← Chapters

တိုက်ပွဲ စပြီ

Vol. 35 Ch. 485

တိုက်ပွဲ စပြီ

Vol. 35 Ch. 485

ဤတစ်ကြိမ် အံ့သြမှင်သက်သွားရသူမှာ လောထျန်းပင်။

" ဘာဖြစ်သွားတာလဲ ။ ခင်ဗျားကလဲ ကျုပ်ကို တိုက်ခိုက်လာသေးတယ် ၊ ပြီးကျတော့လဲ ခင်ဗျားပဲ သွေးအန်ပြီး မေ့လဲကျသွားတယ်။ ဘာလဲ.. ကျုပ်ကို လှည့်စားမလို့လား "

လောထျန်း နားမလည်နိုင်စွာ မေးလိုက်သည်။

သို့သော် ယွဲ့ယန်ကမ္ဘာသခင်ကြီးမှာမူ သူ့အမေးကို ပြန်မဖြေနိုင်တော့ပါ။

ထိုအချိန်တွင် ရွှေယွဲ့ချီလည်း လောထျန်းအနား ရောက်လာပြီး ဘေးပတ်ဝန်းကျင်မှ မြင်ကွင်းကို ကြည့်ကာ အံ့သြမှင်သက်သွားရှာ၏။

" လောထျန်း ၊ ဒါတွေက.... "

လောထျန်း ခေါင်းညိတ်ပြလိုက်သည်။

" ဟုတ်တယ် ၊ ဒါတွေအားလုံးက အနီးနားမှာ ရှိတဲ့ စိတ်စွမ်းအင်သွေးကြောတွေပဲ။ ကျုပ် ဒီကောင်တွေကို အိမ်ခေါ်သွားမလို့ "

" ဟင်... "

ရွှေယွဲ့ချီ ကြက်သေ သေသွားရတော့သည်။

ဤမျှ များပြားသော စိတ်စွမ်းအင်သွေးကြောများကို အိမ်ခေါ်သွားမည်တဲ့လား ။

သူမ အနီးနားတွင် ရှိနေကြသော မရေမတွက်နိုင်သည့် အရွယ်အစားပေါင်းစုံနှင့် စိတ်စွမ်းအင်သွေးကြောများအား ထပ်ပြီး လှည့်ကြည့်လိုက်သည်။

ထို စိတ်စွမ်းအင်သွေးကြောများမှာ ကျုံ့ကျိုးဒေသ တစ်ခုလုံးရှိ စိတ်စွမ်းအင်သွေးကြောများ အားလုံးပေါင်းခြင်းထက်ပင် ပိုများနိုင်ပါသည်။

မဟုတ်သေးပါ.... ထျန်းယွမ်တစ်ကမ္ဘာလုံးရှိ စိတ်စွမ်းအင်သွေးကြောများ အားလုံး ပေါင်းလိုက်လျှင်ပင် ယခုလောက် မများနိုင်ပါ။

၎င်းတို့ အားလုံးကိုသာ အိမ်ပြန်ယူသွားမည် ဆိုပါက...

သူမ ဆက်ပင် မတွေးရဲတော့ချေ။

ထိုစဥ် လောထျန်းက ပြောလာ၏။

" ကျုပ်တို့ ဒီကနေ မြန်မြန်ခွာမှ ဖြစ်မယ်။ ဒီ ယွဲ့ယန်ကမ္ဘာက သူတွေက တော်တော်ကြီးကို အစွမ်းထက်ကြတယ်ကွ။ နောက်ထပ် အဖွဲ့တွေသာ ထပ်ရောက်လာရင် ကျုပ်တို့ ဒုက္ခရောက်သွားလိမ့်မယ် "

လောထျန်း ပြောနေရင်း ယွဲ့ယန်ကမ္ဘာသခင်ကြီး၏ တိုက်ခိုက်မှုကိုပါ ပြန်ပြောင်း တွေးမိသွား၏။

