Chapter 85
Vol. 9 Ch. 85
bungee ခုန်သည့်နေရာတွင်ရှိသော ဝန်ထမ်းများသည် အလန့်တကြားပင်ဖြစ်ကာ ပေယွဲ့ပိုင်ကို အလျင်အမြန် ဆွဲတင်ခဲ့ကြသည်။
(T/N bungee jumpingဆိုတာက ခြေထောက် ဒါမှမဟုတ် ခါးမှာ ကြိုးအရှည်ကြီးစည်ထားပြီး အောက်ကိုခုန်ချရတဲ့ အားကစားတစ်မျိူးပါ)
အောက်သို့ ပြုတ်ကျသွားချိန်သည် ပေယွဲ့ပိုင်သည် ကြိုးပြန်ဆွဲသည့်အချိန်တွင် လက်မှ မလွတ်သွားအောင် ကာကွယ်ရန်အတွက် bungee ကြိုးကို သူ၏လက်မောင်းတွင် ပတ်လိုက်သည်။
သို့သော် ထိုပြန်ဆွဲသည့်အားမှာ အလွန်ပြင်းထန်လွန်းပြီး သူ၏ညာဘက်လက်မောင်းမှာ အဆစ်လွဲသွားကာ ဒဏ်ရာ ရသွားခဲ့တော့သည်။
ထို့နောက် သူသည် လက်မောင်၏ နာကျင်မှုကိုခံစားရလိုက်ရပြီး လုံးဝပင် လှုပ်ရှား၍ မရတော့သည့်အပြင် အနည်းငယ်လှုပ်ရှားလိုက်ရုံပင် နာကျင်မှုကို ခံစားရခြင်းကြောင့် မျက်နှာမှာ ရှုံ့မဲ့သွားခဲ့၏။
ထို နေရာတွင် X နိုင်ငံမှ ဒေသခံလုံခြုံရေးတာဝန်ရှိသူ တစ်ယောက်သည် ပေယွဲ့ပိုင်၏ ဒဏ်ရာကနေသော လက်ကိုကြည့်ကာ သက်ပြင်းချ၍ချီးကျူးလိုက်သည်။
“ မင်းက ရဲ့လော့ယီကို တကယ်ချစ်ဝာာပဲ သူ့အတွက် ကိုယ့်အသက်ကိုတောင် စွန့်စားရဲတယ်၊ အို မင်းတို့နှစ်ယောက်က ကံကြမ္မာဖန်တီးပေးထားတဲ့ ပျော်ရွှင်စရာ စုံတွဲလေးပဲ”
ဘေးနားတွင်ရှိနေကြသည့်သူများသည်လည်း ပေယွဲ့ပိုင်နှင့် ရဲ့လော့ယီကို ချီးကျူးနေခဲ့ကြသည်။
သို့သော် ထိုအဖြစ်အပျက်တွင် ပါဝင်နေသည့်လူများမှာ တိတ်ဆိတ်နေကြပြီး ရိုက်ကူးရေးအဖွဲ့သားများသည်လည်း ဘာပြောရမှန်းပင် မသိတော့ပေ။
…
ထိုရိုက်ကွင်းတွင် တိတ်ဆိတ်ငြိမ်သက်နေကြသော်လည်း အင်တာနက်ပေါ်တွင် ပေါက်ကွဲထွက်ကုန်ကြလေသည်။
ပေယွဲ့ပိုင်မှ နက်ရှိုင်းသည့်ချောက်ထဲသို့ ခုန်ချသည့်အချိန်တွင် ရဟတ်ယာဉ်ဖြင့် ရိုက်ကူးထားပြီး အင်တာနက်သုံးစွဲသူများသည် ဗီဒီယိုအတိုလေးများ edit ၍ လျင်မြန်စွာပင် လိုင်းပေါ်သို့ တင်လိုက်သည်။
သိပ်မကြာခင်မှာပင် ပေယွဲ့ပိုင်၊ရဲ့လော့ယီနှင့် ကျုံချင်းယွီတို့၏ နာမည်များမှာ trend ဖြစ်လာတော့သည်။
ကျုံချင်းယွီသာမပါခဲ့လျှင် ထိုအရာသည် ချိုမြိန်သည့်အချစ်ဇာတ်လမ်းလေးတစ်ခု ဖြစ်သွားမည်ပင်။
သို့သော် အင်တာနက်သုံးစွဲသူများသည် ပေယွဲ့ပိုင် bungee မခုန်ခင်က ကျုံချင်းယွီအားပြောခဲ့သည့် စကားများကိုလည်း ရှာတွေ့ခဲ့ကြသည်။
“ ဒါပေါ့ ကျွန်တော့်ရဲ့ကောင်မလေးက အလုပ်ထက် ပိုအရေးကြီးပါတယ် လော့ယီက ကျွန်တော့်ရဲ့ အနုပညာရှင်ဆိုတော့ သူ့ကို ကောင်းတဲ့အရာတွေပဲလုပ်ပေးချင်တယ်၊ ဒါပေမယ့် ချင်းယွီကိုတော့ ပိုပြီး ကောင်းတဲ့အရာတွေလုပ်ပေးချင်တာပါ”
“ ချင်းယွီ ကိုယ် မင်းနဲ့အတူသွားပေးရမလား”
“ ချင်းယွီမကြောက်ပါနဲ့ ကိုယ် မင်းဘေးမှာ အမြဲရှိတယ်၊ တကယ်လို့ မင်းကြောက်နေရင် ကိုယ်မင်းနဲ့အတူသွားပေးနိုင်တယ်”
[ ပေ-ယီ shipတဲ့သူတွေကတော့ ဒီအချိုတွေမြင်ပြီး အရည်ပျော်ကျနေလောက်ပြီ]
[ ဒါက ဘယ်လိုလုပ် မချိုမြိန်ပဲနေမှာလဲ၊ ပေယွဲ့ပိုင်က ရဲ့လော့ယီအတွက် မီတာတစ်ရာအမြင့်ကနေ ခုန်ချပြီး အသက်ကိုတောင် စွန့်စားရဲသေးတာလေ၊ ဘယ်ယောကျာ်းလေးက အဲလိုကြိုးတစ်ချောင်းကိုပဲဆွဲပြီး ခုန်ချရဲမှာလဲ]
[ ပြီးတော့ ပြုတ်ကျသွားတာက လူမဟုတ်ပဲ ကတ်ထူပြားလေးတစ်ခုပဲလေ တကယ်လို့ပေယွဲ့ပိုင်သာ သေချာရှင်းရှင်းလင်းလင်းမြင်လိုက်ရရင် ခုန်ချမှာတောင်မဟုတ်ဘူး]
[ တစ်ယောက်ယောက်ရဲ့အော်သံကိုကြားလိုက်တဲ့အပြင် သူ့ရဲ့မျက်လုံးထောင့်ကနေ တစ်ခုခုပြုတ်ကျတာကိုမြင်လိုက်ရတော့ အလိုအလျောက် မသိစိတ်က တုံ့ပြန်မိသွားတာနေမှာ]
[ ပေယွဲ့ပိုင်က ရဲ့လော့ယီကို အဲလောက်တောင် ချစ်တာလား]
[ငါနားမလည်တော့ဘူး ပေယွဲ့ပိုင်က ဘာတွေလုပ်နေတာလဲ၊ သူ့ရဲ့ဟန်ဆောင်ထားတဲ့ပါတနာကိုလည်း လက်လွှတ်မခံနိုင်တဲ့အပြင် သခင်မလေးကိုလည်း ပြန်ရဖို့ကြိုးစားနေတာလား ပြီးတော့ သူက ရဲ့လော့ယီက သေပေးဖို့တောင် ဆန္ဒရှိတာလား]
[ အရင်က ပေ-ယီ CP အချိန်ကိုပြန်ရောက်သွားတယ်လို့ ခံစားလိုက်ရတယ်၊ ဒီအချိန်မှာ သူတို့ကလက်ထပ်သင့်နေပြီ အဲတာကလွဲလို့ တစ်ခြားဘယ်လိုအဆုံးသတ်နိုင်ဦးမှာလဲ]
[ ပေယွဲ့ပိုင် လိမ်နေတာရပ်လိုက်တော့၊ မင်း ရဲ့လော့ယီကို ချစ်နေတယ်ဆိုတာ သိသာနေပြီ]
မကြာခင်မှာပင် Douban လူမှုကွန်ရက်တွင် “ ‘The Journey’ တိုက်ရိုက်ထုတ်လွှင့်မှုဗီဒီယိုကို အခြေခံပြီး ပေ-ယီ CP၏ နက်ရှိုင်းလှသော အချစ်-အမုန်း အရှုပ်အထွေးပြသာနာများ” ဟူသည့် ခေါင်းစဉ်နှင့်အတူ အသေးစိတ်ရှာဖွေထားသည့် postတစ်ခု တက်လာခဲ့သည်။
OP: ဒီနေ့အဖြစ်အပျက်ကိုကြည့်လိုက်ရင် ပေယွဲ့ပိုင်က ရဲ့လော့ယီအပေါ်မှာ ဘယ်လောက်ခံစားချက်တွေရှိနေလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မြင်နေရပြီမဟုတ်လား။
[ကျွန်တော်ကတော့ keyboard ကို သက်သေထားပြီးပြောရဲတယ်၊ တကယ်လို့ ပေယွဲ့ပိုင်က ရဲ့လော့ယီကိုမကြိုက်ဘူးဆိုရင် ဒီkeyboard ကို ကျွန်တော်စားပြမယ်]
[ နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင် ရဲ့လော့ယီအပေါ်ထားတဲ့ ပေယွဲ့ပိုင်ရဲ့ ခံစားချက်တွေက သိသာထင်ရှားနေတဲ့လျှို့ဝှက်တစ်ခုလိုပဲ၊ ပြီးတော့ ရဲ့လော့ယီကလည်း အနည်းဆုံးတော့ သူ့အပေါ်မှာ သံယောဇဉ်တော့ရှိနေမှာပဲ]
[“ The Journey ” ရဲ့ အသေးစိတ်အချက်အလက်တွေကိုကြည့်လိုက်မယ်ဆိုရင် ပေယွဲ့ပိုင်နဲ့ကျုံချင်းယွီတို့က စေ့စပ်ထားပြီး တွဲနေကြတယ်ဆိုတာကို အတည်ပြုလို့ရတယ်]
[ဒါပေမဲ့ စပျစ်ဝိုင်ဂိုထောင်မှာ ရဲ့လော့ယီက “ပေယွဲ့ပိုင်ရဲ့” ဝိုင်တွေကို giveaway ပေးပစ်ခဲ့တာလေ]
[အဲဝိုင်တွေတန်ဖိုးက မီလီယမ်နဲ့ချီပြီးတန်ဖိုးရှိတယ်၊ သူက အဲဒီပိုက်ဆံတွေကို အလွယ်လေးသုံးနိုင်တယ်ဆိုကတည်းက သူတို့နှစ်ယောက် ဘယ်လောက်တောင် ရင်းနှီးနေကြလဲဆိုတာ စဉ်းစားကြည့်လိုက်]
[ပြီးတော့ အစီအစဉ်ရဲ့ အပိုင်း 2 မှာ ပေယွဲ့ပိုင်က လေဆိပ်ကို ပန်းစည်းလှည်းယူလာပြီး တောင်းပန်ကြောင်း ဝန်ခံခဲ့သေးတယ်]
[ရဲ့လော့ယီက စိတ်ဓာတ်ကျနေပေမယ့်လည်း ပေယွဲ့ပိုင်က အဲကိုရောက်လာပြီလို့ ကြားလိုက်တုန်းက သူချက်ချင်းပဲ ပျော်ရွှင်သွားတာမြင်လိုက်တယ်]
[ပေယွဲ့ပိုင်က တကယ်တမ်း ကျုံချင်းယွီကို ဖွင့်ပြောခဲ့တာလေ၊ ရဲ့လော့ယီက အဲအကြောင်း သိလိုက်ရတော့ မျက်နှာအမူအရာက ပြောင်းသွားတယ်ဆိုတာ အဲဗီဒီယိုက အကုန်လုံးပြောပြနေခဲ့တာပဲ]
[ကျွန်တော့်ရဲ့အယူအဆအရ ရဲ့လော့ယီ အစတုန်းက သူ့ကိုယ်သူ “နောက်ကောင်မလေး” ဖြစ်နေမှန်း မသိခဲ့ဘူး ဒါပေမယ့် လေဆိပ်က အဖြစ်အပျက်ကြောင့် သူသိသွားပြီး အဲ့တာကြောင့်လည်း အသည်းကွဲသွားတာ]
[အခု ဒီနှင်းလျှောစီးတဲ့အပိုင်းမှာလည်း ပေဟန်လီက ရဲ့လော့ယီကို ပြောတဲ့စကားတွေ မှတ်မိကြသေးလား “မစ္စရဲ့ မင်းက ကျွန်တော့်ညီကို အဲလိုမြူဆွယ်ခဲ့တာလား သူက ဒါမျိုးတွေကိုသဘောကျတာပဲ”]
[ကိုက်ရာတွေ ရှိနေသေးတာကို ဘာမှမဖြစ်ခဲ့ဘူးလို့ ပြောနေသေးတာလား]
[မြင်တယ်မလား ပေဟန်လီရဲ့စကားတွေက ပေါ်တင်ပြောနေခဲ့တာလေ]
[သူက စာရင်းဝင်ထားတဲ့ကုမ္မဏီရဲ့ CEOပဲလေ ကင်မရာတွေရှေ့မှာ မဟုတ်တာတွေ ပြောပါ့မလား ဒါကြောင့် ကျွန်တော် သူ့ကိုယုံတယ်]
[ရဲ့လော့ယီက ပေယွဲ့ပိုင် အပေါ်မှာ ခံစားချက်တွေရှိရုံတင်မကဘူး “ နောက်ကောင်မလေး” ဖြစ်နေတာ သိရက်နဲ့တောင် ဆက်ပြီး သူနဲ့ ရုပ်ပိုင်းဆိုင်ရာအရ ရင်းနှီးမှုတွေ ရှိနေသေးတာ၊ အဲလိုမှမဟုတ်ရင် ပေဟန်လီက သူ့လည်ပင်းပေါ်မှာ ကိုက်ရာတွေရှိနေတယ်လို့ ထောက်ပြတုန်းက ဘာလို့ တုံ့ပြန်ရတာလဲ]
[ဟုတ်တယ် ပေယွဲ့ပိုင်က အခုတလော သခင်မလေးကို ပြန်ရအောင်ကြိုးစားနေတယ်ဆိုပေမယ့်လည်း သူတို့ကလမ်းခွဲထားကြတာမလို့ singleတွေပဲလေ၊ ဒါပေမယ့် ရဲ့လော့ယီက အဲအချိန်လေးအတွင်းမှာတောင် သူနဲ့ ရင်းရင်းနှီးနှီးနေခဲ့သေးတယ် ကျွန်တော် သူ့ကို အိမ်ထောင်ဖျက်ဆီးတဲ့သူလို့ မပြောလိုပေမယ့် ဒီနေရာမှာ သူက လှည့်စားတက်တဲ့မိန်းကလေးပုံစံဘက်ကို ရောက်နေပြီပဲ]
[အနှစ်ချုပ်ပြောရမယ်ဆိုရင် ရဲ့လော့ယီ အစတုန်းက ပေယွဲ့ပိုင်နဲ့ကျုံချင်းယွီအကြောင်းကို မသိဘူးဆိုတာ ဖြစ်နိုင်ပေမယ့် သူသိသွားတဲ့အချိန်မှာတောင် ပေယွဲ့ပိုင်နဲ့ ခပ်ခွာခွာမနေခဲ့ဘူးလေ၊ သူက CP ပုံစံ ဟန်ဆောင်ထားတယ်လို့ပြောပေမယ့်လည်း တကယ်တမ်းကျ သူက ပေယွဲ့ပိုင်ကို ကြိုက်နေတာပဲ]
[ပေယွဲ့ပိုင်က သူ့ကိုကယ်ဖို့အတွက် ချောက်ထဲကိုခုန်ချခဲ့တာလား၊ ဒါက သူရဲ့လော့ယီကို ကြိုက်နေတာဆိုတာသက်သေပြနေတာပဲလေ၊ ဒါပေမဲ့ ကောင်မလေးတစ်ယောက်ကို ရင်ထဲမှာသိမ်းထားပြီး နောက်တစ်ယောက်ကို လိုက်ပိုးပန်းနေတာလား ဘာလဲ သူက သူ့ကိုယ်သူ မောင်းမဆောင်မှာနေနေတဲ့ ဘုရင်တစ်ပါးလို့ ထင်နေတာလား]
ထို postသည် ချက်ချင်းပင် ရေပန်းစားသွားခဲ့ပြီး မရေမတွက်နိုင်သော အင်တာနက်သုံးစွဲသူများ၏ မှတ်ချက်များနှင့် ပြည့်လျှံနေခဲ့သည်။
[ အရှေ့ဆုံးတန်းကနေပြီးတော့ ဒီ postကို လူသိများအောင်လုပ်ပေးမယ်]
[ OPရဲ့ လေ့လာဆန်းစစ်ချက်တွေက အဓိပ္ပာယ်အများကြီးရှိတာပဲ၊ ပေယွဲ့ပိုင်ကတော့ အဆိုးဆုံးပဲ ပြီးတော့ ရဲ့လော့ယီ အစတုန်းကတော့ ရိုးသားဖြူစင်ပေမယ့်လည်း အခုတော့ လုံးဝမဟုတ်တော့ဘူး]
[ ယန်ရှီက ဒီအမှန်တရားကိုသေချာပေါက်သိနေပေမယ့်လည်း ထုတ်မပြောခဲ့ဘူး]
[ သေချာပေါက်ပဲ ဒီနေ့ နားနေခန်းထဲမှာ ယန်ရှီနဲ့သခင်မလေးက ရန်လိုနေတဲ့ပုံပေါ်နေပေမယ့် အခုတော့ ရှင်းရှင်းလင်းလင်းသိသွားပြီ၊ ဒီအရှုပ်ထုပ်တွေကို ပေယွဲ့ပိုင်က စခဲ့တာပဲ]
[ပေယွဲ့ပိုင်က ရဲ့လော့ယီကို ချစ်ပေမယ့်လည်း သခင်မလေးရဲ့ အရင်းအနှီးတွေကို လက်မလွှတ်နိုင်ဖြစ်နေတာလေ]
[တကယ်ကိုအဟုတ်ပဲလေ၊ အရင်တုန်းက ထျန်းဟွေ့ရဲ့အရင်းအနှီးတစ်ဝက်လောက်က ကျုံမိသားစုဆီကနေ ရလာတာလေ သခင်မလေးက သူ့အပေါ်မှာ မီလီယံပေါင်း ရာချီပြီး အမ်းထားတော့ သူက ဘယ်လိုလုပ် လက်လွှတ်နိုင်မှာလဲ]
[ အားးးးး ပေယွဲ့ပိုင်က ရွံစရာကောင်းလိုက်တာ အမှိုက်လိုကောင် သေလိုက်တော့!]
