← Chapters

စိတ်စွမ်းအင်သွေးကြော၏ နှလုံးသား

Vol. 35 Ch. 480

စိတ်စွမ်းအင်သွေးကြော၏ နှလုံးသား

Vol. 35 Ch. 480

" ဘယ်အကွက်လဲ... ဘာအကွက်မျိုးကို ပြောတာလဲ "

ရွှေယွဲ့ချီက လောထျန်းအား သံသယမကင်းဟန်ဖြင့် ကြည့်လိုက်သည်။

ထိုအချိန်တွင် သူတို့ရှေ့ရှိ စိတ်စွမ်းအင်သွေးကြောမှာလည်း အသွင်ပြည့် ပေါ်နေလေပြီ။

၎င်းမှာ တောင်တစ်လုံးကဲ့သို့ ကြီးမားသော ယူနီကွန်းတစ်ကောင်ဖြစ်ပြီး မျက်လုံးများ သွေးကဲ့သို့ နီရဲနေကာ တစ်ကိုယ်လုံးလည်း လူသတ်အရိပ်အငွေ့ဖြင့် ဆူပွက်နေဟန်ပင်။

ထိုအဆင့်ရှိသည့် စိတ်စွမ်းအင်သွေးကြောမျိုးမှာ အသိဉာဏ်လည်း အလွန်မြင့်နေပြီ ဖြစ်ပါသည်။ ထို့ကြောင့်လည်း လောထျန်းကြောင့် ပြိုကွဲသွားပြီးသည်နှင့် ၎င်း၏ မျက်လုံးများက လောထျန်းတစ်ယောက်တည်းအပေါ်တွင်သာ စူးစူးရဲရဲ ကျလာတော့၏။ ၎င်း၏ ကိုယ်ထဲမှ အစွမ်းကလည်း ကြောက်မက်ဖွယ် အတိုင်းအတာအထိ ထိုးတက်လာသည်။

ထို့နောက်တွင်ကား ယူနီကွန်း လှုပ်ရှားသွားကာ ကမ္ဘာကြီးကိုပင် ဖျက်ဆီးနိုင်ဟန် ရှိသော ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းလုံးကြီးများ လောထျန်းဆီသို့ လိမ့်ဝင်လာကြသည်။

တစ်ချိန်တည်းမှာပင် လောထျန်းလည်း လှုပ်ရှားသွားပြီး...

လေထဲသို့ ပျံတက်၍ လက်ကို ဆန့်ထုတ်လိုက်သည်။

ချွှင်..

သူ့လက်ထဲတွင် ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းများမှ ဖြစ်ပေါ်လာသော ဓားတစ်လက် ပေါ်လာကာ ယူနီကွန်းအား ရွယ်ထားလိုက်သည်။

" ဟင်... လောထျန်း ၊ သတိထားဦးနော်... "

ဘေးနားတွင် ရှိနေသော ရွှေယွဲ့ချီမှာ နားမလည်ဘဲ လောထျန်းက သာမာန်ဓားတစ်လက်ကိုသာ ထုတ်ယူလိုက်သည်ဟု ထင်သွားပြီး စိုးရိမ်တကြီး အော်ဟစ်သတိပေးလိုက်သည်။

ယခု သူမတို့ ရင်ဆိုင်နေရသည့် ယူနီကွန်းက ယခင် ပထမတစ်ကြိမ်ထက် ပိုအစွမ်းထက်ဟန် တူနေသည် မဟုတ်ပါလား။

သို့ဖြစ်ရာ လောထျန်းက အလွန်အစွမ်းထက်သည် မှန်သည့်တိုင် ၎င်းကို သာမာန်ဟုတွေးပြီး ရင်ဆိုင်ပါက အနိုင်ရနိုင်မည် မထင်ပါချေ။

သို့သော် မကြာမီမှာပင် ရွှေယွဲ့ချီတစ်ယောက် အံ့သြမှင်သက်သွားရတော့သည်။

စစချင်းတွင် လောထျန်းအား သူသေကိုယ်သေ တိုက်ခိုက်ရန် စဥ်းစားထားခဲ့သည့် ယူနီကွန်းမှာ...