ဤ ယွဲ့ယန်ကမ္ဘာမှာ အခြေခံ ခိုင်မာလွန်းသည်ဟု ပြောရမလိုပါပင် ။

ထိုသို့သော အစွမ်းထက် ကျင့်ကြံသူမျိုး အယောက် ၁၈၀၀ ရှိသည် ဆိုလျှင်ပင် သူ နိုင်ရန် မသေချာတော့ပါချေ။

" ကောင်းပြီလေ ၊ ဒါဆို သွားကြစို့ "

ရွှေယွဲ့ချီကလည်း ထိုစကားကို ကြားသည်နှင့် ခပ်မြန်မြန်ပင် ခေါင်းညိတ်လိုက်သည်။

ကမ္ဘာနှစ်ခု ကြားမှ တံခါးပေါက် ပွင့်သည်နှင့် ယောင်ချီတွင် အရှုပ်အထွေး ဖြစ်နေမည်မှာ သေချာပေရာ သူမ ထိုအကြောင်းကို တွေးပြီး အလွန်စိတ်ပူနေခဲ့လေပြီ ။ ထို့ကြောင့်လည်း သူမ အမြန်ဆုံး ပြန်သွားကာ အခြေအနေကို ကြည့်ချင်နေခြင်းပင် ။

" ငါ့နောက် လိုက်ခဲ့ကြ "

ထိုစဥ် လောထျန်းက လက်ယမ်းပြလိုက်ရာ စိတ်စွမ်းအင်သွေးကြောများ အားလုံး သူ့နောက်သို့ စိတ်ဝင်တစား လိုက်သွားကြတော့သည်။

ရွှေယွဲ့ချီ နောက်လှည့်ကြည့်လိုက်ချိန်တွင်မူ အရွယ်အစားစုံ စိတ်စွမ်းအင်သွေးကြောများက မျက်စိတစ်ဆုံး ရှိနေကြသည်ကို တွေ့လိုက်ရ၏။

ထိုသို့သော မြင်ကွင်းမျိုးကို သူမ ဘဝတစ်လျှောက် တစ်ကြိမ်မှ မမြင်ခဲ့ဖူးပါချေ။

ဤသို့ဖြင့်... လောထျန်းနှင့် ရွှေယွဲ့ချီတို့က စိတ်စွမ်းအင်သွေးကြောများနှင့်အတူ ကမ္ဘာနှစ်ခုကြား တံခါးပေါက်ဆီသို့ ဦးတည်သွားနေချိန်တွင်..

တဖက်မှ ကမ္ဘာနှစ်ခုကြားရှိ တံခါးပေါက်ရှေ့တွင်လည်း တိုက်ပွဲ စဖြစ်နေလေပြီ။

နှစ်ဖက်လုံးမှ တိုက်ပွဲအတွက် သဘောတူညီချက်များ ရပြီးသည်နှင့် ယောင်ချီက တိုက်ခိုက်မည့်သူကို ရွေးချယ်လိုက်သည်။

" ဟင်... ဟိုနှစ်ယောက်က... "

ယောင်ချီ နတ်ဘုရားသခင်မကြီးမှာ ထျန်းယွမ်ကမ္ဘာဘက်မှ တိုက်ခိုက်မည့် လူငယ်ဆယ်ယောက်ထဲမှ နှစ်ယောက်ကို ကြည့်ရင်း မျက်မှောင်ကြုံ့သွားသည်။

" အဲ့နှစ်ယောက်က ပျောင်ပိုင်မြို့က ပါရမီရှင်တွေပါ သခင်မကြီး ။ အကြီးအကဲ ဟွာ ကိုယ်တိုင် ရွေးထားတဲ့ လူတွေပါ "

အမျိုးသမီးတစ်ယောက်က ပြန်ပြောလာသည်။

ထိုစကားကို ကြားသောအခါ နတ်ဘုရားသခင်မကြီး ပို၍ပင် မျက်မှောင်ကြုံ့သွား၏။

သူမသည် ငတုံးတစ်ယောက် မဟုတ်ပေရာ ထိုသူများ အဘယ့်ကြောင့် တိုက်ခိုက်ရန် အရွေးခံထားရသည်ကို တစ်ချက်ကြည့်ရုံဖြင့် နားလည်လိုက်ပါသည်။

