သစ္စာဖောက်
Vol. 35 Ch. 487
သူ သိုင်းကွက်တစ်ကွက်တည်းဖြင့် ကွေ့ချန်အား အနိုင်ရသွားခဲ့လေပြီ ။
ထျန်းယွမ်ကမ္ဘာဘက်မှ လူများ အော်ဟစ်အားပေးလိုက်ကြ၏။
ကျွင့်ဟွမ်ကလည်း လှောင်ပြုံးဖြင့် လောရှောင်ရှောင်အား လှည့်ကြည့်ပြီး မောက်မာစွာ ဆိုသည်။
" တွေ့လား... ပါရမီရှင်ဆိုတာ အဲ့ဒါမျိုးပဲ "
လောရှောင်ရှောင်းနှင့် လောရုံတို့နှစ်ယောက်မှာ နားမလည်နိုင်သည့် မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။
မင်ထျန်းဟွေ့ တစ်ယောက်က အဘယ့်ကြောင့် ရုတ်တရက်ကြီး မယုံနိုင်လောက်အောင် အစွမ်းထက်လာရပါသနည်း။
ထိုအချိန်တွင် ယွဲ့ယန်ကမ္ဘာဘက်မှ ယဲ့ကျီက အေးစက်စက် ပြောလာ၏။
" ထျန်းယွမ်ကမ္ဘာက တကယ် လွန်ကြတာပဲ "
သို့သော်... သူ့လေသံထဲမှ လှောင်ပြောင်သရော်လိုဟန်ကို အားလုံး ခံစားမိလိုက်ကြပါသည်။
" ဟေ့.. ယွဲ့ယန်ကမ္ဘာက လူတွေ ၊ အရှုံးကို လက်မခံနိုင်ဘူးလား။ ငါ့ အကိုက ပါရမီရှင်တစ်ယောက် မို့လို့ နင်တို့လူကို အနိုင်ရခဲ့တာလေ။ ဒါကို ဘာလို့ လှောင်ချင်နေရတာလဲ "
ကျွင့်ဟွမ်က လှောင်ပြုံးဖြင့် ဆိုလိုက်သည်။
တဖက်မှ ယဲ့ကျီ မည်သို့မှ ပြန်မပြောနိုင်ခင်မှာပင် ယွဲ့ယန်ကမ္ဘာဘက်ရှိ ပါရမီရှင် ဆယ်ယောက်ထဲမှ အမျိုးသမီး တစ်ယောက်က ရှေ့ထွက်လာကာ မာထန်ထန် ပြောလာ၏။
" ပါရမီရှင်.. ဟုတ်လား ၊ အဲ့လို အောက်တန်းကျတဲ့ နည်းမျိုးနဲ့ နိုင်တဲ့သူကို ပါရမီရှင်လို့ ခေါ်တာလား "
ကျွင့်ဟွမ်တစ်ယောက် မကျေမနပ် မျက်နှာထား ချက်ချင်း ဖြစ်သွားတော့သည်။
" အောက်တန်းကျတယ်.. ဟုတ်လား ၊ ဘာက အောက်တန်းကျတာလဲ ။ နင်တို့ ယွဲ့ယန်ကမ္ဘာကသာ အရှုံးကို လက်မခံနိုင် ဖြစ်နေတာ "
တဖက်မှ အမျိုးသမီးက ပြန်ရန်တွေ့ရန် ပြင်လိုက်စဥ်မှာပင် ထျန်းယွမ်ကမ္ဘာဘက်ရှိ ဝူလျန်နန်းတော်မှ ဂိုဏ်းချုပ်ကြီး ချင်းဝူချုံက သက်ပြင်းချ၍ ပြောလာ၏။
