မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြော နောက်တစ်ခု
Vol. 35 Ch. 482
" ဘာတွေ ဖြစ်သွားတာလဲ.... "
လွေ့ယွမ်ဂိုဏ်းမှ လူများမှာ လွန်ခဲ့သော စက္ကန့်ပိုင်းလေးကပင် သူတို့၏ ဂိုဏ်းချုပ်ကြီးအား စိတ်စွမ်းအင်သွေးကြောမှ သခင်အဖြစ် အသိအမှတ် ပြုလာမည်ကို မျှော်လင့်နေခဲ့ကြပါသည်။
ယခု.. သူတို့ရှေ့မှ မြင်ကွင်းမှာကား..
သို့သော်.. အားလုံး အသိပြန်မဝင်လာခင်မှာပင်..
ဝုန်း..
ယူနီကွန်းက လွေ့ယွမ်ဂိုဏ်းချုပ်ကြီး မျောလွင့်သွားရာ လေထဲသို့ လိုက်ပျံတက်၍ လေထဲတွင်ပင် သူ့အား နင်းခြေပစ်လိုက်၏။
လွေ့ယွမ်ဂိုဏ်းချုပ်ကြီး မြေပြင်သို့ အရှိန်ပြင်းပြင်း ကျလာသည်။
ထိုအချိန်တွင် ယူနီကွန်းကလည်း မြေပြင်သို့ ရုတ်ချည်း ပြန်ဆင်းလာပြီး လွေ့ယွမ်ဂိုဏ်းချုပ်ကြီးအား နင်းခြေပစ်လိုက်ပြန်၏။
ယူနီကွန်း၏ အမြန်နှုန်းနှင့် အစွမ်းမှာ ကြောက်မက်ဖွယ်ပါပင်..
ဤသို့ဖြင့် အားလုံး၏ မျက်စိရှေ့တွင်ပင် လွေ့ယွမ်ဂိုဏ်းချုပ်ကြီးမှာ စပျစ်သီးခြောက် တစ်ခုပမာ ဖိခြေခြင်း ခံလိုက်ရတော့သည်။
သို့သော်... ယူနီကွန်းကမူ ထိုမျှနှင့် ကျေနပ်ဟန် မတူသေးဘဲ အဆက်မပြတ် ထပ်ကာထပ်ကာ နင်းခြေပစ်နေပါ၏။
ဂလု..
အားလုံး တံတွေးကို ခက်ခက်ခဲခဲပင် မြိုချလိုက်ရသည်။
ယူနီကွန်းက သူတို့တွေးခဲ့သလို အကျင့်စရိုက် ပြောင်းသွားခြင်း မရှိဘဲ....
ယခင်လို ရက်စက်ကြမ်းကြုတ်မြဲ ဖြစ်သည်မှာ အသိသာပင်။
ယခင်ထက်ပင် ပိုကြမ်းလာသည်ဟု ပြော၍ ရပါ၏။
ယခင်ကဆိုလျှင်ပင်.. ထိုယူနီကွန်းမှာ သူတို့ဂိုဏ်းချုပ်ကြီး၏ မျက်နှာကို အနည်းငယ် ထောက်ထားငဲ့ညှာပေးဦးမည် ဖြစ်သော်လည်း..