လောထျန်းလက်ထဲမှ ဓားကို မြင်သည့်အခါ မျက်နှာထား ချက်ချင်း ပြောင်းသွားသည်။

၎င်းက ချက်ချင်းဆိုသလိုပင် ခြေ လက် လေးချောင်းလုံး သုံး၍ အရှိန်လျှော့ရန် ကြိုးစားလိုက်ပြီး..လောထျန်းအား မထိမိခင်လေးမှာပင် ရပ်သွား၏။

ပြီးနောက်တွင်မူ ၎င်းက လောထျန်းနားသို့ ခေါင်းတိုးလာကာ လောထျန်းလက်ထဲမှ ဓားအား တရှုံ့ရှုံ့ နမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများလည်း ပျော်ရွှင်စိတ်လှုပ်ရှားမှုကြောင့် အရောင်လက်သွားကာ တစ်ကိုယ်လုံး တုန်လာ၏။

ထို့နောက်တွင် ၎င်းက ပါးစပ်ကြီးဟ၍ ဓားအား ဝါးမြိုရန် ပြင်လိုက်သည်။

သို့သော်... ထိုအချိန်မှာပင် လောထျန်းက ဓားအား လက်လွတ်လိုက်ပါ၏။

ဝှစ်..

သူ့လက်ထဲမှ ဓားက အဖြူရောင် အခိုးအငွေ့ လုံးကြီးအဖြစ် ရုတ်ချည်းပြောင်းသွားကာ ကောင်းကင်နှင့် မြေကြီးကြား ပျောက်ကွယ်သွားတော့သည်။

" အင်.... "

ယူနီကွန်းမှာ ၎င်းကို ကြည့်ရင်း အလွန်အံ့သြမှင်သက်သွားရှာ၏။

ထိုစဥ် လောထျန်းက ရွှေယွဲ့ချီအား ဆွဲခေါ်ရင်း ပြောလိုက်သည်။

" သွားကြစို့ "

" အင်... "

ရွှေယွဲ့ချီမှာလည်း နားမလည်နိုင် ဖြစ်သွားရတော့၏။

ယခုချက်ချင်း ထွက်သွားတော့မည် တဲ့လား..

သို့သော်.. ထိုအချိန်မှာပင်..

ဝှစ်..

ယူနီကွန်း၏ ဧရာမ ခန္ဓာကိုယ်ကြီးက အလွန်လျင်မြန်စွာ လှုပ်ရှားသွားပြီး လောထျန်းရှေ့တွင် ပိတ်ရပ်လာသည်။

" သတိထားနော်... "

ရွှေယွဲ့ချီ အသံကျယ်ဖြင့် အော်ဟစ်သတိပေးလိုက်သည်။

သို့သော်... ဤတစ်ကြိမ်တွင်ကား... ယူနီကွန်းမှာ လောထျန်းအား တိုက်ခိုက်လိုဟန် အလျဥ်းမရှိဘဲ သူ့ရှေ့၌ ခြေကားယား လက်ကားယား အမူအရာဖြင့် ကပြနေသလို လုပ်လာပါ၏။

" ဟင်... အဲ့ကောင်ကြီးက ဘာတွေ ဖြစ်နေတာလဲ "

ရွှေယွဲ့ချီတစ်ယောက် ပိုပို၍ နားမလည်နိုင် ဖြစ်သွားရကာ လောထျန်းအား ကြည့်လိုက်သည်။

ထိုစဥ် လောထျန်းက လက်ဆန့်ထုတ်ပြီး နောက်ဓားတစ်လက် ထပ်လုပ်လိုက်ပြန်၏။

" သူက ဒီဓားကို လိုချင်နေတာ ထင်တယ် "

လောထျန်း ပြောလိုက်သည်။

" ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

ရွှေယွဲ့ချီမှာ လောထျန်းက ဟင်းလင်းပြင်လက်စွပ်ထဲမှ ဓားကို ထုတ်ယူလိုက်သည်ဟုသာ ထင်ပြီး မယုံနိုင် ဖြစ်သွားရှာသည်။

သို့သော် ထိုစဥ်မှာပင်..

