← Chapters

အခန်း (၇၃၇)

Vol. 50 Ch. 737

အခန်း (၇၃၇)

Vol. 50 Ch. 737

အင်မော်တယ်သန့်စင်ခြင်းမျှော်စင်၏ လွှမ်းမိုးမှုအောက်ဆီမှ လွတ်မြောက်လာခဲ့ပြီးသည့်နောက် အသူရာနဂါးဘုရင်သည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက် အဖြစ် အသွင်ပြောင်းကာ တည်နေရာအက်ကွဲကြောင်းထဲ လှမ်းဝင်လိုက်သည်။

“ကျေးဇူးပါ တာအိုရောင်းရင်း”

ပြီးနောက် သူ့ကို ကူညီပေးသည့်လူအား ဦးကိုညွတ်ကာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်၏။ ထိုလူ၏ အကူအညီသာ မရှိဘူးဆိုပါက သူ တစ်ခါတည်း သေဆုံးသွားနိုင်၏။

“စိတ်မပူနဲ့”

လျှိုချင်းဟုန်သည် လက်ကို ဝှေ့ယမ်းကာဖြင့် ပြုံးလိုက်သည်။ “ဒါ ကိစ္စသေးသေးလေးပါပဲ”

၎င်းတို့နှင့် ရင်ဆိုင်ရသည့် အချိန်မှာတော့ မီးတောက်ဘုရင်၏ အမူအရာ တစ်ခုလုံးက အေးစက်သွားခဲ့၏။ သူ၏ အနောက်ဘက်တွင် မီးတောက်ပင်လယ်ကြီးတစ်ခု ဖြစ်တည်နေပြီး အဆုံးအစမဲ့စွာဖြင့် လေဟာနယ် တစ်ခုလုံးကို ကျွမ်းလောင်စေ၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် အပူဒဏ်ကြောင့် လေဟာနယ် တစ်ခုလုံးသည် တွန့်လိမ်လျက်ရှိနေပြီး တည်နေရာကြီး တစ်ခုလုံးသည် အရှိန်တငြီးငြီးနှင့်ပင်။ ကြောက်မက်ဖွယ်ရာကောင်းသည့် ဖိအားကြီးသည် အမြင့်ဆုံး အခြေအနေဆီသို့ ရောက်ရှိလာခဲ့ပြီး တောင်ကြီးတစ်လုံး ချဉ်းကပ်လာသကဲ့သို့ပင် လျှိုချင်းဟုန်နှင့် တခြားသောသူများ ခံစားရစေ၏။

ဘန်း .....။

အရပ်ရှည်ရှည်နှင့် ဆန်းကြယ်လွန်းသော ဟန်ပန်အမူအရာမျိုးရှိကာ ဓားကဲ့သို့သော မျက်ခုံးများကို ပိုင်ဆိုင်သော လျှိုချင်းဟုန်သည် မလှုပ်ရှားနိုင်သည့် တောင်တန်းကြီးတစ်ခုကဲ့သို့ပင် မတ်မတ်ရပ်လျက် ရှိ၏။ ၎င်းသည် လှိုင်းများအပြင်းအထန် တိုက်ခတ်လျက်ရှိနေသော ပင်လယ်ပြင်ထဲ၌ မားမားမတ်မတ် တည်ရှိနေသည့် ကျောက်ဆောင်ကျောက်တန်းကြီးကဲ့သို့ပင်။ သူသည် ဒုတိယဘိုးဘေး၊ အသူရာနဂါးဘုရင်တို့နှင့် အတူ မတ်မတ်ရပ်လျက် ရှိနေပြီး တစ်ဖက်လူ၏ ဖိအားများကို ခုခံနေသည်။

“လျှိုချင်းဟုန်လား”

မီးတောက်ဘုရင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ သူ၏ နှလုံးသားထဲတွင် အေးစက်သည့် ခံစားချက်များ ဖြစ်ပေါ်လာ၏။ သူသည် သတ်ဖြတ်လိုခြင်းဆန္ဒအပြည့်နှင့်အတူ ဒုတိယဘိုးဘေးကြီး အား လှမ်းကြည့်ကာ ပြောလိုက်၏။ “အင်း.. သုံးစားမရတဲ့ လျှိုကလန် အဖွဲ့ဝင် ခုနှစ်ယောက်ရဲ့ မျိုးဆက်တွေပဲ”

