← Chapters

ကျွင့်ဟွမ်

Vol. 35 Ch. 477

ကျွင့်ဟွမ်

Vol. 35 Ch. 477

ပျောင်ပိုင်မြို့မှ လူများအားလုံး ခေါင်းညိတ်လိုက်ကြ၏။

အမှန်တွင်လည်း လောထျန်းသာ ဝင်တိုက်ခိုက်ပါက သူ့အား မည်သူမှ တားနိုင်ကြမည် မဟုတ်ပါချေ။

သို့သော် လောရုံစကားဆုံးသည့် အချိန်မှာပင် တစ်ယောက်က လှောင်ပြုံးဖြင့် ပြောလာသည်။

" ဘယ်က တောသားကောင်က ဒီကိုလာပြီး ကြွားရဲနေတာလဲ "

" ဟမ်... ဘယ်ကောင်လဲကွ ပြောလိုက်တာ "

လောရုံ မကျေမနပ် ဖြစ်သွားပြီး လူများရှေ့သို့ ချက်ချင်း ခုန်ထွက်လိုက်သည်။

အားလုံးက သူ့အား လှည့်ကြည့်လာကြ၏။

ထိုစဥ် လောရုံနှင့် မလှမ်းမကမ်းတွင် ရှိနေသော လူငယ်နှစ်ယောက်က အထင်သေးသည့် အကြည့်ဖြင့် သူ့အား ကြည့်ကာ ပြောလာသည်။

" ငါ ပြောလိုက်တာလေ... ၊ မင်းက ဘယ်ဂိုဏ်းကလဲ "

လောရုံက ဂုဏ်ယူနေသည့် မျက်နှာဖြင့် ဝံ့ဝံ့ကြွားကြွား ပြန်ပြော၏။

" ငါက မြောက်ပိုင်းဒေသ ၊ ပျောင်ပိုင်မြို့ကပဲ "

ထိုစကားကို ကြားသောအခါ အားလုံး အံ့သြမှင်သက်သွားကုန်ကြသည်။

" မြောက်ပိုင်းဒေသက.. ဟုတ်လား ။ ချီး.. ငါ့မှာတော့ သူ့ကို အင်အားကြီးတဲ့ ဂိုဏ်းတစ်ခုခုက ထင်နေတာ။ လက်စသတ်တော့ သူက အစွမ်းအနိမ့်ဆုံး မြောက်ပိုင်းဒေသက ဖြစ်နေတာပဲ "

" ဟူး... ဒီလောက် ဂုဏ်သရေရှိ ပွဲကြီးတစ်ပွဲ ဖြစ်တဲ့ ယောင်ချီညီလာခံကို ဒီ မြောက်ပိုင်းဒေသက ကောင်တွေက အပျော်လာကြတာလား "

" ကြည့်ရတာ ဒီကောင်တွေက အလကား စားရသောက်ရမယ် ဆိုပြီး လာခဲ့ကြတာနဲ့ တူတယ်။ ယောင်ချီမှာ အဖိုးတန် စိတ်စွမ်းအင်ဆေးပင်တွေနဲ့ မှော်ဆေးပင်တွေ အပြည့်ရှိတာ မသိတဲ့သူမှ မရှိတာ "

" တောသားတွေကွာ ၊ မရှက်ဘူးလား မသိပါဘူးကွာ "

အားလုံးက ပျောင်ပိုင်မြို့မှ လူအုပ်အား လက်ညိုးတထိုးထိုးဖြင့် ပြောလိုက်ကြသည်။

" ပါးစပ် ပိတ်ထားကြစမ်း "

ထိုစဥ် လူအုပ်ထဲမှ လောရှောင်ရှောင်းက ဒေါသတကြီး အော်ပြောလာ၏။

သူမဘေးမှ လူတစ်ယောက်က လှောင်သံဖြင့် ပြန်ပြောသည်။

" ဘာလဲ.. အမှန်တွေပြောတော့ မခံနိုင်ဘူးလား။ ဒါဆိုလဲ အဲ့လို အရှက်ရစရာ ကိစ္စမျိုး မလုပ်နဲ့လေကွာ "

ထိုသူ၏ စကားဆုံးချိန်မှာပင်... ကောင်းကင်ယံမှ ကြောက်မက်ဖွယ် မီးတောက်များ ရုတ်တရက် ကျလာသည်။