ယခုမှာ ထိုသို့ လုံးဝ ဟုတ်မနေပါ။
ထိုသူမှာ ဂိုဏ်းချုပ်ကြီးအား အသေသတ်ရန် လုပ်နေသယောင်ပင်။
" သခင်ကြီး လင်းမိုင် ၊ ရပ်ပါတော့ဗျာ။ ဒါ ကျုပ်တို့ရဲ့ ဂိုဏ်းချုပ်ကြီးဗျ ။ အပြင်ကလာတဲ့ ရန်သူက ဟိုမှာ "
ထိုစဥ် အကြီးအကဲတစ်ယောက်က ယူနီကွန်းရှိရာ အနီးမှ လေထဲသို့ ပျံတက်လာပြီး အော်ပြောလိုက်သည်။
သူ့စကားကို ကြားသောအခါ ယူနီကွန်းက အမှန်တကယ် ရပ်သွားပါ၏။
အားလုံးမှာလည်း ထိုအချိန်မှသာ စိတ်သက်သာရာ အနည်းငယ်ရပြီး သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။
သို့သော်... တခဏအကြာမှာပင် သူတို့အားလုံး မျက်နှာပြန်ပျက်သွားရတော့၏။
အဘယ့်ကြောင့်ဆိုသော် ယူနီကွန်းက သူ့နားရောက်လာသည့် အကြီးအကဲအား ဖမ်းဆွဲပြီး မြေကြီးပေါ်သို့ အရှိန်ပြင်းပြင်း ပစ်ချလိုက်သောကြောင့်ပင်။
ထို့နောက်တွင် ယူနီကွန်း၏ ရှေ့လက်နှစ်ဖက်က အကြီးအကဲအား ဆက်တိုက်ခိုက်လိုက်ပြန်သည် ။
ဤတစ်ကြိမ် တိုက်ခိုက်မှု၏ အမြန်နှုန်းရော ၊ အစွမ်းပါ ယခင်တစ်ကြိမ်ထက် များစွာ ပိုကြောက်စရာကောင်းနေသေးတော့သည် ။
" ဒါ.... "
ထိုမြင်ကွင်းကို ကြည့်နေသော လွေ့ယွမ်ဂိုဏ်းမှ လူများမှာ တစ်ခွန်းမှ ထပ်မဟရဲကြတော့ပါ။
ထိုစဥ် တဖက်မှ လောထျန်းက မျက်မှောင်အနည်းငယ် ကြုံ့ရင်း ပြောလာ၏။
" တော်ပြီ ၊ ရပ်လိုက်တော့ "
လောထျန်းစကားကို ကြားကြားချင်း လွေ့ယွမ်ဂိုဏ်းမှ လူများ အံ့သြမှင်သက်သွားကြသော်လည်း ချက်ချင်းမှာပင် သူ့အား လှောင်ပြုံးဖြင့် လှမ်းကြည့်လာကြသည်။
" အဲ့ကောင်လေးက ကန်းနေတာလား။ အကြီးအကဲတွေ ဘယ်လိုဖြစ်သွားတယ်ဆိုတာ မြင်ရဲ့သားနဲ့ စကားပြောရဲနေသေးတယ်ပေါ့ "
" ဟား ဟား.. အဲ့လို ပြောတော့လဲ ကောင်းတာပေါ့ကွာ။ အဲ့ကျ သခင်ကြီး လင်းမိုင်က သူ့ကို သတ်လိုက်ရင်.. ဒေါသလျော့သွားပြီး ငါတို့ဘက် လှည့်မလာနိုင်တော့ဘူး "
အားလုံးကလည်း ထိုစကားကို သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြပြီး ယူနီကွန်းက လောထျန်းအား တိုက်ခိုက်မည်ကို မျှော်လင့်တကြီး စောင့်ကြည့်နေလိုက်ကြသည်။
သို့သော်... ထင်မှတ်မထားစွာပင်...
ဝှစ်..
ယူနီကွန်းက လောထျန်းစကားကို ကြားသည်နှင့် တုန့်ခနဲ ရပ်သွားပြီး လောထျန်းရှိရာဆီသို့ လျှောက်လာ၏။
သို့သော်... ၎င်းက တိုက်ခိုက်လိုဟန် အလျဥ်းမရှိဘဲ လောထျန်းရှေ့ မြေပြင်တွင် ဒူးထောက်ချလိုက်ကာ လောထျန်းအား အသနားခံသည့် မျက်လုံးများဖြင့် ကြည့်လာသည်။
" ဘယ်လိုဖြစ်ပြီးတော့.... "
လွေ့ယွမ်ဂိုဏ်းမှ လူများမှာလည်း မည်မျှပင် တုံးအသည်ဆိုပါစေ... အခြေအနေကို ကောင်းကောင်း
ကြီး နားလည်လိုက်ကြလေပြီ။
သူတို့ရှေ့မှ စိတ်စွမ်းအင်သွေးကြောမှာ အကျင့်စရိုက် ပြောင်းသွားခြင်း မဟုတ်ဘဲ... ထိုလူငယ်အား သခင်အဖြစ် သတ်မှတ်ချင်နေဟန်ပါပင်...
သို့သော်... ထိုလူငယ်က မည်သို့သော လူမျိုးဖြစ်သည့်အတွက်ကြောင့် စိတ်စွမ်းအင်သွေးကြောက သခင်အဖြစ် သတ်မှတ်ချင်နေရပါသနည်း။
အားလုံး သို့လောသို့လော တွေးနေကြစဥ်မှာပင်..
အား ..
