ချမ်းသာကြွယ်ဝသော ယွဲ့ယန်ကမ္ဘာ
Vol. 35 Ch. 483
" ဟင် .. ဘာအကြံလဲ "
ရွှေယွဲ့ချီ လောထျန်းအား တအံ့တသြ လှမ်းကြည့်လိုက်သည်။
လောထျန်းက ကောင်းကင်ယံသို့ ခေါင်းမော့ကြည့်ကာ ပြော၏။
" ကျုပ် ဒီကနေ မသွားခင် စိတ်စွမ်းအင်သွေးကြောတွေ နည်းနည်းလောက် ထပ်စုလိုက်ချင်လို့ "
စိတ်စွမ်းအင်သွေးကြောများမှာ စိတ်စွမ်းအင်ကို အမြဲတစေ ထုတ်လွှတ်ပေးနိုင်ကြသဖြင့် ကောင်းသောအရာများ ဖြစ်ပါသည်။
မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြော ဆိုလျှင် အချိန်နှင့်နေရာ ဗိမ္မာန်ကိုပင် ဖွင့်လှစ်နိုင်ပါသေး၏။
သို့ဖြစ်ရာ.. မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြောသာ များများရှိထားပါက အချိန်နှင့်နေရာ ဗိမ္မာန်ကိုလည်း မကြာခဏ ဖွင့်လှစ်နိုင်ပေလိမ့်မည်။
လောထျန်းမှာ ပျောင်ပိုင်မြို့ လုံလောက်အောင် အစွမ်းမထက်သေးမည်ကို အမြဲစိတ်ပူနေခဲ့ရပါသည်။
သို့သော်... အချိန်နှင့်နေရာ ဗိမ္မာန်ကို နောက်ထပ် အကြိမ်နည်းနည်း ထပ်ဖွင့်လိုက်လျှင်ကား.. ပျောင်ပိုင်မြို့မှ လူများ၏ အစွမ်းက အချိန်တိုလေးအတွင်း များစွာ တိုးသွားနိုင်ပါ၏။
သို့ဆိုလျှင်.. ကောင်းကင်ဘုံပျက်စီးခြင်း ထိပ်ဆုံးသုံးခုနှင့် ရင်ဆိုင်ရာတွင်လည်း သူ ပို၍ အေးအေးဆေးဆေး ဖြစ်သွားပေမည်။
သို့သော်.. သူတို့ ထျန်းယွမ်ကမ္ဘာတွင် မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြောများ အလွန်ရှားလှသည် မဟုတ်ပါလား။
မည်သို့ပင်ဆိုစေ... ဤ ယွဲ့ယန်ကမ္ဘာတွင်မူ မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြော နှစ်ခုကို သူ အလွယ်တကူ ရခဲ့လေပြီ ။
ကြည့်ရသည်မှာ ဤယွဲ့ယန်ကမ္ဘာက အလွန်ကျယ်ပြောပြီး သဘာဝအရင်းအမြစ်များလည်း အလွန် ကြွယ်ဝချမ်းသာကြပုံပါပင်။
ယခုလိုအခြေအနေမျိုးတွင် နောက်ထပ် စိတ်စွမ်းအင်သွေးကြောများ ထပ်ရအောင် မလုပ်လိုက်ပါက နှမျောစရာ ကောင်းသွားပေမည် ။
သူ့စကားကို ကြားသောအခါ ရွှေယွဲ့ချီ မျက်မှောင်ကြုံ့သွားသည်။
" ဒါပေမယ့်... ကောင်းကင်ဘုံပျက်စီးခြင်း ကိုးခုက အချိန် အကန့်အသတ် ရှိတယ်နော် လောထျန်း။ ကမ္ဘာနှစ်ခုကြားက တံခါးပေါက် ပိတ်မသွားခင် ထျန်းယွမ်ကမ္ဘာကို ပြန်မှရမှာ။ မဟုတ်ရင် ကျွန်မတို့တွေ နောက်ထပ် ကောင်းကင်ဘုံပျက်စီးခြင်း ကိုးခု မရောက်လာခင်အထိ ဒီ ယွဲ့ယန်ကမ္ဘာမှာပဲ ပိတ်မိနေကြတော့မှာ "
