Chapter 83
Vol. 9 Ch. 83
သီးသန့်တည်းခိုခန်းတွင် ကျုံချင်းယွီ သည် စိုးရိမ်ပူပန်စွာဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေသည်။
ဧည့်ခန်းတွင် မှန်များအပြည့် ကာရံထားသည့် ပြင်သစ်စတိုင်ပြတင်းပေါက်များရှိသည်။ နေဝင်ချိန် ရောက်ရန် တစ်နာရီခန်မျှပင်လိုသေးသော်လည်း နှင်းမုန်တိုင်းကြောင့် မိုးကောင်းကင်တစ်ခွင်လုံး မည်းနက်နေပြီး ပန်းခြံအတွင်းရှိ ရေပူစမ်းကန်ကို မြင်ရန်ပင် ခဲယဉ်းနေသည်။
အဝေးတစ်နေရာတွင် မှိတ်တုတ်မှိတ်တုတ်မီးအိမ်များဖြင့် ရိုက်ကူးရေးအဖွဲ့ဝင်များသည် နှင်းများကြားထဲမှ တည်းခိုခန်းထံသို့ လမ်းလျှောက်လာနေကြသည်။
ကျုံချင်းယွီ သည် ချက်ချင်းပြေးသွားသည်။ ဤအဖွဲ့သည် ယန်ရှီနှင့်အတူလိုက်ပါသွားသော အဖွဲ့ဖြစ်ကြောင်း သူမ သိပြီးဖြစ်သည်။
သူမ၏ မျက်လုံးများသည် သူမနှင့် မရင်းနှီးသော မျက်နှာစိမ်းများကြားတွင် လိုက်လံစစ်ဆေးကြည့်နေသော်လည်း ယန်ရှီကို မတွေ့ရပေ။
"ယန်ရှီ ဘယ်မှာလဲ"
ကျုံချင်းယွီ က PD (ထုတ်လုပ်မှု ဒါရိုက်တာ)ကို မေးလိုက်သည်။
မကြာသေးမီက နှင်းလျှောစီးအားကစားသမားများ အနားယူခန်းတွင် ဒါရိုက်တာယွီနှင့် လက်ထောက်လျူတို့ ယန်ရှီနှင့် သက်ဆိုင်သော အဖြစ်အပျက်တစ်ခုကို ဆွေးနွေးနေသည်ကို သူမ ကြားခဲ့ရသည်။ လူအများကြီးရှိနေချိန်တွင် ဘာမျှကြီးမားမားဖြစ်မည်ဟူ၍တော့ မထင်မိပေ။ သို့ဆိုပါက အဘယ့်ကြောင့် လူတိုင်းပြန်လာပြီး သူမတစ်ယောက်တည်း ကျန်နေရသနည်း။
PD က မျက်နှာငယ်လေးဖြင့် ပြန်ပြောသည်။
"ယန်ရှီနဲ့ အခြားသူတွေက လုံခြုံရေးဇုန်အပြင်ဘက်ကို မတော်တဆ ဆင်းသွားတယ်၊ ကျွန်တော်တို့ကယ်ဖို့ ကြိုးစားပေမဲ့ နှင်းမုန်တိုင်းက အရမ်း ပြင်းလွန်းတယ် ခဏနေတော့ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာကြပြီး ကျွန်တော်တို့ကို အရင်ပြန်ခိုင်းလိုက်တာ၊ သူတို့ကတော့ ကျွန်တော်တို့ပြောတဲ့ လမ်းအတိုင်း ဆက်သွားနေကြတယ်"
ကျုံချင်းယွီ၏ မျက်ခုံးများက အရေးအကြောင်းများပေါ်လာသည်အထိတွန့်သွားသည်။
"ရှင်တို့ လူအများကြီးရှိရဲ့သားနဲ့ မိန်းကလေးတစ်ယောက် ပျောက်သွားတာကိုတောင် မသိလိုက်ဘူးလား"
PD က ရှက်ရွံ့သောအပြုံးဖြင့် ပြန်ဖြေသည်။
"ဥက္ကဋ္ဌကျုံက ယန်ရှီနဲ့အတူရှိနေတယ်၊ သူ့ကို ကာကွယ်ပေးနိုင်မှာပါ"
သို့သော်လည်း ကျုံချင်းယွီ ၏ မျက်နှာက ပိုမိုမှောင်မည်းလာသည်။
ကျုံယန်စီဆိုသည့် ပလီပလာများသည့် မြေခွေးအိုကြီးက ဘာများအသုံးဝင်မည်နည်း။
သူ့ခြေကျင်းဝတ်ရှိဒဏ်ရာပင် မသက်သာသေးသည်ဖြစ်ရာ သူကိုယ်တိုင်က မသန်စွမ်းတစ်ယောက်ပင် ဖြစ်နေသေးသည်မဟုတ်ပါလား။
Royal ဟော်တယ်မန်နေဂျာနှင့် အထူးရှာဖွေရေးအဖွဲ့တို့သည် ဗီလာတွင်ရှိနေကြသည်။
ကျုံချင်းယွီ က အမိန့်ပေးလိုက်သည်။
"ပိုက်ဆံများများသုံးပြီး လိုအပ်သလောက် လူလွှတ်လိုက်ပါ၊ ဒီလူနှစ်ယောက်ကို မရရအောင်ရှာကြ နားလည်ပြီလား"
အဝေးတွင် နှင်းလျှောစီးကွင်းဘေးရှိ တောင်ခြေမှ ရှာဖွေရေးမီးများ ထွန်းလင်းလာသည်။
နှင်းမုန်တိုင်းက ဆူဆူညံညံအသံများကြားမှ ညသည် ပိုမိုနက်ရှိုင်းလာသည်။
ညနက်လေလေ သူတို့ကို ရှာဖွေရန် ပိုမိုခက်ခဲလေလေ ဖြစ်သည်။
စိုးရိမ်ပူပန်နေသော မျက်နှာများအလယ်တွင် ပေယွဲ့ပိုင်၏ မျက်လုံးများ၌ တိတ်ဆိတ်နေသော ကျေနပ်မှုတစ်ခု တည်ရှိနေခဲ့သည်ဆိုသည်ကိုတော့ ဘုရားသာ သိပေမည်။
သူ့အနေဖြင့် ယန်ရှီကို သင်ခန်းစာပေးရန် ရည်ရွယ်ခဲ့ခြင်းသာဖြစ်သည်။ သို့သော်လည်း ထိုအရူးမက သူမကိုယ်တိုင်ပင် လုံခြုံရေးဇုန်အပြင်သို့ ထွက်သွားပြီး ကျုံယန်စီကိုပါ ဆွဲခေါ်သွားမည်ဟု မထင်မှတ်ထားခဲ့မိပေ။ သူမ အပြစ်နှင့် သူမပင် ဖြစ်သည်။
သူမသာ မရှိခဲ့လျှင် သူသည် ကျုံချင်းယွီကို ပြန်အနိုင်ရပြီး ဖြစ်မည် မဟုတ်ပါလား။
နည်းနည်းပါးပါးသာဖြစ်သော အအေးဒဏ်က သူမအတွက် အလွန်သက်သာသော အပြစ်ပေးမှုပင် ဖြစ်သည်။
သို့သော် အပြင်ပန်းတွင် ပေယွဲ့ပိုင်သည် နူးညံ့သော ဟန်ဖြင့် ကျုံချင်းယွီကို နှစ်သိမ့်ပေးသည်။
"ချင်းယွီ ရှာဖွေရေးအဖွဲ့အများကြီးရှိနေပါတယ် ယန်ရှီ ဘာမှမဖြစ်ပါဘူး၊ တကယ်တော့ သူကိုယ်တိုင်ကကို မဟုတ်တာ သူသာ လုံခြုံရေးဇုန်အပြင်ကို မဆင်မခြင် ထွက်သွားတာမျိုး မဟုတ်ရင် ဒါမျိုးတွေဖြစ်လာမှာမဟုတ်ဘူး"
ဖြန်း!!