လေထဲမှ စူးရှရှ အော်သံကျယ်တစ်သံ ထွက်ပေါ်လာသည်။
" ဟင်... "
အားလုံးကလည်း အသံလာရာဘက် လှည့်ကြည့်လိုက်ကြပြီး မျက်နှာထားများ ချက်ချင်း ပြောင်းသွားကြ၏။
" ဟာ... ရွှယ်မင်ဂိုဏ်းရဲ့ စိတ်စွမ်းအင်သွေးကြော လာနေတာပါလား "
" ဘယ်လို... ရွှယ်မင်ဂိုဏ်းရဲ့ စိတ်စွမ်းအင်သွေးကြော.. ဟုတ်လား "
ထိုစဥ်မှာပင် လေထဲ၌ နှင်းဖီးနစ်ငှက် အသွင်ယူထားသော စိတ်စွမ်းအင်သွေးကြောက သူတို့ရှိရာဆီသို့ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ပျံသန်းရောက်လာသည်။
ထို နှင်းဖီးနစ်ငှက်ကြီး ချဥ်းကပ်လာသည်နှင့် အနီးနားတဝိုက်တွင် ရေခဲအခြေပြု စိတ်စွမ်းအင်များ များစွာ တိုးလာပါ၏။
လွေ့ယွမ်ဂိုဏ်းမှ တစ်ယောက်က ရုတ်တရက် အော်ပြောလိုက်သည်။
" အားလုံး သတိထားကြဟေ့ ။ ရွှယ်မင်ဂိုဏ်းက လူတွေ တိုက်ခိုက်တော့မယ်နဲ့ တူတယ် "
" ချီး... ဒီကောင်တွေက ငါတို့ရဲ့ ဘိုးဘေး ထျန်းယွမ်ကမ္ဘာကို သွားတာသိလို့ ဒါကို အခွင့်ကောင်းယူပြီး အလစ်ဝင်တိုက်ကြတာပဲ ဖြစ်မယ်။ တော်တော်ရွံစရာကောင်းတဲ့ ကောင်တွေပဲကွာ "
အားလုံး ချက်ချင်းပင် လက်နက်ကိုယ်စီ ဆွဲထုတ်လိုက်ကြသည်။
သူတို့ လွေ့ယွမ်ဂိုဏ်းနှင့် ရွှယ်မင်ဂိုဏ်းတို့မှာ အချင်းချင်း မသင့်မြတ်ကြသော ဂိုဏ်းနှစ်ခုဖြစ်ပြီး သူတို့ချင်း တိုက်ခိုက်လာကြသည်မှာလည်း နှစ်များစွာ ကြာနေခဲ့လေပြီ။
ထို့ကြောင့်လည်း ယခု ရွှယ်မင်ဂိုဏ်း၏ စိတ်စွမ်းအင်သွေးကြောကိုယ်တိုင် လာနေသည်ကို မြင်ချိန်၌ သူတို့ကြား တိုက်ပွဲကြီးကြီး ဖြစ်တော့မည်ဟု အားလုံး ထင်လိုက်ကြခြင်းပင်။
သို့သော် မျှော်လင့်မထားစွာပင်... နှင်းဖီးနစ်ငှက်ကြီးက လေထဲ၌ ဆယ်ကြိမ်ခန့် လှည့်ပတ်ပျံနေပြီးနောက်..
လောထျန်းအား တွေ့သွားကာ သူရှိရာသို့ ချက်ချင်း ဆင်းသက်လာ၏။
" သတိထားကြဟေ့.. "
၎င်းကို မြင်သော သူများအားလုံးက နှင်းဖီးနစ်ငှက်ကြီး တိုက်ခိုက်တော့မည်ဟုသာ ထင်လိုက်ကြသည်။
သို့သော်...
ဝုန်း..
ဖီးနစ်ငှက်ကြီး ရွှယ်ဖုန်းက လောထျန်းရှေ့ ဆင်းသက်ပြီးသည်နှင့် လောထျန်းအား ခေါင်းလေးစောင်းငဲ့၍ ကြည့်လာ၏။
ထို့နောက်တွင်မူ ၎င်း၏ ကိုယ်ထဲမှ စိတ်စွမ်းအင်သွေးကြော နှလုံးသား ထွက်လာတော့သည်။
" ဒါ... ဘယ်လို.... "
အားလုံးမှာ မြင်နေရသည့် မြင်ကွင်းကို မယုံနိုင် ဖြစ်သွားရပြန်၏။
၎င်းမှာ စိတ်စွမ်းအင်သွေးကြော၏ နှလုံးသားပင်..
