Chapter 90
Vol. 9 Ch. 90
ယန်ရှီသည် ည၌ ကောင်းကောင်းအိပ်ပျော်ခဲ့သည်။
သူမ နိုးလာသည့်အခါ၌ လေယာဉ်သည် Xနိုင်ငံ၏နယ်နိမိတ်ကို ကျော်သွားခဲ့ပြီး system သည် သူမ၏ စိတ်ထဲ၌ အသိပေးချက်တစ်ခု ပို့လာခဲ့သည်။
[ တင်! ရသစုံရှိုး(Xနိုင်ငံ)မှာ ထိန်းချုပ်ခံနေရတဲ့အဖွဲ့ဝင် ကျူံချင်းယွီရဲ့ကံကြမ္မာကို ပြောင်းလဲပေးနိုင်ခဲ့တယ် ၊ ကျုံချင်းယွီရဲ့ ကံကောင်းခြင်းအမှတ် 5မှတ်တိုးလာပါတယ် လက်ရှိကံကောင်းခြင်းအမှတ်:90 ]
ထိုအသိပေးချက်ကြောင့် ယန်ရှီမှာ လန်းဆန်းသွားသည်။
ဟိုင်မြို့သို့ ရောက်ရှိရန် နှစ်နာရီကျန်သေးလေသည်။ လေယာဉ်ပေါ်တွင် မီချယ်လင်းကြယ်သုံးပွင့်ဆိုင်ရှိ စားဖိုမှူးသည် ယန်ရှီအတွက် တရုတ်စတိုင် မနက်စာကို ပြင်ဆင်ပေးခဲ့သည်။
ယန်ရှီသည် မျက်နှာသစ်ပြီးနောက် သူမ၏အခန်းသို့ ပြန်သွားပြီး ကျုံချင်းယွီအား မနက်စာတူတူစားရန် နှိုးလိုက်သည်။
ကျုံချင်းယွီသည် ယခင်ညက 10နာရီနီးပါးအိပ်ခဲ့၍ အိပ်ချိန်သဘောတရားအရ အနားယူချိန်မှာ လုံလောက်ပြီဖြစ်၏။
သို့သော်လည်း ကျုံချင်းယွီသည် အိပ်ယာမှထရန် ငြင်းပယ်လိုက်ပြီး သူမ၏အသံမှာ အိပ်ချင်မူးတူးဖြစ်နေသည့်အပြင် ချိုသာနေခဲ့သည်။
“ ညက ကောင်းကောင်းအိပ်မပျော်ဘူးလား”
ယန်ရှီမှ နူးနူးညံ့ညံ့ဖြင့် မေးလာခဲ့သည်။
ကျုံချင်းယွီသည် မည်သည့်အဖြေမျှ ပြန်မဖြေပဲ သူမ၏ပေါင်နှင့် လည်ပင်းပေါ်မှ အမှတ်များကို ဖုံးကွယ်ရန်အတွက် စောင်ကို အသာအယာဆွဲယူလိုက်သည်။
အခန်းသည် မီးပိတ်ထားသည့်အပြင် မီးမှိန်မှိန်လေးသာဖွင့်ထားသောကြောင့် ယန်ရှီမှာ ထိုအသေးစိတ်အရာများကို သတိထားမိရန် ခဲယဉ်းလှသည်။
သူမသည် ကျုံချင်းယွီမှာ ယခင်နေ့က လှုပ်ရှားမှုများစွာလုပ်လိုက်ရခြင်းကြောင့် ပင်ပန်းနေသည်ဟု ယူဆကာ မနက်စာတစ်ယောက်တည်းစားရန် အခန်းထဲကထွက်သွားခဲ့သည်။
လေယာဉ်သည် ဟိုင်မြို့လေဆိပ် သို့ ဆင်းမည့်အချိန်ထိပင် ကျုံချင်းယွီသည် အိပ်ရာမှ ထမည့်အရိပ်အယောင်မရှိပေ။
ယန်ရှီမှာ စိုးရိမ်လာခဲ့သည်။
“နင် နေမကောင်းဖြစ်နေတာလား ဆေးရုံလိုက်ပို့ပေးရမလား”
ပေဟန်လီသည် တံခါးကိုမှီကာ ပြောလာခဲ့သည်။
“သခင်မလေးကို လေယာဉ်ပေါ်မှာ နည်းနည်းကြာအောင် အိပ်ခိုင်းလိုက်ပါဦး၊ ကျွန်တော်သူနဲ့အတူတူနေပေးလိုက်ပါ့မယ်”
ယန်ရှီသည် ဝံပုလွေတစ်ကောင်နှင့် ယုန်တစ်ကောင်အား လှောင်အိမ်ထဲသို့ အတူတူထည့်၍ သော့ခတ်ထားသည်နှင့် ဘာမှမကွာခြားတော့သည်ဟုတွေးနေချိန်၌ ကျုံချင်းယွီမှာ နိုးလာခဲ့သည်။
“ ငါအဆင်ပြေပါတယ်”
သူမသည် ပေဟန်လီအား စိုက်ကြည့်၍ ယန်ရှီကို ချိုချိုသာသာဖြင့် ပြောလာသည်။
ထို့နောက်
“ လာ .. ခွေးကောင် ဒီကိုလာပြီး ငါ့ကိုချီပေး၊ ငါလှုပ်ရှားဖို့တောင် မောနေပြီ”
ပေဟန်လီသည် ပြုံးလိုက်ပြီး သူ၏ မျက်လုံးထဲတွင် ရယ်ချင်စိတ်နှင့်အတူ တောက်ပနေ၏။
“ ကောင်းပါပြီဗျာ”
ဟိုင်မြို့တွင် နွေရာသီရောက်နေပြီဖြစ်၍ လူတိုင်းသည် ပေါ့ပါးသည့် အင်္ကျီများကိုသာ ဝတ်ကြသည်။ ပေဟန်လီသည် အနက်ရောက်ရှပ်အင်္ကျီကိုဝတ်ဆင်ထားပြီး လက်အနားကိုခေါက်ထား၍ လက်မောင်းကြွက်သားများသည် ထင်ထင်ရှားရှားပေါ်နေပြီးနောက် ကျုံချင်းယွီကို အလွယ်တကူပင်ကောက်ချီလိုက်သည်။
ယန်ရှီ: !!!
နေပါဦး၊ ဒီနေ့က သီးသန့်ခရီးစဉ်ပဲ၊ လေဆိပ်မှာ ပရိတ်သတ်တွေမရှိဘူးဆိုပေမဲ့လည်း ဒါက နည်းနည်း မသင့်တော်ဘူး မဟုတ်လား။
ကျုံချင်းယွီသည် ပေဟန်လီ၏ ရင်ခွင်ထဲတွင် အားအင်မရှိ၍ ပျော့ခွေနေခဲ့သည်။
တကယ်လို့ သူ့မှာ နောက်တစ်ကြိမ်အခွင့်အရေးရှိသေးတယ်ဆိုရင် ပေဟန်လီကို ဒီလောက်နောက်ကျတဲ့ထိ အိပ်ပျော်စေဖို့ ထပ်မလုပ်ခိုင်းတော့ဘူး။
သူမ၏နားရွက်များမှာ နီရဲနေခဲ့သည်။
“ ရှီအာ နင်ဒီနေ့ ကျောင်းမသွားရဘူးလား၊ ငါ ဒီခွေးကောင် ပေဟန်လီကို အိမ်ပြန်ပို့ခိုင်းလိုက်တော့မယ်”
ယန်ရှီသည် တုံ့ဆိုင်းသွားခဲ့သည်။
“ သေချာရဲ့လား”
ဘာပဲဖြစ်ဖြစ် ကားက အလုံပိတ်နေရာတစ်ခုပဲလေ။
ကျုံချင်းယွီသည် ဒေါသထွက်လာ၍ ပေဟန်လီအားထပ်၍ စိုက်ကြည့်လိုက်သည်။
“ စိတ်မပူပါနဲ့ သူဘာမှမလုပ်ရဲပါဘူး”
ယန်ရှီ: "…"
ပေဟန်လီက ဘာမှမလုပ်ရဲဘူးဆိုပေမဲ့လည်း အဲမြေခွေးကောင်က လူတွေကိုဘယ်လိုဆွဲဆောင်တက်လဲဆိုတာကို ယန်ရှီက သိနေတယ်လေ။
နောက်ဆုံး၌ ယန်ရှီသည် ပေဟန်လီမှ ကျုံချင်းယွီအား သူ၏Lamborghini ကားပေါ်သို့ ခေါ်သွားသည်ကို ကြည့်နေခဲ့ရသည်။
Lamborghini ကား အဝေးသို့ရောက်၍ မမြင်ရတော့သည့်အခါမှ ယန်ရှီသည် taxi ငှား၍ ကျောင်းသို့ သွားခဲ့သည်။
အချိန်များမှာ ကုန်ဆုံးသွားခဲ့သည်။ ယန်ရှီသည် ရသစုံရှိုးတွင် ပါဝင်ခဲ့သည်မှာ နှစ်လနီးပါး ရှိနေခဲ့ပြီးဖြစ်သည့်အပြင် ဟိုင် တက္ကသိုလ်သည်လည်း ယခုတွင် ပညာသင်နှစ်အသစ်အတွက် ပထမနှစ်ကျောင်းသားအသစ်များကို ကြိုဆိုနေခဲ့ကြသည်။
စက်တင်ဘာလအား ရောက်ရှိရန် ရက်အနည်းငယ်သာလိုတော့၍ ကျောင်းသားကျောင်းသူများစွာသည် ကျောင်းအပ်ရန်အတွက် ရောက်နှင့်နေကြပြီဖြစ်၏။
ရန်ရှိ၏ အကြံပေးသည် စာသင်နှစ်စတင်သည်ကို စဉ်းစားခဲ့ပြီး ကျောင်းသားများကို အုပ်စုဖွဲ့ကာ အစည်းအဝေးပြန်လုပ်ခဲ့သည်။
အုပ်စုဖွဲ့အစည်းအဝေးများသည် ကျောင်းသားတိုင်း၏ဘဝတွင် ဒုက္ခတစ်ခုသာဖြစ်သည်။
