အခန်း (၇၄၆)
Vol. 50 Ch. 746
“အင်း... အရမ်းကြီး ပျော်မနေကြနဲ့။ ဒီကျောက်စိမ်းပြားထဲမှာ ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ မရှိဘူး။ ဖြစ်နိုင်တာ တခြားသော တစ်စုံ တစ်ယောက်ရဲ့ လက်ထဲမှာ အခွင့်အရေးက ရှိလိမ့်မယ်” သတ္တမဘိုးဘေးက တည်ငြိမ်စွာ ပြောလိုက်၏။
“ဒါက” ထိုစကားကို ကြားရသည့် အချိန်မှာတော့ လျှိုချင်းကျီသည် ရုတ်တရက် တည်ငြိမ်သွားမိ၏။ အစစ်အမှန်ဖြစ်သည်။ သူတို့ အဘယ်ကြောင့် ဤတည်နေရာဆီသို့ ရောက်ရှိလာရသနည်း။ ကွာစီအင်မော်တယ် အင်ပါယာဖြစ်ရန် အခွင့်အရေးအတွက် မဟုတ်ပါလား။
လက်ရှိ သူတို့ဘက်၌ ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေးနှင့်ပတ်သက်၍ မည်သည့် အချက်အလက်မှ မရှိချေ။ ထို့ကြောင့် သတင်းအချက်အလက်သည် တခြားသောသူ တစ်ယောက်ယောက်၏ ကျောက်စိမ်းပြား ထဲ၌ တည်ရှိနေမှာ သေချာသည်။
ကွာစီအင်မော်တယ် အင်ပါယာအဆင့် လက်နက်သည် သံသယရှိစရာ မလိုပါဘဲ တန်ဖိုးကြီးမားသည် ဆိုသော်လည်း ကွာစီအင်မော်တယ် အင်ပါယာဖြစ်ဖို့ အခွင့်အရေးနှင့် နှိုင်းယှဉ်လျှင်တော့ အလွန်အမင်း ကွာခြားလျက် ရှိနေ၏။
ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်လာသည်ဆိုသည်နှင့် ထိုကဲ့သို့သော ကွာစီအင်မော်တယ် အင်ပါယာအဆင့် လက်နက်ကို သန့်စင်နိုင်ဖို့ ဆိုသည်မှာ အလွန်တရာ လွယ်ကူလှချေသည်။
“ဘာပဲဖြစ်ဖြစ် ကွာစီအင်မော်တယ် အင်ပါယာအဆင့် လက်နက်က တန်ဖိုးတော့ ရှိသေးတယ်”
ဒုတိယ ဘိုးဘေးက အချိန်ကိုက် ဝင်ရောက်ကာ ပြောဆိုလိုက်၏။ ပြီးနောက် ဆက်ကာ ပြောဆိုလိုက်သည်။ “ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေး ထွက်ပေါ်လာဖို့က ကျိန်းသေပေါက် ပြဿနာများမယ့် ကိစ္စရပ်ပဲ။ လက်နက်ကို ကျုပ်တို့ရပြီဆိုရင် တခြား အခွင့်အရေးကို ဘာလို့ စိတ်ပူနေရမှာလဲ”
လျှိုကလန်တွင် ရှိနေသည့် လူပေါင်းများစွာတို့သည် သူတော်ကောင်းများ မဟုတ်ကြချေ။ ဒုက္ခပေါင်းများစွာထဲ၌ ရှင်သန်နေထိုင်ခဲ့ရသည့် လူများဖြစ်ပြီး ၎င်းတို့ တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများ သည် များပြားလွန်းခဲ့၏။ ရတနာတစ်ခုခု ရရှိရန်အတွက် သတ်ဖြတ်ခြင်းဆိုသည်မှာ ကျင့်ကြံသူများအတွက် မည်သည့် စိတ်ဖိအားမှ မခံစားရဘဲ ပြုလုပ်နိုင်သည့် အရာမျိုးပင်။
“အမှန်ပဲ”
