အခန်း (၄၈၆)
Vol. 35 Ch. 486
ရှန့်မူချင်း၏ စကားကို ကြားသောအခါ လောရှောင်ရှောင်းက အေးစက်စက် ပြန်ပြောလိုက်သည်။
" ခုလို ကျွန်မတို့ဘက်ကို တွေးပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မလိုပါဘူး "
လက်ရှိတွင်အားလုံးက ပျောင်ပိုင်မြို့အား အထင်သေး အမြင်သေး ကြည့်နေကြသဖြင့် သူမ အလွန်ဒေါသထွက်နေပါ၏။ အကယ်၍သာ ယခုချိန် သူမ ပြိုင်ပွဲမှ နှုတ်ထွက်လိုက်ပါက ပျောင်ပိုင်မြို့အတွက် အရှက်ရစရာကြီး ဖြစ်သွားပေလိမ့်မည်။
ထိုသို့သော အခြေအနေမျိုးတွင် သူမ မည်သို့ နှုတ်ထွက်ရပါမည်နည်း။
" အကိုရှန့် ၊ အကိုက စေတနာနဲ့ ပြောပေးပေမယ့် သူတို့က အဲ့ဒါကိုလဲ နားလည်တဲ့ပုံ မပေါ်ပါဘူး။ နောက်ကျ တိုက်ပွဲစင်မြင့်ပေါ်မှာ ခွေးလိုနွားလို အရိုက်ခံရမှ ငိုနေကြမှာ "
ကျွင့်ဟွမ်က လှောင်ပြုံးဖြင့် ပြောလိုက်သည်။
" ကျွင့်ဟွမ် ၊ နင် ဒီနေ့ ထမင်းမစားဘဲ ချီးပဲ စားလာတာလား။ နင့်ပါးစပ် ဟလိုက်တိုင်း ဘာလို့ ချီးတွေပဲ ထွက်လာတာလဲ "
လောရှောင်ရှောင်းက ဒေါသတကြီး ပြောလာ၏။
" နင်.... တော်တော်ရိုင်းတာပဲ "
ယခင်ကတည်းက အလွန်မောက်မာသူ တစ်ယောက်ဖြစ်သည့် ကျင့်ဟွမ်မှာလည်း ထိုစကားကြောင့် ဒေါသူပုန် ထသွားတော့သည်။
သို့သော်.. ထိုအချိန်မှာပင် ..
" အားလုံး ပါးစပ်ပိတ်ထားကြ။ ခုချိန်က အချင်းချင်း ပြဿနာ တက်ကြရမယ့်အချိန် မဟုတ်ဘူး။ ဒီမှာ တိုက်ပွဲ စတော့မှာ မမြင်ဘူးလား "
ထိုစဥ် ချင်းရှောင်ရှန်က လေသံမာမာဖြင့် အော်လာသည်။
ကျွင့်ဟွမ်တစ်ယောက် ဒေါသတကြီး လှည့်ကြည့်လိုက်၏။
" ဟမ့်... ငါ့ကို အဲ့လိုစကားမျိုး သုံးပြီး အော်ရဲတယ်ပေါ့လေ "
လောရှောင်ရှောင်းကလည်း နှုတ်ခမ်းမဲ့သွားပြီး လှည့်ကြည့်သည်။
ထိုစဥ် လောရုံမှာ ၎င်းကို ကြည့်ရင်း အံ့အားသင့်သွားရပါ၏။
လောရှောင်ရှောင်းသည် ယခင်ကဆိုလျှင် အလွန်အရှက်အကြောက် ကြီးပြီး စကားလည်း ကောင်းကောင်းမပြောတတ်ပါချေ။
ကြည့်ရသည်မှာ... ယခင်တစ်ကြိမ် အချိန်နှင့်နေရာ ဗိမ္မာန်ထဲ၌ တစ်ကိုယ်တည်း ကျင့်ကြံခဲ့စဥ်က သူမ အတွေ့အကြုံများစွာ ရခဲ့ဟန်ပင်။
ဗိမ္မာန်ထဲမှ ထွက်လာပြီးနောက် သူမ ကျင့်ကြံခြင်း အဆင့်တက်လာရုံမက အကျင့်စရိုက်လည်း ပိုရဲတင်းလာလေပြီ ။
သို့သော် ထိုအချိန်တွင် တိုက်ပွဲစင်မြင့်ထက်မှ တိုက်ပွဲစကြောင်း အချက်ပေးသည့် အသံ ထွက်လာသဖြင့် လောရုံ အာရုံပြောင်းသွားကာ လှည့်ကြည့်လိုက်သည်။
ဝုန်း...