" ဝူး.... "

ရှေ့မှ ယူနီကွန်းကြီးက လက်များ ဟိုဟိုဒီဒီယမ်း၍ ကလာပြန်၏။

သို့သော် ဤတစ်ကြိမ်တွင်လည်း လောထျန်းက ဓားကို လက်လွတ်ပြန်သည်။

" အား.... "

ယူနီကွန်းက အော်ဟစ်ငြီးတွားသံ ပေးကာ လောထျန်းအား မကျေနပ်သည့် မျက်လုံးများဖြင့် ကြည့်လာသည်။

" ဒါကို လိုချင်လို့လား "

လောထျန်း မေးလိုက်၏။

ယူနီကွန်းက အသည်းအသန်ပင် ခေါင်းတဆတ်ဆတ် ညိတ်ပြသည်။

" ကောင်းပြီလေ.. ဒါဆို ကျွမ်းထိုးလိုက် "

လောထျန်း ပြောလိုက်သည်။

ဘေးတွင်ရပ်နေသော ရွှေယွဲ့ချီ မျက်မှောင်ကြုံ့သွား၏။

" လောထျန်း ၊ အဲ့ဒါ မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြောနော်။ ဘယ်လိုလုပ်ပြီး ကျွမ်းထိုးခိုင်းနေတာလဲ။ ခွေးများ ထင်နေလို့လား.. ဟင် "

သို့သော် သူမ စကားမဆုံးခင်မှာပင်... ရှေ့မှ ယူနီကွန်းကြီးက ကျွမ်းထိုးလိုက်တော့သည်။

" ကဲ... လက်လေး ပေးစမ်းပါဦး "

လောထျန်းက ဆက်ပြောလိုက်သည်။

ယူနီကွန်းက လောထျန်းအလိုကျ လက်ပေးလာပြန်၏။

" အခု... ဦးညွှတ်ပြီး အရိုအသေပေး "

လောထျန်း ထပ်ခိုင်းလိုက်သည်။

ယူနီကွန်းက သူ့သဘောကျ ဦးညွှတ်အရိုအသေ ပေးပြန်၏။

“လျှာထုတ်ပြီး ဟီပြ”

“ဟီ ဟီ ဟီး ဟီး ဟီးဟီ”

" ငါ... လျှောက်ပြီး စိတ်ထင်ရာ မြင်ယောင်နေတာများလား "

ရွှေယွဲ့ချီတစ်ယောက် လုံးဝ နားမလည်နိုင်တော့ပါချေ။

သူမတို့ ယောင်ချီတွင်လည်း မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြော တစ်ခုရှိပြီး သူမသည်ပင် ကံကောင်းထောက်မလွန်း၍ ထိုစိတ်စွမ်းအင်သွေးကြော အသွင်ပြောင်းသည်ကို တစ်ကြိမ်သာ မြင်ဖူးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် စိတ်စွမ်းအင်သွေးကြောများက မည်မျှ မောက်မာတတ်ကြကြောင်း သူမ ကောင်းကောင်းကြီး သိထားပါ၏။

သူမတို့ နတ်ဘုရား သခင်မကြီးသည်ပင် ၎င်းအား တစ်ခုခု တောင်းဆိုလိုပါက တရိုတလေ တလေးတစား ပြောရပါသည်။

ထိုသို့ တောင်းဆိုရာတွင်လည်း ဆယ်ကြိမ်တွင် နှစ်ကြိမ်၊ သုံးကြိမ်မျှ အောင်မြင်လျှင်ပင် အလွန်ကောင်းပြီဟု မှတ်ယူရပါ၏။

သို့သော်... ယခု သူမရှေ့မှ လောထျန်းက ခွေးတစ်ကောင်အား လေ့ကျင့်ပေးနေသည့် ပုံမျိုး အဘယ့်ကြောင့် ပေါက်နေရပါသနည်း။