သတ္တမဘိုးဘေးက ခေါင်းညိတ်လိုက်၏။ သူသည် ကျောက်စိမ်းပြားကို အသာ သိမ်းဆည်းပြီး သည့်နောက် ထပ်မံကာပြောလိုက်၏။ “သွားကြရအောင်။ လောကကြီးရဲ့ အလယ်ဗဟိုမှာရှိတဲ့ လက်နက်ကို သွားပြီး စစ်ဆေးကြည့်ရအောင်။ အဲနေရာက ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေး တည်နေရာလည်း ဖြစ်နိုင်တယ်”
ထိုကဲ့သို့ ပြောပြီးသည့်နောက် သူသည် အရှေ့သို့ လှမ်းတက်လိုက်၏။ ပြီးသည့်နောက် အလင်းတန်းအဖြစ် အသွင်ပြောင်းကာ ကောင်းကင်ယံသို့ ထွက်ခွာသွားခဲ့၏။
သူ၏နောက်ဘက်တွင် လျှိုချင်းဟုန်နှင့် တခြားသောသူများက လိုက်ပါသွားကြသည်။
လျှိုကလန်မှ အင်မော်တယ်ဘုရင် တော်တော်များများတို့မှာ အားကောင်းလှသည့် လူများဖြစ်၏။ ၎င်းတို့သည် မဲမှောင်လျက် ရှိနေသည့် လောကထဲသို့ လှမ်းဝင်လိုက်ကြ၏။
သူတို့၏ အရှေ့ဘက်တွင် အမဲရောင်တောင်တန်းများသည် မားမားမတ်မတ် တည်ရှိနေပြီး အမဲရောင်မြစ်ကြီးများကလည်း စီးဆင်းနေ၏။ တကယ့်ကို ခြောက်ခြားဖွယ်ရာ အတိပင်။
ဤတည်နေရာတွင် မည်မျှ များပြားခဲ့သည့်လူများ သေဆုံးသွားခဲ့ကြောင်းကို ခန့်မှန်း့ရန် ခက်ခဲလှ၏။ သန်းထောင်နှင့်ချီသည့်လူများ သေဆုံးသွားခဲ့ခြင်းပင် ဖြစ်နိုင်လောက်၏။
“ကြည့်ရတာ အရင်တုန်းက ဒီနေရာကို လာဖူးသလိုပဲ” သတ္တမဘိုးဘေးက တီးတိုးရေရွတ်လိုက်၏။ သူသည် ဘေးတစ်ဖက်တွင် ပျံသန်းလျက် ရှိနေသည့် ဒုတိယဘိုးဘေးကို လှမ်းကာ ပြောဆိုလိုက်သည်။
အောက်တွင်ရှိနေသည့် တိုက်ခိုက်ရေး တည်နေရာကြီးကို လှမ်းကာ ကြည့်ရှုပြီးသည့်နောက် ၎င်းတို့၏ နှလုံးသားထဲတွင် ဘာမှန်းမသိသည့် ခံစားချက်များ တိုးဝင်လာခဲ့၏။ ၎င်းတို့၏ မျက်လုံးများထဲတွင် မျက်ရည်များ ရစ်သိုင်းလာ၏။ နှလုံးသားတစ်ခုလုံးကလည်း နာကျင်သလို ခံစားရ၏။ အသက်ရှူရန်ပင် ခက်ခဲလာခဲ့၏။ ဤပတ်ဝန်းကျင်ကြီး တစ်ခုလုံးသည် သူတို့အတွက် အလွန်ပင် ရင်းနှီးလှသည့် အရာ ဖြစ်သည်။ သို့ပေမဲ့ မည်မျှ ကြိုးစားကြိုးစား ဘာတစ်ခုကိုမှ မမှတ်မိချေ။
“ဘာတွေဖြစ်နေတာလဲ”
သတ္တမဘိုးဘေး၏အသံက တုန်ယင်နေခဲ့၏။ “ကျုပ်ရဲ့ မှတ်ဉာဏ် အစိတ်အပိုင်း တွေလား။”
ဤလောကကိုသာ မျက်မြင်တွေ့ရသည် မဟုတ်ပါက တစ်စုံတစ်ယောက်သည် သူ၏ စိတ်ထဲတွင် ရှိနေသည့် မှတ်ဉာဏ်များကို ပိတ်လှောင်ထားခဲ့လိမ့်မည်ဟု ယုံကြည်မိလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ယနေ့ မြင်ရသည့် မြင်ကွင်းများသည် တကယ့်ကို ရူးသွပ်သွားသလိုပင် ဖြစ်စေခဲ့သည်။
