မီးတောက် ဖီးနစ်ငှက်နှင့် ရေခဲ ဖီးနစ်ငှက်
Vol. 35 Ch. 488
" ယွဲ့ယန်ကမ္ဘာက ဘယ်သူ ကျွန်မနဲ့ တိုက်ခိုက်ချင်လဲ "
ကျွင့်ဟွမ်က လေသံမာမာဖြင့် အော်လိုက်သည်။
ထိုစဥ် အစောပိုင်းက ကျွင့်ဟွမ်နှင့် အချေအတင် စကားများခဲ့ကြသော ယွဲ့ယန်ကမ္ဘာမှ အမျိုးသမီး ရှေ့ထွက်လာကာ တိုက်ပွဲစင်မြင့်ပေါ်သို့ ဝုန်းခနဲ ဆင်းသက်လိုက်၏။
" အပျက်မ... ငါ နင်နဲ့ တိုက်ခိုက်မယ် "
ထိုအမျိုးသမီးက အေးစက်စက် နှာခေါင်းရှုံ့၍ ဆိုသည်။
ကျွင့်ဟွမ်က သူမအား လှောင်ပြုံးဖြင့် ကြည့်လိုက်သည်။
" နင်က ဒီကို တက်လာရဲသေးတယ်ပေါ့လေ။ ကောင်းပြီလေ.. ဒါဆို ဒီနေ့ နင်နဲ့ပဲ စလိုက်ကြတာပေါ့ "
သူမ ပြောပြောဆိုဆိုပင် လက်နှစ်ဖက်ကို စုလိုက်သည်။
ဝုန်း..
ချက်ချင်းမှာပင် မီးတောက် ဖီးနစ်ငှက် အရိပ်တစ်ခု ပေါ်လာကာ သူမကိုယ်ကို ရစ်ပတ်လာ၏။
" ဒါကို မြင်လား... ၊ ငါ့မှာက ထူးခြားတဲ့ ခန္ဓာကိုယ်တွေထဲမှာမှ ထိပ်တန်းအဆင့်ဖြစ်တဲ့ မီးတောက်ဖီးနစ်ငှက် ခန္ဓာကိုယ် ရှိတယ်။ နင့်မှာ အဲ့ဒါကို ယှဥ်နိုင်တဲ့ အစွမ်းမျိုး ရှိလို့လား "
ကျွင့်ဟွမ်က လှောင်ပြုံးဖြင့် ပြောလိုက်သည်။
တဖက်ရှိ ထျန်းယွမ်ကမ္ဘာမှ လူများမှာလည်း ထို မီးတောက်ဖီးနစ်ငှက် အရိပ်ကိုကြည့်ကာ အံ့သြမှင်သက်ကုန်ကြသည်။
" ကျွင့်ဟွမ်က နည်းနည်းမောက်မာတယ် ဆိုပေမယ့် အဲ့လို မောက်မာစရာအကြောင်းလဲ ရှိနေတာကိုး။ သူ့ရဲ့ မီးတောက်ဖီးနစ်ငှက် ခန္ဓာကိုယ်က မီးတောက်တွေက တော်တော်လေးကို အစွမ်းထက်တယ် ။ သူနဲ့ အဆင့်တူ ကျင့်ကြံသူတွေတောင် ထူးခြားတဲ့ နည်းလမ်းမျိုး မရှိထားရင် ယှဥ်နိုင်ကြမယ် မထင်ဘူး "
တစ်ယောက်က မှတ်ချက် ပေးလိုက်သည်။
ထိုစဥ် ယွဲ့ယန်ကမ္ဘာဘက်မှ အမျိုးသမီးမှာလည်း ရှေ့မှမြင်ကွင်းကို ကြည့်ရင်း မှင်သက်နေဟန်ပင် ။
ကျွင့်ဟွမ်က သူမ၏ မျက်နှာထားကို ကြည့်ကာ တချက်ရယ်လိုက်သည်။
" ဘာလဲ.. အခုတော့ ကြောက်သွားပြီလား ။ ဒါဆိုလဲ မြန်မြန်အရှုံးပေးလိုက်လေ။ ငါ နောက်တစ်ယောက်နဲ့ပဲ တိုက်ခိုက်မယ် "
သို့သော် တဖက်မှ အမျိုးသမီးက အသံကျယ်ဖြင့် အော်ရယ်လာ၏။
" ကြောက်ရမယ်.. ဟုတ်လား ၊ လျှောက်ပြီး ထင်ချင်ရာ ထင်မနေစမ်းပါနဲ့ဟယ် ။ ငါက တိုက်ဆိုင်လွန်းလို့ အံ့သြသွားရုံပါ "
" တိုက်ဆိုင်တယ်.. ဟုတ်လား.. "
ကျွင့်ဟွမ် နားမလည်နိုင် ဖြစ်သွားသည်။
ထိုစဥ် တဖက်မှ အမျိုးသမီးက လက်တစ်ဖက်ကို ငြင်ငြင်သာသာ ဝေ့ယမ်းလိုက်သည်။
ဝူး....
