အခန်း (၇၃၅)
Vol. 50 Ch. 735
“လက်ရှိအချိန်မှာ သူတို့က သိလား၊ မသိလားဆိုတာ အရေးမကြီးတော့ဘူး” လျှိုချင်းယုသည် ခေါင်းကို ခါယမ်းလိုက်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှတဆင့် ငရဲလောက၌ ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက် တည်ရှိနေကြောင်း သူ သိရှိခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သူ၏ စိုးရိမ်ပူပန်မှု အားလုံးသည် ပျောက်ကွယ်သွားခဲ့ပြီဟု ဆိုရပေမည်။
အစပိုင်းတုန်းက သူသည် တချို့သော အကြောင်းအရာများကြောင့်သာ ငရဲလောကနှင့် ပူးပေါင်းခဲ့ခြင်း ဖြစ်၏။ ထို့အပြင် ငရဲလောကကြီးသည် ဖျက်ဆီးခံရပြီးသား ဖြစ်၏။ ထို့ကြောင့် သူသည် ငရဲလောကနှင့် ပူးပေါင်းချိန်၌ စိတ်ပါလက်ပါ ပူးပေါင်းခဲ့ခြင်း မဟုတ်ပေ။ သို့ပေမဲ့ ငရဲလောကကြီးဘက်၌ ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက် တည်ရှိနေသည့် အကြောင်းကို သိရှိလိုက်ချိန်မှာတော့ သူ၏ စိုးရိမ်ပူပန်မှု အားလုံးက ပျောက်ကွယ်သွားခဲ့ရ၏။
အသင်္ချေ များပြားသည့် လောကထဲတွင် ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက် တည်ရှိနေသည်လား ဆိုသည်ကို မည်သူမှ မသိရှိနိုင်ချေ။ သို့ပေမဲ့ ငရဲလောကကြီးသည် ထိုကဲ့သို့သော စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ကို ပိုင်ဆိုင်လို့နေ၏။ ဤအရာသည် ဘာဖြစ်သနည်း။ တကယ့်ကို ကြီးမားလွန်းသည့် အသာစီး ရယူမှုပင် ဖြစ်သည်။
ငရဲလောကနှင့် ပူးပေါင်းခြင်း ဆိုသည်မှာ အားလုံးသောသူတို့၏ အထက်ဆီသို့ ရောက်ရှိသွားနိုင် သည့်အခွင့်အရေးမျိုးပင်။ ငရဲလောကကြီးသည် အတိတ်တုန်းက ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့သည် ဆိုလျှင်တောင်မှ အသင်္ချေများပြားသည့် လောကအသီးသီးဘက်၌ ၎င်းတို့ကို ရင်ဆိုင်ရန်အတွက် စွမ်းအားမြင့် ကျင့်ကြံသူ မရှိတော့ချေ။ ထို့ကြောင့် ဤတစ်ကြိမ်၌ ငရဲလောကကြီးသည် ရှုံးနိမ့်တော့မည် မဟုတ်ချေ။
“ငရဲလောကကြီးက လောကအသီးသီးကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အချိန်မှာ ကျုပ် လျှိုကလန် ကို အပျက်အစီးပုံထဲကနေ အသစ်ပြန်ပြီး တည်ထောင်မယ်။ လျှိုကလန်ကို ထိပ်ဆုံးအထိရောက်အောင် ပြန်လုပ်မယ်။ ဒါဆိုရင် ကျုပ်က လျှိုကလန်ရဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာမှာပေါ့” လျှိုချင်းယုက ခပ်တည်တည်ဖြင့် ပြောလိုက်၏။
ဘေးတစ်ဖက်တွင် ရှိနေသည့် ထျန်းမင်တောင်သခင်ကလည်း ခေါင်းညိတ်ကာဖြင့် ထောက်ခံလိုက်၏။ ငရဲလောကကြီး၏ ပုန်းကွယ်လျက် ရှိနေသည့်လူများ ပြန်လည်ကာ ထွက်ပေါ်လာခြင်းသည် သူတို့အတွက် ကောင်းမွန်လွန်းသည့် အရာပင်။ ထိုအခွင့်အရေးကို အကောင်းဆုံး ရယူနိုင်ပါက အတိုင်းထက် အလွန်ပင်။