သူတို့ လွေ့ယွမ်ဂိုဏ်း၏ စိတ်စွမ်းအင်သွေးကြောက သူ့နှလုံးသားအား ထုတ်ပေးခဲ့သည်ကို သူတို့ လက်ခံနိုင်သေးသော်လည်း... ယခု ရွှယ်မင်ဂိုဏ်း၏ စိတ်စွမ်းအင်သွေးကြောကပါ အဘယ့်ကြောင့် ထိုသို့ လုပ်နေရပါသနည်း။
" လောထျန်း ၊ နောက်ထပ် မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြောပဲ... "
ရွှေယွဲ့ချီကလည်း ၎င်းကို ကြည့်နေရင်း အသံတုန်တုန်ဖြင့် ပြောလိုက်သည်။
ဘာတွေ ဖြစ်နေပါသနည်း..
မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြော နှစ်ခုက လောထျန်းအား သခင်အဖြစ် အသိအမှတ်ပြုနေကြသည်လား... ။
နှစ်ပေါင်းများစွာကြာ တည်ရှိလာခဲ့ပြီး အမွေအနှစ်ပစ္စည်းများလည်း များစွာရှိသော သူမတို့ ယောင်ချီတွင်ပင် စိတ်စွမ်းအင်သွေးကြော တစ်ခုတည်းသာ ရှိပါ၏။
ထိုစဥ် တဖက်မှ လောထျန်းမှာလည်း ဖီးနစ်ငှက်ကြီး ၊ ရွှယ်ဖုန်းကို ကြည့်ရင်း အံ့သြမှင်သက်နေရှာသည်။
သို့သော် တခဏအကြာတွင်မူ သူ အသိပြန်ဝင်လာကာ ပြောလိုက်၏။
" မင်းက ခုနတုန်းက ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းတွေကြောင့် ဒီကို ရောက်လာခဲ့တာလား "
ရွှယ်ဖုန်းက ခေါင်းညိတ်ပြပြီးနောက် စိတ်စွမ်းအင်သွေးကြော နှလုံးသားအား လောထျန်းအနီး ပိုရောက်အောင် ပို့ပေးလိုက်သည်။
လောထျန်းက ၎င်းကို တစ်ချက်ကြည့်ကာ ထပ်မေး၏။
" မင်း ငါ့နောက်လိုက် လုပ်ချင်တာလား "
ရွှယ်ဖုန်းက ချက်ချင်း ခေါင်းညိတ်ပြပြန်သည်။
" ဒါဆိုရင်... ဒီ ယွဲ့ယန်ကမ္ဘာကနေ ထွက်သွားမယ် ဆိုရင်ရော လိုက်နိုင်လား "
လောထျန်း ထပ်မေးလိုက်၏။
ရွှယ်ဖုန်းက တုန့်ဆိုင်းမနေဘဲ ချက်ချင်း ခေါင်းညိတ်ပြ၏။
လောထျန်းက ရွှယ်ဖုန်းအား ခေတ္တမျှ စိုက်ကြည့်နေပြီးမှသာ ပြုံး၍ ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီလေ ၊ ဒါဆို မင်း ငါနဲ့ လိုက်လို့ရတယ် "
သူ ထိုသို့ပြောပြီးသည်နှင့် စိတ်ဝိဥာဥ်အစွမ်းကို သုံး၍ ရွှယ်ဖုန်း၏ နှလုံးသားပေါ်တွင် အမှတ်အသားတစ်ခု ရေးလိုက်၏။
ဝီ...
စိတ်စွမ်းအင်သွေးကြော၏ နှလုံးသားမှ အလင်းတန်းတစ်ခု ချက်ချင်း လင်းလက်လာသည်။
လောထျန်းမှာလည်း ထိုစိတ်စွမ်းအင်သွေးကြောကို အပြည့်အဝ ထိန်းချုပ်နိုင်သည့် ထူးခြားသော ခံစားချက်မျိုး ခံစားလိုက်ရ၏။
ချွှင်..
ထို့နောက်တွင်မူ လောထျန်းက လက်မြှောက်ကာ ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းများအား ဓားတိုတစ်လက်အဖြစ် စုစည်းပြီး ရွှယ်ဖုန်းဆီသို့ ပစ်ပေးလိုက်သည်။
ရွှယ်ဖုန်းမှာလည်း ၎င်းကို မြင်သည်နှင့် မျက်လုံးများ အရောင်လက်သွားကာ ဓားအား တစ်လုပ်တည်း ဝါးမြိုပစ်လိုက်သည်။
ဝုန်း..