ကျုံချင်းယွီ ၏ လက်ဖဝါးသည် ပေယွဲ့ပိုင်၏ ပါးကို တုံ့ဆိုင်းခြင်းမရှိ ရိုက်ချလိုက်သည်။
ဗီလာ၏ ဧည့်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူအားလုံး၏ အကြည့်များသည် သူတို့နှစ်ဦးထံကို ရောက်ရှိလာကြသည်။
ပေယွဲ့ပိုင် သည် မယုံကြည်နိုင်အောင်ဖြစ်နေမိသည်။
ကျုံချင်းယွီက စိတ်တိုင်းမကျသေးပဲ ထပ်ပြောပြန်သည်။
"ပေယွဲ့ပိုင် ရှင့်မှာအချိန်တွေအရမ်းပိုနေတယ်ဆိုရင် ကိုယ်တိုင် သွားရှာလိုက်ပါလား"
ပေယွဲ့ပိုင်သည် တုန်လှုပ်သွားသည်။ အပြင်မှာ နှင်းမုန်တိုင်းက ကြောက်စရာပင်ကောင်းနေသည်။
"မင်း… မင်းက ငါ့ကို ဒီအချိန်မှာ အပြင်ထွက်ခိုင်းတာလား"
"မလုပ်ချင်ဘူးလား"
ကျုံချင်းယွီ ၏ အကြည့်သည် ရေခဲတမျှ အေးစက်လာခဲ့သည်။
"လူနှစ်ယောက် ပျောက်နေတယ် တစ်ယောက်က ကျွန်မအရမ်းချစ်ရတဲ့ သူငယ်ချင်း နောက်တစ်ယောက်က ကျွန်မနဲ့ သွေးသားတော်စပ်တဲ့အစ်ကို၊ ရှင် ကျွန်မကို ချစ်တယ် ဆိုတာ ရှင်ကိုယ်တိုင် ရှင့်ပါးစပ်ကြီးနဲ့ပြောခဲ့တာလေ၊ ကျွန်မဘဝရဲ့ အရေးအကြီးဆုံး လူနှစ်ယောက်ကို ရှာဖို့တော့ ကူညီသင့်တယ် မဟုတ်ဘူးလား"
ပေယွဲ့ပိုင်သည် မယုံကြည်နိုင်လွန်းစွာဖြင့် မျက်လုံးပြူးကျယ်သွားမိသည်။
အရေးအကြီးဆုံး လူတွေတဲ့လား။
ယန်ရှီကတော့ ဟုတ်ပါရဲ့။ သို့သော်လည်း ကျုံယန်စီက မည်သည့်အချိန်က သူမအတွက် ယခုလောက်အရေးပါလာရသနည်း။
ကျုံယန်စီကိုယ်တိုင်ပင် သူတို့မောင်နှမ ပြန်သင့်မြတ်သွားသည်ကို သိပါရဲ့လား။
ကျုံချင်းယွီက မျက်မှောင်ကြုတ်ပြီး ထပ်ပြောပြန်သည်။
"ဘာလဲ မလုပ်နိုင်ဘူးလား၊ ရှင်ပြောတဲ့ချစ်တယ်ဆိုတာက ဒီလောက်ပဲနက်ရှိုင်းတာလား"
ပေယွဲ့ပိုင်၏ မျက်နှာတစ်ပြင်လုံး ဖြူဖျော့သွားသည်။ သူသည် ကျုံချင်းယွီ၏ အသိအမှတ်ပြုမှုကို ပြန်ရရန်အတွက် ခရီးသွားအတိုင်ပင်ခံအဖြစ် Queenstown မြို့အထိ လိုက်လာခဲ့သည်။ ယခုငြင်းဆိုလိုက်ပါက သူ့ချစ်ခြင်းမေတ္တာက အတုအယောင်သာဖြစ်သည်ဟု သက်သေထူရာကျသွားမည်လော။
အသက်အန္တရာယ်ရှိသော မုန်တိုင်းနှင့် ပေမိသားစုရဲ့အစုရှယ်ယာအခြေအနေကြား စိတ်ရှုပ်စွာဖြင့် "အေးပါ ငါသွားမယ်" ဟု အံကြိတ်ကာ ပြောလိုက်သည်။
Royal ဟော်တယ်က ဒုတိယမြောက်ကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ခဲ့ပြီး ထိုအဖွဲ့ထဲတွင် ပေယွဲ့ပိုင်လည်း ပါဝင်ခဲ့သည်။
အပြင်ထွက်သည်နှင့်တပြိုင်နက် လေသည် အပ်များကဲ့သို့ သူ့အရေပြားကို ထိုးဖောက်လာပြီး ရေခဲအိုင်ထဲသို့ ဆွဲချသကဲ့သို့ ခံစားရသည်။ မိနစ်ပိုင်းအတွင်း သူ့လက်ခြေများ အေးစက်သွားခဲ့သည်။
အဆုံးမရှိသော ဖြူဖွေးနေသည့် နှင်းထဲတွင် ပေယွဲ့ပိုင်သည် အဖွဲ့နှင့်အတူ ကျုံယန်စီနှင့် ယန်ရှီကို ရှာဖွေရင်း လှမ်းလျှောက်သွားသည်။ ထိုတဒင်္ဂတွင် စကားပြောစက်ကို မနှောင့်ယှက်ခဲ့လျှင် ပိုကောင်းမည်ဟု နောင်တရနေမိသည်။
ဗီလာအတွင်း ကျုံချင်းယွီသည် စိတ်မအေးစွာဖြင့် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသည်။
ဟော်တယ်မန်နေဂျာက ယန်ရှီသည် GPS အချက်ပြ နှစ်လုံးကိုတောင်းခံခဲ့ပြီး တစ်ခုကို ဖွင့်ထားကြောင်း အသိပေးခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့သည် အခုအချိန်တွင် ထိုအချက်ပြကို ခြေရာခံနိုင်ပြီဖြစ်သည်။
ဤသည်မှာ သေးငယ်သော မျှော်လင့်ချက်တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အချက်ပြသည့် နေရာကိုသိသော်လည်း ထိုနေရာသို့ရောက်ရန် အချိန်ယူရဦးမည်ဖြစ်သည်။
ကျုံချင်းယွီ၏ တဖြည်းဖြည်းဖြင့် ပိုပိုစိတ်တိုလာသည်။
"ယန်ရှီက စကိတ်ဘုတ်စီးတတ်တာလည်းမဟုတ်ပဲနဲ့ ဘယ်လိုလုပ်ပြီးလုံခြုံရေးဇုန်အပြင်ကို ရောက်သွားခဲ့တာလဲ"
သူမသည် PD ဘက်သို့လှည့်ကာ မေးလိုက်သည်။
“ငါ့ကိုအမှန်အတိုင်းပြော၊ ကျုံယန်စီက စကိတ်ဘုတ်စီးပြီး သူ့ကို အပြင်ဆွဲခေါ်သွားခဲ့တာလား ရှင်တို့အကုန်လုံး သူ့အတွက် ဖုံးကွယ်ပေးနေကြတာလား"
PD က လေးတိလေးပင်ပြန်ပြောလိုက်သည်။
"မစ္စကျုံ ကျွန်တော်တို့မှာ ဗီဒီယိုဖိုင်ရှိပါတယ်၊ ကြည့်ကြည့်မလား"
တိုက်ရိုက်ထုတ်လွှင့်မှုပျက်သွားသော်လည်း မှတ်တမ်းတင်ထားသော ဗီဒီယိုဖိုင်သည် ပြည့်စုံစွာရှိနေဆဲဖြစ်သည်။