အကြီးအကဲဟွာ က ပျောင်ပိုင်မြို့အား ပစ်မှတ်ထား ဖိနှိပ်ချင်နေသောကြောင့် ထိုနှစ်ယောက်အား ရွေးထားသည်မှာ အသိသာပင်။

ယခု သူတို့ ရင်ဆိုင်နေရသည့် ပြိုင်ပွဲမှာ အားလုံး၏ မျက်စိဒေါက်ထောက် စောင့်ကြည့်ခြင်းကို ခံနေရသည့် ပွဲတစ်ခုလည်း ဖြစ်ပါသည်။ အကယ်၍ ထိုနှစ်ယောက်၏ အစွမ်းနိမ့်မှုကြောင့် ရှုံးနိမ့်သွားခဲ့လျှင် ထျန်းယွမ်ကမ္ဘာအတွက် အရှက်ရစရာကြီး ဖြစ်သွားပေမည်။

သို့ဆိုလျှင် ထိုလူငယ်နှစ်ယောက်၏ နာမည်နဲ့ ဂုဏ်သတင်းသာမက ပျောင်ပိုင်မြို့၏ နာမည်ပင် အများ၏ ပါးစပ်ကြောင့် ပျက်စီးသွားနိုင်ပါ၏။

ထိုတခဏ၌ ယောင်ချီ နတ်ဘုရားသခင်မကြီးက အကြီးအကဲဟွာ အား ဒေါသငွေ့ ပါနေသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

ယခုလို အချိန်မျိုးတွင်ပင် အကြီးအကဲဟွာက တဖက်သားကို ပစ်မှတ်ထားပြီး နာမည်ပျက်အောင် စီစဥ်နေသေးသတဲ့လား...

ဤဒုက္ခကြီးသာ ပြီးသွားပါက သူမကို ဂိုဏ်းမှ ထုတ်ပယ်သင့်လေပြီ ။

တဖက်မှ အကြီးအကဲဟွာ မှာမူ ယောင်ချီ နတ်ဘုရားသခင်မကြီးက သူမအား ဒေါသထွက်နေကြောင်း သိပင် မသိရှာပါ။

ထိုအချိန်တွင် အကြီးအကဲဟွာက ကျွင့်ဟွမ်ရှေ့ ရပ်နေပြီး သူမဘက် လှည့်ကြည့်ကာ အပြုံးဖြင့် ဆို၏။

" မိန်းကလေး ဟွမ် ၊ ဒီတစ်ခေါက်တော့ ဟို ပျောင်ပိုင်မြို့က အရှုံးသမား နှစ်ယောက်ကို ပြိုင်ပွဲမှာ ဝင်ပါဖို့ စီစဥ်ထားတယ်။ ပြိုင်ပွဲ စပြီဆိုတာနဲ့ ပျောင်ပိုင်မြို့ နာမည်ပျက်သွားရအောင်ကို လုပ်ပစ်မှာ "

ကျွင့်ဟွမ်ကလည်း အပြုံးဖြင့် ပြန်ပြောသည်။

" ကျေးဇူးတင်ပါတယ် အကြီးအကဲ ဟွာ "

အကြီးအကဲဟွာ က လက်ကာပြ၍ ပြော၏။

" ကျွန်မကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ ဒါတွေအားလုံးက ဟို လောထျန်းဆိုတဲ့ ကောင်ရဲ့ အပြစ်တွေပဲ။ မြောက်ပိုင်းဒေသက ဘာမဟုတ်တဲ့ ငမွဲကောင် အရှုံးသမားကများ ရွှေယွဲ့ချီကို ထိရဲတယ်လို့။ ရွှေယွဲ့ချီက မိန်းကလေး ဟွမ်ရဲ့ အကိုဝမ်းကွဲ သဘောကျနေတဲ့သူ ဆိုတာ သူ မသိဘူးလား မသိဘူး။ ကျွန်မလဲ ဆက်ပြီး သည်းမခံနိုင်တော့တာနဲ့ ဝင်ပါလိုက်ရတာပဲလေ။ ဒါပေမယ့်... ကျွန်မတို့ အရင် သဘောတူထားတဲ့အတိုင်း... "

ကျွင့်ဟွမ်က အေးအေးဆေးဆေး ဝင်ပြောသည်။

" စိတ်မပူပါနဲ့ အကြီးအကဲဟွာ ။ ဒါတွေအားလုံး ပြီးသွားတာနဲ့ ကျွန်မရဲ့ မိသားစုရော ၊ ကျွန်မအကိုရဲ့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းရောက အကြီးအကဲကို မသေမျိုးအဆင့် သိုင်းကျင့်စဥ်တွေ တစ်ခုစီ ပေးမှာပါ။ ပြီးတော့ ရွှေယွဲ့ချီကို တင်တောင်းတဲ့ ပစ္စည်းတွေထဲမှာလဲ မသေမျိုးအဆင့် သိုင်းကျမ်း နှစ်အုပ် ပါဦးမှာ "

အကြီးအကဲဟွာ၏ မျက်လုံးများ ပျော်ရွှင်မှုကြောင့်

အရောင်လက်သွားပြီး ခေါင်း အမြန်ညိတ်ပြလိုက်သည်။

" ဒါပေါ့... ဒါပေါ့... "

သူတို့နှစ်ဦး ထိုသို့ ပြောနေကြစဥ်မှာပင်..

ဝုန်း..

ယွဲ့ယန်ကမ္ဘာဘက်ရှိ လူငယ်ဆယ်ယောက်ထဲမှ တစ်ယောက်က စိတ်မရှည်နိုင်တော့ဟန်ဖြင့် လေထဲ ပျံတက်သွားကာ တိုက်ပွဲစင်မြင့်ထက်သို့ ဝုန်းခနဲ ဆင်းသက်လာ၏။

" ထျန်းယွမ်ကမ္ဘာက လူတွေ ၊ အချိန်ဆွဲနေတာက မင်းတို့အတွက် မကောင်းဘူးနော်။ ယွဲ့ယန်ကမ္ဘာ ၊ ကွေ့ကျိုးဂိုဏ်းက ကျုပ် ၊ ကွေ့ချန်က ထျန်းယွမ်ကမ္ဘာက ပါရမီရှင် ဆိုတဲ့သူတွေရဲ့ အစွမ်းဘယ်လောက်ရှိတယ်ဆိုတာကို သိချင်နေတာ ကြာလှပြီ။ တကယ်လို့ မင်းတို့ဘက်က ကြောက်နေတယ်ဆိုရင် ၊ ကျုပ် လက်တစ်ဖက်တည်းနဲ့ပဲ တိုက်ခိုက်ပါ့မယ် "

ကွေ့ချန်က ထိုသို့ပြောပြီး အပြုံးဖြင့် လက်တစ်ဖက်ပင် နောက်ပစ်လိုက်ပါသေးသည်။

သူ့ကိုကြည့်ရင်း ထျန်းယွမ်ကမ္ဘာမှ လူများ အုန်းအုန်းကြက်ကြက် ဖြစ်သွားကြသည်။

" တောက်... ဒီကောင်လေးက တော်တော်လေး သွေးနားထင် ရောက်နေတာပဲ။ တစ်ယောက်ယောက် သူ့ကို သွားသတ်လိုက်စမ်းပါကွာ "

" အဲ့ကောင်ကို အနိုင်ယူနိုင်တဲ့ ဘယ်သူ့ကိုမဆို အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး တစ်သန်းပေးမယ်ကွာ "

အားလုံး ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

ထိုစဥ် ယောင်ချီ နတ်ဘုရားသခင်မကြီးက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ရှေ့မှ လူငယ်များကို ကြည့်ကာ အသံကျယ်ဖြင့် အော်ပြောလိုက်၏။