လျှိုကလန်သည် နတ်ဘုရားလောက၌ ကြီးမားသည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်ခဲ့၏။ ငရဲလောက၏ တိုက်ပွဲ၌ လျှိုကလန်၏ ဘုရင်ခုနှစ်ပါးတို့သည် ကြိုးစားပမ်းစားဖြင့် အသက်ပေး တိုက်ခိုက်ခဲ့ကြသည်။

လက်ရှိမျိုးဆက်၏ လျှိုချင်းဟုန်သည် နတ်ဘုရားလောကကြီး၏ ကွာစီအင်မော်တယ် အင်ပါယာ အောက်တွင် နံပါတ်တစ်အဖြစ် ရပ်တည်နေသူတစ်ယောက် ဖြစ်သောကြောင့် ၎င်း၏ ပါရမီသည် အထူးတလည် ပြောဆိုနေရာပင် လိုလိမ့်မည် မဟုတ်ချေ။

မီးတောက်ဘုရင်သည် လျှိုချင်းဟုန်ကို မမြင်ဖူးသော်လည်း ယခင်တုန်းက လျှိုကလန်၏ ဘုရင် ခုနှစ်ပါးတို့နှင့် ရင်ဆိုင်ခဲ့ဖူး၏။ ထို့ကြောင့် ဒုတိယဘိုးဘေးကြီးနှင့်အတူ လျှိုချင်းဟုန်ကို မြင်ရသည့် အချိန်မှာတော့ သူသည် အခြေအနေ တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း သိရှိလိုက်၏။

“ခင်ဗျား သေချင်နေတာလား”

လျှိုချင်းဟုန်သည် မတုန့်ပြန်ခဲ့ပေ။ သို့ပေမဲ့ ဒုတိယဘိုးဘေးကြီးမှာတော့ မည်သို့မှ သည်းမခံနိုင်တော့ချေ။ ရှေ့ဆီသို့ လှမ်းတက်ပြီးနောက် ၎င်း၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အော်ရာများ ထွက်ပေါ်လာခဲ့သည်။

မီးတောက်ဘုရင်သည် သူ့အား အသုံးမဝင်သည့်လူဟု ပြောဆိုခဲ့၏။ ထိုအရာကို သူဒေါသမထွက်ချေ။ သူသည် မီးတောက်ဘုရင်ကို ရင်ဆိုင်တိုက်ိခုက်နိုင်သည့် လူတစ်ယောက် မဟုတ်ကြောင်း ကောင်းကောင်း သိပြီးသားဖြစ်၏။ သို့ပေမဲ့ လျှိုကလန်မှ ဘုရင်ခုနှစ်ပါးတို့သည် အသုံးမဝင်သည့် လူများ ဖြစ်သည်ဟု ပြောဆိုခဲ့ခြင်းမှာတော့ သူတို့၏ ဂုဏ်သိက္ခာကို နင်းချေလိုက်ခြင်းနှင့် ဆင်တူနေသည် မဟုတ်ပါလား။

“အဲတော့ ဘာဖြစ်လဲ”

မီးတောက်ဘုရင်သည် ထူးမခြားနား သကဲ့သို့ပင်။ သူသည် ပုရွက်ဆိတ်လေးများကို ရန်စနေသည့် ဟန်ပန်အမူအရာမျိုးဖြင့် နှာခေါင်းရှုံ့ကာ ပြောဆိုလိုက်၏။ “ခင်ဗျား တိုက်ခိုက်ချင်တာလား။ အရင်တုန်းက ကျုပ်ရဲ့ အင်မော်တယ်သန့်စင်ခြင်းမျှော်စင်အောက်မှာ လျှိုကျင်းတန်ကို ဖိနှိပ်နိုင်ခဲ့တယ်။ ခင်ဗျားကော သူ့လိုပဲ ဖြစ်ချင်လို့လား”

“........”

ဒုတိယဘိုးဘေးကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားခဲ့၏။ သူ၏ရင်ဘတ် တစ်ခုလုံးသည် ဒေါသ မီးတောက်များနှင့် တောက်လောင်လျက် ရှိနေ၏။ အတိတ်တုန်းက လျှိုကလန်ထဲတွင် တော်ဝင်ဘိုးဘေးကြီး တစ်ယောက်တည်းသည်သာ ပါရမီရှင်တစ်ယောက်ဟု သတ်မှတ်ရ၏။ ၎င်း၏ အားအင်အဆင့်သည်သာလျှင် မီးတောက်ဘုရင်ကို ယှဉ်ပြိုင်နိုင်သည့်လူဖြစ်ခဲ့သည်။

သူတို့၏ဘိုးဘေးကြီးသည်သာ လက်ရှိအချိန်ထိ အသက်ရှင်နေသေးပါက ကျိန်းသေပေါက် အင်မော်တယ်ဘုရင် အဆင့် စာရင်း၏ ထိပ်ဆုံး သုံးဆယ်အတွင်းသို့ ဝင်မည်မှာ သံသယရှိစရာ မလိုပေ။ သို့ပေမဲ့ ကံဆိုးစွာဖြင့် လျှိုကလန်၏ဘိုးဘေးကြီးသည် ငရဲလောက၏ အင်မော်တယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူနှစ်ယောက်တို့နှင့် တိုက်ခိုက်ရင်း ဆိုးဆိုးရွားရွား ဒဏ်ရာရရှိခဲ့၏။ နောက်ဆုံးမှာတော့ မီးတောက်ဘုရင်၏ တိုက်ခိုက်ချက်ကို ခံရပြီး သေဆုံးခဲ့၏။

ဘိုးဘေးကြီးသည်သာ ကောင်းမွန်သည့် အခြေအနေတွင် ရှိနေမည်ဆိုပါက မီးတောက်ဘုရင်ကို အဘယ်သို့ မတိုက်ခိုက်နိုင်ဘဲ နေမည်နည်း။

“ကျုပ် ဒီနေရာမှာ ရပ်နေတယ်။ လျှိုကျင်းတန်အတွက် လက်စားချေချင်တယ်ဆိုရင် လာခဲ့လိုက်။ ကျုပ် မငြင်းဘူး” မီးတောက်ဘုရင်သည် အားလုံးကို ငုံ့မိုးကြည့်ရှုကာဖြင့် မောက်မာစွာ စိန်ခေါ်လိုက်၏။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် မီးတောက်များ တောက်လောင်လျက် ရှိနေပြီး အားလုံးသောသူတို့ကို အသက်ရှူ မရအောင် ဖိနှိပ်ထားသည်။

“ကောင်းပြီ”

ဒုတိယဘိုးဘေးကြီးသည် သူ၏ဒေါသများကို မည်သို့မှ မထိန်းနိုင်တော့ချေ။ အရှေ့ဆီသို့ လှမ်းတက်ပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ အရေးအကြောင်း အခြေအနေမျိုးမှာတော့ လျှိုချင်းဟုန်သည် လက်ကို ဆန့်တန်းကာဖြင့် တားဆီးလိုက်၏။

လျှိုချင်းဟုန်သည် ခေါင်းကိုအသာ ခါယမ်းကာဖြင့် အသံပို့လွှတ်လိုက်သည်။ “စိတ်ကို အေးအေးထားအုံး။ မီးတောက်ဘုရင်က ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ။ နတ်ဆိုးလောကထဲမှာ ပုန်းကွယ်နေတဲ့ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ရှိနေသေးတယ်။ တကယ်တမ်း တိုက်ခိုက်မယ်ဆိုရင် ကျုပ်တို့ ကိုင်တွယ်နိုင်တာထက် ပိုပြီးတော့ ကြီးမားတဲ့ ပြဿနာတွေကို ဆွဲခေါ်သလိုဖြစ်မှာ စိုးရတယ်”

လျှိုချင်းဟုန်သည် ဒေါသထွက်နေသည် ဆိုသော်လည်း သတ္တမဘိုးဘေးကြီးသည် သူ့ဆီသို့ သတင်း အချက်အလက်များ ပေးပို့ခဲ့ပြီးဖြစ်၏။ နတ်ဆိုးလောကထဲရှိ ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်သည် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်ဖြစ်ကြောင်း သတင်းပင်။

