ရပ်တန့်ရန် ကြိုးစားသော်လည်း ကုန်းစောင်းသည် မတ်စောက်လွန်းသည့်အပြင် သူမသည် အတွေ့အကြုံမရှိသေးသည့်အတွက် မရပ်တက်ပေ။လေများသည် တိုးဝေု့တိုက်ခတ်နေပြီး လျှောစောက်အရှိန်သည် သူမကို အထိန်းအကွပ်မရှိ ရှေ့သို့ ခေါ်သယ်ဆောင်သွားသည်။
စက္ကန့်ပိုင်းအတွင်း၌ နှင်းမုန်တိုင်းသည် သူမအား ဖုံးလွှမ်းလိုက်သည်။
ဝန်ထမ်းများသည် အထိတ်တလန့်ဖြစ်သွားသည်။ မြင်နိုင်စွမ်းသည် ယခုအခါ မီတာနှစ်ဆယ်အောက်သာ ရှိတော့သည်။ယန်ရှီ ဘယ်သို့ရောက်သွားသည်ကိုပင် မမြင်နိုင်တော့ပေ။ ရိုက်ကူးရေးတွင် ဧည့်သည်တစ်ယောက် တစ်ခုခုဖြစ်ခဲ့လျှင်... ရှိုးသည် မည်သို့ဖြစ်သွားမည်နည်း ။
ထို့နောက် နက်မှောင်သောပုံရိပ်တစ်ခုသည် ဓားသွားကဲ့သို့ ရှေ့၌ ဖြတ်ပြေးသွားသည်။
ကျုံယန်စီသည် မဆိုင်းမတွဘဲ မုန်တိုင်းထဲသို့ ဝင်သွားခဲ့ပြီး ယန်ရှီကဲ့သို့ပင် မြန်ဆန်သောအရှိန်ပင် ပျောက်ကွယ်သွားခဲ့သည်။
PD နှင့် ကျန်အဖွဲ့သားများသည် အေးခဲရပ်တန့်သွားသည်။
ဧည့်သည်တစ်ယောက် ဆုံးရှုံးလိုက်ရသည်မှ မဆိုးလှသော်ငြား ယခုတွင် ကျုံယန်စီကိုပါ ဆုံးရှုံးလိုက်ရပြီလော။
ဒါရိုက်တာယွီ၏ အသံသည် စကားပြောစက်မှတဆင့် ထွက်ပေါ်လာပြန်သည်။
“လက်ထောက်လျူ... နှင်းမုန်တိုင်းလာနေပြီ... မင်းရဲ့အခြေအနေက ဘယ်လိုလဲ"
PD သည် တုန်ရင်နေသောလက်များဖြင့် စကားပြောစက်အားယူလိုက်သည်။
"ဒါရိုက်တာယွီ... ကျွန်တော်တို့တော့ ပြဿနာအကြီးကြီးတက်ပြီ”
---
ယန်ရှီသည် အမှန်ပင် ဝရုန်းသုန်းကား ဖြစ်နေသည်။
သူမသည် လျှောစီးနည်းကို သင်ယူခဲ့ပြီး မည်သို့ရပ်တန့်ရမည်ကို မသိခဲ့ချေ။ ကမ္ဘာကြီးသည် အဖြူရောင်နှင်းမှုန်များဖြင့် မှုန်ဝါးနေပြီး လျှောစောက်သည် အလွန်ပင် မတ်စောက်ကာ သူမသည် သူ့ကိုယ်သူ မထိန်းသိမ်းနိုင်စွာ အရှိန်ဖြင့် လိမ့်ဆင်းနေသည်ဟု ခံစားရလိုက်သည်။ လေသည် လေသက်သက်မဟုတ်တော့ပဲ ၎င်းသည် သေခြင်း၏ ခေါ်ဆောင်သံကဲ့သို့ပင် ဖြစ်နေသည်။
ကျုံယန်စီသင်ပေးခဲ့သော ရပ်သည့်နည်းပညာများကို စိတ်ထဲ၌ ပြန်လည်စဥ်းစားခဲ့သော်လည်း သူမ၏ ခြေလက်များသည် အေးခဲထုံကျင်သွားပြီး လက်တွေ့မပြုလုပ်နိုင်ခဲ့ပေ။
ဤနှုန်းဖြင့် သူမသည် ပို၍ မြန်လာသည်။ သူမသည် ယခုမရပ်ရင် ကယ်တင်ဖို့ မဖြစ်နိုင်တော့ပဲ တောထဲတွင် ပျောက်ကွယ်သွားပေလိမ့်မည်။
