အခန်း (၇၄၅)
Vol. 50 Ch. 745
“သွားကြရအောင်။ ကျုပ်တို့လည်း သွားကြမယ်” နတ်ဘုရားအင်ပါယာပိုင်ယုသည် အသာပင် မှတ်ချက်ပြု လိုက်၏။ ၎င်းသည် အလင်းတန်းများအဖြစ် အသွင်ပြောင်းကာဖြင့် ကောင်းကင်ယံဆီသို့ ဖြတ်သန်းသွားခဲ့ လေ၏။
ဆန်းကြယ်လှသည့် အော်ရာများသည် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ သူ၏ နောက်မှ တခြားသော အင်မော်တယ်ဘုရင်များကလည်း နီးနီးကပ်ကပ် လိုက်ပါလာခဲ့၏။ ၎င်းတို့ အားလုံးသည် နတ်ဘုရားအင်ပါယာပိုင်ယု၏ နောက်လိုက်များဖြစ်၏။ ၎င်းတို့၏ ပူးပေါင်းထားမှုသည် လောကအသီးသီးကို လွှမ်းမိုးနိုင်စွမ်း မရှိသည် ဆိုလျှင်တောင်မှ သူတို့၏ လုံခြုံရေးအတွက်တော့ အနည်းဆုံး စိတ်ပူပန်မှု ကင်းရလောက်သည်။
အခြားတစ်ဖက်တွင်တော့ နတ်ဆိုးလောက၏ များပြားသည့် အင်မော်တယ်ဘုရင်များ အားလုံးသည်လည်း လှုပ်ရှားနေကြ၏။ ထိုသူများထဲတွင် လျှိုချင်းယုနှင့် ထျန်းမင်တောင်သခင်လည်း အပါအဝင်ပင်။ ၎င်းတို့သည် တခြားသော အင်မော်တယ်ဘုရင် အများအပြားတို့၏ အရှေ့ဆီသို့ ရောက်ရှိလုနီးပါးသို့ပင်။ ၎င်းတို့သည် လောကကြီးဆီသို့ ဝင်ရောက်ရန် ပြင်ဆင်နေ၏။
၎င်းတို့၏ ခပ်လှမ်းလှမ်း တည်နေရာ တစ်ခုမှာတော့ အင်မော်တယ်လောက၏ စွမ်းအားမြင့် ကျင့်ကြံသူ အဖွဲ့အစည်း တစ်ခုက တည်ရှိ၏။ ထိုသူတို့သည် လောကကြီးထဲသို့ အရင်ဆုံး ဝင်ရောက်လိုက်ကြသည်။
“ကျုပ်တို့လည်း လှုပ်ရှားကြရအောင်” သတ္တမဘိုးဘေးက လေးလေးနက်နက် ပြောလိုက်၏။
ဒုတိယဘိုးဘေး နှင့် လျှိုချင်းဟုန်တို့သည် များများစားစား မပြောခဲ့ချေ။ ခေါင်းကိုညိတ်ကာဖြင့် အသိအမှတ်ပြုလိုက်၏။ သူတို့သည် ကောင်းကင်ယံဆီသို့ ပျံသန်းလိုက်၏။ အလင်းတန်းများအဖြစ် အသွင်ပြောင်းကာဖြင့် အသစ်ပေါ်ပေါက်လာသည့် လောကကြီးထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်လိုက်သည်။
တိတ်ဆိတ်ခြောက်ကပ်လျက် ရှိနေသည့် လောကကြီးသည် ယနေ့အချိန်မှာတော့ အသက်ဝင် လှုပ်ရှားလာခဲ့ပြီ ဖြစ်၏။ သို့ပေမဲ့ လောကကြီးသည် မှောင်မဲလွန်းလှချေ၏။ အလုံးစုံ မှောင်မဲမှုများ ပြည့်နှက်လျက် ရှိနေသည့် ကုန်းမြေကြီးတစ်ခုဟု ခေါ်ဆိုရပေမည်။ ဤနေရာတွင် မည်သည့် အသက်ဓာတ်၏ အရိပ်အယောင်မှ မရှိသလို မည်သည့် စိတ်ဝိညာဉ် စွမ်းအင်မှလည်း မရှိချေ။ အလုံးစုံ သေဆုံးခြင်းတရား များနှင့်အတူ ခြောက်ကပ်လျက် ရှိနေသည့် တည်နေရာကြီးတစ်ခုပင်။ ပိုမို၍ ကြောက်မက်ဖွယ်ရာကောင်းသည်မှာ ဤနေရာ၏ လေဟာနယ်လမ်းကြောင်းကြီး သည် တားဆီး ပိတ်ပင်ခြင်း ခံထားရပြီး ကောင်းကင်၏ တာအိုများသည်ပင် ပိတ်ပင်ခြင်း ခံထားရ၏။
အင်မော်တယ် ဘုရင်များသည် တကယ်တမ်း လှုပ်ရှားတိုက်ခိုက်မည် ဆိုပါက ၎င်းတို့၏ အခြေခံကိုသာ အမှီအခိုပြုကာ တိုက်ခိုက်ရမှာဖြစ်၏။ ကောင်းကင်တာအို၏ နိယာမများကို အသုံးပြုကာ တိုက်ခိုက်၍ မရနိုင်ချေ။
