အခန်း (၇၃၆)
Vol. 50 Ch. 736
“အင်း… အင်မော်တယ်ဘုရင်အဆင့် စာရင်းထွက်ပေါ်လာတာ ဘာလို့လို့ ထင်လဲ။ ဒီလို ထွက်ပေါ်လာရုံနဲ့ ခင်ဗျား အဆင်ခြင်မဲ့ ပြုလုပ်လို့ ရမယ်လို့ ထင်နေတာလား” အသူရာနဂါးဘုရင်က အေးစက်စက်လေသံဖြင့် ပြောလိုက်၏။
“အဲတော့ ဘာဖြစ်လဲ”
မီးတောက်ဘုရင်သည် ထူးမခြားနားသလိုပင် မျက်လုံးထဲ၌ အထင်အမြင်သေးမှုများနှင့် ပြည့်နှက်နေခဲ့၏။ သူသည် နှာခေါင်းရှုံ့လိုက်သည်။ “နာမည်တောင် မရှိသေးတဲ့ ကျင့်ကြံသူတစ်ယောက်က ကျုပ်ရှေ့မှာ လာပြီးတော့ ဆူညံဆူညံ လာလုပ်ရဲတယ် ဟုတ်လား”
“ဟား ဟား ဟား”
အသူရာနဂါးဘုရင်က အေးစက်စက် ရယ်မောလိုက်၏။ သူ၏ နဂါးလက်သည်းများကို အသာဆန့်ထုတ်ပြီးသည့်နောက် မီးတောက်ဘုရင်အား ကုတ်ခြစ်လိုက်၏။ “ဒီနေ့ အင်မော်တယ် ဘုရင်အဆင့် စာရင်းထဲမှာ ရှိတဲ့လူတွေက နာမည်နဲ့ ထိုက်တန်အောင် အားကောင်းလားဆိုတာ ကျုပ် သိချင်တယ်”
နှလုံးသား၏ အတွင်းဘက်မှာတော့ အသူရာနဂါးဘုရင်သည် မီးတောက်ဘုရင်နှင့် ရင်ဆိုင်ချင်စိတ် လုံးဝကို မရှိချေ။ တိုက်ခိုက်မှု မပြုလုပ်ခင်တည်းက ငရဲလောက၏ တိုက်ပွဲတွင် အသက်ရှင် ကျန်ရစ်ခဲ့သည် တစ်ဖက်လူအား ရင်ဆိုင် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ကြောင်း သူ သိရှိပြီးဖြစ်၏။ သို့ပေမဲ့ သူ တိုက်ခိုက်ရပေလိမ့်မည်။ နောက်ဆုတ်၍ မဖြစ်နိုင်ချေ။
သူ့အနေနှင့် အသူရာနဂါးဘုရင်ဆိုသည့် နာမည်တစ်လုံးကို လောကအနှံ့သို့ ပျံ့နှံ့အောင် ကြိုးစားခဲ့ရသည်များသည် ဟာသတစ်ခု မဟုတ်ချေ။ အင်မော်တယ်ဘုရင်အဆင့် စာရင်းသည် မည်မျှ မှန်ကန်ကြောင်း စမ်းသပ်ချင်စိတ်ရှိ၏။
မီးတောက်ဘုရင်သည်သာ သူ့ကို လွယ်လွယ်ကူကူနှင့် အနိုင်ယူ တိုက်ခိုက်နိုင်ပါက အနာဂတ်တွင် အင်မော်တယ်ဘုရင့်အဆင့် စာရင်းတွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရပါက ကျိန်းသေပေါက် တစ်စက္ကန့်မျှပင် တွေးတောခြင်း မရှိဘဲ ထွက်ပြေးရပေလိမ့်မည်။
ဤတိုက်ပွဲကို လက်ရည်ညီစွာဖြင့် တိုက်ခိုက်နိုင်ခြင်း သို့မဟုတ် ကံကောင်း၍ မီးတောက်ဘုရင်ကိုသာ အနိုင်ယူနိုင်ခဲ့မည်ဆိုပါက သူသည် စာရင်းထဲတွင် မပါဝင်ဘူး ဆိုလျှင်တောင်မှ သူနှင့် စာရင်းထဲတွင် ရှိနေသည့် အင်မော်တယ်ဘုရင်များသည် ကွာခြားချက် ရှိနေလိမ့်မည် မဟုတ်ချေ။