" အဖွဲ့နှစ်ဖွဲ့ ရင်ဆိုင်တိုက်ခိုက်တဲ့ အချိန်မှာ ကိုယ့်ဘက်က လက်ဦးမှု ရထားဖို့ မဖြစ်မနေ လိုတယ်။ ဒါ့ကြောင့်မို့ ပထမဆုံးပွဲက အင်မတန်ကို အရေးကြီးတယ်။ အခု ဘယ်သူထွက်ပြီး တိုက်ခိုက်ချင်လဲ "

ထိုစကားကို ကြားသောအခါ လူငယ်များစွာ၏ မျက်နှာထားများ တင်းသွားကြသည်။

သို့သော်... လောရုံနှင့် ခပ်တောင့်တောင့် လူငယ်တစ်ယောက်က တစ်ပြိုင်နက်တည်း ရှေ့ထွက်လာကြပါ၏။

" ကျုပ် တိုက်မယ် "

" ကျုပ် သွားမယ် "

သူတို့နှစ်ယောက် တစ်ပြိုင်နက်တည်းနီးပါး ပြောလိုက်ကြသည်။

ထိုသို့ ပြောပြီးသည်နှင့် သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြ၏။

ခပ်တောင့်တောင့် လူငယ်က လောရုံကို ကြည့်ကာ မျက်မှောင်ကြုံ့ရင်း မေးသည်။

" သခင်လေးက..... "

" မြောက်ပိုင်းဒေသ ၊ ပျောင်ပိုင်မြို့က လောရုံပါ "

လောရုံက ပြန်ဖြေသည်။

" မြောက်ပိုင်းဒေသ ဟုတ်လား... "

တဖက်လူငယ် အံ့အားသင့်သွားပြီး မျက်နှာမသာမယာဖြင့် ပြော၏။

" အဓိပ္ပါယ်မရှိလိုက်တာ... မြောက်ပိုင်းဒေသက လူတွေက ဘာလို့ ခုလိုပွဲမျိုးမှာ ဝင်ပါနေရတာလဲ။ မင်း သေချင်နေတာလား "

" မင်း ဘာပြောလိုက်သည် "

လောရုံ ချက်ချင်း မျက်နှာကြီး သုန်မှုန်သွားသည်။

တဖက်လူက နှာခေါင်းရှုံ့၏။

" ငါပြောတာ မှားလို့လား။ မြောက်ပိုင်းဒေသဆိုတာ ဒီ ထျန်းယွမ်ကမ္ဘာမှာ အစွမ်းအနိမ့်ဆုံး ဒေသမှန်း အားလုံး သိကြတယ်လေ။ ပျက်စီးနေတဲ့ အရှေ့ပိုင်းဒေသကတောင် မင်းတို့ထက် ပိုအစွမ်းထက်သေးတယ်။ ဒါနဲ့များတောင် ခုလို အဆင့်ရှိတဲ့ တိုက်ပွဲမျိုးမှာ ဝင်ပါဦးမယ်တဲ့။ ထားပါ.. ဝင်ပါတာလောက်ထိကို လက်ခံလို့ရသေးတယ်။ ဒါပေမယ့် ဒီ ပထမဆုံးပွဲက အင်မတန် အရေးကြီးတယ်ကွ။ နတ်ဘုရားသခင်မကြီး ပြောသွားတာ မကြားလိုက်ဘူးလား "

လူငယ်က ထိုသို့ ပြောနေရင်း ယောင်ချီနတ်ဘုရားသခင်မကြီးဘက် လှည့်၍ ဦးညွှတ်အရိုအသေပေးလိုက်ပြီးမှ စကားဆက်သည်။

" နတ်ဘုရားသခင်မကြီး ၊ ကျုပ်က မိုးကြိုးငါးသွယ်ဂိုဏ်းက လိုင်ကွမ်မင်ပါ ။ ကျေးဇူးပြုပြီးတော့ ပထမဆုံး တိုက်ပွဲကို ကျုပ်ကို တိုက်ခိုက်ခွင့် ပြုပါ "