PD က စက်ပစ္စည်းကို တီဗီနှင့်ချိတ်ဆက်လိုက်သည်။ ဖန်သားပြင်ပေါ်တွင် နှင်းလျှောစီးဝါသနာရှင်များအတွက် နှင်လျှောစီးသည့်လမ်းမကြီးနှင့် နယ်နိမိတ်အပြင်ဘက်တွင် ပြန့်ကြဲနေသော ခြောက်သွေ့နေသည့် သစ်ပင်များကို ပြသထားသည်။ ထိုအချိန်တွင် မြင်နိုင်စွမ်းသည် ရှင်းလင်းနေဆဲဖြစ်သည်။
မှတ်တမ်းဗွီဒီယိုထဲတွင် ယန်ရှီသည် စကိတ်ဘုတ်စီးရာတွင် အခက်တွေ့နေပြီး မီတာအနည်းငယ်သာရွေ့လျားပြီးနောက် နှင်းထဲသို့ မျက်နှာစိုက်လျက်လဲကျသွားသည်။
ကျုံယန်စီက သူမကို ဆွဲထုတ်ပေးလိုက်သည်။
"လက်လျှော့လိုက်ပါတော့ကွာ၊ စကိတ်ဘုတ်စီးတာက မင်းနဲ့မသင့်တော်ဘူး"
ယန်ရှီ: "မဖြစ်ဘူး ဒါရိုက်တာယွီက စိန်ခေါ်မှုပြီးသွားရင် ပါတနာပြောင်းလို့ရတယ်လို့ပြောတယ်၊ ကျွန်မ တော်တော်လေးစီးတတ်နေပါပြီ ကြည်ထားစမ်းပါ"
သူမသည် ကိုယ်အနေအထားကိုညှိပြီး သူ့ကိုထပ်မံတွန်းထုတ်လိုက်သော်လည်း စက္ကန့်ပိုင်းအတွင်း ပြန်လဲကျသွားသည်။ ဤသံသရာစက်ဝန်းသည် အဆုံးမရှိပြန်လည်ပတ်နေသည်။ စကိတ်ဘုတ်စီး၊ လဲကျ၊ ပြန်ထူ၊ ပြန်လုပ်။
"ကျုံယန်စီ ကျွန်မ နောက်တစ်ခါထပ်ကြိုးစားကြည့်ဦးမယ်၊ စီးတတ်တော့မှာ"
"ဒါပြီးရင်တော့ ချင်းယွီဆီပြန်သွားလို့ရပြီ"
"ရှင် ကျွန်မကို ချင်းယွီနဲ့မတွေ့ရအောင် လုပ်နေတာလား၊ လာကူပေးပါဦးလို့"
သတိမထားမိလိုက်ဘဲ သူတို့သည် နှင်းလျှောစီးသည့် ကွင်းပြင်ကြီး၏ အစွန်းသို့ ရောက်ရှိသွားကြသည်။
ကျုံယန်စီက PD ထံ ရာသီဥတုပိုမိုဆိုးရွားလာနေသဖြင့် အခြေအနေ မေးရန် ခေတ္တခဏထွက်သွားစဉ် ယန်ရှီသည် ရုတ်တရက် စကိတ်ဘုတ်စီးတတ်သွားပြီး အော်ဟစ်လိုက်သည်။
"ကျုံယန်စီ ကျွန်မ စီးတတ်သွားပြီ၊ အခုပဲ ချင်းယွီဆီပြန်သွားမယ်"
သူမသည် နှင်းများပေါ်တွင် စကိတ်ဘုတ်လျှောစီးနည်းကို ကျွမ်းကျင်စွာတတ်မြောက်သွားသော်လည်း ရပ်တန့်နည်းကိုမတတ်သေးပေ။
မုန်တိုင်းသည် သူမ၏သေးငယ်သောပုံရိပ်ကို ချက်ချင်းဆိုသလို ဝါးမျိုသွားခဲ့သည်။ ကျုံယန်စီသည် မဆိုင်းမတွပင် သူမနောက်သို့ လိုက်ပါသွားခဲ့သည်။
ထိုအချိန်တွင် ဗီဒီယိုဖိုင်သည် ရုပ်သံမဲ့သွားခဲ့သည်။
ကျုံးချင်းယွီသည် ဖန်သားပြင်ကိုစိုက်ကြည့်နေရင် သူမ၏ ခြေထောက်များ ပျော့ခွေသွားပြီး ဆိုဖာပေါ်သို့ လဲကျသွားသည်။
သူမသည် ယန်ရှီပြောခဲ့သည့် စကိတ်ဘုတ်စီးတတ်အောင်သင်မှသာ သူမထံပြန်လာနိုင်မည်ဆိုသော စကားတစ်လုံးစီတိုင်းကို ထပ်ခါ ထပ်ခါကြားယောင်နေမိသည်။ ယန်ရှီသည် နှင်းလျှောစီးတတ်သွားသည်ကို ဝမ်းသာနေခဲ့ပြီး နောက်ဆုံးတွင် ပါတနာပြောင်းလဲမှုကို အကောင်အထည်ဖော်နိုင်ခဲ့သည်။
ကျုံချင်းယွီ၏မျက်လုံးများတွင် မကျသေးဘဲ တင်းခံထားသောမျက်ရည်များဖြင့် ပူလောင်နေသည်။
သူမ နောင်တရနေမိသည်။ သူမသည် ယန်ရှီနှင့် အဘယ်ကြောင့်အငြင်းပွားခဲ့ရသနည်း။ ယန်ရှီက သူမကိုလှည့်စားခဲ့သည်ဆိုလျှင်လည်း ဘာဖြစ်သနည်း။ အသည်းကွဲခဲ့သည်ဆိုသော အရေးမပါလှသည့် အသေးအမွှားကိစ္စမျိုးဖြင့် လှည့်စားခံခဲ့ရသည်ဆိုလျှင်ရောသူမအတွက် ဘာများထိခိုက်နစ်နာသေးသနည်း။ သို့သော် ယန်ရှီသည်ကား သူမထံသို့ ပြန်လာရန်အတွက် ဤရွေ့ဤမျှကြိုးပမ်းအားထုတ်ခဲ့ရသည်။
ဧည့်ခန်းသည် အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်နေသည်။ ခွေးကလေးယောင်ကျူပင် ကျုံချင်းယွီ၏ခြေထောက်အနီးတွင် နာခံစွာလဲလျောင်းနေပြီး သူ့လက်သည်းများကို ခပ်ဖွဖွကလေးလျက်လျက်ရှိသည်။
အချိန်သည် အဆုံးမရှိသကဲ့သို့ ဖြတ်သန်းနေရသည်။ အပြင်ဘက်တွင် နှင်းများနှင့် ညအမှောင်သည် တစ်သားတည်းဖြစ်နေစဉ် ဘရိတ်သံတစ်ခုက တိတ်ဆိတ်မှုကို ဖြတ်တောက်လိုက်သည်။
ကားမီးများ၏ အလင်းတန်းများသည် မှန်တံခါးကြီးမှတဆင့် ဖြတ်သန်းသွားသည်။
ကျုံချင်းယွီသည် ဆိုဖာမှ ချက်ချင်းထလိုက်သည်။ ဧည့်ခန်းသည် နွေးထွေးနေသော်လည်း သူမသည် ပါးလျသောဖိနပ်တစ်စုံနှင့် C အမှတ်တံဆိပ် ခြုံထည်တစ်ခုသာ ဝတ်ဆင်ထားသည်။ ဘရိတ်သံကိုကြားသည်နှင့် သူမသည် ခြေဗလာဖြင့် ခြံထဲသို့ ပြေးထွက်သွားသည်။
ထိုအရာသည် ကယ်ဆယ်ရေးယာဉ်ဖြစ်သည်။
