လမင်းစိတ်ဝိဥာဥ် နတ်ဘုရားမီးတောက်
Vol. 35 Ch. 490
ရန်လုံရှင်းက ခေါင်းညိတ်လိုက်ပြီး တိုက်ပွဲစင်မြင့်ပေါ်သို့ ပျံတက်လိုက်သည်။
ဝုန်း..
စင်မြင့်ပေါ် ရောက်သည်နှင့် သူ့ကိုယ်ပေါ်တွင် ကြေးခွံများ မြောက်များစွာ ပေါ်လာပြီး ထိုကြေးခွံပေါ်မှ မီးတောက်များလည်း ထွက်လာသည်။
" ကောင်မလေး ၊ ငါ့နာမည်က ရန်လုံရှင်းလို့ ခေါ်တယ်။ ငါက ယွဲ့ယန်ကမ္ဘာမှာ ရှိတဲ့ အသက်တစ်ရာအောက် လူငယ်တွေထဲမှာ မီးအခြေပြုသိုင်းပညာနဲ့ ပတ်သက်ပြီး အကောင်းဆုံးသိုင်းသမား တစ်ယောက်ပဲ။ အဲ့တော့ မင်းရဲ့ ရေခဲအရောင်အဝါကို စမ်းသပ်ကြည့်ကြတာပေါ့ကွာ။ ဒါနဲ့... မင်း ခုနက အနိုင်ယူလိုက်တဲ့ အမျိုးသမီးရဲ့ ရေခဲအစွမ်းက ငါ့အနားကိုတောင် ကပ်လို့မရဘူးနော် "
ရန်လုံရှင်းက အပြုံးဖြင့် ဆိုလိုက်သည်။
လောရှောင်ရှောင်းက မထူးခြားဟန်ဖြင့် ပြန်ပြော၏။
" ဪ.... "
သူမ၏ အမူအရာကို ကြည့်ရင်း သူ့စကားကို မယုံဟု ထင်သွားကာ ရန်လုံးရှင်း လှောင်ပြုံးဖြင့် ဆက်ပြောလိုက်သည်။
" ထားလိုက်ပါလေ... မင်းကို ငါ နောက်ထပ် အချက်တစ်ခုကိုပါ ပြောပြလိုက်မယ် "
သူ ထိုသို့ပြောပြီးနောက် လူအုပ်ထဲတွင် ဒဏ်ရာများကို ကုသနေသည့် ကွေ့ချန်ဘက် လှည့်ကြည့်ကာ ပြော၏။
" ကွေ့ချန်က ငါတို့ ယွဲ့ယန်ကမ္ဘာရဲ့ အသက်တစ်ရာအောက် လူငယ်တွေထဲမှာ အစွမ်းအရ အဆင့် ၁၅၀ ဝန်းကျင်လောက်ပဲ ဝင်တာကွ။ မင်း ခုနက အနိုင်ယူလိုက်တဲ့ လျန်ဟွမ်ရှန်ကလဲ အဆင့် ၁၀၀ ဝန်းကျင်ပဲ ရှိတာ "
ထို့နောက် သူ့ရင်ဘတ်သူ လက်ညိုးထိုးပြကာ စကားဆက်သည်။
" ရန်လုံရှင်း ဆိုတဲ့ ငါကတော့ အဆင့် ၆၄ ရထားတာကွ။ ဟို ရေခဲအစွမ်းနဲ့ ကစားတဲ့ မိန်းကလေးထက် အများကြီး အစွမ်းပိုသာတယ်။ ထားလိုက်ပါလေ.. ငါ ရှင်းပြရင်တောင် မင်းနားလည်မှာ မဟုတ်ပါဘူး။ အခု မင်းရဲ့ ရေခဲအစွမ်းကိုပဲ ငါမြင်အောင် ထုတ်ပြစမ်းပါဦး "
ရန်လုံရှင်းက ထိုသို့ ပြောပြီးသည်နှင့် လက်နှစ်ဖက်ကို ဆန့်လိုက်သည်။
ဝုန်း..