ဖီးနစ်ငှက် အော်သံတစ်ခုနှင့်အတူ ရေခဲဖီးနစ်ငှက် သုံးကောင် ထိုအမျိုးသမီးဘေး၌ ပျံဝဲလာ၏။
" ဟင်... နင့်မှာ ရေခဲဖီးနစ်ငှက် ခန္ဓာကိုယ် ရှိနေတာလား "
ကျွင့်ဟွမ်တစ်ယောက် အလွန်အံ့သြတုန်လှုပ်သွားရတော့သည်။
ရေခဲ ဖီးနစ်ငှက် ခန္ဓာကိုယ်မှာ မီးတောက်ဖီးနစ်ငှက် ခန္ဓာကိုယ်လိုပင် ဖီးနစ်ငှက်၏ သွေးအစွမ်းရှိပြီး အစွမ်းချင်းလည်း မတိမ်းမယိမ်း ဖြစ်၏။
သို့သော် ကျွင့်ဟွမ်က မီးတောက်ဖီးနစ်ငှက်အား ခေါ်ယူခဲ့စဥ်၌ လက်ဖြင့် အစီအမံများ ပြုလုပ်ခဲ့သလို သူမ၏ စိတ်စွမ်းအင်များလည်း ဆူပွက်နေခဲ့ပါသည်။ သို့တိုင် သူမ ဖီးနစ်ငှက် တစ်ကောင်တည်းကိုသာ ခေါ်ထုတ်နိုင်ခဲ့၏။
မည်သို့ပင်ဆိုစေ... တဖက်လူမှာကား..
လက်လေးတစ်ချက် ဝေ့ယမ်းရုံဖြင့် ရေခဲဖီးနစ်ငှက် သုံးကောင် ထွက်လာခဲ့ပါသည်။
သို့ဖြစ်ရာ တဖက်အမျိုးသမီး၏ ထူးခြားသောခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းက ကျွင့်ဟွမ်ထက် များစွာသာသည်မှာ အသိသာပင်။
" ဟမ့်.. ဖီးနစ်ငှက် ခန္ဓာကိုယ်က ဖီးနစ်ငှက်တွေ အများကြီး ခေါ်နိုင်မှ အစွမ်းထက်တာ မဟုတ်ဘူး။ ငါ့ကို ကြည့်ထား... ဖီးနစ်ငှက် မီးတောက်အစစ် "
ကျွင့်ဟွမ်၏ အော်သံနှင့်အတူ ကြောက်မက်ဖွယ် မီးတောက်တစ်ခု တဖက်အမျိုးသမီးဆီသို့ တိုးဝင်သွားသည်။
ထိုအကွက်မှာ အလွန်အစွမ်းထက်လွန်းလှသဖြင့် အကြီးအကဲအချို့သည်ပင် ၎င်းကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားကြ၏။
သို့သော် တဖက်အမျိုးသမီးကမူ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး လက်ခလယ်နှင့် လက်ညိုးကို ကွေး၍ အသာအယာ တောက်လိုက်သည်။
ဝုန်း..
