အခန်း (၇၃၈)
Vol. 50 Ch. 738
“ဒါ ဖီးနစ်ဘိုးဘေးပဲ” အသူရာနဂါးဘုရင်သည် စိတ်လှုပ်ရှားစွာဖြင့် တုန်ယင်သွားခဲ့၏။ ဖီးနစ်ဘိုးဘေးသည် သူနှင့် လောကတူညီသည့် မိုးကောင်းကင် မွန်းစတားလောကကြီးဆီမှ တစ်ယောက်ဖြစ်၏။ သူမသည် မိုးကောင်းကင် မွန်းစတားလောကကြီး၏ အင်မော်တယ်ဘုရင်အဆင့် စာရင်းတွင် ပါဝင်သော တစ်ဦးတည်းသောသူ ဖြစ်၏။
လေးဆယ့်ခြောက်ယောက်မြောက် တည်နေရာတွင်ရှိပြီး လျှိုချင်းဟုန်ထက် ပိုမိုကာ အဆင့်မြင့်မား၏။ သူမသာ ပါဝင်ခြင်း မရှိသည်ဆိုပါက ငါးဆယ့်သုံးယောက်မြောက်တွင် တည်ရှိနေသည့် လျှိုချင်းဟုန်သည် မီးတောက်ဘုရင်နှင့် မည်သို့မှ ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။
“ခင်ဗျား မသေသေးဘူးလား”
အသစ်ဝင်လာသည့်လူကို မြင်ရချိန်မှာတော့ မီးတောက်ဘုရင်သည် အနည်းငယ် အံ့အားသင့်သွား၏။ သို့ပေမဲ့ မြန်မြန်ဆန်ဆန် ဆိုသလိုပဲ သူ၏ စိတ်ဆန္ဒကို ထိန်းသိမ်းကာ ပြောဆိုလိုက်၏။ “အံ့အားသင့်စရာတော့ မဟုတ်ပါဘူး”
အင်မော်တယ်ဘုရင်အဆင့်စာရင်းရှိ လူပေါင်းများစွာတို့သည် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း တော်တော်များများ က အတည်ပြုခဲ့၏။ သို့ပေမဲ့ ထိပ်ဆုံးဆယ်ယောက်မှလွဲလျှင် အားလုံးသောသူများသည် အသက်ရှင်လျက် ရှိနေသေးသည်ဟုလည်း ခန့်မှန်းခဲ့ကြသည်။
သို့ပေမဲ့ သေဆုံးသွားခဲ့ပြီဟု ထင်ရသော အင်မော်တယ်ဘုရင်များသည် မသေဆုံးဘဲ ရှိနေကြောင်း သူတို့ အတိုင်းသား သိရှိလာခဲ့ကြ၏။ လက်ရှိ အခြေအနေမှာတော့ ဖီးနစ်ဘိုးဘေးကြီးသည် ပထမဦးဆုံး ပြန်လည်ကာ ထွက်ပေါ်လာခဲ့ပြီဖြစ်၏။
“ငရဲလောကကြီး ရှိနေသေးသရွေ့ ကျွန်မ သေဖို့က မဖြစ်နိုင်ဘူး” ဖီးနစ်ဘိုးဘေးသည် သူမ၏ ကြည်လင် ရှင်းလင်းသည့် အသံနှင့်အတူ ပြောဆိုလိုက်၏။ သူမသည် ဟိုးအမြင့်ကောင်းကင်ယံထက်တွင် မတ်မတ်ရပ်လျက် ရှိနေပြီး သူမ၏ လှပလွန်းသော မျက်နှာထက်၌ တစ်ဖက်လူကို သတ်ဖြတ်ပစ်ချင်သည့် စိတ်ဆန္ဒများ ထွက်ပေါ်မလာစေရန် အလုံးစုံ ထိန်းချုပ်ထားရသည့်ပုံပင်။ သူမသည် တည်ငြိမ်လွန်း လှချေ၏။ ဖီးနစ်ကလန် တစ်ခုလုံးသည် အလုံးစုံ သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရ၏။ သူမသည်သာလျှင် ကံကောင်း၍ အသက်ပြန်လည်ရှင်သန်လာခြင်းဖြစ်သည်။