ကားရှေ့မီးများ၏ မှုန်မှုန်မွှားမွှားအလင်းရောင်အောက်တွင် နှင်းမှုန်ကလေးများသည် လေထဲ၌ ကခုန်နေကြသည်။ ကျုံချင်းယွီသည် ထူထဲသော ငှက်မွေးဂျာကင်ကြီးဝတ်ဆင်ထားသည့် ယန်ရှီအား ကယ်ဆယ်ရေးယာဉ်ပေါ်မှ ဆင်းလာသည်ကို တွေ့လိုက်ရသည်။
ထိုအခိုက်တွင် သူမထိန်းထားခဲ့သော မျက်ရည်များသည် တစ်စက်ပြီးတစ်စက်ဆက်တိုက် ကျလာခဲ့သည်။
ကျုံချင်းယွီသည် ရှေ့သို့ပြေးကာ ယန်ရှီကို အားပါးတရ ဖက်ထားလိုက်သည်။
အပြင်ဘက်ရှိအအေးသည် အရေပြားကို ထိုးဖောက်နိုင်လောက်အောင်ပင် အေးခဲနေသည်။ ယန်ရှီကိုယ်တိုင်လည်း အေးစက်နေမိပြီး ကျုံချင်းယွီအား အဝတ်အစားပါးပါးလေးသာ ဝတ်ဆင်ထားသည်ကိုမြင်သောအခါ သူမကို အခန်းအတွင်းသို့ အမြန်ပြန်ဝင်ရန် တိုက်တွန်းလိုက်သည်။
အခန်းအတွင်းတွင် ကျုံချင်းယွီသည် ယန်ရှီကို ဦးခေါင်းမှ ခြေဖဝါးအထိ စစ်ဆေးလိုက်သည်။
"မျက်နှာက ဘာဖြစ်သွားတာလဲ၊ ဒီလောက်များတဲ့ ဒဏ်ရာတွေ ဘယ်လိုရသွားတာလဲ အမာရွတ်ကျန်သွားရင် ဘယ်လိုလုပ်မလဲ၊ တခြားဘယ်နေရာ ထိခိုက်မိသေးလဲ နှင်းကိုက်နာတွေဖြစ်တော့မှာပဲ"
ဗီလာအတွင်းသည် နွေးထွေးပြီး ယန်ရှီသည်လည်း တဖြည်းဖြည်း ပြန်လည်နွေးလာသည်။
"ငါအဆင်ပြေပါတယ်"
ကျုံချင်းယွီသည် သက်ပြင်းတစ်ချက်ချပြီး ကျုံယန်စီဘက်သို့ လှည့်ကာ ကြမ်းတမ်းစွာပြောလိုက်သည်။
"ကျုံယန်စီ သူ့ကို ဒီလိုထိခိုက်အောင် ဘယ်လိုတောင်ထားခဲ့တာလဲ"
ကျုံယန်စီသည် တုန်လှုပ်သွားသည်။ နှစ်ပေါင်းများစွာ အငြင်းပွားခဲ့သည့်အလျောက် သူသည် ပြန်လည်ငြင်းဆိုလိုစိတ်ဖြစ်မိသော်လည်း ယန်ရှီ၏ မျက်နှာပေါ်က ဒဏ်ရာများကိုမြင်သောအခါ သူ၏ နှလုံးသားသည် နူးညံ့ပျော့ပျောင်းသွားခဲ့သည်။
"ငါ သူ့ကို ကောင်းကောင်းမကာကွယ်နိုင်ခဲ့ဘူး"
သူ၏ နူးညံ့ပျော့ပျောင်းသောအသံကြောင့် ကျုံချင်းယွီအနေဖြင့် ဆက်လက်ဆူပူစရာ အကြောင်းမရှိတော့ပေ။ သူမသည် ဆရာဝန်ခေါ်ကာ နှစ်ဦးစလုံးကို ကုသစေရန် အမိန့်ပေးလိုက်သည်။
ကျုံချင်းယွီသည် ယန်ရှီကို သူမ၏အခန်းသို့ တွဲကူပြီး ပို့ပေးခဲ့သည်။ မျက်နှာပေါ်ရှိ အနာကလေးများနှင့် လဲကျရာမှဖြစ်ခဲ့သော ဒဏ်ရာအနာတရများမှလွဲ၍ သူမတွင် အခြားပြင်းထန်သော ထိခိုက်ဒဏ်ရာမရှိပဲ ကျန်းမာရေးအခြေအနေလည်း ကောင်းမွန်နေသည်။
ဆရာဝန်သည် ယန်ရှီ၏အနာများကို ပတ်တီးစည်းပေးပြီး ဒဏ်ရာနှင့်နှင်းကိုက်ရာများအတွက် လိမ်းဆေးပေးကာ ထွက်ခွာသွားသည်။
ကျုံချင်းယွီသည် ယန်ရှီ၏ရှေ့တွင် ထိုင်နေပြီး လက်အိတ်တစ်ခုကို သူမ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။
"နင်က တကယ်ကိုပဲသိလား၊ ဒါရိုက်တာယွီက တစ်နာရီအတွင်း အပြီးသတ်ဖို့ပြောခဲ့သားနဲ့ ဘာလို့ အဲဒီလောက်အားထည့်နေခဲ့တာလဲ"
ယန်ရှီပြုံးလိုက်သည်။
"ချင်းယွီ ငါက နင့်ဆီကို ပြန်လာနိုင်ဖို့ စကိတ်ဘုတ်စီးတတ်အောင် အမြန်သင်ချင်ခဲ့လို့ပါ"
ထို့နောက် သူမသည် ရုတ်တရက်ရပ်တန့်သွားသည်။
"တစ်နာရီအတွင်းဆိုတာ ဘာကိုဆိုလိုတာလဲ"
"ဒါရိုက်တာယွီက နင့်ကိုမပြောခဲ့ဘူးလား၊ နေ့ခင်းပိုင်းမှာ နှင်းလျှောစီးတဲ့ အပန်းဖြေစခန်းက တာဝန်ရှိတဲ့သူတွေက နှင်းမုန်တိုင်းအကြောင်း အသိပေးခဲ့တယ်လေ၊ အဲဒါမလို့ ဒါရိုက်တာယွီက တစ်နာရီအတွင်း ရုပ်ရှင်ရိုက်ကူးမှုအကုန်လုံးရပ်ပြီး ထွက်ခွာဖို့ အသိပေးခဲ့တယ်၊ ငါတို့လည်း သတင်းကြားတော့ နောက်ထပ်နာရီဝက်လောက်ပဲစကိတ်ဘုတ်စီးပြီးမှ ပြန်လာခဲ့တာ လူစာရင်းစစ်တော့မှ နင်ပျောက်နေတာသိလိုက်ရတာ"
ယန်ရှီသည် ရုတ်တရက် အံ့ဩသွားသည်။
"ငါတို့ ဘာအသိပေးချက်တစ်ခုမှ မရခဲ့ဘူး"
ကျုံချင်းယွီလည်း အံ့အားသင့်သွားသည်။ ယန်ရှီနှင့်အတူရှိသော အဖွဲ့သည် အမှန်တကယ်ပင် အသိပေးချက်မရခဲ့ကြောင်း အတည်ပြုပြီးနောက် နှစ်ဦးသား ဒါရိုက်တာယွီကို မေးမြန်းရန် ဝန်ထမ်းများနေထိုင်ရာ ဗီလာသို့ အမြန်သွားကြသည်။
ဒါရိုက်တာယွီသည် လက်ထောက်လျူကို ဆူပူနေပြီးဖြစ်သည်။
"ငါတစ်နာရီအတွင်း အပြီးသတ်ဖို့ပြောခဲ့တယ်လေ၊ မင်းက သတ်မှတ်ထားတဲ့အချိန်ကုန်သွားတာကိုတောင် မသိချင်ယောင် ဆောင်ပြီး ဧည့်သည်တွေကိုလည်း လုံခြုံရေးဇုန်အပြင်မှာ နှင်းလျှောစီးခွင့်ပေးခဲ့လိုက်သေးတယ်၊ ဘာမှ အကြီးအကျယ်မဖြစ်ခဲ့လို့ ကျေးဇူးတင်ရမှာပဲ မဟုတ်ရင် ငါတို့နှစ်ယောက်လုံး အလုပ်ပြုတ်နေလောက်ပြီ"
