Chapter 86
Vol. 9 Ch. 86
အချိန်များစွာ ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ ယန်ရှီသည် အသေးစိတ်အချို့ကို မေ့နေခဲ့လေသည်။
သို့သော် သူမ၏ ဆယ်တန်းနှစ်သည် အသက်နှစ်ဆယ်အရွယ်တွင် အမှန်ပင် အခက်ခဲဆုံးနှစ် ဖြစ်ခဲ့သည်။
လင်းရန်ရန်တစ်ယောက် လင်းမိသားစုထံသို့ ပြန်ရောက်ရှိလာသောအခါ ယန်ရှီ၏ အမွေဆက်ခံသူအတုဟူသည့် အထောက်အထားများ ပေါ်ပေါက်လာခဲ့သည်။ အိမ်၌ဖြစ်စေ၊ ကျောင်း၌ဖြစ်စေ သူမသည် မည်သည့်နေရာနှင့်မှ မသက်ဆိုင်တော့ပေ။
လင်းမိသားစုနှင့် အဆက်ဖြတ်ရန်အတွက် ယွမ်တစ်သန်းကို အသုံးပြုခြင်းသည် စွန့်စားရသည့် လုပ်ရပ်တစ်ခု ဖြစ်ခဲ့သည်။ ယန်ရှီသည် ထိုငွေကို ကျုံချင်းယွီထံမှ ချေးယူခဲ့စဉ်က သေသေချာချာ မစဉ်းစားပဲ ရင်ဆိုင်ခဲ့ခြင်းသာဖြစ်သည်။ ထိုအချိန်က နှစ်ဦးသည် ရင်းနှီးခြင်းမရှိသေးပဲ အတန်းဖော်များသာ ဖြစ်သည်။ သို့သော် ကျုံချင်းယွီသည် ယန်ရှီအတွက် ထိုမျှပမာဏငွေကို ချေးငှားပေးနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်ခဲ့သည်။
အမြဲတမ်း အထက်စီးဆန်၍ သီးခြားဆန်သည့် သခင်မလေးသည် ယန်ရှီ၏ တောင်းဆိုချက်ကို ကြားသောအခါ ငြင်းဆန်ခြင်းမရှိခဲ့ချေ။ ယင်းအစား စိတ်ဝင်တစား မေးခဲ့သည်။
“နင် ဒီလောက်များတဲ့ငွေကို ဘာလုပ်ဖို့လဲ”
“လင်းမိသားစုနဲ့ အဆက်အသွယ်အားလုံးကို ဖြတ်တောက်ပစ်ဖို့”
ကျုံချင်းယွီ၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။
“ဝိုး ဒါကတော့ တကယ်စိတ်ဝင်စားစရာပဲ”
ထိုအချိန်က ကျုံချင်းယွီသည် အရွယ်ရောက်ရန် လအနည်းငယ် လိုနေသေးပြီး သူမ၏ အသုံးစရိတ်များ ကုန်သွားခဲ့သည်။ ထို့ကြောင့် သူမသည် ကျုံပါးပါးထံမှ ငွေတောင်းခံရန် သွားခဲ့သည်။ ယန်ရှီ၏ ပညာရေး မှတ်တမ်းများကို သုံးသပ်လိုက်ပြီးနောက် ကျုံပါးပါးသည် အံ့ဩဖွယ် သဘောတူခဲ့သည်။
သဘောတူညီချက်ကို လက်မှတ်ရေးထိုးသည့်နေ့သည် ကျုံကော်ပိုရေးရှင်းတွင် ဖြစ်သည်။
အပြင်ဘက်တွင် မိုးသည် ကောင်းကင်ကြီး ပြိုကွဲသွားသည့်အလား အဆက်မပြတ် ရွာသွန်းနေခဲ့သည်။ ကမ္ဘာကြီးတစ်ခုလုံးသည် ရေနစ်နေသည့် ရေကန်၏ အောက်ခြေကဲ့သို့ မွန်းကျပ်မည်းမှောင်နေသည့် မြူခိုးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
ယန်ရှီသည် အစည်းအဝေးသို့ နောက်ကျမှ ရောက်လာခဲ့သည်။
သူမသည် ကျုံကော်ပိုရေးရှင်း၏ လှေကား၌ အချိန်ကြာမြင့်စွာ ငိုကြွေးနေခဲ့သည်။
ဆယ့်ငါးနှစ်။ သူမသည် လင်းမိသားစုအပေါ် ခံစားချက်တစ်ခုမျှ မရှိခဲ့သည်တော့ မဟုတ်ပေ။ သို့သော် လင်းပါးပါးနှင့် လင်းမားမားသည် ယန်ရှီက ယွမ်တစ်သန်းဖြင့် အဆက်ဖြတ်လိုသည်ကို သိသောအခါ သူတို့သည် အမှန်တကယ် ဝမ်းသာခဲ့ကြပြီး စာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုးရန် စိတ်အားထက်သန်ခဲ့ကြသည်။
ဆယ့်ငါးနှစ်တာ မိသားစုနှောင်ကြိုးသည် အဓိပ္ပါယ်မဲ့သွားခဲ့သည်။
မျက်ရည်များကို သုတ်ပြီးနောက် နောက်ဆုံးတွင် ယန်ရှီသည် အစည်းအဝေးခန်းထဲသို့ ဝင်လာခဲ့သည်။
ထူးဆန်းသည်မှာ လင်းပါးပါးသည် သဘောတူညီချက်ကို ကျေနပ်နေသော်လည်း ကျုံကော်ပိုရေးရှင်း၏ရှေ့တွင် ဒေါသထွက်နေသကဲ့သို့ ဟန်ဆောင်ခဲ့သည်။
“မင်းကို ဒီလောက်နှစ်တွေကြာအောင် ပျိုးထောင်ခဲ့တာကို လင်းမိသားစုကို စွန့်ပစ်ချင်တယ်ပေါ့လေ”
“မင်းက ငါတို့ရဲ့မေတ္တာကို ယွမ်တစ်သန်းနဲ့ ဝယ်လို့ရတယ်လို့ ထင်နေတာလား”
“လင်းရှီ မင်း ငါ့ကို စိတ်ပျက်စေတာပဲ၊ မင်းက ကျေးဇူးကန်းတဲ့ ကောင်မလေးပဲ”
လင်းပါးပါးသည် သူမကို ရိုက်ရန် လက်မြှောက်လိုက်သည်။
ယန်ရှီသည် ဤသည်ကား ခံနိုင်ရည်ရှိရမည့်အရာဖြစ်ကြောင်း သိထားသည်။
လင်းမိသားစုသည် ငွေကြေးအခြေအနေအရ ကျေနပ်နေသော်လည်း အပြင်ဖက် ပုံပန်းသဏ္ဍာန်ကို ထိန်းသိမ်းထားရပေမည်။ မွေးစားသမီးတစ်ဦးကို စွန့်ပစ်ခြင်းသည် သူတို့၏ ဂုဏ်သိက္ခာကို လူမှုအသိုင်းအဝိုင်းတွင် စွန်းထင်းစေပေလိမ့်မည်။
အပြစ်အားလုံးကို ယန်ရှီထံသို့ လွှဲချလိုက်ခြင်းဖြင့်၊ သူမအား ကျေးဇူးကန်းသူတစ်ယောက်အဖြစ် ပုံဖော်ခြင်းဖြင့်၊ မည်သူမျှ လင်းမိသားစုကို ဝေဖန်နိုင်လိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် ယန်ရှီသည် ထိုးနှက်ချက်အတွက် ပြင်ဆင်ထားလိုက်သည်။
သို့သော် ကျုံယန်စီသည် လင်းပါးပါး၏ လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်သည်။
ယန်ရှီသည် သူမ၏ မျက်လုံးများကို ဖွင့်လိုက်သည့်အခါ သူမအား အကာအကွယ်ပေးထားသော ကျယ်ပြန့်သောကျောပြင်ကို မြင်တွေ့လိုက်ရသည်။
ကျုံယန်စီက အရပ်ရှည်သည်။ ထိုအချိန်က ယန်ရှီသည် ၁.၆ မီတာပင် မပြည့်သေးပဲ ကျုံယန်စီ၏ ဘေးတစောင်းမျက်နှာကို ကြည့်ရန်ပင် အတော်လေး တစ်ဖက်ကို ခေါင်းစောင်းထားရပေလိမ့်မည်။
