← Chapters

သခင်အား အသိအမှတ် ပြုချင်သော စိတ်စွမ်းအင်သွေးကြော

Vol. 35 Ch. 481

သခင်အား အသိအမှတ် ပြုချင်သော စိတ်စွမ်းအင်သွေးကြော

Vol. 35 Ch. 481

သို့သော် လောထျန်းက မတုန်မလှုပ် ဖြစ်နေသဖြင့် ရွှေယွဲ့ချီ မြန်မြန်ပင် ရှင်းပြလိုက်သည်။

" စိတ်စွမ်းအင်သွေးကြောရဲ့ နှလုံးသားဆိုတာ အဲ့ဒီ စိတ်စွမ်းအင်သွေးကြောရဲ့ အဓိက အသက်ပဲရှင့်။ အခု ဒီကောင်ကြီးက သူ့နှလုံးသားကို ထုတ်ပေးလာတာဆိုတော့ ရှင့်ကို သခင်အဖြစ် အသိအမှတ် ပြုချင်ပုံရတယ် "

" သခင်အဖြစ် အသိအမှတ်ပြုတယ်... ဟုတ်လား "

လောထျန်းက သူ့ရှေ့မှ ယူနီကွန်းအား လှမ်းကြည့်လိုက်သည်။ ထို့နောက် ယူနီကွန်း မျက်နှာပေါ်မှ မျှော်လင့်တကြီး ဖြစ်နေဟန်ကို ကြည့်ပြီး အေးစက်စက် ပြန်ပြောလိုက်၏။

" ငါ လက်မခံနိုင်ဘူး "

ထိုသို့ ပြောပြီးသည်နှင့် သူ ချက်ချင်း မျက်နှာလွဲကာ ရှေ့ဆက်လျှောက်သွားလိုက်သည်။

" အမ်.... "

ရွှေယွဲ့ချီ အံ့သြမှင်သက်သွားရပြန်၏။

ဘာတွေ ဖြစ်နေပါသနည်း..

စိတ်စွမ်းအင်သွေးကြောက သူ့အား သခင်အဖြစ် အသိအမှတ် ပြုလာသည်ကို လောထျန်းက အမှန်တကယ် ငြင်းလိုက်သည် တဲ့လား။

၎င်းမှာ မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြော ဖြစ်ပါသည်။

ထိုသို့ အဆင့်မျိုး ရှိသည့် စိတ်စွမ်းအင်သွေးကြောမျိုး မဆိုထားဘိ ၊ သာမာန် စိတ်စွမ်းအင်သွေးကြောငယ်လေးများသည်ပင် အလွန်မောက်မာတတ်ကြကာ သခင်အား အလွယ်တကူ အသိအမှတ် မပြုတတ်ကြပါချေ။

သခင်အား အသိအမှတ်ပြုသည့် အဆင့်နိမ့် စိတ်စွမ်းအင်သွေးကြောငယ်များ အကြောင်းကိုပင် သူမ ရှေးဟောင်းစာအုပ်များထဲ၌သာ ဖတ်ခဲ့ဖူးပါ၏။

ယခုကဲ့သို့ မြင့်မြတ်နယ်မြေ အဆင့်ရှိသည့် စိတ်စွမ်းအင်သွေးကြောက သခင်အား အသိအမှတ် ပြုသည့်အဖြစ်ကိုမူ သူမတို့ ထျန်းယွမ်ကမ္ဘာတွင် ရှေးယခင်ခေတ်များမှ စ၍ ယနေ့အချိန်ထိ သူမ ကြားပင် မကြားဖူးခဲ့ပါ။

အကယ်၍ ဤနေရာတွင်သာ အခြားသူတစ်ယောက် ဆိုလျှင်... စိတ်စွမ်းအင်သွေးကြောက မိမိအား သခင်အဖြစ် အသိအမှတ် ပြုလာသည်ကို ကြည့်ကာ စိတ်လှုပ်ရှား ဝမ်းသာလွန်း၍ ငိုပင် ငိုမိကြမည် မလွဲပေ။

သို့သော်... ယခု လောထျန်းက.. စိတ်စွမ်းအင်သွေးကြောအား လိုချင်ပုံ မပြဘဲ လှည့်ထွက်သွားသတဲ့လား ။