…
အင်တာနက်ပေါ်၌ ဆူပူပွက်လောရိုက်နေချိန်တွင် ကျုံချင်းယွီနှင့် ရဲ့လော့ယီတို့၏ တိုက်ရိုက်ထုတ်လွှင့်မှုများတွင် ယခင်ကထက်ပို၍ ကြည့်ရှုသူများလာခဲ့သည်။
သို့သော် ရဲ့လော့ယီ၏ တိုက်ရိုက်ထုတ်လွှင့်မှုအောက်တွင် မကောင်းသည့် မှတ်ချက်များဖြင့် ပြည့်နေခဲ့ချိန်၌ ကျုံချင်းယွီ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် စာနာသည့်မှတ်ချက်များဖြင့်ထောက်ခံအားပေးနေကြသည်။
ထိုဝေဖန်တိုက်ခိုက်မှုများ ပိုဆိုးလာခြင်းကြောင့် ဒါရိုက်တာယွီသည် ထပ်၍ပိုမဆိုးလာစေရန် ရဲ့လော့ယီ၏တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်သည်။
ယန်ရှီသည် ကျုံချင်းယွီ၏ဘေးနာသို့ ဘာမှမဖြစ်ခဲ့သည့်ပုံစံဖြင့် အေးအေးဆေးဆေးပြန်လာခဲ့သည်။
ယန်ရှီ: “ ကစားနေတုန်းပဲလား”
ကျုံချင်းယွီသည် ပုခုံးကိုတွန့်လိုက်သည်။
“မဆော့တော့ဘူး ဒီတစ်ခါတော့ နင်နိုင်သွားပြီ”
ထိုအချိန်တွင် စက္ကူကတ်ပြားသည် ချောက်ထဲသို့ မတော်တဆ ပြုတ်ကျသွားခြင်းမဟုတ်သည့် အပြင် ယန်ရှီသည်လည်း အချိန်ကိုက် ပြန်ရောက်လာခဲ့သည်။
ကျုံချင်းယွီသည် ထိုအရာများကို လျင်မြန်စွာဆက်စပ်၍ တွေးလိုက်သည်။
ပေယွဲ့ပိုင်အား ရွေးချယ်ရန်အတွက် သူမလုပ်ခဲ့သည့်အကြံအစည်များထက် ယန်ရှီ၏နည်းလမ်းများက ပို၍ ထိရောက်လေသည်။စကားလုံးတွေထက် လုပ်ရပ်တွေကသာ ပို၍ ကောင်းမွန်၏။
ယန်ရှီသည် သူမ၏မိုက်ကိုပိတ်လိုက်ပြီး တိုးတိုးလေးကပ်ပြောလာခဲ့သည်။
“လက်ထောက်လျူက နှင်းမုန်တိုင်းအကြောင်းကို အချိန်ကိုက်သတိမပေးနိုင်ခဲ့တာက ပေယွဲ့ပိုင်ကြောင့်ဖြစ်နိုင်တယ်၊ ငါမနေ့ညက သူ့ကို စစ်ဆေးကြည့်သေးတယ် ပြီးတော့ ဒီနေ့မနက်ကြ စကားပြောစက် တွေ အကုန်လုံးကို ဖျက်ဆီးထားတာ”
ကျုံချင်းယွီသည် မှင်သက်သွားခဲ့ပြီး သူမ၏အမူအရာမှာ အေးစက်လာတော့သည်။
သူမသည် ယန်ရှီအမှားလုပ်သည်ဟု မတွေးထားသော်လည်း ထိုစကားကိုကြားလိုက်ရသည့်အခါ၌ သူမ၏အကြည့်များမှာ ပို၍အေးစက်လာခဲ့သည်။
“ ဒါဆို သူခံရတာ နည်းတောင်နည်းသေးတာပဲ”
လက်မောင်းအဆစ်လွဲသွားရုံလေးပဲမလား။
အကယ်၍ bungeeကြိုးပြတ်သွားခဲ့ပါက ပေယွဲ့ပိုင်သည် ထိုမျှကံကောင်းနိုင်မည်မဟုတ်ပေ။
...
ကျုံချင်းယွီနှင့် ယန်ရှီတို့သည် တစ်ခြားနေရာများအား လည်ပတ်ရန်ကျန်ရှိနေသေးသည်။ bungee ခုန်ခြင်းကို မလုပ်ဖြစ်တော့သော်လည်း တစ်ခြားဆွဲဆောင်မှုရှိသည့် နေရာများကို သွားရောက်မည်ဖြစ်သည်။
ပေယွဲ့ပိုင်သည် ကျုံချင်းယွီအနားသို့ တိုးလာခဲ့ပြီး သွေးမရှိသည့် ဖြူဖတ်ဖြူလျော်မျက်နှာနှင့် ရှင်းပြလာသည်။
“ ချင်းယွီ ကိုယ်သူများ အသက်တစ်ချောင်းဆုံးရှုံးသွားမှာစိုးရိမ်လို့ ခုန်ချပြီး ကယ်ခဲ့တာပါ မင်းကိုယ့်ကို ယုံပါကွာ၊ တကယ်လို့ အဲနေရာမှာ မင်းဆိုရင် အဲထက်ပိုပြီး မြန်မြန်ခုန်ချမှာ”
ကျုံချင်းယွီသည် သူ့အား အေးစက်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
“ပေယွဲ့ပိုင် ရှင်အဲလောက် မေတ္တာ စေတနာ ဂရုဏာတွေရှိတယ်ဆိုတာ ကျွန်မ မသိခဲ့ဘူး”
ပေယွဲ့ပိုင်သည် စိတ်အားထက်သန်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။
“နောက်ထပ် ဘာလုပ်ချင်သေးလဲ၊ ကိုယ်မင်းနဲ့အတူ အကုန်လုပ်ပေးမယ်”
ကျုံချင်းယွီသည် ပြန်မဖြေခဲ့ပေ။ သူမသည် ထိုအစား သူ၏ အဆစ်လွဲနေသည့်လက်မောင်းကို ဆွဲ၍ ညှစ်လိုက်သည်။ ပေယွဲ့ပိုင်သည် ချက်ချင်းပင် နာကျင်မှုကို ခံစားလိုက်ရပြီး သူ၏နဖူးမှ ချွေးစီးများကျလာခဲ့သည်။
ကျုံချင်းယွီသည် ပြုံးလိုက်၏။
“ဒီလောက် နာနေတာတောင် ကျွန်မနဲ့ အတင်းလိုက်ချင်နေသေးတာလား villaကို ပြန်ပြီး အနားယူလိုက်ပါ၊ ပြီးတော့ ဒီလောက်ကြီးတဲ့အရှုပ်တော်ပုံတွေနဲ့ ထျန်းဟွေ့က ဒီပြသာနာတွေကို လွယ်လွယ်ကူကူနဲ့ ရှင်းနိုင်မှာမဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် ဒါက စာရင်းဝင်ထားတဲ့ကုမ္ပဏီပဲလေ ရှင် အများအမြင်ကို စဉ်းစားသင့်တယ်”
“ ခရီးသွားလမ်းညွှန်တွေက ကျွန်မမှာအများကြီးရှိတယ် အဲတာကြောင့် ရှင့်ကိုမလိုတော့ဘူး”
ထို့နောက် သူမသည် ယန်ရှီနှင့် လက်ချင်းချိတ်ကာ စိတ်ဝင်စားစရာကောင်းသည့်နေရာသို့ သွားရန်ဦးတည်လိုက်သည်။
ထိုအချိန်မှသာ ပေယွဲ့ပိုင်သည် ထျန်းဟွေ့၏ အခြေအနေကို သတိရသွားတော့သည်။
သူသည် မေ့သွားခဲ့ခြင်းမဟုတ်ပေ။ ရင်မဆိုင်ချင်၍သာ ဖြစ်၏။
ရှင်းယောင်သည် စာရင်းဝင်မထားသည့် ကုမ္ပဏီဖြစ်သော်လည်း ထျန်းဟွေ့သည် စာရင်းဝင်ကုမ္ပဏီဖြစ်သည်။
ပေယွဲ့ပိုင်သည် ထျန်းဟွေ့၏ရှယ်ယာ 43%ကိုပိုင်ဆိုင်ပြီး ပေအုပ်စုသည် 8% ပိုင်ဆိုင်သည်။ ထျန်းဟွေ့သည် ယခုအချိန်တွင် ဈေးကွက်ထဲသို့ ဝင်ရောက်ထားခြင်းဖြစ်သောကြောင့် ရှယ်ယာ၏ 40%အား သတ်မှတ်ကာလအတွင် ရောင်းဝယ်လို့မရပေ။ ထို့ကြောင့်ပင် ယခင်တုန်းက ပေယွဲ့ပိုင်၏ အရှုပ်တော်ပုံများဖြစ်ခဲ့သည့်အချိန်တွင် ထျန်းဟွေ့၏ stockဈေးနှုန်းများမှာ ကြီးကြီးမားမား ထိခိုက်ခဲ့ခြင်းမရှိပေ။
သို့သော် ယခုတွင် အခြေအနေများပြောင်းလဲသွားခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက် ဩဂုတ်လလယ်လောက်တွင် ရှယ်ယာ၏ 40% သည် သတ်မှတ်ကာလပြီးဆုံးသွား၍ အရောင်းအဝယ်များ ပြန်၍လုပ်ကိုင်ခွင့်ရခဲ့သည်။
