ယွဲ့ယန်ကမ္ဘာ
Vol. 35 Ch. 478
" မင်းရော ဒီနေရာကို မသိဘူးလား "
လောထျန်းက ရွှေယွဲ့ချီအား တအံ့တသြကြည့်ကာ မေးလိုက်သည်။
သူ ယခုတစ်ခေါက် တည်နေရာရွှေ့ပြောင်းလာသည့် အကွာအဝေးက အနည်းငယ်ဝေးသည်ဟု ဆိုနိုင်သည့်တိုင် ယောင်ချီအနီးတဝိုက်တွင်ပင် ရှိနေသင့်သည် မဟုတ်ပါလား။
သို့သော်.. ရွှေယွဲ့ချီ၏ ပုံမှာ ယခုနေရာအား မှတ်မိဟန် မတူပါချေ။
ရွှေယွဲ့ချီက ခေါင်းယမ်းပြီး ပြောလာ၏။
" ကျွန်မ ဒီနေရာကို အရင်က တစ်ခါမှ မမြင်ဖူးဘူး.... "
သူမ ထိုသို့ပြောရင်း ရှေ့မှ စိတ်စွမ်းအင်များ ပြည့်နေသည့် တောင်ကို လှမ်းကြည့်ကာ ရင်ထဲ သံသယများ ပိုဝင်လာသည်။
ထိုတောင်ပေါ်ရှိ စိတ်စွမ်းအင်မှာ ယောင်ချီကဲ့သို့ပင် ကြွယ်ဝလှပါ၏။
ယောင်ချီအနီးတွင် ထိုသို့သော နေရာမျိုး ရှိပါက သူမ မသိဘဲ နေမည်မဟုတ်ပေ။
သူတို့နှစ်ယောက် ထိုသို့ နားမလည်နိုင် ဖြစ်နေကြစဥ်မှာပင်...
" ဟင်... ငါတို့ လွေ့ယွမ်ဂိုဏ်းရဲ့ တားမြစ်နယ်မြေထဲကို ခိုးဝင်ရဲတာ ဘယ်ကောင်လဲကွ "
ဒေါသထွက်နေသည့် အသံတစ်သံ ရုတ်တရက် ပေါ်လာသည်။
ထိုအသံနှင့်အတူ သူတို့နှစ်ယောက်ဆီသို့ လေထုကိုခွင်းကာ လာနေသော အသံများလည်း ထွက်ပေါ်လာ၏။
" လွေ့ယွမ်ဂိုဏ်းတဲ့... မင်း ဒီနေရာကို သိလား "
လောထျန်း ရွှေယွဲ့ချီဘက် လှည့်ကြည့်ကာ ထပ်မေးလိုက်သည်။
ရွှေယွဲ့ချီ မျက်မှောင်ကြုံ့သွားကာ ပြန်ဖြေသည်။
" ကျုံ့ကျိုးဒေသက အကျယ်ကြီးပဲရှင့် ၊ လွေ့ယွမ်ဆိုတဲ့ နာမည်နဲ့ ဂိုဏ်းတွေ နည်းနည်းရှိတာကိုတော့ ကျွန်မ သိတယ်။ ဒါပေမယ့် အဲ့ဂိုဏ်းတွေ အကုန်လုံးက မထင်မရှား ဂိုဏ်းငယ်လေးတွေပါ ၊ ခုလိုကြီး ဖြစ်စရာ ဘာအကြောင်းမှ မရှိဘူး "
သူတို့နှစ်ယောက် စကားပြောနေကြစဥ်မှာပင် သူတို့ရှေ့သို့ လူများ ဆင်းသက်လာကြ၏။
လောထျန်းက ရောက်လာသော လူသစ်များကို တွေ့သည်နှင့် ချက်ချင်း ဦးညွှတ်၍ ဆိုလိုက်သည်။
" စိတ်မရှိပါနဲ့ဗျာ ၊ ကျုပ်တို့က ခင်ဗျားတို့ရဲ့ တားမြစ်ဒေသကို မတော်တဆ ရောက်လာမိတာပါ။ ကျုပ်တို့ အခုပဲ ထွက်သွားပါ့မယ် "
သူသည် အခြားသူများ၏ နယ်မြေထဲသို့ ကျူးကျော်ဝင်ရောက်လာသူဖြစ်ရာ.. ပြဿနာအား အေးအေးဆေးဆေး ဖြေရှင်းရန်တွေးပြီး လောထျန်း ထိုသို့ ပြောလိုက်ခြင်းဖြစ်သည်။
သို့သော် မျှော်လင့်မထားစွာပင်..