ထိုစဥ် စင်မြင့်ပေါ်တွင် ရှိနေသော လိုင်ကွမ်မင်က တဖက်လူငယ်ကို ကြည့်ကာ အေးစက်စက်ပြော၏။
" ထျန်းယွမ်ကမ္ဘာက... ကောင်းကင်ဘုံအဆင့် ၃ ကျင့်ကြံခြင်းရှိတဲ့ ကျုပ် လိုင်ကွမ်မင် တိုက်ခိုက်ဖို့ အသင့်ပဲ "
သူ့စကားဆုံးသည်နှင့် လူအုပ်ထံမှ တီးတိုးပြောသံများ ထွက်လာသည်။
" လိုင်ကွမ်မင်က အသက်တစ်ရာအောက်ပဲ ရှိသေးတာတောင် ကောင်းကင်ဘုံအဆင့် ၃ ကို ရောက်နေပြီတဲ့လား။ တော်တော် တော်တဲ့ကောင်လေးပဲကွ "
" ဒါပေါ့ကွ ၊ ဟိုး လွန်ခဲ့တဲ့ နှစ် သုံး၊လေး ဆယ်လောက်ထဲက သူက ကျုံ့ကျိုးဒေသရဲ့ လူငယ်မျိုးဆက်တွေကြားမှာ နာမည်ကြီးပဲလေ။ ဒါပေမယ့် အဲ့နောက်ပိုင်းမှာတော့ သူက တောင်ပိုင်းဒေသက ဟွမ်ဖူယွီနဲ့ တွေ့ပြီး ရှုံးသွားခဲ့သေးတယ်။ အဲ့ဒါကြောင့်မို့လည်း သူ ဒဏ်ရာတွေ ပြန်ကောင်းလာအောင် အချိန်တွေအကြာကြီး ယူခဲ့ရတာ။ မဟုတ်ရင် ခုချိန် သူ့အောင်မြင်မှုတွေက ပိုကြီးနေလောက်ပြီ "
တိုက်ပွဲစင်မြင့် အခြားတဖက်တွင်ရှိသော ကွေ့ချန်က လိုင်ကွမ်မင်၏ မိတ်ဆက်စကားကို နားထောင်ပြီးနောက် မထူးခြားဟန်ဖြင့် လက်ယမ်း၍ ဆို၏။
" ငါ့ကို အဲ့ဒါတွေ လာပြောမနေစမ်းပါနဲ့။ ဘာမဟုတ်တဲ့ အမှိုက်တွေကို ငါ မှတ်မိမှာလဲ မဟုတ်ဘူး "
" မင်း ဘာပြောလိုက်တယ် "
လိုင်ကွမ်မင်၏ မျက်လုံးထဲ အေးစက်စက် အလင်းတန်းနှစ်ခု လင်းလက်သွားကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
တဖက်မှ ကွေ့ချန်က လက်တစ်ဖက် နောက်ပစ်ထားရင်းဖြင့်ပင် ဆက်ပြော၏။
" တိုက်မယ်ဆို တိုက်ခိုက်လေ "
" မင်း... "
ကွေ့ချန်က သူ့အား ထိုသို့ အထင်သေးပုံဖြင့် ကြည့်နေသည့်အတွက် လိုင်ကွမ်မင်၏ မျက်လုံးထဲ ဒေါသအရိပ်အယောင်များ လက်သွားတော့သည်။
" ဟားဟား.. သိုင်းကွက် သုံးကွက်တည်းနဲ့ မင်းရဲ့ နောက်လက်တစ်ဖက် ထုတ်သုံးရအောင် လုပ်ပေးမယ် "
လိုင်ကွမ်မင် ထိုသို့ပြောကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ဝုန်း..