သူမသည်အံကြိတ်လိုက်ပြီး အရာအားလုံးကို စွန့်လွှတ်ကာ ဘေးတိုက်လှဲချလိုက်သည်။
သူမ၏ခန္ဓာကိုယ်သည် နှင်းများထဲသို့ ထိုးကျသွားသည်၊ ပျော့ပျောင်းသောအမှုန့်သည် ရိုက်ခတ်မှုကို တွန်းလှန်ပေးသည်။ သို့သော် သူမ၏အရှိန်သည် ပြင်းထန်လွန်းလှသည်။ သူမ အောက်သို့ ကူရာမဲ့စွာ လိမ့်ကျနေသည်။
လေဟာနယ်ထဲသို့ရောက်သွားသည့် ကာလတစ်ခုကဲ့သို့ ခံစားလိုက်ရပြီးနောက်၊ ရှေ့မြေပြင်သည် ရုတ်တရက် ရှင်းလင်းလာသည်။
ကြီးမားသော ကျောက်တုံးကြီးတစ်ခုသည် သူမ၏လမ်းကြောင်းတွင် တည်ရှိနေခဲ့ပြီး သူမအား ဆက်လက်လိမ့်မဆင်းသွားရန် တားဆီးပေးထားသည်။
ယန်ရှီသည် ခပ်ပြင်းပြင်းကျိန်ဆဲလိုက်ပြီး သူမ၏ လျှောစီးသည့်ဖိနပ်များကို ချွတ်၍ ခေါင်းကိုသာ တင်းတင်းကြပ်ကြပ် ကာထားလိုက်သည်။
သူမသည် ကိုယ်ကိုကိုယ်ကာကွယ်နေသည့်အချိန် ကျုံယန်စီသည် လျှောစောက်မှ ထိုးဆင်းလာသည်။
ချွန်ထက်စွာဖြင့်၊ သူ၏စကိတ်များသည် ကျောက်တုံးပေါ်သို့ ရွေ့လျားသွားကာ ကြမ်းတမ်းသောမျက်နှာပြင်ရှိ ပွတ်တိုက်မှုများသည် သူ့ကို နှေးကွေးစေသည်။ စတိတ်တွင် ပွတ်တိုက်မှုများ ဖြစ်ပေါ်နေပြီး သူသည်အားကုန်သုံး၍ စကိက်အား ရပ်လိုက်သည်။
ကျောက်တုံးသည် တစ်ခြားဖက်သို့ လှိမ့်ကျသွားစဉ်တွင် သူသည် ရှေ့တိုး၍ ယန်ရှီအား ဖက်လိုက်သည်။
ပျော့ပျောင်းသည့် နှင်းမြေပြင်အောက်ရှိ ကျောက်စိုင်ကျောက်သားများသည် သူတို့၏ ခန္ဓာကိုယ်အား နာကျင်စေသည်။ကျုံယန်စီသည် ယန်ရှီအား တင်းတင်းကြပ်ကြပ် ဖက်ထားပြီး လှိမ့်ဆင်းနေမှုမှ မရပ်တန့်ခင်အချိန်အထိ သူမကို နာကျင်မှုမှ ကာကွယ်ပေးထားသည်။
သူ၏ ယခင်က ရိုးစင်းသော ဂျာကင်အင်္ကျီသည် ယခုအခါ စုတ်ပြဲပြီး ညစ်ပတ်နေပြီး ဖုန်မှုန့်များ၊နှင်းများနှင့် ပြည့်နှက်နေသည်။ သို့သော် သူသည်လျစ်လျူရှုလိုက်ကာ သူ၏လက်များသည် ယန်ရှီ၏မျက်နှာအား ကိုင်လိုက်သည်။
“ယန်ရှီ ၊ယန်ရှီ”
ယန်ရှီသည် သတိလစ်သွားလေပြီ။
ကျုံယန်စီသည် သူမ၏ ခန္ဓာကိုယ်ကို စစ်ဆေးခဲ့သည်။ သူမရဲ့ ပါးပြင်ပေါ်မှ ခြစ်ရာအစင်းရာတွေအပြင် တခြားဒဏ်ရာများ မရှိချေ။ သူမသည် ပြင်းထန်သော စိတ်ဖိစီးမှုနှင့် ကြောက်ရွံ့မှုတို့ကြောင့် မူးမေ့လဲသွားဟန်ရှိသည်။
ကျုံယန်စီသည်သက်ပြင်းတစ်ချက်ချလိုက်သည်။
အပြင်ဘက်တွင် လေသည် ပြင်းထန်စွာ တိုက်ခတ်နေဆဲဖြစ်ပြီး မြင်နိုင်စွမ်းကို ဆယ်မီတာအောက်အထိ ရောက်ရှိစေသည်။