" ဒီပွဲက အကျုံးမဝင်ဘူးနော်။ ယွဲ့ယန်ကမ္ဘာဘက်က လူတွေ ၊ တိုက်ခိုက်ဖို့ နောက်လူတစ်ယောက် ထပ်လွှတ်လိုက်ပါ "
" ဘယ်လို... "
ထျန်းယွမ်ကမ္ဘာဘက်မှ လူများ အံ့သြတုန်လှုပ်ကုန်ကြသည်။
အထူးသဖြင့် ကျွင့်ဟွမ်တစ်ယောက် အလွန်မျက်မှာပျက်သွားပြီး ပြောလာ၏။
" ဂိုဏ်းချုပ်ကြီး ချင်း ၊ ဒါ ဘာအဓိပ္ပါယ်လဲရှင့်။ ကျွန်မ အကိုက ဂိုဏ်းချုပ်ကြီးရဲ့ သား ရထားတဲ့ ရာထူးကို လာထိမှာ စိုးလို့လား "
ထိုစကားကို ကြားသည်နှင့် ချင်းရှောင်ရှန်တစ်ယောက် ချက်ချင်း မျက်နှာပျက်သွားကာ ပြောလာသည်။
" မိန်းကလေး ကျွင့် ၊ ကျေးဇူးပြုပြီးတော့ ကိုယ်ပြောတဲ့ စကားတွေနဲ့ ကိုယ့်အပြုအမူကို သတိထားပါ "
ကျွင့်ဟွမ်က မကျေမနပ် ပြန်ရန်တွေ့၏။
" ကျွန်မပြောတာ ဘာမှားလို့လဲ ။ အဲ့လိုမဟုတ်ရင် ကျွန်မ အကိုရဲ့ တိုက်ပွဲကို ထည့်မတွက်စရာ အကြောင်းမရှိဘူးလေ "
လူများစွာပင် သူတို့အား လှည့်ကြည့်လာကြပြီး မင်ထျန်းဟွေ့နှင့် ကျွင့်ဟွမ်ဘက်မှ အားပေးသူများကလည်း ထင်ရာပြော၍ သံယောင်လိုက်လာကြသည်။
ထိုအချိန်တွင် တဖက်မှ ယဲ့ကျီက ရုတ်တရက် ပြောလာ၏။
" ငါပဲ ရှင်းပြမယ် ။ အခု ငါတို့ ကမ္ဘာနှစ်ခုကြားက တိုက်ပွဲမှာ ဝင်တိုက်တဲ့သူတွေက အသက် တစ်ရာအောက် ငယ်ရမယ်လို့ စည်းကမ်းချက် ထုတ်ထားတယ်လေ "
ကျွင့်ဟွမ်က အေးစက်စက် ပြန်ပြောသည်။
" အဲ့ဒါကို ကျွန်မလဲ သိတယ်လေ။ ကျွန်မ အကိုက အသက်တစ်ရာပြည့်ဖို့ အဝေးကြီး လိုသေးတယ် "
ယဲ့ကျီက သူမကို တစ်ချက်ကြည့်ကာ စကားဆက်၏။
" သူက အသက်တစ်ရာ မပြည့်သေးဘူး ဆိုပေမယ့် ၊ အခု သူ့ကိုယ်ပေါ်မှာ ရှိနေတဲ့အရာက အနည်းဆုံးဆိုရင်တောင် အသက် ငါးထောင်လောက် ရှိနေပြီကွ "
" ဘယ်လို.. အဲ့ဒါ ဘာအဓိပ္ပါယ်... "
ကျွင့်ဟွမ်တစ်ယောက် အံ့သြမှင်သက်သွားရတော့သည်။
မင်ထျန်းဟွေ့မှာလည်း ထိုစကားကို ကြားပြီး ကြောက်လန့်တုန်လှုပ်သွားဟန် တူပါ၏။
သူ့ လျှို့ဝှက်ချက်ကို တစ်ယောက်က မြင်သွားခဲ့လေပြီ ။
ဝုန်း. ..