ထိုစဥ် တဖက်မှ လောထျန်းခိုင်းသမျှကို လုပ်ပြီးသွားသော ယူနီကွန်းက လောထျန်းအား အရောင်လက်နေသည့် မျက်လုံးများဖြင့် ကြည့်လာသည်။

လောထျန်းက နှုတ်ခမ်းတွန့်ရုံ ပြုံး၍ လေထဲ လက်ဆန့်ထုတ်လိုက်ရာ.. သူ့လက်ထဲတွင် ဓားအသေးလေး တစ်လက် ပေါ်လာ၏။

" ရော့... ဒါ မင်းအတွက် "

လောထျန်း ပြောကာ ဓားလေးအား ပစ်ပေးလိုက်သည်။

ဂလု..

ယူနီကွန်းက ချက်ချင်း လေထဲပျံတက်ပြီး ဓားလေးအား တစ်လုပ်တည်း ဝါးမြိုလိုက်၏။

ဝုန်း..

တစ်ချိန်တည်းမှာပင် ယူနီကွန်း၏ ကိုယ်မှ စိတ်စွမ်းအင်အလင်းတန်းတစ်ခု လင်းလက်လာကာ ၎င်း၏ ခန္ဓာကိုယ်ကလည်း တမဟုတ်ချင်း ကြီးထွားလာသည်။

" ဟင်... ဘာ.. ဘာတွေ ဖြစ်နေတာလဲ ။ လောထျန်း.. အဲ့ကောင်ကြီးက ဘာဖြစ်လို့... "

ရွှေယွဲ့ချီ ပိုပို၍ပင် ခေါင်းရှုပ်သွားရတော့သည်။

လောထျန်းက အပြုံးဖြင့် ပြန်ပြော၏။

" ဒါတွေအားလုံး မင်းရဲ့ ကျေးဇူးကြောင့်ပဲကွ "

" ကျွန်မကြောင့်.. ဟုတ်လား "

ရွှေယွဲ့ချီ နားမလည်နိုင်သေးပါ။

လောထျန်းက ခေါင်းညိတ်၍ စကားဆက်သည်။

" မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြောတွေကို ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းတွေနဲ့ ကျွေးမွေးပြုစုပေးရတယ်လို့ မင်းပဲ ပြောခဲ့တာလေ "

ရွှေယွဲ့ချီ ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်လေ.. အဲ့တော့ ဘာဖြစ်လို့လဲ "

လောထျန်းက အပြုံးဖြင့် လက်တစ်ဖက် ခါးထောက်ပြီး ကျန်လက်တစ်ဖက်ကို မြှောက်လိုက်သည်။

ချွှင်..

သူ့လက်ထဲတွင် ဓားရှည်တစ်လက် ရုတ်ချည်း ပေါ်လာ၏။

" ဒါ ကျုပ် ကောင်းကင်းနဲ့ မြေကြီးရဲ့ စည်းမျဥ်းတွေကို စုစည်းပြီး ရလာတဲ့ဟာပဲ "

လောထျန်း ပြောလိုက်သည်။

" ဘယ်လို.... "

ရွှေယွဲ့ချီမှာ သူ့မျက်လုံးသူပင် မယုံနိုင် ဖြစ်သွားရှာ၏။

ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းများမှာ မျက်လုံးဖြင့် မြင်နိုင်သော အရာတစ်ခု မဟုတ်ပါချေ။ ယောင်ချီက မှော်လက်နက်ပေါင်းစုံ အသုံးပြုပြီး ထိုစည်းမျဥ်းများအား စုစည်းရန် နှစ်ပေါင်းများ

စွာကြာ ကြိုးစားခဲ့သည့်တိုင်... ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းများကို အသွင်ပေါ်လာအောင်ပင် လုပ်ရန် မလွယ်လှပါ။

သို့သော်... လောထျန်းကမူ..