သူသည် တောင်ခြေလျှောအတိုင်း မည်မျှအထိ လျှောကျသွားသည်ကို သေချာမသိသော်လည်း နှင်းလျှောစီးအပန်းဖြေစခန်းနှင့် သိပ်မဝေးလောက်ပေ။ဤသို့ဆက်နေခြင်းသည် မိမိကိုယ့်ကို အဆုံးစီရင်သကဲ့သို့ပင် ဖြစ်သည်။
ကျုံယန်စီသည် ယန်ရှီကို ကျောပိုးလိုက်ပြီး မုန်တိုင်းဒဏ်မှ ခိုလှုံရန်နေရာကို စတင်ရှာဖွေခဲ့သည်။
…
“တောက်…”
“တောက်…”
(T/N - ရေစက်ကျသံ)
အတွေးများမှလန့်နိုးလာပြီး ယန်ရှီသည် မျက်လုံးဖွင့်လိုက်သည်။
သူမ ပထမဆုံးမြင်လိုက်ရသည်မှာ ဂူတစ်ခုရဲ့ မြင့်မားသည့် မျက်နှာကျက်အခုံးတစ်ခုဖြစ်သည်။ ပုံမှန်မဟုတ်သော ဂူဝင်ပေါက်သည် ချွန်ထွက်နေသော ကျောက်တုံးများဖြင့် ထူထပ်နေပြီး ကြမ်းတမ်းသော နံရံများသည် စိုစွတ်မှုနှင့်အတူ ချောမွေ့နေပါသည်။ လေသည် စိုစွတ်အေးမြကာ မြေသင်းရနံ့များဖြင့် သင်းပျံ့နေသည်။
သို့တိုင် ယန်ရှီသည် နွေးထွေးမှုကို ခံစားရသည်။
ကျုံယန်စီသည် သူမအား သူ၏ရင်ခွင်ထဲတွင် ဖက်ထားပြီး သူ၏ကိုယ်ငွေ့ဖြင့် အေးခဲနေသော အအေးဒဏ်မှကာကွယ်ပေးထားသည်။
သူမ မော့ကြည့်လိုက်သည့်အချိန် သူ၏မှိတ်ထားသော မျက်လုံးများ၊ နှင်းများဖြင့် ကပ်ငြိနေသည့် ရှည်လျားသော မျက်တောင်များကို တွေ့လိုက်ရသည်။
သူမသည် သတိမလစ်ခင် ကျောက်တုံးကြီးထံသို့ ပြုတ်ကျတော့မှာမဟုတ်ဘူးလား။ကျုံယန်စီသည် သူမကို ကယ်ခဲ့သည်လား။
ကျုံယန်စီ၏ဂျာကင်အင်္ကျီစုတ်ပြဲသွားကာ ခြေကျင်းဝတ်ဒဏ်ရာသည် ချုပ်ရိုးပြဲသွားပြီး သွေးများခြောက်သွေ့မသွားမီ သူ၏ဘောင်းဘီအား ပေစွန်းသွားစေသည်။
ယန်ရှီသည်နှာခေါင်းရှုံလိုက်ပြီး မျက်လုံးများသည် နီရဲလာသည်။
သူမကို အဘယ့်ကြောင့် ကယ်တင်ခဲ့သနည်း။ သူ ဒဏ်ရာရနေသူတစ်ယောက်ဖြစ်သည်။ သူသည် မည်ကဲ့သို့သော သူရဲကောင်းဖြစ်ဖို့ ကြိုးစားနေသနည်း။သူမသည် ဤဇာတ်လမ်းတွင် ဇာတ်ရံတစ်ဦးသာဖြစ်ခဲ့သည်။ အဆိုးဆုံးမှာ သူမကျိုးပဲ့ရုံသာဖြစ်နိုင်သည်။သို့သော် ထိုသူသည် သူ့ဘ၀ဟာ ဘယ်လောက်ထိ နုနယ်သည်ဆိုသည်ကို မသိချေ။
သူမသည် သူ့ကို ပေါ့ပေါ့ပါးပါး လှုပ်ယမ်းလိုက်သည်။
“ကျုံယန်စီ၊ ကျုံယန်စီ”
သူ၏တစ်ကိုယ်လုံး နွေးထွေးနေသေးသော်လည်း သူ့လက်ချောင်းများသည် အေးခဲနေသည်။
ရင်ဘတ်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားသည်။
“ကျုံယန်စီ ထတော့၊ ကျွန်မကို ဒီလိုမခြောက်နဲ့နော်”