လက်ထောက်လျူသည် အလွန်အမင်းစိတ်ရှုပ်ထွေးနေပုံရသည်။
"ဒါရိုက်တာယွီ ကျွန်တော်အဲဒီသတင်းကို ဘယ်တုန်းကမှ မရခဲ့ဘူးတကယ်ပါ၊ ကျွန်တော်ကျိန်ရဲပါတယ်"
ကျုံချင်းယွီက စကားဖြတ်ပြောသည်။
"ယွီကျီကျုံး ရှင်အလုပ်ရှုပ်နေတာနဲ့ပဲ သူတို့ကိုအသိပေးဖို့မေ့သွားတာလား"
ဒါရိုက်တာယွီ၏မျက်နှာသည် ဖြူဖျော့သွားသည်။
"မစ္စကျုံ ကျွန်တော်ဒီလိုကိစ္စကို ပေါ့ပေါ့ဆဆမလုပ်ရဲပါဘူး ကျွန်တော်အဖွဲ့တိုင်းကို အသိပေးခဲ့ပါတယ်၊ နှင်းမုန်တိုင်းဆိုတာ အသက်အန္တရာယ်ရှိတဲ့ကိစ္စပါ၊ သူလည်း ဒီလိုအန္တရာယ်ရှိတဲ့ ကိစ္စမျိုးကို ပေါ့ပေါ့ဆဆလုပ်မှာမဟုတ်နိုင်ပါဘူး"
လက်ထောက်လျူသည် ပိုမို၍ စိတ်ရှုပ်ထွေးသွားပြီး သူ၏ စကားပြောစက်ကို အကူအညီမဲ့စွာ ဆုပ်ကိုင်ထားမိသည်။ ဤရှိုးပွဲသည် သူ့အား အချိန်ပြည့် PD တစ်ဦးဖြစ်လာစေရန် အခွင့်အလမ်းဖြစ်မည်ဟု မျှော်လင့်ခဲ့သော်လည်း ယခုအခါတွင် သူ၏ နှစ်ကုန်ချီးမြှင့်ငွေများအတွက် မျှော်လင့်ချက်များ ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။
သို့သော်လည်း သူသည် သူ၏ စကားပြောစက်ကို မည်သည့်အခါတွင်မျှမှ ဘေးဖယ်မထားခဲ့ပေ။ အလုပ်များနေသည့်တိုင် အခြားတစ်ဦးကို အစားထိုးစောင့်ကြည့်စေခဲ့သည်။ ဤမျှအရေးကြီးသော သတင်းကို သူမည်သို့လွဲချော်နိုင်မည်နည်း။
ယန်ရှီက စတင်မေးမြန်းလိုက်သည်။
"ရှင် စကားပြောစက်ကို ဂရုမစိုက်မိပဲ ထားခဲ့ဖူးသေးလား"
"ကျွန်တော် အမြဲတမ်းကိုယ်နဲ့မကွာသယ်သွားပါတယ်၊ သန့်စင်ခန်းသွားတဲ့အချိန်မှာပဲ ခဏချထားခဲ့တာ"
ပစ္စည်းများနှင့်အတူ သန့်စင်ခန်းထဲသို့သွားရန် အဆင်မပြေသောကြောင့် လက်ထောက်လျူ သည် အိမ်သာဘေစင်ပေါ်တွင် ခဏချထားခဲ့ခြင်းဖြစ်သည်။
သူ၏အသံတွင် အပြစ်ရှိသည့်သဘောမျိုး ရောစွက်နေသည်။
"တစ်မိနစ်လောက်လေးပဲကြာတာပါ၊ ဒီလောက်အရေးကြီးတဲ့သတင်းကို ကျွန်တော်လွဲချော်သွားမယ်ဆိုတာ ဘယ်လိုသိခဲ့မှာလဲ"
ဒါရိုက်တာယွီက သက်ပြင်းချလိုက်သည်။
"မင်းသန့်စင်ခန်းသွားနေတုန်း အချိန်မှာပဲ လွဲသွားတာဖြစ်လိမ့်မယ်၊ နောက်တစ်ခါ ပိုသတိထားပါ"
လက်ထောက်လျူက ခေါင်းတဆိတ်ဆိတ်ညိတ်ပြသည်။
"ကျွန်တော်နားလည်ပါတယ်၊ နောက်တစ်ခါ ဒီလိုမဖြစ်စေရတော့ပါဘူး"
အပြန်အလှန်စကားများပြောပြီးနောက် အပြစ်သည် လက်ထောက်လျူ၏ ပေါ့လျော့မှုပေါ်သို့သာ ခေါင်းပုံကျသွားသည်။ ဒါရိုက်တာယွီက သူ၏ နှစ်ကုန်ဘောနပ်များကို ဖြတ်တောက်လိုက်သည်။ လက်ထောက်လျူသည်လည်း အပြစ်ဒဏ်ကို ညည်းညူခြင်းမရှိဘဲ လက်ခံလိုက်သည်။
သို့သော် ယန်ရှီသည် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားနေရဆဲဖြစ်သော်လည်း မည်သည့်အရာကိုမှန်းမရခဲ့ပေ။
အပြစ်တင်ခံရပြီးနောက် လက်ထောက်လျုသည် သူ၏ဂျာကင်ကိုယူကာ အခန်းသို့ပြန်ရန် ပြင်ဆင်နေသည်။
ရုတ်တရက်ဆိုသလို ယန်ရှီ၏မျက်လုံးများ တောက်ပလာသည်။ သူမသည် သူ၏လက်မောင်းကို လှမ်းဆွဲလိုက်သည်။
"မနက်က ရှင်ဒီဂျာကင်ကို မဝတ်ခဲ့ဘူးမဟုတ်လား"
လက်ထောက်လျိုသည် မျက်တောင်ခတ်လိုက်မိသည်။
"ဟုတ်တယ် နေ့ခင်းပိုင်းတိုက်ရိုက်ထုတ်လွှင့်မှုမှာ ဟင်းပူတွေဖိတ်ကျကုန်လို့ သန့်စင်ခန်းထဲမှာ အဝတ်လဲလိုက်ရတာ ဘာလို့လဲ"
သန့်စင်ခန်း။
ပေယွဲ့ပိုင်လည်း ခွေးကြောင့် သေးများစိုရွှဲသွားခဲ့ပြီးနောက် ထိုနေရာသို့သွားခဲ့သည်။
ယန်ရှီက ဆက်မေးသည်။
"သန့်စင်ခန်းထဲမှာ ပေယွဲ့ပိုင်နဲ့တွေ့သေးလား"
"ဟုတ်တယ် သူက ကျွန်တော့်ပစ္စည်းတွေကို ကြည့်ပေးမယ်ဆိုပြီး ပြောခဲ့တာ အာ စကားတွေပြောနေတာနဲ့ချိန်မရှိတော့ဘူး၊ ကျွန်တော် ဘောနပ်တွေဆုံးရှုံးသွားတာမလို့ အလုပ်သွားလုပ်ရတော့မယ်"
လက်ထောက်လျူသည် ခေါင်းကိုကုတ်ကာ အလုပ်ဆက်လုပ်ရန် ထွက်ခွာသွားသည်။
ယန်ရှီသည် သူ၏ ထွက်ခွာသွားသည့်ပုံရိပ်ကို တိတ်ဆိတ်စွာကြည့်နေသည်။
လက်ထောက်လျူသည် ပေယွဲ့ပိုင်က သူ့အတွက် စောင့်ကြည့်ပေးလိမ့်မည်ဟု ယုံကြည်ခဲ့သည်။ ထို့ကြောင့်ပင် စကားပြောစက်မှသတင်းကို လွဲချော်မည်မဟုတ်ဟု ထင်ခဲ့ခြင်းဖြစ်မည်။