ထို့နောက်.. မီးတောက်များ ပျောက်ကွယ်သွားကာ အားလုံးရှေ့တွင် အမျိုးသမီးငယ်လေးတစ်ယောက် ပေါ်လာ၏။

" ဒါ... ဖီးနစ်ငှက် မီးတောက် ခန္ဓာကိုယ် မဟုတ်လား။ ကျုံ့ကျိုးက ကျွင့်မိသားစုရဲ့ အကြီးဆုံးသမီး ၊ ကျွင့်ဟွမ် ထင်တယ်... "

" ဘယ်လို... အသက် ၃ နှစ်အရွယ်မှာတင် ဖီးနစ်ငှက်မီးတောက် ခန္ဓာကိုယ်ကို အသက်သွင်းနိုင်ခဲ့ပြီးတော့ အသက် ၁၂ နှစ် အရွယ်မှာ အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်လာတဲ့ ကျွင့်ဟွမ်လား... "

" ဟုတ်တယ်ကွ ၊ အဲ့တစ်ယောက်ပဲ "

ထိုတခဏ၌ အားလုံးက မိန်းမပျိုအား တအံ့တသြ လှမ်းကြည့်လိုက်ကြသည်။

လောရှောင်ရှောင်ကလည်း သူမကို စိုက်ကြည့်ကာ မေးလိုက်၏။

" နင် ဘာပြောလိုက်တာလဲ "

ကျွင့်ဟွမ်က လောရှောင်ရှောင်းအား အထင်သေးသည့် အကြည့်ဖြင့် ကြည့်လာသည်။

" ငါ ဘာပြောလိုက်လဲ.. ဟုတ်လား ။ နင့်မှာ နားမပါဘူးလား။ တခြားသူတွေက နင့်ကို မသိလောက်ပေမယ့် ငါကတော့ သိတယ်ဟဲ့။ နင်တို့ရဲ့ သခင်လေးက ယောင်ချီညီလာခံကို ခိုးဝင်ချင်လို့ သူ့မှာ အရှုပ်အထွေးခန္ဓာကိုယ် ရှိတယ်ဆိုပြီး ရွှေယွဲ့ချီကို လိမ်ပြောခဲ့တာလေ။ ငါတော့ ရယ်ရလွန်းလို့ သေတော့မှာပဲ "

မိန်းမပျို၏ စကားဆုံးသည်နှင့် အနီးနားတွင် ရှိနေသော လူအုပ်ကြီး ဆူဆူညံညံ ဖြစ်သွားကြသည်။

" ဘယ်လို... အရှုပ်အထွေးခန္ဓာကိုယ်.. ဟုတ်လား ။ ငါ နားကြားများ လွဲသွားသလားကွာ "

" သူသာ တကယ် အဲ့လိုပြောခဲ့တာဆိုရင် တကယ်ကို မရှက်မရှိတဲ့ ကောင်ပဲကွာ။ ငါတို့ ထျန်းယွမ်ကမ္ဘာမှာ အရှုပ်အထွေးခန္ဓာကိုယ်ကို လှုပ်နှိုးနိုင်တဲ့သူ အခုထိ တစ်ယောက်မှ မရှိသေးတာ အားလုံး သိတာပဲ။ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းလေး နည်းနည်းကို လှုပ်နှိုးနိုင်ရင်တောင် တော်တော်ကောင်းလွန်း​နေပြီ "

" ဟား ဟား... အဲ့ မြောက်ပိုင်းဒေသက ကောင်က အရှုပ်အထွေးခန္ဓာကိုယ်အကြောင်းကို တစ်နေရာကနေ ကြားပြီးတော့ ဒီတိုင်း လျှောက်ကြွား​နေတာနဲ့ တူပါတယ်ကွာ။ သူ့ကိုယ်သူ အရူးကြီး ဖြစ်လို့ ဖြစ်နေမှန်းလဲ သိမယ့်ပုံ မပေါ်ပါဘူး "

" အဲ့လိုပဲ ဖြစ်ရမယ် "

အားလုံး တဟားဟား အော်ရယ်လိုက်ကြသည်။

လောရှောင်ရှောင်းမှာ အားလုံး၏ လောထျန်းအပေါ် စော်ကားစကားများကို နားထောင်ရင်း ချက်ချင်း မျက်နှာမသာမယာ ဖြစ်သွား၏။ သူမ မျက်မှောင်ကြုံ့၍ ပြန်ပြောလိုက်သည်။