လင်းပါးပါးနှင့် လင်းမားမားတို့သည် နှစ်များတစ်လျှောက် ယန်ရှီကို တစ်ကြိမ်တစ်ခါမက ရိုက်နှက်ခဲ့ကြသည်။
သို့သော် တစ်စုံတစ်ဦးက သူမ၏ရှေ့တွင် ရပ်တည်ပြီး ကာကွယ်ပေးခြင်း ပထမဆုံးအကြိမ်ဖြစ်သည်။
ထိုအချိန်က ကျုံယန်စီသည် နာမည်မကြီးသေးသော်လည်း ထိုလူငယ်သည် အားသန်ပြီး ခန့်ညားသည်။ သူသည် လင်းပါးပါး၏ လက်ကောက်ဝတ်ကို အသာလေး ကိုင်ထားပြီး ထိုအသက်ကြီးသော အမျိုးသားသည် ရုန်းကန်နေရသည်။
“ခင်ဗျားက ဘယ်ကကောင်လဲ”
လေးစားမှုဖြင့် အသံတစ်သံက ဘေးမှ ဝင်ပြောသည်။
“သခင်လေး ရောက်လာပြီပဲ”
ယန်ရှီသည် ယင်းမှာ တမင် ခေါ်ဝေါ်ခြင်း ဖြစ်ကြောင်း သံသယရှိခဲ့သည်။ ကျုံယန်စီသည် ထိုအချိန်က ကျုံပါးပါး၏ လက်ထောက်ဖြစ်ပြီး ပုံမှန်အားဖြင့် “လက်ထောက်ကျုံ” အဖြစ် သုံးနှုန်းပြောဆိုကြသည်။ သို့သော် “သခင်လေး” ဟူသောခေါင်းစဉ်သည် လင်းပါးပါးအား ခြောက်လှန့်ရန်အတွက် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ထိုသို့ သုံးနှုန်းခြင်းက အလုပ်ဖြစ်ခဲ့သည်။ လင်းပါးပါးသည် ချက်ချင်းပင် ထစ်ငေါ့သွားသည်။
ကျုံယန်စီသည် လင်းပါးပါး၏လက်ကို လွှတ်လိုက်သော်လည်း သူ၏အမူအရာမှာ မပြောင်းလဲပေ။
“လင်းရှီက လင်းမိသားစုနဲ့ အဆက်ဖြတ်ဖို့အတွက် ကျုံကော်ပိုရေးရှင်းဆီကနေ ယွမ်တစ်သန်း ချေးယူထားတယ်၊ အခုကစပြီး သူက ကျုံကော်ပိုရေးရှင်းက အထောက်အပံ့ပေးထားတဲ့ ကျောင်းသူတစ်ဦးပဲ၊ သူ့ရဲ့ ကိစ္စအားလုံးက ကျွန်တော်တို့ရဲ့တာဝန်အောက်မှာ ရှိတယ် အတိုချုံးပြောရရင် လင်းရှီက ကျွန်တော်တို့နဲ့ဆိုင်တယ်”
“ဒါကြောင့် မစ္စတာလင်း ခင်ဗျား လင်းရှီနဲ့ ခပ်ဝေးဝေးနေဖို့ အကြံပေးမယ်”
(T/N ယန်ရှီက အဲတုန်းက လင်းမျိုးရိုးနာမည်ခံထားလို့ လင်းရှီဖြစ်နေတာပါ)
ကျုံယန်စီ ရှိနေသောကြောင့် လင်းပါးပါးသည် ယန်ရှီအပေါ် လက်မတင်ရဲတော့ပေ။ ရှေ့နေများသည် မွေးစားသဘောတူညီချက်ကို ဖျက်သိမ်းရန် စာရွက်စာတမ်းများကို တင်ပြခဲ့ကြသည်။ ယန်ရှီနှင့် လင်းပါးပါးတို့သည် စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးပြီး အဆက်အသွယ်အားလုံးကို တရားဝင် ဖြတ်တောက်လိုက်ကြသည်။
တရားဝင်ကိစ္စရပ်များ ပြီးဆုံးပြီးနောက် လင်းပါးပါးသည် ကျုံကော်ပိုရေးရှင်းထံမှ ယွမ်တစ်သန်းကို လက်ခံရရှိပြီးသည်နှင့် ကျုံယန်စီသည် သူ့အား ထပ်မံ နေခိုင်းထားခြင်းမပြုတော့ပဲ လုံခြုံရေးဖြင့် ယဉ်ကျေးစွာ လမ်းညွှန်၍ နှင်ထုတ်ပစ်လိုက်သည်။
ထို့နောက် ကျုံယန်စီသည် ယန်ရှီဘက်သို့ လှည့်လိုက်သည်။
သူမ၏ စိတ်သည် မှင်သက်နေဆဲဖြစ်သည်။
သူမ မွေးစားမိဘများနှင့် အဆက်ဖြတ်ခြင်းသည် ရှုပ်ထွေးခဲ့သင့်သော်လည်း ကျုံကော်ပိုရေးရှင်း၏ ပါဝင်မှုဖြင့် အရာအားလုံးသည် အံ့အားသင့်ဖွယ်ကောင်းစွာ ရိုးရိုးရှင်းရှင်းပြီးဆုံးသွားခဲ့သည်။
ကျုံယန်စီသည် ယန်ရှီ၏ မျက်လုံးနားအထိ အနည်းငယ် ကိုယ်ကို ကိုင်းညွှတ်လိုက်ကာ ကြည့်လိုက်သည်။
“ငါ့ကို ငါ မိတ်ဆက်ပါရစေ ငါက ကျုံယန်စီ၊ ဘိုဝမ်အထက်တန်းကျောင်းက ဘွဲ့ရခဲ့တယ် ‘စီနီယာ’ ဒါမှမဟုတ် တခြားသူတွေလိုပဲ ‘လက်ထောက်ကျုံ’ လို့ ခေါ်နိုင်တယ်”
ကျုံယန်စီသည် သူ၏ဖုန်းကို ဝတ်စုံ၏ အတွင်းပိုင်းအိတ်ကပ်ထဲမှ ထုတ်ယူခဲ့သည်။
“ဖုန်းနံပါတ်တွေ လဲကြတာပေါ့၊ မင်းက အရွယ်မရောက်သေးဘူး မင်း တစ်ယောက်တည်း ကိုင်တွယ်လို့မရတဲ့ အရာတွေ အများကြီးရှိတယ်၊ အကူအညီလိုရင် ငါ့ဆီ လာလို့ရတယ်”
ယန်ရှီသည် သူ့ကို အံ့အားသင့်စွာ ကြည့်နေခဲ့သည်။
သူတို့နှစ်ဦးကြားမှ ကွာဟချက်သည် အလွန်ကြီးမားနေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဂုဏ်ပုဒ်ကြောင့်ဖြစ်စေ၊ လူကြီးနှင့် လူငယ်ကြားမှ ကွာဟမှုကြောင့်ဖြစ်စေ၊ ထို့ကြောင့် ယန်ရှီသည် ၎င်းကို အလေးအနက်မထားခဲ့ချေ။ ထို့အပြင် ကျုံချင်းယွီသည် ကျုံယန်စီကို မကြိုက်သောကြောင့် ယန်ရှီသည် ချင်းယွီနှင့် ပိုမိုရင်းနှီးလာသည်နှင့်အမျှ ကျုံယန်စီနှင့် ပတ်သက်သည့် အတွေးများမှာ မှေးမှိန်သွားခဲ့သည်။
သို့သော် ထိုဆယ့်ငါးနှစ်အရွယ် ကျုံယန်စီက သူမအား ကာကွယ်ပေးခဲ့သည့်အချိန်သည်.. ထိုအချိန်က ယန်ရှီ၏ ပထမဆုံး ရင်ခုန်ဖူးသည့် အချစ် စတင်ခဲ့သည့် အခိုက်အတန့် ဖြစ်သည်။
ဧည့်ခန်းထဲတွင် ယန်ရှီ၏ အဖြေကြောင့် ကျုံယန်စီ၏အမူအရာက မှောင်မိုက်သွားသည်။
“ဘွဲ့ရပြီး ငါးနှစ်ကြာတာတောင် မင်းတို့က ဆက်သွယ်နေတုန်းပဲလား”
ကျုံချင်းယွီ၏မျက်လုံးများ တောက်ပလာသည်။
“နင် ဒီတစ်လျှောက်လုံး သူ့ကို တိတ်တခိုး ချစ်နေတာ မလား”
ယန်ရှီက ရုတ်တရက် ထပြောသည်။
“မဖြစ်နိုင်ပါဘူး!”
