သွေး နတ်ဘုရားပုလဲလုံးအား သန့်စင်ခြင်း
Vol. 35 Ch. 484
လောထျန်းစကားကြောင့် တဖက် ယွဲ့ယန်ကမ္ဘာမှ ကမ္ဘာသခင်ကြီး သွေးအန်လုမတတ်ပင် ဖြစ်သွားတော့သည်။
အဲ့လောက်နဲ့ လုံလောက်ပြီ..
တခြားဘာမှ မလိုချင်ဘူးတဲ့လား...
လက်ရှိတွင် ယွဲ့ယန်ကမ္ဘာ၌ ရှိသမျှသော စိတ်စွမ်းအင်သွေးကြောများအားလုံး ဤနေရာသို့ ရောက်နေကြသည်ကို သူ မသိလေရော့သလား ။
ကမ္ဘာသခင်ကြီးက လောထျန်းအား မျက်လုံးများ ပေါက်ထွက်မတတ်ပင် စိုက်ကြည့်လိုက်သည်။ သူ့မျက်နှာထားမှာလည်း အလွန်တည်နေ၏။
" ဟမ့်... ထုံရွှယ်အဆင့် ကိုး ထိပ်ဆုံးပါလား ။ ငါ့ရဲ့ အမြင်အာရုံနဲ့တောင် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ကြည့်လို့မရဘူးပဲ။ ကြည့်ရတာတော့ ဒီကောင်လေးက သာမာန် မဟုတ်ဘူးနဲ့တူတယ်။ ငါ တွေ့ဖူးသမျှထဲမှာ အစွမ်းအထက်ဆုံး ရန်သူတောင် ဖြစ်နေမလား မသိဘူး "
" အဲ့တော့ ဒီတိုင်း သာမာန်ကာလျှံကာလေးတော့ လုပ်လို့ မဖြစ်ဘူး။ အင်အားကုန်သုံးပြီး တိုက်ခိုက်မှနဲ့ တူတယ် "
ကမ္ဘာသခင်ကြီး ထိုသို့တွေးကာ လက်နှစ်ဖက်ကို စုလိုက်သည်။
ဝီ...
ချက်ချင်းမှာပင် သူ့အနောက်ဘက်မှ သွေးနီရောင် ပုလဲလုံးတစ်ခု လေထဲ တက်လာ၏။
" မသေမျိုးအစွမ်း ကိုးဆ ပေါက်ကွဲခြင်း "
ကမ္ဘာသခင်ကြီး၏ အော်သံနှင့်အတူ သူ့ကိုယ်မှ မသေမျိုးအစွမ်းကလည်း ကိုးကြိမ်တိတိ ဆက်တိုက် ပေါက်ကွဲထွက်လာသည်။
ထိုသို့ တစ်ခါပေါက်ကွဲတိုင်းလည်း သူ့ကိုယ်မှ အရောင်အဝါက သိသိသာသာပင် တိုးလာပါ၏။
" ဘာတွေ ဖြစ်နေတာလဲ "
လောထျန်းမှာ ထိုမြင်ကွင်းကို တအံ့တသြ ကြည့်ရင်း နောက်သို့ ခြေတစ်လှမ်းပင် ဆုတ်မိသွားသည်။
ယခု သူ့ရှေ့မှ လူ ထုတ်ပြနေသော အစွမ်းက နတ်ဆိုးဧကရာဇ်ကြီးထက် အစွမ်းမနိမ့်နိုင်ပါချေ။
" အင်း... ယွဲ့ယန်ကမ္ဘာက လူတွေရဲ့ အစွမ်းကို လျှော့တွက်လို့ မရဘူးပဲ။ ဒီတိုင်း ဘယ်ကမှန်းမသိ ထွက်လာတဲ့သူကတောင် အဲ့လောက် အစွမ်းထက်နေတာ။ ငါ ဒီကနေ မြန်မြန်ထွက်သွားမှ ဖြစ်မယ် "
လောထျန်း စိတ်ထဲ လေးလံသွားရသည်။
သို့သော်... သူ မသိသည်မှာ တဖက်မှ ကမ္ဘာသခင်ကြီးက မိမိကိုယ်ကို အထိခိုက်ခံပြီး ယာယီ အစွမ်းတိုးလာစေသည့် လျှို့ဝှက်နည်းကို အသုံးပြုထားသောကြောင့်သာ ထိုသို့သော အစွမ်းမျိုး ပြသနိုင်ခြင်း ဆိုသည်ကိုပင်။