သူပြန်မဖြေသည့်အခါ မျက်ရည်များသည် ပါးပြင်ပေါ်စီးကျလာတယ်။ ရုတ်တရက် သူ၏လက်သည် သူမ၏ခါးကိုဖက်လိုက်ပြီး သူ့ရင်ဘတ်ထဲသို့ ဆွဲသွင်းလိုက်သည်။
“တိတ်တိတ်နေ၊ ကိုယ်မသေသေးပါဘူးကွာ”
ယန်ရှီသည် ခေတ္တရပ်တန့်သွားပြီးနောက် အနီးကပ် စိုက်ကြည့်လိုက်သည်။
ကျုံယန်စီသည် သူ၏နှင်းခဲများကပ်နေသည့် မျက်တောင်များအောက်ရှိ ပယင်းရောင်တောက်ပနေသော မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ၏အသံက အားနည်းနေသော်လည်း တည်ငြိမ်နေသည်။
"အားတွေအရမ်းမသုံးနဲ့၊ ကယ်ဆယ်ရေး အဖွဲ့ကို စောင့်ရဦးမယ်"
သူမသည် စိတ်သက်သာရသွားသကဲ့သို့ပင် ခံစားလိုက်ရသည်။
“ရှင်ကျွန်မကို သေချင်ဟန်ဆောင်တယ်”
ဆိုးရွားသောအခြေအနေတွင်ရှိနေသော်လည်း သူ့အကြည့်များသည် ရွင်မြူးသွားသည်။
"ကိုယ့်ကို စိတ်ပူသွားတာလား"
"ဟုတ်တယ်၊ စိတ်ပူသွားတာ" သူမ ရိုက်လိုက်သည်။
ကျုံယန်စီ၏ အပြုံးသည် ပို၍နက်ရှိုင်းလာသည်။
အပြင်ဘက်တွင် မုန်တိုင်းသည် တိုက်ခတ်နေဆဲဖြစ်ပြီး လေများသည် လှိုဏ်ဂူနံရံများကို ကြောက်မက်စဖွယ် ပြင်းထန်စွာ တိုက်ခတ်နေသည်။
ယန်ရှီသည် ပူပန်သွားသည်။
“ကယ်တင်ရေးအဖွဲ့က ကျွန်မတို့ကို ရှာတွေ့မယ်လို့ ရှင်ထင်လား"
ကျုံယန်စီသည် သူမအား နှစ်သိမ့်ပေးနေသည်။
"ကိုယ်တို့က အပန်းဖြေစခန်းနဲ့ သိပ်မဝေးပါဘူး၊ အဖွဲ့သားတွေက ဘယ်ကိုသွားလဲဆိုတာ တွေ့လိုက်တယ်၊ မုန်တိုင်းတိုက်နေရင်တောင်မှ နေ့တစ်ဝက်လောက်မှာ ကိုယ်တို့ကို ရှာတွေ့မှာပါ"
သာမာန်အခြေအနေတွင် ၎င်းသည် ဖြစ်နိုင်ပေသည်။
ကျုံမိသားစု၏ အမွေဆက်ခံသူ ပျောက်ဆုံးသွားပါက ကယ်ဆယ်ရေးအဖွဲ့များသည် ကြိုးကြိုးစားစားရှာမည်ဆိုတာ ယန်ရှီသိသည်။
သို့သော် ဇာတ်လမ်းမှ ဝင်စွက်ဖက်လျှင် မည်သို့ဖြစ်မည်နည်း။
မမျှော်လင့်ထားသော နှင်းမုန်တိုင်းတစ်ခု၊ ဂူထဲတွင် လူနှစ်ဦး ပိတ်မိနေသည်။ ယခုထိ အရာအားလူံးသည် အဆင်ပြေနေသေးသည်။ အကယ်၍ ကယ်ဆယ်ရေးသမားများ လမ်းပျောက်ပြီး ရက်အနည်းငယ် နောက်ကျပါက ကျုံယန်စီသည် အေးခဲ၍ သေသွားနိုင်သည်။
"နောက်ထပ် အစီအစဉ်ရှိသေးလို့လား" ကျုံယန်စီသည် မေးလိုက်သည်။
ယန်ရှီသည် မျက်တောင်ခတ်လိုက်ပြီး သူမ၏ အိတ်ထဲရှိ အဝါရောင် အရေးပေါ် မီးရှူးတန်ဆောင်လေးကို ဆွဲထုတ်လိုက်သည်။သူမသည် “ဒုက္ခ”ဆိုသည့် ခလုတ်ကို နှိပ်လိုက်သည်။
"ပြီးပြီ!"