ထျန်းဟွေ့သည် ဟောင်ကောင်တွင် စာရင်းဝင်ထားခဲ့ပြီး ယခုတွင် ဈေးကွက်မှာ ပွင့်နေလေသည်။
ပေယွဲ့ပိုင်သည် သူ၏လက်ကို ကျောက်ပတ်တီးစည်း၍ villa သို့ ပြန်လာသည့်အချိန်၌ သူ၏ပါးပါးမှာ ဖုန်းခေါ်ခဲ့သည်။
အပေါ်အင်္ကျီကို ချွတ်ရန် ကြိုးစားနေသော်လည်း လှုပ်ရှားမှုကြောင့် ဒဏ်ရာမှာ ပို၍ နာကျင်လာခဲ့ပြီး သူ၏မျက်နှာမှာ မဲ့သွားလေသည်။
ထိုအချိန်၌ ပေပါးပါးသည် ဖုန်းထဲမှ ဒေါသထွက်နေသဘ့်အသံဖြင့် အော်ပြောလာခဲ့သည်။
“ မင်း ဘာအရှုပ်ထုပ်တွေလုပ်ခဲ့လဲဆိုတာ ကြည့်လိုက်စမ်း၊ မိန်းမတစ်ယောက်အတွက် ခုန်ချရတာ တန်ရဲ့လား ဒီနေ့ ထျန်းဟွေ့ရဲ့ stock(စတော့ရှယ်ယာ) တွေ ဘယ်လောက်ကျဆင်းသွားလဲဆိုတာကို မင်းသိရဲ့လား၊ ငါ မင်းကို ထောက်ပံ့ပေးဖို့အတွက် ငွေတွေအများကြီးသုံးခဲ့တာ အခုတော့ မင်းက ဒီလိုပုံစံနဲ့ ငါ့ကို ကျေးဇူးပြန်ဆပ်တာလား”
ပေယွဲ့ပိုင်သည် သက်ပြင်းချလိုက်၏။
“ ပါးပါး ရဲ့လော့ယီက ထျန်းဟွေ့ရဲ့ အနုပညာရှင်တစ်ယောက်ပါ”
ရဲ့လော့ယီသည် ထျန်းဟွေ့၏ အောင်မြင်ကျော်ကြားမှုအမြင့်ဆုံး အနုပညာရှင်တစ်ယောက် ဖြစ်သည်။ ယခုတလောတွက် သူ၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ထိခိုက်ထားသော်လည်း သူမ၏ အခြေခံအုတ်မြစ်မှာ ခိုင်မာနေဆဲ ဖြစ်သည်။ ယခင်က သူမ၏ အောင်မြင်မှုများ မရှိခဲ့လျှင် ထျန်းဟွေ့သည် စတင်တည်ထောင်ပြီး ၂နှစ်အကြာတွင် စာရင်းဝင်ကုမ္ပဏီတစ်ခု ဖြစ်မလာနိုင်ပေ။
ပေပါးပါးသည် အလွန်ပင် စိတ်တိုနေသော်လည်း ရဲ့လော့ယီမှာ လွှမ်းမိုးနိုင်စွမ်းရှိနေသေးသည်ကို သိခဲ့၏။ အကယ်၍ သူမသည် တတိယအဆင့် အနုပညာရှင်ဖြစ်နေပါက သူသည် ရဲ့လော့ယီအား ထုတ်ပစ်ခဲ့သည်မှာ ကြာလှပြီဖြစ်မည်။
“ကျုံချင်းယွီကရော အခြေအနေ ဘယ်လိုလဲ၊ မင်းခုန်ချတာကို သူမြင်သွားပြီး စိတ်ဆိုးသွားသေးလား”
ပေယွဲ့ပိုင်သည် တုံ့ဆိုင်းနေခဲ့သည်။
“မဟုတ်ပါဘူး သူက ကျွန်တော့်ဒဏ်ရာကို စိုးရိမ်လို့ အနားယူဖို့ပြောတာပါ”
ပေပါးပါးသည် စိတ်သက်သာရာရသွားခဲ့၏။
ကျုံချင်းယွီအား ကျေနပ်စေရန်ချော့နိုင်သရွေ့ အရာအားလုံးစီစဉ်နိုင်မည်ဖြစ်သည်။
သူသည် ကျုံချင်းယွီအား ဆိုးသွမ်း၍ အရည်အချင်းမရှိသည့် အမွေဆက်ခံသူဟု ထင်ခဲ့ဖူးသည်။
သို့သော် ယခုတွင် သူမ၌ ရှင်းယောင်ကုမ္ပဏီရှိနေသည့်အပြင် မုန့်စီးပွားရေးလုပ်ငန်းစု၏ ဥက္ကဌလည်း ဖြစ်နေ၏။
ကျုံယန်စီသည် မုန့်စီးပွားရေးလုပ်ငန်းစုအား ဦးစီးရန်အတွက် စိတ်ဝင်စားမှု မရှိတော့သလို ကျုံပါးပါးသည်လည်း သူထိန်းချုပ်ထားသည့်အရာအားလုံးကို ကျုံချင်းယွီကိုလွှဲပြောင်းပေးမည့်ပုံပင်။
ဒီပုံစံအတိုင်းဆိုရင် သူ့ရဲ့အနာဂတ်က အကန့်အသတ်မရှိ တောက်ပနေတာပဲ။
သူ၏သားသည် ကျုံချင်းယွီကို မရွေးချယ်ပဲ ရဲ့လော့ယီအား ရွေးသွားမည်စိုးရိမ်၍ ပေပါးပါး၏ စိတ်ထဲတွင် နာကျင်သွားရသည်။
“ ဘာပဲ ဖြစ်ဖြစ် Queenstown ခရီးစဉ်မှာ ကျုံချင်းယွီနဲ့ ပြန်အဆင်ပြေအောင်လုပ်ပြီး စေ့စပ်ပွဲကို ပြန်လုပ်ရမယ် နားလည်လား”
ပေယွဲ့ပိုင်၏ မျက်နှာအမူအရာမှာ မှောင်မိုက်သွားသော်လည်း ခေါင်းငြိမ့်လိုက်သည်။
“ နားလည်ပါပြီ”
.
ထိုအချိန်၌ ရဲ့လော့ယီသည် သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုအား ရပ်လိုက်ပြီး ဆုလင်းလင်းနှင့်အတူ villa သို့ ပြန်လာခဲ့သည်။
သူမသည် ဤရသစုံရှိုးတွင် အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပြီး ကျုံချင်းယွီ၏အောင်မြင်မှုပြီးရင် သူမ၏ကျော်ကြားမှုမှာ ဒုတိယနေရာ၌ ရှိနေခဲ့သည်။ နှင်းလျှောစီးသည့်နေရာ၌ ပေဟန်လီသည် သူမအား ပြသာနာရှာခဲ့သည့် အချိန်တုန်းကပင် ချမ်းသာသည့်အသိုင်းအဝိုင်းမှ ညီအစ်ကိုအချင်းချင်းပြိုင်ဆိုင်မှုဖြစ်သည်ဟု ပြောကာ ဖြေရှင်းနိုင်ခဲ့သည်။
သို့သော် ပေယွဲ့ပိုင်၏ စွန့်စား၍ခုန်ချလိုက်ခြင်းသည် သူ၏ကြိုးစားအားထုတ်မှုများကို ဖျက်ဆီးလိုက်သလိုပင် ဖြစ်၏။
ရဲ့လော့ယီသည် အလွန်ပင် စိတ်ဓာတ်ကျသွားခဲ့သည်။ အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသည့် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း ဆန်းစစ်ချက်များအရ အင်တာနက်သုံးစွဲသူများသည် သူမအား ‘နောက်ကောင်မလေး’ ဟု ပြောခြင်းမဟုတ်လျှင်တောင်ပင် သူမအား ကျုံချင်းယွီ၏အရင်းအနှီးများကိုယူ၍ ပေယွဲ့ပိုင်နှင့် အိပ်ခဲ့ကြသည်ဟု ပြောဆိုနေကြတော့သည်။
အကျင့်စာရိတ္တနှင့်ပတ်သတ်လျှင် ထိုအရာသည် ပြစ်မှု မမြောက်သော်လည်း ရွံစရာကောင်းနေဆဲပင်ဖြစ်သည်။
ရဲ့လော့ယီသည် စိတ်ပျက်သည်ထက်ပင် ကျော်လွန်နေခဲ့သည်။
သူမသည် ပေယွဲ့ပိုင်ပေါ်တွင် စိတ်မရှိတော့သည်မှာ ကြာခဲ့ပြီဖြစ်၏။ ထိုသို့ဟန်ဆောင်နေရခြင်းမှာ သူ့ထံမှ အရင်းအနှီးများကို ပို၍ ရယူနိုင်ပြီး အောင်မြင်ကျော်ကြားသည့် ထိပ်တန်းမင်းသမီးပုံရိပ်ကို ပြန်လည်ရရှိရန်ဖြစ်သည်။
ပေယွဲ့ပိုင်သည် သူမအပေါ်တွင် ခံစားချက်များ မရှိတော့သည်ဟု တွေးနေခဲ့ပြီး အကယ်၍ရှိခဲ့လျှင်တောင်ပင် သံယောဇဉ်နှင့် အတိတ်ကအကြောင်းများအား လွမ်းဆွတ်နေခြင်းပင်ဖြစ်နိုင်သည်။
သို့သော် ထိုသို့ အသက်စွန့်၍ ခုန်ချခဲ့ခြင်းသည်လည်း သူမအား အံ့ဩမှင်သက်သွားစေခဲ့သည်။
အခန်းထဲ၌ ဆုလင်းလင်းသည် သူမနှင့်အတူ ထိုအခြေနေအား ဆန်းစစ်နေခဲ့သည်။