ထိုစဥ် ယဲ့ကျီက လက်တစ်ဖက် ဆန့်ထုတ်လာပြီး မင်ထျန်းဟွေ့အား ဖမ်းဆုပ်လိုက်သည်။
" ဟင်.. အခု ချက်ချင်း ရပ်နော် ၊ ကျွန်မ အကိုကို လွတ်လိုက်။ ရှင်က အားနည်းတဲ့သူကို တမင်ကြီး အနိုင်ကျင့်နေတာပဲ ။ ယောင်ချီ နတ်ဘုရားသခင်မကြီး ၊ သူ့ကို မြန်မြန်တားပေးပါ "
ကျွင့်ဟွမ် အလန့်တကြား အော်ဟစ်ကာ ယောင်ချီနတ်ဘုရား သခင်မကြီးဘက် လှည့်၍ အကူအညီတောင်းလိုက်သည်။
သို့သော်... ယောင်ချီ နတ်ဘုရားသခင်မကြီးမှာ မျက်မှောင်သာ ကြုံ့နေပြီး တုပ်တုပ်မလှုပ်ပါချေ။
ထိုအချိန်တွင် ယဲ့ကျီ၏ လက်မှ အမည်းရောင်စွမ်းအင်များ စီးဆင်းလာပြီး..
" အား.... "
မင်ထျန်းဟွေ့ထံမှ အော်သံတစ်သံ ထွက်လာ၏။
သို့သော် ထိုအော်သံမှာ မင်ထျန်းဟွေ့၏ အော်သံ မဟုတ်ပေ။
ဝှစ်..
ထိုအချိန်မှာပင် မင်ထျန်းဟွေ့ ကိုယ်ထဲမှ စိတ်ဝိဥာဥ်အရိပ်တစ်ခု ပျံထွက်လာသည်။
ယဲ့ကျီက မင်ထျန်းဟွေ့အား ချက်ချင်း လွတ်၍ စိတ်ဝိဥာဥ်အရိပ်ကိုသာ ဖမ်းဆုပ်လိုက်သည်။
" ကျုပ် တောင်းပန်ပါတယ်ဗျာ... ကျုပ် တကယ်ကို တောင်းပန်ပါတယ်။ ကျုပ် အဲ့လို လုံးဝ မလုပ်ခဲ့သင့်ပါဘူး။ ကျေးဇူးပြုပြီး ခွင့်လွတ်ပေးပါ "
စိတ်ဝိဥာဥ်အရိပ်က ကြောက်လန့်တကြား အော်ဟစ်ငိုကြွေးလိုက်သည်။
မင်ထျန်းဟွေ့မှာကား.. ထိုမြင်ကွင်းကို ကြည့်ရင်း မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူရော်သွား၏။
ယဲ့ကျီက လှောင်သံဖြင့် မေးလိုက်သည်။
" မင်းက ဘယ်သူလဲ "
" ကျုပ်... ကျုပ်က မင်ထျန်းဟွေ့ရဲ့ ဘိုးဘေး ၊ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းရဲ့ နံပါတ် ၆ ဂိုဏ်းချုပ်ကြီးပါ။ ကျုပ် တောင်းပန်ပါတယ် ... ကျုပ် သူ့ရဲ့ ခန္ဓာကိုယ်ကို သုံးပြီး ပြိုင်ပွဲမှာ ဝင်ပါဖို့ မလုပ်ခဲ့သင့်ဘူး ။ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွတ်ပေးပါ "
စိတ်ဝိဥာဥ်အရိပ်က အသံတုန်တုန်ဖြင့် ဆိုသည်။
" ဘယ်လို... နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းရဲ့ နံပါတ် ၆ ဂိုဏ်းချုပ်ကြီးတဲ့ ။ သူက ဘယ်ခေတ်ကလဲ မသိဘူး "
" အနည်းဆုံးတော့ လွန်ခဲ့တဲ့ နှစ် ရှစ်ထောင် ကျော် ၊ ကိုးထောင်လောက်က ဖြစ်မှာကွ "
" ငါ အဲ့လူကို မှတ်မိတယ်။ သူက ကျင့်ကြံခြင်းမှာ အမှားအယွင်း ဖြစ်သွားပြီး စိတ်ဝိဥာဥ် ခန္ဓာကိုယ်ထဲကနေ ထွက်သွားခဲ့တာ မဟုတ်လား။ အခု သူ့ရဲ့ အကြွင်းအကျန် စိတ်ဝိဥာဥ်က ဘာလို့ ခုထိ ရှိနေသေးတာလဲ "