ချက်ချင်းမှာပင် အေးစက်သော လေပြင်းတစ်ချက် တိုက်လာပြီး မီးတောက်ဆီသို့ ရွေ့လျားသွား၏။
ထိုအစွမ်းနှစ်ခု တွေ့တွေ့ချင်းမှာပင် ကျွင့်ဟွမ်၏ မီးတောက်က ချက်ချင်း ငြိမ်းသတ်ခံလိုက်ရတော့သည်။
" ဘယ်လို ဖြစ်ပြီးတော့.... "
ကျွင့်ဟွမ် အံ့သြမှင်သက်သွားရှာ၏။
သူမက သိုင်းကွက်ကြီးတစ်ခု သုံးခဲ့သော်လည်း တဖက်လူက ၎င်းကို လက်တစ်ချက် တောက်ရုံဖြင့် အေးအေးဆေးဆေး ဖျက်ဆီးလိုက်နိုင်သတဲ့လား။
ထိုစဥ် တဖက်အမျိုးသမီးက ပြုံးရင်း ပြောလာသည်။
" ဒီထျန်းယွမ်ကမ္ဘာက ကောင်မလေးက ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကိုတောင် မမြင်နိုင်ဘူးနဲ့တူတယ် "
ကျွင့်ဟွမ် အံ့အားသင့်သွားပြီးနောက် မျက်မှောင်လည်း ကြုံ့သွားပါ၏။
" နင်က ကောင်းကင်ဘုံအဆင့် မဟုတ်ဘူးလား "
တဖက်အမျိုးသမီးက ပါးစပ်ကိုလက်ဖြင့်ကာရင်း ခိုးခိုးခစ်ခစ် ရယ်သည်။
" ကောင်းကင်ဘုံအဆင့်.. ဟုတ်လား ၊ အဲ့ဒါ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကဟဲ့ "
ထို့နောက်တွင်မူ..
ဝုန်း...
အမျိုးသမီးက အရောင်အဝါအား ဖုံးကွယ်မထားတော့ဘဲ ထုတ်လွှတ်လိုက်သဖြင့်.. ထိုနေရာတစ်ခုလုံး ကြောက်မက်ဖွယ် စိတ်စွမ်းအင်များ ပြည့်သွားတော့သည်။
" ဟင်... နင်က... အဆုံးအစမဲ့အဆင့်မှာလား... "
ကျွင့်ဟွမ်တစ်ယောက် အံ့သြတုန်လှုပ်သွားတော့သည်။
တဖက်လူက သူမလို ထူးခြားသောခန္ဓာကိုယ်မျိုး ရှိထားရုံမက... ၎င်းက သူမထက်ပင် ပိုအစွမ်းထက်နေကာ... ကျင့်ကြံခြင်းအဆင့်ကလည်း သူမထက် ပိုမြင့်သတဲ့လား။
ဘာတွေပါနည်း...
ဝှစ်..
ကျွင့်ဟွမ် ချက်ချင်းနောက်လှည့်၍ ထွက်ပြေးရန် ပြင်လိုက်သည်။
" ထွက်ပြေးတော့မလို့လား... အဲ့လိုကြီး ကိစ္စကို ပြီးအောင်မရှင်းဘဲ ချန်ထားခဲ့တာ မကောင်းဘူးနော် "
တဖက်အမျိုးသမီးက နှုတ်ခမ်းတွန့်ရုံ ပြုံးကာ လက်ညိုးညွှန်လိုက်၏။
ဝုန်း..
အေးစက်စက် လေပြင်းတစ်ခုက ကျွင့်ဟွမ်အား တမဟုတ်ချင်း တိုက်ခိုက်လိုက်တော့သည်။
အွတ်...