အရူးအမူး ခံစားချက်များသည် ၎င်းတို့ ကုန်ဆုံးသွားသည်နှင့်အမျှ မှေးမှိန်သွားသည်။ ၎င်းခံစားချက်များအပေါ် အလေးအနက်ထားခြင်းက စွဲလမ်းမှုအဖြစ်သို့သာ ပြောင်းလဲသွားစေသည်။ ထိုအချိန်က ယန်ရှီသည် ကောလိပ်ဝင်ခွင့်စာမေးပွဲကို အာရုံစိုက်နေပြီး သူမ၏ စိတ်ထဲတွင် စာမေးပွဲများ၊ လေ့ကျင့်ရန်ပုစ္ဆာများဖြင့်သာ ပြည့်နှက်နေခဲ့သည်။
သူ့မှာ ယောင်္ကျားတွေအကြောင်း တွေးဖို့ ဘယ်က အချိန် ဘယ်မှာရှိမှာလဲ။
ထိုစကားကို ကြားသည့်အခါ ကျုံယန်စီက သက်ပြင်းချလိုက်သည်။
သို့သော် ကျုံချင်းယွီသည် ထိုအကြောင်းအရာကို မမေးရန် မနေနိုင်တော့ပေ။
“သူက ချောလား”
ယန်ရှီတစ်ယောက် ခေတ္တရပ်တန့်သွားသည်။
“တော်တော်လေးချောပါတယ်”
“သူ အိမ်ထောင်ရောကျပြီလား”
“မကျသေးပါဘူး”
“သူ့အလုပ်က ဘယ်လိုလဲ၊ အခုကောင်းကောင်းလုပ်နေရလား”
ယန်ရှီသည် ကျုံယန်စီကို သိမ်မွေ့စွာ ကြည့်လိုက်သည်။
“သူ ကောင်းကောင်းလုပ်နေရတယ်…”
မည်သို့ပင်ဆိုစေ ကျုဲကော်ပိုရေးရှင်း၏ CEO အနေဖြင့် သူ ကောင်းကောင်းမလုပ်နိုင်ဘူးဆိုတာ ဖြစ်နိုင်လား။
ကျုံချင်းယွီသည် ဝမ်းသာအားရ ဖြစ်နေခဲ့သည်။
ယန်ရှီများ ဘာလို့ ဒါကို စောစောကတည်းက မပြောခဲ့တာလဲ။ ဒီလောက်အရည်အချင်းရှိတဲ့လူ ပြီးတော့ သူ့ အချစ်ဦးလည်း ဖြစ်နေတာ သူတို့ကို အတူတွဲပေးဖို့ နည်းလမ်းတစ်ခု ရှာရမှာပေါ့။ ဒါမှ ကျုံယန်စီက အစီအစဉ်ထဲက ထွက်သွားမှာလေ။
ဘယ်လိုလုပ် အကျင့်ပျက်ခြစားနေတဲ့အဘိုးကြီးက ယန်ရှီရဲ့ လူငယ်ဘဝက သဘောကျတဲ့လူလေးနဲ့ နှိုင်းယှဉ်လို့ရမှာလဲ။
ကျုံချင်းယွီ၏ မျက်လုံးများ စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာခဲ့သည်။
“နောက်ဆုံးမေးခွန်းတစ်ခု ငါ သူ့ကို သိလား”
ယန်ရှီသည် ချက်ချင်း သတိချပ်သွားသည်။
“နင် ငါ့ကို ဘာလို့ ဒီလောက်အများကြီး မေးနေတာလဲ”
ကျုံချင်းယွီသည် သူမကို ဖြတ်ပြောလိုက်ပြီး ပို၍ နီးကပ်စွာ ကိုင်းညွှတ်လိုက်သည်။
“အိုး လုပ်စမ်းပါ နင် ဒီလောက်အများကြီးကို ဖြေပြီးသားပဲကို နောက်ထပ်တစ်ခုလောက်မေးတော့ ဘာဖြစ်သွားလို့လဲ၊ ငါ သူ့ကို သိလား သိလားလို့”
ယန်ရှီသည် သူမ၏နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်သည်။
“ငါ မဖြေဘူး”
“မဖြေဘူးပေါ့”
ကျုံချင်းယွီ၏မျက်လုံးများ လင်းလက်သွားသည်။
“ဒါဆို ငါ သူ့ကို သိတယ်လို့ ဆိုလိုတာပဲ ဘယ်သူလဲ အရမ်းသိချင်နေပြီ~”
ကျုံချင်းယွီသာမက ဆုလင်းလင်းနှင့် လုပေယွီတို့ပါ ယန်ရှီကို စိတ်အားထက်သန်စွာဖြင့် စိုက်ကြည့်နေကြသည်။
နောက်ဆုံးတော့ အတင်းအဖျင်းကြိုက်တယ်ဆိုတာ လူ့သဘောသဘာဝပဲလေ။
ဤတစ်ကြိမ်တွင် ယန်ရှီသည် သူမ၏ နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်ကာ နောက်ထပ်စကားတစ်ခွန်းမှ မပြောတော့ချေ။
သို့သော် ထိုသခင်မလေးသည် အလွယ်တကူ လက်လျှော့တတ်သူ မဟုတ်ပေ။ ယန်ရှီ မဖြေသော်လည်း ပုလင်းသည် သူမထံသို့ လှည့်လာတိုင်း ကျုံချင်းယွီသည် မေးခွန်းမေးမည့်သူအား ထပ်၍ မေးခိုင်းလေ့ရှိသည်။
ယန်ရှီ၏ ပါးပြင်များသည် နီရဲလာပြီး သူမသည် ဖြေမည့်အစား အရက်သောက်ရန် ရွေးချယ်လိုက်သည်။
ဘီယာ သုံးခွက်သောက်ပြီးနောက် ယန်ရှီတစ်ယောက် မူးနေခဲ့လေပြီ။ သို့သော် ပုလင်းသည် သူမထံသို့ ထပ်မံကျရောက်သောအခါ စတုတ္ထမြောက်ခွက်ကို သောက်ရတော့မည်။
ကျုံယန်စီသည် ကြားဝင်ကာ ယန်ရှီ၏ လက်ထဲမှ ဖန်ခွက်ကို ဖမ်းယူ၍ တစ်ကျိုက်တည်း မော့ချလိုက်သည်။
“သူ မဖြေတော့ဘူး၊ မင်း ဘယ်လောက်ပဲ မေးမေး အဓိပ္ပါယ်မရှိဘူး”
ကျုံချင်းယွီသည် နှုတ်ခမ်းစူ၍ ယန်ရှီ၏ ပါးများကို ညှစ်လိုက်သည်။
“ဘာလို့ ဒီလောက်တောင် ခေါင်းမာရတာလဲ”
ဤအချိန်တွင် ယန်ရှီသည် လုံးဝမူးနေခဲ့လေသည်။ ရယ်ကာမောကာဖြင့် သူမသည် ကျုံချင်းယွီ၏လည်ပင်းကို ဖက်လိုက်သည်။
“ခန့်မှန်းကြည့် မှန်ရင် ဆုချမယ်~”
ပေဟန်လီက မှတ်ချက်ပေးသည်။
“ယန်ရှီတော့ မူးနေပြီထင်တယ်”
ကျုံချင်းယွီသည် ဘီယာပုလင်းကို ကောက်ကိုင်ပြီး အညွှန်းကို ကြည့်လေသည်။
“အရက် ၃၀ ရာခိုင်နှုန်းလား၊ ဒါက ပြင်းတာပဲ”
အချိန်က ကုန်ဆုံးလုနီးလာသည်။ ဂိမ်းကို နာရီတစ်ခုကြာအောင် ဆက်လက်ဆော့နေခဲ့ကြပြီး တိုက်ရိုက်ထုတ်လွှင့်မှုသည်လည်း ပြီးဆုံးတော့မည်ဖြစ်သည်။
ကျုံချင်းယွီသည် ဒါရိုက်တာယွီနှင့် စကားအနည်းငယ်ပြောပြီးနောက် အသံလွှင့်မှုနှင့် ဂိမ်းနှစ်ခုစလုံး ပြီးဆုံးခဲ့သည်။
ယန်ရှီသည် လုံးဝမူးနေခဲ့ပြီး ကျုံချင်းယွီကို ဖက်ထားကာ သူမ၏ဆံပင်များနှင့် ဆော့နေခဲ့သည်။
“နင် မခန့်မှန်းဘူးလား နင်လည်း သူ့ကို သိတယ်လေ”