" ဟမ့်... သူတို့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းမှာက.. နောက်မျိုးဆက်တွေရဲ့ ခန္ဓာကိုယ်ကို ဘာအဟန့်အတားမှ မရှိဘဲ ဝင်ထိန်းချုပ်နိုင်တဲ့ နည်းယုတ်တစ်ခု ရှိထားတယ်လေကွာ။ သူတို့က အဲ့လိုဝင်ပူးတဲ့ စိတ်ဝိဥာဥ်ရဲ့ မှတ်ဉာဏ်တွေကို အသုံးချပြီးတော့ ကျင့်ကြံခြင်းအဆင့်ကို မြင့်အောင်လုပ်ပြီး မသေမျိုး ဖြစ်လာနိုင်ချေ ပိုမြင့်သွားအောင်ပါ လုပ်ကြတာ။ အခု မင်ထျန်းဟွေ့ကလဲ အဲ့လိုလုပ်ဖို့ စီစဥ်ထားခဲ့တာနဲ့ တူတယ် "
" အဲ့လိုကိုး.. မင်ထျန်းဟွေ့က တစ်ခါတလေ ပါရမီရှင်တစ်ယောက် ဖြစ်နေပြီးတော့ တစ်ခါတလေ ဘာမှ အသုံးမကျတဲ့သူတစ်ယောက်လို ဘာလို့ ဖြစ်နေရတာလဲလို့ ငါ တွေးနေတာ။ လက်စသတ်တော့ ခုလို ဖြစ်နေတာကိုး "
" ရွံစရာကောင်းလိုက်တာကွာ... "
" ကျန်တဲ့အချိန် သူတို့စိတ်ကြိုက် လုပ်ချင်တာလုပ်တာကို လက်ခံလို့ရပါသေးတယ်ကွာ။ အခု အားလုံးရှေ့မှာမှ အဲ့လိုကြီး လာလုပ်တာတော့ ငါတို့ ထျန်းယွမ်ကမ္ဘာအတွက် ရှက်စရာကြီး ဖြစ်သွားပြီ "
ထိုတခဏ၌ အားလုံးက မင်ထျန်းဟွေ့အား လက်ညိုးတထိုးထိုးဖြင့် အပြစ်တင် ပြောဆိုလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ကျွင့်ဟွမ်ကိုလည်း မျက်လုံးစိမ်းများဖြင့် ကြည့်လာကြပါ၏။
ကျွင့်ဟွမ်ဘေးတွင် ရပ်နေသည့် လောရှောင်ရှောင်းကလည်း သူမဘက်သို့ လှောင်ချင်ဟန်ဖြင့် လှမ်းကြည့်ကာ ပြောသည်။
" ဒါမျိုးကိုမှ ပါရမီရှင်အစစ်လို့ ခေါ်တာလို့ နင် ပြောခဲ့တာမလား ။ တကယ် မှတ်သားစရာကြီးပဲဟယ် "
" နင်.... "
ကျွင့်ဟွမ်မှာ ဒေါသထွက်လွန်း၍ မျက်နှာကြီး နီမြန်းနေသော်လည်း ပြန်ရန်တွေ့ရမည့် စကားကို ရှာမတွေ့ပါချေ။
ထိုစဥ် တိုက်ပွဲစင်မြင့် တဖက်ရှိ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းမှ နံပါတ်ခြောက် ဂိုဏ်းချုပ်ကြီးက ငိုယိုပြီး ပြောလာပြန်သည်။
" သခင်ကြီး.. ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါဗျာ။ ကျုပ် ယွဲ့ယန်ကမ္ဘာကို အလုပ်အကျွေး ပြုပါ့မယ် "
" ကျုပ်က မြင့်မြယ်နယ်မြေ ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်တဲ့အတွက်ကြောင့်မို့ ဂိုဏ်းရဲ့ မသေမျိုးအဆင့် သိုင်းကျင့်စဥ်တွေ အားလုံးကို သိပါတယ်။ အဲ့ထဲမှာ လျှို့ဝှက်စိတ်ဝိဥာဥ် ကျင့်စဥ်တွေ အများကြီးလဲ ပါတယ်ဗျ။ ကျုပ်ကို အဖွဲ့ဝင်တစ်ယောက်အဖြစ် လက်ခံတာနဲ့ ကျုပ် အဲ့ဒါတွေ အကုန်လုံးကို ပေးပါ့မယ် "
" ဘယ်လို.... "
သူ့စကားကြောင့် အားလုံးဆီမှ ဆူဆူညံညံ အသံများ ထပ်ထွက်လာသည်။
ပြိုင်ပွဲတွင် လှည့်စားပြီး ယှဥ်ပြိုင်ခဲ့ရုံတင်မက.... ယခု ရန်သူကိုပင် လက်နက်ချ အညံ့ခံချင်နေသတဲ့လား။
ဘယ်လိုလူပါနည်း...
