← Chapters

အခန်း (၇၄၂)

Vol. 50 Ch. 742

အခန်း (၇၄၂)

Vol. 50 Ch. 742

“တာအိုရောင်းရင်း သတိပေး ပေးတာ ကျေးဇူးတင်ပါတယ်”

အင်မော်တယ်ရှေးလမ်းစဉ်၏ အရှင်သည် အင်မော်တယ်ဘုရင် ရှီယွင်ဘက်သို့ လှမ်းကြည့်ကာဖြင့် ခေါင်းညိတ်လိုက်၏။ ယခုအချိန်မှာတော့ သူ၏ နှလုံးသားထဲတွင် ရှုပ်ထွေးလွန်’သည့် ခံစားချက်များ ဖြစ်တည်လာခဲ့၏။

အင်မော်တယ်ဘုရင် ရှီယွင်နောက်သို့ လိုက်ခြင်းသည် ကွာစီအင်မော်တယ် အင်ပါယာဖြစ်ရန် သူ၏ လမ်းစဉ်ကို အာမခံချက် ပေးနိုင်သည်လား။

မဖြစ်နိုင်ပေ။ တစ်ဖက်လူ၏ အားအင်အဆင့်သည် အင်မော်တယ်ဘုရင်အဆင့် စာရင်းတွင် ပါဝင်သည့် လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် အင်မော်တယ်ဘုရင် ရှီယွင်တစ်ယောက် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်ဖြစ်ရန် သူက ကူညီပေးခြင်းသာ ဖြစ်နိုင်၏။ ထိုသို့ဆိုလျှင် သူသည် ထိုကဲ့သို့သော အကူအညီအတွက် ဘာပြန်ရမည်နည်း။

ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေး နောက်ထပ်တစ်ခု ထွက်လာဖို့ ငါဘယ်လောက်တောင် စောင့်ရမလဲ။ ကျောင်းကျွင်းဟန်က စဉ်းစားလိုက်မိ၏။

တခြားသောဘက်ခြမ်းတွင် ရှိနေသည့် လျှိုချင်းယုနှင့် ထျန်းမင်တောင်သခင်တို့မှာတော့ နတ်ဆိုးလောက၏ ဘက်ခြမ်းဆီသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။ ထျန်းမင်တောင်သခင်နှင့် လျှိုချင်းယုတို့သည် ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးကို ဤမျှ များပြားသည့် လူများ၏လက်မှ ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိတော့ချေ။ ထို့ကြောင့် နတ်ဆိုးလောကကြီးဘက်သို့ ပူးပေါင်းလိုက်ခြင်း ဖြစ်သည်။

“တာအိုရောင်းရင်း မီးတောက်ဘုရင်... နှစ်ပေါင်းများစွာ ကြာခဲ့ပြီနော်။ ခင်ဗျားရဲ့ ပုံစံက မပြောင်းလဲသေးဘူးပဲ” ထျန်းမင်တောင်သခင်သည် အဝေးတစ်နေရာမှ လှမ်းကာ နှုတ်ဆက်လိုက်၏။

ထိုစကားကို ကြားရသည့်အချိန်မှာတော့ မီးတောက်ဘုရင်သည် အသာလှည့်ကာဖြင့် ထျန်းမင်တောင်သခင် ကို ကြည့်ရှုလိုက်၏။ ၎င်း၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာ၏။ သူသည် လက်ကို အသာဝှေ့ယမ်းကာ ပြောလိုက်သည်။ “တိုက်ခိုက်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ကျုပ်တို့ ထပ်ပြီး တွေ့လိမ့်မယ်လို့ မထင်ဘူး”

လက်ရှိ ထျန်းမင်တောင်သခင်၏ အားအင်အဆင့်သည် နိမ့်ကျလျက် ရှိနေသည် ဆိုလျှင်တောင်မှ ကျိန်းသေပေါက် သူသည် တစ်ဖက်လူများကို ဖော်ဖော်ရွေရွေနှင့် ဆက်ဆံရမှာဖြစ်၏။ တစ်ဖက်လူသည် စည်းခတ်ခြင်းသာ မခံခဲ့ရပါက သူ၏ အားအင်အဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သည့် အခြေအနေမျိုးသို့ ရောက်ရှိနေနိုင်၏။ သူ့ထက်ပင် ပိုမိုမြင့်မားသည့် အခြေအနေဆီသို့ ရောက်ရှိလာနိုင်ကြောင်းလည်း မီးတောက်ဘုရင်က ကောင်းကောင်းနားလည်၏။

“အင်း”