ကျွင့်ဟွမ်မှာ လေထဲတွင်ပင် သွေးအန်သွားပြီး ... သူမ၏ကိုယ်မှ မီးတောက်များလည်း ငြိမ်းသတ်ခံလိုက်ရကာ.. သူမ အောက်ပြုတ်ကျလာသည်။
သူမ မြေပြင်သို့ ဆင်းသက်လိုက်သည့် အချိန်တွင်ကား မျက်နှာတပြင်လုံး သွေးမရှိတော့သလိုပင် ဖြူရော်နေခဲ့လေပြီ။ သူမ တဖက်အမျိုးသမီးဘက် လှည့်ကြည့်ရင်း တုန်လှုပ်စွာ ပြော၏။
" နင်... နင်က... ငါ့ရဲ့ ဖီးနစ်ငှက်ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်တာလား "
သူမ၏ မီးတောက်ဖီးနစ်ငှက် ခန္ဓာကိုယ် ၊ မူလအစွမ်းမှာ ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း ကျင့်ဟွမ် သိလိုက်ရတော့သည်။
ယခုချိန်မှစ၍ သူမ ထိုအစွမ်းအား အသုံးပြုနိုင်တော့မည် မဟုတ်ပါ။
တဖက် အမျိုးသမီးက အပြုံးဖြင့် ပြန်ပြောလာ၏။
" ဒီ ကမ္ဘာကြီးမှာ ဖီးနစ်ငှက်ခန္ဓာကိုယ်ပိုင်ရှင် တစ်ယောက်ပဲ ရှိရုံနဲ့ လုံလောက်ပါတယ် "
" နင်... "
ကျွင့်ဟွမ် တစ်ကိုယ်လုံး တုန်သွားတော့သည်။
ထိုစဥ် သူမနှင့် မလှမ်းမကမ်း၌ ရပ်ပြီးကြည့်နေသော လောရှောင်ရှောင်း၏ အရိပ်အယောင်ကိုလည်း ဖျတ်ခနဲ မြင်မိသွားကာ သူမ ပိုဒေါသထွက်သွားရ၏။
" ဘာတွေ လာကြည့်နေတာလဲ ။ ငါ့မှာ ဖီးနစ်ငှက်ခန္ဓာကိုယ် မရှိတော့ဘူး ဆိုရင်တောင် နင့်ထက်တော့ ပိုအစွမ်းထက်တယ်ဟဲ့ "
ကျွင့်ဟွမ် ဒေါသတကြီး အော်လိုက်သည်။ သူမ လောရှောင်ရှောင်း၏ အကြည့်ကို လုံးဝ မခံနိုင်ပါချေ။
" အိုး.. အဲ့လိုလား "
လောရှောင်ရှောင်းက အေးစက်စက် ပြန်ပြော၏။
ကျွင့်ဟွမ် အံကြိတ်ကာ ထပ်ပြောလိုက်သည်။
" ဒါပေါ့.. အနည်းဆုံးတော့ ငါက ထွက်ပြီး တိုက်ခိုက်ရဲတယ်လေ။ ဒါပေမယ့်.. နင်ကတော့ နင့်ရဲ့ သခင်လေး လောထျန်းလို ငကြောက်ကြီးပဲဟာ "
ဝုန်း..
သူမ စကားဆုံးသည့် အချိန်မှာပင် လောရှောင်ရှောင်း၏ ကိုယ်မှ စိတ်စွမ်းအင်များ ပေါက်ကွဲထွက်လာသည်ကို မြင်လိုက်ရ၏။
" ပါးစပ်ပိတ်ထားစမ်း ၊ ငါတို့ အကိုထျန်းအကြောင်းကို နင်ဘာမှ ပြောစရာမလိုဘူး "
လောရှောင်ရှောင်းက လေသံမာမာဖြင့် အော်လိုက်သည်။
သို့သော်.. ထိုအချိန်မှာပင်..
ဝီ..