မီးတောက်ဘုရင်နှင့် ရင်ဆိုင်သည့် နေရာ၌ လျှိုချင်းဟုန်သည် အချိန်အတိုင်းအတာ တစ်ခုအတွင်း မရှုံးနိမ့်အောင် တိုက်ခိုက်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိသော်လည်း ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်သည်သာ ဝင်ရောက်တိုက်ခိုက်ပါက သူတို့၏ အခြေအနေသည် ကောင်းမွန်လိမ့်မည် မဟုတ်ချေ။

“ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်လား” ဒုတိယဘိုးဘေးသည် တီးတိုးရေရွတ်လိုက်၏။ သူသည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ သူ၏ အမူအရာကို ပြန်လည်ထိန်းသိမ်းလိုက်၏။ သူသည် အရူးတစ်ယောက် မဟုတ်ချေ။ ခဏတာ ဒေါသကြောင့် စိတ်လွတ်သွားခဲ့သော်လည်း စိတ်ကိုတည်ငြိမ်အောင် ပြန်လည် ထိန်းချုပ်သည့်နေရာမှာတော့ သူသည် တခြားသောသူများထက် ပိုမိုကာ မြန်ဆန်၏။ မီးတောက်ဘုရင်ကို အေးစက်စက်ဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။

“မီးတောက်ဘုရင်... ငရဲလောကကြီး သုတ်သင်ရှင်းလင်းခံရပြီးတဲ့နောက်မှာ နတ်ဆိုးလောကကြီးက ဒီလိုမျိုး ဆက်လက်ပြီး မောက်မာနိုင်မယ်လို့ ထင်နေတာလား” ဒုတိယဘိုးဘေးသည် အေးစက်စက်ဖြင့် ခြိမ်းခြောက်လိုက်သည်။

“သနားစရာပဲ။ တကယ့်ကို သနားစရာပဲ။ သနားစရာ ကောင်းလိုက်တဲ့လူတွေ”

မီးတောက်ဘုရင်သည် အောက်တွင် ရှိနေသည့် လူများကို လှောင်ရယ် ရယ်ကာဖြင့် ပြောဆိုလိုက်၏။ “ခင်ဗျားတို့ကမှ မောက်မာနေခဲ့တာလေ။ ကိုယ့်ရဲ့ မောက်မာမှုကို ကိုယ် မသိကြဘူး။ ဒီနေ့မှာ ကျုပ် ခင်ဗျားတို့ကို လမ်းစဉ်တစ်ခုဆီ ပို့ပေးလိုက်မယ်။ ပြန်လည်မွေးဖွားခြင်း လမ်းစဉ်.. ကျုပ်နာမည်ကို ခင်ဗျားတို့ မမေနဲ့။ ငရဲလောကကြီးပြန်လည် တည်ဆောက်ပြီးတဲ့နောက်မှာ ကျုပ်က ခင်ဗျားတို့ကို ကောင်းကောင်း ပြန်အသုံးပြုရမယ်”

ထိုစကားကို ပြောဆိုပြီးနောက် မီးတောက်ဘုရင်သည် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။ မီးတောက်ပင်လယ်ကြီး သည် ပိုမိုကာ ကျယ်ပြန့်လာခဲ့ပြီး ထိုမီးတောက်ပင်လယ်ကြီး၏ အထဲတွင် အစစ်အမှန် နဂါးအော်သံများ၊ ဖီးနစ်အော်သံများ၊ လိပ်မဲအော်သံများ၊ ကျားဖြူအော်သံများ ဆူညံလျက် ရှိနေသည်။

အရာအားလုံးတို့သည် မီးတောက်များ၏ လွှမ်းမိုးခြင်းကို ခံခဲ့ရပြီး ရှုပ်ထွေးသည့် မြူများသည် တည်နေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ အခိုးအငွေ့များသည် ရှေ့တစ်မိုက်လောက်ကိုပင် မြင်ရရန် ခက်ခဲနေခဲ့၏။ လျှိုချင်းဟုန်၊ ဒုတိယဘိုးဘေး၊ အသူရာနဂါးဘုရင်တို့၏ မျက်နှာများသည် စိမ်းပြာလာခဲ့၏။