ထိုစဥ် လောထျန်းက စကားဆက်သည်။

" ကျုပ် ဒီက အစီအမံတွေကို တစ်ချက်ကြည့်ပြီးတော့ အကြမ်းဖျင်း ကောက်ချက်ချလို့ရသွားတာ တစ်ခုရှိတယ်။ အဲ့ဒါ ဘာလဲဆိုတော့... ကျုပ် စောနက ပေးလိုက်တဲ့ ဓားထဲမှာ ပါတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းပမာဏကို ရဖို့ဆို ဒီက အစီအမံတွေက အနည်းဆုံး နှစ်တစ်သောင်းလောက် ကြာအောင်ကို စုစည်းရမှာ။ ဒါ့ကြောင့်မို့လဲ အဲ့ကောင်ကြီးက ဒီလောက် အမိန့်နာခံနေတာပေါ့ "

စကားဆုံးအောင် နားထောင်ပြီး နောက်တွင်ကား ရွှေယွဲ့ချီ ချက်ချင်း နားလည်သွားပါသည်။

လောထျန်းက ဘာမှ အရေးမကြီးပုံဖြင့် ပစ်ပေးခဲ့သော ဓားထဲတွင် ပါဝင်သည့်အရာက တဖက်သားရဲအတွက် နှစ်ပေါင်းသောင်းချီကြာ စုဆောင်းကျင့်ကြံမှ ရမည့် အရာတစ်ခု ဖြစ်နေခဲ့ပေသည်။

ထိုသို့သော အရာမျိုးကို မည်သူက မလိုချင်ဘဲ နေပါမည်နည်း။

" ဝူး... "

ထိုစဥ် ယူနီကွန်းက လောထျန်းလက်ထဲမှ ဓားရှည်ကို ကြည့်ကာ အော်ဟစ်ငိုကြွေးသံ ပေးလာ၏။

လောထျန်းက ထိုကောင်ကြီးကို လှည့်ကြည့်ရင်း မေးလိုက်သည်။

" ဒါကို စားချင်လို့လား "

ယူနီကွန်းက ခေါင်းတဆတ်ဆတ် ညိတ်ပြ၏။

" ဒါဆိုရင် ငါ့ကိုသစ္စာခံပြီးတော့ ငါ့နောက်လိုက် အဖြစ်နဲ့ နေပါ "

လောထျန်း ပြောလိုက်သည်။

ထိုစကားကို ကြားချိန်တွင်မူ ယူနီကွန်း ခေတ္တမျှ တွန့်ဆုတ်သွားပါ၏။

၎င်းကို မြင်သောအခါ လောထျန်း မျက်မှောင်ကြုံ့သွားပြီး ရွှေယွဲ့ချီဘက် လှည့်ကြည့်၍ ပြောလိုက်သည်။

" သွားကြစို့ "

" ဟမ်..... ကောင်းပါပြီ "

ရွှေယွဲ့ချီကလည်း ထိုသို့ ပြန်ပြောပြီး လောထျန်းနှင့်အတူ ရှေ့ဆက် လျှောက်သွားလိုက်၏။

" ဝူး.... "

ယူနီကွန်းမှာ ထိုအချိန်မှသာ လန့်သွားဟန်ဖြင့် လောထျန်းနောက် အပြေးလိုက်လာသည်။

လောထျန်းက အေးစက်စက်သာ ပြန်ပြော၏။

" ထွက်သွားစမ်း "

ယူနီကွန်းမှာ အလွန်ကြောက်ရွံ့သွားဟန် တူကာ တစ်ကိုယ်လုံး တုန်သွားရှာသည်။ သို့သော် သူ ဘာမှလည်း ပြန်မပြောရဲဘဲ လောထျန်းကိုသာ အသနားခံသည့် အကြည့်ဖြင့် ကြည့်လာ၏။