လောထျန်းက သူမစကားကို နားထောင်ရင်း ခေါင်း အသာညိတ်လိုက်၏။
" အဲ့လိုလား... ၊ ဒါဆို မြန်မြန်လှုပ်ရှားပြီးတော့ အနီးနားမှာရှိတဲ့ စိတ်စွမ်းအင်သွေးကြောတွေကို မြန်မြန်စုလိုက်မယ်လေ "
ရွှေယွဲ့ချီ ခေတ္တမျှ စဥ်းစားပြီး ပြန်ပြောသည်။
" အဲ့လိုဆိုရင်တော့ ရလောက်မှာပါ "
လောထျန်း ချက်ချင်း ခေါင်းညိတ်လိုက်၏။
" ကောင်းပြီ ၊ ဒါဆို ကျုပ်ကို ခဏစောင့်နေခဲ့နော် "
သူ ထိုသို့ ပြောပြီးသည်နှင့် လေထဲ ချက်ချင်းပျံတက်ကာ တောင်ထိပ်တစ်ခုဆီသို့ ပျံသန်းသွားပြီး လက်ဖြင့် အစီအမံများ ဆက်တိုက်ပြုလုပ်လိုက်သည်။
ဝီ...
သူ့ကိုယ်ပေါ်၌ ထွင်းစာများ ရုတ်ချည်း လင်းလက်လာ၏။
" သခင်ကြီး ယဲ့ထုံလင်းရဲ့ စိတ်စွမ်းအင်သွေးကြောကို ခေါ်ထုတ်တဲ့ နည်းကို ဒီ ယွဲ့ယန်ကမ္ဘာမှာလဲ သုံးလို့ရမှာ အသေချာပဲ။ ဒါပေမယ့် ငါ အချိန်သိပ်ဖြုန်းလို့ မဖြစ်ဘူးဆိုတော့... "
လောထျန်း ထိုသို့တွေးကာ အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။
ဝီ...
သူ ထူးခြားသော စိတ်စွမ်းအင်ပင်လယ်ကိုလည်း ချက်ချင်း အသက်သွင်းလိုက်၏။
ဝုန်း..
သူ့ကိုယ်မှ အရောင်အဝါ တမဟုတ်ချင်း ပေါက်ကွဲထွက်လာကာ ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုလည်း အရပ်မျက်နှာအနှံ့ ပျံ့သွားသည်။
ဝီ..
တစ်ချိန်တည်းမှာပင် သူ့ကိုယ်ပေါ်မှ ထွင်းစာများကလည်း အစွမ်းပိုတိုးလာကြပါ၏။
လောထျန်း ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်ရာ သူ့ မျက်စိရှေ့ မြင်ကွင်းတလျှောက်... အရွယ်အစားစုံ စိတ်စွမ်းအင် အလင်းတန်းများ လင်းလက်လာပြီး အသွင်ပြောင်းထားသော စိတ်စွမ်းအင်သွေးကြောများ အလျှိုလျှို ထွက်လာကြသည်ကို မြင်လိုက်ရသည်။
ထို စိတ်စွမ်းအင်သွေးကြောများ အားလုံးက လောထျန်း၏ အရောင်အဝါကို အာရုံခံမိသွားသည်နှင့် သူ ရှိရာဆီသို့ ဝုန်းခနဲ ပြေးလာကြ၏။
" အင်း... ဒီလိုအခြေအနေနဲ့ဆို စိတ်စွမ်းအင်သွေးကြောတွေ အများကြီးကို ထပ်ပြီး လှုပ်နှိုးနိုင်မယ့် ပုံပဲ။ ဒါပေမယ့် ဒီ စိတ်စွမ်းအင်သွေးကြောတွေက အစွမ်းနိမ့်လွန်းတဲ့ပုံ ပေါက်နေတယ် "
" ထားလိုက်ပါလေ ။ ခြင်တစ်ကောင်ရဲ့ ခြေထောက်ကလဲ အသားက အသားပဲပေါ့ "
လောထျန်းမှာ ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း အနည်းငယ် စိတ်ပျက်သွားဟန် တူသော်လည်း လက်ဖြင့် ထွင်းစာများသာ ဆက်ရေးနေလိုက်သည်။
သို့သော်... သူ မသိသည့် အချက်မှာ..
