အခန်း (၇၃၉)
Vol. 50 Ch. 739
နတ်ဆိုးလောက၏ အပြင်ဘက် တည်နေရာ ....။
ကျယ်ပြောသည့် တည်နေရာ ပတ်လမ်းကြောင်း တစ်ခုလုံးသည် ခြောက်ခြားဖွယ်ရာပင် တိတ်ဆိတ် ငြိမ်သက်လျက် ရှိနေ၏။ အမှောင်ထဲတွင် များပြားသည့် အင်မော်တယ်ဘုရင်များက ပုန်းအောင်းလျက် ရှိနေ၏။
မီးတောက်ဘုရင်၏ စကားလုံးကို ကြားရသည့်အချိန်မှာတော့ အားလုံးသော သူတို့၏ မျက်နှာပေါ်တွင် တွေးတွေးဆဆ အမူအရာများ ဖြစ်တည်လာခဲ့၏။ မီးတောက်ဘုရင်၏ စကားလုံးများသည် အဓိပ္ပာယ် ရှိကြောင်း သူတို့က ဝန်ခံမိ၏။ သို့ပေမဲ့ ဖြစ်နိုင်ဖွယ်ရာ တစ်ခုကို အစဆွဲထုတ်ကာဖြင့် ထိုအရာသည် ကျိန်းသေပေါက် ဖြစ်နိုင်မည်ဟု တွက်ချက်၍ မရနိုင်ချေ။
လျှိုကလန်အား လက်ရှိအခြေအနေ၌ မျက်ကန်းတောတိုး ယုံကြည်၍ မဖြစ်နိုင်ကြောင်း သူတို့ နားလည်လိုက်မိ၏။ ထို့ကြောင့် သေသေချာချာ စဉ်းစားသုံးသပ်ရပေလိမ့်မည်။ လျှိုကလန်သည် နတ်ဆိုးလောကကြီး နှင့် တိုက်ခိုက်နေသလို သရုပ်ဆောင်နေပါက မည်သို့ လုပ်မည်နည်း။
အဆုံးသတ်မှာတော့ ဘေးတစ်ဖက်မှ ကြည့်ရှုကာဖြင့် ပရိသတ်လုပ်နေသည့် လူများပင်လျှင် ခံစားသွား ရနိုင်၏။ လျှိုကလန်နှင့် ခပ်ဝေးဝေး နေထိုင်ခြင်းသည် အကောင်းမွန်ဆုံးသော မဟာဗျူဟာမြောက် အစီအစဉ်ပင် ဖြစ်လာခဲ့၏။
လျှိုချင်းယု၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ ၎င်း၏ မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်း ဆန္ဒများ သည် မဖုံးနိုင်၊ မဖိနိုင်ဆိုသလို ပေါ်ပေါက်လာခဲ့၏။ တစ်ဖက်လူ၏ ရည်ရွယ်ချက်သည် တကယ့်ကို ကြမ်းတမ်းလွန်း၏။ စကားလုံး အနည်းငယ်ဖြင့် လျှိုကလန် တစ်ခုလုံး ပျက်စီးသွားမည့် အခြေအနေမျိုးသို့ ရောက်ရှိသွားနိုင်သည်။
တခြားသော လောကများတွင်ရှိသည့် ဂိုဏ်းဂဏ အသီးသီးတို့သည် သူတို့ကို ထောက်ထား ညှာတာလိမ့်မည် မဟုတ်ချေ။ အကယ်၍ သူတို့ကို သတိအပြည့်နှင့် ဆက်ဆံလာပါက လျှိုကလန်အနေနှင့် ကြောင်တောင်တောင် အခြေအနေမျိုးသို့ ရောက်ရှိသွားနိုင်၏။ မည်သူကိုမှ ပွင့်ပွင့်လင်းလင်းနှင့် မဆက်ဆံရဲသည့် အခြေအနေမျိုးသို့ ရောက်ရှိသွားနိုင်၏။
ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေးကို ရရှိဖို့ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးလောက သို့မဟုတ် တခြားသောလောကတွင် ရှိနေသည့် ဂိုဏ်းဂဏ အသီးသီး တို့သည် လျှိုကလန်မှ လူများ ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်လာမည်ကို အငြိမ်သားထိုင်ကာ ကြည့်နေမည် မဟုတ်သောကြောင့်ပင်။
“သူပြောတာ အမှန်ပဲဆိုရင် …..”