ကျုံချင်းယွီ၏ဆံပင်သည် ယခု၌ ရှုပ်ပွနေသော်လည်း သူမသည် ယန်ရှီကို ထိန်းလိုက်သည်။
“နင် ဒီလောက် လွယ်လွယ်လေး မူးသွားတာ နင်လမ်းတောင် လျှောက်နိုင်သေးရဲ့လား”
ကျုံယန်စီက သူမကို မျက်စောင်းထိုးလိုက်သည်။
“ဒါက မင်းရဲ့အပြစ်ချည်းပဲ”
ကျုံချင်းယွီသည် မျက်လုံးလှိမ့်ပြသည်။
“ငါ သူ့ကို အပေါ်ထပ် ခေါ်သွားပြီး နားခိုင်းလိုက်မယ်”
သို့သော်လည်း အိမ်က အလိုလိုက်ခံထားရသည့် သခင်မလေးသည် မည်သည့်အခါကမှ လက်တိုလက်တောင်းလုပ်ဖူးသည်မဟုတ်ပေ။ ထို့ကြောင့် ခြေလှမ်းအနည်းငယ်လှမ်းပြီးသည်နှင့် အသက်ရှူကြပ်နေလေသည်။ ယန်ရှီကို ဒုတိယထပ်အထိ သယ်ဖို့ဆိုသည်က ဝေးသေးသည်။
ကျုံယန်စီသည် ရှေ့သို့ ခြေလှမ်းလိုက်ပြီး ယန်ရှီကို သူ၏ လက်မောင်းများထဲသို့ ပွေ့ချီလိုက်သည်။
“ဟော်တယ် ဧည့်ခံစားပွဲကနေ အရက်နာကျဆေး သွားယူလိုက်၊ မဟုတ်ရင် မနက်ဖြန်ကျ သူခေါင်းကိုက်နေလိမ့်မယ်”
အရက်နာကျခြင်းသည် မည်မျှပင် ရက်စက်သည်ကို သိရှိထားသောကြောင့် ကျုံချင်းယွီသည် အလျင်စလိုပင် သွားရောက်ယူဆောင်ခဲ့သည်။
ကျုံယန်စီသည် ယန်ရှီကို သူမနှင့် ကျုံချင်းယွီတို့ အတူနေသည့်အခန်းသို့ ပွေ့ချီသွားသည်။
သို့သော် ကျုံယန်စီက ယန်ရှီကို ကုတင်ပေါ်သို့ တင်လိုက်သည်နှင့် ယန်ရှီသည် သူ၏ လည်ပင်းကို တင်းကြပ်စွာ ဖက်လိုက်သည်။ မှုန်ဝါးဝါးဖြင့် မျက်တောင်ခတ်ရင်း ယန်ရှီသည် ကျုံယန်စီ၏ မျက်နှာကို လက်မအနည်းငယ်အကွာမှ ကြည့်ကာ ချိုသာစွာ ပြုံးလိုက်သည်။
“ဒါက ကျွန်မရဲ့ စီနီယာ~”
ကျုံယန်စီ၏မျက်လုံးများထဲတွင် အေးစက်သည့် အလွှာတစ်ခု ဖြတ်သန်းသွားသည်။
“ဒါဆို မင်းကြိုက်တဲ့လူက မင်းရဲ့စီနီယာပေါ့”
“ဟုတ်တယ်!”
ယန်ရှီသည် ရူးသွပ်စွာ တခစ်ခစ်ရယ်မောလိုက်သည်။
“စီနီယာ ကျွန်မကို ဖက်ထားပါ!”
ကျုံယန်စီ၏ ရင်ထဲတွင် မီးများလောင်ကျွမ်းနေခဲ့ကာ ပေါက်ကွဲလုနီးပါး ဖြစ်နေခဲ့သည်။ သူသည် အသက်ကို ပြင်းပြင်းရှူ၍
“မျက်လုံးကို ဖွင့်ပြီး သေချာကြည့် ငါ ဘယ်သူလဲ”
ယန်ရှီသည် သူမ၏ ခေါင်းကို စောင်းလိုက်ပြီး လက်ချောင်းများသည် ကျုံယန်စီ၏ မျက်နှာကို လိုက်ထိသည်။ သူ၏ ဖြောင့်ထက်နေသော မျက်ခုံးကွေးများမှ နှာတံ၊ သူ၏ အေးစက်ပြီး ပါးလွှာသောနှုတ်ခမ်းများအထိ။
“ စီနီယာလား”
ကျုံယန်စီသည် စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သည်။
“မင်း သူ့ကို ဒီလောက်တောင် ကြိုက်တာလား၊ မူးနေတာတောင် သူ့အကြောင်း တွေးနေတုန်းပဲလား”
ယန်ရှီသည် တုံ့ဆိုင်းသွားပြီးမှ ရယ်လိုက်သည်။
“ဒါပေါ့”
သို့သော် သူမ၏ အမူအရာသည် မှိန်ဖျော့သွားသည်။
“ဒါပေမဲ့… သူကတော့ ကျွန်မကို ဒီလောက်မကြိုက်ဘူးထင်တယ်”
ကျုံယန်စီသည် ဒေါသထွက်နေသော်လည်း ထိုစကားများကို ကြားသောအခါ သူ၏ နှလုံးသားသည် လစ်လျူရှု၍မရနိုင်သည့် နာကျင်မှုဖြင့် နူးညံ့သွားခဲ့သည်။
“စီနီယာ”
ယန်ရှီသည် ကျုံယန်စီကို အပြစ်ကင်းမဲ့စွာ ကြည့်ရင်း တိုးဖွစွာ ရေရွတ်လိုက်သည်။
“ကျွန်မကို စိတ်မဆိုးပါနဲ့… ကျွန်မ မလိမ်ချင်ခဲ့ပါဘူး…”
ရုတ်ချည်းဆိုသလို ကျုံယန်စီသည် ယန်ရှီ၏ မေးစေ့ကို ဖမ်းကိုင်ကာ သူ၏နှုတ်ခမ်းများဖြင့် သူမ၏နှုတ်ခမ်းများပေါ်သို့ ဖိကပ်လိုက်သည်။
“အဲလို မခေါ်နဲ့တော့”
ကျုံယန်စီက ညည်းတွားလိုက်သည်။
သူ မကြားချင်တော့ပေ။ ယန်ရှီမှ အခြားအမျိုးသားတစ်ဦး၏ နာမည်ကို တိုးတိုးလေး ပြောနေသည်ကို မကြားချင်တော့ပေ။
သို့သော် ထိုစကားလုံးနှစ်လုံးသည် ယန်ရှီ၏ နှုတ်ခမ်းဖျားမှ ဆက်လက်ထွက်ပေါ်နေသောကြောင့် ကျုံယန်စီသည် သူမ၏ အသက်ရှုမှုကို ခိုးယူကာ သူ၏အနမ်းဖြင့် နှုတ်ပိတ်စေခဲ့သည်။
သူတို့နှစ်ဦး၏ နှုတ်ခမ်းများ ထိတွေ့မိပြီး အပူချိန်သည် နှစ်ဦးကြားတွင် တိုးမြင့်လာကာ အသက်ရှူသံများ ရောယှက်သွားပြီး မရပ်မနား နှလုံးခုန်သံများ ထွက်နေခဲ့သည်။
ကျုံယန်စီသည် သူ ရူးနေပြီဟု ခံစားနေရသည်။
သူ၏ ချစ်သူက အခြားအမျိုးသားတစ်ဦး၏ နာမည်ကို ခေါ်နေသည်ကို ကြားသောအခါ ဆင်ခြင်တုံတရားသည် အပိုင်းပိုင်းအစစ ကွဲကြေမွသွားသည်။
ကျုံယန်စီလိုချင်သည်မှာ ယန်ရှီကို ပိုင်ဆိုင်ရန်၊ သူမကို ဖျက်ဆီးပစ်ရန်သာ ဖြစ်သည်။
ယန်ရှီရဲ့ နှလုံးသားကို မရရင်တောင် အနည်းဆုံးတော့ သူ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်သေးတယ်မလား။
ကျုံယန်စီ၏ မျက်လုံးများထဲရှိ ရေခဲ ကွဲအက်သွားကာ ဆန္ဒများသည် ဒီရေလှိုင်းကြီးများအလား တက်လာခဲ့သည်။ သူသည် ယန်ရှီကို ပို၍ နီးကပ်စွာ ဆွဲခေါ်ပြီး အနမ်းကို နက်ရှိုင်းစေခဲ့သည်။