ကျုံယန်စီသည် မျက်ခုံးပင့်လိုက်သည်။
"ဒါကို ရသစုံရှိုးဆီ ယူလာတာလား"
ယန်ရှီသည်တုံ့ဆိုင်းသွားသည်။ သူမသည် ကြိုတင်စီစဉ်မထားသော်လည်း ကျုံယန်စီဤနေရာ၌ ရှိနေမည်ကို သိသောကြောင့် မနက်ခင်းက တော်ဝင်ဟိုတယ်၏မန်နေဂျာထံမှ ငှားခဲ့ခြင်းဖြစ်သည်။
အကယ်၍ သူမသည် ဇာတ်ကြောင်းဖြစ်ခဲ့လျှင် ဤနေရာသည် သူမ ရိုက်ခတ်မည့်နေရာဖြစ်သည်။ (ဇာတ်ကြောင်းပြောင်းလဲမည့်နေရာ)
သို့သော် ရှင်းပြဖို့ မဖြစ်နိုင်ချေ။
“အသုံးလိုမယ်ထင်လို့ ယူလာတာ”
သူမသည် ခပ်တိုးတိုးပြန်ဖြေလာသည်။
…
မီးဖွင့်ထားလိုက်ပြီးနောက် သူတို့လုပ်နိုင်သမျှမှာ စောင့်ဆိုင်းရုံသာ ဖြစ်သည်။
ယန်ရှီသည် ကျုံယန်စီ၏ရင်ဘတ်ထဲတွင် ရှိနေသည်။ လှိုဏ်ဂူအတွင်း၌ အောက်ဆီဂျင်သည်နည်းပါးလှပြီး မီးလည်းမရှိချေ။ သူတို့သည် အချင်းချင်း၏ ကိုယ်ငွေ့များနှင့်သာ နွေးထွေမှုရှိနေကြသည်။ ထူးဆန်းသည်မှာ သူမသည် ကြောက်ရွံ့နေသော်လည်း သူ့ရင်ခွင်ထဲတွင် ရှိနေခြင်းက သူမကို လုံခြုံစေသည်ဟု ခံစားရသည်။
“ကျုံယန်စီ”
သူမသည် တိုးညင်းစွာခေါ်လိုက်သည်။
“ရှင်အဆင်ပြေတာသိတော့ ကျွန်မဝမ်းသာတယ်”
သူ သက်ပြင်းချလိုက်သည်။
"မင်းက ကျောက်တုံးနဲ့ ထိလုနီးနီးဖြစ်ခဲ့သူပါ၊ မင်း ကိုယ့်ကိုကိုယ် မစိုးရိမ်သင့်ဘူးလား"
"ကျွန်မတို့က မတူဘူး"
ကျွန်မ အရံဇာတ်ကောင်ပါ၊အဆိုးဆုံးဖြစ်ရင် အရိုးကျိုးရုံပေါ့။ဒါပေမဲ့ ရှင်ကသေသွားနိုင်တယ်။
အနည်းဆုံးတော့ ရှင် အသက်ရှင်နေသေးတယ်။
ကျုံယန်စီသည် သူမ နှုတ်ဆိတ်မသွားမီ သူမ၏ ပထမဆုံးစကားအား ကြားလိုက်ရသည်။ သူမအား ငုံ့ကြည့်လိုက်ချိန်တွင် တုန်ရီနေသော သူမ၏ မျက်လုံးထောင့်များတွင် မျက်ရည်များ ကျဆင်းနေသည်။
လည်ချောင်းများ တင်းကြပ်လာသည်။
စိတ်ထဲတွင် ထိုဖျက်ဆီးလိုသောဆန္ဒသည် သူ့အတွင်းသို့ ထပ်မံ၍ ၀င်ရောက်လာခဲ့သည်။
အလိုလိုပင် သူသည် သူ၏လက်အိတ်ကို ဆွဲချွတ်ကာ သူမ၏မျက်ရည်များကို ငုံ့နမ်းရန် ခေါင်းကို အနောက်မှ ကိုင်ထားလိုက်သည်။
သူ့လျှာသည် စိုစွတ်နေသော မျက်တောင်များထံသို့ ညင်သာစွာ ပွတ်တိုက်လိုက်ခြင်းသည် သူမကို တုန်လှုပ်ခြောက်ခြားသွားစေသည်။
အအေးလွန်ကဲနေသော်လည်း ယန်ရှီ၏မျက်နှာသည် ပူပြင်းလာသည်။သူမ၏ နားရွက်များသည် နီမြန်းလာသည်။