ထိုသိုင်းကွက်မှာ တိုက်ခိုက်စွမ်းရည်ကို များစွာ တိုးစေနိုင်သော်ငြား ... အလွန်အန္တရာယ်များပြီး အသုံးပြုသူကို ဒုက္ခကြီးစွာ ရောက်သွားစေနိုင်ပါသည်။
သို့သော် ယွဲ့ယန်ကမ္ဘာသခင်ကြီးမှာ လက်ရှိတွင် ထိုအရာများကို ဂရုမစိုက်နိုင်ပါချေ။
အကယ်၍ လောထျန်းကသာ စိတ်စွမ်းအင်သွေးကြောများ အားလုံးကို သူနဲ့အတူ ယူသွားပါက သူတို့ ယွဲ့ယန်ကမ္ဘာ ဒုက္ခကြီးစွာ ရောက်သွားမည် ဖြစ်ပေရာ.. သူ့အတွက် အခြား ရွေးချယ်စရာ ရှိမနေပေ ။
ယခု သူ သုံးထားသည့် အစွမ်းကိုပင် လုံလောက်မှု မရှိသေးဟု ခံစားနေရပါသေးသည်။
" သွေးအစွမ်း... ပေါက်ကွဲစေ "
ယွဲ့ယန်ကမ္ဘာသခင်ကြီး ထပ်အော်လိုက်ရာ.. သူ့ကိုယ်ထဲမှ မရေမတွက်နိုင်သော သွေးကြောများ ပေါက်ကွဲထွက်သွားပြန်၏။ သူ့ကိုယ်မှ ထွက်လာသော မသေမျိုး သွေးများက သွေးနီပုလဲလုံးပေါ် ပက်ဖြန်းလိုက်သလို ဖြစ်သွားသည်။
ဝီ...
ချက်ချင်းမှာပင် သွေးနီပုလဲလုံးမှ အနီရောင်တောက်တောက် အလင်းတန်းများ လင်းလက်လာပြီး နေလုံးကြီးတစ်ခုအသွင် ဖြစ်သွား၏။
" သွေးချာကရာကိုးပါး မရီဒြာန် .... ပေါက်ကွဲစေ "
ဝုန်း.... ဝုန်း... ဝုန်း...
သူ့ကိုယ်မှ စွမ်းအင်သွေးကြောများ ဖြစ်သည့် မရီဒြာန် ကိုးခု ချက်ချင်း ပေါက်ကွဲထွက်သွားပြန်သည်။ သူ့ကိုယ်မှ မသေမျိုးအစွမ်းလည်း လှုပ်လှုပ်ရှားရှား ဖြစ်လာကာ သူ့တစ်ကိုယ်လုံး အစွမ်းလည်း တိုးလာသည်။
" ကောင်လေး... ငရဲကို သွားလိုက်တော့ "
ကမ္ဘာသခင်ကြီးက ဒေါသတကြီး ထပ်အော်ကာ သွေးနီပုလဲလုံးဖြင့် လောထျန်းအား တိုက်ခိုက်လိုက်တော့သည်။
ထိုတိုက်ခိုက်မှုမှာ နေလုံးကြီး ပေါက်ကွဲထွက်လာသလိုပါပင်။
ယွဲ့ယန်ကမ္ဘာသခင်ကြီးမှာ သူသုံးလိုက်သည့် သိုင်းကွက်အား မည်သူမှ ခုခံနိုင်လိမ့်မည် မဟုတ်ဟု ယုံကြည်ချက်အပြည့် ရှိနေပါ၏။
တဖက်မှ လောထျန်းသည်လည်း မျက်နှာထား အလွန်တည်နေပြီး လုံးဝ သတိလက်လွတ် မပြုမူရဲပါ။
ထို့နောက်တွင်မူ... လောထျန်းက လက်တစ်ဖက် ဆန့်ထုတ်ကာ သူ့ဆီ တိုးဝင်လာသော နေလုံးကြီးအား ဖိလိုက်၏။
ဝုန်း... ဝုန်း...