“ပေယွဲ့ပိုင်က ဘယ်လိုကြီးလဲ၊ တကယ်လို့ သူနင့်ကိုချစ်တယ်ဆိုရင် ဘာလို့ နင့်ကို အကြိမ်ကြိမ်နာကျင်အောင်လုပ်နေရတာလဲ၊ ဒါပေမယ့် တကယ်လို့ သူတကယ်မချစ်ဘူးဆိုရင်လည်း ဘာလို့ သူ့အသက်ကိုစွန့်ပြီး နင့်အတွက်ခုန်ချတာလဲ”
ဆုလင်းလင်းသည် အလွန်ပင် စိတ်ရှုပ်နေခဲ့သည်။
“ဖြစ်နိုင်တာကတော့ သူကငါ့အပေါ်ခံစားချက်တွေရှိနေသေးတာနေမှာပေါ့”
ရဲ့လော့ယီသည် တိုးတိုးလေးပြောလာခဲ့သည်။
“သူကျုံချင်းယွီကို လိုက်ချော့နေတာက ကျုံမိသားစုရဲ့ အရင်းအနှီးတွေကြောင့် နေမှာပါ”
ဆုလင်းလင်းသည် လက်ပိုက်ကာ စိတ်တိုစွာဖြင့် ပြောလာသည်။
“ဒါဆို သူက ဆန်ကုန်မြေလေးကောင်ပဲ၊ နင် သူ့အပေါ်မှာ ထပ်ပြီးခံစားချက်တွေ မရှိတော့ဘူးမလား တကယ်လို့ နင် ပေယွဲ့ပိုင်ကိုထပ်ရွေးဦးမယ်ဆိုရင် နင် အင်တာနက်ပေါ်မှာ ဝေဖန်တိုက်ခိုက်ခံရတော့မယ်”
ရဲ့လော့ယီသည် သူမ၏နှုတ်ခမ်းကို ကိုက်ကာ စိတ်နှစ်ခွဖြစ်နေခဲ့သည်။
ဆုလင်းလင်းမှ ထပ်ပြောလာခဲ့သည်။
“နင့်ရဲ့ပရိတ်သတ်တွေက ဆန္ဒပြပြီး ထျန်းဟွေ့နဲ့စာချုပ်ဖျက်သိမ်းခိုင်းမယ်လို့ကြားတာပဲ၊ နင်ဘာလို့ အဲ့ယကနေ မထွက်သွားတာလဲ”
ရဲ့လော့ယီသည် မှင်သက်သွားခဲ့ပြီး သူ၏ခေါင်းကို ငုံ့လိုက်သည်။
“ငါမလုပ်နိုင်ဘူး ငါလျော်ကြေးပေးဖို့ မတက်နိုင်ဘူး”
ဆုလင်းလင်းသည် အံ့ဩသွားခဲ့သည်။
“ဟမ် ဘယ်လိုဖြစ်နိုင်မှာလဲ နင် ဒီနှစ်တွေထဲမှာ ပိုက်ဆံတွေအများကြီးရှာထားတာလေ”
“ လင်းလင်း ငါနင့်ကို ဒီအကြောင်းတစ်ခါမှ မပြောဖူးပေမဲ့ ငါ ဒီဖျော်ဖြေရေးအနုပညာလောကထဲကို ဝင်လာတာက ရဲ့မိသားစု ငွေကြေးအခက်အခဲ ဖြစ်နေလို့ပဲ၊ ငါ့ရဲ့ဝင်ငွေအကုန်လုံးက မိသားစုစီးပွားရေးသက်ဆက်နိုင်ဖို့အတွက်ပဲ သုံးခဲ့တာ၊ စီးပွားရေးတွေအဆင်မပြေတော့ အရင်းက သိပ်မရှိဘူး အဲတာကြောင့် ငါလျော်ကြေးမပေးနိုင်ဘူး”
ရဲ့လော့ယီသည် ပေယွဲ့ပိုင်လိုလူမျိုးနှင့် ရင်ဆိုင်ရန်အကောင်းဆုံးနည်းလမ်းမှာ ကုမ္ပဏီမှ ထွက်သွားရန်ဖြစ်ကြောင်း သိခဲ့သည်။
သို့သော် တစ်ခြားကုမ္ပဏီသို့ပြောင်းလိုက်ပါက လျော်ကြေးအများကြီးပေးရမည့်အပြင် တစ်ခြားကုမ္ပဏီအသစ်များသည် သူ့အား ဦးစားပေးမည့် အာမခံချက်များလည်း မရှိပေ။
ထျန်းဟွေ့က ပေမိသားစု၏နောက်ခံရှိနေပြီး ပေယွဲ့ပိုင်သည်လည်း ပေမိသားစု၏ ဒုတိယသားဖြစ်သည်။
ထို့အပြင် ယနေ့ သူ့၏ လုပ်ရပ်များသည်း သူမ၏စိတ်ထဲတွင် တစ်ခုခုဖြစ်သွားစေခဲ့သည်။
“ အခြေအနေစောင့်ကြည့်ကြတာပေါ့”
သူမမှ တိုးတိုးလေး ပြောလာခဲ့သည်။
ဆုလင်းလင်းသည် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။
.
အခြားနေရာ၌။
ကျုံချင်းယွီနှင့် ယန်ရှီတို့သည် သူတို့၏ ခရီးစဉ်ကို အတူတူပျော်ပျော်ပါးပါး ဖြတ်သန်းနေကြသည်။ ပေယွဲ့ပိုင် မရှိသည့်အတွက် Queenstown၏ သဘာဝရှုခင်းများမှာ ပို၍ပင် လှပနေသည်ဟု ယန်ရှီမှ ခံစားနေခဲ့ရသည်။
သူတို့သည် The Lord of the Rings နှင့် The Hobbit တို့ ရိုက်ကူးခဲ့သည့် Glenorchy ကို သွားရောက်လည်ပတ်ခဲ့ပြီး ထိုနေအား “ Middle-earth Village” ဟု သိကြသည်။
ရှေးဆန်သည့်အဆောက်အအုံများနှင့် နှင်းများဖုံးလွှမ်းနေသည့် တောင်တန်းများသည် ဓာတ်ပုံရိုက်ရန်အတွက် အကောင်းဆုံးပင် ဖြစ်၏။
ရုပ်ရှင်ထဲမှ ဇာတ်ကောင်တွေအတိုင်း ဝတ်ဆင်ထားပြီးနောက် ကန်ဘေးနားရှိ ငှက်ကြည့်ရသည့် နေရာအား မြင်းစီးသွားကြသည်။
ထိုအချိန်၌ ယန်ရှီသည် System ထံမှ သတိပေးချက်တစ်ခုအား လက်ခံရရှိခဲ့သည်။
[တင်! ပေယွဲ့ပိုင်ရဲ့ဂုဏ်သတင်း ကျဆင်းသွားပါတယ် ကျုံချင်းယွီက ကံကောင်းခြင်းအမှတ် 3မှတ်တိုးလာပါပြီ ၊ လက်ရှိကံကောင်းခြင်းအမှတ်:80]
ယန်ရှီသည် မျက်မှောင်ကြုတ်လိုက်၏။
“ ဒီလောက်ပဲလား”
System သည် ရှင်းပြလာခဲ့သည်။
[ပေယွဲ့ပိုင်က နာမည်ကြီးတဲ့အနုပညာရှင် မဟုတ်တဲ့အတွက် လူအများရဲ့ထင်မြင်ချက်တွေ သူ့အပေါ်အကျိုးသက်ရောက်မှာအတွက် ကန့်သတ်ချက်ရှိပါတယ်]
[ ရဲ့လော့ယီအတွက် ကြီးမားတဲ့ ပြသာနာတွေ မဖြစ်မချင်း သူ့ရဲ့ကျော်ကြားမှုနဲ့ပတ်သတ်တဲ့ကံကောင်းခြင်းအမှတ်တွေက ဒီရသစုံရှိုးပြီးမှသာ ထည့်တွက်မှာပါ]
ယန်ရှီသည် နားလည်သဘောပေါက်သွားခဲ့သည်။ သူမသည် ယခုတွင် ကံကောင်းခြင်းအမှတ် 80ရှိနေပြီဖြစ်၍ နည်းနည်းလေး ပိုကြိုးစားအားထုတ်လိုက်ပါက ကျုံချင်းယွီသည် ဇာတ်ညွှန်း၏ထိန်းချုပ်မှုမှ လုံးဝ လွတ်မြောက်သွားတော့မည် ဖြစ်သည်။
ဤအတွေးသည် သူမအား စိတ်အခြေအနေကောင်းလာစေခဲ့ပြီး အိမ်ပြန်လမ်း၌ သူမသည် milk teaတစ်ခွက် ပိုသောက်မိသွားလေ၏။
…
ညနေခင်းတွင် သူတို့နှစ်ယောက်သည် ညစာစားပြီးနောက် villaသို့ ပြန်လာခဲ့သည်။
သူတို့သည် မြောက်ဝင်ရိုးစွန်းအလင်းတန်းများကို သွားကြည့်ရန် မူလက စီစဉ်ထားသော်လည်း ဒါရိုက်တာယွီသည် နှင်းလျှောစီးသည့်နေရာတွင် ပါတနာလဲသည့် တာဝန်ကို ပြီးမြောက်အောင်မလုပ်ကြသည့်အတွက် ဧည့်သည်များအား mission အသစ်ထပ်ပေးခဲ့သည်။
ကျုံချင်းယွီသည် ပျင်းစရာကောင်းသည်ဟုတွေး၍ ဒါရိုက်တာယွီ၏ ဆံပင်ပြောင်နေသည့် ခေါင်းကို လက်ညိုးထိုးကာ စနောက်၍ ပြောလာသည်။
“ ရှင့်ရဲ့ ဒီပြောင်လက်နေတဲ့ ကတုံးကြီးက ကောင်းတဲ့အကြံဉာဏ်တွေ ထွက်လာပါဦးမလား”
ဒါရိုက်တာယွီသည် ဒေါသထွက်သွားခဲ့သည်။