ယွဲ့ယန်ကမ္ဘာ၏ မြောက်ဘက်စွန်းရှိ... ချောက်နက်ကြီးတစ်ခု၏ အောက်ခြေ၌..
ဝုန်း..
စိတ်စွမ်းအင်သွေးကြောမှ အသွင်ပြောင်းထားသော လိပ်မည်းကြီးတစ်ကောင်က... လေထဲ ပျံတက်ပြီး လောထျန်းရှိရာဆီသို့ အပြေးအလွှား လာနေခြင်း ဖြစ်သည်။
ယွဲ့ယန်ကမ္ဘာ အရှေ့ဘက်စွန်းရှိ ပင်လယ်ရေအောက်မှ... ငါးကြီး တစ်ကောင်ကလည်း ရေထဲမှ ဝုန်းခနဲ ထွက်လာကာ လောထျန်းဆီသို့ အသည်းအသန် ပျံသန်းလာနေသည်။
နယ်မြေအလွန်ကြမ်းသော နေရာတစ်ခုတွင်လည်း မရေမတွက်နိုင်သော မီးတောင်များ ပေါက်ကွဲသွားပြီး ..
မီးတောက် ဖီးနစ်ငှက်တစ်ကောင်က .. အသံကျယ်ဖြင့် ညာသံပေး အော်ဟစ်ကာ လေထဲ ပျံတက်သွားသည်။ မရေမတွက်နိုင်သော ဂိုဏ်းကြီး ဂိုဏ်းငယ်များမှ အသွင်ပြောင်းထားသော စိတ်စွမ်းအင်သွေးကြောများကလည်း အသည်းအသန် ပြေးထွက်လာနေကြပါ၏။
ဂိုဏ်းများမှ အစွမ်းထက် ကျင့်ကြံသူကြီးများက ထိုစိတ်စွမ်းအင်သွေးကြောများကို တားရန် ကြိုးစားကြသေးသည့်တိုင် လုံးဝ မတားနိုင်ကြပါချေ။
ယွဲ့ယန်ကမ္ဘာ၏ အလယ်ပိုင်း ဒေသတွင်လည်း..
ဝုန်း..