သို့သော် ထိုအချိန်သည် နှင်းမုန်တိုင်းမကျရောက်မီ တစ်နာရီအလိုမဟုတ်ပါလား။ အကယ်၍ ပေယွဲ့ပိုင်သာ သတိပေးချက်ကိုကြားပါက သူအမှန်တကယ်လက်ဆင့်ကမ်းခဲ့မည်မဟုတ်ပါလား။
ဗီလာသို့ပြန်ရောက်သောအခါ ယူရှောင်က M အမှတ်တံဆိပ် အကြောင်း ကျုံချင်းယွီကိုဖုန်းဆက်သောကြောင့် သူမသည် အလုပ်အတွက် ထွက်ခွာသွားရသည်။
သုမထွက်ခွာသွားချိန်တွင် ယန်ရှီသည် ရှင်းယောင်အနုပညာကုမ္ပဏီတွင် အရာအားလုံးကို စီစဉ်ထားခဲ့ပြီးဖြစ်သည်။ လင်းကျီက ကိစ္စအားလုံးကို ကိုင်တွယ်နေသည်ဖြစ်ရာ သူမစိုးရိမ်စရာမရှိတော့ပေ။ သူမ၏ ဖုန်းသည် စာတိုများဖြင့်တုန်နေသည်။ အတူခရီးသွားကြစို့ ရသစုံရှိုးအတွင်း နှင်းမုန်တိုင်းအကြောင်းသတင်းများသည် ရေပန်းစားနေပြီး မိတ်ဆွေများက သူမအားစိုးရိမ်စွာဖြင့် စာပို့နေကြသည်။ ယန်ရှီသည် တစ်ဦးချင်းစီကို အကြောင်းပြန်လိုက်သည်။
အချိန်ပိုသောကြောင့် သူမသည် နောက်ပိုင်းတွင် ကျုံယန်စီကို သွားရောက်ကြည့်ရှုလိုက်သည်။
မူလတွင် ကျုံယန်စီသည် ပေဟန်လီနှင့်အတူ အခန်းအတူတူနေနေကြသော်လည်း နှစ်ဦးစလုံးတွင် ကိုယ်ပိုင်အလုပ်များရှိသောကြောင့် ခွဲခွာသွားကြသည်။
သူ၏အခန်းအတွင်း ကျုံယန်စီသည် ယန်ရှီကိုကြည့်ရင်း မျက်ခုံးအနည်းငယ်ပင့်ထားသော်လည်း မျက်လုံးထဲတွင် နွေးထွေးမှုကို မြင်နေမိသည်။
"မင်းဒီည မလာတော့ဘူးထင်တာ"
"ဟုတ်တယ် ဒါရိုက်တာယွီကို မေးစရာရှိလို့"
ယန်ရှီသည် စကားပြောစက်အဖြစ်အပျက်အကြောင်း မည်သူ့ကိုမျှ ပြောပြရန် အဆင်သင့်မဖြစ်သေးပေ။ ပေယွဲ့ပိုင်သည် ဤအရာနောက်ကွယ်တွင်ရှိမရှိ မရှင်းလင်းသေးပေ။
သူမသည် ကျုံယန်စီ၏ အိပ်ရာဘေးတွင် ထိုင်လိုက်ပြီး သူ၏ ညာဘက်ခြေကျင်းဝတ်ပေါ်ရှိ လတ်တလောစည်းထားသော ပတ်တီးနှင့် ခန္ဓာကိုယ်တစ်လျှောက်ရှိ အခြားဒဏ်ရာများကို သတိပြုမိသည်။
"ဒဏ်ရာတွေ သက်သာရဲ့လား"
သူမ နူးညံ့စွာမေးလိုက်သည်။
သူမသည် ကျောက်တုံးတစ်တုံးနှင့် မတော်တဆထိတော့မည့်အချိန်တွင် ဒဏ်ရာတစ်ခုမှမရပဲ လွတ်မြောက်သွားခဲ့သည်။ သူမဒဏ်ရာမရရှိရသည့် တစ်ခုတည်းသောအကြောင်းရင်းမှာ တစ်စုံတစ်ဦးက သူ့အတွက်ဒဏ်ရာရခဲ့သောကြောင့်ဖြစ်သည်။
ကျုံယန်စီက လက်ခါပြလိုက်သည်။
"ဘာမှမဖြစ်ဘူး၊ ဒဏ်ရာက ကြည့်ရင်သာ ဆိုးမယ်လို့ထင်ရတာ"
သို့သော် ထိုသို့မဖြစ်နိုင်ပေ။ သူမကိုကယ်တင်ရန် အလျင်အမြန်ပြေးရာတွင် လက်အိတ်တစ်ဖက်ဆုံးရှုံးသွားပြီး အရေပြားသည် အေးခဲသော လေထုနှင့်ထိတွေ့ကာ လက်ချောင်းများ နှင်းကိုက်ခံရသည်။ သို့သော် ယခုအခါတွင် ယန်ရှီမမြင်နိုင်စေရန် စောင်အောက်တွင် ဖုံးကွယ်ထားသည်။
သူမ ခေါင်းသည် အောက်သို့မသိမသာငုံ့သွားသည်။
သူမအနေဖြင့် ဤသည်ကို ရှောင်ရှားနိုင်ခဲ့ပါသည်။ အကယ်၍ နှင်းမုန်တိုင်းသတိပေးချက်သာ လက်ထောက်လျူထံ ရောက်ရှိခဲ့ပါက နှစ်ဦးစလုံး ဒဏ်ရာရခဲ့မည်မဟုတ်ပေ။
ရင်ထဲတွင် ဗလောင်ဆူနေသော အမျက်ဒေါသသည် သူမအား ပေယွဲ့ပိုင်ကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ဆွဲဖြဲလိုစိတ်များဖြစ်ပေါ်လာစေသည်။
ကျုံယန်စီသည် သူ၏ ဒဏ်ရာမရသောလက်ဖြင့် သူမ၏ပါးကို ညှစ်လိုက်သည်။
"အပြစ်ရှိသလိုခံစားနေတာလား"
သူမ၏ နားရွက်များ ပန်းရောင်သန်းလာသည်။
"ရှင်းနေတာပဲကို"
ကျုံယန်စီခေတ္တကြောင်သွားပြီး ရုတ်တရက် ရယ်မောလိုက်ကာ ရင်ထဲတွင် တစ်ခုခုပြည့်သွားသကဲ့သို့ နွေးထွေးမှုကိုခံစားရသည်။
ယန်ရှီ၏ သူ့အပေါ် ပုံမှန်အာရုံစိုက်မှုသည် ငါးဆယ်ရာခိုင်နှုန်းသာရှိပါက သူနေမကောင်းချိန်တွင် ရာနှုန်းပြည့်အထိ တက်သွားသည်။
သူမ၏ ဆံပင်ကို လည်ပင်းနောက်သို့ သပ်တင်ပေးလိုက်ပြီး နဖူးပေါ်သို့ နူးညံ့သောအနမ်းတစ်ပွင့်ပေးလိုက်သည်။
ယန်ရှီ ရုတ်တရက် လန့်သွားသော်လည်း သူ့ကိုတွန်းမထုတ်ခဲ့ပေ။
ထိုအခိုက်အတွင်းမှာပင် ကျုံချင်းယွီသည် အခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။
"ရှီရှီ နင်ဒီမှာလား၊ ကျုံယန်စီဆိုတဲ့ လက်ဖက်စိမ်းအိုကြီးဆီ သွားနေတယ်လို့တော့ မပြောနဲ့နော်"
သူမ လူမမြင်မီကတည်းက အသံကြားနေခဲ့ရသည်။ ယန်ရှီသည် ချက်ချင်းတုံ့ပြန်ပြီး တံခါးပွင့်လာသည်နှင့်တစ်ပြိုင်နက် ကျုံယန်စီကို တွန်းထုတ်လိုက်သည်။
ကျုံယန်စီ - "..."