သူ့ကိုယ်တွင် ခရမ်းရောင် လျှပ်စီးအလင်းတန်းများ ဖျတ်ခနဲ လက်လာ၏။
" ဟင်... အဲ့ဒါ ဘာကြီးလဲ "
" အဲ့ဒါ လိုင်ကွမ်မင်ရဲ့ ထူးခြားတဲ့ခန္ဓာကိုယ် ဖြစ်တဲ့ ၊ မိုးကြိုးနတ်ဘုရား ခန္ဓာကိုယ်ပဲကွ။ သူက အဲ့အကွက်ကြောင့်ပဲ နာမည်ကြီးလာတာလေ "
အားလုံး၏ ချီးကျူးစကားများကို နားထောင်နေသော လိုင်ကွမ်မင်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။
" သေဖို့သာ ပြင်စမ်း "
လိုင်ကွမ်မင်၏ ခန္ဓာကိုယ်က လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းသွားကာ ကွေ့ချန်ဆီသို့ တိုးဝင်သွားသည်။
ထို့နောက်တွင်မူ လူနှစ်ယောက် ထိပ်တိုက်တွေ့သွားပြီး ခဏအကြာမှာပင် လူချင်း ပြန်ကွဲသွားပါ၏။
လိုင်ကွမ်မင်က အံ့သြတုန်လှုပ်နေသော မျက်လုံးများဖြင့် တိုက်ပွဲစင်မြင့် အစွန်းတစ်ဖက်တွင် ရပ်လိုက်သည်။
" ဟေ့... ဒါ မင်းရဲ့ လက်လား "
သူ့ အနောက်ဘက်မှ ကွေ့ချန်၏ လှောင်ပြောင်သံ ထွက်လာ၏။
ဗျစ်...
တစ်ချိန်တည်းမှာပင် လိုင်ကွမ်မင်၏ ပုခုံးမှ သွေးများ ပန်းထွက်လာသည်။
အားလုံးမှာလည်း ထိုအချိန်မှသာ လိုင်ကွမ်မင်၏ လက်က ပုခုံးရင်းမှ ပြတ်နေသည်ကို သတိထားမိသွားကြ၏။
ထိုလက်မှာကား ကွေ့ချန်၏ လက်ထဲ ရောက်လျက်..
" မင်းက သိုင်းကွက် သုံးကွက်တည်းနဲ့ ငါ့ရဲ့ လက်နောက်တစ်ဖက်ကိုပါ ထုတ်သုံးရအောင် လုပ်မှာ.. ဟုတ်လား။ ဒါပေမယ့် ငါက သိုင်းကွက် တစ်ကွက်တည်းနဲ့ မင်းလက်တစ်ဖက်ကို ပြတ်အောင် လုပ်လိုက်နိုင်တယ်နော် "
ကွေ့ချန်က အပြုံးဖြင့် ဆိုသည်။
သို့သော်... လိုင်ကွမ်မင်အတွက်မူ သူ့အပြုံးက သရဲတစ်ကောင်လိုပါပင် ။
" ကျုပ်.. ကျုပ် အရှုံးပေးပါတယ် "
လိုင်ကွမ်မင် အသံတုန်တုန်ဖြင့် ပြောလိုက်တော့သည်။
ထိုစကားတစ်ခွန်းတည်းကို တိုက်ပွဲစင်မြင့် နှစ်ဖက်မှ တုန့်ပြန်ပုံများ မတူကြပါချေ။
ယွဲ့ယန်ကမ္ဘာဘက်၌ အော်ဟစ်အားပေးသံများ မိုးချုန်းသံလို ဆူညံနေသလောက်...