ချွှမ်...
တဖက်လူစု၏ ခေါင်းဆောင်ဖြစ်ဟန်တူသော သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က ဓားကို ထုတ်၍ လောထျန်းတို့နှစ်ယောက်အား ပိတ်တားလာ၏။
" ရပ်လိုက်စမ်း ၊ မင်းတို့က ငါတို့ လွေ့ယွမ်ဂိုဏ်းကို ဘာထင်နေတာလဲ။ မင်းတို့ စိတ်ရှိသလို သွားချင်တိုင်းသွား ၊ လာချင်တိုင်းလာလို့ရမယ် ထင်နေတာလား ။ ဒီနေ့ မင်းတို့ ခိုးဝင်လာတာ ငါတို့ဂိုဏ်းရဲ့ တားမြစ်နယ်မြေကွ။ အဲ့တော့ ဒီမှာပဲ ရပ်ပြီး အပြစ်ပေးခံဖို့ကို အေးအေးဆေးဆေး စောင့်နေပါ "
လူကြီးက ပြောလိုက်သည်။
ရွှေယွဲ့ချီမှာ ထိုစကားကို ကြားပြီးနောက် ပြဿနာ အရှည်အရှည် မဖြစ်လိုသဖြင့် ဝင်ပြောလိုက်၏။
" သခင်ကြီး ၊ ကျွန်မက ယောင်ချီရဲ့ အပျိုစင်နတ်ဘုရားမ ပါရှင် ။ အခုကိစ္စကလဲ တကယ်ကို နားလည်မှု လွဲသွားတာပါ။ ကျေးဇူးပြုပြီး ကျွန်မတို့ကို ငဲ့ညှာထောက်ထားတဲ့ အနေနဲ့ ခွင့်လွတ်ပေးပါရှင် ၊ ကျွန်မတို့ အခုပဲ ထွက်သွားပါ့မယ် "
တဖက်မှ သက်လတ်ပိုင်းအရွယ် လူကြီးက ထိုစကားကို ကြားသည်နှင့် မျက်လုံးများ အရောင်လက်သွားပြီး ရွှေယွဲ့ချီအား ခေါင်းစခြေဆုံး စုံချည်ဆန်ချည် ကြည့်လာသည်။ သူ့မျက်လုံးထဲတွင်လည်း လောဘငွေ့များ မထိန်းနိုင်ဘဲ အရောင်လက်လာ၏။
သို့သော်.. တခဏအကြာတွင်မူ သူ ရုတ်ချည်း မျက်မှောင်ကြုံ့သွားသည်။
" ယောင်ချီ.. ဟုတ်လား ၊ ငါတို့ ယွဲ့ယန်ကမ္ဘာမှာ အဲ့လိုနာမည်နဲ့ ဂိုဏ်းမျိုး ရှိတယ်ဆိုတာ ငါ ဘာလို့ မကြားမိတာပါလိမ့် "
ယွဲ့ယန်ကမ္ဘာတဲ့လား...
လောထျန်းနှင့် ရွှေယွဲ့ချီတို့ နှစ်ယောက်လုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
အထူးသဖြင့် လောထျန်းမှာ အနည်းငယ် နားမလည်နိုင်ဖြစ်ကာ ခေါင်းရှုပ်နေပုံပါပင်။
ယခု သူရောက်နေသည့် နေရာက ကျုံ့ကျိုးဒေသ မဟုတ်ရုံမက ၊ ထျန်းယွမ်ကမ္ဘာပင် မဟုတ်ဘဲ...
ယွဲ့ယန်ကမ္ဘာတဲ့လား..
သူ ထိုသို့ အခြားကမ္ဘာတစ်ခုကို တည်နေရာရွှေ့ပြောင်းနေနိုင်ပြီလား..