ရွှေယွဲ့ချီမှာ ထိုတခဏ၌ လုံးဝ နားမလည်နိုင် ဖြစ်သွားရသော်လည်း လောထျန်းက ရှေ့သို့ ဆက်လျှောက်ရာ မည်သို့မှ မတတ်နိုင်ဘဲ သူ့နောက်မှသာ လိုက်သွားရန်သာ ရှိပေတော့သည်။

" လောထျန်း ၊ ကျွန်မကို စောင့်ပါဦး "

ရွှေယွဲ့ချီ အော်ကာ လောထျန်းနောက်မှနေ၍ တားမြစ်နယ်မြေ အပြင်ဘက်သို့ အပြေးလိုက်သွားလိုက်သည်။

ထိုအချိန်တွင် တားမြစ်နယ်မြေ အပြင်ဘက်၌...

" ဂိုဏ်းချုပ်ကြီး ၊ ကျူးကျော်လာတဲ့ သူတွေက ခုလောက်ဆို သေနေလောက်ပြီနော် "

အကြီးအကဲတစ်ယောက်က လေသံတိုးတိုးဖြင့် ပြောလာ၏။

လွေ့ယွမ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်က မုတ်ဆိတ်ကို လက်ဖြင့် ပွတ်ရင်း လှောင်ပြုံး ပြုံးလိုက်သည်။

" အဲ့ဒါက ပြောနေစရာတောင် လိုသေးလို့လားကွာ။ ဒါပေမယ့် ငါ တစ်ခုကိုတော့ မမျှော်လင့်ထားမိဘူးကွ "

" ဟင်... ဘာကြီးလဲ "

အားလုံး၏ မျက်နှာထားများ ပြောင်းသွားကြ၏။

လွေ့ယွမ်ဂိုဏ်းချုပ်ကြီးက အပြုံးဖြင့် ဆိုသည်။

" ခုနလေးတင် ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဥ်းတွေ မတည်မငြိမ် ဖြစ်သွားတာကို ငါ ခံစားမိလိုက်တယ်။ ငါတို့ လွေ့ယွမ်ဂိုဏ်းရဲ့ နှစ်သောင်းချီကြာတဲ့ ကြိုးစားအားထုတ်မှုတွေက နောက်ဆုံးတော့ အောင်မြင်သွားပြီနဲ့ တူတယ်ကွ "

သူ့စကားကြောင့် အားလုံး တအံ့တသြ ဖြစ်သွားကြကုန်သည်။

" ဂိုဏ်းချုပ်ကြီး ၊ ဒါဆို ကျုပ်တို့ရဲ့ စိတ်စွမ်းအင်သွေးကြောက..... "

လွေ့ယွမ်ဂိုဏ်းချုပ်ကြီးက ခေါင်းညိတ်ရင်း စကားဆက်၏။

" အမှန်ပဲ... ခုနက တိုးလာတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းတွေက စိတ်စွမ်းအင်သွေးကြောကြောင့် ဖြစ်လာတာ လုံးဝ မဟုတ်ဘူးကွ။ အဲ့လောက် များတဲ့ စည်းမျဥ်းပမာဏ ပေါ်လာဖို့ဆိုရင်... စိတ်စွမ်းအင်သွေးကြောက အဲ့လို လုပ်နိုင်တဲ့ အဆင့်ကို ရောက်သွားပြီဆိုတဲ့ အဓိပ္ပါယ်ပဲ "

သူ ထိုသို့ ပြောနေရင်း အသံပင် အနည်းငယ် တုန်သွားသည်။

" ငါတို့ လွေ့ယွမ်ဂိုဏ်းက ယွဲ့ယန်ကမ္ဘာရဲ့ ထိပ်ဆုံးနေရာကို ခြေချလို့ ရတော့မယ်ကွ "

သူ့စကားကို ကြားပြီးသည်နှင့် လွေ့ယွမ်ဂိုဏ်းသားများ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှား ပျော်ရွှင်မှုများ ဖုံးမရနိုင်တော့ပါချေ။

သူတို့ ဂိုဏ်းချုပ်ကြီး၏ ဆိုလိုရင်းကို သူတို့ ကောင်းကောင်းသိကြသည် မဟုတ်ပါလား။

သူပြောသည့်အတိုင်းသာ အမှန်ဆိုပါက လွေ့ယွမ်ဂိုဏ်းအတွက် အခွင့်ကောင်းကြီး ရပေတော့မည်။

သို့သော်... ထိုအချိန်မှာပင်..