“အင်း” လျှိုချင်းယုသည် ထျန်းမင်တောင်သခင်ကို လှမ်းကြည့်ပြီးသည့်နောက် အသာပင် ခေါင်းညိတ် ပြလိုက်သည်။
ဤအတောအတွင်း နတ်ဆိုးလောကကြီး၏ အရှေ့ပိုင်း တည်နေရာ၌ ရှုပ်ထွေးလျက် ရှိနေ၏။ ထိုတည်နေရာကြီး တစ်ခုလုံးသည် စကြဝဠာကြီး၏ မြူများဖြင့် ရှုပ်ထွေးလျက် ရှိနေပြီး တည်နေရာ တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခြင်း မရှိခဲ့ချေ။
ပြင်ပမှ လူများအနေနှင့် ထိုနေရာဆီသို့ ရောက်ရှိဖို့ ဆိုသည်မှာ မလွယ်ချေ။ အဘယ်ကြောင့်ဆိုသော် ပထမဦးဆုံးအနေနှင့် နတ်ဆိုးလောကကြီးနှင့် နီးစပ်လျက် ရှိနေသောကြောင့်ပင်။ ထို့ကြောင့် ဤနေရာသို့ ချဉ်းကပ်လာသည်နှင့်တပြိုင်နက် နတ်ဆိုးလောကတွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများနှင့် ထိပ်တိုက်တွေ့မိမည်ကို စိုးရ၏။
ဒုတိယအားဖြင့် ဤနေရာသည် ငရဲလောက နှင့် လောကအသီးသီးတို့ တိုက်ပွဲဖြစ်ခဲ့သော တည်နေရာလည်း ဖြစ်ခဲ့၏။ နှစ်ပေါင်းများစွာတည်းက ဖြစ်တည်ခဲ့သည့် တိုက်ပွဲ တည်နေရာ ဖြစ်သည်ဆိုလျှင်တောင်မှ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရှိန်အဟုန်များက ကျန်ရစ်နေသေးသည်။
ရံဖန်ရံခါဆိုသလို အလောင်းများကိုလည်း မြင်နိုင်စွမ်းရှိ၏။ အလောင်းများသည် တကယ့်ကို ကြီးမားလှပြီး အချိန်၏ မြစ်ရေစီးကြောင်းတွင် ပြန်လည်ကာ ပေါ်ပေါက်လာသကဲ့သို့ပင်။ အဆိုးဆုံးမှာ ပျက်စီးလျက် ရှိနေသည့် အစီအရင်များ တည်ရှိနေခြင်းပင်။ ထိုအရာများသည် တစ်ခါတစ်ရံ၌ အသက်ဝင်လျက် ရှိနေသေး၏။
အင်မော်တယ်ဘုရင်များပင်လျှင် အမှတ်မထင်ဆိုသလို ထိုအထဲသို့ ဝင်ရောက်သွားပါက ကျိန်းသေပေါက် အန္တရာယ်များနိုင်သည်။
ယနေ့မှာတော့ .....။
ဝေါင်း
နဂါးအော်သံ တစ်ခုက ပဲ့တင်ထပ်ကာဖြင့် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ အသူရာနဂါးကဲ့သို့ ကြီးမားလွန်းသည့် နဂါးကြီး တစ်ကောင်သည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး အားလုံးသော သူတို့ကို ငုံ့မိုးကာ ကြည့်ရှုနေ၏။ ၎င်း၏ မျက်လုံးအစုံသည် နေနှင့်လကဲ့သို့ပင် စူးရှတောက်ပလွန်းလှချေ၏။
“ဟုတ်တယ်။ ဒီနေရာက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပြောခဲ့တဲ့နေရာပဲ” အေးစက်စက် အသံတစ်ခုသည် နဂါး၏ပါးစပ်ဆီမှ ထွက်ပေါ်လာ၏။ ထိုအသံသည် မိုးခြိမ်းသံကဲ့သို့ပင် တည်နေရာ တစ်ခုလုံးကို တုန်ခါစေခဲ့၏။ ခန္ဓာကိုယ်ကို အသာဖြန့်ကျက်ပြီးသည့်နောက် ၎င်းသည် အင်မော်တယ်ဘုရင်တစ်ယောက်၏ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်များကို ပြသလျက် ရှိနေသည်။