သူ၏ ကောင်းကင်ဘုံခန္ဓာကိုယ် သိုင်းပညာရပ်များက ထိုအဆင့်သို့ မရောက်သေးဘူး မဟုတ်ပါလား..
ထိုစဥ် တဖက်မှ သက်လတ်ပိုင်းအရွယ် လူကြီးနောက်တွင် ရှိနေသော လူတစ်ယောက်က ရုတ်တရက် အံ့သြတကြီး ပြောလာ၏။
" အကိုကြီး ၊ ကျုပ် မှတ်မိပြီဗျ ။ ယောင်ချီဆိုတာ ထျန်းယွမ်ကမ္ဘာက ဂိုဏ်းတစ်ခုပဲ။ အဲ့လူတွေက ထျန်းယွမ်ကမ္ဘာကပဲဗျ "
" ဘာကွ... "
သက်လတ်ပိုင်းအရွယ် လူကြီးမှာလည်း မျှော်လင့်မထားသော စကားကြောင့် အံ့အားသင့်သွားပြီး လောထျန်းတို့နှစ်ယောက်အား စိုက်ကြည့်လိုက်သည်။
" ထျန်းယွမ်ကမ္ဘာက လူတွေက ငါတို့ ယွဲ့ယန်ကမ္ဘာကို လာပြီး ကျူးကျော်ရဲတယ်ပေါ့လေ။ ဒီကောင်တွေက ကိုယ့်သေလမ်းကိုယ် ရှာနေကြတာပဲကွာ "
ချွှင်..
ချက်ချင်း ဆိုသလိုပင် တဖက်မှ လူများအားလုံးနီးပါး တစ်ပြိုင်နက်တည်း ဓားကိုယ်စီ ဆွဲထုတ်လိုက်ကြပြီး လောထျန်းနှင့် ရွှေယွဲ့ချီအား လှောင်ပြုံးဖြင့် ကြည့်လာကြ၏။
" ဟား ဟား... ဒီတစ်ခေါက် ထျန်းယွမ်ကမ္ဘာကို သွားကျူးကျော်တဲ့ခရီးမှာ ငါတို့တွေ လိုက်ခွင့် မရလိုက်လို့ မကျေမနပ် ဖြစ်နေရတာ။ ဒါပေမယ့် ထျန်းယွမ်ကမ္ဘာသားတွေက ဒီနေရာထိအောင် ရောက်လာကြမှတော့ ဘယ်တတ်နိုင်တော့မလဲကွာ။ ယွဲ့ယန်ကမ္ဘာရဲ့ စည်းမျဥ်းအတိုင်း ၊ ထျန်းယွမ်ကမ္ဘာသားတွေ အားလုံးကို မသနားဘဲ အသေသတ်ပစ်ရမယ် "
သက်လတ်ပိုင်းအရွယ် လူကြီးက လှောင်ပြုံးဖြင့် ပြောလိုက်သည်။
သု့နောက်မှ အခြားတစ်ယောက်ကလည်း ရုတ်တရက် ဝင်ပြော၏။
" အကိုကြီး ၊ ဟိုကောင်လေးကို သတ်တာတော့ သတ်လို့ရပါတယ်ဗျာ။ ဒါပေမယ့် မိန်းကလေးကိုတော့ ချန်ထားလို့ မရဘူးလားဗျ "
သက်လတ်ပိုင်းအရွယ် လူကြီးက ထိုသူအား ချက်ချင်း လှည့်ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်သည်။
" မင်း... သခင်ကြီးရဲ့ အမိန့်ကို မေ့နေပြီလား ။ ထျန်းယွမ်ကမ္ဘာက လူတွေအကုန်လုံးကို သတ်ပစ်ရမယ်လို့ သခင်ကြီးက သေချာ မှာထားတယ်လေ "