" လောထျန်း ၊ ကျွန်မကို စောင့်ပါဦး "

မလှမ်းမကမ်းမှ ရွှေယွဲ့ချီ၏ အသံ ထွက်ပေါ်လာ၏။

" အင်... "

လွေ့ယွမ်ဂိုဏ်းမှ လူများအားလုံး အံ့သြမှင်သက်သွားကြပြီး အသံလာရာဘက် လှည့်ကြည့်လိုက်ကြရာ..တဖက်မှ လမ်းလျှောက်ထွက်လာကြသော လောထျန်းနှင့် ရွှေယွဲ့ချီအား တွေ့လိုက်ရသည်။

" ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ သူတို့နှစ်ယောက်လုံး အသက်ရှင်နေသေးတာလား "

" ဟိုကောင်ကြီးရဲ့ ဒေါသနဲ့ဆို သူတို့နှစ်ယောက်လုံး သေနေသင့်ပြီလေကွာ။ အခု ဘယ်လိုဖြစ်ပြီး... "

ထိုတခဏ၌ အားလုံးမှာ သူတို့ရှေ့မှ မြင်ကွင်းအား မယုံကြည်နိုင် ဖြစ်သွားကြတော့သည်။

သူတို့ ခန့်မှန်းထားသည့်အတိုင်း ဆိုလျှင်... လောထျန်းတို့ နှစ်ယောက်လုံး အသတ်ခံနေရသင့်လေပြီ ။

ချွှင်...

လွေ့ယွမ်ဂိုဏ်းချုပ်ကြီးက ဓားကို ချက်ချင်း ဆွဲထုတ်ကာ လောထျန်းတို့အား ရွယ်ပြီး အော်ပြောလာ၏။

" ရပ်လိုက်စမ်း ၊ မင်းတို့ နှစ်ယောက်က ဘယ်လိုလုပ်ပြီး ခုထိ အသက်ရှင်နေကြသေးတာလဲ "

လောထျန်း အံ့အားသင့်သွားပြီး တဖက်လူအား လှမ်းကြည့်ကာ မျက်မှောင်ကြုံ့လိုက်သည်။

တဖက်မှ ဂိုဏ်းချုပ်ကြီးက သူ့ကို ပြန်ကြည့်ရင်း အေးစက်စက် ဆက်ပြော၏။

" ဘာလဲ... ကြောက်လွန်းလို့ စကားပြန်မပြောနိုင်တော့ဘူးလား။ အခုချက်ချင်း ဒူးထောက်ပြီးတော့ အထဲမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ပြောစမ်း။ မပြောလို့ကတော့ မင်း သေချင်စိတ် ပေါက်သွားအောင်ကို လုပ်ပေးမယ် "

ဂိုဏ်းချုပ်ကြီး၏ ဒေါသတကြီး အော်သံနှင့်အတူ လွေ့ယွမ်ဂိုဏ်းမှ အခြားသူများ အားလုံးလည်း လောထျန်းတို့နှစ်ယောက်အား ရန်လိုသည့် မျက်နှာများဖြင့် ကြည့်လာကြသည်။

တားမြစ်နယ်မြေ အတွင်းပိုင်းတွင် ရှိသော စိတ်စွမ်းအင်သွေးကြော ကောင်ကြီးမှာ အလွန်ဒေါသကြီးသူ တစ်ယောက်ဖြစ်ကြောင်း သူတို့ထဲ မသိသူ မရှိပါချေ။

သူတို့ဆိုလျှင် တားမြစ်နယ်မြေ အတွင်းပိုင်းထဲသို့ ဝင်ပင် မဝင်ရဲကြပါ။

သို့သော်... လောထျန်းတို့နှစ်ယောက်က အတွင်းဘက်မှ အေးအေးဆေးဆေး လမ်းလျှောက်ထွက်လာကြသည်ကို မြင်သည့်အချိန်တွင်မူ... သူတို့အားလုံး အံ့သြမှင်သက်ကာ အထဲမှ စိတ်စွမ်းအင်သွေးကြော၏ အခြေအနေကိုလည်း သိချင်စိတ် ပေါက်သွားပါ၏။

သို့သော်.. လောထျန်းနှင့် ရွှေယွဲ့ချီတို့ ပြန်မပြောနိုင်ခင်မှာပင်..