ဖီးနစ်ဘိုးဘေး၏ မျက်လုံးများသည် စူးရှသွားခဲ့၏။ သူမ၏ အသားအရေသည် နှင်းကဲ့သို့ ဖြူလျော်လျက် ရှိနေပြီး ကြည့်ကောင်းလွန်း၏။ သူမ၏ အသံကလည်း အလွန်ပင် အေးစက်နေသည်။
“သူ့စကားကို နားယောင်မနေနဲ့ တာအိုရောင်းရင်း”
ဒုတိယဘိုးဘေးကြီးက ဝင်ရောက်ကာ ပြောဆိုလိုက်၏။ သူသည် မီးတောက်ဘုရင်ကို လှမ်းကြည့်ပြီး အငြိုးအတေး ကြီးမားစွာဖြင့် ပြောဆိုလိုက်၏။
“အတိတ်တုန်းက လျှိုကလန်က ငရဲလောကကြီးရဲ့ ကျူးကျော်မှုကို ကာကွယ်ဖို့အတွက် အင်မော်တယ်ဘုရင် ငါးယောက်ကို စတေးခဲ့ရတယ်။ အဲအထဲမှာ ကျုပ်ရဲ့ အစ်ကိုကြီးက အင်မော်တယ်သန့်စင်ခြင်းမျှော်စင်ရဲ့ အောက်မှာ ဖိနှိပ်သန့်စင်ခြင်းကို ခံခဲ့ရတယ်။ ကျုပ်တို့ လျှိုကလန်က ဘယ်လိုဖြစ်ပြီး ငရဲလောကနဲ့ ပူးပေါင်းပြီးတော့ သူတို့ကို ကူညီရမှာလဲ”
ဖီးနစ်ဘိုးဘေးသည် ထိုစကားစုကို ကြားသည့်အချိန်မှာတော့ အသာခေါင်းညိတ်လိုက်၏။ ဤအရာမှာ ငြင်းပယ်၍ မရနိုင်ချေ။ လျှိုကလန်မှ လျှိုချင်းယု ငရဲလောကကြီးသို့ ပူးပေါင်းသွားသည် ဆိုရုံနှင့် လျှိုကလန်တစ်ခုလုံး ပူးပေါင်း သွားသည်ဟု သတ်မှတ်၍ မရနိုင်ချေ။ လျှိုကလန်ဆီမှ ဒုတိယဘိုးဘေးကြီးနှင့် သတ္တမဘိုးဘေးကြီးတို့သည် တိုက်ပွဲတွင် အသက်ရှင် ကျန်ရစ်ခဲ့သူများဖြစ်၏။ ငရဲလောကနှင့် မည်သို့မှ မဟာမိတ် ဖွဲ့လိမ့်မည် မဟုတ်ချေ။ သူမသာ သူတို့နေရာတွင် ဆိုပါက ကျိန်းသေပေါက် ထိုကဲ့သို့ ပြုလုပ်မည် မဟုတ်ကြောင်းကို ဖီးနစ်ဘိုးဘေးက နားလည်မိသည်။
“အင်း... ဘဝရဲ့ အဆုံးသတ်က သေခြင်းတရား မဟုတ်ဘူး။ ငရဲလောကကြီးဆီမှာ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်ရှိတယ်။ အရာအားလုံးက ပြန်လည်မွေးဖွားနိုင်စွမ်း ရှိတယ်”
မီးတောက်ဘုရင်သည် လှောင်ပြောင်သလိုပင် ဝင်ရောက်ကာ ပြောဆိုလိုက်၏။ “ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က ဒီကိစ္စကို ကောင်းကောင်း နားလည်လိမ့်မယ်လို့ ကျုပ် ယုံကြည်မိတယ်”
သူ့အနေနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိဖူးခြင်း မရှိသော်လည်း အပြင်ဘက်မှ သတင်းအချက်အလက်များကို အသေးစိတ် သိရှိပြီးဖြစ်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ဆိုသည့် ဂုဏ်သိက္ခာသည် တကယ့်ကို ကြီးမားလွန်း၏။ ထိုသူသည် ပြိုင်စံရှား တွက်ချက်မှုမျိုးကို ပိုင်ဆိုင်ပြီး ၎င်း၏ စကားလုံး တစ်ခုချင်းစီတိုင်းသည် လောကအသီးသီးတွင် ရှိနေသည့် ကျင့်ကြံသူများ အားလုံးတို့ အလေးအနက်ထားစရာ ဖြစ်ခဲ့သည်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားရောက်လည်ပတ်ရုံနဲ့ ကျုပ်ပြောခဲ့တာ မှန်လား၊ မမှန်လား ခင်ဗျားတို့ နားလည်လိမ့်မယ်”
“မီးတောက်ဘုရင်”