သူ့လက်နှင့် နေလုံးကြီး ထိမိရာမှ ထွက်ပေါ်လာသော တန်ပြန်သက်ရောက်မှုကြောင့် လောထျန်း နောက်သို့ ခြေလှမ်းနှစ်လမ်းပင် ဆုတ်လိုက်ရသည်။
သူ ခြေတစ်လှမ်း ဆုတ်လိုက်တိုင်းလည်း အသံကျယ်ကြီး ထွက်လာပါ၏။
ဤသို့ဖြင့် မကြာမီမှာပင် ပုလဲလုံးထဲမှ အစွမ်း ကုန်သွားဟန်တူကာ အားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
လောထျန်းမှာ သိုင်းကွက်ကို ကောင်းကောင်းကြီး ခံလိုက်နိုင်သော်လည်း ကျောရိုးထဲမှပင် ချမ်းစိမ့်သလို ဖြစ်သွားရပါသည်။
" ကောင်းကင်ဘုံပျက်စီးခြင်း ကိုးခုက တကယ်ကြောက်စရာ ကောင်းတာပဲ။ ဘာမှန်းမသိတဲ့ ကြုံရာလူတစ်ယောက်ကတောင် ငါ့ကို ခြေလှမ်းနှစ်လှမ်း နောက်ဆုတ်သွားရအောင် လုပ်နိုင်တယ်။ တကယ်လို့သာ အဲ့လိုအဆင့်မျိုးနဲ့ ကျင့်ကြံသူ တစ်ထောင်လောက် ရောက်လာလို့ကတော့ ငါတော့ သွားပြီကွာ။ မဖြစ်ဘူး... သူတို့ရဲ့ အဖွဲ့တွေ ရောက်မလာခင် ငါ မြန်မြန်ပြန်မှ ဖြစ်မယ် "
လောထျန်း စိတ်ထဲမှ တွေးလိုက်သည်။
သို့သော်... တဖက်မှ လူမှာ သူ အံ့သြသည်ထက်ပင် ပို၍ တုန်လှုပ်ခြောက်ခြားသွားရသည်ကိုမူ... လောထျန်းတစ်ယောက် မသိပါချေ။
" ဒါ.... "
ယွဲ့ယန်ကမ္ဘာသခင်ကြီးမှာ ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း သူ့မျက်လုံးသူ မယုံနိုင် ဖြစ်နေပါ၏။
" ယွဲ့ယန်ကမ္ဘာရဲ့ အစွမ်းထက်ဆုံး ကမ္ဘာသခင်ကြီးတစ်ယောက် ဖြစ်တဲ့ငါက ဘာကိုမှ ချန်မထားဘဲ ၊ ကိုယ့်ရဲ့ ကျင့်ကြံခြင်းကို အနစ်နာခံခဲ့ရုံတင်မကဘူး ။ ငါ့ရဲ့ သွေးအစွမ်းကိုပါ လောင်မြိုက်ပြီးတော့ ချကရာကိုးပါး မရီဒြာန်ကိုလဲ ပေါက်ကွဲအောင်လုပ်ခဲ့တယ်။ ပြီးတော့... မူလမသေမျိုးလက်နက်ကိုပါ သုံးပြီး သေလောက်တဲ့အစွမ်းနဲ့ တိုက်ခိုက်ခဲ့တာတောင် သူ့ကို ခြေနှစ်လှမ်းလောက် နောက်ဆုတ်သွားအောင်ပဲ လုပ်နိုင်ခဲ့တာလား "
" ဒါ... ဘယ်လို ဘီလူးမျိုးပါလိမ့် "
" ငါတို့ ယွဲ့ယန်ကမ္ဘာက ဘယ်လိုလူကိုမှ သွားပြီး ရန်စမိတာလဲကွာ "
ထိုအချိန်တွင်..
ဝီ..