ထျန်းမင်တောင်သခင်နှင့် လျှိုချင်းယုတို့က ချဉ်းကပ်လာခဲ့၏။ သူတို့သည် လက်သီးကို ဆုပ်ကာဖြင့် နှုတ်ဆက်လိုက်၏။ “မိတ်ဆက်ပေးချင်ပါတယ်။ ဒါက နတ်ဘုရားလောက လျှိုကလန်ရဲ့ လျှိုချင်းယုပဲ။ မကြာသေးခင်က ကျုပ်တို့ ငရဲလောကကို ပူးပေါင်းလာတဲ့လူပေါ့”

“လျှိုချင်းယုက စီနီယာ မီးတောက်ဘုရင်ကို ဂါရဝပြုပါတယ်” လျှိုချင်းယုသည် မောက်မာသည့် ဟန်ပန် အမူအရာ များကို ဖယ်ရှားပြီး ယဉ်ယဉ်ကျေးကျေးနှင့် နှုတ်ဆက်လိုက်သည်။

မီးတောက်ဘုရင်သည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် လူတစ်ယောက်ဖြစ်ပြီး သူ၏ဘိုးဘေးဖြစ်သော လျှိုကျင်းတန်ပင်လျှင် ဆိုးဆိုးရွားရွား အခြေအနေမျိုးနှင့် သေဆုံးခဲ့ရကြောင်း သူ သိရှိပြီးဖြစ်၏။ လျှိုချင်းယုသည် မီးတောက်ဘုရင်ကို မြင်ရသည့်အချိန်မှာတော့ ရှုပ်ထွေးသည့် ခံစားချက်များ တည်ရှိနေသည် ဆိုလျှင်တောင်မှ ကျိန်းသေပေါက် အငြိုးအတေးများကို ထုတ်ဖော်ပြသရဲလိမ့်မည် မဟုတ်ချေ။ လျှိုကလန်၏ ဂျူနီယာတစ်ယောက်အနေနှင့် သူ ဘာလုပ်နိုင်မည်နည်း။

“လောကဝတ်တွေ လုပ်နေဖို့ မလိုဘူး”

မီးတောက်ဘုရင်သည် လျှိုချင်းယုကို စူးစိုက်ကာ ကြည့်ရှုပြီးသည့်နောက် နတ်ဘုရားလောကမှ လူများ ရပ်နေရာ တည်နေရာဆီသို့ လှောင်ပြောင်သလို လှမ်းကြည့်လိုက်၏။ ဤမြင်ကွင်းသည် လျှိုကလန်တွင် ရှိနေသည့် လူပေါင်းများစွာတို့ကို အသည်းနာစေမှာ သေချာ၏။

လျှိုချင်းယုသည် မီးတောက်ဘုရင်ကို ဦးညွတ်ကာ ရိုရိုသေသေ ဆက်ဆံနေ၏။ ထိုအရာသည် လျှိုကလန်အတွက် ဂုဏ်သိက္ခာ ကင်းမဲ့သည့် အရာဖြစ်ပေလိမ့်မည်။ လျှိုကလန်၏ အားကောင်းလှပါသည်ဆိုသော အင်မော်တယ်ဘုရင် တစ်ယောက်သည် ငရဲလောကနှင့် ပူးပေါင်းသွားခဲ့၏။ ထို့အပြင် တစ်ဖက်လူများကို ယဉ်ယဉ်ကျေးကျေးနှင့်ပင် ဆက်ဆံနေရသေး၏။ ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးက ပေါ်ပေါက်လာတော့မည်ဖြစ်၏။ မဟုတ်ပါက သတ္တမ ဘိုးဘေးနှင့် ဒုတိယဘိုးဘေးတို့သည် ကျိန်းသေပေါက် ဝင်ရောက်တိုက်ခိုက်မိမှာ သေချာသည်။

“ကျေးဇူးပြုပြီး စိတ်ကို အေးအေးထားပါ။ ဘိုးဘေးတို့နှစ်ယောက်” လျှိုချင်းဟုန်သည် အရှေ့ဆီသို့ လှမ်းတက်ပြီး သတ္တမဘိုးဘေးနှင့် ဒုတိယဘိုးဘေးတို့၏ အရှေ့၌ မတ်မတ်ရပ်လိုက်၏။ သူသည်လည်း လျှိုချင်းယုကို ကောင်းကောင်းသတ်ဖြတ်ချင်မိ၏။ သို့ပေမဲ့ အခြေအနေကောင်း မဟုတ်ကြောင်း သူက ကောင်းကောင်း နားလည်၏။ “ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေး ပေါ်ပေါက်လာတဲ့ အချိန်မှာ ကျုပ်ကိုယ်တိုင် မိသားစုရဲ့ အမှိုက်ထုတ်ကို ရှင်းပစ်မယ်”