မသေမျိုးအစွမ်းတစ်ခုက လောရှောင်ရှောင်းအား စတင်ဖိနှိပ်လာ၏။
" ခွေးမ... မိန်းကလေး ဟွမ်ကို အဲ့လို မပြောနဲ့ "
တိုက်ခိုက်လာသူမှာ အခြားသူ မဟုတ်ဘဲ အကြီးအကဲ ဟွာ ပင်... ။
အကြီးအကဲဟွာမှာ မင်ထျန်းဟွေ့နှင့် ကျွင့်ဟွမ်တို့နှစ်ယောက် ရှုံးနိမ့်သွားရသည်ကို မြင်ပြီးကတည်းက အလွန်အရှက်ရသွားခဲ့ပြီး... ဒေါသလည်း ထွက်နေခဲ့ပါ၏။
ထို့ကြောင့်လည်း ယခု လောရှောင်ရှောင်က စကားပြောလာချိန်၌ သူမကို ဒေါသဖြေစရာ တစ်ခုအဖြစ် အသုံးချရန် အကြီးအကဲဟွာ လုပ်လိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် သူမ ဘာကိုမှ ထိန်းမထားတော့ဘဲ လောရှောင်ရှောင်းအား ဒုက္ခိတ ဖြစ်သွားအောင်ထိ လုပ်ရန် ပြင်လိုက်ပါ၏။
" ရှင်ကြီး.... "
လောရှောင်ရှောင်းမှာလည်း ၎င်းကို ကြည့်ရင်း အလွန်တုန်လှုပ်သွားရသည်။
သူမသည် အစွမ်းထက်သည့်တိုင် မသေမျိုးတစ်ယောက်နှင့် ယှဥ်လျှင်ကား ကွာဟချက် ကြီးမားနေဆဲပင်။
သူမသာ အကြီးအကဲဟွာ၏ အားသုံးတိုက်ခိုက်မှုကို ခံလိုက်ရပါက.. အသက်မသေဘူး ဆိုလျှင်ပင် ဒုက္ခိတ ဖြစ်သွားရမည် မလွဲပါ။
သို့သော်... ထိုအချိန်မှာပင်.. ယောင်ချီ နတ်ဘုရားသခင်မကြီး လှုပ်ရှားလာ၏။
ဝုန်း..
နတ်ဘုရားသခင်မကြီးက အကျ်ီလက်ကို တစ်ချက် ယမ်းလိုက်ရုံဖြင့်ပင် အကြီးအကဲဟွာ၏ မသေမျိုးအစွမ်းများ ရုတ်ချည်း ပျောက်ကွယ်ကုန်တော့သည်။
" ဟင်... နတ်ဘုရားသခင်မကြီး... "
အကြီးအကဲဟွာမှာလည်း ထိုအချိန်မှသာ လန့်သွားပြီး ယောင်ချီ နတ်ဘုရားသခင်မကြီးအား လှည့်ကြည့်လိုက်သည်။
ယောင်ချီ နတ်ဘုရားသခင်မကြီးမှာ ထိုအချိန်တွင် မျက်နှာကြီး အလွန်သုန်မှုန်နေပါ၏။
" အကြီးအကဲဟွာ... ခုနက ငါ အမိန့်ပေးထားတာကို မကြားလိုက်ဘူးလား။ ဒီနေ့ ယောင်ချီကို လာပြီး ကူညီပေးတဲ့သူတိုင်းက ယောင်ချီရဲ့ ဂုဏ်သရေရှိ ဧည့်သည်တွေပဲ။ ဒီတိုင်း ပါးစပ်ကနေ အော်ပြီး အားပေးရုံပဲ ဆိုရင်တောင် ငါတို့ယောင်ချီရဲ့ အထူးဧည့်သည်တွေပဲမို့ ကောင်းကောင်းမွန်မွန် ဆက်ဆံရမှာ။ အခုတော့ နင်က ဘာလုပ်လိုက်တာလဲ ။ ငါ့ရှေ့မှာတင်မကဘူး ၊ ထျန်းယွမ်ကမ္ဘာက လူတွေအများကြီး ရှေ့မှာတင် အထူးဧည့်သည်တစ်ယောက်ကို သတ်ပစ်မလို့လား "
ပုံမှန်တွင် ဒေါသထွက်ခဲလှသည့် ယောင်ချီ နတ်ဘုရားသခင်မကြီးက ဒေါသတကြီး အော်လိုက်သည်။
ထိုစကားကို ကြားပြီးနောက် အကြီးအကဲဟွာ၏ မျက်နှာထား ချက်ချင်း ပြောင်းသွားကာ မြေကြီးပေါ်သို့ ဒူးထောက်ချလိုက်သည်။
" ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါ နတ်ဘုရားသခင်မကြီးရယ်။ ကျွန်မ အစိုးရိမ်လွန်သွားလို့ပါ။ မိန်းကလေးဟွမ်က ယောင်ချီဘက်ကနေ တိုက်ခိုက်ခဲ့တာတောင် ဟို မကောင်းတဲ့ ကောင်မလေးက မိန်းကလေးဟွမ်ကို စော်ကားတဲ့စကားတွေ ပြောနေတာမို့... မသင့်တော်ဘူးလို့ ယူဆမိလို့ပါရှင် "
အကြီးအကဲဟွာ ခေါင်းငုံ့ရင်း ပြော၏။
ယောင်ချီ နတ်ဘုရားသခင်မကြီးက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
" အခုလောလောဆယ်မှာ ဒီတိုက်ပွဲက အရေးကြီးနေတာမို့ နင့်ကိုငါ ချမ်းသာပေးလိုက်မယ်။ တိုက်ပွဲပြီးသွားမှပဲ နင်နဲ့ ရှင်းမယ် "
" ဟုတ်.. ဟုတ်ကဲ့ပါ.. "
အကြီးအကဲဟွာ ခေါင်းပိုငုံ့သွားပြီး နဖူးတပြင်လုံးလည်း ဇောချွေးများ ပြန်ကာ နောက်ဆုတ်သွား၏။
သို့သော် သူမ နောက်ရောက်သွားသည့်တိုင် ကျွင့်ဟွမ်က နေရာ၌ ရပ်နေဆဲဖြစ်ပြီး..