လောထျန်းလက်ထဲ ရောက်နေသော သွေးနီပုလဲလုံးက ပြင်းထန်စွာ တုန်ခါလာသည်။
ထို့အပြင် ၎င်းမှ ထွက်နေသော မှိန်ဖျော့ဖျော့ သွေးနီရောင် အလင်းတန်းတစ်ခုကလည်း လောထျန်း၏ ကိုယ်အား တိုက်စားရန် ကြိုးစားလာသည်။
" ဟင်.... "
လောထျန်းမှာ သူ့လက်ထဲမှ သွေးနီပုလဲလုံးကို ကြည့်ရင်း အံ့သြသွားရ၏။
" ဒီဟာလေးက ဘယ်သူ့ရဲ့ ထိန်းချုပ်မှုမှ မပါဘဲနဲ့တောင် ငါ့ကို တိုက်ခိုက်ချင်နေတာလား။ ကြည့်ရတာ ဉာဏ်ရည်ရှိတဲ့ မသေမျိုးလက်နက်တစ်ခု ဖြစ်မယ်ထင်တယ်။ အဲ့လိုဆိုတော့လဲ.. ဒါကို သန့်စင်လိုက်တာ ကောင်းပါတယ်ကွာ "
လောထျန်း ထိုသို့ ရေရွတ်ပြီး လက်ကို ဆန့်ထုတ်ကာ ပုလဲလုံးအား သန့်စင်လိုက်သည်။
၎င်းကို ကြည့်နေသော တဖက်မှ ယွဲ့ယန်ကမ္ဘာသခင်ကြီး၏ မျက်လုံးထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ လင်းလာ၏။
ထိုအရာမှာ မူလမသေမျိုးလက်နက်တစ်ခု ဖြစ်သည့် နတ်ဘုရား သွေးနီပုလဲလုံး ဖြစ်ပါသည်။
၎င်းက ယွဲ့ယန်ကမ္ဘာ၏ အဖိုးအတန်ဆုံး ရတနာတစ်ခုလည်း ဖြစ်ကာ ယွဲ့ယန်ကမ္ဘာသခင်ကြီး တစ်ယောက်တည်းကသာ အသုံးပြုနိုင်ပါ၏။
သို့သော်.... ထိုအရာလေးတွင် ပြစ်ချက်တစ်ခု ရှိပါသည်။
၎င်းမှာ... ထိုပုလဲလုံးလေးက ပိုင်ရှင်အား ဝါးမြိုလိုစိတ် အလွန်ရှိခြင်းပင်။
သူတို့ ယွဲ့ယန်ကမ္ဘာ၌.... လွန်ခဲ့သော နှစ်ပေါင်း သုံးသောင်းကျော်မှ ကမ္ဘာသခင်ကြီး တစ်ယောက်မှလွဲ၍ ထိုပုလဲလုံးအား အပြီးသန့်စင်နိုင်သူ မည်သူမှ မရှိပါချေ။
ပုလဲလုံးအား အားသုံးပြီး သန့်စင်ရန် ကြိုးစားချိန်၌ ၎င်း၏ တန်ပြန်တိုက်ခိုက်မှုကို ခံရပြီး ဒဏ်ရာဆိုးဆိုးရွားရွား ရသွားသူ ကမ္ဘာသခင်ကြီး များစွာပင် ရှိခဲ့ပါသေး၏။
နောက်ဆုံးတွင်မူ ထို ကမ္ဘာသခင်ကြီးများအားလုံးက မသေမျိုး ကောင်းကင်ဘုံပျက်စီးခြင်းတွင် အသက်ဆုံးခဲ့ကြရသည်။
ယခု ယွဲ့ယန်ကမ္ဘာ၏ လက်ရှိ ကမ္ဘာသခင်ကြီးမှာလည်း နတ်ဘုရားသွေးနီ ပုလဲလုံးအား သန့်စင်ရန် ကြိုးစားနေသည်မှာ နှစ်ထောင်ပေါင်းများစွာကြာ ကြာခဲ့သည့်တိုင် ၎င်း၏ ၃၀ ရာခိုင်နှုန်းကိုသာ သန့်စင်၍ ပြီးပါသေးသည်။
ထို့ကြောင့်လည်း ပုလဲလုံးကို သုံးသည့်အချိန်၌ အစွမ်းကို အသက်သွင်းရန်အတွက် မိမိ၏ သွေးကို စွန့်လွတ်ရန် လိုအပ်ခြင်း ဖြစ်သည်။
ယခု... ထို နတ်ဘုရားသွေးနီ ပုလဲလုံးက လောထျန်းအား တိုက်စားနေသည့်ပုံ ပေါ်နေသောကြောင့် ယွဲ့ယန်ကမ္ဘာသခင်ကြီး ဝမ်းသာသွားခြင်း ဖြစ်၏။
အကယ်၍ နတ်ဘုရားသွေးနီ ပုလဲလုံးကသာ လောထျန်းအား ဒဏ်ရာရအောင် ၊ သို့မဟုတ် သေအောင် လုပ်လိုက်လျှင်... သူတို့ ယွဲ့ယန်ကမ္ဘာအတွက် ပြဿနာကြီးတစ်ခုကို ဖြေရှင်းပေးလိုက်သလို ဖြစ်သွားပေမည်။
ဝီ..