ယန်ရှီသည် ဘွဲ့လွန်တက်သည့်ပထမနှစ်အတွင်း ပထမနှစ် master ကျောင်းသားများမှ တတိယနှစ် Ph.D ကျောင်းသားများထိ ပါဝင်သော အပတ်စဉ်အစည်းအဝေးများကို သည်းခံ၍ တက်ရောက်ခဲ့ရပြီး ထိုအစည်းအဝေးတွင် သူတို့ဖတ်ခဲ့ရသည့် စာရွက်အရေအတွက်များ၊ သင်ယူခဲ့သည့် သုတေသနနည်းလမ်းများနှင့် သူတို့ရွေးချယ်ထားသော သုတေသနခေါင်းစဉ်များနှင့်ပတ်သတ်သည့်စာတမ်းများကို ပြန်လည်ပြုစု၍ တင်ပြကြရသည်။
အစည်းအဝေးမတိုင်ခင်တွင် အကြံပေးဆရာ/ဆရာမ မပါသည့် group chatများထဲတွင် စိတ်ညစ်နေသည့် message များနှင့် ပြည့်လျှံနေခဲ့သည်။
နွေရာသီကျောင်းပိတ်ရက်များ၌ ပါမောက္ခဟန်သည် သနားညှာတာစွာဖြင့် အစည်းအဝေးများကို ကျော်လိုက်သည်။သို့သော် ယခုတွင် စာသင်နှစ်စပြီဖြစ်၍ အားလပ်ရက်တွင် ဖြုန်းတီးခဲ့သည့်အချိန်များအတွက် တာဝန်ယူဖြေရှင်းရတော့မည်ဖြစ်၏။
ယန်ရှီနှင့် အကြံပေးဆရာမ ချင်းတူသည့် ကျောင်းကျောင်းသည် ယခုတွင် M နိုင်ငံ၌ရှိနေသော်လည်း ထိုအစည်းအဝေးကို ရှောင်လွှဲလို့မရပေ။
သူမသည် ယန်ရှီကို အထိတ်တလန့်နှင့် WeChat မှာ စာများပို့လာသည်။
“ငါဘယ်လိုလုပ်ရမလဲ ငါဘယ်လိုလုပ်ရမလဲ၊ M နိုင်ငံမှာ အပျော်လွန်တာ အရမ်းများသွားပြီး စာတမ်းတွေမဖတ်လိုက်ရဘူး”
“အားး နွေရာသီကျောင်းပိတ်ရက်ဆိုတာ အနားယူဖို့မဟုတ်ဘူးလား၊ ဘာလို့ စာတမ်းတွေပြန်ဖတ်ပြီး အဆိုပြုချက်တွေဆွေးနေဖို့လိုအပ်နေတာလဲ၊ ဘွဲ့လွန်ကျောင်းက အဆိုးဆုံးပဲ ငါ့ဆံပင်တွေတောင်ကျွတ်ကုန်ပြီ”
“ငါတို့ကို စာသင်နှစ်တရားဝင်စဖွင့်တဲ့ထိ စောင့်ပေးလို့မရဘူးလား ငါတော့ သေပြီပဲ”
ကျောင်းကျောင်းသည် ရင်ဖွင့်ပြီးနောက် ယန်ရှီအား မနေနိုင်၍ မေးလာသည်၊
“ နင်လည်း ရသစုံရှိုးတွေနဲ့ အလုပ်ရှုပ်နေတာဆိုတော့ စာတမ်းတွေဖတ်ဖို့ အချိန်မရှိဘူး ဟုတ်တယ်မလား”
ထိုအဖြေသည် အစည်းအဝေးထဲ၌ ပေါ်လာခဲ့သည်။
ယန်ရှီသည် အလုပ်များခဲ့သောကြောင့် စာတမ်းအနည်းငယ်ကိုသာဖတ်ရှုခဲ့သည်မှာ အမှန်ပင်။
သို့သော်လည်း မုန့်စီးပွားရေးလုပ်ငန်းစုအား ဝယ်ယူရန်ပြင်ဆင်နေသည့်အချိန်၌ သူမသည် ကုမ္ပဏီများပေါင်းစည်းခြင်းနှင့် ဝယ်ယူခြင်းဆိုင်ရာစာတမ်းအများအပြားကိုဖတ်ရှူခဲ့သည်။
သူမသည် ယောင်ချီထံမှ လူသိထင်ရှားဖြစ်သည့်အချက်အလက်များကို တောင်းဆိုခဲ့ပြီး မုန့်စီးပွားရေးလုပ်ငန်းစုအားဝယ်ယူခြင်းကို နမူနာထား၍ စာတမ်းတစ်စောင်ရေးသားခဲ့သည်။
Video callနှင့် အတန်းတက်ရောက်နေသော ကျောင်းကျောင်း: “...”
အသက်လေးဆယ်အရွယ် ပါမောက္ခရာထူးရှိသည့် အမျိုးသမီးတစ်ဦးဖြစ်သော ပါမောက္ခဟန်သည် စာတမ်းကို အကြမ်းဖျင်းဖတ်ရှုလိုက်သည်။
ယန်ရှီသည် သုတေသနလမ်းကြောင်းနှင့်ပတ်သတ်သည့်အရာများကို ပါမောက္ခဟန်နှင့် ကြိုတင်ဆွေးနွေးခဲ့ပြီး ပါမောက္ခဟန်သည် အစပိုင်းကိုင်တွယ်ဖြေရှင်းမှုများမှ လိုအပ်ချက်များကို ထောက်ပြခဲ့သည်။ ယခုတွင် နောက်ဆုံးစာမူကြမ်းသည် အတော်လေးကောင်းမွန်နေပြီဖြစ်၍ အနည်းငယ်ပြုပြင်လိုက်ပါက ဂျာနယ်တစ်ခုအဖြစ် ထုတ်နိုင်မည်ဖြစ်၏။
ပါမောက္ခဟန်သည် တော်တော်လေးစိတ်ကျေနပ်သည့်ပုံ ပေါ်နေခဲ့သည်။
“ဒါကပြည့်စုံနေပြီ၊ မနက်ဖြန် ငွေကြေးနဲ့ဆိုင်တဲ့ဆွေးနွေးပွဲတစ်ခုရှိတယ် သမီး ဆရာမနဲ့အတူ လိုက်ခဲ့သင့်တယ် ပြီးတော့ သမီးနမူနာယူထားတဲ့ M ကုမ္ပဏီရဲ့ဝယ်ယူမှုအကြောင်းကိုလည်း မျှဝေလို့ရတယ်လေ”
ဟိုင်တက္ကသိုလ်မှ ဘွဲ့လွန်ကျောင်းသားများသည် ဒုတိယနှစ်၌ နိုင်ငံခြားတွင် သွားရောက်သင်ကြားခြင်း သို့မဟုတ် အလုပ်သင်အနေဖြင့် လုပ်ကိုင်ကြရသည်။ ယန်ရှီသည် ဒုတိယအချက်ကို ရွေးချယ်ခဲ့ပြီး ယခုတွင် အလုပ်သင်အဖြစ်သတ်မှတ်နိုင်သော ရှင်းယောင်၌ အလုပ်လုပ်နေခဲ့သည်။
ထိုအချိန်၌ ကျုံချင်းယွီသည် ကျုံမိသားစုစံအိမ်သို့ ပြန်ရောက်လာခဲ့သည်။ ပေဟန်လီသည် သူမ ပင်ပန်းနေသည့်ပုံကို မြင်သောကြောင့် Lamborghini ကားဖြင့် လိုက်ပို့သည့်လမ်းတစ်လျှောက်လုံးတွင် သူမအား အနှောက်အယှက်မပေးခဲ့ပေ။
ကျုံချင်းယွီသည် Queentown မှဝယ်လာသည့် လက်ဆောင်များကို အိမ်အကူများအား ခွဲဝေပေးခဲ့ပြီး ထိုအိမ်ပြန်လက်ဆောင်များမှာ သူမနှင့်ယန်ရှီ Glenorchy မြို့တွင် လည်ပတ်ရင်း ရွေးခဲ့ကြသည့်လက်ဆောင်များဖြစ်သည်။
သူမ၏ Crazy ဇာတ်လမ်းရိုက်ကူးရေးတွင် ဇာတ်ကွက်အချို့ရိုက်ကူးရန်လိုအပ်နေသော်လည်း ကျုံချင်းယွီသည် တစ်ရက် ဒါမှမဟုတ် နှစ်ရက်အတွင်း ပြီးအောင် ရိုက်ကူးမည်ဟု စီစဉ်ထားခဲ့သည်။
သူမ၏ အောင်မြင်ကျော်ကြားမှုနှင့် လူကြိုက်များမှုသည် တဖြည်းဖြည်းမြင့်တက်လာခြင်းကြောင့် အခွင့်အရေးများပိုမိုရရှိလာခဲ့သည်။ သို့သော် ထူးဆန်းစွာဖြင့်ပင် ကျုံချင်းယွီသည် သူမကိုယ်သူမ ယခင်ကလောက် စိတ်အားထက်သန်မှုများ မရှိတော့သည်ကို သိလိုက်ရသည်။
ယခင်အချိန်များတွင် သူမသည် စီမံကိန်းများအားလုံးကို
လက်ခံ၍လုပ်ဆောင်ရန်အတွက် တက်ကြွနေခဲ့ပြီး ထိုအရာသည် ပေယွဲ့ပိုင် မျက်လုံးထဲတွင် သူမသည် ရဲ့လော့ယီထက် ပိုသာသည်ဟု သက်သေပြချင်သည့်ဆန္ဒကြောင့်ပင် ဖြစ်မည်။
သို့သော် ယခုတွင် သူမသည် ဖျော်ဖြေရေးအနုပညာလောကကို စိတ်ဝင်စားခြင်းမရှိတော့ပေ။ သူမအား ပျော်ရွှင်စရာများယူဆောင်လာပေးသည့် တစ်ခုတည်းသောအရာမှာ ရှင်းယောင်၏အရေအသွေးမြင့်မားသော စီမံကိန်းများကိုရင်းနှီးမြှုပ်နှံခြင်းနှင့် အမြတ်များရရှိခြင်းပင် ဖြစ်သည်။ သူမ၏သရုပ်ဆောင်ခြင်းကြောင့် ရရှိသည့်အောင်မြင်မှုများတောင်ပင် သူမကို သိပ်၍ စိတ်မလှုပ်ရှားစေတော့ပေ။