ဖီးနစ်ကလန် တစ်ခုလုံး သုတ်သင်ရှင်းလင်းခံခဲ့ရပြီးသည့်နောက် နဂါးကလန် တစ်ခုလုံးသည်လည်း ဆိုးဆိုးရွားရွား အားနည်းသွားခဲ့၏။ တခြားသော မျိုးနွယ်စုများသည်လည်း ငရဲလောကကြီး၏ အညာတာမဲ့ တိုက်ခိုက် သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်သာ ထွက်ပေါ်မလာပါက သူမအနေနှင့် သူမ၏ ကလန်အတွက် မီးတောက်ဘုရင်ကို အဆင်ခြင်မဲ့စွာဖြင့် ရင်ဆိုင်တိုက်ခိုက်မိမှာ သေချာ၏။
ကလန်၏ ရန်ငြိုးများသည် သူမ၏ နှလုံးသားထဲတွင် တည်ရှိနေပြီးသားဖြစ်၏။ ထို့ကြောင့်ပင် တစ်ဖက်လူများကို ကျိန်းသေပေါက် တိုက်ခိုက်ရန် ဆုံးဖြတ်ထားခဲ့ပြီးသားဖြစ်၏။
ထို့အပြင် သူတို့ကို လာရောက်တိုက်ခိုက်စဉ်က ငရဲလောက၏ အင်မော်တယ်ဘုရင်များသည် အရေအတွက်များစွာ ပါဝင်လာခဲ့ပြီး လုဝူတောက်ကလည်း သိသာထင်ရှားသည့် အခြေအနေမျိုး အဖြစ် အစွမ်းပြခဲ့၏။ လုဝူတောက်တစ်ယောက် လက်ရှိအချိန်တွင် နတ်ဆိုးလောကကြီးထဲ၌ နေထိုင်တည်ရှိနေဦး မလား ဆိုသည်မှာတော့ မသေချာပေ။
“ဟားဟား” မီးတောက်ဘုရင်က ရယ်မောလိုက်၏။ လက်ကိုယမ်းခါလိုက်ပြီးသည့်နောက် ပတ်ဝန်းကျင်တွင် ရှိနေသည့် မီးတောက်ပင်လယ်ကြီးကို စုစည်းလိုက်၏။ အင်မော်တယ်ဘုရင်အဆင့်စာရင်းတွင် တည်ရှိနေသည့် အင်မော်တယ်ဘုရင် နှစ်ယောက်တို့ ပါဝင်လာပြီ ဖြစ်သောကြောင့် တိုက်ခိုက်မှုကို ကျိန်းသေပေါက် ပြုလုပ်ရပေလိမ့်မည်။
သူသည် လျှိုချင်းဟုန်၏ ကာကွယ်ပေးမှုအောက်တွင် ရှိနေသည့် အသူရာနဂါးဘုရင်နှင့် ဒုတိယဘိုးဘေးကြီး တို့ထက် ပိုမိုကာ အားကောင်းသည်မှာတော့ သေချာသည်။ သို့ပေမဲ့ ဖီးနစ်ဘိုးဘေးနှင့် လျှိုချင်းဟုန် တို့ကို အတူတကွ ရင်ဆိုင်တိုက်ခိုက်ရန်မှာတော့ သူ၏ ယုံကြည်ချက်သည် လျော့ပါးလို့နေ၏။
လက်ရှိအခြေအနေတွင် နတ်ဆိုးလောကကြီးမှ တခြားသော စွမ်းအားမြင့် ကျင့်ကြံသူများ ရောက်ရှိ မလာသေးချေ။ သူ့ကိုယ်သူ အမှီအခိုပြုကာ တိုက်ခိုက်ဖို့ ဆိုသည်မှာ စိန်ခေါ်မှု များလှ၏။ ထို့အပြင် တစ်ဖက်လူများသည် ဝိညာဉ်နှင့်နတ်ဆိုးတောအုပ်၏ ဌာနေအရှင် အကြောင်းကို သိရှိသောကြောင့် အနည်းငယ် စိုးရွံ့နေကြခြင်းဖြစ်၏။ သူတစ်ယောက်တည်း ဤတည်နေရာတွင် ရပ်တန့်နေသည်ကို သိရှိပါက ကျိန်းသေပေါက် စားတော့ ဝါးတော့မတတ် တိုက်ခိုက်ကြမှာ သေချာသည်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ သတင်းအချက်အလက်တွေက လုံးဝကို တိကျတယ်။ အချိန်အတိုင်း အတာတိုအတွင်းမှာ စွမ်းအားမြင့် ကျင့်ကြံသူ အကုန်လုံးကို ဆွဲဆောင်နိုင်ခဲ့တာပဲ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်နဲ့ မတွေ့ရတာ နှမျောစရာပဲ” မီးတောက်ဘုရင်သည်အသာရယ်မောကာ မှတ်ချက်ပြု လိုက်၏။ သူ၏ စကားလုံးများသည် စိတ်နှလုံးသားထဲမှာ ပြောဆိုသည့် စကားလုံးများ ဟုတ်လား၊ မဟုတ်လား ဆိုသည်မှ မသေချာချေ။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က အသင်္ချေ များပြားတဲ့ လောကဘက်ခြမ်းမှာရှိတဲ့ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ပဲ။ ငရဲလောကက လူတွေအနေနဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲကို ဝင်ဖို့ဆိုတာ ကျိန်းသေပေါက် မဖြစ်နိုင်ဘူး” ဒုတိယဘိုးဘေးက အေးစက်စက် ပြောလိုက်၏။
“ဟုတ်လို့လား”
မီးတောက်ဘုရင်သည် ဖက်ပြိုင်ကာ ငြင်းမနေချေ။ အသာပင် ပြောဆိုလိုက်သည်။ “ထျန်းမင်တောင် သခင်နဲ့ ခင်ဗျားတို့ လျှိုကလန်က လျှိုချင်းယုတို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲ ဝင်သွားနိုင်တာ ဘာကြောင့်လဲ”
ထိုစကားကို ကြားသည့်အချိန်မှာတော့ လျှိုချင်းဟုန်နှင့် ဒုတိယဘိုးဘေးကြီးတို့သည် ပါးစပ် အဟောင်းသားနှင့် ဖြစ်လို့နေ၏။
“လျိုချင်းယုက လျှိုကလန်ကို သစ္စာဖောက်ခဲ့တယ်။ ကျုပ်တို့ လျှိုကလန်က အနာဂတ်မှာ သူနဲ့ ကျိန်းသေပေါက် သွေးကြွေးဆပ်ရမယ်” လျှိုချင်းဟုန်က လေးလေးနက်နက် ပြောလိုက်၏။ ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်လာသည့် အချိန်မှာတော့ အခြေအနေသည် တစ်ဆစ်ချိုးသို့ ပြောင်းလဲသွားခဲ့သည်။
သူတို့ကို လာရောက်ကာ ကယ်တင်သည့် ဖီးနစ်ဘိုးဘေးပင်လျှင် မျက်မှောင်ကုတ်လျက် ရှိနေကြောင်း သူ မြင်လိုက်၏။ စောဏက သူတို့ကယ်တင်ခဲ့သည့် အသူရာနဂါးဘုရင်မှလွဲလျှင် တခြားသောသူများသည် လျှိုကလန်ပေါ်တွင် ကောင်းမွန်သည့် စိတ်ဆန္ဒ ရှိချင်မှ ရှိပေလိမ့်မည်။ ဤကဲ့သို့သော အခြေအနေမျိုး ဆက်လက်ကာ ဖြစ်ပျက်သွားပါက ကောင်းမွန်သည့် လက္ခဏာ မဟုတ်ချေ။