ချွှင်..
ထိုအချိန်တွင် သွမ့်ချန်ချိုး ၏ ကောင်းကင်ချိုးဖျက် ဓားသံ ထွက်ပေါ်လာပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်ကို လူများ တွေ့လိုက်ရ၏။
သို့သော် ယဲ့ကျီက မမှုဟန်ဖြင့် သူ့အား အေးစက်စက်ကြည့်ကာ ပြောလာသည်။
" သွမ့်ချန်ချိုး ၊ မင်းကိုယ်တိုင် ဒီကို ရောက်လာရင်တော့ ငါ နည်းနည်းကြောက်မိမလား မသိဘူးကွ။ ဒါပေမယ့် အဲ့ဓားလောက်နဲ့တော့ ငါ့ကို ယှဥ်လို့ မရပါဘူးကွာ။ ပြီးတော့ နောက်မှာ ငါ့လူတွေလဲ ရှိသေးတယ်နော်။ ဒါတင်မကသေးဘူး ၊ ကမ္ဘာနှစ်ခုကြားမှာ တိုက်ပွဲ ဖြစ်ပြီဆိုတာနဲ့ ငါတို့ရဲ့ ကမ္ဘာသခင်ကြီးကလဲ ဝင်ပြီး တိုက်ခိုက်လာမှာ အသေချာပဲ။ ငါ မေးပါရစေဦး ၊ မင်းတို့ရဲ့ ထျန်းယွမ်ကမ္ဘာမှာ သူ့ကို တားနိုင်တဲ့သူ ဘယ်သူရှိလို့လဲ "
ထိုစကားကို ကြားသောအခါ ကောင်းကင်ချိုးဖျက်ဓားက ခေတ္တမျှ အသံမြည်နေပြီး နောက်ဆုံး ငြိမ်သက်တိတ်ဆိတ်သွားသည်။
လက်ရှိတွင် ကမ္ဘာတစ်ခုနှင့်တစ်ခု သူသေကိုယ်သေ တိုက်ခိုက်ကြရန် အချိန်ကောင်း မဟုတ်ကြောင်း သူ ကောင်းကောင်းကြီး သိသည် မဟုတ်ပါလား။
တဖက်မှ ယဲ့ကျီက ထိုမြင်ကွင်းကို ကြည့်ရင်း နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး သူ့လက်ထဲမှ အကြွင်းအကျန် စိတ်ဝိဥာဥ်ကို ကြည့်၍ ပြော၏။
" ကောင်းပြီလေ ၊ မင်းက အဲ့လို ပြောလာမှတော့လဲ ငါ မင်းကို အခွင့်ရေး တစ်ခုပေးလိုက်မယ် "
သူ့လက်ထဲတွင် အမည်းရောင် အလင်းတန်းတစ်ခု လင်းလက်လာကာ ၎င်းအလင်းတန်းက အကြွင်းအကျန် စိတ်ဝိဥာဥ်၏ မျက်ခုံးနှစ်ဘက်ကြားသို့ ထိလိုက်သည်။
" ဟင်... ဘာ... ဘာလုပ်လိုက်တာလဲ "
အကြွင်းအကျန် စိတ်ဝိဥာဥ် တအံ့တသြ ဖြစ်သွားသည်။
ယဲ့ကျီက အပြုံးဖြင့် ဖြေ၏။
" ဘာမှ မဟုတ်ပါဘူးကွာ ၊ မင်းဆီမှာ ငါ့ရဲ့ အမှတ်အသားကို ထားခဲ့လိုက်တာ။ ခုချိန်ကစပြီးတော့... ငါ့ကို သစ္စာဖောက်တာနဲ့ မင်းရဲ့ စိတ်ဝိဥာဥ်ကို အချိန်မရွေး ဖျက်ဆီးလို့ ရသွားပြီ "
" ဟင်.... "
အကြွင်းအကျန် စိတ်ဝိဥာဥ် တစ်ကိုယ်လုံး တုန်ကာ ကြက်သေ သေသွားသည်။
တဖက်လူက ဤမျှ အတိုင်းအတာထိ လုပ်လာမည်ဟု သူ လုံးဝ ထင်မထားခဲ့ပါချေ။
ဝှစ်..