ယန်ရှီ၏ လက်များသည် ကျုံယန်စီ၏ လည်ပင်းကို ပင်ကိုဗီဇအရ သိုင်းဖက်လိုက်ပြီး အနမ်းကို တုံ့ပြန်နေသကဲ့သို့ သို့မဟုတ် ခိုကိုးရာကို ရှာဖွေနေသကဲ့သို့ ဖြစ်နေသည်။
အခန်းထဲမှ လေထုသည် ထူထပ်၊ ပူပြင်းလာခဲ့ပြီး သူတိုနှစ်ဦး၏ ခန္ဓာကိုယ်များသည် မီးရောင်မှိန်နှိမ်အောက်တွင် အချင်းချင်း ရစ်ပတ်နေခဲ့သည်။ ကျုံယန်စီသည် သူ၏ လက်ချောင်းများကို ယန်ရှီ၏ ကျောဘက်တစ်လျှောက် ခြေရာခံနေခဲ့ပြီး လှုပ်ရှားမှုတိုင်းသည် တောင့်တမှု၊ ပိုင်ဆိုင်လိုစိတ်တို့ဖြင့် ပြည့်နှက်နေခဲ့သည်။
ယန်ရှီသည် တုန်ယင်နေပြီး နောက်ဆုတ်လိုသော်လည်း ထွက်ပေါက်အား ရှာမတွေ့ချေ။
နောက်ဆုံးအခိုက်အတန့်တွင် ကျုံယန်စီသည် သူမကို လွှတ်ပေးလိုက်သည်။
ကျုံယန်စီသည် ယန်ရှီ၏ သေးငယ်သောလက်လေးကို ဖမ်းဆုပ်ကာ သူ၏ ကိုယ်ထဲရှိ မီးတောက်များအား ငြှိမ်းသတ်နိုင်ရန် စောင့်စားနေသကဲ့သို့ အထပ်ထပ်အခါခါ ပွတ်သပ်နေခဲ့သည်။ သို့သော် ၎င်းသည်လည်း မဖြစ်နိုင်ပုံရသည်။
ကျုံချင်းယွီက အရက်နာကျဆေးနှင့် ပြန်လာချိန်တွင် ကျုံယန်စီသည် အခန်းထဲမှ ထွက်သွားနှင့်ပြီဖြစ်သည်။
ယန်ရှီသည် ကုတင်ပေါ်တွင် အိပ်ပျော်နေခဲ့သည်။
ကျုံချင်းယွီသည် သူမကို ချော့နှိုးကာ ဆေးတိုက်၍ ညအိပ်ဝတ်စုံကို လဲပေးပြီး အိပ်ရာထဲသို့ ပို့ပေးခဲ့သည်။
ညနက်ချိန်တွင် လမှ အလင်းရောင်သည် နယူးဇီလန်၏ နှင်းများ ဖုံးလွှမ်းနေသည့် ရှုခင်းပေါ်သို့ ကျရောက်နေခဲ့ကာ အေးစက်သည့် ငွေရောင် တောက်ပမှုက ပြန့်ကျဲနေခဲ့သည်။
ဗီလာသည် တိတ်ဆိတ်စွာ ရှိနေပြီး ဖျော့တော့သည့် အလင်းရောင်တို့ဖြင့် ပြည့်နှက်နေခဲ့ကာ ပတ်ဝန်းကျင်သည် အဖြူရောင်စောင်ဖြင့် ဖုံးလွှမ်းနေသည့်အလားပင်။ တစ်ခါတစ်ရံ နှင်းမှုန်များ ကျဆင်းလာသည့် မြင်ကွင်းသည် ဒဏ္ဍာရီဆန်ဆန် ပုံပြင်တစ်ခုမှ ထွက်လာသကဲ့သို့ ဖြစ်စေသည်။
ရဲ့လော့ယီနှင့် ဆုလင်းလင်းတို့သည်လည်း ဗီလာသို့ ပြန်ရောက်နေကြသော်လည်း အိပ်လို့မရခဲ့ကြချေ။
ပေယွဲ့ပိုင် ချောက်ထဲခုန်ဆင်းခဲ့သည်မှာ ဆယ့်နှစ်နာရီပင် မပြည့်သေးဘဲ တရုတ်အင်တာနက်သည် ဆွေးနွေးမှုများဖြင့် ဆူညံနေပြီဖြစ်သည်။
ရဲ့လော့ယီနှင့်ပတ်သက်သော ထင်မြင်ယူဆချက်များသည် ပြတ်သားစွာ ကွဲပြားနေခဲ့သည်။ တစ်ဖက်တွင် ရဲ့လော့ယီသည် ပေယွဲ့ပိုင်နှင့် ကျုံချင်းယွီတို့ ချစ်သူဖြစ်နေကြသည်ကို သိလျက်နှင့် ပေယွဲ့ပိုင်ကို ဖြားယောင်းဆွဲဆောင်ခဲ့သည်ဟု ပြောကြကာ အမျိုးသားတစ်ယောက်ကို အသုံးချ၍ အခြားအမျိုးသားတစ်ယောက်ကို ကြိုးကိုင်ခြယ်လှယ်ရန်နှင့် ကရုဏာ မထိုက်တန်ကြောင်း စွပ်စွဲနေကြလေသည်။
အခြားတစ်ဖက်တွက်မူ ရဲ့လော့ယီ၏ ပရိသတ်များ ဖြစ်ကြပြီး သူမသည် ဤအရှုပ်အထွေးတွင် နစ်နာသူဖြစ်ခဲ့သည်။ သူမ၏ ဂုဏ်သိက္ခာသည် ပေယွဲ့ပိုင်ပိုင်ကြောင့် ပျက်စီးခဲ့ပြီး သူနှင့် အဆက်အသွယ်ဖြတ်တောက်ခြင်းကြောင့်သာ ပြန်လည်ကောင်းမွန်လာနိုင်သည်ဟု အခိုင်အမာ ပြောဆိုနေကြသည်။
ပရိသတ်ကလပ်များသည် ရဲ့လော့ယီ၏ ထျန်းဟွေ့နှင့် စာချုပ်ကို ဖျက်သိမ်းရန် တောင်းဆိုသည့် မရေတွက်နိုင်သော အသနားခံစာများကို ရေးသားနေကြသည်။
“ယီယီ ငါ့အဖေက ဖျော်ဖြေရေးကုမ္ပဏီ အမှုဆောင်အရာရှိအချို့ကို သိတယ်၊ နင် ထျန်းဟွေ့ကနေ ထွက်ဖို့ ဆန္ဒရှိတယ်ဆိုရင် သူတို့ နင့်ကို လက်မှတ်ထိုးပေးလိမ့်မယ်”
ဆုလင်းလင်းသည် ရဲ့လော့ယီအား ထျန်းဟွေ့မှ ထွက်ရန် ဆွဲဆောင်၍ ကြိုးစားနေဆဲဖြစ်သည်။
“နင် သူတို့ကို ဆက်သွယ်ခဲ့တာလား”
ရဲ့လော့ယီတစ်ယောက် အံ့အားသင့်သွားသည်။
ဆုလင်းလင်းသည် စိတ်အားထက်သန်စွာ ခေါင်းငြိမ့်လိုက်သည်။
“နင့်ရဲ့ လူကြိုက်များမှုက အရင်လို မဟုတ်တော့ပေမယ့် နင့်မှာ သစ္စာရှိတဲ့ပရိသတ်တွေတော့ ရှိသေးပါတယ်၊ ကုမ္ပဏီအသစ်တစ်ခုက ဒဏ်ကြေးရဲ့ တစ်စိတ်တစ်ပိုင်းကို ကာမိနိုင်တယ်၊ ပြီးတော့ နင့်မှာ အဲဒီဗီလာ ရှိသေးတယ် မဟုတ်လား အဲဒါကို ရောင်းလိုက်ရင် လုံလောက်မှာပါ”
“ယီယီ ထျန်းဟွေ့ကနေ ထွက်လိုက်ပါတော့”
ရဲ့လော့ယီက တုံ့ဆိုင်းနေခဲ့သည်။
“ငါ ကုမ္ပဏီပြောင်းလိုက်ရင်… ခေါင်းဆောင်နေရာတွေ ဆက်ပြီး ရနိုင်ပါ့မလား”
X နိုင်ငံကို မလာခင်က ပေယွဲ့ပိုင်သည် ထျန်းဟွေ့တွင် ယွမ်သုံးသန်း အဆုံးမရုပ်ရှင်တွင် ရင်းနှီးမြှုပ်နှံပြီး “ရှန်ရှားရှာဖွေခြင်း” အမည်ရှိ စိတ်ကူးယဉ်ဒရာမာတွင် ရဲ့လော့ယီအတွက် အမျိုးသမီးခေါင်းဆောင်နေရာကို ရယူပေးခဲ့သည်။ ယင်းသည် ထိပ်တန်းထုတ်လုပ်ရေးအဖွဲ့၏ အဓိက ဇာတ်လမ်းမူပိုင်ခွင့်တစ်ခု ဖြစ်သည်။ ထိုဒရာမာကို ထုတ်လွှင့်လိုက်သည်နှင့် အောင်မြင်ရန် အာမခံထားပြီး ဖြစ်နိုင်သည်မှာ ဝင်ငွေအကောင်းဆုံးတစ်ခု ဖြစ်လာပေလိမ့်မည်။ ၎င်းသာ အောင်မြင်ခဲ့လျှင် ရဲ့လော့ယီသည် ထိပ်တန်းမင်းသမီးအဖြစ် သူမ၏ ရပ်တည်မှု ဂုဏ်ပုဒ်ကို ခိုင်မာစေလိမ့်မည်။