အသွင်ပြောင်းထားသော ဧရာမ ကောင်းကင်ဝါးမြို မြွေဟောက်ကြီးက လေထဲ ဝုန်းခနဲ ပျံတက်ကာ လျင်မြန်စွာ ပျံသန်းသွား၏။
ယခင်ရှိနေခဲ့သော အနီးနားမှ စိတ်စွမ်းအင်များလည်း လျင်မြန်စွာပင် ပျောက်ကွယ်သွားကုန်သည်။
" ဟင်... ဘာတွေ ဖြစ်နေတာလဲ "
လျှို့ဝှက်ခန်းတစ်ခုအတွင်းမှ ဆံပင်ရှည်နှင့်
သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က တအံ့တသြ ထရပ်လိုက်၏။
" သခင်ကြီး... ကမ္ဘာသခင်ကြီး ၊ စိတ်စွမ်းအင်သွေးကြောတွေ ထွက်ပြေးကုန်ကြပြီဗျ "
" သခင်ကြီး ၊ ကျုပ်တို့ ယွဲ့ယန်ကမ္ဘာမှာ ဆိုးရွားတဲ့အရာ တစ်ခုခုတော့ ဖြစ်နေပြီဗျ။ အခု စိတ်စွမ်းအင်သွေးကြောတွေ အကုန် ထိန်းချုပ်မရ ဖြစ်ကုန်ကြပြီ "
" သခင်ကြီး.... "
သတင်းပို့သည့် အသံများလည်း တစ်ခုပြီးတစ်ခု ရောက်လာသဖြင့် ကမ္ဘာသခင်ကြီး၏ မျက်နှာ ဆိုးရွားစွာ ပျက်သွားသည်။
" ငါတို့ ယွဲ့ယန်ကမ္ဘာက ဘာတွေ ဖြစ်နေတာလဲ "
သူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်၏။
စိတ်စွမ်းအင်သွေးကြောများမှာ စိတ်စွမ်းအင်များ၏ အရင်းအမြစ် ဖြစ်ပြီး ကျင့်ကြံခြင်းအတွက် အဓိက အရေးအပါဆုံးသော အရာတစ်ခု ဖြစ်ပါသည်။
စိတ်စွမ်းအင်များသာ မရှိပါက ကျင့်ကြံခြင်းအတွက်လည်း မကောင်းနိုင်ပါချေ။
သို့ဖြစ်ရာ... အကယ်၍ စိတ်စွမ်းအင်သွေးကြောများသာ ပျောက်ကွယ်သွားမည် ဆိုလျှင် သူတို့ ယွဲ့ယန်ကမ္ဘာကြီး ဆိုးဆိုးရွားရွား ဒုက္ခရောက်သွားပေမည်။
" တောက်.... အဲ့လို အဖြစ်ခံလို့ မရဘူး "
ကမ္ဘာသခင်ကြီး၏ မျက်နှာတွင် အေးစက်စက် အငွေ့အသက်များ ပေါ်လာ၏။
ထို့နောက်တွင် သူ လက်ခုပ်တစ်ချက် တီးလိုက်ရာ..
ဝုန်း...
မသေမျိုးအစွမ်းများ လေထဲ မျောလွင့်လာသည်။
ထို့နောက်တွင်ကား သူ့ အနောက်ဘက်ရှိ မြေပြင် အက်ကွဲသွားပြီး မြေကြီးထဲမှ သွေးနီရောင် ပုလဲလုံးတစ်ခု ထွက်လာ၏။
" ဟင်.... မူလ မသေမျိုးလက်နက်ကို ထုတ်သုံးမလို့လား သခင်ကြီး "
အနီးနားတွင် ရှိနေကြသူများ အားလုံးမှာ ၎င်းကို မြင်သည်နှင့် မျက်နှာထားများ ပြောင်းသွားကြသည်။
" သခင်ကြီး ၊ အဲ့ဟာကို လုံးဝ ပြီးအောင် မသန့်စင်ရသေးဘူးလေ။ ဒီတိုင်းကြီး အလောတကြီး ထုတ်သုံးလိုက်ရင် အန္တရာယ် မဖြစ်သွားနိုင်ဘူးလားဗျ "
တစ်ယောက်က အကြံပေးလာ၏။
ကမ္ဘာသခင်ကြီးက ထိုသူအား တစ်ချက်ကြည့်ကာ ပြန်ပြောသည်။
" ယွဲ့ယန်ကမ္ဘာက အခုတောင် အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီလေ။ ဘာကို ထပ်ပြီး ဂရုစိုက်ရဦးမှာလဲ။ အားလုံး... ငါနဲ့ လိုက်ခဲ့ပြီးတော့ စိတ်စွမ်းအင်သွေးကြောတွေနောက်ကို ပြေးလိုက်ကြပါ။ ငါတို့ယွဲ့ယန်ကမ္ဘာရဲ့ စိတ်စွမ်းအင်သွေးကြောတွေကို ထိရဲလောက်အောင် အတင့်ရဲတာ ဘယ်ကောင်လဲဆိုတာ ကြည့်ဦးမယ် "
" ဟုတ်ကဲ့ပါ... "
ချက်ချင်းမှာပင် မရေမတွက်နိုင်သော အစွမ်းထက် ကျင့်ကြံသူများ လေထဲ ပျံတက်လိုက်ကြပြီး သူတို့၏ ကမ္ဘာသခင်ကြီး နောက်မှနေ၍ စိတ်စွမ်းအင်သွေးကြောများနောက် လိုက်သွားလိုက်ကြသည်။
ထိုစဥ် လောထျန်း ရှိနေသည့် နေရာ၌..