ထိုအချိန်မှာတော့ အသံနက်ကြီး တစ်ခုက ပေါ်ပေါက်လာခဲ့၏။ ရှုပ်ထွေးလှသည့် မြူများ ကြားထဲတွင် စွမ်းအားမြင့် ကျင့်ကြံသူများသည် အသာလှမ်းလျှောက်ကာ ထွက်လာခဲ့ကြ၏။ တစ်ယောက်ချင်းစီ တိုင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအင်အဆင့်ကို ပိုင်ဆိုင်ပြီး အချိန်၏ မြစ်ရေစီးကြောင်းကို လှန်တက်ကာ ရောက်ရှိလာသကဲ့သို့ပင်။
၎င်းတို့၏ အနီးအနား ပတ်ဝန်းကျင် တစ်ခုလုံးတွင် လောက၏ တာအိုနိယာမများ ရစ်သိုင်းလျက် ရှိနေ၏။ အရှေ့ဆုံးတွင် ရပ်တန့်နေသည့်လူသည် ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားခဲ့သည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်၏။ ၎င်းသည် သေမျိုးလောကဆီသို့ ဆင်းသက်လာသည့် နတ်ဘုရားအင်ပါယာ တစ်ယောက် ကဲ့သို့ပင်။
၎င်းပေါ်ပေါ်လာချင်းမှာပဲ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်လှိုင်းများက ဖြစ်တည်လာခဲ့ပြီး တည်နေရာကြီး တစ်ခုလုံး လှုပ်ခါစေ၏။ မီးတောက်ဘုရင်နှင့် နှိုင်းယှဉ်၍ ရနိုင်သည့် အင်မော်တယ် ဘုရင်တစ်ယောက်၏ အစွမ်းအစမျိုး ထုတ်ဖော်ပြသနေ၏။
“စီနီယာနန်းဆောင်သခင်.. သူ့ရဲ့တွက်ချက်မှုအောက်မှာ လျှိုကလန်က လူသုံးယောက်တို့က နတ်ဆိုးလောကထဲကို ဝင်ရောက်ခဲ့လား၊ မဝင်ရောက်ခဲ့ဘူးလား ဆိုတာကို ကောင်းကောင်းသိတယ်။ ပြီးတော့ သူတို့က ဒီလို ပူးပေါင်းမှုမျိုးကို ဘယ်တော့မှ မလုပ်ဘူး”
ဆန်းကြယ်လွန်းသည့် အသံသည် တည်နေရာတစ်ခုလုံးကို လှုပ်ခါသွားခဲ့ပြီးသည့်နောက် အားလုံးသော သူတို့၏ သွေးချီများကိုပင် တုန်ခါသွားစေခဲ့၏။
လျှိုချင်းဟုန်နှင့် ဒုတိယဘိုးဘေး တို့သည် ယခုမှ ပေါ်ပေါက်လာသည့် သက်လတ်ပိုင်း လူကို ကျေးဇူးတင်သည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
၎င်း၏ စကားများသည် လျှိုကလန်နှင့် ပတ်သက်သည့် သံသယများကို ရှင်းလင်းသွားးစေ၏။ အဘယ်ကြောင့်ဆိုသော် ဤလူသည် အားလုံးသောသူတို့၏ အထက်တွင် ရှိကြောင်း သံသယရှိစရာ မလိုပေ။ နတ်ဘုရားလောကကြီးထဲတွင် လွင့်မျောမြို့၏ ယခင်အရှင်မှလွဲလျှင် အင်မော်တယ်ဘုရင်အဆင့်၌ အားအကောင်းဆုံး ပိုင်ယုပင် ဖြစ်၏။
အင်မော်တယ်ဘုရင်အဆင့်စာရင်း၏ နှစ်ဆယ့်ခြောက်ယောက်မြောက် နေရာတွင် တည်ရှိပြီး ၎င်းသည် ငရဲလောကကြီး၏ တိုက်ပွဲထဲတွင် တက်တက်ကြွကြွဖြင့် ဝင်ရောက်ကာ တိုက်ခိုက်ခဲ့သည့် လူတစ်ယောက်လည်း ဖြစ်၏။ တိုက်ပွဲအတွင်း၌ တကယ့်ကို ကောင်းမွန်လွန်းသည့် အစွမ်းအစကို ထုတ်ဖော်ပြသပြီး နတ်ဘုရား အင်ပါယာပိုင်ယု ဟူသည့် အမည်ကို လောကအသီးသီးဆီသို့ ပျံ့နှံ့သွားခဲ့၏။ ၎င်း၏ ဂုဏ်သိက္ခာသည် လွင့်မျောမြို့၏ ယခင်အရှင်ထက်ပင် ဂုဏ်သိက္ခာ သာလွန်လျက်ရှိသည်။
လွင့်မျောမြို့၏ အရှင်ဟောင်းသည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီး ငရဲလောက၏ တိုက်ပွဲထဲ ဝင်ရောက်ကာ အင်မော်တယ်ဘုရင် ငါးယောက်တို့ကို သတ်ဖြတ်ခဲ့၏။ ဤအကြောင်းအရာသည် တလောကလုံးတွင် ရှိနေသည့် လူပေါင်းများစွာတို့ကို တုန်လှုပ်သွားစေခဲ့၏။