သူ့အနောက်ဘက်တွင် တဝုန်းဝုန်း လောင်ကျွမ်းနေသော မီးလောက်လုံးကြီးတစ်ခု ပေါ်လာ၏။
ထိုမီးတောက်များကြားထဲမှ ထွင်းစာအချို့လည်း အရောင်လက်နေကြသည်။
၎င်းကို ကြည့်ရင်း ယောင်ချီနတ်ဘုရားသခင်မကြီး မျက်မှောင်ကြုံ့သွား၏။
" လမင်းစိတ်ဝိဥာဥ် နတ်ဘုရားမီးတောက်ပါလား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ ဒီကောင်လေးက ကောင်းကင်ဘုံတံခါးဝ အဆင့်ကိုတောင် မရောက်သေးဘဲနဲ့ အဲ့လိုမီးတောက်မျိုးကို ကျွမ်းကျွမ်းကျင်ကျင် သုံးနေနိုင်ပြီလား "
ယောင်ချီမှ အမျိုးသမီး ဂိုဏ်းဝင်တစ်ယောက်က မေးလာသည်။
" နတ်ဘုရားသခင်မကြီး ၊ လမင်းစိတ်ဝိဥာဥ် နတ်ဘုရားမီးတောက် ဆိုတာ ဘာလဲဟင် "
ယောင်ချီ နတ်ဘုရားသခင်မကြိးက ပြန်မပြောနိုင်ခင်မှာပင် ချင်းဝူချုံက ရှင်းပြလာ၏။
" အဲ့ဒါ ယွဲ့ယန်ကမ္ဘာရဲ့ ထူးခြားတဲ့ မီးတောက်တစ်မျိုးပဲကွ... အင်မတန်ကို အစွမ်းထက်တယ် ။ ငါတို့ ထျန်းယွမ်ကမ္ဘာက ကမ္ဘာပေါ်က မသေမျိုးတချို့တောင် အဲ့မီးတောက်ကြောင့် ဒုက္ခတွေအများကြီး ရောက်ခဲ့ရတာ။
" ဒါဆို ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲဟင် "
ယောင်ချီဂိုဏ်းမှ မိန်းမပျို အလွန်တုန်လှုပ်သွားတော့သည်။
ယောင်ချီ နတ်ဘုရားသခင်မကြီးက နှစ်သိမ့်ရှာ၏။
" အရမ်းကြီး စိတ်မပူပါနဲ့ ။ လမင်းစိတ်ဝိဥာဥ် နတ်ဘုရားမီးတောက်က အစွမ်းထက်တာ မှန်ပေမယ့် အခု ငါတို့ရှေ့က ကောင်လေးက အဲ့မီးတောက်ရဲ့ အစွမ်းအပြည့်ကို ထုတ်သုံးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး "
သူမ ထိုသို့သာ ပြောလိုက်ရသော်လည်း ရင်ထဲတွင်မူ စိုးရိမ်စိတ်တို့ ပြည့်နေပါသည်။
ထိုစဥ် ရန်လုံရှင်းက လောရှောင်ရှောင်းအား အပြုံးဖြင့်ကြည့်၍ ထပ်ပြော၏။
" လာလေ... မင်းရဲ့ စိတ်စွမ်းအင်ပင်လယ် ဘယ်ရောက်သွားပြီလဲ ။ ဟို ရေခဲအစွမ်းနဲ့ကောင်ကြီးကို ခေါ်လိုက်ပါဦး "
လောရှောင်ရှောင်းကမူ သူ့အား လျစ်လျူရှုထားပြီး သူ့အနောက်ဘက်မှ လမင်းစိတ်ဝိဥာဥ် နတ်ဘုရားမီးတောက်ကိုသာ ကြည့်၍ ပြောလိုက်သည်။
" မီးတောက် အခြေပြုပါလား... အဲ့လို ဆိုမှတော့လဲ... "
ထို့နောက်တွင်မူ သူမက အကြံတစ်ခု ရသွားဟန်ဖြင့်...
ဝုန်း...