“အင်း... ဒီနေရာကို အရင်ဆုံး ရောက်လာတဲ့လူ ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး”
အသူရာနဂါးသည် အသာ ရယ်မောလိုက်၏။ “ထားလိုက်ပါတော့။ လုပ်စရာ ရှိတာတွေကို ငါ အေးအေးဆေးဆေး လုပ်ရတာပေါ့”
ပေါ့ပေါ့ပါးပါး မှတ်ချက်ပြုပြီးသည့်နောက် အသူရာနဂါးကြီးသည် ပါးစပ်ကိုဟကာဖြင့် နီလာကဲ့သို့သော ကျောက် ကိုးဆယ့်ကိုးလုံးကို ကောင်းကင်ယံဆီသို့ လွှင့်တင်လိုက်သည်။
တစ်ခုချင်းစီ၏ အရွယ်အစားသည် ကြယ်တစ်ခုချင်းစီကဲ့သို့ပင် ကြီးမား၏။ ကောင်းကင်ယံထက်တွင် ကြယ်များထွန်းလင်း တောက်ပနေသကဲ့သို့ပင်။ ကောင်းကင်ယံထက်တွင် ရှိနေသော ကြယ်တာရာ ကိုးဆယ့်ကိုးလုံးသည် ဆန်းကြယ်သည့် ပုံပန်းသွင်ပြင်ဖြင့် လည်ပတ်လာခဲ့၏။
ဘုန်း
တည်နေရာကြီးတစ်ခုလုံးသည် တုန်ခါလာသည်။
“ဘာတွေလုပ်နေတာလဲ” အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
“ဘယ်သူလဲ” အသူရာနဂါးသည် အသာ တွန့်ကနဲ ဖြစ်သွား၏။ သူသည် သူစီစဉ်နေသည့် အစီအရင်ကြီးကို အသာလှမ်းကာ ကြည့်ရှုလိုက်၏။ ခေါင်းကိုမော့ပြီးနောက် သူ၏ နက်ရွှေရောင်ကဲ့သို့သော နဂါးမျက်လုံးများ၌ အေးစက်လွန်းသည့် သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်လာခဲ့သည်။
ပြီးနောက် လူတစ်ယောက်သည် ကြည့်ကောင်းလွန်းသော ဟန်ပန်အမူအရာမျိုးဖြင့် လှမ်းကာ လျှောက်လာ၏။ ၎င်း၏ ခြေလှမ်းတစ်ခုချင်းစီတိုင်းသည် မိုင်သန်းနှင့်ချီသည့် အကွာအဝေးကို ကျော်ဖြတ်ကာ ရောက်ရှိလာသကဲ့သို့ပင်။ ခဏအတွင်းမှာပဲ အသူရာနဂါး၏ အရှေ့ ကြယ်ကောင်းကင်ယံသို့ ရောက်ရှိလာ၏။
လူသားတစ်ယောက်၏ အသွင်အပြင် အမူအရာမျိုး ရှိသည်ဆိုသော်လည်း ခန္ဓာကိုယ် တစ်ခုလုံးတွင် အစိမ်းရောင် မီးတောက်များက ဖုံးလွှမ်းလျက် ရှိနေပြီး ခြေလှမ်းတစ်ခုချင်းစီတိုင်း၏ အောက်တွင် မီးညွှန့် မီးလျှံများ တောက်ပနေ၏။ ၎င်းသည် အသူရာနဂါးကြီးနှင့် မျက်နှာချင်းဆိုင်ရသည့် အချိန်မှာတော့ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရှိန်အဝါများကို ထုတ်ဖော်ကာဖြင့် မားမားမတ်မတ် ရပ်တည်လျက် ရှိနေသည်။
တိတ်ဆိတ်ငြိမ်သက်စွာ ရပ်တန့်လျက် ရှိနေသည်ဆိုလျှင်တောင်မှ ၎င်း၏ ခန္ဓာကိုယ် အနီးတဝိုက်တွင် ဖြစ်တည်နေသည့် ဖိအားဒဏ်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ တော်ရုံကျင့်ကြံသူများ အနေနှင့် ထိုဖိအားဒဏ်ကို ခံရပါက အသက်ရှူမရသည့် အခြေအနေမျိုးသို့ ရောက်ရှိသွား၏။