ကျုံချင်းယွီမျက်တောင်ခတ်လိုက်ပြီးနောက် သူမ၏ မျက်လုံးများက ကျုံယန်စီ၏လက်ကို ယန်ရှီ၏ ခေါင်းနေရာတွင် တန့်နေသည်ကို သတိပြုမိသည်။
"လက်ဖက်စိမ်းအိုကြီး"
သူမသည် ယန်ရှီကို သူ့နောက်သို့ဆွဲလိုက်သည်။
"ဒဏ်ရာတွေကိုအခွင့်ကောင်းယူပြီး မထိတထိလုပ်နေတာလား၊ မရှက်ဘူးလား"
ကျုံယန်စီက ပြန်ရွဲ့လိုက်သည်။
"မင်းတို့နှစ်ယောက်က မတည့်ဘူးမဟုတ်လား၊ ဘာတွေလာပြီးစိတ်ဝင်စားနေတာလဲ"
ကျုံချင်းယွီကလည်း မေးစေ့ကိုမော့ကာ ပြန်တုံ့ပြန်သည်။
"ငါတို့ ပြန်တည့်တာကြာနေပြီလေ လာပြီးဝင်စွက်ဖက်ဖို့ မစဉ်းစားနဲ့၊ စိတ်ကူးတောင်မယဉ်နဲ့"
ကျုံယန်စီစိတ်ထဲမှ သက်ပြင်းချလိုက်သည်။ အမျိုးသမီးများအကြားအငြင်းပွားမှုများက အလွန်မြန်မြန်ဆန်ဆန်ပင်ပြီးသွားခဲ့သည်။ ထပ်မံ၍ အချိန်အနည်းငယ် ဆွဲဆန့်ထား၍ မရနိုင်ဘူးလား။ ထာဝရကြာနိုင်လျှင် ပိုကောင်းမည်ဖြစ်သည်။
သူ၏ အချစ်ခရီးလမ်းတွင် အကြီးမားဆုံးအတားအဆီးမှာ သူ့ညီမလေးဖြစ်သည်ကို မကြာသေးခင်ကမှ သဘောပေါက်ခဲ့ခြင်းဖြစ်သည်။
ယန်ရှီသည် သူ့ကိုလျင်မြန်စွာစွန့်ခွာသွားပြီး ကျုံချင်းယွီဘက်မှရပ်တည်ကာ သူတို့နှစ်ဦးသည် အသိအကျွမ်းများသာဖြစ်သည်ဟု ဟန်ဆောင်လိုက်သည်။
"ကျုံယန်စီက ငါ့ကိုကယ်ခဲ့တာပါ၊ အဲဒါမလို့ သူ့ကို ကျေးဇူးတင်တဲ့ အနေနဲ့ လာကြည့်တာ၊ ဒါက အခြေခံလူ့ကျင့်ဝတ်ပဲလေ"
ကြည့်ရသည်မှာ သူ့ဘွဲ့ပင် "ကျုံယန်စီ" ဟူ၍ နိမ့်ကျသွားပြီဖြစ်သည်။
သို့သော်လည်း ကျုံချင်းယွီက ယုံကြည်သွားပုံရသည်။
"ဒီမှာကြည့်စရာဘာမှမရှိဘူး၊ သူက သံတုံးကြီးလိုမာနေတာ သေမှာလည်းမဟုတ်ဘူး၊ လာပါ ဒီနေ့မပျော်ခဲ့ရသေးဘူး ရေပူစမ်းသွားကူးကြရအောင်"
"သွားမယ်လေ"
ကျုံယန်စီကို နောက်ပင်ပြန်လှည့်မကြည့်ပဲ ယန်ရှီသည် ကျုံချင်းယွီနှင့်လက်တွဲကာ အခန်းမှပြေးထွက်သွားကြသည်။
ကျုံယန်စီ - "..."
Royal ဟော်တယ် သီးသန့်ရေပူစမ်းကန်၌။
ယန်ရှီနှင့် ကျုံချင်းယွီတို့သည် ရေနွေးငွေ့များထွက်နေသော ရေပူစမ်းထဲတွင် အနားယူနေကြပြီး ကျုံချင်းယွီ၏မျက်နှာပေါ်တွင် ပါးလွှာသော ဇာမျက်နှာဖုံးတစ်ခုကို ဖုံးလွှမ်းထားသည်။
နှင်းနှင့်ရေခဲများကြား တစ်နေကုန်လျှောက်လှမ်းပြီးနောက် ဤနွေးထွေးမှုသည် ကျေနပ်ဖွယ်ကောင်းလွန်းနေသည်။
ကျုံယန်စီ၏ အခန်းတွင်ဖြစ်ပျက်ခဲ့သည်များကို ပြန်သတိရရင်း ယန်ရှီသည် ကျုံချင်းယွီ အနီးသို့ကပ်လာကာ မေးလိုက်သည်။
"ဟေး နင်ဘာလို့ နင့်အစ်ကိုကို အမြင်မကြည်တာလဲ"
ချူယန်ပါဝင်ပက်သတ်မှုမရှိတော့သည့်အချိန်တွင် ကျုံချင်းယွီ၏ သူ့အပေါ်ဆက်ဆံရေး နူးညံ့သွားမည်ဟု သူမထင်ခဲ့သည်။ အမှန်တကယ်တမ်းတွင်လည်း ၎င်းတို့နှစ်ဦး အပြန်အလှန်ရန်စနေစရာအကြောင်းမရှိတော့ပေ။
ကျုံချင်းယွီသည် မျက်နှာဖုံးကို တဖပ်ဖပ်နှင့် ညင်သာစွာပုတ်ရင်း ကန်ဘောင်ကို ကျောမှီထားလိုက်သည်။
"သိသာနေတာပဲလေ၊ မောင်နှမအချင်းချင်းပြိုင်ဆိုင်မှုအပြင် သူကငါ့ကို ဘယ်တုန်းကမှ ကောင်းကောင်းမဆက်ဆံခဲ့ဖူးဘူး ဒီခရီးစဉ်တစ်လျှောက်လုံးလည်း ငါ့ကိုဆူပူနေတာကြီးကို"
ကျုံယန်စီသည် ယခုရှိုးပွဲတွင် သူမနှင့်ရန်ဖြစ်ဝံ့သည့် တစ်ဦးတည်း သောသူသာဖြစ်သည်။
ထို့နောက် ကျုံချင်းယွီ အံ့ဩမိသွားပြီး မျက်နှာဖုံးကို ခွာကာ ယန်ရှီကိုစိုက်ကြည့်လိုက်သည်။
"ခဏနေပါဦး၊ နင်ဘာလို့သူ့အကြောင်းပြောနေတာလဲ နင် မဟုတ်မှလွဲရော သူ့ကိုကြိုက်နေတာလား"
ယန်ရှီကမဖြေဘဲ ကြို့ထိုးလိုက်မိသည်။
ကျုံချင်းယွီ - "..."