ဆုလင်းလင်းက တုံ့ဆိုင်းသွားသည်။ ရဲ့လော့ယီ၏ လက်ရှိဂုဏ်သိက္ခာနှင့် လူကြိုက်များမှုအရ ကုမ္ပဏီအသစ်တစ်ခုတွင် ခေါင်းဆောင်နေရာတစ်ခု ရရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။
“ယီယီ နင်က ငယ်သေးတယ်၊ ချက်ချင်း ခေါင်းဆောင်နေရာ မရနိုင်ရင်တောင် အချိန်အများကြီး မကြာပါဘူး”
ရဲ့လော့ယီသည် ခါးသီးစွာ ပြုံးလိုက်သည်။ သူမ သိထားသင့်သည်။ ထျန်းဟွေ့မရှိရင် အတူတူ အခွင့်အရေးများ ရရှိမည် မဟုတ်ချေ။
သူမသည် သက်ပြင်းချလိုက်သည်။
“လင်းလင်း ငါ ထျန်းဟွေ့မှာ ဆက်နေရင် အွန်လိုင်းက ဝေဖန်မှုတွေကိုပဲ ခံရလိမ့်မယ် ဒါပေမဲ့ ငါ ပရောဂျက်အသစ်တွေ ရှိနေသမျှ ပြန်ပြီးဝင်လာနိုင်တယ်၊ ငါ ထွက်သွားလိုက်ရင်တော့ နှစ်တွေအကြာကြီး ရုန်းကန်ရလိမ့်မယ်”
“ထျန်းဟွေ့ရဲ့ ရှယ်ယာတွေက ဒီနေ့ ထိုးကျသွားတယ်၊ အရင်လို မဟုတ်တော့ဘူး”
“ဒါပေမဲ့ ထျန်းဟွေ့နောက်မှာ ပေမိသားစု ရှိတယ်၊ ပေအဘိုးကြီးက ထျန်းဟွေ့ကို စွန့်ပစ်မှာ မဟုတ်ပါဘူး”
ရဲ့လော့ယီသည် လူကြီးပေက သူမကို မလိုလားသော်လည်း ပေယွဲ့ပိုင်သည် ပေမိသားစု၏ ဒုတိယအမွေဆက်ခံသူဖြစ်နေဆဲဖြစ်သည်။ အခြေအနေများမှာ ဤမျှ မဆိုးနိုင်ဘူးဆိုတာ သူမ သိထားသည်။
ဆုလင်းလင်းသည် ရှုံးနိမ့်စွာ သက်ပြင်းချလိုက်သည်။
“နင်က မထွက်ချင်သေးဘူးပဲ”
ရဲ့လော့ယီသည် သူမ၏ ခေါင်းကို နှိမ့်ချလိုက်သည်။
“ဒီအတိုင်း… စဉ်းစားဖို့ အချိန်ပိုပေးပါဦး”
နောက်တစ်နေ့၌ ရာသီဥတုသည် ကြည်လင်နေသည်။ နေရောင်ခြည်သည် လိုက်ကာများ၏ ကြားမှ ဖြာကျလာပြီး ကြမ်းပြင်ပေါ်တွင် တောက်ပသော ပုံသဏ္ဍာန်များကို ဖြစ်ပေါ်စေသည်။
ယန်ရှီသည် သူမ၏မျက်လုံးများကို ဖွင့်ပြီး ပျင်းရိစွာ အကြောဆန့်လိုက်သည်။
ညက မူးရူးအောင် သောက်ခဲ့သော်လည်း အရက်နာကျဆေးသည် အလုပ်ဖြစ်ခဲ့သည်။ ခေါင်းကိုက်ခြင်းမရှိ၊ နက်ရှိုင်းပြီး လန်းဆန်းသော အိပ်စက်ခြင်းသာ ရှိသည်။
သူမသည် အိပ်ရာဘေးစားပွဲပေါ်မှ ဖုန်းကို လှမ်းယူပြီး ဗီဒီယိုများကြည့်၍ ပျင်းရိစွာ နေရန် စီစဉ်နေသည်။
သို့သော် သူမ လှည့်လိုက်သောအခါ ကျုံချင်းယွီ၏ ကြီးမားပြီး တောက်ပသောမျက်လုံးများက တည့်တည့်စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ယန်ရှီသည် အော်ဟစ်လိုက်ပြီး ကုတင်ပေါ်မှ ပြုတ်ကျလုနီးပါးပင် ဖြစ်သွားသည်။
“ကျုံချင်းယွီ နင် ငါ့ကို သေအောင်လုပ်နေတာလား၊ ဘာလို့ ဒီလောက်အစောကြီးနိုးနေတာလဲ”
ကျုံချင်းယွီသည် သူမ၏ မေးစေ့ကို ကုတင်စွန်းပေါ်သို့ တင်လိုက်ပြီး ရယ်မောလိုက်သည်။
“နင် ညက ဘာဖြစ်ခဲ့လဲ မှတ်မိလား”
“ညကလား”
ယန်ရှီသည် သူမ၏ နားထင်များကို ပွတ်သပ်ပြီး ပြန်လည်အမှတ်ရရန် ကြိုးစားနေခဲ့သည်။
အရက်မူးနေသည့် အမှတ်ရမှုများသည် အမြဲလိုလို ပြတ်တောက်နေသော်လည်း အချို့ပြင်းထန်သော မြင်ကွင်းများသည် အလျင်အမြန် ပေါ်လာသည်။
ကျုံယန်စီက သူမကို ဖိထားခြင်း၊ ကျုံယန်စီက သူမ၏ မေးစေ့ကို ဖမ်းကိုင်၍ နမ်းပြီးနောက် နောက်ထပ် အနမ်းများကို တောင်းဆိုခြင်း။
ယန်ရှီ၏ ပါးပြင်များ ပူလောင်လာသည်။
“ညက ဘာမှမဖြစ်ခဲ့ဘူး၊ ငါ မူးနေခဲ့တာ ငါ ဘာမှမမှတ်မိဘူး”
“ရပါတယ်”
ကျုံချင်းယွီသည် တုံ့ဆိုင်းခြင်းမရှိဘဲ ပြောဆိုပြီး ယန်ရှီ၏ကုတင်ပေါ်တွင် အမြန် ထိုင်လိုက်သည်။
“မမှတ်မိလည်း ဘာမှမဖြစ်ဘူး ဒါပေမဲ့ နင့်ရဲ့အချစ်ဦးက ဘယ်သူလဲ၊ နင် တခြားဘယ်သူ့ကိုမှ မပြောရင်တောင် ငါ့ကိုတောင် မပြောပြဘူးလား ဒါကတော့ တော်တော်များသွားပြီ”
ကင်မရာများ ပိတ်ထားသောကြောင့် ကျုံချင်းယွီသည် ယန်ရှီ ငြင်းဆန်ရန် အကြောင်းပြချက်မရှိဟု ထင်မြင်ခဲ့သည်။ မည်သို့ပင်ဆိုစေ ကျုံချင်းယွီသည် သူမ၏ ကောလိပ်မှ ဆက်ဆံရေးများနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကိုပင် မျှဝေခဲ့ပြီးဖြစ်သည်။ ဥပမာ သူမသည် သူမ၏ ချစ်သူများကို ပထမဆုံးနမ်းခဲ့သည့်အခါကဲ့သို့ ထို့ကြောင့် အချစ်ဦးကဲ့သို့ ရိုးရှင်းသောအရာကို ဘာလို့ လျှို့ဝှက်ထားရသနည်း။
“ပြောစမ်းပါ ဘယ်သူလဲ”
ကျုံချင်းယွီသည် စပ်စုသောမျက်လုံးများဖြင့် ဖိအားပေးသည်။
“ငါ့ကို ပြောပြပြီးတော့ ငါ နင်တို့ကို အတူဖြစ်အောင် ကူညီပေးမယ်”
ယန်ရှီက တုံ့ဆိုင်းနေခဲ့သည်။
“နင် တကယ်ကူညီမှာလား”