“ခင်ဗျား... ခင်ဗျားက မီးတောက်ဘုရင်လား”
အသူရာနဂါးကြီး၏ ကြီးမားသည့် မျက်လုံးထဲတွင် ဇဝေဇဝါ အမူအရာများ ဖြစ်တည်လာခဲ့၏။ ၎င်းသည် ရှေ့မှာရှိနေသည့်လူကို သေသေချာချာ ကြည့်ရှုပြီးသည့်နောက် ၎င်း၏ မှတ်ဉာဏ်များကို ပြန်လည်ကာ စဉ်းစားလိုက်သည်။ “အင်မော်တယ်ဘုရင်အဆင့် စာရင်းရဲ့ သုံးဆယ့် လေးယောက်မြောက် နေရာမှာ ရှိတာလား”
၎င်း၏ အားအင်အဆင့်အရ အင်မော်တယ်ဘုရင်အဆင့်စာရင်းကို တစ်ချက်ကြည့်ရှုလိုက်သည်နှင့် အထဲတွင် ရှိနေသည့် နာမည်အားလုံးကို မှတ်မိပြီး ဖြစ်၏။ သုံးဆယ့်လေးယောက် မြောက်တွင် တည်ရှိခဲ့ပြီး ငရဲလောကကြီး၏ တိုက်ပွဲထဲတွင် အသက်ရှင်ကျန်ရစ်ခဲ့သည့် လူတစ်ယောက်၊ ထိုလူသည် မီးတောက်ဘုရင်ဖြစ်ပြီး ခန့်မှန်း၍ မရနိုင်သည့် အားအင်အဆင့်ကိုလည်း ပိုင်ဆိုင်၏။ ထိုကဲ့သို့သော လူကို သူ လွယ်လွယ်ကူကူနှင့် မှတ်မိနေခြင်းမှာ သဘာဝပင်။
“အသူရာနဂါးဘုရင်လား”
မီးတောက်ဘုရင်သည် လက်နှစ်ဖက်ကို အနောက်သို့ပစ်ပြီး အေးစက်လွန်းသည့် မျက်လုံးအစုံနှင့် စူးစိုက်ကြည့်နေ၏။ ပြီးနောက် သူက ထူးမခြားနားသလို ပြောလိုက်၏။ “ဂျူနီယာ တစ်ယောက်အနေနဲ့ အနောက်ကို ဆုတ်မယ်ဆိုရင် သေခြင်းတရားကနေ လွတ်မြောက်နိုင်လိမ့်မယ်။ ရှေ့ကို လှမ်းတက်မယ်ဆိုရင် သေခြင်းတရားပဲ ရှိလိမ့်မယ်”
“ခင်ဗျား”
အသူရာနဂါးဘုရင်သည် တွန့်ကနဲ ဖြစ်သွားမိ၏။ သူသည် မွန်းစတားကလန်များ အခြေစိုက်ရာ အလွန်အားကောင်းသည့် လောကကြီးဖြစ်သော မိုးကောင်းကင်မွန်းစတားလောက ဆီမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ငရဲလောကကြီး၏ တိုက်ပွဲ၌ မိုးကောင်းကင်မွန်းစတားကလန်သည် လောကအသီးသီးဘက်မှ ရပ်ကာ တိုက်ခိုက်ခဲ့ပြီး ကြီးမားသည့် ဆုံးရှုံးမှုများလည်း ခံစားခဲ့ရ၏။ ၎င်းတို့၏ နဂါးကလန်သည် တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွင် ရှိနေသည့် လျှို့ဝှက်ချက် အနည်းငယ်တို့ကိုလည်း သိရှိခဲ့၏။
သူသည် မီးတောက်ဘုရင်၏ အားအင်အဆင့်ကို ကောင်းကောင်းသိရှိ၏။ မည်သို့ပင်ဆိုဆို သူသည် မိုးကောင်းကင် မွန်းစတားလောကဆီမှ အနှိုင်းမဲ့ကျင့်ကြံသူ တစ်ယောက်ဖြစ်၏။ မိုးကောင်းကင် မွန်းစတားလောကကြီး တစ်ခုလုံးကို နှစ်ပေါင်းများစွာ အုပ်စိုးခဲ့သူတစ်ယောက်လည်း ဖြစ်သည်။
ယနေ့ မီးတောက်ဘုရင်၏ စကားလုံး တစ်ခုလေးနှင့် ကြောက်လန့်ပြီး ထွက်ပြေးသွားသည်ဆိုပါက အနာဂတ်တွင် မည်ကဲ့သို့ ရပ်တည်ရမည်နည်း။ အဆင့်တူချင်းတွင် ဟိန်းဟောက်လိုက်ရုံနှင့် ထွက်ပြေးသွားသည်ဆိုပါက သူသည် သူရဲကောင်းအဖြစ်မှ သူဖုန်းစားအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။