ဒုတိယဘိုးဘေးသည် ခန္ဓာကိုယ်ထဲတွင် ဒေါသမီးများ တောက်လောင်လျက် ရှိနေသည် ဆိုသော်လည်း လျှိုချင်းယု တည်ရှိရာ နေရာဆီသို့ ကြည့်ရှုကာဖြင့် အေးစက်စက် နှာခေါင်းရှုံလိုက်သည်။ “အင်း... ဒီကိစ္စကို မင်းလက်ထဲ အပ်လိုက်မယ်”

သူ့အနေနှင့် လျှိုချင်းယုထက် အနည်းငယ်သာလျှင် အားကောင်း၏။ တစ်ဖက်လူကို သတ်ဖြတ်ပစ်ဖို့ ဆိုသည်မှာ အချိန်အတိုင်းအတာတိုအတွင်း ဖြစ်နိုင်သည့် ကိစ္စရပ်မျိုး မဟုတ်ချေ။ အလွန်ကြာကောင်း ကြာမြင့်နိုင်၏။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် တစ်စုံတစ်ခုဖြစ်သည်ဆိုပါက ကျိန်းသေပေါက် အခြေအနေက ပြောင်းလဲသွားနိုင်၏။ သို့ပေမဲ့ လျှိုချင်းဟုန် ဝင်ရောက် တိုက်ခိုက်ခြင်း ဆိုသည်မှာတော့ ကွာခြားလို့နေ၏။

“ကောင်းပါပြီ”

လျှိုချင်းဟုန်သည် လက်သီးကို ဆုပ်ကာဖြင့် တိကျခိုင်မာစွာ ပြောလိုက်သည်။ “ကျိန်းသေပေါက် ဒီတာဝန်ကို မကျရှုံး စေရပါဘူး”

...........

“နတ်ဘုရားလောကက လူတွေကို မြင်လား”

မီးတောက်ဘုရင်သည် နတ်ဘုရားလောက တည်ရှိရာ နေရာဆီသို့ လက်ညှိုးညွှန်ကာဖြင့် ပြောဆိုလိုက်၏။ “အင်း... မင်းကို ဘယ်လိုသတ်မလဲဆိုတာ သူတို့ အဖြေရှာနေလောက်ပြီ”

လျှိုချင်းယု၏ နှလုံးသားများသည် ထိုစကားစုကို ကြားရသည့် အချိန်မှာတော့ တုန်ယင်သွားမိ၏။ လျှိုကလန်၏ အစိတ်အပိုင်း ဖြစ်ခဲ့ဖူးသူ တစ်ယောက်မို့ ထိုသူများ၏ လွှမ်းမိုးမှုသည် သူ၏ နှလုံးသားထဲတွင် တည်ရှိလို့နေပြီး ဖြစ်သည်။

လျှိုကလန်သည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အားအင်အဆင့်ကို ပိုင်ဆိုင်သည်သာမက နတ်ဘုရားအင်ပါယာပိုင်ယုနှင့် နီးစပ်သည့် ဆက်ဆံရေးကို ပိုင်ဆိုင်၏။ နတ်ဘုရားအင်ပါယာပိုင်ယုသည် ကျိန်းသေပေါက် သူ့ကို မြင်သည်နှင့် တုံ့နှေးခြင်း မရှိဘဲ တိုက်ခိုက်မှာ သေချာ၏။

အင်မော်တယ်ဘုရင်အဆင့် စာရင်းတွင် ပါဝင်သော စွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက်နှင့် ရင်ဆိုင်ဖို့ဆိုလျှင် စာရင်းထဲတွင် မဝင်သော သူကဲ့သို့သော အင်မော်တယ်ဘုရင် တစ်ယောက်အတွက် အသက်ရှင်ရန် အခွင့်အရေး ရှိလိမ့်မည် မထင်ချေ။

“စီနီယာ” လျှိုချင်းယုသည် ကြောက်လန့်သလို ခံစားလိုက်မိ၏။ သူသည် ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက် မဖြစ်သေးချေ။ ထို့ကြောင့် လွယ်လွယ်ကူကူနှင့် မသေဆုံးချင်ပေ။ နတ်ဆိုးလောကကြီးသည် သူ့ကို ကာကွယ်ပေးရန်သာ မျှော်လင့်မိသည်။