"ကျုံယန်စီ"
သူမသည် ခပ်တိုးတိုးခေါ်လိုက်သည်။
"နောက်တစ်ခါ ကျွန်မကို မကယ်ပါနဲ့၊ ရှင့်ရဲ့ဘဝက ပိုအရေးကြီးတယ်၊ ကျွန်မက အဆင်ပြေပါတယ်.."
သူသည် နားမထောင်ဘဲနှင့် သူ့နှုတ်ခမ်းများသည် သူ့မျက်ခွံမှ နှာသီးဖျားအထိ ဆင်းသွားပြီး နောက်ဆုံးတွင် သူမ၏ နှုတ်ခမ်းအား ဖမ်းစုပ်လိုက်သည် ။ အစပိုင်းတွင် နူးညံ့သည်၊ ထို့နောက် ပိုမိုနက်ရှိုင်းလာသည်။ နူးညံ့သောအနမ်းများနှင့် ဆာလောင်မွတ်သိပ်နေသော အနမ်းများကြားတွင် တလှည့်စီ နမ်းရှိုက်နေကြသည်။
ယန်ရှီ၏ အသက်ရှုသံများ တုန်လှုပ်သွားပြီး သူမ၏ သွေးခုန်နှုန်းများ မြန်ဆန်လာသည်။
သူ့လက်ချောင်းများသည် သူမ၏ခါးကို ဖက်လိုက်သောအခါ သူမအသက်ရှူချောင်သွားပြီး အခွင့်ကောင်းယူကာ သူ၏လျှာသည် သူမနှုတ်ခမ်းထဲသို့ ဝင်ရောက်လာသည်။
သူမ လက်များသည် သူ၏ရင်ဘတ်ကို အားပျော့စွာ တွန်းနေသည်။ အနမ်းသည် ပို၍ ပြင်းထန်လာသည်နှင့်အမျှ သူမ၏ နောက်ဆုံး ခံနိုင်ရည်မှာ ပြိုလဲလာခဲ့သည်။
အပြင်ဘက်တွင် မုန်တိုင်းက တဟုန်းဟုန်းတောက်နေပြီး လေသည် နွေးထွေးမှုအားလုံးကို ဝါးမြိုနေသော သားရဲကဲ့သို့ပင် တိုက်ခတ်နေသည်။ သို့သော် ထိုဂူသေးသေးလေးထဲတွင် သူတို့ကြားက အပူဒဏ်မှာ မခံမရပ်နိုင်စဖွယ်ဖြစ်နေသည်။
ချွေးတစ်စက်သည် ကျုံယန်စီ၏လည်ပင်းမှ လိမ့်ဆင်းသွားသည်။ သူသည် ဖျားနာနေသည့်ကြားမှပင် ယန်ရှီသည် သူ၏ ဆွဲဆောင်မှုအား မြင်တွေ့လိုက်ရသည်။
နောက်ဆုံးတွင် သူမအား အသက်ရှုခွင့်ပေးလိုက်သည်နှင့် မူးဝေသွားသည်။
"တော်ပါတော့"
သူမသည် ရပ်ခိုင်းလိုက်ပြီး သူအား ခပ်ဖွဖွ တွန်းဖယ်လိုက်သည်။
ထိုအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် ကိစ္စများဆိုးရွားလာလိမ့်မည်။
ကျုံယန်စီသည် သူမ၏ပါးပြင်ကို သူ့လက်နှစ်ဖက်ထဲတွင် ထည့်ကာ အပူပေးလိုက်သည်။
"အေးနေတုန်းလား"
သူ၏အသံသည် နှိမ့်ချညက်ညောပြီး နားထောင်ကောင်းလှသည်။
ယန်ရှီသည် စကားမပြောနိုင်ချေ။
"ဒါက ရှင်တစ်ယောက်ယောက်ကို ဒီလိုနည်းနဲ့ နွေးထွေးအောင် လုပ်ပေးတာလား"
"မကြိုက်ဘူးလား"
ကျုံယန်စီ၏လက်သည် သူမ၏ခါးပေါ်တွင် တင်လာသည်။
"ဒါပေမယ့် မင်းခန္ဓာကိုယ်က ကြိုက်တဲ့ပုံပဲ”
ယန်ရှီ:!