“ဦးနှောက်က အကြံဉာဏ်တွေထုတ်ရလွန်းလို့ ဆံပင်တွေအကုန်ကျွတ်သွားတာပါ၊ ပြီးတော့ အခု ကျွန်တော်တို့အစီအစဉ်က platform တွေပေါ်မှာ ရေပန်းအစားဆုံး ပရိုဂရမ်တစ်ခုဖြစ်နေပြီ”
ကျုံချင်းယွီသည် လှောင်လိုက်လေ၏။
“ဒီလောက်တောင် လူတစ်ယောက်လုံး သေတော့မလိုဖြစ်ထားတာပဲလေ၊ ဘယ်လိုလုပ် ပရိတ်သတ်ပမာဏက မတိုးလာပဲ နေမှာလဲ”
သူမ၏ပါးစပ်မှ ထိုစကားများ ထွက်လာသည့်အချိန်၌ ပေယွဲ့ပိုင်နှင့် ရဲ့လော့ယီတို့နှစ်ယောက်လုံး သွေးမရှိတော့သလိုပင် ဖြူဖတ်သွားကြတော့သည်။
လုပေယွီပင် ချက်ချင်းပင် ကြားဝင်၍ ဖျန်ဖြေပေးလိုပ်သည်။
“ဒါရိုက်တာယွီ ဘာတွေလုပ်ရမှာလဲဆိုတာ ပြောလိုက်ပါတော့ဗျာ၊ ကျွန်တော် ယောင်ကျူကို တစ်နေကုန်ဆွဲခေါ်လာရတာ ပင်ပန်းလှပြီဗျ၊ အားလုံး စောစောအိပ်ဖို့အတွက် မြန်မြန်လေးလုပ်ကြရအောင်”
ယောင်ကျူသည် လုပေယွီ၏ ခြေထောက်နားတွင် ပျင်းရိစွာဖြင့် လဲနေခဲ့ပြီး သနားစရာကောင်းသည့်အသံဖြင့် သဘောတူလာခဲ့သည်။
“ ကောင်းပြီ”
ဒါရိုက်တာယွီသည် လက်ခုပ်တီးလိုက်သည်။
“ဒီတစ်ခေါက်တော့ ကျွန်ဝောာ်တို့ ရိုးရိုးရှင်းရှင်းပဲလုပ်ကြမယ်၊ ဧည့်သည်တွေအားလုံးစုပြီး တစ်နာရီကြားတဲ့အထိ Truth or Dare ဆော့ရမယ် ဒါပါပဲ”
ထိုအရာသည် သာမန်ပါတီပွဲ ဂိမ်းတစ်ခုပင် ဖြစ်သော်လည်း ဒါရိုက်တာယွီစကားပြီးဆုံးသွားသည့်အချိန်၌ ဧည့်သည်များ၏ မျက်နှာအမူအရာများမှာ ပြောင်းလဲသွားကြသည်။
ကျုံချင်းယွီ၏ပင်ပန်းနေသည့် မျက်လုံးများမှာ ချက်ချင်းပင် အရောင်တောက်လာခဲ့သည်။ ဒါရိုက်တာယွီသည် ယတုံးဖြစ်နေသာ်လည်း အမှန်တကယ်တွင် ထက်မြက်သည့် အကြံဉာဏ်များရှိသည်ကို နားလည်သွားခဲ့သည်။
သူမသည် ပေယွဲ့ပိုင်ဘက်သို့ လှည့်လိုက်သည်။
“ပေယွဲ့ပိုင် ရှင် မကစားဘူးလား”
ပေယွဲ့ပိုင်သည် ချက်ချင်းပင် ငြင်းလိုက်၏။
တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်များတွင် ပေါက်ကွဲကုန်ကြသည်။
[ ဘာလို့ မဆော့ရတာလဲ ပေယွဲ့ပိုင်က ကြောက်နေတာလား]
[ ဟားဟားဟား ငါ ပေယွဲ့ပိုင် ကစားတာကို မြင်ချင်တယ်]
[ ဒါက ဘာမှမဟုတ်တဲ့ဂိမ်းလေးပဲကို သူက စိတ်မသန့်ဘူးလို့ ခံစားနေရတာလား]
[သူ မကစားဘူးဆိုရင် သူ့ကိုယ်သူ စိတ်မသန့်လို့ပဲဟေ့]
ဒါရိုက်တာယွီသည် တိုက်ရိုက်ထုတ်လွှင့်မှု၏မှတ်ချက်များကို ပေယွဲ့ပိုင်အားပြလိုက်သည်။
“ သခင်လေး ပေ ပရိတ်သတ်တွေတော်တော်များများက ခင်ဗျားပါဝင်မှုကို စောင့်နေကြပါတယ်၊ ယောင်ကျူက စကားမပြောတက်တော့ သူ့နေရာမှာ သခင်လေးပေကို ထည့်လိုက်မယ်လေ”
ပေယွဲ့ပိုင်၏မျက်နှာသည် မဲမှောင်သွားသော်လည်း လူအများ၏ မျှော်လင့်စောင့်စားနေသည့် အကြည့်များကြောင့် သူသည် ရွေးချယ်စရာမရှိတော့ပဲ သဘောတူလိုက်ရသည်။
စည်းကမ်းတွေမှာ ရိုးရှင်းလှ၏။ ဘီယာတစ်ဖာကို ထုတ်ယူလာခဲ့ပြီး ဧည့်သည်များက ဘီယာပုလင်းအလွတ်တစ်ခုကို လှည့်ရမည်ဖြစ်သည်။ ထိုပုလင်းထိပ်သည် မည်သူအား ညွှန်ပြနေသည်ကို ကြည့်၍ ထိုလူသည် မေးခွန်တစ်ခုကို ဖြေရမည်ဖြစ်ပြီး ဒါမှမဟုတ်ပါက ပြစ်ဒဏ်အနေနှင့် ဘီယာတစ်ခွက်သောက်ရမည်ဖြစ်သည်။
“ ဒီဘီယာတွေကို ပေမိသားစုက စေတနာနဲ့ ပံ့ပိုးပေးထားတာမို့ ပထမဆုံးလှည့်ရမယ့်သူက ပေဟန်လီပါ”
ဒါရိုက်တာယွီမှ ကြေညာလိုက်သည်။
ဧည့်သည်များသည် ဧည့်ခန်းထဲရှိ ဇိမ်ခံကော်ဇော်ကြီးပေါ်တွင် ဝိုင်းဖွဲ့၍ ထိုင်လိုက်ကြပြီး သူတို့၏အလယ်တွင် ပုလင်းလွတ်ကို ထားလိုက်၏။
ပေဟန်လီသည် ရှေ့သို့တိုးလာခဲ့ပြီး သူ၏လက်ကို ပုလင်းပေါ်သို့တင်လိုက်သည်။
“ဘယ်သူက ပထမဆုံးကံကောင်းတဲ့သူဖြစ်သင့်လဲ” ဟု မေးလာသည်။
“ ဒါက ကြုံရာကျပန်းပဲ မဟုတ်ဘူးလား ဒါမှမဟုတ် ရှင်က ဘယ်မှာရပ်မလဲဆိုတာကို ထိန်းချုပ်နိုင်တာလား”
ဆုလင်းလင်းမှ ရိုးသားစွာဖြင့် မေးလာသည်။
ပေဟန်လီသည် ပြုံးလိုက်လေ၏။
“ကျွန်တော်က အမြဲကံကောင်းတယ်လေ”
ဆုလင်းလင်းသည် ပုခုံးတွန့်ပြလိုက်လေသည်။
“ကျွန်မကတော့ ဂရုမစိုက်ပါဘူး ဘယ်မေးခွန်းမှ ကျွန်မ မကြောက်ဘူး”
ပေဟန်လီ၏ အကြည့်သည် အဖွဲ့တစ်ခုလုံးသို့ ရောက်သွားပြီးနောက် ပေယွဲ့ပိုင်ထံတွင် ရပ်တန့်သွားခဲ့သည်။
ပေယွဲ့ပိုင်၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားခဲ့ပြီး သူ၏နဖူးမှ ကျလာသည့်ချွေးများကို ဘယ်ဘက်လက်ဖြင့် မသိမသာသုတ်လိုက်သည်။
ထိုနေရာတွေ လူရှစ်ယောက်ရှိသည့်အနက် ထိုမျှလောက် ကံဆိုးလောက်မည်မဟုတ်ပေ။
ပေဟန်လီသည် ညင်သာစွာရီလိုက်ပြီး ပုလင်းကိုလှည့်လိုက်၏။ အကြိမ်ပေါင်းများစွာလှည့်ပြီးနောက် ပုလင်း၏ထိပ်သည် ပေယွဲ့ပိုင်ထံသို့ တည့်တည့်မတ်မတ်ပင် ညွှန်ပြနေခဲ့သည်။
ပေယွဲ့ပိုင်: "..."
သူသည် ထိုနေရာ၌ပင် ပုလင်းကို ရိုက်ခွဲချင်စိတ်များ ဖြစ်ပေါ်နေခဲ့သည်။အဘယ့်ကြောင့် ဤမျှ ကံဆိုးရသနည်း။
“ကျွန်တော် ပထမဆုံးလှည့်ဝာာဆိုတော့ ပထမဆုံးမေးခွန်းကို ကျွန်တော်ပဲမေးပါ့မယ်”ဟု ပေဟန်လီမှ ကြေညာလိုက်သည်။
မည်သူမှ ကန့်ကွက်ခြင်းမရှိပေ။
ပေဟန်လီသည် ပေယွဲ့ပိုင်အား စိုက်ကြည့်လိုက်ပြီး သူ၏အသံမှာ စနောက်နေသည့်ပုံပင်။
“ပေယွဲ့ပိုင် မင်းဘာလို့ လူတစ်ယောက်ကိုကယ်ဖို့အတွက် ချောက်ထဲကို ခုန်ချခဲ့တာလဲ အချစ်ကြောင့်လား”
အခန်းတစ်ခုလုံး ပေါက်ကွဲတော့မည့်အတိုင်းပင်။
[!!!]