သူမသည် Queenstown ၌ ရသစုံရှိုးရိုက်ကူနေစဉ် ချီဝိန်သည် ပွဲတစ်ခုမှ အသံသွင်းထားသည့်ဖိုင်တစ်ခုကို ပို့လာခဲ့သည်။ ကျုံချင်းယွီသည် ထိုအရာကို ထပ်ခါထပ်ခါနားထောင်နေခဲ့သည်။ ရွေးချယ်မှုတစ်ခု ပြုလုပ်ရန် အချိန်ရောက်ရှိလာပြီ ဖြစ်သည်။
…
သူမ၏အခန်းသို့ပြန်ရောက်သည့်အခါတွင် ကျုံချင်းယွီသည် သက်တောင့်သက်သာရှိသော ပိုးသားညဝတ်ဂါဝန်ကို ဝတ်ဆင်လိုက်ပြီး အိမ်တွင် အလှအပဆိုင်ရာ treatment များကို အချိန်စာရင်းဆွဲပေးရန် အန်တီကျန်းကို မေးလိုက်သည်။ ရုတ်တရက်ပင် ဘေးဧည့်သည်အခန်းမှ ဆူညံသံများကိုကြားလိုက်ရသည်။
ကျုံချင်းယွီ: “ ဧည့်သည်ရောက်နေတာလား”
အန်တီကျန်း: “ ဟုတ်ပါတယ် မစ္စချူပါ”
“သူက မနက်ကတည်းကရောက်နေပြီး သခင်မလေးကိုစောင့်နေတာပါ၊ သူနည်းနည်းပင်ပန်းသွားပြီး ဧည့်သည်အခန်းတစ်ခန်းမှာ မှိန်းနေတယ်ထင်တယ်”
ကျုံယန်စီသည် ကျုံစံအိမ်တွင်ချူယန်အား ညအိပ် လာနေသည်ကို မကြိုက်ပေ၊ အကယ်၍ သူမသည် ဤနေရာတွင် ရှိနေပါက သူသည် စံအိမ်ကိုပြန်မလာပဲ ရှောင်နေတက်သည်။ သို့သော် သူ မကြာခင်ရက်ပိုင်းလေးမှ ခရီးထွက်နေသောကြောင့် အိမ်အကူများသည် သူမ လာနေခြင်းကို မကန့်ကွက်ခဲ့ပေ။
ခြေသံများသည် နီးကပ်လာပြီးနောက် ချူယန်သည် တံခါးကို တွန်းဖွင့်လိုက်သည်။
“ အချစ်ကလေး ပြန်လာပြီလား”
အန်တီကျန်းသည် အလှပြင်ပေးသည့်သူကို ဆက်သွယ်ရန်အတွက် ထွက်သွားခဲ့သည်။
ချူယန်သည် ကျုံချင်းယွီ၏ဘေးနားတွင် ရင်းရင်းနှီးနှီးဖြင့် စိတ်ပူနေသည့်ပုံစံလုပ်ပြနေခဲ့သည်။
“ အချစ်ကလေး Queenstown မှာ နှင်းမုန်တိုင်းအကြောင်းကို ကြားလိုက်ရတယ် အဆင်ရောပြေရဲ့လား၊ ဒဏ်ရာတွေဘာတွေရောရခဲ့သေးလား”
ကျုံချင်းယွီ၏ ခန္ဓာကိုယ်သည် အနည်းငယ် တောင့်တင်းသွားပြီး ပုဝါတစ်ထည်ကို အမြန်ယူ၍ ခြုံလိုက်သည်။
“ အဆင်ပြေပါတယ် ကျွန်မ villaကို စောစောပြန်သွားတာလေ”
ချူယန်သည် သက်ပြင်းချလိုက်၏။
“ယန်စီက နှင်းမုန့်တိုင်းထဲမှာ လမ်းပျောက်သွားတယ်လို့ကြားတယ် သူအဆင်ပြေရဲ့လား”
“သူက ဘာဖြစ်နိုင်မှာမလို့လဲ”
ကျုံချင်းယွီသည် ကျုံယန်စီ၏ အခန်းထဲမှ ဆေးအနံ့ပြင်းပြင်းများကို တမင်တကာ လျစ်လျူရှုလိုက်သည်။
ထို့နောက် သူမသည် ဒါရိုက်တာယွီနှင့် ရင်ဆိုင်ခဲ့ပြီး ခရီးသွားအစီအစဉ်သည် အဘယ့်ကြောင့် ရုတ်တရက် ပါတနာများ လဲလိုက်သည့်အကြောင်းကို မေးခဲ့သည်။ ဒါရိုက်တာယွီသည် ပေဟန်လီမှ ထိုပြောင်းလဲခြင်းကို အကြံပေးခဲ့သော်လည်း ကျုံယန်စီသည် အတွဲများကို စီစဉ်ပေးခဲ့ပြီး နောက်ဆုံးတွင် သူမအား ယောင်ကျူနှင့်အဖွဲ့ဖွဲ့ပေးခဲ့ကြောင်းကို မျက်ရည်ဝဲကာပြောလာခဲ့သည်။
ကျုံချင်းယွီသည် ယောင်ကျူနှင့်အဖွဲ့ဖွဲ့ရသည်မှာ ကိစ္စမရှိပေ။ သူသည် အမွှေးပွပွနှင့် ခွေးလေးများကို ချစ်သော်လည်း လူများသည် နှင်းလျှောစီးနိုင်သော်လည်း ခွေးတစ်ကောင်မှာ မည်သို့ သင်နိုင်မည်နည်း။
ကျုံယန်စီက သူမကို ခက်ခဲအောင်လုပ်ဖို့ကြိုးစားခဲ့တယ်ဆိုတာ ရှင်းနေတာပဲ။
ထိုအကြောင်းကို သူမသည် ဒေါသဖြစ်နေဆဲပင်ဖြစ်သည်။
သူမ၏အတွေးများကို သတိမမူမိပဲ ချူယန်သည် ဆက်ပြောလာခဲ့သည်။
“ ရှိုးရဲ့ နောက်ကွယ်က ရိုက်ကွင်းဗီဒီယိုလေးတွေကို အန်တီကြည့်လိုက်သေးတယ်၊ ယန်စီက ယန်ရှီကို ကယ်ဖို့အတွက် နှင်းမုန်တိုင်းထဲကို ပြေးဝင်သွားတာ သူတို့ ဘယ်အချိန်က အဲလောက်ထိ ရင်းနှီးသွားကြတာလဲ”
ကျုံချင်းယွီသည် လှောင်ပြောင်သည့်ပုံစံဖြင့်ရယ်လိုက်သည်။
“သူတို့က အဲလောက် မရင်းနှီးပါဘူး၊ ကျုံယန်စီကသာ အသက်ကြီးပြီး အချိန်မစီးတဲ့ သူဖြစ်နေတာလေ”
သူမသည် Xနိုင်ငံခရီးစဉ် မသွားခင်၌ ယန်ရှီပြောသည့်စကားများကို ပြန်သတိရသွားခဲ့သည်။
7နှစ်အသက်ကွာခြားခြင်းနှင့် အနှစ်20 အသက်ကွာခြားခြင်းတို့ကို ရွေးချယ်ခိုင်းပါက စဉ်းစားတွေးတောတက်သည့်သူများသည် ပထမတစ်ခုကိုပင် ရွေးချယ်မည်ဖြစ်သည်။
ကျုံချင်းယွီသည် ယခင်က ထိုအကြောင်းကို တစ်ခါမျှ မစဉ်းစားခဲ့ဖူးပေ။ သူမ၏ အဒေါ်သည် သူမဘက်တွင် ရှိနေခဲ့ပြီး ကျုံယန်စီအပေါ်၌ မည်သည့်မကောင်းသည့်ခံစားချက်များ ရှိနိုင်မည်မဟုတ်ကြောင်း ခံယူထားလေသည်။
သို့သော် ချူယန်သည် အဘယ့်ကြောင့် သူ့အကြောင်းကို အရမ်းစိုးရိမ်ပူပန်နေရသနည်း။ ထို့အပြင် သူနှင့်ယန်ရှီ၏ဆက်ဆံရေးကို အဘယ့်ကြောင့် ဂရုစိုက်နေရသနည်း။
ကျုံချင်းယွီသည် ချူယန်အား စိုက်ကြည့်လိုက်သည်။
“ယန်ရှီက ကျွန်မအပိုင်ပဲ၊ ကျုံယန်စီက သူ့ကို ဒီအတိုင်းပဲ ကယ်ခဲ့တာ သူတို့နှစ်ယောက်ကြားမှာ ဘာဆက်ဆံရေးမှမရှိဘူး”
ချုယန်သည် ထင်ထင်ရှားရှားပင် စိတ်သက်သာရာရသွားသည့်ပုံဖြစ်သွားသည်။ သို့သော် ကျုံချင်းယွီ၏ အသံမှာ ပို၍ပြတ်သားလာသည်။
“ အန်တီ ကျွန်မ ကျုံယန်စီကို ဘယ်လောက်ရွံနေလဲဆိုတာကို မေ့သွားပြီလား၊ ဘာလို့ သူ့အကြောင်းတွေပဲလာမေးနေတာလဲ”
ချူယန်သည် တွန့်ဆုတ်သွားကာ ရယ်လိုက်လေသည်။
“သမီးတို့က မောင်နှမတွေပဲလေ၊ မောင်နှမတွေကြားမှာ ဘယ်လိုလုပ် အမုန်းတရားတွေ ထားနေကြမှာလဲ”
ကျုံချင်းယွီသည် သူမအား သံသယဖြစ်နေသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ယခင်က ချူယန်သည် ထိုအရာနှင့်ဆန့်ကျင့်ဘက် ပြောခဲ့သည်ကို သူမ သတိရသွားခဲ့သည်။