ဝုန်း...

သူတို့နားလေးမှ စိတ်စွမ်းအင်များ ရုတ်တရက် ဝုန်းခနဲ တိုးလာသည်။

ထို့နောက်တွင်မူ.. မြေကြီးထဲမှ ဧရာမ အကောင်တစ်ကောင် တိုးထွက်လာ၏။

" ဒါ... ဟို စိတ်စွမ်းအင်သွေးကြောကြီးလား... "

၎င်းကို ကြည့်ရင်း အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတော့သည်။

သို့သော်.. ဂိုဏ်းချုပ်ကြီး၏ မျက်လုံးများကမူ အရောင်လက်သွားပါ၏။

" ဟားဟား... ငါ ထင်ထားတဲ့အတိုင်း နောက်ဆုံးတော့ အောင်မြင်သွားခဲ့ပြီပဲ "

သူ ဝမ်းသာအားရ ဆိုလိုက်သည်။

" ဟင်.... ဂိုဏ်းချုပ်ကြီး... "

အနောက်ဘက်တွင် ရှိနေသော အကြီးအကဲတစ်ယောက်က သူတို့ ဂိုဏ်းချုပ်ကြီးအား သံသယမကင်းသည့် မျက်လုံးများဖြင့် ကြည့်လာ၏။

လွေ့ယွမ်ဂိုဏ်းချုပ်ကြီးက အပြုံးဖြင့် ပြောလိုက်သည်။

" သခင်ကြီး လင်းမိုင်က ပြီးခဲ့တဲ့နှစ်တွေမှာ ကျင့်ကြံခြင်း အဆင့်တက်ဖို့အတွက် ဒီတားမြစ်နယ်မြေ အစီအမံထဲကနေ တဖဝါးမှ မခွာဘဲ နေလာခဲ့တာ။ အခု သခင်ကြီးက အပြင်ထွက်လာပြီဆိုတော့ သူ ကျင့်ကြံခြင်းအဆင့် တက်သွားပြီး ၊ ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဥ်းတွေကို စုစည်းဖို့ အစီအမံ မလိုတော့ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ "

ထိုစကားကို ကြားချိန်တွင်ကား အားလုံး၏ မျက်နှာများ ဝင်းလက်တောက်ပသွားကြကာ မြေပြင်သို့ ဒူးထောက်ချလိုက်ကြသည်။

ဝုန်း...

ထိုအချိန်မှာပင် ယူနီကွန်းကလည်း လောထျန်းနောက်သို့ ရောက်လာပြီး လောထျန်းအား စူးစူးရဲရဲ စိုက်ကြည့်လာ၏။

လွေ့ယွမ်ဂိုဏ်းချုပ်ကြီးမှာ ၎င်းကို ကြည့်ရင်း ပြုံးမိသွားကာ လောထျန်းဘက်လှည့်၍ ပြောလိုက်သည်။

" ကောင်လေး.... မင်းက တော်တော်လေးတော့ ကံကောင်းတာပဲကွ။ မင်းက တားမြစ်နယ်မြေထဲကို ခိုးဝင်ခဲ့ပြီးတော့ သခင်ကြီး လင်းမိုင် ကျင့်ကြံခြင်း အဆင့်တက်သွားတာကို မြင်ခွင့်ရခဲ့ရုံမက၊ ကံကောင်းထောက်မပြီးတော့ အသက်ရှင်ရက်တောင် ပြန်ထွက်လာနိုင်သေးတယ်... "

" ဒါပေမယ့်.. မင်းရဲ့ ကံကောင်းခြင်းတွေက အဲ့လောက်နဲ့ပဲ အဆုံးသတ်သွားပြီနဲ့ တူပါတယ်ကွာ။ အခု သခင်ကြီး လင်းမိုင်က ကျင့်ကြံခြင်းအဆင့်တက်သွားပြီ ဆိုတော့ မင်းအတွက် ဘယ်လိုအခွင့်အရေးမျိုးမှ မရနိုင်တော့ဘူး "