သူမ၏ အနောက်ဘက်တွင် ထူးဆန်းသော သားရဲအရိပ်တစ်ခု ရုတ်ချည်း ပေါ်လာသည်။
" နောက်ဆုံးတော့ ထွက်လာပြီပဲ... ဟမ်... "
၎င်းကိုမြင်သော ရန်လုံရှင်းတစ်ယောက် အံ့အားသင့်သွားရတော့သည်။
အဘယ့်ကြောင့်ဆိုသော် လောရှောင်ရှောင်းနောက်မှ သားရဲအရိပ်က ယခင်တစ်ကြိမ်နှင့် မတူသောကြောင့်ပင်။
" မင်း.... "
သူ စကားပင် မဆိုနိုင်တော့ပါ။
တဖက်မှ လောရုံကမူ ထိုသားရဲကို ကြည့်ရင်း ခေါင်းတဆတ်ဆတ် ညိတ်နေ၏။
" လောရှောင်ရှောင်းက ခေါင်းကိုးလုံး သားရဲကြီးကို တစ်ကောင်ချင်းစီတောင် ခေါ်ထုတ်နိုင်နေပြီပဲ။ သူ့ရဲ့ စိတ်စွမ်းအင်ပင်လယ်က လုံးဝ ပြီးပြည့်စုံသွားပြီနဲ့ တူတယ် "
လောရုံ စိတ်ထဲမှ ပြောလိုက်သည်။
ထိုစဥ် စင်မြင့်ပေါ်မှ ရန်လုံရှင်းက မျက်မှောင်ကြုံ့၍ ပြောလာ၏။
" မင်း ဘယ်လိုလှည့်ကွက်မျိုးပဲ သုံးသုံး ၊ ဒီနေ့တော့ ရှုံးရတော့မှာပါကွာ။ ငါ့ကို သေချာကြည့်ထား... လမင်းစိတ်ဝိဥာဥ် နတ်ဘုရားမီးတောက်ရိုက်ချက်... "
ဝုန်း..
သူ့အော်သံကျယ်နှင့်အတူ လမင်းစိတ်ဝိဥာဥ် နတ်ဘုရားမီးတောက်က လှုပ်ရှားလာကာ မီးတောက်များနှင့် ဓားရှည်တစ်လက်အဖြစ် ရုတ်ချည်း ပြောင်းသွားပြီး လောရှောင်ရှောင်းအား လွှဲခုတ်လာသည်။
လောရှောင်းရှောင်းမှာကား မျက်ခုံးသာ အနည်းငယ် ပင့်လိုက်ပြီး မည်သို့မှ မလှုပ်ရှားပါချေ။ ထိုအစား သူမနောက်မှ သားရဲအရိပ်ကြီးကသာ လှုပ်ရှားလိုက်ပါ၏။
ဝေါင်း..
ထိုသားရဲကြီး ပါးစပ်ဟ၍ မှုတ်ထုတ်လိုက်သော မီးတောက်များက တဖက်မှ ဓားရှည်ဆီသို့ တိုးဝင်သွားသည်။
" ဘယ်လိုဖြစ်ပြီးတော့.... "
ရန်လုံရှင်းတစ်ယောက် မျက်လုံးပြူးသွားရတော့သည်။
ဤတစ်ကြိမ်တွင် လောရှောင်ရှောင်းက ရေခဲအစွမ်းကို မသုံးဘဲ မီးတောက်များကိုသာ သုံးသွားခဲ့သတဲ့လား။
ထိုမီးတောက်ကို ကြည့်နေသော ရန်လုံရှင်း၏ မျက်လုံးထဲတွင် ဒေါသအရိပ်အငွေ့များ ပေါ်လာသည်။
ထိုကောင်မလေးက သူနှင့် တိုက်ခိုက်ရာတွင် မီးတောက်ကို အသုံးပြုနေသည့် အဓိပ္ပါယ်က ဘာပါနည်း ။
သူမက သူအကျွမ်းကျင်ဆုံး ပညာရပ်တွင် သူနှင့် လာယှဥ်ချင်နေပါသလား။
မည်မျှ မောက်မာလှပါသနည်း..
" ခွေးမ... နင်က အတင့်ရဲတယ်ပေါ့လေ။ ကောင်းပြီလေ.. ဒီလိုဆိုမှတော့လဲ ငါ့ဘက်က ဘာမှ ထိန်းချုပ်မထားတော့ဘူး "
ရန်လုံရှင်း ဒေါသတကြီး အော်လိုက်သည်။
ဝုန်း..
တခဏအတွင်းမှာပင် သူ့လက်ထဲမှ မီးတောက်ဓားရှည်ကြီးက အဆပေါင်းများစွာ ပိုကြီးသွားပါ၏။
၎င်း၏ အစွမ်းမှာလည်း အလွန်ကြောက်စရာပင်..