သတ္တမဘိုးဘေးကြီးသည် ရုတ်တရက် ထိုမှတ်ဉာဏ် အစိတ်အပိုင်းများကို ရှာဖွေချင်စိတ်ရှိ၏။ သို့ပေမဲ့ အနီးအနားတွင် တခြားသော အင်မော်တယ်ဘုရင်များ တိုက်ခိုက်နေသည့် အသံကို ကြားရချိန်မှာတော့ ချက်ချင်းပဲ လှုပ်ရှားမှုကို တန့်လိုက်၏။ လက်ရှိအချိန်မှာတော့ သူတို့၌ အရေးကြီးလှသည့် ရည်မှန်းချက်တစ်ခု သာ ရှိ၏။
“လောကကြီးက ထွက်ပေါ်လာခဲ့ပြီပဲ။ မနှေးနဲ့ မမြန်ဆိုသလို အမှန်တရားက ပေါ်လာမှာပဲလေ။ အနည်းဆုံး ကျုပ်တို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားပြီးတော့ နန်းဆောင်သခင်ဆီကနေ စုံစမ်းသင့်တာ စုံစမ်းလို့ ရသေးတယ်” ဒုတိယဘိုးဘေးသည် လေးလေးနက်နက်ဖြင့် ပြောဆိုလိုက်သည်။
“သူ အရာအားလုံးကို သိမယ်လို့ ကျုပ် ယုံကြည်တယ်”
အနောက်ဘက်တွင် ရှိနေသည့် လျှိုရွှမ်ချမ်သည် တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေရာမှ ရုတ်တရက်ထကာ ပြောလိုက်၏။ “ကျုပ် ခင်ဗျားတို့ကို ဖုံးကွယ် မနေတော့ပါဘူး။ ဘိုးဘေးကြီး နှစ်ယောက်တို့.. ကျုပ် ကောင်းကင် လျှို့ဝှက်နန်းဆောင်ကို တစ်စုံတစ်ယောက်ကို စေလွှတ်ခဲ့ပြီးပြီ။ မကြာခင်မှာ သတင်းရလိမ့်မယ် ထင်တယ်”
သူ့အနေနှင့် တစ်စုံတစ်ခု လွဲမှားနေသည်ကို အာရုံခံမိကတည်းက တပည့်တစ်ယောက်ကို စေလွှတ်ကာဖြင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ သွားရောက်ကာ မေးမြန်းခိုင်းခဲ့သည်။
“အရမ်းကောင်းတယ်” ဒုတိယဘိုးဘေးကြီးက ခေါင်းညိတ်လိုက်၏။
များပြားလှသည့် တိုက်ပွဲတည်နေရာများကို ရက်အတော်ကြာ ဖြတ်သန်းခဲ့ပြီးသည့်နောက်မှာတော့ လျှိုကလန်၏ အင်မော်တယ်ဘုရင်များသည် လောကကြီး၏ အလယ်ဗဟို တည်နေရာသို့ နောက်ဆုံး ရောက်ရှိ လာခဲ့သည်။
ဤနေရာသည် မြေပြင်ကျယ်ကြီးတစ်ခုဖြစ်ပြီး ဗလာဟင်းလင်းကြီး ကဲ့သို့ပင်။ သို့ပေမဲ့ မြေပြင်ကျယ်ကြီး တစ်ခုတွင် တိမ်များကိုပင် ထွင်းဖောက်လုမတတ် ဖြစ်နေသည့် တောင်ထွတ်ကြီးတစ်ခုက ထီးထီးကြီး တည်ရှိနေ၏။ ထိုအရာသည် အလွန် မြင့်မားလွန်း၏။
အလင်းထောက်တိုင်ကြီး တစ်ခု တည်ရှိနေပြီး ကြည့်ရသည်မှာ ရှေးအစီအရင်တစ်ခု တည်ရှိနေသည့် ပုံပေါ်သည်။ ထိုအထဲတွင် အလွန်ဆန်းကြယ်ပြီး မည်သူမှ နားမလည်နိုင်သည့် အရာမျိုး တည်ရှိနေသကဲ့သို့ပင်။ အောက်နားသို့ ကပ်သွားသည် ဆိုသည်နှင့် ထိုအစီအရင်ကြီးသည် သူတို့ကို ဖိအားများ ပေးအပ်နေခဲ့သည်။