လွေ့ယွမ်ဂိုဏ်းချုပ်ကြီးက ထိုသို့ ပြောပြီးသည်နှင့် ယူနီကွန်းအား ဦးညွှတ်အရိုအသေပေးကာ ဆက်ပြော၏။

" သခင်ကြီး လင်းမိုင် ၊ အဲ့နှစ်ယောက်က ကျုပ်တို့လွေ့ယွမ်ဂိုဏ်းက မဟုတ်ဘူးဗျ။ သူတို့က တားမြစ်နယ်မြေထဲကို ကျူးကျော်ဝင်လာခဲ့တာ ဖြစ်တဲ့အတွက် သေဖို့ ထိုက်တန်တယ်။ ကျေးဇူးပြုပြီး သူတို့ကို ဖိနှိပ်ပေးပါ "

စကားဆုံးသည်နှင့် သူ လောထျန်းတို့နှစ်ယောက်အား အပြုံးဖြင့် လှမ်းကြည့်လိုက်သည်။

သူ့အကြည့်မှာ အသတ်ခံရတော့မည့် သားကောင်နှစ်ကောင်ကို ကြည့်နေသလိုပါပင်... ။

သူ့စိတ်ထဲတွင်လည်း ကျင့်ကြံခြင်းအဆင့် တက်သွားသော စိတ်စွမ်းအင်သွေးကြောက မည်သို့သော အစွမ်းမျိုး ပြသလာမည်ကို အလွန်သိချင်သွားသည်။

ထို့အပြင်... သူတို့၏ လွေ့ယွမ်ဂိုဏ်းထဲသို့ ကျူးကျော်လာသူ နှစ်ယောက် ရက်ရက်စက်စက် အသတ်ခံရမည့် မြင်ကွင်းကိုလည်း သူ ကြည့်ချင်နေပါ၏။

သို့သော်... တခဏ အကြာတွင်မူ ဂိုဏ်းချုပ်ကြီးသာမက သူ့နောက်တွင် ရှိနေကြသော လွေ့ယွမ်ဂိုဏ်းမှ လူများအားလုံး အံ့သြမှင်သက်သွားကြရတော့သည်။

အဘယ့်ကြောင့်ဆိုသော်... သူတို့ မျှော်လင့်ထားခဲ့သလို သွေးချင်းချင်းနီမည့် တိုက်ပွဲမျိုး ဖြစ်မလာဘဲ...

သူတို့၏ အမြင်တွင် အလွန်ရက်စက်ကာ အစွမ်းထက်လွန်းလှသည့် ယူနီကွန်းက လောထျန်းရှေ့သို့ သွားပြီး လောထျန်းအား ခေါင်းဖြင့်ပွတ်ကာ ချွဲလိုက်သောကြောင့်ပါပင်... ။

ထိုအချိန်တွင် ယူနီကွန်း၏ အသွင်မှာလည်း ရန်လိုဒေါသကြီးဟန် အလျဥ်းပင် ရှိမနေတော့ပါ။

မည်သို့ပင် ကြည့်ကြည့်... သူ့ပုံစံမှာ လိမ္မာရေးခြားရှိကာ သခင်စကားကို နားထေင်တတ်သော အိမ်မွေးတိရိစ္ဆာန်တစ်ကောင်သဖွယ် ရှိနေပါတော့၏။

" ဂိုဏ်းချုပ်ကြီး... ဘာတွေ ဖြစ်နေတာလဲဗျ "

အကြီးအကဲ တစ်​ယောက်က လေသံတိုးတိုးဖြင့် မေးလာသည်။

လွေ့ယွမ် ဂိုဏ်းချုပ်ကြီးမှာလည်း သူ့ရှေ့မှာ မြင်ကွင်းကို ကြည့်ကာ လုံးဝ နားမလည်နိုင် ဖြစ်နေပါ၏။

ဘာတွေ ဖြစ်နေပါသနည်း..

စိတ်စွမ်းအင်သွေးကြောက ကျင့်ကြံခြင်းအဆင့် တက်သွားပြီးနောက်ပိုင်း... အကျင့်စရိုက် ပြောင်းသွားခဲ့ခြင်းပေလား။

သို့သော်... မကြာမီမှာပင် အားလုံးကို ပိုအံ့အားသင့်သွားစေသည့် အဖြစ်တစ်ခု ဖြစ်လာပါသည်။

ထိုစဥ်တွင်..