အနာဂတ်တွင် အင်မော်တယ်ဘုရင် အဆင့်စာရင်းတွင် ရှိနေသည့် လူများနှင့် ရင်ဆိုင်တွေ့သည်ဆိုပါက သူသည် ယုံကြည်ချက်ရှိရှိဖြင့် တစ်ဖက်လူနှင့် တိုက်ခိုက်နိုင်ပေလိမ့်မည်။
“မောက်မာလိုက်တာ”
မီးတောက်ဘုရင်၏ အမူအရာက အေးစက်နေ၏။ “မျှော်စင်ထွက်”
နားကွဲလောက်စရာ ပေါက်ကွဲသံကြီးသည် တည်နေရာ တစ်ခုလုံး၌ ပဲ့တင်ထပ်သွား၏။ နတ်ဆိုးလောကကြီး၏ ခပ်ဝေးဝေး တည်နေရာကြီး တစ်ခုလုံးတွင် တောက်ပသည့် အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး လေဟာနယ်ကို ဖြတ်သန်းကာဖြင့် အသူရာနဂါးရှေ့သို့ ရောက်ရှိလာသည်။
“ဒါဘာကြီးလဲ”
ခပ်ဝေးဝေး တည်နေရာတွင်တော့ လူနှစ်ယောက်တို့သည် မတ်မတ်ရပ်လျက် ရှိနေပြီး အသူရာနဂါးဘုရင်နှင့် မီးတောက်ဘုရင်တို့ တိုက်ခိုက်နေသည်ကို ကြည့်ရှုနေကြ၏။ ထိုလူနှစ်ယောက်တို့သည် လျှိုကလန်မှ ဒုတိယဘိုးဘေး နှင့် လျှိုချင်းဟုန်တို့မှလွဲ၍ တခြားသူများမဟုတ်ချေ။
လက်ရှိအခြေအနေမှာတော့ လျှိုချင်းဟုန်၏ မျက်နှာတစ်ခုလုံးသည် လေးနက်လျက်ရှိနေ၏။ မီးတောက်ဘုရင် လှုပ်ရှားတိုက်ခိုက်သည်ကို သူ ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဖိအားများ ပါဝင်လျက် ရှိနေသည်ကို ကောင်းကောင်းသိရှိ၏။
အကယ်၍ သူသည်သာ မီးတောက်ဘုရင်နှင့် ရင်ဆိုင်တိုက်ခိုက်သည်ဆိုပါက အနိုင်ယူရန် အခွင့်အရေး ဆိုသည်မှာ သေးသေးမျှင်မျှင်သာလျှင် ရှိပေမည်။ ရှုံးနိမ့်နိုင်ချေက ပိုမိုကာ ကြီးမား၏။ အဘယ်ကြောင့် ဆိုသော် အဆင့်ကွာခြားချက်က ကြီးမားနေသောကြောင့်ပင်။
မီးတောက်ဘုရင်သည် အင်မော်တယ်ဘုရင် အဆင့် စာရင်း၏ သုံးဆယ်ကျော်တွင် တည်ရှိနေပြီး သူကတော့ ငါးဆယ်ကျော်အဆင့်တွင် တည်ရှိနေသည် မဟုတ်ပါလား။
“ဒါ အင်မော်တယ်သန့်စင်ခြင်းမျှော်စင်ပဲ”
လျှိုချင်းဟုန်၏ ဘေးတစ်ဖက်တွင် ရှိနေသည့် လျှိုကလန်၏ ဒုတိယဘိုးဘေးသည် မျက်နှာတစ်ခုလုံး ပျက်ရွင်းနေသည်။
ငရဲလောကကြီးနှင့် တိုက်ပွဲတွင် အသက်ရှင်ကျန်ရစ်ခဲ့သည့် မီးတောက်ဘုရင်ကဲ့သို့သော လူသည် ကျိန်းသေပေါက် အားနည်းလိမ့်မည် မဟုတ်ချေ။ သူသည်လည်း ငရဲလောကကြီး၏ တိုက်ပွဲကြားတွင် အသက်ရှင် ကျန်ရစ်ခဲ့သူ ဖြစ်သော်လည်း အင်မော်တယ်ဘုရင်အဆင့် စာရင်းတွင် နာမည်လေးတောင် မပါခဲ့ချေ။ စာရင်းသည် သူ့ကို အသိအမှတ် မပြုသလိုပင် ခံစားနေမိ၏။