ထိုစကားကို ကြားသည့်အချိန်တွင်မူ တဖက်လူ ချက်ချင်း ဇက်လေးပုသွားသည်။
" ကျုပ် တောင်းပန်ပါတယ် အကိုကြီး ၊ ကျုပ် မစဥ်းစားဘဲ လျှောက်ပြောမိသွားတယ် "
သို့သော်.. ထိုအချိန်တွင် သက်လတ်ပိုင်းအရွယ် လူကြီးက လူယုတ်မာအသံဖြင့် ရုတ်တရက် အော်ရယ်၏။
" ဘယ်လိုပဲ ဖြစ်ဖြစ် ၊ မိန်းကလေးကို သတ်ရမယ် ဆိုပေမယ့် သူ့ကို ဖြည်းဖြည်းချင်း သတ်လို့ရတယ်လေကွာ။ ငါတို့ ညီအကိုတွေ ဒီတလော ပင်ပန်းနေကြတာကိုလဲ ငါ သိပါတယ်။ အဲ့တော့ ဟိုကောင်လေးကို အရင်ဆုံး သတ်ပြီးတော့မှ.. မိန်းကလေးနဲ့ အေးဆေး ပျော်ပါးလိုက်ကြပါဦး ။ ပြီးသွားမှပဲ သူ့ကိုရော သတ်ကြတာပေါ့ကွာ "
သု့နောက်မှ လူများ ချက်ချင်း ဝမ်းသာအားရ အော်လိုက်ကြသည်။
တဖက်မှ ရွှေယွဲ့ချီ၏ မျက်လူံးတွင်မူ အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပါ၏။
" မျိုးမစစ်ကောင်တွေ... သေချင်နေကြတာပဲ "
ဝုန်း...
ထိုစဥ်မှာပင် ရွှေယွဲ့ချီ၏ အနောက်ဘက်၌ အရိပ်တစ်ခု ပေါ်လာပြီး သူမ၏ အရောင်အဝါလည်း သိသိသာသာပင် တိုးသွားသည်။
ထို့နောက်တွင်မူ သူမ လက်ဝါးဖြင့် ရိုက်လိုက်သည်။
" အိုး.. မင်းက ခုခံရဲနေသေးတာပဲ "
သက်လတ်ပိုင်းအရွယ် လူကြီးက လှောင်ပြုံးဖြင့် ပြောကာ သူ့ဓားဖြင့် ရွှေယွဲ့ချီ၏ လက်ဝါးအား တား၏။
သို့သော်...
ဘုန်း..
လူကြီးမှာ ရွှေယွဲ့ချီ၏ လက်ဝါးချက်ကြောင့် ချက်ချင်း နောက်သို့ လွင့်သွားသည်။
" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ဒါ ဘယ်လိုလုပ်ပြီး ဖြစ်သွားတာလဲ။ မငိးရဲ့ ကျင့်ကြံခြင်းအဆင့်က အခုမှ ကွေ့ရှ မဟုတ်ရင် တုကျဲ့လောက်ပဲ ရှိဦးမှာလေ။ ဘယ်လိုပဲဖြစ်ဖြစ်.. ကောင်းကင်ဘုံအဆင့်ကို ကျော်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး "
လူကြီးက အံ့သြတုန်လှုပ်စွာ ပြောလာသည်။
ရွှေယွဲ့ချီက အေးစက်စက် နှာခေါင်းရှုံ့၍ စုထားသော လက်ဝါးနှစ်ဖက်ကို ပြန်ခွာလိုက်၏။
ဝုန်း...