"ဒီလောက်ဆို လုံလောက်ပါပြီ၊ ကျွန်မ မအေးတော့ပါဘူး၊ ဒီမှာပဲ ရပ်လိုက်ပါ"
ယန်ရှီသည် ကမန်းကတန်း ပြောလိုက်သည်။
ကျုံယန်စီသည် ရယ်မောလိုက်သည်။ အပြင်ဘက်တွင် အေးခဲနေပြီး၊ သူတို့ဟာ ဘယ်ရောက်နေသလဲ မသိသည့်နေရာတွင်ရှိနေသည်။ နေရာကောင်းမဟုတ်ချေ။
ထိုနှစ်ယောက်သည် ငြိမ်သက်စွာ လှဲလျောင်းနေရင်းဖြင့် တစ်ယောက်ကို တစ်ယောက် ဖက်ထားရင်း နွေးထွေးနေသကဲ့သို့ ခံစားရသည်။ ယန်ရှီသည် သူ့စိတ်ထဲမှ System ကို လှမ်းခေါ်လိုက်သည်။
"System၊ ဒီနှင်းမုန်တိုင်းက ဇာတ်ကွက်နဲ့ သက်ဆိုင်တယ် မဟုတ်ဘူးလား"
သာမန် နှင်းမုန်တိုင်းတစ်ခုသာ ဖြစ်ခဲ့လျှင် System သည် သူမအား သတိပေးထားသင့်သော်လည်း System သည် ယင်းအကြောင်းကိုပင် မသိခဲ့ချေ။
[ဖြစ်နိုင်ချေအများဆုံးက]
System သည် စာပို့လာသည်။
[ဒါရိုက်တာယွီ က ဒီတည်နေရာကိုရွေးချယ်တုန်း ရာသီဥတုခန့်မှန်းချက်ကို စစ်ဆေးခဲ့တယ်၊ သီအိုရီအရ ဒီတစ်ပတ်မှာ ပြင်းထန်တဲ့ရာသီဥတုမျိုး မရှိဘူး၊ ဘယ်နေရာကနေ နှင်းမုန်တိုင်းတိုက်မယ်ဆိုတာ ဘယ်သူသိမှာလဲ]
[စကားမစပ် Host၊ မင်း စောစောက ဘာလုပ်နေတာလဲ]
[ငါ့ရဲ့ဒေတာစီးကြောင်းက ခဏတာ ပိတ်ဆို့ခံလိုက်ရပြီး ပင်နယ်တီဘောက်စ်ထဲမှာ သော့ခတ်ခံလိုက်ရတယ်]
[မနေ့တစ်နေ့က မင်းQueen’s Cityကို ထွက်သွားတုန်းကလည်း ကျုံစံအိမ်အပြင်ဘက်မှာလည်း ငါသော့ခတ်ခံခဲ့ရ သေးတယ်၊ အရမ်းထူးဆန်းတာပဲ ]
ယန်ရှီ၏ မျက်နှာသည် နီမြန်းနေသည်။
"နင့်လို AI က ဘာလို့ ဒီလောက်တောင် အမေးမြန်းထူရတာလဲ၊ မမေးနဲ့”