ထို့အပြင် တစ်ဖက်လူ ထုတ်ဖော်လိုက်သည့် အင်မော်တယ်သန့်စင်ခြင်းမျှော်စင်ကို သူ အလွန်အမင်း ရင်းနှီး၏။ အတိတ်တုန်းက လျှိုကလန်၏ ဘိုးဘေးခုနှစ်ယောက်ထဲမှ တစ်ယောက်သည် အင်မော်တယ် သန့်စင်ခြင်း မျှော်စင်၏ ဖိနှိပ်ခြင်းကို ခံရပြီး ဘယ်တုန်းကမှ မရှိခဲ့သလို ပျောက်ကွယ်သွားခဲ့ရသည်။
“အင်မော်တယ်သန့်စင်ခြင်းမျှော်စင် ဟုတ်လား” လျှိုချင်းဟုန်သည် တီးတိုးရေရွတ်လိုက်၏။
ဤအရာသည် မီးတောက်ဘုရင်၏ လက်နက်တစ်ခုဖြစ်ပြီး အတိတ်တုန်းက ထွန်းတောက်ခဲ့သော လက်နက်တစ်ခုလည်း ဖြစ်၏။ များပြားလွန်းသည့် အင်မော်တယ်ဘုရင်များ၏ အသက်ကို သန့်စင်ကာ ပြုလုပ်ခဲ့သည့် လက်နက်တစ်ခုဖြစ်ပြီး ယခုပြန်လည်ကာ ပေါ်ပေါက်လာခဲ့လေပြီ။
ထို့အပြင် ဤလက်နက်သည် မီးတောက်ဘုရင်၏ နှစ်ပေါင်းများစွာ သန့်စင်ခြင်းကို ခံထားရသောကြောင့် အင်မော်တယ်ဘုရင်အဆင့်ထဲတွင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် လက်နက်တစ်ခု အဖြစ် သုံးသပ်ရမှာ ဖြစ်၏။ ထိုအရာကို ထုတ်ဖော်လိုက်သည်နှင့် တပြိုင်နက် ပြိုင်ဘက်များကို ကျောရိုးမကြီးများပင် စိမ့်တက်သွားစေသည်။
ဒွီ
အစိမ်းရောင် အလင်းတန်းများ ထွန်းတောက်လာခဲ့ပြီး တည်နေရာရှိ မူလအလင်းရောင်များသည် မှေးမှိန်သွားခဲ့၏။ အစိမ်းရောင် အလင်းတန်းများသည် အလွန်ပင် စူးရှလွန်းသောကြောင့် တခြား အရောင်များက နှိုင်းယှဉ်၍ မရနိုင်သလိုပင်။
ရှေးမျှော်စင်ကြီး အောက်တွင်တော့ နိယာမများက ဖြစ်တည်လာခဲ့ပြီး ထိုနိယာမများသည် နတ်ဘုရား ချိန်းကြိုးများအဖြစ် ပြောင်းလဲကာဖြင့် အသူရာနဂါးကြီးကို ရစ်ပတ်ရန် ကြိုးစား၏။
ချလွမ်
နဂါးလက်သည်းသည် နတ်ဘုရားချိန်းကြိုးများနှင့် ထိပ်တိုက် တွေ့ဆုံပြီးသည့်နောက် မီးတောက်မီးပွင့်များပင် ပေါ်ပေါက်လာ၏။ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးသည် တည်နေရာတစ်ခုလုံး၌ ပဲ့တင် ထပ်နေသည်။
ဝေါင်း ......။
နဂါးအော်သံ ထွက်ပေါ်လာပြီးသည့်နောက် အသူရာနဂါးဘုရင်သည် မိုင်သန်းနှင့်ချီသည့် အကွာအဝေးသို့ လှမ်းဆုတ်လိုက်၏။ သို့ပေမဲ့ အင်မော်တယ်သန့်စင်ခြင်းမျှော်စင်သည် တည်တည်ငြိမ်ငြိမ်ပင် အသူရာနဂါးဘုရင်ကို လွှမ်းမိုးထားခဲ့၏။
ရှေးယခင်တည်းက အင်မော်တယ်ဘုရင်ပေါင်းများစွာတို့ကို သန့်စင်ကာ ဖြစ်တည်လာခဲ့သည့်အရာ ဖြစ်သောကြောင့် ဤလက်နက်၏ အားအင်အဆင့်သည် သာမန်အင်မော်တယ်ဘုရင်တစ်ယောက်ထက် မသာသည်မှာ မဖြစ်နိုင်ချေ။