သူမ၏ မားမားသေဆုံးပြီးနောက် ချူယန်နှင့် ချူမိသားစုသည် သူမအား အကြိမ်ကြိမ် သတိပေးခဲ့သည်။ သူမနှင့်ကျုံယန်စီသည် မောင်နှမများဖြစ်သော်လည်း ပါးပါးတစ်ယောက်တည်းသာ ရှိခြင်းဖြစ်သည်။ တစ်ရက်ရက်တွင် သူတို့သည် ကျုံမိသားစု၏ အမွေကိစ္စနှင့်ပတ်သတ်၍ အချင်းများကြမည်ဖြစ်သည်။
မုန့်ယင်းရုန်သည် ကျုံချင်းယွီအား အမြဲ အထင်အမြင်သေးသည့်အပြင် အသေးအမွှားကိစ္စလေးများကို အရေးတယူလုပ်တက်သူနှင့် ယဉ်ကျေးသိမ်မွေ့မှု မရှိသည့်သူဟု လှောင်ပြောင်နေခဲ့သည်။ ကျုံယန်စီသည်လည်း သူမနှင့် ချူယန်တို့၏ ရင်းနှီးမှုကို သည်းမခံနိုင်တော့ပဲ ချူယန်နှင့် ချူမိသားစုကို ရှင်းရှင်းလင်းလင်း ဆန့်ကျင့်လာခဲ့သည်။
ထိုအခြေအနေများကြောင့် ကျုံချင်းယွီနှင့် ကျုံယန်စီတို့ဆက်ဆံရေးအဆင်မပြေကြသည်မှာ မထူးဆန်းတော့ပေ။
သို့သော်ယခုတွင် ကျုံချင်းယွီသေချာစဉ်းစားလိုက်သောအခါ၌ ကျုံယန်စီသည် ချူယန်အား အမြဲ အထင်အမြင် သေးနေခြင်းမဟုတ်ပေ။ တစ်ချို့အချိန်များတွင်သာ သူ၏ အမုန်းတရားများသည် ထင်ထင်ရှားရှားပေါ်လွင်လာခဲ့ခြင်းဖြစ်သည်။
ထူးဆန်းသည့်အရာမှာ ချူယန်၏သဘောထားမှာလည်း ပြောင်းလဲသွားခဲ့သည်။ ယခင်တစ်ခါ၌ ကျုံယန်စီနှင့် မုန့်မိသားစုအပေါ် မကျေမနပ်ဖြစ်ခဲ့သော်လည်း နောက်ပိုင်း၌ သူ့အပေါ်ဆန့်ကျင်သည့်လုပ်ရပ်များ ရပ်သွားခဲ့သည်။
ထိုအရာများသည် မည်သည့်အချိန်က စတင်ခဲ့သနည်း။
ဖြစ်နိုင်သည်မှာ ကျုံယန်စီ ကြီးပြင်းလာပြီး အရွယ်ရောက်လာသည့် အချိန်မှာ ဖြစ်လာသလား။
ကျုံချင်းယွီသည် အသက်ပြင်းပြင်းရှူလိုက်သည်။
“ကျုံယန်စီက X နိုင်ငံမှာ လုပ်စရာကိစ္စတွေကျန်နေသေးတယ်၊ သူမနက်ဖြန်လောက်တော့ ပြန်လာမှာပါ”
ချူယန်၏ မျက်လုံးထဲတွင် ပျော်ရွှင်သည့် အလင်းရောင်တန်းလေးတစ်ခု ဖြတ်သွားသော်လည်း သူမသည် အလျင်အမြန်ပင် ပြန်၍ ဖုံးလိုက်သည်။
“ ဟုတ်လား၊ အချစ်ကလေး Empress မြို့က အဖြစ်အပျက်တွေကြောင့် သမီးလေး အတော်တုန်လှုပ်သွားပုံပဲ၊ ဒီရက်ပိုင်းတွေမှာ အန်တီ ကျုံစံအိမ်မှာ သမီးလေးနဲ့အတူ လာနေပေးရမလား”
ချူယန်သည် ကျုံမိသားစုအိမ်တွင် မကြာခဏ ညအိပ်နေလေ့ရှိပြီး ထိုစံအိမ်တွင် သူမအတွက် ဧည့်သည်ခန်းတစ်ခန်း ရှိလေသည်။
ယခင်ကလိုပင်ဆိုလျှင် ကျုံချင်းယွီသည် တုံ့ဆိုင်းချင်းမရှိပဲ သဘောတူလိမ့်မည်ဖြစ်သည်။ စံအိမ်သည် အလွန်ကျယ်ဝန်းသောကြောင့် လူတစ်ယောက်တိုးလာသည်မှာ မထူးခြားပေ။
သို့သော် ယနေ့တွင် ကျုံချင်းယွီသည် အလွန်ပင် ဒေါသထွက်နေခဲ့သည်။
“ ဒါက မသင့်တော်လောက်ဘူး” ဟု သူမသည် ငြင်းလိုက်၏။
ချူယန်သည် မှင်သက်သွားခဲ့သည်။
ကျုံချင်းယွီမှာ ဆက်ပြောလာခဲ့သည်
“အိမ်အကူတွေက ပါးပါးနဲ့အန်တီအကြောင်းကို အတင်းတွေပြောနေကြတယ်၊ တကယ်လို့အန်တီ ဒီမှာနေရင် ပြောစရာပိုဖြစ်လာလိမ့်မယ်”
ချူယန်သည် အလျင်အမြန်ပင် ကန့်ကွက်ခဲ့သည်။
“အချစ်ကလေး အန်တီက အန်တီ့ခဲအိုပေါ်မှာ ဘာခံစားချက်မှမရှိဘူးဆိုတာ သမီးလည်းသိပါတယ်”
“ ကျွန်မသိပါတယ်”
ကျုံချင်းယွီမှ ဖြတ်ပြောလိုက်သည်။
“ဒါပေမဲ့ ကောလဟာလတွေက တောမီးတွေလိုပဲ ပျံ့တာမြန်တယ်လေ၊ ပါးပါးက ကျွန်မကို အခု အကောင်းမြင်လာပြီ ပြီးတော့ M လုပ်ငန်းစုကို စီမံခန့်ခွဲဖို့ ကျွန်မကိုတောင် လက်လွှဲပေးထားတာ၊ အဲတာကြောင့် ကျွန်မကို အခက်အခဲဖြစ်အောင်မလုပ်ပါနဲ့ ဟုတ်ပြီလား”
ချူယန်သည် စိတ်ထဲတွင် အလွန်ဒေါသထွက်နေသော်လည်း ကျုံချင်းယွီသည် သူ့အား နေခွင့် မပြုသောကြောင့် ဘာမှလုပ်လို့မရတော့ပေ။
ကျုံချင်းယွီသည် ဧည့်သည်ကိုလိုက်ပို့ရန်အတွက် အန်တီကျန်းကို ပြောလိုက်သည်။ ချူယန် သည်အခန်းထဲမှမထွက်သွားခင်၌ သူမသည် ပြန်လှည့်၍ စကားတစ်ခွန်းပြောလာလေသည်။
“အချစ်ကလေး တကယ်လို့ ကြောက်တယ်ခံစားရရင် အန်တီကို အချိန်မရွေးခေါ်လိုက်နော်၊ အန်တီလာပြီးအဖော်လုပ်ပေးမယ်”
ကျုံစံအိမ်မှ ထွက်ခွာသွားပြီးနောက် ချူယန်သည် ချူမိသားစုအိမ်သို့ ပြန်သွားခဲ့သည်။
ယခုရက်ပိုင်းများတွင် သူမ၏ပါးပါးသည် သူမအား မနားတမ်း ဆူပူနေခဲ့သည်။ ချူမိသားစု၏စီးပွားရေးသည် အလယ်အလတ်ပင် ဖြစ်ပြီး ကျုံစီးပွားရေးလုပ်ငန်း၏ အောင်မြင်မှုများကို မှီခိုနေရခြင်းဖြစ်သည့်အပြင် ကျုံမိသားစု တိုးတက်ကြီးပွားလာသည့်အခါတွင်လည်း သူတို့သည် အကျိုးအမြတ်များရကာ အေးချမ်းနေခဲ့သည်။
သို့သော် ချူယန်သည် တစ်နှစ်လျှင် ယွမ်တစ်မီလီယမ်ရသည့် အရေးပါလှသော ရှင်းယောင်၏ CEOနေရာကို ဆုံးရှုံးခဲ့သည်။
သူမ၏ဖခင်သည် ထိုကိစ္စနှင့်ပတ်သတ်၍ စိတ်မဆိုးပဲ နေနိုင်မည်နည်း။
ပြီးတော့ ကျုံချင်းယွီကို 50 မီလီယမ်ရင်းနှီးမြုပ်နှံဖို့ မေးခဲ့တုန်းကလည်း အငြင်းခံခဲ့ရတယ်လေ။
ဧည့်ခန်းထဲတွင် ထိုင်နေသည့် သူမ၏ပါးပါးမှ မေးလာခဲ့သည်။
“ယန်စီနဲ့ တွေ့ခဲ့လား”
ချူယန်သည် သူမ၏ခေါင်းကို ငုံ့လိုက်သည်။
“သူ ဒီနိုင်ငံကို ပြန်မလာသေးဘူး”
“ ဒါဆို သူပြန်လာတာစောင့်ဖို့ ကျုံစံအိမ်မှာ နေသင့်တယ်မဟုတ်လား၊ သူက အပြင်မှာ တစ်သက်လုံးနေမှာမှ မဟုတ်တာ”
အချိန်ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ချူယန်သည် အမှန်တရားကို ဝန်ခံလာခဲ့သည်။
“အချစ်ကလေးက ကျွန်မကို နေခွင့်မပြုဘူး..”