သူမစိတ်ထဲမကျေမနပ်ဖြစ်မိသည်။ ကျုံယန်စီသည် ငြင်းဖျောက်လို့မရသော ဆွဲဆောင်မှုရှိပြီး ချမ်းသာကာ သူတို့လူမှုအသိုင်းအဝိုင်း၏ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်အဖြစ်သတ်မှတ်ခံထားရသူဖြစ်သည်။ သို့သော် ထို့ထက်ပို၍ ယနေ့ ဖြစ်ပျက်ခဲ့သည့်ကိစ္စတွင် သူသည် ယန်ရှီကိုကယ်တင်ရန် မတွန့်ဆုတ်ခဲ့ပေ။
ကျုံချင်းယွီသည် စိတ်လှုပ်ရှားသွားခဲ့သော်လည်း ဝန်ခံမည်မဟုတ်ပေ။ သူမသိသည်မှာ ယန်ရှီသည် ထက်မြက်သူဖြစ်ပြီး ဤအချက်ကိုလည်း သတိပြုမိမည်ဖြစ်သည်။
ကျုံချင်းယွီမျက်ခုံးပင့် လိုက်သည်။
"နင်သိလား သူ နင့်ကိုလိုက်နေတာကိုလေ"
နောက်ထပ် ကြို့ထိုးသံတစ်ချက်။
ယန်ရှီသည် သူအောင်မြင်သွားပြီဟု ဝန်ခံရန်မဝံ့ရဲပဲ ခေါင်းငြိမ့်ပြလိုက်သည်။
ကျုံချင်းယွီသည် ညည်းညူပြီး ဆုံးမတော်မူခန်းစတင်ဖွင်လှစ်လေပြီဖြစ်သည်။
"ဟုတ်ပါတယ် ကျုံယန်စီမှာ အလှတရားနဲ့ငွေကြေးရှိပါတယ်၊ ဒါပေမဲ့ အလုပ်နဲ့စာဖတ်တာပဲလုပ်နေတာ သူက အရမ်းပျင်းစရာကောင်းတယ်၊ ဒီလိုလူမျိုးနဲ့ တွဲရတာ ဘာမှမပျော်စရာကောင်းမှာမဟုတ်ဘူး"
"ဒါတောင် မိသားစုပြဿနာတွေအကြောင်း မပြောရသေးဘူးနော်၊ မုန့်ယင်းရုန်ကတော့ အိုကေပေမဲ့ မုန့်ရွှမ်းယွီလည်းရှိသေးတယ်၊ သူထောင်ထဲရောက်နေပေမဲ့ တစ်သက်လုံးထောင်ကျနေမှာတော့မဟုတ်ဘူး နင်ဒါကိုသေချာစဉ်းစားဖို့လိုတယ်"
ယန်ရှီမျက်တောင်ခတ်ပြီး ရယ်မောလိုက်သည်။
"နင်ကငါ့ကို ငါကျုံယန်စီနဲ့လက်ထပ်မယ်ထင်တာလား၊ သူ့ကိုလက်ထပ်စရာဘာအကြောင်းမှမရှိဘူး"
ကျုံချင်းယွီအံ့အားသင့်သွားသည်။
"နင် သူ့ကို လက်မထပ်ချင်ဘူးလား"
ယန်ရှီလက်ကို တွင်တွင်ခါပြလိုက်သည်။
"တကယ်ပြောတာ သဘောကျတဲ့သူနဲ့လက်ထပ်တာက လုံးဝမတူဘူး၊ တကယ်တော့ ကျုံယန်စီရဲ့ခံစားချက်တွေလည်း ဒီလောက်နက်ရှိုင်းမယ်မထင်ဘူး"
သူမ သိသည်။ သူ၏ချစ်ခြင်းမေတ္တာသည် သူမမှသူ့အား ဂရုစိုက် ပေးမှုကြောင့်သာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ကလေးဘဝတွင် ချို့တဲ့ ခဲ့သော ဂရုစိုက်ခံရခြင်းကို ဖြည့်ဆည်းပေးရန်သာဖြစ်သည်။
သို့သော် ထိုအရာသည် ချစ်ခြင်းမေတ္တာမဟုတ်။ လိုအပ်ချက်ကို ဖြည့်ဆည်းရန်သာဖြစ်သည်။ သူမ၏ ကနဦးကြင်နာမှုသည်လည်း သူ့အတွက်မဟုတ်။ ကျုံးချင်းယွီအတွက်သာဖြစ်သည်။
ထို့ကြောင့် ဤဆက်ဆံရေးတစ်ခုလုံးသည် လှည့်စားမှုအပေါ်တည်ဆောက်ထားခြင်းဖြစ်သည်။ တစ်မျိုးဆိုရလျှင် ခဏတာစိတ်ဝင်စားမှုသာဖြစ်သည်။
ကျုံချင်းယွီ၏ကံကောင်းခြင်းအမှတ် ၁၀၀ ရောက်သောအခါ ယန်ရှီသည် ကျုံယန်စီအပေါ် စိတ်ဝင်စားမှုရပ်တန့်သွားမည်ဖြစ်ပြီး သူတို့ကြားက အားနည်းသော နှောင်ကြိုးလေးသည်လည်း ပြတ်တောက်သွားလိမ့်မည်။
နောက်ဆုံးတွင် သူသည် အမှန်တကယ်ချစ်သောသူကို တွေ့လိမ့်မည်။ ထိုအမျိုးသမီးက သူ့ကိုဂရုမစိုက်ပဲ သူ့ဘက်ကသာ အတူနေချင်နေသော အမျိုးသမီးတစ်ယောက်ဖြစ်လိမ့်မည်။
သို့သော် ယန်ရှီသည် သူမ၏အတ္တဆန်မှုကို ငြင်းဆိုနိုင်မည်မဟုတ်ပေ။
သူ၏ခံစားချက်များသည် လှည့်စားမှုအပေါ်အခြေခံကြောင်း သိသော်လည်း လူ့သားသဘာဝသည် လောဘကြီးသည်။ ယာယီဖြစ်စေကာမူ ချစ်ခြင်းမေတ္တာကို ခံစားလိုကြသည်။
ထို့ကြောင့် ထိုညတွင် သူမသည် သူ့ကိုနမ်းခဲ့သည်။
"ငါလက်ထပ်ဖို့ တစ်ခါမှမတွေးဖူးဘူး၊ ကျုံယန်စီရဲ့ခံစားချက်တွေလည်း အဲဒီလောက်နက်ရှိုင်းမယ်မထင်ဘူး"
ယန်ရှီသည် ရိုးသားစွာဖြေကြားသည်။
"ဒါပေမဲ့ နင်ကိုယ်တိုင်ပြောခဲ့တာမဟုတ်လား၊ ငါက အခုငယ်သေးတယ် နောက်ထပ် ယောက်ျားတွေအများကြီး တွဲလို့ရသေးတယ်လေ"
ကျုံချင်းယွီသည် အလွန်စိတ်ရှုပ်ထွေးသွားသည်။
သူမခံစားမိသည်မှာ ယန်ရှီမှားနေသည်။
ကျုံယန်စီ၏ခံစားချက်များသည် ယာယီစိတ်ဝင်စားမှုသာဖြစ်နိုင်သလား။ ထိုသို့ဆိုလျှင် သူမအား မုန့်မိသားစုကို ဖျက်ဆီးခွင့်ပြုခဲ့နိုင်ပါ့မလား။ သူမကိုရော အသက်စွန့်ကာကယ်တင်မည်လား။ ယန်ရှီလုံးဝမထိခိုက်ပဲ သူကိုယ်တိုင်ဒဏ်ရာရနေမည်လား။
မဖြစ်နိုင်ပေ။
ကျုံယန်စီသည် အစွန်းရောက်သူဖြစ်သည်။ သူက ဂရုမစိုက်ပါက လုံးဝမဂရုစိုက်ချေ။ ထိုသို့မဟုတ်ပဲ ဂရုစိုက်ပါက အရာအားလုံးပေးဆပ်နိုင်သူဖြစ်သည်။
သို့သော် ကျုံချင်းယွီသည် ယန်ရှီအား ဤအချက်ကိုမပြောပြနိုင်ချေ။
ကျုံယန်စီ၏ ပင်ကိုယ်စရိုက်သည် ဘာမျှစိတ်ဝင်စားစရာ မရှိပေ။ မုန့်မိသားစု၏ ပြဿနာများမှာလည်း မဖြေရှင်းရသေးချေ။ သူမသည် ထိုအရူးကြီးကျုံယန်စီအား သူမ၏ အဖိုးတန်လေးကို ခိုးယူခွင့်မပြုနိုင်ပေ။