[ တော်တော််စိတ်ဝင်စားဖို့ကောင်းနေပြီ]
[ ပေဟန်လီက ပြသာနာတွေကို ဘယ်လိုမွှေရမလဲဆိုတာ ကောင်းကောင်းသိတာပဲ]
[ သူ ရဲ့လော့ယီကို နှင်းလျှောစီးတဲ့နေရာမှာ ဘယ်လိုတွေ မေးခွန်းထုတ်ခဲ့လဲဆိုတာ သတိရကြဦးလေ၊ သူက အမြဲ ဇာတ်လမ်းတွေကို ယူလာပေးတာပဲ]
[ ဟားဟားဟား ငါက ဒီလိုပွင့်လင်းတဲ့ ဧည့်သည်မျိူးတွေကိုကြိုက်တာ ပထမဆုံး မေးခွန်းတောင် ဒီလောက် မိုက်နေတာ ဂိမ်းက ပျင်းရမှာမဟုတ်တော့ဘူး]
Villa ၏ အပူပေးစက်သည် အမြင့်ဆုံးဖွင့်ထားခဲ့ပြီး ပေယွဲ့ပိုင်သည် သူ၏မေးရိုးမှ လည်ပင်းအထိ ချွေးများစီးကျလာခဲ့သည်။
သူသည် ခက်ခက်ခဲခဲနှင့် တံတွေးမျိုချလိုက်သည့်အခါ၌ သူ၏လည်စေ့မှာ လှုပ်ရှားသွားခဲ့သည်။
ပေဟန်လီသည် သူ၏လက်ချောင်းများကို ပုလင်းပေါ်၌ စည်းချက်ညီညီဖြင့် ခေါက်နေခဲ့သည်။
“ ဒီလောက် ရိုးရှင်းတဲ့မေးခွန်းလေးကိုတောင် မဖြေနိုင်ဘူးလား ငါ့ညီ”
အချိန်အတော်ကြာပြီးနောက် ပေယွဲ့ပိုင်သည် တိုးတိုးလေးပြောလာခဲ့သည်။
“ တကယ်လို့ အဲနေရာမှာ မင်းပြုတ်ကျသွားရင်လည်း ငါမင်းကို ကယ်မှာပဲ၊ လူတစ်ယောက်ကိုကူညီတာက မှန်ကန်တဲ့အရာမဟုတ်ဘူးလား”
ပေဟန်လီ၏ အကြည့်များမှာ အေးစက်သွားခဲ့၏။
“ မေးခွန်းကို ရှောင်ဖြေနေတာလား ဒါဆို အချစ်ကြောင့်လား”
“ ဒါက ဒုတိယမေးခွန်းဖြစ်သွားပြီ” ဟု ပေယွဲ့ပိုင်မှ ပြန်ပြောလိုက်သည်။
[ ပေယွဲ့ပိုင်ရဲ့ အဖြေက အရမ်းပျင်းစရာကောင်းတာပဲ]
[ ဟုတ်တယ် ဒီအဖြေက တကယ့်အမှန်တရားမဟုတ်ဘူး]
[ နောက်တစ်ခါ မေးခွန်းတွေက ပိုတိကျဖို့လိုသွားပြီး ပေဟန်လီက ဒီတစ်ခါတော့ လိုသွားတယ်]
ပေယွဲ့ပိုင်သည် ဖြေပြီးသွားသည့်အခါ၌(ရှောင်လွှဲပြီးသွားသည့်အခါ၌) ပုလင်းလှည့်ရမည့် အလှည့်သည် သူ့ထံရောက်လာခဲ့သည်။ ပုလင်းအလွတ်လေးသည် ကော်ဇော်ပေါ်တွင် လှည့်နေရင်းနှင့်ပင် ကျုံချင်းယွီဘက်တွင်ရပ်သွားခဲ့သည်။
ပေယွဲ့ပိုင်၏ မျက်လုံးများမှာ ချက်ချင်းပင် နူးညံ့လာခဲ့သည်။
ဒါက သူ့အတွက် အခွင့်အရေးပဲ။
သူသည် ကျုံချင်းယွီအား နက်ရှိုင်း၍ ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
“ ချင်းယွီ ကိုယ်တို့ ပထမဆုံးအချိန်တွေ့ခဲ့တာကို မှတ်မိသေးလား”
သူမသည် ထိုနေ့အား ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။ ချမ်းသာသည့် အသိုင်းအဝိုင်းကြီးတစ်ခု၏ပွဲတွင် ကျုံချင်းယွီသည် သူမ၏ ဂါဝန်ပေါ်၌ ဝိုင်များ ဖိတ်သွားခဲ့သည်။
သူမသည် အကျီလဲရန်သွားခဲ့သော်လည်း သူမကိုယ်တိုင် ဂါဝန်ဇစ်ကို ဆွဲမရဖြစ်ခဲ့ပြီး သူသည် အမှတ်မထင် ဖြစ်သွား၍ ဂါဝန်ဇစ် ကူဆွဲပေးသွားသည်ပင် ဖြစ်သည်။
ထိုအချိန်တုန်း၌ သူသည် မျက်စိမှိတ်ထား၍ မကြည့်ရဲခဲ့သော်လည်း သူမထွက်လာသည့်အချိန်၌ မျက်နှာမှာ ပုံမှန်အနေအထားအတိုင်း ရှိနေသော်လည်း နားရွက်လေးများမှာ နီရဲနေသည်ကိုတော့ ပေယွဲ့ပိုင်မှ သိလိုက်ရလေသည်။
ထိုအခိုက်အတန့်သည် ကျုံချင်းယွီမှ ပေယွဲ့ပိုင်အား စတင်သဘောကျသွားသည့် အချိန်ဖြစ်နိုင်လေသည်။
သို့သော် ကျုံချင်းယွီသည် အေးတိအေးစက်ဖြင့် ပြန်ဖြေလာခဲ့သည်။
“ ကျွန်မ မေ့သွားပြီ”
ပေယွဲပိုင်သည် အသက်ရှူကြပ်သွားသလိုပင် ဖြစ်သွားခဲ့၏။
“ ဘယ်လိုမေ့ရက်သွားတာလဲ”
ကျုံချင်းယွီသည် လှောင်ပြောင်၍ရယ်လိုက်သည်။
“ မေ့သွားတော့ရောဘာဖြစ်လဲ ဒီလောက်နှစ်တွေကြာနေပြီကို”
ပေယွဲ့ပိုင်သည် အံကြိတ်ကာ ဆက်၍ မပြောနိုင်တော့ပေ။
ယခုတွင် ကျုံချင်းယွီ၏ အလှည့်သို့ ရောက်ရှိခဲ့၏။ ထိုပုလင်းသည် ရဲ့လော့ယီထံတွင် ရပ်တန့်သွားခဲ့သည်။
ရဲ့လော့ယီသည် နှလုံးခုန်နှုန်များမြန်လာသော်လည်း သူမသည် နူးညံ့သည့်အပြုံးကို ဆက်လက်ထိန်းသိမ်းထားသည်။
“ မေးချင်တာမေးပါ ကျွန်မက ဘာမှဖုံးကွယ်ထားတာမရှိဘူး”
ကျုံချင်းယွီသည် မည်သည်အရာမျှ မစဉ်းစားတော့ပဉ မေးလိုက်သည်။
“ နင့်မှာ နှလုံးခုန်နှုန်းကို မှတ်ပေးထားတဲ့ အားကစားနာရီကိုဝတ်ထားတယ် ဒါဆို ဒီနေ့ ပေယွဲ့ပိုင် ချောက်ထဲ ခုန်ချတုန်းက နှလုံးခုန်နှုန်းတွေမြန်မလာဘူးလား”
[ ဝိုး ကျုံချင်းယွီက လူတစ်ယောက်ကို ပြေးပေါက်မရှိအောင်ဘယ်လိုလုပ်ရမလဲဆိုတာ သိနေတာပဲ]
[ ဒီတစ်ခေါက်တော့ လိမ်စရာနေရာမရှိတော့ဘူး]
[ စကားလုံးတွေက လိမ်ညာလို့ရပေမယ့် အချက်အလက်တွေကတော့ လိမ်လို့မရဘူးလေ]
ရဲ့လော့ယီသည် သူမ၏လက်ကောက်ဝတ်ကို အလိုအလျောက်ပင် ကာမိသွား၏။
သူမသည် ထိုပစ္စည်းများကို ဝတ်လေ့ဝတ်ထမရှိသော်လည်း bungee ခုန်သည့်နေရာ၌ နှလုံးခုန်နှုန်းကို မှတ်တမ်းတင်ထားခြင်းမှာ ပျော်စရာကောင်းသည်ဟု ထင်ခဲ့သည်။ ကျုံချင်းယွီသည် ထိုအရာအား သတိထားမိသွားမည်ဟု မထင်ထားခဲ့ပေ။
အချက်အလက်များအား စစ်ဆေးစရာမလိုပဲနဲ့ပင် သူမသိနေခဲ့သည် ပေယွဲ့ပိုင်သည် သူမအတွက် ခုန်ချခဲ့သည်ဟု သိလိုက်ရသည့်အချိန်၌ သူမ၏ နှလုံးခုန်နှုန်းများသည် ထိန်းမရအောင်ပင် ခုန်နေခဲ့သည်။
သို့သော် အကယ်၍ သူသည် အချက်အလက်ကိုပြရန်ငြင်းဆို၍ ဘီယာသောက်ရန်ရွေးချယ်လိုက်ပါက ပို၍ သံသယဖြစ်စရာကောင်းမည်ပင်။
အချိန်ခဏတာ တုံ့ဆိုင်းပြီးနောက် ရဲ့လော့ယီသည် သူ၏ အားကစားနာရီမှတ်တမ်းကို ကြည့်ရှုသူများအားပြရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။
သူ့ရဲ့နှလုံးခုန်နှုန်း အများစုက ပုံမှန်အတိုင်း ဖြစ်ပေမယ့် တစ်ခါတစ်ရံ အပြောင်းအလဲတွေ ရှိတယ် ဒါပေမဲ့ ပေယွဲ့ပိုင် ချောက်ထဲကို ခုန်ချလိုက်တဲ့အချိန်မှာ သူ့ရဲ့နှလုံးခုန်နှုန်းတွေက တစ်မိနစ်ကို အကြိမ် 140 တောင်ပဲ။