သူမ၏ပါးပါးသည် မှင်သက်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
သူသည် လေးနက်စွာဖြင့် သက်ပြင်းချလိုက်၏။
“အဲကလေးလေးက အရွယ်ရောက်လာပြီ သူ့ကို ထိန်းချုပ်ဖို့ မလွယ်တော့ဘူး၊ သူ့ကိုပထမဆုံးအကြိမ် ရင်းနှီးမြုပ်နှံဖို့တောင်းဆိုတုန်းကလည်း ငြင်းခဲ့တယ် ပြီးတော့ အခုလည်း ကျုံစီးပွားရေးလုပ်ငန်းစုက မုန့်လုပ်ငန်းစုကို ဝယ်ယူတဲ့ကိစ္စတွေအကုန် သူတစ်ယောက်တည်း ကိုင်တွယ်လိုက်တာ၊ ဒီလောက် အခွင့်အရေးကြီးကို သူက မင်းကို ကြိုတောင် အသိမပေးခဲ့ဘူး”
Mလုပ်ငန်းစုသည် အရှုပ်တော်ပုံများဖြစ်ခဲ့ပြီး မုန့်ရွှမ်းယွီကို ဖမ်းဆီးလိုက်သည့်အခါ၌ မုန့်လုပ်ငန်းစု၏ ရှယ်ယာများမှာ ကျဆင်းသွားခဲ့သည်။ လူအများသည် ကုမ္ပဏီမှာ ပျက်ဆီးတော့မည်ဟု ယုံကြည်ခဲ့ကြသည်။
သို့သော် အမှန်တကယ်တွင် ကျုံစီးပွားရေးလုပ်ငန်းစုသည် မုန့်လုပ်ငန်းစုရှယ်ယာများကို တိတ်တိတ်ကလေး ဝယ်ယူခဲ့ပြီး ဖြစ်၏။
ကျုံစီးပွားရေးလုပ်ငန်းစုလိုမျိုး ကြီးမားသည့် လုပ်ငန်းစု၏ထောက်ပံ့မှုကြောင့် မုန့်လုပ်ငန်းစုသည် အမှန်တကယ်တွင် အန္တရာယ်မရှိခဲ့ပေ။ ကျုံချင်းယွီသည် ကုမ္ပဏီတွင် ဥက္ကဌအဖြစ် တာဝန်ယူပြီး ရက်သတ္တပတ်အကြာတွင် ရှယ်ယာဈေးနှုန်းများသည် မူလအတိုင်း ပြန်ဖြစ်သွားခဲ့သည်။
မုန့်လုပ်ငန်းစု အကျပ်အတည်းဖြစ်နေတဲ့အချိန်မှာ ရင်းနှီးမြုပ်နှံလိုက်တာက ရွှေလိုအခွင့်အရေးပဲ ပြီးတော့ ရန်ပုံငွေတွေက တစ်ပတ်အတွင်းမှာကို နှစ်ဆဖြစ်သွားတာလေ။
ကျုံချင်းယွီသည် ထိုကိစ္စနှင့်ပတ်သတ်၍ ချူယန်အား နည်းနည်းလေးမျှ အသိမပေးခဲ့ပေ။ ထိုအရာမှာ သူမသည် ချူမိသားစုနှင့် ကင်းကင်းရှင်းရှင်းနေသည်ပင် ဖြစ်သည်။
အဆိုးဆုံးပြသာနာမှာ ကျုံယန်စီနှင့်ပတ်သတ်၍လည်း မည်သည့်တိုးတက်မှုမှ မရှိခဲ့ပေ။ ကျုံယန်စီသည် သူမအပေါ်တွင် စိတ်ဝင်စားမှု လုံးဝမရှိသည်ကို ချူယန်ပါးပါးမှ ပြောခဲ့လေသည်။
“ငါ မင်းကို အရင်က မပြောဖူးဘူးလား ကျုံဟုန်ရှန် က အကောင်းဆုံး ရွေးချယ်မှုပဲလို့၊ မင်းက ယင်းယင်းနဲ့ အရမ်းတူတယ် ပြီးတော့ မင်းတို့က ညီမတွေပဲလေ ဘာပဲ ဖြစ်ဖြစ် သူက အသက်ကြီးပေမဲ့ မိသားစုအပေါ်မှာ ရက်ရောတယ်လေ၊ သူက သူ့ရဲ့အရင်မိန်းမကိုတောင် အရမ်းဂရုစိုက်တယ်”
“ ပါးပါး!” ဟု ချူယန်မှ ဖြတ်ပြောလာခဲ့သည်။
“ ကျွန်မ ခဲအိုကို လုံးဝ စိတ်မဝင်စားဘူး”
“ ဒါပေမဲ့ ကျုံယန်စီကလည်း မင်းကို လုံးဝ စိတ်မဝင်စားဘူးလေ”
ချူယန်သည် ခရီးသွားရှိုး၏ ထုတ်လွှင့်မှုမှ အခိုက်အတန့်တစ်ချို့ကို ပြန်သတိရသွားခဲ့သည်။ ကျုံယန်စီသည် ယန်ရှီအား ကယ်ရန်အတွက် နှင်းမုန်တိုင်းထဲသို့ ပြေးဝင်သွားခဲ့သည်။ သူမ၏ ရင်ဘတ်ထဲ၌ ဒေါသနှင့်အတူ မွန်းကြပ်လာခဲ့သည်။
“ အရာအာလုံးက ဘာမှ တိတိကျကျ မဖြစ်သေးဘူးလေ”
သူမသည် အသံမာမာဖြင့်ပြောလာခဲ့သည်။
“ဒါက မပြီးဆုံးသေးဘူးလေ၊ နောက်ဆုံးမှာ ယန်ရှီက ဘယ်သူ့ကိုရွေးချယ်မလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ”
သူမ၏ပါးပါးသည် သက်ပြင်းချလိုက်၏။
“ကိုယ့်ကိုကိုယ်ထိခိုက်မဲ့အရာတွေတော့ မလုပ်မိစေနဲ့”
နောက်တစ်ရက်တွင် ကျုံယန်စီသည် ဟိုင်မြို့သို့ ပြန်လာခဲ့သည်။
သူသည် X နိုင်ငံ၌ အလုပ်များပြီးသည့်နှင့်တစ်ပြိုက်နက် ကိုယ်ပိုင်လေယာဉ်ဖြင့် ပြန်လာခဲ့သည်။ ကျူံမိသားစု၏ ကိုယ်ပိုင်လေယာဉ်သည် နိုင်ငံတွင်း၌ ပြုပြင်ထိန်းသိမ်းထားသော်လည်း ထိုအချိန်၌ ပေမိသားစု၏ကိုယ်ပိုင်လေယာဉ်သည် X နိုင်ငံတွင် ရှိနေခဲ့သည်။
ပေဟန်လီသည် ညှာတာတက်သောသူဖြစ်၍ သူ၏ ကိုယ်ပိုင်လေယာဉ်ကို ကျုံယန်စီထံသို့ ရက်ရက်ရောရော ငှားလိုက်သည်။ သူသည် လူတစ်ယောက်အား မည်သို့မျက်နှာချိုသွေးရမည်ကို တိတိကျကျသိသူပင် ဖြစ်သည်။
ထိုလူသည် အကြံအစည်များသူ ဖြစ်၍ တစ်နေ့နေ့တွင် ကျုံချင်းယွီအား ဒုက္ခရောက်လာမည်ကို ကျုံယန်စီမှ စိုးရိမ်နေခဲ့သော်လည်း ပေဟန်လီ၏ လုပ်ရပ်များသည် အမြဲတိကျလွန်းသောကြောင့် သူသည် အဖြေရှာမရ ဖြစ်နေခဲ့သည်။