တဖက် ထျန်းယွမ်ကမ္ဘာဘက်မှ လူများမှာမူ မျက်နှာများ ဆိုးရွားစွာ ပျက်နေတော့၏။
" ဟား ဟား... ထျန်းယွမ်ကမ္ဘာက လူတွေ... မင်းတို့ ထျန်းယွမ်ကမ္ဘာရဲ့ ပါရမီရှင်ဆိုတာ အဲ့လိုလား။ မင်းတို့ပါရမီရှင်ကလဲ ငါတို့အတွက်တော့ အမှိုက်နဲ့ မခြားပါလားကွာ "
ထိုစဥ်မှာပင် ကွေ့ချန်က လှောင်ပြုံးဖြင့် ထပ်ပြောလာသည်။
" ဒီကောင်တော့ကွာ... "
ထျန်းယွမ်ကမ္ဘာမှ လူများက ကွေ့ချန်အား ဒေါသတကြီး လှမ်းကြည့်လိုက်ကြသည်။ သို့သော် သူတို့ မည်သို့မှလည်း ပြန်မပြောနိုင်ကြပေ။
တိုက်ပွဲစင်မြင့်အောက်တွင် ရှိနေသော ရှန့်မူချင်းမှာလည်း မျက်မှောင်ကြုံ့သွား၏။
" အကိုချင်း ၊ ခုနက သေချာ မြင်လိုက်လား "
သူ မေးလိုက်သည်။
သူ့ဘေးမှ ချင်းရှောင်ရှန်က ခေါင်းညိတ်၏။
" အင်း... သူ့ရဲ့ ခန္ဓာကိုယ်က ဒဏ္ဍာရီကျော် ဝိဥာဥ်ခန္ဓာကိုယ်နဲ့ တူတယ်။ သူက ဝိဥာဥ်အစွမ်းကို သုံးပြီးတော့မှ လိုင်ကွမ်မင်ရဲ့ လက်ကို ဖြတ်ပစ်ခဲ့တာပဲ။ အဲ့လို ခန္ဓာကိုယ်မျိုးက ထူးဆန်းတယ် ဆိုပေမယ့် ကိုင်တွယ်ဖို့ မဖြစ်နိုင်တာတော့လဲ မဟုတ်ဘူး "
" ဒါဆို အကိုသွားမလား ၊ ကျုပ် သွားလိုက်ရမလား "
ရှန့်မူချင်း ထပ်မေးလိုက်သည်။
ချင်းရှောင်ရှန်က ပြန်ပြောရန် ပြင်လိုက်စဥ်မှာပင်.. သူတို့အနောက်ဘက်မှ လူတစ်ယောက်က ပြောလာပါ၏။
" အဲ့ကောင်ကို ကျုပ်တာဝန် ထားလိုက်ပါ "
စကားသံဆုံးသည်နှင့် လူတစ်ယောက် ရုတ်တရက် ပေါ်လာသည်။
ထိုသူကို မြင်သည်နှင့် ကျွင့်ဟွမ်တစ်ယောက် ရုတ်ချည်း ဝမ်းသွားဟန် တူပြီး စိတ်လှုပ်ရှားစွာ ပြော၏။
" အကိုရော ဒီကို ရောက်နေတာလား "
အားလုံးမှာလည်း အသံလာရာဘက်သို့ လှည့်ကြည့်လာကြပြီး တအံ့တသြ ဖြစ်ကုန်ကြသည်။
အသစ်ရောက်လာသူမှာ ကျွင့်ဟွမ်၏ အကိုဝမ်းကွဲ ဖြစ်သူ ၊ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းမှ နတ်ဘုရားသားတော် ပင် ။
နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းမှာ မြင့်မြတ်နယ်မြေတစ်ခု ဖြစ်သော်လည်း လျှို့ဝှက်စွာသာ လှုပ်ရှားလေ့ရှိပြီး လူအများနှင့်လည်း အဆက်အသွယ် သိပ်မလုပ်ကြပါချေ။
သူတို့ဂိုဏ်း၏ နတ်ဘုရားသားတော်ဖြစ်သော မင်ထျန်းဟွေ့မှာလည်း အလွန်လျှို့ဝှက်သည်ဟု နာမည်ကျော်ကာ လူရှေ့ အလွန်ထွက်ခဲလှပါ၏။
ထို့ကြောင့်လည်း သူနှင့်ပတ်သက်၍ ကောလဟာလပေါင်းစုံကို လူများ ကြားဖူးခဲ့ကြသည်။
အချို့လူများက သူ့အား ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးဟု ပြောကြသလို..