ဓားအစွမ်းနှင့် မီးတောက်များလည်း ပိုထွက်လာကာ တိုက်ပွဲစင်မြင့် အပြင်ဘက်သို့ပင် မီးတောက်များ ကျလာသည်။
" မဖြစ်ဘူးဟေ့.. နောက်ဆုတ်ကြ "
" အဲ့မီးတောက်တွေနဲ့ မထိမိစေနဲ့ "
တိုက်ပွဲစင်မြင့် အနီးနားတွင် ရှိနေကြသူများအားလုံး ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသည်။
စင်အောက်နားလေးတွင် ရှိနေသော ရှန့်မူချင်းနှင့် ချင်းရှောင်ရှန်တို့ကလည်း တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်နေသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်ကြသည်။
" အကိုချင်း.... ဒီအစွမ်းကို အကိုချင်း ခံနိုင်လား.. "
ရှန့်မူချင်းက တုန်လှုပ်စွာ မေးလိုက်၏။
ချင်းရှောင်ရှန်က မျက်နှာသုန်မှုန်စွာ ပြန်ဖြေသည်။
" ငါသာ အဲ့တစ်ယောက်နဲ့ ရင်ဆိုင်တိုက်ခိုက်ရမယ်ဆိုရင်.. ငါ့အတွက် နိုင်ချေက အလွန်ဆုံးမှ ၃၀ ရာခိုင်နှုန်းလောက်ပဲ ရှိမှာ "
ချင်းရှောင်ရှန်၏ အမြင်က သူ့အမြင်နှင့် တူနေသဖြင့် ရှန့်မူချင်း အနည်းငယ် စိတ်ဓာတ်ကျသွားရသည်။
ထိုအချိန်မှသာလည်း ယွဲ့ယန်ကမ္ဘာက မည်မျှအစွမ်းထက်ကြောင်း သူတို့ သတိထားမိလိုက်ခြင်းပင်။
အဆင့် ၆၀ ကျော်သာ ရထားသည့် ရန်လုံရှင်းဆိုသော သူကပင် ဤမျှ အစွမ်းထက်နေသည် ဆိုပါက..
အမြင့်ပိုင်းအဆင့်များမှ သူများဆိုလျှင် မည်မျှ အစွမ်းထက်ကြပါမည်နည်း။
ကောင်းကင်ဘုံပျက်စီးခြင်း ကိုးခု၏ အစွမ်းက ထိုသို့ပေလား...
ထိုသို့သော ရန်သူမျိုးကို သူတို့ မည်သို့ အနိုင်တိုက်ရပါမည်နည်း။
သူတို့နှစ်ဦးလုံး၏ ရင်ထဲ လေးလံသွားကြတော့သည်။
တစ်ချိန်တည်းမှာပင် စင်ပေါ်ရှိနေသော လောရှောင်ရှောင်းကိုလည်း သနားစိတ် ဖြစ်သွားပါ၏။
ထိုတိုက်ခိုက်မှုမျိုးက မည်သူက ခံနိုင်ပါမည်နည်း ။
သို့သော်..
" နင့်အစွမ်းက ဒါအကုန်ပဲလား.. "
စင်မြင့်ထက်မှ လောရှောင်ရှောင်း၏ အသံ ထွက်လာသည်။
" ဟင်.. သူ မသေသေးဘူးလား "
အားလုံးမှာလည်း အသံကိုကြားပြီး စင်မြင့်ပေါ်သို့ တအံ့တသြ ကြည့်လိုက်ကြ၏။
ထိုစဥ် လောရှောင်ရှောင်းမှာ တိုက်ပွဲစင်မြင့်အလယ်တွင် ရပ်နေပြီး သူမတစ်ကိုယ်လုံးလည်း မီးတောက်များ တောက်လောင်နေသည်။
ထိုမီးတောက်များ တောက်လောင်နေသည့်ပုံမှာ ကြောက်စရာကောင်းလွန်းပြီး မည်သူမှပင် သူမအနား ကပ်နိုင်ကြမည် မဟုတ်ပါ။
" ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... "
အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ပါးစပ်
အဟောင်းသား ဖြစ်ကုန်ကြတော့သည်။
ရန်လုံရှင်းသည်ပင် ၎င်းကိုကြည့်ကာ နားမလည်နိုင် ဖြစ်နေဟန် တူပါ၏။
" ဘာဖြစ်လို့လဲ... မင်း ဘာလို့ မသေသေးတာလဲ.. "
သူ တအံ့တသြ မေးလိုက်သည်။
လောရှောင်ရှောင်းက အေးစက်စက် ပြန်ပြော၏။
" ဘာလို့လဲ ဟုတ်လား.. ဘာလို့လဲဆိုတော့ နင့်ရဲ့ မီးတောက်က အစွမ်းနိမ့်လွန်းလို့လေ "
" မင်း... အဓိပ္ပါယ်မရှိတဲ့စကားတွေ လျှောက်ပြောမနေနဲ့ "
ရန်လုံရှင်းတစ်ယောက် အလွန်ဒေါသထွက်သွားတော့သည်။
သူ၏ လမင်းစိတ်ဝိဥာဥ် နတ်ဘုရားမီးတောက်မှာ ထိပ်တန်းအဆင့် မီးတောက်တစ်ခု ဖြစ်ပြီး..