လောထျန်းက အေးစက်စက် ပြန်ပြောလိုက်သည်။

" ကမ္ဘာပေါ်မှာ စိတ်စွမ်းအင်သွေးကြောတွေ အများကြီး ရှိတာနော်။ အဲ့ထဲမှာ ငါ့ရဲ့ နောက်လိုက်ခွေး ဖြစ်ချင်တဲ့သူ ဘယ်လောက်များတယ် ထင်လဲ။ ငါက အဲ့ထဲကမှ မင်းကို သေချာ အခွင့်အရေး ပေးနေတာ ၊ ဒါကိုမှ တန်ဖိုးမထားတတ်ရင်တော့ .. ငါ့ကို အပြစ်လာမတင်နဲ့ "

" မင်းကိုယ်မင်း သိပ်ကို အစွမ်းထက်ပြီး အဖိုးတန်လွန်းနေပြီလို့လဲ မထင်လိုက်နဲ့ဦးနော်။ ငါ့ကို သေချာကြည့်ထား "

လောထျန်းက ပြောပြောဆိုဆိုပင် သူ၏ ထူးခြားသော စိတ်စွမ်းအင်ပင်လယ်ကို အသက်သွင်းကာ လက်ဖြင့်လည်း အစီအမံများ တစ်ပြိုင်နက်တည်း ပြုလုပ်လိုက်သည်။

ဝုန်း...

ချက်ချင်းမှာပင် ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းများမှ စုစည်းလာသော... ပေပေါင်းရာကျော် ရှည်သည့် ဧရာမ ဓားကြီးတစ်လက် ပေါ်လာတော့၏။

ထိုဓား ပေါ်လာသည်နှင့် ကြောက်မက်ဖွယ် ဖိအားကြီး တစ်ခုကလည်း နေရာအနှံ့ ပျံ့သွားသည်။

ယွဲ့ယန်ကမ္ဘာတစ်ခုလုံး နီးပါးလည်း စတင်တုန်ခါလာ၏။

လောထျန်းက သူ့ရှေ့မှ ယူနီကွန်းကို ကြည့်ကာ အေးစက်စက် ထပ်ပြောသည်။

" မင်းကိုယ်မင်း သိပ်ကောင်းလှပြီ ထင်နေတယ်ပေါ့လေ။ ငါ့ရဲ့ ဓားကိုလဲ သေချာကြည့်လိုက်စမ်းပါဦးကွ။ ဒီဓားကြီးနဲ့ စိတ်စွမ်းအင်သွေးကြော ဘယ်နှခုလောက်ကို မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြော ဖြစ်သွားအောင် လုပ်ပေးနိုင်မယ်လို့ ထင်လဲ "

ယူနီကွန်းမှာ လောထျန်း၏ စကားများကို နားထောင်နေရင်း ၊ သူ့ရှေ့မှ ကောင်းကင်နှင့်မြေကြီး စည်းမျဥ်းဓားကြီးနှင့် အလျှိုအလျှို ထွက်လာကြသော စိတ်စွမ်းအင်သွေးကြောများကို ကြည့်ကာ တစ်ကိုယ်လုံး တုန်သွားတော့သည်။

ထိုတခဏ၌ သူ လောထျန်းကို ကြည့်သော အကြည့်မှာလည်း နတ်ဘုရားတစ်ပါးအား ကြည့်နေသလိုပါပင်....

ထို့နောက်တွင်မူ သူ တစ်ကိုယ်လုံး တုန်နေရင်း မြေပြင်သို့ လဲကျသွား၏။

ဝီ....

ထိုအချိန်မှာပင် ယူနီကွန်း၏ ကိုယ်ထဲမှ အလင်းလုံးတစ်ခု ဖြည်းညင်းစွာ မျောလွင့်လာတော့သည်။

" စိတ်စွမ်းအင်သွေးကြောရဲ့ နှလုံးသားပဲ... အဲ့ဒါ စိတ်စွမ်းအင်သွေးကြောရဲ့နှလုံးသားပဲရှင့် "

၎င်းကို မြင်သောအခါ ရွှေယွဲ့ချီထံမှ အံသြတုန်လှုပ်နေသည့် အော်သံ ထွက်ပေါ်လာသည်။

All Chapters