လေယာဉ်သည် ဟိုင်မြို့သို့ ဆင်းလာသည့်အချိန်၌ မနက် 7နာရီသာ ရှိနေသေးသည်။
Rolls-Royce ကားအတွင်း၌ လက်ထောက်ဆွန်းသည် မေးလာခဲ့သည်။
“မစ္စတာကျုံ ကျွန်တော်တို့ အခု ကုမ္ပဏီကိုသွားကြမလား၊ ဒီမနက်ပိုင်းမှာ ရင်းနှီးမြုပ်နှံမှု အစည်းအဝေးတစ်ခုရှိတယ် ပြီးတော့ ဒီနေ့နေ့လည်က ငွေကြေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုမှာ ဟောပြောဖို့ရှိပါသေးတယ်”
သူ မရှိသည့်အချိန်အတွင်း ကျုံယန်စီသည် ကျုံစီးပွားရေးလုပ်ငန်းစု၏ ကိစ္စတော်တော်များများကို အဝေးကပင် စီစဉ်ပေးခဲ့ပြီး digitalလက်မှတ်များဖြင့် စီမံကိန်းများကို အတည်ပြုခဲ့သည်။
အလုပ်ကိစ္စတော်တော်များများသည် အဆင်ပြေချောမွေ့သော်လည်း တစ်ချို့ကိစ္စများတွင် လူကိုယ်တိုင်ရှိနေရန်လိုအပ်သောကြောင့် နှောင့်နှေးခဲ့သည်။ ယခုတွင် သူပြန်ရောက်လာသည့်အချိန်၌ သူ၏အချိန်စာရင်းမှာ ပြည့်နေတော့သည်။
“ ကျုံစံအိမ်ကို အရင်သွားကြမယ်”
ကျုံယန်စီသည် ပြောလိုက်ပြီး သူ၏လက်ထဲတွင်ရှိသော အနက်ရောင်ကတ္တီပါဘူးလေး၏ ထိပ်နားလေးကို လက်ချောင်းများဖြင့် ပွတ်သတ်နေခဲ့သည်။
ထိုအရာအတွက်မဟုတ်လျှင် သူသည် X နိုင်ငံတွင် တစ်ရက်ပို၍ နေရန်မလိုအပ်ပေ။
လက်ထောက်ဆွန်းသည် အံ့ဩသွားခဲ့သော်လည်း မည်သည့်မေးခွန်းမှ မထုတ်ပဲ driver လျူကို လမ်းကြောင်းပြောင်းရန် ညွှန်ကြားလိုက်သည်။
…
ယခုအချိန်တွင် ယန်ရှီသည် ပုံမှန်အားဖြင့် မျက်နှာသစ်ကာ မနက်စာစားရန်အတွက် ထမင်းစားခန်းထဲသို့ လာလေ့ရှိသည်။
သို့သော် ကျုံယန်စီရောက်လာသောအခါ၌ ယန်ရှီသည် ထိုနေရာတွင် ရှိမနေပဲ မနက်စောစောထတာရှားသည့် ကျုံချင်းယွီကိုသာ မြင်လိုက်ရသည်။
ကျုံချင်းယွီသည် ပျင်းရိစွာဖြင့် အကြောဆန့်လိုက်သည်။ သူမသည် Crazy ဇာတ်လမ်းတွဲရိုက်ကူးရန်အတွက် ယနေ့တွင် ရိုက်ကွင်းသို့သွားရမည်ဖြစ်ပြီး ရိုက်ကူးရေးမှာ တစ်နေကုန်ကြာမည်ဖြစ်သည်။
သူမသည် ကျူံယန်စီအား မြင်လိုက်ရသည့်အခါ၌ ပုံမှန်အတိုင်းပင် မထီမဲ့မြင်ပြုသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
“ဒီနိုင်ငံကို ပြန်ရောက်လာပြီပေါ့၊ ဒါနဲ့နေပါဦး နင်က အခု ကုမ္ပဏီမှာရှိနေရမှာမဟုတ်ဘူးလား ဘာလို့အိမ်ကိုပြန်လာတာလဲ”
“ယန်ရှီရော ဘယ်မှာလဲ”
"ဟ!”
ကျုံချင်းယွီသည် လှောင်သလိုလိုဖြင့် ရယ်လိုက်သည်။ သူမသည် ထိုအကြောင်းကို သိခဲ့သင့်သည်။ ထိုအဘိုကြီးသည် အလုပ်ပျက်ခံ၍ အိမ်ကိုပြန်လာသည်မှာ သူမအတွက် ဖြစ်နိုင်စရာအကြောင်းမရှိသလို သူတို့၏ ပါးပါးကိုလည်း လာတွေ့တာမဟုတ်နိုင်ပေ။ ဤသို့ဆိုလျှင် ဘာများဖြစ်နိုင်ဦးမည်နည်း။ ထိုအရာမှာ ယန်ရှီနှင့်ပတ်သတ်သည့်အရာပင် ဖြစ်မည်။
လှည့်စားတက်ပြီး တွက်ချက်တက်တဲ့အပြင် အခွင့်အရေးကို အမိအရဖမ်းယူတဲ့ ဒီလိုလူမျိုးကို ယန်ရှီသဘောကျတာ မဆန်းပါဘူး။
ယန်ရှီက အချစ်နဲ့ပတ်သတ်ပြီး အတွေ့အကြုံသိပ်မရှိဘူးပဲ။
“ သူက ဒီမှာမရှိဘူး”
ကျုံချင်းယွီ ပျော်ရွှင်စွာဖြင့် ပြောလာသည်။
“ အလုပ်မှာလား”
ကျုံယန်စီသည် သူ၏နာရီကို ကြည့်လိုက်သည်။ Starlight အနုပညာကုမ္ပဏီသည် ထိုမျှ စောစောစလေ့ မရှိပေ။
“ မဟုတ်ဘူး”
ကျုံချင်းယွီသည် အေးအေးဆေးဆေးဖြင့် သူမ၏ ငှက်သိုက်စွပ်ပြုတ်ကို နည်းနည်းချင်းစီသောက်နေသည်။
“ ကျောင်းက ဖွင့်တော့မှာဆိုတော့ ယန်ရှီက ကျောင်းကိုပြန်သွားပြီ၊ သူ ဒီ ကျုံစံအိမ်မှာ နေတော့မှာမဟုတ်ဘူး”
ကျုံယန်စီသည် အသက်ရှူကြပ်လာသလိုပင် ဖြစ်သွားသည်။
“သူ ကျောင်းမှာ ပြန်ပြောင်းပြီနေတာကို မင်းက အဲလောက်တောင်ပျော်နေတာလား”
“ ဆိုလိုချင်တာကတော့ နင့်လိုလှည့်စားတက်တဲ့ အယုတ်တမာကောင်က သူ့ကို မြူဆွယ်လို့ရမှာမဟုတ်တော့ဘူးလေ”
ကျုံချင်းယွီသည် ခေါင်းကိုမော့၍ ဂုဏ်ယူစွာဖြင့် ပြောလာခဲ့သည်။
“ဒါပေမဲ့ ငါကတော့ နင်နဲ့မတူဘူး၊ ဒီည သူနဲ့ညစာတူတူစားဖို့ ချိန်းထားပြီးပြီ”
ကျုံယန်စီ: "..."
….