ယောင်ချီ နတ်ဘုရားသခင်မကြီးက လူငယ်အား ကြည့်လိုက်ပြီးနောက် လောရုံဘက် တစ်ချက် ထပ်ကြည့်ပြီးမှ ခေါင်းညိတ်ပြလိုက်သည်။

" ကောင်းပါပြီ ။ ခုလို အားတက်သရော ဝင်ပါပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "

လိုင်ကွမ်မင်၏ မျက်လုံးများ အရောင်လက်သွား၏။

" ကျေးဇူးတင်ပါတယ် နတ်ဘုရားသခင်မကြီး "

သူက ထိုသို့ပြောပြီးနောက် လောရုံဘက် တစ်ချက်လှည့်ကြည့်ကာ တိုက်ပွဲစင်မြင့်ပေါ် ပြေးတက်သွားသည်။

လောရုံမှာ ၎င်းကို ကြည့်ရင်း မျက်မှောင်ကြုံ့သွားပြီး နောက်သို့ အသာဆုတ်လိုက်ရ၏။

" ဟား ဟား... နင်က ပြဿနာ တော်တော်ရှာတာပဲ "

ထိုစဥ် ကျွင့်ဟွမ်က သူ့ကို ကြည့်ရင်း အပြုံးဖြင့် ပြောလာသည်။

" နင့်ပါးစပ် ပိတ်ထား "

လောရှောင်ရှောင်းက သူမအား အေးစက်စက်မျက်လုံးများဖြင့် ပြန်ကြည့်ရင်း ပြော၏။

" နင် ဘာပြောလိုက်တယ်.. "

ကျွင့်ဟွမ်တစ်ယောက် ဒေါသူပုန် ထသွားသည်။

သို့သော် ထိုအချိန်မှာပင်..

" နှစ်ယောက်လုံး စိတ်လျှော့ကြပါဗျာ။ ခုချိန်က အချင်းချင်း ပြဿနာဖြစ်နေရမယ့် အချိန်မဟုတ်ဘူး။ မကျေနပ်တာ တစ်ခုခု ရှိရင်လဲ ယွဲ့ယန်ကမ္ဘာနဲ့ ပြဿနာ ပြီးသွားမှ ရှင်းကြ "

တစ်ယောက်က ပြောလာ၏။

ကျွင့်ဟွမ်မှာ စစချင်း ဒေါသတကြီး ပြန်ရန်တွေ့ရန် ပြင်လိုက်သေးသော်လည်း စကားပြောလာသူကို တွေ့သည်နှင့် ချက်ချင်း ပါးစပ်ပိတ်သွား၏။

အဘယ့်ကြောင့်ဆိုသော် ဝင်တားလာသူက.. ထျန်းယွမ်ကျောင်းတော်မှ ရှန့်မူချန် ဖြစ်နေသောကြောင့်ပင်။

" ကောင်းပါပြီ ၊ အကိုရှန့်ရဲ့ မျက်နှာကို ထောက်ပြီး ကျွန်မ ဒီတစ်ကြိမ် သည်းခံလိုက်ပါမယ် "

သူမ ထိုသို့ပြောကာ ပါးစပ်ပိတ်သွားတော့သည်။

ရှန့်မူချန်က ခေါင်းအသာ ညိတ်လိုက်ပြီးနောက် ၊ လောရုံနှင့် လောရှောင်ရှောင်းဘက် လှည့်ကြည့်၍ မျက်မှောင်ကြုံ့ရင်း တီးတိုးပြော၏။

" မင်းတို့နှစ်ယောက် အလှည့်စားခံလိုက်ရတာနဲ့တူတယ် ။ ဒီ ပြိုင်ပွဲက အင်မတန်ကို အန္တရာယ်များတယ်ကွ။ မင်းတို့ မတိုက်ခိုက်ချင်ဘူးဆိုရင် ပြိုင်ပွဲက နှုတ်ထွက်လို့ရအောင် ငါ စီစဥ်ပေးမယ် "

All Chapters