သို့ပေမဲ့ အချိန်၏ မြစ်ရေစီးကြောင်း အရဆိုလျှင် အင်ပါယာပိုင်ယုသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် ကျင့်ကြံသူအဖြစ်တော့ တည်ရှိသေး၏။ ၎င်း၏ ဂုဏ်သိက္ခာသည် လွင့်မျောမြို့၏ အရှင်အိုကြီးထက်ပင် ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်းသည်။
စကားလုံး တစ်ခုကို ထုတ်ဖော်ပြောဆိုလိုက်သည်နှင့် နတ်ဘုရားလောကကြီး၏ တစ်ဝက်လောက်သည် သူ၏ စကားအတိုင်း လိုက်နာကြ၏။ နတ်ဘုရားလောက တစ်ခုလုံးတွင် လျှိုကလန်ကဲ့သို့သော အင်အားစု အနည်းငယ် လောက်ကသာလျှင် ၎င်းနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းရှိ၏။
လက်ရှိအခြေအနေတွင်တော့ နတ်ဘုရားအင်ပါယာ ပိုင်ယု၏ အမိန့်ပေးမှုအောက်တွင် အင်မော်တယ် ဘုရင်ပေါင်းများစွာ ရပ်တန့်လျက် ရှိ၏။ ၎င်းသည် ကြီးမားလှသည့် နောက်ခံကို ပိုင်ဆိုင်ကြောင်း သက်သေပြ နေခြင်းပင်။
“အင်း.. ခင်ဗျား ဒီနေရာကို ရောက်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး” မီးတောက်ဘုရင်က မှတ်ချက်ပြုလိုက်၏။ သူသည် နတ်ဘုရားအင်ပါယာပိုင်ယုကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏ မျက်လုံးထဲတွင် တည်ကြည်လေးနက်မှုများ ပေါ်ပေါက်လာခဲ့သည်။
တစ်ယောက်ချင်းစီ၏ အားအင်အဆင့်သည် သူနှင့် နှိုင်းယှဉ်၍ မရသော်လည်း အင်မော်တယ်ဘုရင်အဆင့်ကို သုံးသပ်ရမည်ဆိုလျှင် နတ်ဘုရားပိုင်ယုသည် ပိုမိုကာ အဆင့်မြင့်မားသည့် အခြေအနေဆီသို့ ရောက်ရှိလာခဲ့၏။ ထို့ကြောင့် တစ်ဖက်လူ၌ ဘာမှန်းမသိသည့် ဝှက်ဖဲများ ပိုင်ဆိုင်နေခြင်းလည်း ဖြစ်နိုင်၏။
လက်ရှိအခြေအနေမှာတော့ မီးတောက်ဘုရင်သည် သတိအပြည့်နှင့် ဖြစ်လို့နေ၏။ သူ၏ တွက်ချက်မှု အရ နတ်ဘုရားအင်ပါယာပိုင်ယုသာ ပေါ်ပေါက်မလာပါက လျှိုချင်းဟုန်နှင့် ဖီးနစ်ဘိုးဘေးတို့ကို သူ အနိုင်ယူကောင်း အနိုင်ယူနိုင်ပေလိမ့်မည်။ သို့ပေမဲ့ နတ်ဘုရားအင်ပါယာပိုင်ယု ပေါ်ပေါက်လာသည့် အချိန်မှာတော့ အလုံးစုံ ခြားနားသွားခဲ့၏။ နတ်ဘုရားအင်ပါယာပိုင်ယုသည် ကျိန်းသေပေါက် သူ့ထက် သာလွန်သည့် အလားအလာကို ပိုင်ဆိုင်သည်။
“ဘာလို့ ဒီအင်ပါယာက မလာရမှာလဲ”
နတ်ဘုရားအင်ပါယာပိုင်ယုသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ပြောဆိုလိုက်၏။ လေဟာနယ်ထဲတွင် ရွှေရောင်လှံကြီးတစ်ခု ပေါ်ပေါက်လာပြီး ထိုလှံကြီးသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရှိန်အဝါမျိုးကို ထုတ်ဖော်ပြသနေ၏။
“အတိတ်တုန်းက တိုက်ပွဲက ရှင်းလင်းတဲ့ အနိုင်ရရှိသူဆိုပြီး မပေါ်သေးဘူးလေ။ ဒီကိစ္စကို ဒီနေ့အဆုံးသတ် လိုက်ကြရင်ကော ....”