လောရှောင်ရှောင်းကို ကြည့်၍ အေးစက်စက်
ပြော၏။
" နင်က ငါ့ကို ဘာလို့အဲ့လောက် ရန်လိုနေရတာလဲ။ ငါပြောတဲ့ထဲမှာ ဘာမှားတာ ပါလို့လဲ ပြောစမ်းပါဦး ။ ဒါကိုမှ လက်မခံနိုင်ရင် ရှေ့ထွက်ပြီး ယွဲ့ယန်ကမ္ဘာက လူတွေကို မောင်းထုတ်ချည်လေ "
လောရှောင်ရှောင်းက သူမကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီလေ ၊ မျက်လုံးကျယ်ကျယ်ဖွင့်ပြီး သေချာ စောင့်ကြည့်ထား။ တကယ့် ပါရမီရှင်အစစ်က ဘယ်လိုဆိုတာ နင်သိအောင် ပြပေးမယ် "
သူမ ထိုသို့ပြောကာ တိုက်ပွဲစင်မြင့်ဆီသို့ လှည့်ထွက်ရန် ပြင်လိုက်သည်။
သို့သော် ထိုစဥ်မှာပင် ရှန့်မူချင်းက ရုတ်တရက် ပြောလာ၏။
" ကောင်မလေး ၊ ခဏ နေပါဦးကွာ။ အခုပြိုင်ဘက်က အစွမ်းထက်လွန်းနေတော့ မင်း ယှဥ်နိုင်မှာ မဟုတ်ဘူး။ ငါပဲ ကိုင်တွယ်လိုက်မယ် "
လောရှောင်ရှောင်းက သူ့ဘက် လှည့်ကြည့်ကာ ပြောလိုက်သည်။
" အဲ့လိုလုပ်ဖို့ မလိုပါဘူး "
ရှန့်မူချင်း အံ့အားသင့်သွားပြီး လောရုံဘက် လှည့်ကြည့်လိုက်သည်။
" သခင်လေး လော ၊ ကောင်မလေးကို နားချပါဦးဗျာ "
လောရုံနှင့် လောရှောင်ရှောင်းတို့မှာ မျိုးနွယ်စု တစ်ခုတည်းမှ မောင်နှမများ ဖြစ်ကြောင်း သူ သိထားပြီး ဖြစ်သည့်အတွက် ထိုသို့ လောရုံအား စစ်ကူတောင်းလိုက်ခြင်း ဖြစ်ပါသည်။
သူ့စကားကို ကြားသောအခါ လောရုံက ခေါင်းညိတ်၍ ဆိုသည်။
" ရှောင်ရှောင်း... "
ရှန့်မူချင်းမှာ လောရုံ စကားစလာသည့်အတွက် စိတ်သက်သာရာ ရသွားပြီး လောရှောင်ရှောင်း ထွက်သွားပြီးသည်နှင့် ရှေ့ထွက်တိုက်ခိုက်ရန် ပြင်ထားလိုက်သည်။
သို့သော်.. ထိုစဥ် လောရုံဆက်ပြောလိုက်သော စကားက..
" အားလုံးကို မသတ်လိုက်နဲ့ဦးနော် ၊ ငါ့အတွက်လဲ တစ်ဝက်ချန်ထားဦး "