" ငါတို့ရဲ့ အကိုထျန်းက တကယ်လဲ အရှုပ်အထွေးခန္ဓာကိုယ်ကို လှုပ်နှိုးနိုင်ခဲ့တာဟဲ့... "

သို့သော် သူမ ရှင်းပြရန် ကြိုးစားလေလေ ၊ အားလုံး၏ လှောင်ရယ်သံက ပိုကျယ်လာလေပင်။

" ဟား ဟား.. ဆက်ပြီးတော့တောင် လိမ်နေလိုက်သေးတယ်ကွာ "

" ကလေးမလေး ၊ ကြွားနေတာကို ရပ်လိုက်ပါတော့ကွာ။ အရှုပ်အထွေးခန္ဓာကိုယ်က ဘာလဲ ဆိုတာကိုရော မင်း သိလို့လား "

" မင်းတို့ သခင်လေးက အရှုပ်အထွေးခန္ဓာကိုယ်ကို အသက်သွင်းနိုင်တယ်ဆိုရင်... သူ့ကို ထွက်လာခိုင်းပြီး ငါတို့နဲ့ ပေးတွေ့လိုက်လေ "

" ဟား ဟား.. ဘယ်မလဲ အဲ့ လောထျန်း ဆိုတဲ့သူ ။ ငါတို့ကို ထုတ်ပြစမ်းပါဦး "

အားလုံး ထင်ရာ ပြောလိုက်ကြပြန်သည်။

လောရှောင်ရှောင်း မျက်မှောင်ကြုံ့သွား၏။

" အကိုထျန်းက အခု ဒီမှာ မရှိဘူး "

" ဒီမှာ မရှိဘူးတဲ့... ဒါဆို ထွက်ပြေးသွားတာလား "

" မေးနေစရာတောင် လိုလို့လားကွာ။ ထွက်ပြေးသွားတာပဲ ဖြစ်မှာပေါ့ "

အားလုံး လှောင်ရယ်လိုက်ကြပြန်သည်။

" ရှင်တို့တွေ.... "

လောရှောင်ရှောင်း၏ မျက်လုံးထဲတွင် ဒေါသအရိပ်ငွေ့များ ပြည့်သွားပြီး တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော်.. ထိုအချိန်မှာပင် စွမ်းအင်တန်းတစ်ခုက သူမအား ရုတ်တရက် ချုပ်နှောင်လာ၏။

" ဟမ်... "

လောရှောင်ရှောင်း လန့်သွားကာ တစ်ကိုယ်လုံးလည်း တောင့်တင်းသွားသည်။

ထိုအချိန်မှာပင်.. အကြီးအကဲဟွာက ကောင်းကင်ယံမှ ဆင်းသက်လာ၏။

" နင်တို့တွေအားလုံးက အခု မြင့်မြတ််နယ်မြေဖြစ်တဲ့ ယောင်ချီကို ရောက်နေတာ။ ပြီးတော့ လက်ရှိမှာ အင်အားကြီးတဲ့ ရန်သူနဲ့ ရင်ဆိုင်နေရတာ ဖြစ်တဲ့အတွက် အားလုံး ရပ်လိုက်ကြပါ "

သူမ လေသံမာမာဖြင့် အော်လိုက်သည်။

သူမ ပြောသွားသည့် စကားများမှာ တရားမျှတသည်ဟု ထင်စရာ ရှိသော်လည်း.. သူမက လောရှောင်ရှောင်း တစ်ယောက်တည်းကိုသာ မသေမျိုးအစွမ်းသုံး၍ ဖိနှိပ်ထားပြီး ကျွင့်ဟွမ်ကိုမူ မည်သို့မှ မလုပ်ပါချေ။

" ကျွင့်ဟွမ်က အကြီးအကဲဟွာကို အရိုအသေ ပြုပါတယ် "

ကျွင့်ဟွမ်ကလည်း ၎င်းကို သတိထားမိကာ ချက်ချင်း ဦးညွှတ်အရိုအသေ ပေးလိုက်သည်။

အကြီးအကဲဟွာကလည်း သူမကိုကြည့်ရင်း ပြုံးလိုက်၏။

" မိန်းကလေး ဟွမ် ၊ မိန်းကလေးကို လောင်းကြေးထပ်ထားတဲ့ တိုက်ပွဲမှာ ဝင်တိုက်ဖို့ အပူကပ်ရတော့မှာပဲ "