“ဒါ ဘာကြီးလဲ” လျှိုချင်းကျီသည် ခေါင်းကိုမော့ကာဖြင့် ကြည့်မိနေ၏။ နတ်ဘုရားသိစိတ်များ ဖိနှိပ်ခံထားရသောကြောင့် သူသည် အင်မော်တယ်ဘုရင်တစ်ယောက်ဖြစ်သည် ဆိုလျှင်တောင်မှ ဤထောက်တိုင်ကြီး ၏ အဆုံးတစ်ဖက်သည် မည်သည့်နေရာတွင် ရှိသည်ဖြစ်ကြောင်းကို သေသေချာချာ မသိရှိချေ။ တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရှိန်အဝါမျိုးကို ထုတ်ဖော်လျက် ရှိနေပြီး အင်မော်တယ်ဘုရင် တစ်ယောက်ပင်လျှင် အသက်ရှူရန် ခက်ခဲလို့ နေ၏။
“လောကကြီးရဲ့ အလယ်ဗဟိုမှာ ကြယ်စင်စုတွေ အားလုံးက ဝိုင်းရံထားတယ်။ ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်ရဲ့ အခွင့်အရေး ဒါမှမဟုတ် အင်မော်တယ် အင်ပါယာလား” လျှိုရွှမ်ချမ်သည် တီးတိုးရေရွတ်လိုက်သည်။
လောကတစ်ခုလုံးကို ထောက်ပံ့ထားလျက်ရှိနေသည့် ဤထောက်တိုင်ကြီးသည် သန်းနှင့်ချီသည့် လူပေါင်းများစွာ တို့ကို ဖိနှိပ်ထားခဲ့၏။ အရာအားလုံးသော သူတို့သည် ထိုအရာကြီးကို လှမ်းကာ မြင်လိုက်သည်နှင့်တပြိုင်နက် အသက်ရှူ ကြပ်ရစေ၏။
“သတ္တမဘိုးဘေးကြီး.... ကွာစီအင်မော်တယ် အင်ပါယာအဆင့် လက်နက်က ဒီအပေါ်မှာ ရှိနေတာလား” လျှိုချင်းကျီသည် အသာလှည့်ကာ မေးမြန်းလိုက်သည်။
“ဟုတ်တယ်”
သတ္တမဘိုးဘေးသည် ကျောက်စိမ်းပြားကို ထုတ်ယူပြီးသည့်နောက် ပါဝင်သည့် အကြောင်းအရာ များကို ကြည့်ရှုလိုက်၏။ ပြီးနောက် ကောင်းကင်ပေါ်တွင် ရှိနေသည့် ကြယ်စင်စုများကို လှမ်းကာ ကြည့်ရှုရင်း အသာ ပြောလိုက်သည်။ “ကွာစီအင်မော်တယ် အင်ပါယာအဆင့် လက်နက်က အဲအပေါ်မှာရှိတဲ့ ကြယ်တွေထဲက တစ်ခုပေါ်မှာပဲ”
“ဒီနေရာမှာ ဘာအစီအရင်မှ မရှိဘူးလား” လျှိုချင်းကျီသည် သံသယအပြည့်နှင့် မေးခွန်းထုတ်လိုက်၏။ လောကကြီး၏ အလယ်ဗဟိုတွင် တည်ရှိနေသောကြောင့် ဤနေရာကြီးသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် တည်နေရာကြီးဖြစ်ကြောင်း အားလုံး သိရှိနားလည်နိုင်သည်။
စွမ်းအားမြင့် ကျင့်ကြံသူများသည် ဤတည်နေရာကို ထိန်းချုပ်ခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။ ဘယ်လိုမှ အထင်သေး၍ ရသည့်အရာမျိုး မဟုတ်ချေ။ ထိုစွမ်းအားမြင့် ကျင့်ကြံသူများ သေဆုံးခဲ့သည်ဆိုလျှင်တောင်မှ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အစီအရင် ကျန်ရှိနေမလား ဆိုသည်မှာ မည်သူမှ အာမ မခံနိုင်ချေ။ အမှုမဲ့ အမှတ်မဲ့ဖြင့် အထဲသို့ ဝင်သွားသည်ဆိုပါက ကျိန်းသေပေါက် အန္တရာယ်အတွင်းသို့ သက်ဆင်းသွားနိုင်၏။