လျှိုကလန်သည် လောကအသီးသီးမှ လူများနှင့် ရင်ဆိုင်တိုက်ခိုက်ရမည် ဆိုပါက အနာဂတ်တွင် ကျိန်းသေပေါက် ဒုက္ခများနိုင်၏။ လျှိုချင်းဟုန်သည် အင်မော်တယ်ဘုရင်အဆင့်စာရင်းတွင် ပါဝင်သည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လျှင်တောင်မှ အနည်းငယ်လောက်သာ အကူအညီ ဖြစ်စေပေ လိမ့်မည်။
“တခြားသောသူတွေ ဒီသတင်း သိပြီးပြီလား။ မကြာသေးခင်က လျှိုကလန်ရဲ့ ဘုရင်သုံးပါးကလည်း နတ်ဆိုးလောက အင်မော်တယ် အင်ပါယာ ယွမ်ဟောင်ရဲ့ အမွေအနှစ်ကို ရရှိခဲ့သေးတယ်။ ပြီးတော့ လုံလုံခြုံခြုံနဲ့ ထွက်ခွာသွားနိုင်ခဲ့တယ်။ ဘာဖြစ်လို့လဲ မသိဘူး” မီးတောက်ဘုရင်၏ နှုတ်ခမ်းပါးထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ သူသည် တစ်ဖက်လူများကို သွေးကွဲစေရန်အတွက် ကျိန်းသေပေါက် ရည်ရွယ်ချက်ရှိရှိနှင့် ပြောဆိုခဲ့ခြင်းပင်။
လျှိုကလန်မှ ဘုရင်သုံးပါးတို့သည် နတ်ဆိုးလောကထဲသို့ ရောက်ရှိခဲ့သေးသည်လား။ အင်မော်တယ် အင်ပါယာ ယွမ်ဟောင် ထားခဲ့သည့် အမွေအနှစ်များကို ရယူသွားခဲ့ရုံသာမက ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ပြန်လည်ကာ ထွက်ခွာသွားနိုင်ခဲ့၏။ မည်သို့ ဖြစ်နိုင်မည်နည်း။
နတ်ဆိုးလောကသည် စွမ်းအားမြင့် ကျင့်ကြံသူပေါင်းများစွာ တည်ရှိနေသောကြောင့် လုပ်ချင်တိုင်း ပြုလုပ်၍ မရနိုင်ချေ။ အထူးသဖြင့် ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်သည် ပြိုင်ဘက်ကင်း စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ ၎င်းတို့၏လောကထဲသို့ အင်မော်တယ်ဘုရင် သုံးယောက် ဝင်ရောက်လာသည်ကို ငြိမ်ငြိမ်သက်သက်ဖြင့် မည်သို့ ထိုင်ကြည့်နေမည်နည်း။
“ခင်ဗျားက သက်သက်မဲ့ သွေးခွဲနေတာပဲ” လျှိုချင်းဟုန်၏ အမူအရာက အေးစက်သွားခဲ့၏။
“အင်း.. ဟုတ်လား။ မဟုတ်လားဆိုတာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို သွားမေးရင် သိမှာပေါ့။ ပြီးတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို ကျုပ် တကယ့်ကို ချီးကျူးမိတယ်။ သူက ကွာစီ အင်မော်တယ် အင်ပါယာအခွင့်အရေး ထွက်ပေါ်လာမယ် ဆိုတာကိုလည်း တိတိကျကျ ခန့်မှန်းနိုင်တဲ့လူ မဟုတ်လား”
မီးတောက်ဘုရင်က ပြောဆိုလိုက်သည်။ “လျှိုကလန်ရဲ့ ဘုရင်သုံးပါးတို့ နတ်ဆိုးလောကထဲကို ရောက်လာလား၊ မရောက်လာလားဆိုတာ သူ မခန့်မှန်းမိဘဲ ဘယ်နေပါ့မလဲ”