ဓားမြောင်လေးက ရွှယ်ဖုန်း၏ ဗိုက်ထဲ ရောက်သွားသည်နှင့် ၎င်း၏ ကိုယ်မှ အစွမ်းထက်သော အရောင်အဝါတစ်ခု ပေါက်ကွဲထွက်လာ၏။
၎င်း၏ စိတ်စွမ်းအင်များလည်း များစွာပင် တိုးလာသည်။
" ဝူး.... "
ထိုအချိန်တွင် ဘေးနားမှ ယူနီကွန်းမှာမူ လောထျန်းအား ဝမ်းနည်းနေသည့် အကြည့်ဖြင့် ကြည့်လာပြီး ငိုငြီးသံ ပေးလာ၏။
တစ်ချိန်တည်းမှာပင် ၎င်း၏ စိတ်စွမ်းအင်သွေးကြော နှလုံးသားလည်း လောထျန်းရှေ့ ထပ်ပေါ်လာပြန်သည်။
လောထျန်းက ၎င်းကို ကြည့်ရင်း အေးအေးဆေးဆေး ပြန်ပြော၏။
" အင်း... မင်းရဲ့ စိတ်စွမ်းအင်က ပေါကြွယ်ဝတာဆိုတော့ မင်းကို ငါ့နောက်လိုက် လုပ်ခွင့် ပေးလိုက်မယ်။ ဒါပေမယ့် မင်းရဲ့ စိတ်စွမ်းအင်သွေးကြော နှလုံးသားကိုတော့ ခဏ သိမ်းထားလိုက်ဦး ။ နောက်ကို မင်း ကောင်းကောင်း လုပ်နိုင်လား ၊ မလုပ်နိုင်လားဆိုတာ ကြည့်ပြီးမှပဲ မင်းရဲ့ နှလုံးသားကို လက်ခံဖို့ ၊ မခံဖို့ ငါ စဥ်းစားပေးမယ် "
သူ့စကားကို ကြားလိုက်ကြသော လူများမှာ သွေးအန်လုမတတ်ပင် ဖြစ်သွားကြတော့သည်။
ဘာတွေ ပြောနေပါသနည်း ။
မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြော တစ်ခုက ၎င်း၏ နှလုံးသားအား လက်ခံရန် လိုလိုလားလား ထုတ်ပေးလာခြင်းမှာ မဟာအခွင့်ကောင်းကြီး တစ်ခု မဟုတ်ပါလား ။
ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်ပင်လျှင် ထိုသို့သော အဖြစ်မျိုးနှင့် ကြုံလာပါက ဝမ်းမြောက်ဝမ်းသာ လက်ခံပြီး ကျေးဇူးတင်မဆုံး ဖြစ်နေမည် မလွဲပေ။
သို့သော်... ယခု သူတို့ရှေ့မှ လောထျန်းမှာ အထင်သေးဟန် မျက်နှာကြီး ရှိနေပြီး စိတ်စွမ်းအင်သွေးကြော၏ လုပ်ဆောင်မှုများ ကောင်းမှသာ နှလုံးသားကို လက်ခံမည်တဲ့လား... ။
၎င်းမှာ အရှက်ခွဲလိုက်သလိုပါပင်..
သူ့စကားကြောင့် စိတ်စွမ်းအင်သွေးကြော အရှက်ရပြီး လှည့်ထွက်သွားမည်ကို စိတ်မပူဘူးလား..
သို့သော်... ထင်မထားစွာပင်.. ယူနီကွန်းက ထိုစကားကို ကြားသည်နှင့် အလွန်ဝမ်းသာသွားဟန် တူပါ၏။
ဝုန်း..
၎င်းက လောထျန်းနောက်သို့ ချက်ချင်း ရောက်လာကာ အမိန့်နာခံသော အိမ်မွေးတိရိစ္ဆာန်ငယ်လေး တစ်ကောင်သဖွယ် ငြိမ်သက်နေရှာသည်။
အားလုံး ဆွံ့အသွားရပြန်ပါ၏။
" လောထျန်း ၊ ကျွန်မတို့တွေ ယွဲ့ယန်ကမ္ဘာကို ရောက်လာကြတာဆိုတော့... ကြည့်ရတာ ကောင်းကင်ဘုံပျက်စီးခြင်း ကိုးခု စနေပြီနဲ့ တူတယ်။ ဒီတိုင်းဆို ယောင်ချီမှာ ပြဿနာကြီးကြီး ဖြစ်နေလောက်ပြီရှင့် ။ ကျွန်မတို့ မြန်မြန်ပြန်သွားကြရအောင် "
ထိုစဥ် ရွှေယွဲ့ချီက ပြောလာသည်။
လောထျန်းက ခေတ္တမျှ စဥ်းစားနေဟန် တူပြီးမှ ခေါင်းယမ်း၍ ပြန်ပြော၏။
" ခဏနေဦး ၊ ကျုပ် အကြံတစ်ခု ရသွားလို့ "