ထိုစဥ် ယဲ့ကျီက အကြွင်းအကျန် စိတ်ဝိဥာဥ်အား မင်ထျန်းဟွေ့၏ ခန္ဓာကိုယ်ထဲသို့ ပြန်ပစ်ထည့်လိုက်ပြီး အေးစက်စက် ဆက်ပြော၏။
" ငါ့နောက် လိုက်ခဲ့ "
မင်ထျန်းဟွေ့ အံ့သြမှင်သက်သွားကာ ထျန်းယွမ်ကမ္ဘာမှ လူများဘက် လှည့်ကြည့်လိုက်သည်။ သို့သော်.. ချက်ချင်းဆိုသလိုပင် သူ ခေါင်းပြန်ငုံ့သွားပြီး ယဲ့ကျီနောက် လိုက်သွား၏။
" သစ္စာဖောက်... "
" အရှက်မရှိတဲ့ကောင် "
" နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းရေ .. မင်းတို့ ဒီကမ္ဘာမှာ ရှိဖို့ လုံးဝ မထိုက်တန်ဘူး "
ထိုတခဏ၌ ထျန်းယွမ်ကမ္ဘာမှ လူများစွာပင် အော်ဟစ်ဆဲဆိုလိုက်ကြသည်။
ထိုအချိန်တွင် ကျွင့်ဟွမ်တစ်ယောက်မှာလည်း မျက်နှာကြီး နီရဲနေပါ၏။
သူမ ငယ်စဥ်ကတည်းက သူရဲကောင်းတစ်ယောက် အဖြစ် သတ်မှတ်ပြီး လေးစားခဲ့ရသည့် သူမအကိုဝမ်းကွဲက ထိုသို့သော လူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်ခဲ့မိပါ။
လက်ရှိတွင် သူမ အနီးနားမှ လူများက သူမအား ရန်လိုသည့် အကြည့်ဖြင့် ကြည့်နေကြသည်ကိုလည်း သူမ ခံစားမိလိုက်သည်။
သူမ တစ်ခုခုသာ မလုပ်ပါက သူမတို့ မိသားစုတစ်ခုလုံး ထျန်းယွမ်ကမ္ဘာ၌ ဆက်နေ၍ ရတော့မည် မဟုတ်ပေ။
ရုတ်တရက်.. သူမကိုယ်တွင် ကြောက်မက်ဖွယ် မီးတောက်များ လောင်မြိုက်လာပြီး ဖီးနစ်ငှက် တစ်ကောင်အသွင်ပြောင်းသွားသည်။ ထို့နောက် လေထဲသို့ ပျံတက်ကာ တိုက်ပွဲစင်မြင့်ပေါ်၌ ခပ်ကြမ်းကြမ်း ဆင်းသက်လိုက်၏။
" ဒီတစ်ခေါက် တိုက်ပွဲမှာ ကျွန်မ တိုက်ခိုက်မယ် "
ကျွင့်ဟွမ် အသံကျယ်ဖြင့် အော်လိုက်သည်။