ထိုအချိန်မှာပင် လောထျန်းက သွေးနီပုလဲလုံးအား လက်တစ်ဖက်တည်းဖြင့် စတင်သန့်စင်လိုက်၏။
" ဟား ဟား... မင်းက နတ်ဘုရားသွေးနီ ပုလဲလုံးကို အဲ့လိုပုံစံနဲ့ သန့်စင်ချင်တယ်ပေါ့။ မူလမသေမျိုး လက်နက်တစ်ခုကို ဘာထင်နေလဲကွ "
ယွဲ့ယန်ကမ္ဘာသခင်ကြီးက သွေးအန်နေရင်း လှောင်ပြုံး ပြုံးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ့ကိုယ်ထဲမှ အစွမ်းကို တိတ်တဆိတ် စုစည်းပြီး အရောင်အဝါကိုလည်း ပုံမှန် ပြန်ဖြစ်အောင် လုပ်နေလိုက်ပါ၏။ သို့ဆိုလျှင်.. သွေးနီပုလဲလုံးက လောထျန်းအား တန်ပြန်တိုက်ခိုက်လာချိန်၌ သူသည်လည်း လောထျန်းအား တိုက်ခိုက်ကာ အသေသတ်နိုင်ပေလိမ့်မည်။
သို့သော်...
ဝုန်း..
ထိုအချိန်တွင် လောထျန်းဆီမှ စိတ်စွမ်းအင်များက သွေးနီပုလဲလုံးထဲသို့ ဝုန်းခနဲ စီးဝင်နေကြပြီး..
နတ်ဘုရား သွေးနီပုလဲလုံးပေါ်မှ အနီရောင် အလင်းတန်းမှာလည်း တောက်သထက် ပိုတောက်လာသည်။
ထို့နောက်တွင်မူ ပုလဲလုံးမှ အနီရောင်အလင်းတန်း လုံးဝ ပျောက်ကွယ်သွားကာ လောထျန်းရှေ့သို့ တိတ်ဆိတ်ငြိမ်သက်စွာ မျောလွင့်လာတော့၏။
" ကဲ သန့်စင်လို့ ပြီးသွားပြီ ။ ဒါကို သန့်စင်ရတာ အဲ့လောက်လဲ မခက်ပါဘူး "
လောထျန်း ပြောရင်း ယွဲ့ယန်ကမ္ဘာသခင်ကြီးဘက် လှည့်ကြည့်လိုက်သည်။
" ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
ယွဲ့ယန်ကမ္ဘာသခင်ကြီး၏ မျက်လုံးများမှာ မျက်လုံးအိမ်ထဲမှပင် ကျွတ်ထွက်တော့မယောင်... ။
လောထျန်းက နတ်ဘုရားသွေးနီပုလဲလုံးကို သန့်စင်၍ ပြီးသွားပြီတဲ့လား..
သူ ထိုအဖြစ်ကို လုံးဝ မယုံချင်ပါ..