“ဒါပေါ့ နင် သူ့နာမည်ကိုတောင် ပြောရမှာ ကြောက်နေရင် နင် သူ့အပေါ် ခံစားချက်တွေ ရှိနေသေးတယ်ဆိုတာ သေချာတယ်၊ စိတ်မပူပါနဲ့ ငါ့မှာ ချိန်းတွေ့တဲ့အတွေ့အကြုံတွေ အများကြီးရှိတယ် ငါ မကိုင်တွယ်နိုင်တဲ့ ယောင်္ကျားမရှိဘူး၊ သူ့နာမည်ကို ပြောလိုက် ပြီးရင် ငါ နင့်ကို သူသဘောကျအောင် ကူညီပေးမယ်”
ကျုံချင်းယွီသည် မည်သည့်အခါကမျှ မကိုင်တွယ်နိုင်ခဲ့သည့် တစ်ဦးတည်းသောလူမှာ ပေယွဲ့ပိုင်ဖြစ်သည်။
သို့သော် သူမ၏ မျက်လုံးများထဲ၌ ပေယွဲ့ပိုင်ကို ယောင်္ကျားတစ်ယောက်ဟုပင် မသတ်မှတ်ထားပေ။
ကောင်လေးတွေကို လိုက်ရတာ လွယ်လွယ်လေး။ ယန်ရှီ နာမည်ပြောလိုက်တာနဲ့ အချိန်တိုလေးအတွင်းမှာပဲ သူတို့နှစ်ယောက်ကို တစ်ယောက်နဲ့တစ်ယောက် သိအောင် လုပ်ပေးလိုက်မယ်။
ယန်ရှီ မျက်တောင်ခတ်လိုက်ပြီး “ငါပြောပြရင် နင်တကယ် ကူညီပေးမယ်လို့ မထင်ဘူး” ဟု ပြောလိုက်သည်။
ကျုံချင်းယွီက မျက်မှောင်ကြုတ်လိုက်ပြီး
“အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ နင်ပြောတော့ သူက တစ်ကိုယ်တည်း၊ ရုပ်ချောပြီး အလုပ်ကောင်းတယ်တဲ့ ပြီးတော့ နင်လည်း သူ့ကိုကြိုက်တယ်၊ ဒီလိုမျိုး ကောင်းတဲ့ အလားအလာမျိုးနဲ့ကို ဘာလို့ ငါက ကန့်ကွက်ရမှာလဲ” ဟုမေးလိုက်သည်။
ယန်ရှီသည် နှစ်စက္ကန့်မျှ ချီတုံချတုံဖြစ်နေခဲ့သည်။
ကျုံချင်းယွီက “ပြောသာပြောလိုက်ပါ” ဟု တိုက်တွန်းသည်။
ယန်ရှီသည် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ကာ “ကျုံယန်စီ” ဟု ပြောလိုက်သည်။
ကျုံချင်းယွီတစ်ယောက် တောင့်တင်းသွားပြီး ဦးနှောက်က ဆားကစ်ပြတ်သွားသကဲ့သို့ လစ်ဟာနေသည့် မျက်လုံးများဖြင့် ယန်ရှီအား ကြည့်လိုက်သည်။
ယန်ရှီက ကျုံချင်းယွီ၏ မျက်နှာရှေ့၌ လက်ဝှေ့ယမ်းလိုက်ပြီး “ဟေး သတိရှိသေးလား၊ ငါ့ကြောင့် နင် ရူးသွားတာလား” ဟု မေးသည်။
ကျုံချင်းယွီက ယန်ရှီ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး အံကြိတ်ကာ “ဒါဆို နင်ကြိုက်တဲ့သူက ကျုံယန်စီလား” ဟု မေးလိုက်သည်။
“ကြိုက်တာမဟုတ်ဘူး တစ်ချိန်က သူ့အပေါ် ခံစားချက်ရှိခဲ့ဖူးတဲ့သူပါ” လို့ ယန်ရှီက ပြင်ပြောသည်။
“အဲဒါကြောင့်ပဲ မနေ့ညက နင်နဲ့ ဆုလင်းလင်းတို့ ဆက်တိုက်မေးနေတုန်းက ငါ မပြောရဲခဲ့တာ” ဟု ပြောသည်။
ကျုံယန်စီ အနားတွင် ရှိနေသည်ကို သူ့နာမည်အား လူအများရှေ့မှာ ပြောရမည်က ရှက်စရာကောင်းသည်။
ယန်ရှီမှာလည်း ကိုယ်ပိုင်မာနဆိုတာ ရှိတာပဲလေ။
ကျုံချင်းယွီက အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ဆယ်ကျော်သက်ဘဝရဲ့ ကြိုက်နှစ်သက်မှုအပြင် လွန်ခဲ့သည့်ရက်အနည်းငယ်က နှင်းလျှောစီးအပန်းဖြေစခန်းမှာ သူ့အသက်ကို ကယ်ခဲ့တာ။ အိုး ယန်ရှီက တကယ်ပဲ စွဲလမ်းနေပြီ အခု အဲဒီ အကြံသမား အဘိုးကြီး ကျုံယန်စီက သူ့နည်းအတိုင်း ယန်ရှီကို ရတော့မယ်။
“ဒါဆို… ကျုံယန်စီပေါ် နင့်ရဲ့ခံစားချက်တွေက အခု ဘယ်လိုလဲ” ဟု ကျုံချင်းယွီ မေးလိုက်သည်။
ယန်ရှီက ကျုံချင်းယွီကို သတိဖြင့် ခိုးကြည့်သည်။ သူတို့နှစ်ဦးသည် စစ်အေးတိုက်ပွဲကို ယခုလေးတင်မှ အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။ သူမ ယခင်က ထုတ်မပြောရဲခဲ့သော်လည်း ဆက်၍ လျှို့ဝှက်ထားခြင်းက မမှန်ကန်သေးဟု ခံစားနေရသည်။
“အင်း… အဲဒါက… အင်း…”
“နင်တို့နှစ်ယောက် ဘယ်တုန်းက စတွဲခဲ့တာလဲ”
ကျုံချင်းယွီက ရုတ်တရက် ဖြတ်မေးလိုက်သည်။
ယန်ရှီတစ်ယောက် တုန်လှုပ်သွားပြီး
“နင် ဘယ်လိုသိတာလဲ” ဟုမေးလိုက်သည်။
ကျုံချင်းယွီက မျက်လုံးလှိမ့်လိုက်ပြီး
“ငါ့ကို အရူးလို့ထင်နေတာလား” ဟု ပြောသည်။
သူမသည် ယန်ရှီ၏ နှုတ်ခမ်းများကို ညှစ်လိုက်ပြီး
“အရင်တစ်ခါ ငါ နင့်ကို နှုတ်ခမ်းနီဆိုးပေးတုန်းက နှုတ်ခမ်းပေါ်မှာ ဘာမှမကျန်ခဲ့ဘူး၊ ပြီးတော့ မနေ့ညက နင့်နှုတ်ခမ်းတွေ မတရားနီနေတာကို ငါ့ကို သုံးနှစ်သားကလေးလို့ ထင်နေတာလား” ဟုဆိုလိုက်သည်။
ယန်ရှီသည် ရှက်ရွံ့စွာဖြင့် နှုတ်ခမ်းများကို စေ့ထားလိုက်သည်။
ကျုံချင်းယွီက သက်ပြင်းချလိုက်သည်။ သူမ၏ အချစ်ဆုံးသူငယ်ချင်းက အချစ်ရူးတစ်ယောက်ဖြစ်နေသည်။
ကျုံချင်းယွီက တည်ငြိမ်စွာဖြင့်
“အမှန်အတိုင်းပြောရရင် ကျုံယန်စီက ကောင်းတဲ့ရွေးချယ်မှုဆိုတာကို ငါဝန်ခံတယ်၊ ဒါပေမဲ့ မုန့်မိသားစုက အိပ်မက်ဆိုးတစ်ခုပဲ နောက်ပိုင်း နင့်ကို သူတို့ အနိုင်ကျင့်မှာကို ငါစိုးရိမ်တယ်” ဟု ပြောလိုက်သည်။
ယန်ရှီက ချီတုံချတုံဖြစ်နေပြီး “နင် မကန့်ကွက်ဘူးပေါ့နော်” ဟု မေးသည်။
“နင်က သူ့ကိုကြိုက်နေတာပဲလေ”