“အင်း.. ဒီနေရာမှာ တိုက်ပွဲဖြစ်ပြီဆိုရင် ဘယ်လိုဖြစ်မလဲဆိုတာ ခန့်မှန်းဖို့တောင် ခက်တယ်” လျှိုချင်းဟုန် သည် သူ၏ နတ်ဘုရားသိစိတ်ကို ဖြန့်ကျက်ပြီး တည်နေရာတစ်ခုလုံးကို ဖြန့်ကျက် ကြည့်ရှုလိုက်၏။ အကူအညီမဲ့စွာဖြင့် နတ်ဘုရားသိစိတ်များကို ပြန်လည်ကာ ရုတ်သိမ်းလိုက်သည်။
“ဟမ်” လျှိုချင်းဟုန်သည် ရုတ်တရက် ထအော်လိုက်၏။ အရှေ့ဆီသို့ ခြေတစ်လှမ်း လှမ်းတက်ပြီးသည့်နောက် သူသည် သူ၏ရှေ့တွင် ထိုင်လျက်ရှိနေသည့် အဘိုးအိုတစ်ယောက်ကို မြင်လိုက်ရ၏။ ထိုသူသည် ရုတ်တရက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး မည်သည့်အသံမှ မကြားရချေ။ လျှိုချင်းဟုန်သည်သာ သေသေချာချာ ကြည့်ရှုခြင်း မရှိပါက ဤအဘိုးအိုကို တစ်ချက်ကလေးမှ သတိပြု မိလိမ့်မည် မဟုတ်ချေ။ ဤအဘိုးကြီးသည် လောကကြီးနှင့် တသားတည်း ဖြစ်တည်နေသကဲ့သို့ပင်။
“ရှေးဟောင်းကျင့်ကြံသူလား” သတ္တမဘိုးဘေးကြီးက အသာပင် သက်ပြင်းချကာ တီးတိုးရေရွတ်လိုက်၏။ သူသည် ဤဝတ်စုံနှင့်လူကို ရင်းနှီးပြီးသားဖြစ်၏။ ၎င်းသည် ငရဲလောကကြီး၏ တိုက်ပွဲကြားတွင် ကြွင်းကျန် ရစ်သည့်လူပင် ဖြစ်ပေလိမ့်မည်။
ယနေ့အချိန်မှာတော့ လူအနည်းငယ်တို့သည်သာလျှင် ထိုကဲ့သို့သော ဝတ်ဆင်မှုမျိုးကို ပြုလုပ်ကြ၏။ ခေတ်ကာလ ပြောင်းလဲသွားသည်နှင့်အမျှ လူတို့၏ ဝတ်ဆင်ကြသည့် ပုံပန်းသွင်ပြင်ကလည်း ပြောင်းလဲသွား ခဲ့ကြပြီဖြစ်၏။ ယခု ဤလူသည် ယနေ့အချိန်တွင် သေဆုံးသွားခဲ့ပြီ ဆိုလျှင်တောင်မှ ခန္ဓာကိုယ် ပျက်ယွင်းခြင်း မရှိချေ။ ထို့ကြောင့် အားအင်အဆင့်သည် ကျိန်းသေပေါက် ဩချလောက်စရာ ကိစ္စရပ်ပင်။
သူ၏ နောက်ဘက်တွင်တော့ လျှိုချင်းကျီသည် အရှေ့ဆီသို့ တစ်ချက်လှမ်းကြည့်လိုက်၏။ ပြီးသည့်နောက် အဘိုးအို၏ အလောင်းကို လှမ်းကိုင်ရန် ပြင်ဆင်လိုက်သည်။ ချက်ချင်းဆိုသလိုပဲ အဘိုးအို၏ အလောင်းသည် အပိုင်းအစများအဖြစ် ပြောင်းလဲကာ ကောင်းကင်နှင့်မြေပြင်ကြားထဲတွင် ပျောက်ကွယ်သွားခဲ့၏။
“ဒီလူက အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်ရမယ်” ဒုတိယဘိုးဘေးသည် လေးလေးနက်နက်နှင့် မှတ်ချက် ပေးလိုက်သည်။
ဤအလောင်းကြီးသည် ယခုအချိန်အထိ တည်ရှိနေသည် ဆိုခြင်းမှာ အံ့အားသင့် စရာပင်ဖြစ်၏။ အင်မော်တယ်ဘုရင် တစ်ယောက်သာ မဟုတ်သည်ဆိုပါက ဤကဲ့သို့ ကျန်ရှိလိမ့်မည် မဟုတ်ချေ။
ခန္ဓာကိုယ်တစ်ခုလုံး အစိတ်အပိုင်းများအဖြစ် ပြောင်းလဲသွားသည်ကို မြင်ရသည့်အချိန်မှာတော့ လျှိုကလန်၏ အင်မော်တယ်ဘုရင် အားလုံးတို့သည် ကြက်သီးမွေးညှင်းများပင် ထသွားခဲ့၏။ အင်မော်တယ်ဘုရင် တစ်ယောက်၏ ခန္ဓာကိုယ်ပင်လျှင် ဤကဲ့သို့ အစိတ်စိတ် အပိုင်းပိုင်း ပျောက်ကွယ်သွားခဲ့သည်လား။ အရာအားလုံးသာ အဆင်ပြေ ချောမွေ့ခြင်း မရှိသည်ဆိုပါက သူတို့သည်လည်း ထိုကဲ့သို့ အဆုံးသတ်သွားမည်လား။