ယန်ရှီသည် ကျောင်းသို့ အမှန်တကယ်ပြန်လာခဲ့ခြင်းဖြစ်သည်။ ယခင်က သူမသည် ကျုံစံအိမ်တွင် နေရသည့်အကြောင်းအရင်းမှာ ကျုံယန်စီထံမှ ကံကောင်းခြင်းအမှတ်များရရှိရန်အတွက်ပင်ဖြစ်သည်။
သို့သော် ယခုတွင် သူ့ထံမှ သိပ်မရရှိတော့သည့်အပြင် ကျောင်းလည်း ဖွင့်တော့မည်ဖြစ်သောကြောင့် ကျောင်းအဆောင်သည် ပို၍ အဆင်ပြေလေသည်။
ယနေ့မနက်တွင် driver ကျောင်းသည် ယန်ရှီအား ကျောင်းသို့ လာကြိုခဲ့သည်။ သူမသည် မနက်ခင်းတစ်ပိုင်းလုံး Starlight ကုမ္ပဏီတွင် အချိန်ကုန်သွားခဲ့ပြီး နေ့လည်ပိုင်းတွင် ဟိုင်မြို့အစွန်းတွင် ကျင်းပသော ငွေကြေးဆိုင်ရာဆွေးနွေးပွဲသို့ driver ကျောင်းမှ လိုက်ပို့ခဲ့သည်။
ယခုနှစ်၏ ဆွေးနွေးပွဲသည် တရုတ်ရိုးရာဥယျာဉ်ပုံစံရှိသော ဟိုတယ်အသစ်တစ်ခုတွင် ကျင်းပြခြင်းဖြစ်သည်။ ဆွေးနွေးပွဲတွင် အပိုင်းများစွာ ခွဲထားသည့်ပုံမှာ ငွေကြေးချမ်းသာသည့် အကြီးအကဲများ၊ အသစ်ထွက်ပေါ်လာသော စီးပွားရေးလုပ်ငန်းရှင်များ နှင့် ပညာရေးဆိုင်ရာ ဖလှယ်သည့်သူများအတွက် နေရာပင်ဖြစ်သည်။
ယန်ရှီနှင့် ပါမောက္ခဟန်တို့သည် ပညာရေးဘက်တွင် ရှိနေကြမည်ဖြစ်သည်။
သူမသည် ယခင်ကတည်းကပင် ပါမောက္ခဟန်နှင့် ဤကဲ့သို့ ဆွေးနွေးပွဲများ တက်ရောက်ဖူးသည့်အပြင် လုပ်ငန်းခေါင်းစားများ၏ သင်ကြားမှုများနှင့် စီမံကိန်းအတွေ့အကြုံများကို နားထောင်ရသည်။
ပညာရေးဆိုင်ရာနေရာတွင် ပညာရှင်အဖွဲ့များဖြင့် ပြည့်နေခဲ့ပြီး ထိုနေရာသို့ ရောက်ပြီးခဏအကြာတွင် ပါမောက္ခဟန်သည် တစ်ခြားပါမောက္ခများနှင့် ဆွေးနွေးရန်ထွက်သွားတော့သည်။
ယန်ရှီသည် သူမ၏ စီနီယာများနှင့် လျှောက်ပတ်ကြည့်ရင်းဖြင့် ပြသထားသည့် စီမံကိန်းများကို လေ့လာနေသည့်အပြင် စီးပွားရေးလုပ်ငန်းရှင်များ၏ စကားဝိုင်းများကိုလည်း ဝင်၍ နားထောင်နေခဲ့ကြသည်။
“ ညီမလေး”
ငယ်ရွယ်သည့် ယောကျာ်းလေးတစ်ယောက်၏အသံသည် အနောက်မှထွက်ပေါ်လာခဲ့သည်။ သူမ၏ စီနီယာသည် bubble tea သောက်နေရင်း ယန်ရှီကို တို့လိုက်သည်။
“ ရှီရှီ သူနင့်ကို သိတယ်ထင်တယ်”
ယန်ရှီသည် ဤဆွေးနွေးပွဲမှာ မည်မျှပျင်းစရာကောင်းကြောင်းကို ကျုံချင်းယွီနှင့် စာပို့နေခဲ့သည်။ သူမ လှည့်ကြည့်လိုက်သောအခါ၌ ရင်းနှီးနေသည့် မျက်နှာတစ်ခုကို မြင်လိုက်ရသည်။
ထိုလူသည် ပေါ့ပေါ့ပါးပါး ကုတ်အကျီကို ဝတ်ဆင်ထားပြီး သူ၏ အရပ်ရှည်သည့်ကိုယ်ဟန်အနေအထားသည် သဘာဝအတိုင်းပင် ဆွဲဆောင်မှုရှိနေသည်။ သူ၏ အသွင်အပြင်သည် ကြည်လင်၍ ချောမောလှပြီး အထက်တန်းကျောင်းသူလေးများ သဘောကျရသည့် ထိပ်တန်းကျောင်းသားတစ်ယောက်နှင့် တူလှသည်။
ယန်ရှီသည် မှတ်မိသွားကာ သူ့အား အလျင်အမြန်နေရာပေးလိုက်သည်။
“စီနီယာ”
စုန့်ကျီလယ် သည် သူမထက် နှစ်တန်းပိုကြီးသည့် ဟိုင်မြို့အထက်တန်းကျောင်းမှ ကျောင်းသားဟောင်းတစ်ယောက်ဖြစ်သည်။
ယန်ရှီ၏ ဘေးတွင် မည်သူမျှမရှိသည့်ခုံကို မြင်လိုက်၍ စုန့်ကျီလယ်သည် ထိုနေရာတွင်ထိုင်လိုက်သည်။
“ ညီမလေး ကျွန်ဝောာ့်ကို မေ့သွားပြီထင်နေတာ”
ယန်ရှီ:“ဘယ်ဟုတ်ပါ့မလဲ”
“ ဟိုနေ့ကပဲ အစ်ကိုက ကျွန်မရဲ့ WeChat postမှာ likeပေးသွားသေးတာပဲလေ”
သူမ၏မှတ်ဉာဏ်သည် အမြဲတမ်း ထက်မြက်နေသည်။
“စီနီယာ ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ၊ ကျွန်မက အစ်ကို ဗိသုကာပညာကို သင်နေတယ်လို့ ထင်ခဲ့တာ”
“ ဟုတ်ပါတယ်”
စုန့်ကျီလယ်သည် သူ၏ဝန်ထမ်းတံဆိပ်လေးကိုပြလိုက်သည်။
“ဒီ ဟိုတယ်က ကျွန်တော့်မိသားစုပိုင်တာပါ”
အာ ဒါဆိုလျှင် ထိုအရာမှာ ရှင်းသွားခဲ့ပြီ။
သူတို့သည် အရမ်းမရင်းနှီးကြသော်လည်း စကားအနည်းငယ်ပြောနေခဲ့ကြသည်။ သူတို့သည် ကျောင်းစုဝေးပွဲများတွင် ယန်ရှီသည် ထိပ်တန်းကျောင်းသူအဖြစ်နှင့် စုန့်ကျီလယ်သည် ထိပ်တန်းစီနီယာအဖြစ် တွေ့ဆုံခဲ့ရခြင်းဖြစ်သည်။
ယန်ရှီသည် စုန့်ကျီလယ်ကိုသိသည့်တစ်ခုတည်းသော အကြောင်းအရာမှာ ကျုံချင်းယွီကြောင့်ပင် ဖြစ်သည်။
အချိန်အနည်းငယ် စကားပြောပြီးနောက် စုန့်ကျီလယ်သည် သူမအကြောင်းကို မလွဲဧကန်ပင် ထည့်ပြောလာခဲ့သည်။
“ ချင်းယွီနဲ့တောင် စကားမပြောဖြစ်တာ တော်တော်ကြာပြီ၊ သူရော ဘာတွေလုပ်နေလဲ”
“ စီနီယာ လေးနှစ်တောင်ရှိသွားပြီ သူ့ကို မမေ့နိုင်သေးဘူးလား”
ယန်ရှီမှ စနောက်၍ ပြောလာခဲ့သည်။
စုန့်ကျီဟယ်သည် နာကြဥ်းစွာဖြင့်ပြောလာခဲ့သည်။
“ အပြောကလွယ်ပေမယ့် အလုပ်ကတော့ခက်တယ်”
သခင်မလေးသည် အလွန်ပင် လှပပြီး များပြားလှသော ယောကျာ်လေးများသည် သူ့အား လိုချင်နေခဲ့ကြ၏။ ထို့အပြင် စုန့်ကျီဟယ်သည် သူမအားပိုင်ဆိုင်ခဲ့ဖူးသောကြောင့် ပို၍ပင်ခက်ခဲလှသည်။
စုန့်ကျီလယ်သည် ကျုံချင်းယွီ၏ အချစ်ဦးဖြစ်သည်။
အထက်တန်းကျောင်း ပုံမှန် အချစ်ဇာတ်လမ်းတစ်ခုမှာ ချောမောသည့်ကောင်လေးနှင့် လှပသည့်ကောင်မလေးပင်ဖြစ်သည်။ စုန့်ကျီလယ်သည် ရုပ်ရည်ကြည့်ကောင်း၍ ကျုံချင်းယွီသည် ဆွဲဆောင်မှုရှိပြီး အရေးကြီးဆုံးအရာမှာ သူသည် သူမ၏အိမ်စာများကိုလုပ်ပေးနိုင်သည်ထိ အထာကျခဲ့သည်။
သူမအား ပိုးပန်းကြသည့်သူများထဲမှ စုန့်ကျီလယ်အား ရွေးချယ်ရသည့်အကြောင်းအရင်းမှာ ထိုအရာကြောင့်ပင်ဖြစ်သည်။ စုန့်ကျီလယ်သည် ထိုအကြောင်းကို မသိခဲ့သော်လည်း ကျုံချင်းယွီသည် ယန်ရှီအား ဝန်ခံခဲ့သည်။