“စိတ်ချ”

မီးတောက်ဘုရင်က ပြုံးလိုက်၏။ သူသည် လျှိုချင်းယု၏ ပခုံးကို အသာပုတ်ကာဖြင့် အာမခံလိုက်၏။ “ငရဲလောကနဲ့ ပူးပေါင်းလိုက်ပြီဆိုမှတော့ ငရဲလောကကြီးနဲ့ မင်းက မိတ်ဆွေတွေပဲ။ ငါ ဒီမှာရှိနေပြီဆိုမှတော့ မင်းကို ဘယ်သူမှ ထိခိုက်အောင် မလုပ်နိုင်ဘူး”

“ကျေးဇူးပါပဲ စီနီယာ” လျှိုချင်းယုက ပျော်ရွှင်သွားခဲ့၏။ မီးတောက်ဘုရင်၏ စကားကို ကြားရသည့်အချိန်မှာတော့ သူသည် စိတ်သက်သာရာ ရသလို ခံစားမိ၏။ တခြားသောသူများ မသိသော်လည်း မီးတောက်ဘုရင်၏ နောက်ကွယ်တွင် ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင် တည်ရှိနေကြောင်း သူ ကောင်းကောင်း သိရှိပြီး ဖြစ်၏။ ထိုသူသည် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်ဖြစ်၏။ စီနီယာနန်းဆောင် သခင်မှလွဲ၍ အားအကောင်းဆုံးသော ကျင့်ကြံသူလည်း ဖြစ်သည်။

“ဘာလို့ ဌာနေအရှင်ကို ကျုပ်တို့ မမြင်ရသေးတာလဲ” ထျန်းမင်တောင်သခင်သည် ဘေး၊ ဘယ်ညာကို သေချာ ကြည့်ရှုပြီးသည့်နောက် စိတ်ဝင်တစားနှင့် မေးမြန်းလိုက်၏။

“သူက နတ်ဆိုးလောကထဲမှာ ရှိနေသေးတယ်။ ထွက်မလာသေးဘူး” မီးတောက်ဘုရင်က တုံ့ပြန်လိုက်သည်။

“ကျုပ်နားလည်ပြီ”

ထျန်းမင်တောင်သခင်သည် ခေါင်းညိတ်လိုက်၏။ ပြီးနောက် အသံပို့လွှတ်ကာ မေးမြန်းလိုက်၏။ “တာအိုရောင်းရင်း... အတွေးအမြင် တစ်ခုခုရှိလား။ ကျုပ်ကို မျှဝေပေးပါအုံး။ ဌာနေအရှင်က အတိတ်တိုက်ပွဲတုန်းက ထင်ပေါ်ခဲ့တဲ့ စီနီယာသုံးယောက်ထဲက တစ်ယောက်လား။”

“ဒါက”

မီးတောက်ဘုရင်က တွန့်ဆုတ်သွား၏။ သူသည် ခေါင်းကို အသာခါယမ်းကာ ပြောဆိုလိုက်သည်။ “အရိုးသားဆုံး ပြောရမယ်ဆိုရင် ကျုပ်လည်း သေသေချာချာ မသိဘူး”

အသင်္ချေ များပြားသည့် လောကအသီးသီးတွင် မဆိုနှင့် နတ်ဆိုးလောကကြီးအတွင်းတွင်ပင်လျှင် ဌာနေအရှင်၏ အသွင်သဏ္ဍာန် အစစ်အမှန်ကို မည်သူမှ မသိရှိခဲ့ချေ။

“ကောင်းပါပြီ”

ထျန်းမင်တောင်သခင်သည် အကူအညီမဲ့သလို သက်ပြင်းချလိုက်၏။ ပြီးနောက် အသံပို့လွှတ်ကာ ထပ်မံ မေးမြန်းလိုက်သည်။ “တာအိုရောင်းရင်းအနေနဲ့ ဌာနေအရှင်ရဲ့ အစီအစဉ် တချို့တလေကို ကျုပ်ကို ပြောပြလို့ ရနိုင်မလား။ စိတ်ချထားပါ။ ကျုပ် လုံးဝ ဘယ်သူ့ကိုမှ မပြောပါဘူး”

“အင်း...”

မီးတောက်ဘုရင်သည် ဇဝေဇဝါဖြင့် ထပ်မံကာ မေးမြန်းလိုက်၏။ “ဌာနေအရှင်ဆီမှ အစီအစဉ် ရှိတယ် ဆိုတာကို ခင်ဗျား ဘယ်လိုသိတာလဲ”

All Chapters