“ ဝိုးးးးး~” ကျုံချင်းယွီသည် အံ့ဩသင့်စွာဖြင့် အော်လိုက်သည်။
“ ဝိုးးးးး~” ယန်ရှီလည်း ထိုနည်းတူ လိုက်အော်လိုက်သည်။
[ ဟားဟားဟား သခင်မလေးနဲ့ယန်ရှီတို့ရဲ့ အမူအရာတွေကြောင့် ငါအူတက်သေပါပြီဟယ်]
[ သူတို့နှစ်ယောက်လုံးက အရမ်းချစ်စရာကောင်းတာပဲ~]
[အဲဒီ နှလုံးခုန်နှုန်းအချက်အလက်တွေက အရာအားလုံးကို ပြောပြနေပြီ]
[ ဒီအချိန်မှာ တစ်ယောက်ယောက်က ပေယွဲ့ပိုင်နဲ့ ရဲ့လော့ယီအတွက် “ ဒါဟာ အချစ်မဟုတ်ရင် ဘာလဲ~” ဆိုတဲ့ သီချင်းဆိုပေးသင့်နေပြီ]
[ မှတ်ချက်ပေးတဲ့နေရာမှာ အသံ မက်ဆေ့ခ်ျက ဘယ်လိုပို့ရတာလဲ]
ရဲ့လော့ယီ၏ အမူအရာသည် မှောင်မိုက်သွားခဲ့ပြီး သူ၏ နှုတ်ခမ်းကို ကိုက်လိုက်သည်။
“ တစ်ယောက်ယောက်က ချောက်ထဲကို ခုန်ချသွားတာကို မြင်ရင် လန့်သွားတက်တာ ပုံမှန်ပဲ မဟုတ်လား၊ တစ်ခြားခရီးသွားတဲ့သူတွေလည်း အဲလိုလန့်သွားကြမှာပဲလေ”
ကျုံချင်းယွီသည် ရယ်၍ပြောလာခဲ့သည်။
“ဒါဆိုရင် ဆုလင်းလင်းရဲ့ အချက်အလက်ကို စစ်ကြည့်ပြီးတော့ သူ့ရဲ့နှလုံးခုန်နှုန်းက နင့်ထက် မြင့်လားဆိုတာ ကြည့်ရအောင်”
ရဲ့လော့ယီသည် မှင်သက်သွားခဲ့သည်။မည်သူမဆို လန့်သွားမည် ဆိုပေမည့်လည်း သူမလောက်ပင် ဤမျှ မြင့်တက်သွားမည်မဟုတ်ကြောင်း သိနေခဲ့သည်။
သူမသည် အကြပ်ရိုက်သွားကာ တိုးတိုးလေးသာပြောလာတော့သည်။
“ ဟုတ်ပါတယ် ကျွန်မအဲတုန်းက အခြေအနေမှာ တစ်စုံတစ်ယောက်အနေနဲ့ပါဝင်နေခဲ့တာလေ၊ အဲတာကြောင့် ကျွန်မရဲ့နှလုံးခုန်နှုန်းက ဒီလောက်မြှင့်တက်သွားတာ ပုံမှန်ပါပဲ”
[ အို ရဲ့လော့ယီရယ် ကျေးဇူးပြုပြီး အကြောင်းပြချက်တွေပေးတာရပ်လိုက်ပါတော့ ငါတို့အားလုံးနားလည်နေပါပြီ]
[ ယောကျာ်းလေးတစ်ယောက်က သင့်အတွက် အသက်တောင်စွန့်စားပေးရဲတယ်ဆိုတဲ့အချိန်မှာ ဘယ်လိုလုပ် ရင်မခုန်ပဲနေနိုင်မှာလဲ]
[ တကယ်လို့ ငါသာဆိုရင် အကြိမ် 200လောက်ထိ တက်သွားမှာ သေချာပေါက်ပဲ]
ရဲ့လော့ယီသည် သူမဆက်၍ ငြင်းဆိုလို့မရတော့သည်ကို သိခဲ့သည်။စကားလုံးများထက် အချက်အလက်များသည် ပိုအရေးပါသောကြောင့် လူအများ၏အာရုံကို ပြောင်းလဲရန်အတွက် ပုလင်းအလွတ်ကို လျင်မြန်စွာပင် လှည့်လိုက်သည်။
ပုလင်းသည် အကြိမ်အနည်းငယ်လှည့်ပြီးနောက် ယန်ရှီထံတွင် ရပ်သွားခဲ့သည်။
ရဲ့လော့ယီသည် သက်ပြင်းချလိုက်သည်။ နောက်ဆုံး၌ ပေယွဲ့ပိုင်၊ ကျုံချင်းယွီနှင့် သူမတို့အလှည့် မရောက်တော့ပေ။
ထိုပုလင်းသည် အစောပိုင်း၌ သူတို့သုံးယောက်ကြားတွင်လှည့်ပတ်နေခဲ့ခြင်းကြောင့် သူမမှာ စိတ်ညစ်နေခဲ့ရသည်။
ခဏတာ ရပ်တန့်သွားပြီးနောက် ရဲ့လော့ယီသည် ကျုံယန်စီကို စိုက်ကြည့်လိုက်ပြီး အဆင်ပြေမည့် မေးခွန်းတစ်ခုကို မေးလိုက်သည်။
“ နင့်ပထမဆုံးကြိုက်ခဲ့တဲ့သူက ဘယ်သူလဲ”
ထိုမေးခွန်းသည် ကျုံချင်းယွီအား စိတ်ဝင်စားသွားစေပြီး သူမသည် ပေယွဲ့ပိုင်ထံမှ အကြည့်ကိုလွဲကာ ယန်ရှီကိုသာ စိုက်ကြည့်လိုက်တော့သည်။
ကျုံယန်စီ၏ အကြည့်သည်လည်း ယန်ရှီထံသို့ ရောက်လာခဲ့သည်၊ သူ၏ မျက်နှာအမူအရာမှာ အေးဆေးတည်ငြိမ်နေသော်လည်း မျက်လုံးထဲတွင် လှိုင်းများထနေသည့် ပင်လယ်တစ်ခုလိုမျိုးပင် ဖြစ်နေသည်။
ယန်ရှီသည် ခဏတာ ပြန်တွေးလိုက်သည်။
“ ဖြစ်နိုင်တာကတော့ အထက်တန်းတတိယနှစ်လောက်ဖြစ်မယ်”
“ တတိယနှစ်လား”
ကျုံချင်းယွီနှင့် ဆုလင်းလင်းတို့သည် ချက်ချင်းပင် စိတ်ဝင်စားခဲ့ကြသည်။
သူတို့က ကျောင်းနေဖက်တွေလေ။ ယန်ရှီကလည်း အဲအချိန်တုန်းက သူတို့နဲ့အတူတူ တစ်ကျောင်းထဲမှာတက်ခဲ့တာ။
“ ဘယ်သူလဲ”
“ ငါတို့ သူ့ကိုသိလား”
“ ဘယ်အတန်းကလဲ အထက်တန်းက အကိုကြီးလား အလယ်တန်းက မောင်လေးလား”
မေးခွန်းများကို မရပ်မနားမေးလာတာကြောင့် ယန်ရှီမှာ စိတ်ရှုပ်သွားတော့သည်။
“ ဟေးး မေးခွန်းက တစ်ခုပဲ မေးရမှာလေ”
“ ပြောပါစမ်းပါ မတွန့်တိုပါနဲ့”
ကျုံချင်းယွီသည် ရယ်မောလိုက်ပြီး ရုတ်တရက်ပင် အသက်ရှုမှားသွားခဲ့သည်။
“ ဒါနဲ့နေပါဦး နင့်မှာ ကြိုက်နေတဲ့သူရှိတာကို ငါ့ကိုတစ်ဘာလို့မပြောတာလဲ”
ယန်ရှီမှ ပုခုံးတွန့်ပြလိုက်သည်။
“အဲအချိန်တုန်းက အရမ်းမခင်ကြသေးဘူးလေ”
“ ဒါပေမယ့် နင်အဲတုန်းက 15နှစ်ပဲရှိသေးတာလေ… အဟမ်းအဟမ်း”
ကျုံချင်းယွီ၏ မျက်လုံးများမှာ ပို၍ တောက်ပလာခဲ့သည်။
“ ဘယ်သူလဲ ဒီလို အသက်မပြည့်သေးတဲ့ကလေးကို မြူဆွဲရဲတာ”
“ တော်ပြီ မေးခွန်းတွေက တော်သင့်နေပြီ၊ ဒါက ဒုတိယမြောက် မေးခွန်းတောင်ဖြစ်နေပြီ”
ကျုံချင်းယွီနှင့် ဆုလင်းလင်းတို့သည် သူတို့သိသမျှ အတန်းဖော်များကို လိုက်၍ ခန့်မှန်းနေချိန်၌ ယန်ရှီမျက်နှာမှာ နီရဲနေခဲ့ပြီး အဖြေပေးရန်အတွက် ငြင်းဆိုနေခဲ့သည်။
ရွေးချယ်စရာများမရှိတော့သည့်အတွက် ဂိမ်းကို ဆက်ဆော့ခဲ့ကြသည်။
နှစ်ပွဲထပ်ကစားပြီးချိန်နောက် ပုလင်းသည် ယန်ရှီထံတွင် ထပ်၍ ရပ်သွားခဲ့သည်။
ယန်ရှီ: "..."
ယခုတစ်ခေါက်မေးခွန်းသည် ကျုံယန်စီထံမှ လာခြင်းဖြစ်သည်။
သူ၏အကြည့်သည် နက်ရှိုင်းကာ မည်သည့်အဓိပ္ပာယ်မျှ ဖတ်ကြည်မရပေ၊၊ ရေငြိမ်နေသော်လည်း ထိုရေအောက်တွင် ဖုံးကွယ်ထားသည့် နက်နဲသော အရာများရှိနေသလိုပင်။
သူသည် ယန်ရှီထံသို့ တည့်တည့်ကြည့်ကာ ဖြည်းဖြည်းချင်း မေးလာခဲ့သည်။
“ မင်း သူနဲ့ အခုထိ အဆက်အသွယ်ရှိသေးလား”
ယန်ရှီသည် “ သူ” ဟူသည်မှာ မည်သူကို ဆိုလိုမှန်းနားလည်ရန်အတွက် နှစ်စက္ကန့်လောက် စဉ်းစားလိုက်ရသည်။
သူမသည် ကျုံယန်စီအား မျက်လုံးလေး ပေကလပ်ပေကလပ်လုပ်ပြလိုက်သည်။
“ ဟုတ် အခုထိ အဆက်အသွယ်ရှိသေးတယ်”