“ဘာလို့လဲဆိုတော့ သူက အဆင့်ကောင်းကောင်းရတယ်လေ၊ သူက ငါ့အိမ်စာတွေကို ဆရာမတွေမမိအောင်လည်းလုပ်ပေးတယ် ပြီးတော့ ရှင်းရှင်းပြောရမယ်ဆိုရင် အထက်တန်းကျောင်းမှာ ရည်းစားထားတာကလွဲပြီး ကျန်တာဘာစိတ်ဝင်စားဖို့ကောင်းတာရှိလို့လဲ၊ စာသင်ရတာလား အဲတာက ပိုပျင်းဖို့တောင်ကောင်းသေးတယ်”
သခင်မလေးသည် ထိုအရာအား ကမ္ဘာပေါ်တွင် ရှိသမျှလူများ မငြင်းပယ်နိုင်သည့် အမှန်တရားတစ်ခုလိုပင် ပြောခဲ့သည်။
ထို့ကြောင့် သူမ ကျောင်းပြီးသွားပြီဖြစ်၍ U.Sသို့ ကောလိပ်သွားတက်မည့်အချိန်တွင် တစ်စက္ကန့်လေးတောင် မစဉ်းစားတော့ပဲ စုန့်ကျီလယ်ကို လမ်းခွဲခဲ့သည်။
တစ်ခုတည်းသောအကြောင်းအရင်းမှာ သူမသည် အိမ်စာအတွက် အကူညီမလိုဝောာ့သည့်အပြင် နောက်အကြောင်းအရင်းတစ်ခုမှာ စုန့်ကျီလယ်သည် သူမအား အရမ်းချုပ်ချယ်လွန်းသောကြောင့်ဖြစ်သည်။ ထိုအရာသည် သူ့အတွက်ကောင်းသော်လည်း ကျုံချင်းယွီကိုလည်း ထိုအရာထဲသို့ ဆွဲခေါ်သွားခဲ့သည်။
သူသည် ကျုံချင်းယွီအား မနက် 7နာရီထခိုင်း၍ လေ့ကျင့်ခန်းလုပ်ခိုင်းခြင်းနှင့် ဓမ္မတာလာသည့်အချိန်တွင် အတိုအပြတ်များ မဝတ်ရန်ပြောကြားခဲ့သည်။ ကျုံချင်းယွီသည် ကောင်လေးတစ်ယောက်ကိုသာ လိုချင်ခဲ့ခြင်းဖြစ်ပြီး အဖေတစ်ယောက်ကို လိုချင်ခဲ့ခြင်းမဟုတ်ပေ။
သူတို့သည် တက္ကသိုလ်ပထမနှစ်တွင် လမ်းခွဲခဲ့ကြသည်။ ထိုအချိန်တွင် ယန်ရှီနှင့် ကျုံချင်းယွီတို့သည် အတော်လေးရင်းနှီးနေကြပြီဖြစ်၍ ကျုံချင်းယွီသည် သူမ၏ရည်းစားဟောင်းအကြောင်းများကို တစ်ခုမကျန်ရင်ဖွင့်ခဲ့သည်။
စုန့်ကျီလယ်:“ကျွန်တော် ညီမလေးတို့ရဲ့ ရသစုံရှိုးကိုကြည့်ခဲ့သေးတယ်”
“ချင်းယွီနဲ့ ပေယွဲ့ပိုင်က လမ်းခွဲလိုက်ပြီမလား၊ ဒါဆို သူက အခု single ပေါ့”
ယန်ရှီသည် သူမ၏ပါးစပ်ကို တင်းတင်းစေ့လိုက်သည်။
“သူက single ပါပဲ ဒါပေမယ့် single လုံးလုံးတော့မဟုတ်ဘူး”
မည့်သို့ပင်ဖြစ်ဖြစ် ပေဟန်လီရှိနေသေးသည်။
စုန့်ကျီလယ်သည် သူမအား ထပ်ဖိအားပေး၍ မေးလိုက်သည်။
“သူ တစ်ယောက်ယောက်ကို သဘောကျနေတာလား”
“အဲတာကတော့ ညီမလည်း သေချာမသိဘူးရယ်”
ယန်ရှီသည် ကျုံချင်းယွီနှင့် ပေဟန်လီတို့၏ဆက်ဆံရေးကို အမှန်တကယ်ပင် မသိခဲ့ပေ၊ သူမသည် မေးရန်အခွင့်အရေးလည်း မရခဲ့ခြင်းကြောင့်ပင်။
ထို့အပြင် ဤအကြောင်းများသည် ကျုံချင်းယွီ၏ကိုယ်ပိုင်ကိစ္စများဖြစ်၍ သူမသည် တစ်ခြားသူများကို မပြောပြချင်ပေ။
စုန်ကျီလယ်သည် အလျော့မပေးခဲ့ပေ။
“တကယ်လို့ ချင်းယွီက single ဆိုရင် ကျွန်တော့်မှာ အခွင့်အရေးရှိသေးတာပဲ”
ယခင်က သူသည် ကျုံချင်းယွီနှင့် ပြန်လည်အဆင်ပြေရန်ညှိနှိုင်းခဲ့သော်လည်း သူမသည် ပေယွဲ့ပိုင်တစ်ဦးတည်းကိုသာ ချစ်တာဖြစ်၍ တစ်ခြားမည်သူမျှ စိတ်မဝင်စားကြောင်း ပြတ်ပြတ်သားသားငြင်းခဲ့၏။
သူမ၏ စိတ်ဓာတ်ခိုင်မာသည့် အကြည့်သည် တစ်စုံတစ်ယောက်အပေါ်တွင် မည်မျှ ချစ်ခြင်းမေတ္တာများစစ်မှန်သည်ကို စုန့်ကျီလယ်သည် ပထမဆုံးအကြိမ် သိရှိခဲ့ခြင်းဖြစ်သည်။
သူသည် သဝန်တိုခဲ့သည်မှာ အတိုင်းထက်အလွန်ပင်ဖြစ်၏။
နောက်ဆုံးတွင် သူသည် ရွေးချယ်စရာ မရှိ၍ နောက်ဆုတ်ခဲ့ရသည်။
သို့သော် ယခုတွင် ကျုံချင်းယွီသည် ပေယွဲ့ပိုင်နှင့်အဆက်အသွယ်ဖြတ်ကာ single ပြန်ဖြစ်လာခဲ့သည်။
သူ ဒီအခွင့်အရေးကို လွဲချော်လို့မဖြစ်ဘူး။
ယန်ရှီသည် သူ့အားကြည့်ရုံနှင့်ပင် စုန့်ကျီလယ်၏စိတ်ထဲ၌ မည်သည့်အရာများ တွေးနေသည်ကို ခန့်မှန်းနိုင်သည်။
ယန်ရှီသည် သူမ၏ system ကို ညည်းညူလိုက်သည်။
“ဒီကောင်တွေက အရမ်းမြန်ကြတာပဲ၊ ပေဟန်လီ ၊ စုန့်ကျီလယ် တို့က ချင်းယွီနဲ့ ပေယွဲ့ပိုင်တို့ပြတ်ပြီဆိုတဲ့သတင်းကြားတာနဲ့ ချက်ချင်းထွက်လာကြတာပဲ၊ ဒီနေ့ စုန့်ကျီလယ် ဒီဆွေးနွေးပွဲကိုလာတာက ငါ့ဆီက သတင်းတွေနှိုက်ဖို့အတွက်လာတယ်ဆိုတာ လောင်းရဲတယ်”
System သည် အလွန်ပင် စိတ်လှုပ်ရှား၍ ခုန်ပေါက်နေခဲ့သည်။
[ သခင်လေးက အရမ်းချောတာပဲ၊ ကျွန်တော်သာ သူ့နေရာမှာဆို သဘောကျမိမှာပဲ]
“ ဒါပေမယ့် ကံဆိုးတာကတော့ ကျုံချင်းယွီက အခုတလော ခွေးပေါက်လေးတွေကိုပဲသဘောကျနေတာ၊ အဖေတစ်ယောက်လို စောင့်ရှောက်ပေးမယ့်သူတွေအတွက် အခွင့်အရေးမရှိနိုင်တော့ဘူး”
ယန်ရှီနှင့် စုန့်ကျီလယ်တို့စကားပြောနေကြချိန်၌ ကျုံယန်စီသည်လည်း ငွေကြေးဆိုင်ရာဆွေးနွေးပွဲသို့ရောက်လာသည်။
ကျုံယန်စီ၏ ဒုတိယလက်ထောက်သည် သူ့နားသို့ရောက်လာခဲ့သည်။
“ဥက္ကဌယန် ယန်ရှီလည်း ဒီနေရာမှာရောက်နေပါတယ်၊ သူက ပါမောက္ခဟန်နဲ့တူတူလာတာပါ”
ကျုံယန်စီသည် သူ၏မျက်ခုံးကို ပင့်လိုက်ပြီး သူ၏မျက်လုံးများတွင် ဖုံးကွယ်ထားလို့မရအောင်ပင် အရောင်တောက်လာခဲ့သည်။
“ သူဘယ်မှာလဲ”
“ ပညာရေးဆိုင်ရာဆွေးနွေးပွဲခန်းမထဲမှာပါ”
ကျုံယန်စီသည် ထိုနေရာသို့သွားရန် ဦးတည်လိုက်သည့်အခါ၌ လက်ထောက်လေးသည် ထပ်၍ပြောလာခဲ့သည်။
“ ယန်ရှီက ပွဲကျင်းပတဲ့နေရာမှာ မိတ်ဆွေဟောင်းတစ်ယောက်နဲ့တွေ့နေပါသေးတယ်၊ သူတို့စကားဝိုင်းက အတော်လေးအသက်ဝင်နေပုံရတယ်”
“ မိတ်ဆွေဟောင်းလား”
“ ဒီဟိုတယ်ပိုင်ရှင် သခင်လေး စုန့်ကျီလယ်ပါ၊ ယန်ရှီက သူ့ကို ‘စီနီယာ’လို့ ခေါ်တာကြားခဲ့သေးတယ်”
ကျုံယန်စီသည် မှင်သက်သွားခဲ့သည်။ ကျုံယန်စီသည် သူ၏ လက်ထောက်ကို စိုက်ကြည့်လိုက်ပြီး အကြည့်များမှာလည်း ချက်ချင်းအေးစက်သွားခဲ့သည်။
“ ယန်ရှီက သူ့ကိုဘယ်လိုခေါ်လိုက်တာလဲ”
“ စီနီယာ လို့ ခေါ်လိုက်တာပါ”