အချို့ကလည်း ဘယ်နေရာတွင်မှ သုံးစားမရသည့် အလကားလူတစ်ယောက်သဖွယ် ပြောကြပါ၏။
ယနေ့တွင်ကား... သူ့ကို အားလုံး မြင်တွေ့ခွင့် ရလိုက်ကြလေပြီ ။
" ဟင်... အကိုမင် ပါလား ။ အကို ဒီကောင့်ကို ကိုင်တွယ်နိုင်တာ သေချာရဲ့လားဗျာ "
ရှန်းမူချန်က အပြုံးဖြင့် မေးလိုက်သည်။
" ဟမ့်.... ငါက မင်းလို ကြွက်တစ်ကောင် မဟုတ်ဘူးကွ. "
မင်ထျန်းဟွေ့က ထိုသို့ပြောကာ တိုက်ပွဲစင်မြင့်ဆီသို့ ခြေတစ်လှမ်း တိုးလိုက်သည်။
" ဟင်.... "
အားလုံးမှာလည်း မောက်မာပုံ ပေါက်လှသော သူ့လေသံကြောင့် အံ့သြမှင်သက်သွားကြ၏။
ဤသို့ဖြင့် မကြာခင်မှာပင် မင်ထျန်းဟွေ့တစ်ယောက် တိုက်ပွဲစင်မြင့်ပေါ် ရောက်သွားသည်။
ထိုစဥ် ကျွင့်ဟွမ်က နှုတ်ခမ်းတွန့်ရုံ ပြုံးကာ လောရှောင်ရှောင်းဘက် လှည့်ကြည့်လိုက်၏။
" တကယ့် ပါရမီရှင်အစစ်က ဘယ်လိုဆိုတာ သေချာကြည့်ထားနော်။ တိုက်ပွဲကွင်းပြင်ကနေ အကြောက်ကြီး ကြောက်ပြီး ထွက်ပြေးသွားတဲ့ မင်းတို့ရဲ့ သခင်လေး ဆိုတဲ့ကောင်က ငါ့အကိုဝမ်းကွဲနဲ့ ယှဥ်နိုင်မယ် ထင်လို့လား "
" ပါးစပ်ပိတ်ထားစမ်း ၊ အပျက်မ "
လောရှောင်ရှောင်းက အေးစက်စက် ပြန်ပြောလိုက်သည်။
" နင်.... "
ကျွင့်ဟွမ်မှာ ဒေါသတကြီး ပြန်ဆဲရန် ပြင်လိုက်သေးသော်လည်း ထိုစဥ်တွင် တိုက်ပွဲစင်မြင့်ထက်မှ တိုက်ပွဲက စနေပြီ ဖြစ်သဖြင့် မည်သို့မှ မပြောနိုင်ဘဲ စင်မြင့်ဘက်သို့ အကြည့်လွှဲ၍ နေလိုက်ရ၏။
မင်ထျန်းဟွေ့က စင်မြင့်ပေါ်သို့ ရောက်ရောက်ချင်းမှာပင် မည်သည့်စကားမှ မဆိုဘဲ တိုက်ခိုက်လိုက်သည်။
သို့သော်.. သိုင်းကွက် သုံးကွက် သုံးပြီးသွားသည့်တိုင် သူ့အစွမ်းက သာမာန်ပါပင် ။
" ဟင်... ဘာတွေ ဖြစ်နေတာလဲ "
ရှန့်မူချင်း အံ့အားသင့်သွားရကာ ချင်းရှောင်ရှန်ဘက် လှည့်ကြည့်လိုက်သည်။
ချင်းရှောင်ရှန်မှာလည်း နားမလည်နိုင် ဖြစ်နေဟန် တူပါ၏။