ဤအရာသည် ခြောက်ခြားဖွယ်ရာ ကောင်းလွန်းလှ၏။ မီးတောက်ဘုရင်သည် ၎င်း၏ အားအင်ကို ကျိန်းသေပေါက် အဆုံးစွန်အထိ ထုတ်ဖော်တော့မည်လား။ အားအင်အပြည့်သာ ထုတ်ဖော်မည်ဆိုပါက လျှိုချင်းဟုန် အနေနှင့် မတ်မတ်ရပ်ကာ ခုခံနိုင်ပါ့မည်လား။

အင်မော်တယ်ဘုရင်အဆင့် စာရင်း၏ သုံးဆယ့်လေးယောက်မြောက်တွင် တည်ရှိနေသောသူနှင့် အင်မော်တယ်ဘုရင်အဆင့် စာရင်း၏ ငါးဆယ့်သုံးယောက်မြောက်တွင် တည်ရှိနေသောသူတို့၏ ကွာခြားချက် သည် လူအရေအတွက် နှစ်ဆယ်နီးပါးခန့် ကွာခြားသည်။

အစစ်အမှန် အားအင်အဆင့်သည် မည်မျှ ကွာခြားနေမည်နည်း။ မည်သူမှသည် သေသေချာချာ မပြောနိုင်ချေ။ သို့ပေမဲ့ ကွာခြားမှုမှာတော့ သိသာလွန်းလှ၏။

မီးတောက်ဘုရင်သည် ငရဲလောကကြီး၏ တိုက်ပွဲမတိုင်ခင်ကတည်းက ဖြစ်တည်ခဲ့သည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး လျှိုချင်းဟုန်မှာတော့ ယခုမှ တိုးတက်လာခဲ့သည့် လူငယ်ပါရမီရှင် တစ်ယောက်မျှသာ ဖြစ်သည်။

“မီးတောက်ဘုရင်... နတ်ဆိုးလောကနဲ့ အသင်္ချေ များပြားတဲ့ လောကအသီးသီးတို့ကြား တိုက်ပွဲ ထပ်ဖြစ်ချင်တာလား” မီးတောက်ဘုရင် လှုပ်ရှားတိုက်ခိုက်ရန် ပြင်ဆင်နေတုန်းမှာပဲ နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာ၏။

ကောင်းကင်၏ အဆုံးသတ်မှာတော့ ဖီးနစ်အော်သံတစ်ခုက ထွက်ပေါ်လာခဲ့၏။ ထိုအသံနှင့်အတူ မိုးကောင်းကင်၏ တေးဂီတသံပါ ပေါ်ပေါက်လာ၏။ ကျက်သရေရှိစွာဖြင့် ကြည့်ကောင်းလွန်းသည့် ရောင်စဉ်ရောင်ဝါတန်းများသည် တည်နေရာ တစ်ခုလုံး၌ ဖြစ်ပေါ်လာခဲ့ပြီး ကြည့်ကောင်းလွန်းသည့် လူတစ်ယောက်သည် အဝေးဆီမှ လှမ်းလျှောက်လာခဲ့သည်။

၎င်း၏ ခန္ဓာကိုယ်ကို မိုးကောင်းကင်၏ အလင်းများဖြင့် လွှမ်းခြုံလျက် ရှိနေ၏။ သူမ ၏ အသွင်သဏ္ဍာန်သည် အားလုံး၏ အမြင်၌ ရှင်းလင်းခြင်း မရှိပေ။ သို့ပေမဲ့ အင်မော်တယ်ဘုရင်တစ်ပါး၏ ပြိုင်စံရှားသည့် အော်ရာများကိုတော့ ထုတ်ဖော်လျက် ရှိနေ၏။ သူမ၏ ခြေလှမ်းများသည် တကယ့်ကို ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံသည့် အရာများဖြစ်၏။

သူမသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး၏ စိတ်ဆန္ဒကို အုပ်ချုပ်သူ တစ်ယောက်လိုပင်။ လက်ရှိအခြေအနေ မှာတော့ အရပ်ဆယ်မျက်နှာ တစ်ခုလုံးတွင် တိတ်ဆိတ်ငြိမ်သက်ခြင်းများဖြင့် ဖုံးလွှမ်းလျက် ရှိနေပြီး သက်ရှိ သတ္တဝါများ အားလုံးတို့သည် တည်နေရာတစ်ခုဆီသို့ ဦးညွတ်သည့် ဟန်ပန်မျိုး ဖြစ်တည်နေသည်။

All Chapters