သူမ အနောက်ဘက်တွင် ထူးဆန်းသော တံခါးပေါက်ကြီး ကိုးခု ရုတ်တရက် စုစည်းလာသည်။
" ရှင်က ကျင့်ကြံခြင်းအဆင့်လောက်ပဲ သိတာကိုး ။ ကမ္ဘာကြီးမှာ အဲ့ဒီ ကျင့်ကြံခြင်းအဆင့် ကန့်သတ်ချက်တွေကို ချိုးဖျက်နိုင်တဲ့ ထူးခြားတဲ့ခန္ဓာကိုယ်တွေ ရှိတယ်ဆိုတာ ရှင်ကြီး မသိသေးဘူးနဲ့ တူတယ် "
ရွှေယွဲ့ချီက အေးစက်စက် ပြန်ပြောလိုက်သည်။
သက်လတ်ပိုင်းအရွယ် လူကြီးမှာ ၎င်းကို ကြည့်ရင်း ချက်ချင်း မျက်မှောင်ကြုံ့သွား၏။
" ဒါ.... ယင်ကိုးသွယ် ခန္ဓာကိုယ်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.... ထျန်းယွမ်ကမ္ဘာမှာ အဲ့လိုထူးခြားတဲ့ ခန္ဓာကိုယ်မျိုး တကယ်ရှိနေတယ်ပေါ့ "
ထိုခန္ဓာကိုယ် အမျိုးအစားမှာ ယွဲ့ယန်ကမ္ဘာတွင်လည်း နာမည်ကျော် ဖြစ်သဖြင့် ရွှေယွဲ့ချီကို မြင်ပြီးနောက် တဖက်လူကြီး အံ့သြတုန်လှုပ်သွားရခြင်း ဖြစ်ပါသည်။
" မာလောဝူ ၊ ဟိုကောင်လေးကို မင်းပဲ သွားပြီး ရှင်းလိုက်စမ်းကွာ။ အတတ်နိုင်ဆုံး အရှင်ဖမ်းတာ ပိုကောင်းလိမ့်မယ်။ ကျန်တဲ့သူတွေက ငါနဲ့အတူတူ ဒီကောင်မလေးကို ဖမ်းဖို့လုပ်ကြ "
သက်လတ်ပိုင်းအရွယ် လူကြီးက လေသံမာမာဖြင့် အော်လိုက်သည်။ သို့သော် သူ့လေသံတွင် ယခင်ကဲ့သို့ လှောင်ပြောင်ဟန် ရှိမနေတော့ပါ။
" ဟုတ်ကဲ့ပါ "
အားလုံးက သံပြိုင် ပြန်ပြောလိုက်ကြ၏။
ဝုန်း...
ထို့နောက် ချက်ချင်းဆိုသလိုပင် လူ ရှစ်ယောက် ၊ ကိုးယောက်လောက်က ရွှေယွဲ့ချီအား တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။
ရွှေယွဲ့ချီမှာ အလွန်အစွမ်းထက်သူတစ်ယောက် ဖြစ်သည့်တိုင် ထိုသူများအား ရင်ဆိုင်ခုခံရန်မှာ မလွယ်လှပါချေ။
ထိုစဥ်မှာပင် ပုံဆိုးပန်းဆိုးနှင့် လူတစ်ယောက်က
လည်း လောထျန်းရှေ့သို့ ပျံသန်းလာ၏။
" ဟီး ဟီး.. ကောင်လေး ၊ မင်းကို ကာကွယ်ပေးမယ့် မိန်းမ မရှိတော့ဘူးဆိုတော့ မင်း ဒုက္ခရောက်နေပြီပေါ့လေ.. ဟုတ်လား "
ထိုသူက လောထျန်းကို ကြည့်ကာ လှောင်ပြုံးဖြင့် ပြောလိုက်သည်။
" ငါ့ကို ကာကွယ်ပေးမယ့် မိန်းမ... ဟုတ်လား "
လောထျန်းမှာ တဖက်လူကို ကြည့်ရင်း မျက်မှောင်ကြီး ကြုံ့သွား၏။
မာလောဝူ ဆိုသူက ခေါင်းညိတ်၍ ဆက်ပြောသည်။