" ဒါ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းရဲ့ နတ်ဘုရားသားတော် တဲ့လား။ သူ့အရောင်အဝါက အားနည်းနေပြီးတော့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကလဲ မတည်ငြိမ်ဘူး ။ သူက စိတ်စွမ်းအင်ဆေးပင်တွေနဲ့ ရှားပါး ရတနာတွေ သုံးပြီးတော့ ဒီကျင့်ကြံခြင်းအဆင့်ကို ရအောင် လုပ်ခဲ့တာလား။ ပြီးတော့ သူ့ရဲ့ သိုင်းကွက်ကလဲ ပြဿနာ နည်းနည်းရှိနေတဲ့ပုံ ပေါ်နေတယ်။
သူ သိုင်းကွက်တွေကို လုံးဝ ကျွမ်းကျွမ်းကျင်ကျင် မဖြစ်သေးတာ အသိသာကြီးပဲကွာ။ ဒီ အဆင့်မျိုးနဲ့ဆို ငါတို့ ဝူလျန်နန်းတော်ရဲ့ အတွင်းတပည့်တစ်ယောက်တောင် ဖြစ်လာနိုင်မှာ မဟုတ်ဘူး ။ သူ ထပ်ရှုံးတော့မယ်နဲ့ တူပါတယ်ကွာ "
ချင်းရှောင်ရှန် မျက်နှာအနည်းငယ် ပျက်သွားသည်။
သူတို့ဘက်မှသာ တိုက်ပွဲ နှစ်ပွဲဆက် ရှုံးနိမ့်သွားခဲ့ပါက ထျန်းယွမ်ကမ္ဘာ၏ မျက်နှာကို မည်သို့ ပြရပါတော့မည်နည်း။
" ဟား ဟား... ထျန်းယွမ်ကမ္ဘာက အသုံးမကျလွန်းတော့ ခုဘို အရူးမျိုးကိုတောင် စင်ပေါ် လွှတ်လိုက်တာပဲ။ အစကတော့ ငါက သူ့ကို နည်းနည်းတောင် ကြောက်နေသေးတာ။ ကောင်လေး... သွားသေလိုက်တော့ကွာ "
တဖက်မှ ကွေ့ချန်၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု လက်သွားပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်၏။
သူ့အနောက်ဘက်၌ တံစဥ်တစ်ခု ကိုင်ထားသော အရိပ်တစ်ခု ရုတ်ချည်း ထွက်ပေါ်လာသည်။
" ဟင်.. အဲ့အရိပ်က စောနက လိုင်ကွေ့မင်ရဲ့ လက်ကို ဖြတ်ပစ်ခဲ့တဲ့ကောင် မဟုတ်လား "
ရှန့်မူချန် ပြောလိုက်သည်။
ထိုအရိပ်ကသာ တံစဥ်ဖြင့် တိုက်ခိုက်လာလျှင်... လက်ရှိ မင်ထျန်းဟွေ့၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ဆိုပါက အလွယ်တကူ သေသွားပေလိမ့်မည်။
သို့သော်... အားလုံး ထင်မှတ်မထားစဥ်မှာပင်..
ဝုန်း..
ကွေ့ချန်တစ်ယောက် တိုက်ခိုက်လုဆဲဆဲ၌.. မင်ထျန်းဟွေ့၏ အရောင်အဝါ ရုတ်တရက် တိုးလာပြီး ကွေ့ချန်အား လက်နောက်ပြန် ရိုက်လိုက်၏။
ဘုန်း..
အသံကျယ် တစ်သံနှင့်အတူ ကွေ့ချန်တစ်ယောက် နောက်သို့ လွင့်ထွက်သွားကာ သွေးများအန်သွားတော့သည်။
ကွေ့ချန်တစ်ယောက် ရှုံးနိမ့်သွားခဲ့လေပြီ ။