“တခြားနေရာတွေ အရင်ဆုံး ရှာဖွေကြည့်ရအောင်။ ဒီလောကကြီးက နည်းနည်း ကြမ်းတမ်းတယ်။ အင်မော်တယ်ဘုရင်တွေတောင်မှ ဒီလောကကြီးထဲမှာ အန္တရာယ် များလိမ့်မယ်နဲ့တူတယ်။ ကွာစီ အင်မော်တယ် အင်ပါယာတွေသာ လွတ်လွတ်လပ်လပ် သွားလာနိုင်လိမ့်မယ်” သတ္တမဘိုးဘေးက အကြံပြုလိုက်၏။
“ကျုပ်တို့ လျှိုကလန်ကလူတွေ တစ်ယောက်နဲ့တစ်ယောက် ခပ်ဝေးဝေး မနေကြနဲ့။ တစ်ခုခုဖြစ်လာမယ် ဆိုရင် အချိန်ကိုက် ကူညီနိုင်အောင်လို့လေ။ လျှိုကလန်ရဲ့ အားအင်အဆင့်က ခန့်မှန်းလို့ မရဘူးဆိုပေမဲ့ ရန်သ ူမရှိတာ မဟုတ်ဘူး။ နတ်ဆိုးလောကကလူတွေ ဒီအနီးအနားမှာ ရှိနေပြီဆိုမှတော့ အခွင့်အရေး ရပြီဆိုတာနဲ့ ကျုပ်တို့ကို ဝင်ပြီးတိုက်ခိုက်မှာ သေချာတယ်”
“သဘောတူပါတယ်” တခြားသောသူများကလည်း ခေါင်းညိတ်လိုက်၏။
“ဘိုးဘေးကြီး... ကောင်းကင်လျှို့ဝှက်နန်းဆောင်ကနေ ကျုပ်တို့ရခဲ့တဲ့ သတင်းအချက်အလက်က ဘာလဲ” လျှိုချန်းဟုန်သည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်သည်။
သတ္တမဘိုးဘေးကြီးသည် ကျောက်စိမ်းပြားကို ထုတ်ယူပြီးသည့်နောက် သူ၏ နတ်ဘုရားသိစိတ်ကို ထည့်သွင်းကာဖြင့် ကြည့်ရှုလိုက်၏။ သေသေချာချာ ဖတ်ရှုပြီးသည့်နောက် သူသည် သက်ပြင်းချကာ ပြောလိုက်၏။ “ကွာစီအင်မော်တယ် အင်ပါယာအဆင့် လက်နက်တစ်ခု”
လျှိုချင်းဟုန်သည် သက်ပြင်းကို ချလိုက်သည်။ ကွာစီအင်မော်တယ် အင်ပါယာအဆင့် လက်နက်ဆိုသည်မှာ သာမန် ရှာဖွေတွေ့ရှိနိုင်သည့်အရာမျိုး မဟုတ်ချေ။ သမိုင်းမှတ်တမ်းထဲတွင် လုဝူတောက်ကဲ့သို့သော တစ်စုံတစ်ယောက်မှလွဲလျှင် အင်မော်တယ်ဘုရင်အဆင့်တွင် ၎င်းထက် သာလွန်သည့် ကွာစီအင်မော်တယ် အင်ပါယာအဆင့် လက်နက်ကို ကိုင်ဆောင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။
မထင်မှတ်ထားလောက်အောင်ဘဲ သူတို့၏ လျှိုကလန်သည် ကံကောင်းလွန်းခဲ့၏။ ဘယ်ကမှန်းမသိသည့် ကွာစီအင်မော်တယ် အင်ပါယာအဆင့် လက်နက်တစ်ခုကို ရရှိပေတော့မည်။
ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်နှင့် ရင်ဆိုင်မတွေ့ပါက သူတို့အနေနှင့် ဤလောကကြီးထဲ၌ လွယ်လွယ်ကူကူဖြင့် ရယူစရာ ရှိသည်များကို ရယူနိုင်စွမ်း ရှိပေလိမ့်မည်။
“ဖြုန်းဖို့ အချိန်မရှိဘူး။ ဒီတော့ မြန်မြန် သွားကြရအောင်” လျှိုချင်းကျီသည် ရုတ်တရက် ဆော်ဩလိုက်၏။ ကြည့်ရသည်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရောက်ခဲ့ပြီးသည့်နောက် အကျိုးမရှိဘဲ ပြန်လာခဲ့သည့်လူဟူ၍ မရှိနိုင်ချေ။