ဝီ....

ယူနီကွန်းက ၎င်း၏ စိတ်စွမ်းအင် အသက်သွေးကြောဖြစ်သည့် နှလုံးသားကို ထပ်ထုတ်လာပါ၏။

" ဘယ်လိုဖြစ်ပြီးတော့.... "

လွေ့ယွမ်ဂိုဏ်းချုပ်ကြီးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း တစ်ကိုယ်လုံး တုန်သွားရတော့သည်။

၎င်းမှာ စိတ်စွမ်းအင်သွေးကြော၏ အသက်ဖြစ်သော နှလုံးသားပင်...

သူတို့ လွေ့ယွမ်ဂိုဏ်း၏ ဘိုးဘေးများသည်ပင် စိတ်စွမ်းအင်သွေးကြော၏ နှလုံးသားကို တစ်ခါမှ မမြင်ဖူးခဲ့ချိန်၌ ... ယခု ၎င်းက အလိုလို ပေါ်လာခဲ့သတဲ့လား။

သို့သော်.... စိတ်စွမ်းအင်သွေးကြောက ၎င်း၏ နှလုံးသားအား အပြင်လူတစ်​ယောက်ကို အဘယ့်ကြောင့် ပေးနေရပါသနည်း။

" သခင်ကြီး လင်းမိုင် ၊ ကျုပ်က လွေ့ယွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးပါ "

လွေ့ယွမ်ဂိုဏ်းချုပ်ကြီးက အသံကျယ်ဖြင့် အော်ပြောလိုက်သည်။

ဝှစ်..

ထိုစကားကို ကြားသောအခါ ယူနီကွန်းက သူ့ဘက်သို့ ချက်ချင်း လှည့်ပြီး စူးရှရှ အကြည့်ဖြင့် စိုက်ကြည့်လာ၏။

" သခင်ကြီးက... ကျုပ်ကို သခင်အဖြစ် အသိအမှတ် ပြုချင်လို့ မဟုတ်လား။ ကျုပ် ဒီ စိတ်စွမ်းအင်သွေးကြော နှလုံးသားကို လိုလိုလားလား လက်ခံပြီး သခင်ကြီးရဲ့ သခင်တစ်ယောက်အဖြစ် နေပေးဖို့ သဘောတူပါတယ် "

လွေ့ယွမ်ဂိုဏ်းချုပ်ကြီးက ယူနီကွန်းအား အပြုံးဖြင့်ကြည့်ကာ ပြောလိုက်သည်။

သူ့စိတ်ထဲတွင် အလွန်လည်း ဝမ်းသာပျော်ရွှင်နေပါ၏။

ထို စိတ်စွမ်းအင်သွေးကြော၏ သခင်သာ ဖြစ်သွားခဲ့ပါက.. သူ့အတွက် ပြောမပြနိုင်လောက်အောင် အကျိုးရှိမည်ကို သူ ကောင်းကောင်းကြီး သိနေသည် မဟုတ်ပါလား။

ထိုအချိန်မှာပင်... ယူနီကွန်းက ဖြည်းဖြည်းချင်း ထရပ်ကာ လွေ့ယွမ်ဂိုဏ်းချုပ်ကြီးဆီသို့ တစ်လှမ်းချင်း လျှောက်လာသည်။

လွေ့ယွမ်ဂိုဏ်းချုပ်မှာလည်း ၎င်းကို ကြည့်ကာ အလွန်ဝမ်းသာပျော်ရွှင်သွားရှာ၏။

" သူလာနေပြီ.. သူ လာနေပြီ... ငါ့ကို သခင်အဖြစ် အသိအမှတ် ပြုတော့မယ် "

သူ ဝမ်းသာအားရ ဆိုလိုက်သည်။

သို့သော်... ထိုအချိန်မှာပင်..

ဝုန်း..

ယူနီကွန်းက လက်တစ်ဖက်မြှောက်ကာ လွေ့ယွမ်ဂိုဏ်းချုပ်ကြီးအား အဝေးသို့ လွင့်ထွက်သွားအောင် ရိုက်ထုတ်လိုက်တော့သည်။

All Chapters