အကြီးအကဲဟွာက အပြုံးဖြင့် ဆိုလိုက်သည်။

ကျွင့်ဟွမ်က ချက်ချင်း ခေါင်းညိတ်ပြီး ပြန်ပြော၏။

" ပါရမှာပေါ့ရှင် ။ စိတ်ဝိဥာဥ်နတ်ဘုရားဂိုဏ်းရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်တဲ့ ကျွန်မရဲ့ အကိုဝမ်းကွဲ ကတောင် ရွှေယွဲ့ချီနဲ့ လက်ထပ်ဖို့ စေ့စပ်ကြောင်းလမ်းထားပြီးပြီပဲ ။ အဲ့တော့ ကျွန်မတို့ အဖွဲ့နှစ်ခုက မိသားစုတွေ ဖြစ်နေကြပါပြီရှင်။ ယောင်ချီ ဒုက္ခနဲ့ ကြုံနေရတဲ့အချိန်မှာ ကျွန်မဘက်က အကောင်းဆုံးကြိုးစားပြီး ကူညီပေးရမှာပေါ့ "

အကြီးအကဲဟွာက ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

" ကျေးဇူးတင်ပါတယ် မိန်းကလေး ဟွမ် "

ကျွင့်ဟွမ်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီးနောက် လောရှောင်ရှောင်းဘက် ရုတ်တရက် လှည့်ကြည့်ကာ ပြော၏။

" အိုး ဒါနဲ့ စကားမစပ် ၊ ကျွန်မရဲ့ ယောင်းမလောင်း ရွှေယွဲ့ချီ ပြောတာတော့ ပျောင်ပိုင်မြို့မှာ အရှုပ်အထွေးခန္ဓာကိုယ်ပိုင်ရှင် ရှိတယ်ဆို.. ဟုတ်လား အကြီးအကဲဟွာ။ အဲ့လို ပါရမီရှင်တစ်ယောက်က ဒီပြိုင်ပွဲမှာ ဝင်ပါသင့်တယ်လို့ မထင်ဘူးလား "

အကြီးအကဲဟွာက သူမ ဆိုလိုသည့် သဘောကို ချက်ချင်း သဘောပေါက်ဟန်ဖြင့် ပြုံး၍ ပြန်ပြောသည်။

" ဒါပေါ့.. ပါသင့်တာပေါ့ "

ထို့နောက် သူမ လူအုပ်ဘက် လှည့်ကြည့်ကာ လေသံမာမာဖြင့် အော်လိုက်၏။

" လောထျန်းဆိုတာ ဘယ်သူလဲ ၊ ထွက်လာခဲ့စမ်း "

သူမ၏ မျက်နှာမှာလည်း မာထန်နေပြီး အစောက ကျွင့်ဟွမ်နှင့် စကားပြောနေစဥ်ကကဲ့သို့ လုံးဝ မဟုတ်တော့ပါ။

" ကျုပ်တို့ အကိုထျန်းက ကိစ္စလေးတစ်ခုကြောင့် ခဏ ထွက်သွားတယ်။ သူ မကြာခင် ပြန်လာလိမ့်မယ် "

လောရုံက လေသံတင်းတင်းဖြင့် ပြန်ပြောလာသည်။

အကြီးအကဲဟွာ မျက်မှောင်ကြုံ့သွား၏။

" သူက တိုက်ပွဲကွင်းပြင်ကနေ ထွက်ပြေးသွားတယ်ပေါ့လေ.. ဟုတ်လား "

" ဘာ အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောနေတာလဲ "

လောရုံ ဒေါသတကြီး ပြန်အော်လိုက်သည်။ အကြီးအကဲဟွာ လှောင်ပြုံး ပြုံးလိုက်၏။

" ငါပြောတဲ့ စကားတွေက ဘာလို့ အဓိပ္ပါယ်မရှိရမှာလဲ။ ဒီမှာ ဒီလောက် ဆူဆူညံညံနဲ့ ကိစ္စကြီး ဖြစ်နေတဲ့ဟာကို ။ တကယ်လို့ သူ ထွက်ပြေးသွားတာ မဟုတ်ဘူးဆိုရင် ဘာလို့ အခုထိ လူလုံးထွက်မပြရတာလဲ "

" သခင်လေးက မကြာခင် သေချာပေါက် ပြန်လာမယ်ဆိုတာ ကျုပ် ပြောရဲတယ် "