ဝုန်း...
ခပ်လှမ်းလှမ်း ကောင်းကင်ယံတွင် မီးတောက်များ တလူလူပေါ်လာ၏။
လောထျန်း ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်လိုက်ပြီး... ချက်ချင်းမှာပင် သူ့မျက်နှာ ဝင်းပသွားသည်။
" ဟင်... ဒါ မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြောလား။ ဒီနားလေးမှာ မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြော တကယ်ကြီး ရှိနေတာပဲ "
သူ အလွန်လည်း ဝမ်းသာပျော်ရွှင်သွား၏။
၎င်းမှာ တတိယမြောက် မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြောဖြစ်ရာ.. သူ အချိန်နဲ့နေရာ ဗိမ္မာန်အား အချိန်တိုအတွင်း သုံးကြိမ် ဖွင့်နိုင်တော့မည် ဆိုသည့် အဓိပ္ပါယ်ပါပင်။
ပျောင်ပိုင်မြို့မှ လူများအား အချိန်တိုလေးအတွင်း အချိန်နှင့်နေရာ ဗိမ္မာန်အတွင်းထဲ၌ သုံးကြိမ် ကျင့်ကြံခိုင်းမည်ဟု တွေးကာ လောထျန်း အလွန်ပျော်သွားတော့သည်။
သို့သော်... ထိုအချိန်မှာပင်..
ဝုန်း...
အစွမ်းထက်သော စိတ်စွမ်းအင်လှိုင်းလုံးကြီး နောက်တစ်ခု ထပ်ပေါ်လာပြီး ရေစိတ်စွမ်းအင်များကို သယ်ဆောင်လာသော ဧရာမ ငါးကြီးတစ်ကောင်က ဆူနာမီ လှိုင်းကြီးတစ်ခုသဖွယ် ရောက်လာပြန်သည်။
" လေးခုမြှောက်ပါလား.... "
လောထျန်း တအံ့တသြ ရေရွတ်လိုက်သည်။
သို့သော် သူ ဝမ်းသာ၍ မဆုံးခင်မှာပင် အခြားသော ကြောက်မက်ဖွယ် စိတ်စွမ်းအင် လှိုင်းလုံးကြီးများ များစွာကို ထပ်တွေ့လိုက်ရ၏။
ငါးခုမြောက်....
ခြောက်ခုမြောက်...
ဤသို့ဖြင့် တခဏအတွင်းမှာပင် ၇ ခုထက် မနည်းသော မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြောများ နေရာစုံမှ ရောက်လာကြတော့၏။
ဝုန်း...