သို့သော်... သူနှင့် သွေးနီပုလဲလုံးကြားတွင် ယခင်ရှိထားခဲ့ဖူးသော ဆက်စပ်မှုက လုံးဝ ကျိုးပျက်သွားခဲ့ပြီကို သူ ကောင်းကောင်းကြီး ခံစား၍ ရနေပါသည်။
သူသည်လည်း ထိုပုလဲလုံးအား သန့်စင်နေသူ တစ်ယောက်ဖြစ်ရာ... အခြားတစ်ယောက်က ၎င်းအား အပြီးတိုင် သန့်စင်ခြင်း မဟုတ်ပါဘဲ.. ထိုအဖြစ်မျိုး ဖြစ်လာစရာ အကြောင်းလုံးဝ မရှိပါချေ။
" မင်း... မင်း ဘယ်သူလဲ "
ယွဲ့ယန်ကမ္ဘာသခင်ကြီးက လောထျန်းအား ကြောက်ရွံ့မှုတို့ ပြည့်နေသည့် မျက်လုံးများဖြင့် မေးလိုက်သည်။
သူ့ရှေ့မှာ ထိုကောင်လေးမှာ လူသားတစ်ယောက် လုံးဝ မဟုတ်နိုင်ပေ။
ထိုကောင်လေးက နတ်ဘုရားသွေးနီ ပုလဲလုံးအား စက္ကန့်ပိုင်းလေးအတွင်း သန့်စင်၍ ပြီးသွားသည်ကို ကြည့်ခြင်းဖြင့်ပင် သူ့အစွမ်းက ပြီးခဲ့သော ယွဲ့ယန်ကမ္ဘာသခင်ကြီးများ အားလုံး၏ အစွမ်းများအားလုံး ပေါင်းခြင်းထက် ပိုသာနေသည်မှာ သိသာပေသည်။
" ကျုပ်လား... ကျုပ်က ထျန်းယွမ်ကမ္ဘာ ၊ ပျောင်ပိုင်မြို့က လောထျန်းပဲ "
လောထျန်းက မည်သည်ကိုမှ ဖုံးကွယ်မနေဘဲ အမှန်တိုင်း ပြောလိုက်၏။
" ထျန်းယွမ်ကမ္ဘာ.... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ မင်းက ထျန်းယွမ်ကမ္ဘာက... ဟုတ်လား.. "
ယွဲ့ယန်ကမ္ဘာသခင်ကြီး အလွန်အံ့သြမှင်သက်သွားရတော့သည်။
ထျန်းယွမ်ကမ္ဘာကဲ့သို့ အစွမ်းနိမ့် ကမ္ဘာငယ်တစ်ခုတွင်... ထိုသို့ ကြောက်စရာကောင်းသော ဘီလူးမျိုး ရှိနေသတဲ့လား။
ဤတစ်ကြိမ် ကမ္ဘာနှစ်ခုကြား တံခါးပေါက် ပွင့်သွားချိန်၌ ယွဲ့ယန်ကမ္ဘာသခင်ကြီး ဖြစ်သော ၊ သူ့စိတ်ထဲ အလေးနက်ပင် မထားခဲ့ပါ။ သူ့လက်အောက်မှ လူများကိုသာ မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြော ယူလာရန် လွှတ်ခဲ့ပါ၏။
သို့သော်... တဖက်ကမ္ဘာမှ လူများက သူတို့ကို တန်ပြန်တိုက်ခိုက်လာမည်ဟု လုံးဝ ထင်မထားခဲ့မိပေ။
ထို့အပြင်.. ယခု သူ့ရှေ့မှ လူက တစ်ကွက်တည်းဖြင့် သူတို့ ယွဲ့ယန်ကမ္ဘာတစ်ခုလုံးကို အပြောင်ရှင်းရန် လုပ်နေသလိုပါပင်။
၎င်းက... လက်စားချေခြင်းပေလား..
ထိုတခဏတွင် ယွဲ့ယန်ကမ္ဘာသခင်ကြီး မျှော်လင့်ချက် မဲ့သွားသလို ခံစားလိုက်ရကာ... သူ့ကိုယ်မှ ဒဏ်ရာများလည်း ရုတ်တရက် အခြေအနေ ဆိုးလာကြတော့သည်။
အု...
သူ သွေးအန်လိုက်ပြီးနောက် လေထဲမှ ပြုတ်ကျလာ၏။ သူ အသက် ရှင်သေးလား... သေသွားပြီလား ဆိုသည်မှာလည်း မသေချာပါ ။