“ပြေးတော့”
ထိုအတွေး ပေါ်ပေါက်လာသည့် အချိန်မှာတော့ အသူရာနဂါးဘုရင်သည် စတင်ကာ ထွက်ပြေး၏။ တိုက်ခိုက်မှုတစ်ချက်ကို ပြုလုပ်လိုက်သည်နှင့်တပြိုင်နက် တစ်ဖက်လူ၏ လက်နက်သည် တစ်ချက်ကလေးမှ တုန်ခါမသွားကြောင်း သူ သိရှိလိုက်ရသည်။ ဤအရာမှာ သူတို့ကြား အင်အား မည်မျှ ကွာခြားကြောင်း သိသာထင်ရှားနေသည့် အရာမျိုးပင်။ လက်ရှိအချိန်၌ ထွက်မပြေးပါက နောင်တစ်ချိန်တွင် ထွက်ပြေးရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။
“ပြေးဖို့ တွေးနေတာလား”
မီးတောက်ဘုရင်၏ မျက်လုံးများက အေးစက်သွားခဲ့၏။ သူသည် လက်ငါးချောင်းကို အသာ ဖိနှိပ်လိုက်ပြီးသည့်နောက် အင်မော်တယ်သန့်စင်ခြင်းမျှော်စင်ကို ထပ်မံ အသက်သွင်းလိုက်သည်။ ပြီးနောက် ထိုမျှော်စင်ကြီးသည် အသူရာနဂါးဘုရင်ကို ဖမ်းဆီးရန် ကြိုးစား၏။ ၎င်းသည် အကျဉ်းထောင် တစ်ခုကဲ့သို့ တည်နေရာ တစ်ခုကို ဖန်တီးနေခြင်းပင်ဖြစ်၏။
“မဟုတ်ဘူး” အသူရာနဂါးဘုရင်သည် စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်၏။ သူသည် ကြိုးစားပမ်းစားဖြင့် အားကုန်ထုတ်ကာ ထွက်ပြေးခဲ့သော်လည်း သဲထဲရေသွန် ဖြစ်ခဲ့ရ၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် မီးတောက်ဘုရင်၏ အားအင်အဆင့်နှင့် ရင်ဆိုင်ရသည့် အချိန်မှာတော့ ထွက်ပြေးရန် အခွင့်အလမ်းပင် မရှိတော့ချေ။ အင်မော်တယ်သန့်စင်ခြင်းမျှော်စင်ကြီး ကျဆင်း လာသည်ကိုသာ အတိုင်းသား ကြည့်ရှုနေရသည်။
ထိုကဲ့သို့ အရေးအကြောင်း အခြေအနေမျိုးတွင် အေးစက်သည့် အသံတစ်ခုက ထွက်ပေါ်၏။ “မီးတောက်ဘုရင်.. ငရဲလောကရဲ့ အကြွင်းအကျန်ကောင်၊ နတ်ဆိုးလောကရဲ့ အပြင်ဘက်ကို ထွက်လာ ရဲတယ်ပေါ့။ ဒီမှာ သေသွားမှာ မကြောက်ဘူးလား”
ထိုအသံသည် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး၌ ပဲ့တင်ထပ်သွားခဲ့သည်။
ကျောက်စိမ်းကဲ့သို့ သွယ်လျသည့် လက်တစ်ဖက်သည် လေဟာနယ်ထဲ၌ ဖြစ်တည်လာခဲ့ပြီး နတ်ဘုရားချိန်းကြိုးများကို ဖျက်ဆီးလိုက်၏။
ဖမ်းဆီးခံရသည့် အသူရာနဂါးဘုရင်သည် ယခုမှပင် သက်မချနိုင်၏။ အသူရာနဂါးဘုရင်သည် တချက်ကလေးမှ နှောင့်နှေးမနေရဲတော့ပေ။ သူ၏ ခန္ဓာကိုယ်ကို အသာကျုံ့ကာဖြင့် တည်နေရာအက်ကွဲကြောင်းထဲ အမြန်ဆုံးနှုန်းဖြင့် လှမ်းဝင်လိုက်သည်။