နောက်ဆုံး ပေါ်လာသည့် ကောင်ကြီးမှာ ကောင်းကင်ကြီး တစ်ခုလုံးကိုပင် ဝါးမြိုပစ်တော့မည့်ဟန် တူသည့် မြွေဟောက်ကြီး တစ်ကောင်ဖြစ်သည်။
ထိုကောင်ကြီးမှာ အခြားသော စိတ်စွမ်းအင်သွေးကြောများထက် အရွယ်အစား ပိုကြီးကာ စိတ်စွမ်းအင်လည်း ပိုပေါကြွယ်ဝ ဟန်ပင်။
" ဒါ.... "
လောထျန်းမှာ စစချင်း ဝမ်းသာနေသေးသော်လည်း ရှေ့မှ စိတ်စွမ်းအင်သွေးကြောများကို ကြည့်ရင်း သူ့မျက်နှာထက်မှ အပြုံး ပျောက်ကွယ်သွားပြီး စိုးရိမ်မကင်းသည့် အရိပ်အယောင် ပေါ်လာသည်။
" ဒီ ယွဲ့ယန်ကမ္ဘာက ဘာလို့ အဲ့လောက်ကြောက်စရာ ကောင်းရတာလဲ။ ငါ ထွင်းစာလေး နည်းနည်းပဲရေးပြီး ခဏပဲ လုပ်လိုက်တာတောင် မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြောတွေ အဲ့လောက်အများကြီး ရောက်လာကြတယ်။ ဒီ ယွဲ့ယန်တစ်ကမ္ဘာလုံးမှာဆို.. မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြောတွေ ဘယ်လောက်တောင် ရှိနေမလဲ မသိဘူး "
" ကောင်းကင်ဘုံပျက်စီးခြင်းဆိုတာ ဒါမျိုးလား... "
" ဒီကမ္ဘာကြီးက တော်တော်ကျယ်ပြီး သဘာဝအရင်းအမြစ်တွေလဲ တကယ်ကို ပေါကြွယ်ဝတာပဲ "
လောထျန်း အသက်ပြင်းပြင်း တစ်ချက်ရှိုက်ရင်း
မျက်မှောင်ကြုံ့၍ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
" အင်း.. ဒီမှာတော့ ကြာကြာနေလို့ မဖြစ်ဘူး ။ မြန်မြန် ထွက်သွားနိုင်မှ တော်ခါကျလိမ့်မယ်။ အဲ့လို မဟုတ်ဘဲ.. ကမ္ဘာပေါ်က မသေမျိုးတွေ ရာနဲ့ချီ တိုက်ခိုက်လာရင် ငါ အန္တရာယ်ထဲ ရောက်သွားနိုင်တယ် "
သူ ထိုသို့တွေးပြီး နောက်လှည့်ထွက်ရန် ပြင်လိုက်သည်။
သို့သော်.. ထိုအချိန်တွင်..
ဝုန်း..
သူ့နောက်မှ လေထုက ရုတ်တရက် ပြိုကွဲသွားပါ၏။
" ဟင်... "
၎င်းကို ကြည့်ရင်း လောထျန်းစိတ်ထဲ လေးလံသွားတော့သည်။
ထို့နောက်တွင်မူ ပြိုကွဲနေသော လေထုကြားထဲမှ လူ
တစ်ယောက် ထွက်လာသည်။
ထိုသူမှာ ကမ္ဘာသခင်ကြီးပင်..
" အင်.... "
ကမ္ဘာသခင်ကြီးမှာလည်း ထွက်ထွက်လာချင်းပင် လေထဲတွင် ရှိနေသည့် လောထျန်းအား မြင်သွားပါ၏။
" ဒါ မင်းလက်ချက်လား.. "
သူ လောထျန်းအား စူးစူးရဲရဲ စိုက်ကြည့်ကာ ဒေါသတကြီး မေးလိုက်သည်။
လောထျန်းမှာ လူတစ်ယောက်တည်းသာ ထွက်လာသဖြင့် အနည်းငယ် စိတ်သက်သာရာ ရသွားဟန် တူကာ ဦးညွှတ်၍ ဆိုလိုက်သည်။
" ဟုတ်တယ် ၊ ကျုပ် လုပ်ခဲ့တာပါ။ ဒါပေမယ့် စိတ်မပူပါနဲ့... ဒီလောက် စိတ်စွမ်းအင်သွေးကြောတွေနဲ့ဆို ကျုပ်အတွက် လုံလောက်ပါပြီ။ ကျုပ် ဘာမှ ထပ်မလိုချင်တော့ပါဘူး "