ကျုံချင်းယွီက ပခုံးတွန့်လိုက်ပြီး “ငါက ဘာလုပ်လို့ရမှာလဲ” ဟု ပြောလေသည်။
တစ်ယောက်ကို ကြိုက်တာတောင် အတော်လေးဆိုးနေပြီ၊ ဒါပေမဲ့ ယန်ရှီရဲ့ ပထမဆုံးအချစ်ဦးကလည်း ကျုံယန်စီ ဖြစ်နေခဲ့တယ်။
ကျုံချင်းယွီ မေးရန်မလိုပဲ ခန့်မှန်းနိုင်သည်။ အထက်တန်းကျောင်း၌ လင်းရန်ရန်တစ်ယောက် လင်းမိသားစုထံ ပြန်လာပြီး ယန်ရှီသည် သူတို့နှင့် အဆက်အသွယ်ဖြတ်စဉ်က ကျုံယန်စီက သူမကို ကိစ္စများ ဖြေရှင်းရာတွင် ကူညီပေးခဲ့သည်။ ထိုအချိန်က သူမ သူ့ကို ကြိုက်ခဲ့သည်မှာ သေချာသည်။
ကျုံချင်းယွီနှင့် ကျုံယန်စီ
ကြားတွင် ရန်ငြိုးသာမရှိခဲ့လျှင်၊ ထို့အပြင် ယန်ရှီက သူမ၏ အချစ်ဆုံးသူငယ်ချင်းသာ မဟုတ်ခဲ့လျှင် ယန်ရှီသည် ကျုံယန်စီကို လွန်ခဲ့တဲ့နှစ်များစွာတည်းက ကြိုက်နေခဲ့မည်ဖြစ်သည်။
ယခု သူမ၏ အချစ်ဆုံးသူငယ်ချင်းက သူ့အပေါ် စွဲလမ်းနေပြီဆိုမှတော့ သူမ ဘာလုပ်ပေးနိုင်မည်နည်း။
မုန့်မိသားစုကို ကိုင်တွယ်ဖို့ နည်းလမ်းရှာရုံပဲ။
“အရင်က နင့်ကို လင်းမိသားစုရဲ့သမီးဆိုပြီး လင်းမားမားက အနိုင်ကျင့်တာကို မခုခံဘဲ အနိုင်ကျင့်ခံခဲ့တယ်၊ အခု နင် ဒီလောက် အချစ်ရူးနေတာကို ကျုံယန်စီအတွက် မုန့်မိသားစုက အနိုင်ကျင့်တာကို ခံနေမှာလား”
ကျုံချင်းယွီက စိတ်ရင်းဖြင့် ပြောလိုက်သည်။
“အဲဒါကြောင့် ကျုံယန်စီကို ရှင်းရှင်းလင်းလင်း အဖြေမပေးနဲ့၊ သူ့ကို မုန့်မိသားစုနဲ့ အရင်ဆုံး ရှင်းခိုင်းလိုက် နားလည်လား” ဟုပြောသည်။
ယန်ရှီက ရယ်မောလိုက်ပြီး မျက်လုံးများက တောက်ပနေခဲ့သည်။
“ငါ့ကို နင့်ရဲ့ အစ်ကိုရင်းနဲ့တောင် ကူညီပြီး ပူးပေါင်းကြံစည်ပေးနေတာလား” ဟုမေးသည်။
“ငါ သူ့အတွက် ပူးပေါင်းကြံစည်ပေးတာ မလုံလောက်လို့လား”
အရေးမပါသကဲ့သို့ ပြောလိုက်သည်။
“ကျုံယန်စီသာ မု့န်မိသားစုကို ကိုင်တွယ်နိုင်ရင် နင်တို့နှစ်ယောက်က လိုက်ဖက်ပါတယ်၊ သူက အများကြီး ရှာနိုင်တယ် ပြီးတော့ သူ့ပိုင်ဆိုင်မှုတွေကလည်း ဟာသတော့မဟုတ်ဘူး” ဟုပြောလိုက်သည်။
“ဥပမာ၊ သူ လက်ထပ်ခွင့်တောင်းတဲ့အခါကျ မင်္ဂလာလက်ဖွဲ့အဖြစ် ဟုန်ရွှေ့ဈေးဝယ်စင်တာကို တောင်းလိုက်၊ လက်ရှိတော့ ကုန်သည်လုပ်ငန်းတွေ ကျဆင်းနေပေမဲ့ ဟုန်ရွှေ့ဈေးဝယ်စင်တာက ဇိမ်ခံအမှတ်တံဆိပ်တွေကို ရောင်းတယ် နှစ်တိုင်း ဘုတ်အဖွဲ့အစည်းအဝေးတွေမှာ အရောင်းတွေ အစီရင်ခံတဲ့အချိန်ဆို ငါအရမ်းမနာလိုဖြစ်ရတာ”
“မင်္ဂလာပွဲမတိုင်ခင် ကျုံပါးပါးနဲ့ မုန့်တို့က နင့်ကို လက်မထပ်ခင် ပစ္စည်းခွဲဝေတဲ့ သဘောတူစာချုပ်ကို လက်မှတ်ထိုးဖို့ ဖိအားပေးလာနိုင်တယ်၊ မထိုးလိုက်နဲ့ သူတို့ ဒါကို စပြီးပြောလာရင် ကျုံယန်စီနဲ့ တစ်ပွဲလောက်နွှဲပစ်လိုက်၊ သူဌေးမိသားစုတွေမှာ လှည့်ကွက်တွေအများကြီး ရှိတယ် အခု နင်ငြင်းလိုက်ရင် နောက်ပိုင်းမှာ ကွာရှင်းခဲ့ရင်တောင် ဘီလီယံနဲ့ချီပြီး ရနိုင်သေးတယ်”
“ဪ ပြီးတော့ နင့်ရဲ့အချစ်ဦးအကြောင်း ကျုံယန်စီကို မပြောပြနဲ့ နင်က သူ့ကို မစွဲလမ်းနေဘူးဆိုတာ သူ သိအောင် လုပ်ရမယ်၊ နင် အလုပ်ထွက်ချင်တယ်လို့ ခံစားလာရရင် ‘Star Glory V’ အကောင့်ကို ဆက်သုံးထားလိုက်၊ ရှန့်ရှင်းဟယ်ရဲ့ ရုပ်ရှင်ရိုက်ကွင်းတွေကို သွားကြည့်တာ၊ စီယဲ့ လေ့ကျင့်ရေးဆင်းနေတာကို သွားကြည့်တာ၊ ဒါမှမဟုတ် ချောင်ရန် မျက်နှာသစ်လေးတွေကို ရှာတဲ့အချိန် သူနဲ့လိုက်သွား၊ ကျုံယန်စီကို ပြိုင်ဆိုင်မှု ရှိတယ်ဆိုတာ ခံစားရအောင်လုပ် အဲဒါမှပဲ သူက နင့်ကို ဆက်ချစ်နေလိမ့်မယ်”
ကျုံချင်းယွီက တတွတ်တွတ်ပြောရင်း ယောကျ်ားများကို စိတ်ဝင်စားအောင် လုပ်သည့် လူကုံထံလောက၏ နည်းလမ်းပေါင်းစုံကို ဖွင့်ဟနေခဲ့သည်။
သူမသည် ကျုံယန်စီမှာ ကျုံချင်းယွီ၏ အစ်ကိုအရင်း ဖြစ်ကြောင်းကို လုံးလုံးသတိမမူမိသကဲ့သို့ ယန်ရှီနှင့် ပေါင်းကာ သူတို့၏ မိသားစုကုမ္ပဏီကိုပါ ပုန်ကန်နေသည်ကိုလည်း သတိမထားမိပေ။
ယန်ရှီသည် နားထောင်ရင်းဖြင့် သူမ၏ မျက်လုံးများသည် ဝေဝါးလာခဲ့သည်။ ကျုံချင်းယွီ စကားမဆုံးမီ ယန်ရှီသည် သူမကို တင်းကျပ်စွာ ဖက်လိုက်သည်။
ကျုံချင်းယွီတစ်ယောက် အေးခဲသွားသည်။
“နင်က ငါ့အပေါ် နူးညံ့သွားတာလား ကျုံယန်စီကို မသနားနဲ့၊ ယောင်္ကျားတွေက အရှက်မရှိကြဘူး သူတို့ရဲ့ပိုက်ဆံ သွားတဲ့နေရာတိုင်း သူတို့ရဲ့အချစ်လည်း လိုက်သွားတယ်၊ သူက နင့်အတွက် ဒီလောက်အများကြီးတောင် မသုံးချင်ဘူးဆိုရင် အချစ်အကြောင်း ပြောစရာ ဘာရှိတော့မလဲ”
ယန်ရှီသည် မျက်ရည်များဖြင့် ရယ်မောလိုက်သည်။
“မဟုတ်ပါဘူး ငါက… နင့်ကို ဖက်ချင်လာလို့”