တစ်ယောက်က ဒေါသတကြီး ပြန်အော်လာသည်။

ထိုစဥ် အကြီးအကဲဟွာ ပြန်ပြောသည်ကိုပင် မစောင့်ဘဲ ကျွင့်ဟွမ်က ရုတ်တရက် ဝင်ပြောလာ၏။

" အကြီးအကဲဟွာ ၊ သူတို့က အဲ့လို ပြောနေမှတော့လဲ နောက်ကျရင် သူတို့တိုက်ခိုက်ဖို့ နေရာတစ်နေရာ ချန်ထားပေးလိုက်ပါလား "

အကြီးအကဲဟွာ မျက်မှောင်ကြုံ့သွားသည်။

" ဒီအကြံက ကောင်းတဲ့အကြံတော့ မဟုတ်ဘူးထင်တယ် မိန်းကလေးဟွမ် ။ သူတို့ကြောင့် အားလုံး နှောင့်နှေးကုန်နိုင်တယ် "

ယနေ့တစ်ရက်တည်းတွင်ပင် သူမ ယောင်ချီနတ်ဘုရားသခင်မကြီးအား စိတ်မသာမယာ ဖြစ်အောင် တစ်ကြိမ် လုပ်ထားပြီးပြီဖြစ်ရာ ၊ ယခု ထပ်လုပ်နေသည်ကိုသာ လူမိသွားခဲ့ပါက သူမအတွက် အခြေအနေ ဆိုးသွားနိုင်ပေသည်။

သို့သော် ကျွင့်ဟွမ်က အပြုံးဖြင့် ထပ်ပြောလာ၏။

" စိတ်မပူပါနဲ့ အကြီးအကဲဟွာ ၊ တိူက်ပွဲမှာ လူဘယ်နှယောက်ပဲ တိုက်ခိုက်ရမယ်လို့ ကန့်သတ်ချက်မှ မရှိတာ။ တကယ်လို့ လောထျန်းက သွားတိုက်ခိုက်တဲ့အချိန် ချက်ချင်း အသတ်ခံလိုက်ရရင်တောင်.. အဆိုးဆုံး ဆိုလို့ ကျွန်မအနေနဲ့ လူနည်းနည်း ပိုသတ်ရရုံပဲ ရှိမှာ။ ပြီးတော့ ကျွန်မရဲ့ အကိုဝမ်းကွဲလဲ ဝင်တိုက်ခိုက်မှာပဲ "

ထိုစကားကြောင့် အကြီးအကဲဟွာ၏ မျက်လုံးများ ရုတ်ချည်း အရောင်လက်သွားကြသည်။

" အိုး.. သူကရော တိုက်ခိုက်ဖို့ ဆန္ဒရှိတယ်တဲ့လား။ သူက တကယ်ကို ပါရမီရှင်တစ်ဦးပဲ... ။ ပြီးတော့ သူ့မှာက စိတ်ဝိဥာဥ်နတ်ဘုရားဂိုဏ်းရဲ့ စိတ်ဝိဥာဥ်ပညာရပ်တွေကိုလဲ ပိုင်ဆိုင်ထားသေးတာမို့ .. အရှုပ်အထွေးခန္ဓာကိုယ်ထက်တောင် ပိုအစွမ်းထက်သေးတယ်။ တကယ်လို့ သူသာ ဝင်တိုက်ခိုက်မယ်ဆို.. ပြိုင်ပွဲမှာ ထျန်းယွမ်ကမ္ဘာဘက်က သေချာပေါက် အနိုင်ရပြီ "

အကြီးအကဲဟွာ ထိုသို့တွေးကာ ခေါင်းညိတ်လိုက်ပြီး လောရုံတို့ လူစုဘက် မျက်မှောင်ကြုံ့၍ လှမ်းကြည့်လိုက်၏။

" ကောင်းပြီလေ... သိပ်မကြာခင် တိုက်ပွဲစမယ်။ တိုက်ပွဲမှာ မင်းတို့အတွက် နေရာတစ်နေရာ ချန်ထားပေးမယ်။ မင်းတို့ရဲ့ သခင်လေး လောထျန်းကို ဝင်တိုက်ခိုက်ခိုင်းလိုက်ပါ။ တကယ်လို့ လောထျန်းက မတိုက်ခိုက်ရဲဘူး ဆိုရင်လဲ တခြားသူတစ်ယောက်က ဝင်တိုက်ခိုက်ပေါ့ "

ထိုသို့ပြောပြီးနောက် သူမက ကျွင့်ဟွမ်ဘက် ချက်ချင်းလှည့်ကာ အပြုံးဖြင့် ပြောလိုက်သည်။