" ဟန်ဆောင်မနေစမ်းပါနဲ့ကွာ... ငါက လူကဲကောင်းကောင်းခတ်တတ်ပါတယ်ကွ။ ငါ့ရှေ့မှာ ဟိုလိုလို ဒီလိုလို ဟန်ဆောင်ချင်မနေစမ်းပါနဲ့၊ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ရှိတယ်ဆိုတာ ငါ ထင်ထင်ရှားရှားကို မြင်နေရတယ်။ မင်းက အခုမှ ထုံရွှယ်အဆင့်ကိုး ထိပ်ဆုံးမှာ မဟုတ်လား ။ အေးလေ.. မင်းတို့ ထျန်းယွမ်ကမ္ဘာလို အမှိုက်နေရာမျိုးမှာတော့ မင်းရဲ့ အသက်အရွယ်နဲ့ ဒီလောက်အဆင့်ရောက်တာ ကောင်းပြီလို့ သတ်မှတ်ခံရမှာပဲ။ ဒါပေမယ့် ငါ့ရှေ့မှာတော့ အမှိုက်က အမှိုက်ပဲကွ "
" အမှိုက်.. ဟုတ်လား "
လောထျန်း ထိုသူအား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
မာလောဝူက လှောင်ပြုံးဖြင့် ပြန်ပြောလာ၏။
" ဘာလဲ.. ငါပြောတာ မယုံလို့လား။ မယုံဘူး ဆိုရင်လဲ မင်းနဲ့ ငါနဲ့ကြားက ကွာဟချက် ဘယ်လောက်ရှိတယ်ဆိုတာကို မင်းမျက်လုံးနဲ့ ကိုယ်တိုင်မြင်သွားအောင် ပြပေးရမှာပေါ့ကွာ။ လာကွာ... ငါ ဒီမှာပဲ ငြိမ်ငြိမ်လေး ရပ်ပြီးတော့ မင်းကို လက်နဲ့ တစ်ကြိမ်တိုက်ခိုက်ခွင့်ပေးမယ် "
သူက ထိုသို့ပြောနေရင်း လောထျန်းအား တိုက်ခိုက်ရန် ခွင့်ပြုဟန်ဖြင့် သူ့ရင်ဘတ်သူပင် လက်နှင့် ပုတ်ပြလိုက်ပါသေးသည်။
" မင်းပြောတာ သေချာလား "
လောထျန်းက တဖက်လူကို ကြည့်ကာ မေးလိုက်၏။
" ဒါပေါ့ကွ "
မာလောဝူက နိုင်မည်ကို သေချာနေသော အောင်နိုင်သူတစ်ယောက်၏ အပြုံးမျိုးဖြင့် ပြန်ပြောသည်။
လောထျန်း မည်သို့မှ ဆက်ပြောမနေဘဲ ပုံမှန်အတိုင်းသာ လက်သီးဖြင့် ထိုးလိုက်သည်။
" ဟား ဟား... အဲ့လိုဘာအစွမ်းမှ မပါတဲ့ လက်သီးပျော့လေး လောက်နဲ့များ...... "
မာလောဝူ၏ မျက်နှာထက်တွင် အထင်သေးသည့် အပြုံးပေါ်လာသည်။
သို့သော်.... တခဏအကြာတွင်မူ..
ဘုန်း...
မာလောဝူ၏ ခန္ဓာကိုယ်ရော ၊ စိတ်ဝိဥာဥ်ပါ ဖျက်ဆီးခံလိုက်ရကာ နေရာမှ ပျောက်ကွယ်သွားတော့၏။
သူ့ခန္ဓာကိုယ် အစိတ်အပိုင်း သေးသေးလေးပင် ကျန်မနေခဲ့တော့ပါ။
" အဲ့လို တဖက်ကနေ လိုလိုလားလား တောင်းဆိုတာမျိုးက တကယ်ကို ရှားတယ် "
လောထျန်းက ခေါင်းယမ်းရင်း ပြောလိုက်သည်။
" ဟင်... "
ထိုစဥ် တဖက်မှ ကျန်လူများလည်း တစ်စုံတစ်ခု လွဲချော်နေသည်ကို သတိထားမိသွားကြပါ၏။
မာလောဝူသည် သူတို့လူအုပ်ထဲတွင် အခြားသူများထက် အနည်းငယ် ပိုအစွမ်းနိမ့်သော်လည်း.. ဤမျှ အစွမ်းမနိမ့်လှပါချေ။
သို့သော် ထိုသို့သော သူတစ်ယောက်က ရုတ်တရက် နေရာမှ ပျောက်ကွယ်သွားရသတဲ့လား ။
" မဖြစ်ဘူး... အဲ့ကောင်လေးက သူ့အစွမ်းကို လျှို့ဝှက်ထားတာပဲ ဖြစ်ရမယ်။ ဂိုဏ်းကို မြန်မြန်ပြန်ပြီးတော့ လူထပ်ခေါ်ကြဟေ့ "
သက်လတ်ပိုင်းအရွယ် လူကြီးက အော်ပြောလိုက်သည်။