သူ များစွာဒုက္ခခံ ကြိုးစားပြီးမှ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်လာရသော ပညာရပ်တစ်ခု ဖြစ်ပါသည်။
သို့သော်.. ယခုတွင်မူ တဖက်မှ သူ့မီးတောက်အား အစွမ်းနိမ့်သည်ဟု လာပြောနေပါ၏။
သူ ၎င်းကို မည်သို့ သည်းခံရပါမည်နည်း။
" တောက်... မိန်းမယုတ်.. သေဖို့သာပြင် "
ရန်လုံရှင်း၏ ဒေါသတကြီး အော်သံနှင့်အတူ သူ့လက်ထဲမှ မီးတောင်ဓားရှည်ကြီး ပြန်လှုပ်ရှားလာပြီး လောရှောင်ရှောင်းဆီသို့ တိုးဝင်သွားသည်။
သို့သော် ဤတစ်ကြိမ်တွင် လောရှောင်ရှောင်းက သိုင်းကွက်အား ယခင်လို ငြိမ်သက်စွာ မခုခံတော့ပါချေ။
သူမ လက်တစ်ဖက် မြှောက်လိုက်စဥ်မှာပင် သူမ၏ မျက်လုံးထဲ၌ အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားသည်။
ရုတ်တရက်..
သူမ၏ လက်ပေါ်တွင် နဂါးကြေးခွံများ ပေါ်လာပြီး..
လက်တစ်ဖက်လုံး နဂါးအသွင် ပြောင်းသွားတော့သည်။
ဝေါင်း..
သူမအနောက်ဘက်ရှိ သားရဲအရိပ်ကြီးကလည်း အော်ဟစ်လိုက်ပြီး ယခင်ထက် ဆယ်ဆ ပိုကြီးထွားလာ၏။
" သွားသေလိုက်တော့.. "
လောရှောင်ရှောင်း ဒေါသတကြီး အော်ကာ လက်ဖြင့် ရိုက်လိုက်သည်။
ဝုန်း..
တစ်ချိန်တည်းမှာပင် သူမနောက်မှ သားရဲကြီးကလည်း မီးတောက်များ မှုတ်ထုတ်လာပြီး ထိုမီးတောက်များက ရန်လုံရှင်းဆီသို့ တိုးဝင်သွား၏။
ထိုမီးတောက်များမှာ ရန်လုံးရှင်း၏ လမင်းစိတ်ဝိဥာဥ် နတ်ဘုရားမီးတောက်ထက် များစွာ ပိုကြောက်မက်ဖွယ်ကောင်းပြီး အဆ သုံး၊လေးဆယ် မက ပိုအစွမ်းထက်ပါ၏။ ၎င်းမှာ မီးတောက်ဆူနာမီကြီး တစ်ခုနှင့်ပင် တူနေကာ ရန်လုံရှင်းအား တမဟုတ်ချင်း လွှမ်းခြုံလိုက်တော့သည်။
မီးတောက်များက ဤမျှနှင့် မရပ်ဘဲ ရှေ့ဆက်တိုးသွားကာ ယွဲ့ယန်ကမ္ဘာမှ လူများအားလုံးဆီ တိုးဝင်သွား၏။
" မဖြစ်ဘူးဟေ့.. နောက်ဆုတ်ကြ "
ယွဲ့ယန်ကမ္ဘာမှ လူများမှာ ၎င်းကိုကြည့်ရင်း တစ်ယောက်ပြီးတစ်ယောက် နောက်သို့ လှည့်ပြေးလိုက်ကြတော့သည်။
ယဲ့ကျီသည်ပင် ထိုမြင်ကွင်းကိုကြည့်ရင်း မျက်မှောင်အနည်းငယ် ကြုံ့သွားကာ မီးတောက်များအား တိုက်ခိုက်ရန် ပြင်လိုက်သည်။
သို့သော် ထိုစဥ်မှာပင် အေးစက်စက်နှာခေါင်းရှုံ့သံ
တစ်ခု ထွက်လာပြီး..
တစ်ယောက်က သူ့ထက်အရင် လှုပ်ရှားသွား၏။
ဝုန်း..
အသံကျယ်တစ်သံနှင့်အတူ တိုးဝင်လာသော မီးတောက်များ ချက်ချင်း ငြိမ်းသတ်ခံလိုက်ရတော့၏။
စာစဉ်ပြီး၏