" မိန်းကလေးဟွမ် ၊ သွားကြစို့လေ "

ကျွင့်ဟွမ်ကလည်း ခေါင်းညိတ်ပြကာ အကြီးအကဲဟွာနှင့်အတူ နောက်လှည့် ထွက်ခွာသွား၏။

သို့သော် သူမ ထွက်မသွားခင် လောရှောင်ရှောင်းအား လှောင်ပြုံးဖြင့် ကြည့်၍ ပြောလိုက်ပါသေးသည်။

" ကလေးမလေး ၊ မင်းတို့ရဲ့ သခင်လေး လောထျန်းကို ငါ့ကိုယ်စား သတင်းပို့လိုက်စမ်းပါ။ ကိုယ့်အဆင့်အတန်းကို သိပြီးတော့ မထိသင့်တဲ့သူတွေကို မထိနဲ့လို့ ပြောလိုက်။ တကယ်လို့ သူနဲ့ ရွှေယွဲ့ချီတို့ကြားမှာ အဆက်အသွယ်ရှိတာကို ငါ ထပ်သိရရင်.. ငါ့ကို အဆိုးမဆိုနဲ့လို့ရော ပြောလိုက်ပါ "

ထို့နောက်တွင်မူ သူမနှင့် အကြီးအကဲဟွာ တို့နှစ်ယောက် လူများ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားကြသည်။

" ဒီဘွားတော်... "

လောရှောင်ရှောင်းမှာ ထိုအချိန်မှသာ ပြန်လှုပ်ရှားနိုင်သွားပြီး အသက်ပြင်းပြင်း ရှိုက်လိုက်၏။

" ဘာဖြစ်လို့လဲ ရှောင်ရှောင်း... "

ထိုစဥ် လောရုံက တအံ့တသြ မေးလာသည်။

လောရှောင်ရှောင်းက အံကြိတ်ကာ ပြန်ပြော၏။

" ဟို စုန်းမအိုကြီးက သူ့ရဲ့ မသေမျိုးအစွမ်းကို သုံးပြီးတော့ ကျွန်မကို ဖိနှိပ်ထားခဲ့တာ။ မဟုတ်လို့ကတော့ ဟိုကောင်မရဲ့ နံနံစော်စော်ပါးစပ်ကို ကျွန်မဆွဲဖြဲပစ်တာ ကြာလှပြီ "

လောရုံမှာ ထိုကိစ္စကို မသိလိုက်သဖြင့် တအံ့တသြ ပြန်ပြော၏။

" ဘာကွ... သူက မသေမျိုးအစွမ်းကို သုံးပြီးတော့ မင်းကို တကယ်ကြီး ဖိနှိပ်ထားခဲ့တာလား။ လာ.. အခုချက်ချင်း အဲ့ဘွားတော်နဲ့ စာရင်းသွားရှင်းရအောင် "

လောရှောင်ရှောင်း လက်ကာပြ၍ တားလိုက်သည်။

" မလုပ်ပါနဲ့ အကိုလောရုံရာ ။ အကိုထျန်းကလဲ အခု ဒီမှာ ရှိမနေတော့ ကျွန်မတို့ သူ့ကို နိုင်မှာ မဟုတ်ဘူး။ အကိုထျန်း ပြန်ရောက်လာတဲ့အထိပဲ စောင့်ကြတာပေါ့ "

လောရုံက ခေါင်းကုတ်ရင်း ပြန်မေးလိုက်သည်။

" ဒါနဲ့... အကိုထျန်းက ဘယ်ရောက်သွားတာလဲ "

သူတို့ ယောင်ချီထဲ ရောက်စကတည်းက လောထျန်းနှင့် မတွေ့တော့ခြင်း ဖြစ်ပြီး သူ့အား မည်သို့မှလည်း ရှာမတွေ့ခဲ့ချေ။

ထိုစဥ်... လောထျန်းနှင့် ရွှေယွဲ့ချီတို့ နှစ်ယောက်မှာကား စိတ်စွမ်းအင်များဖြင့် ပြည့်နေသော တောင်တစ်လုံးရှေ့တွင် အူကြောင်ကြောင်ဖြင့် နားမလည်နိုင်စွာ ရပ်နေကြပါ၏။

" ဒါ... ဘယ်နေရာ ရောက်နေတာလဲ "

သူတို့နှစ်ယောက်လုံး ပြိုင်တူနီးပါးပင် ပြောလိုက်ကြသည်။

All Chapters