“ဟမ်” မီးတောက်ဘုရင်သည် မျက်မှောင် ကုတ်သွားခဲ့၏။ အင်မော်တယ်ဘုရင်အဆင့် စာရင်း ပေါ်ပေါက်မလာပါက သူသည် ကျိန်းသေပေါက် တိုက်ခိုက်မှာဖြစ်၏။ သို့ပေမဲ့ ထိုစာရင်း ပေါ်ပေါက်လာခြင်းသည် သူ့ကို တွန့်ဆုတ်စေခဲ့၏။ သူ၏ အဆင့်သည် နိမ့်ကျကြောင်း သိရှိထားသောကြောင့် တိုက်ခိုက်မည်ဆိုပါက အသာစီးမှ ရရှိလိမ့်မည် မဟုတ်ချေ။ ရူးကြောင်ကြောင်လူမျိုးမှသာလျှင် ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်မှာဖြစ်၏။
ပြောရမည်ဆိုလျှင် လက်ရှိအခြေအနေမှာတော့ မီးတောက်ဘုရင်သည် တိုက်ခိုက်ရန် တွန့်ဆုတ်လျက် ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အဆင့်နှင့် ကိုယ်ပိုင်အားအင်ကို ကောင်းကောင်း သိရှိ၏။ မသေချာသည့် အကြောင်းအရာတစ်ခုကို ဝင်ရောက်တိုက်ခိုက်နိုင်ခြင်းအားဖြင့် ဆုံးရှုံးနိုင်သည့် အခြေအနေ ဆီသို့ ရောက်ရှိသွားနိုင်သည်။
ထို့အပြင် ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေးကလည်း ပေါ်ပေါက်မလာသေးချေ။ ထို့ကြောင့် ဝင်ရောက် တိုက်ခိုက်ခြင်းဆိုသည်မှာ ကောင်းမွန်သည့်အရာ မဟုတ်ကြောင်း သူ နားလည်၏။ ထို့ကြောင့် နောက်သို့ တစ်လှမ်းဆုတ်လိုက်၏။
“ဘာဖြစ်လို့လဲ။ ကြောက်နေတာလား”
မီးတောက်ဘုရင်၏ တွန့်ဆုတ်နေမှုကို မြင်ရသည့်အချိန်မှာတော့ နတ်ဘုရားအင်ပါယာပိုင်ယုသည် လှံကြီးကိုကိုင်ကာ ရပ်နေရင်းမှ နှာခေါင်းရှုံ့ကာ ပြောဆိုလိုက်သည်။
“အလျင်မလိုနဲ့အုံး။ ကျုပ်တို့ကြားမှာရှိတဲ့ တိုက်ပွဲက မနှေးနဲ့မမြန် ဆိုသလို ဖြစ်လာလိမ့်မယ်။ အင်မော်တယ်ဘုရင် အဆင့်စာရင်းဆိုတာ ရည်ညွှန်းပြသရုံ သက်သက်ပဲလေ။ တကယ်တမ်း တိုက်ခိုက်တဲ့ အချိန်မှာ ပြောင်းလဲမှုတွေ ဖြစ်လာလိမ့်မယ်” မီးတောက်ဘုရင်က လေးလေးနက်နက် ပြောဆိုလိုက်၏။
“ဟမ့်” နတ်ဘုရားအင်ပါယာပိုင်ယုက အေးစက်စက်နှင့် ရယ်မောလိုက်၏။ အင်မော်တယ်ဘုရင် အဆင့်စာရင်းကို သူ့ထက်ပိုမို၍ နားလည်သူဟူ၍ မရှိချေ။ သူသည် စီနီယာနန်းဆောင်သခင်နှင့် ကောင်းကောင်းမွန်မွန် တွေ့ဆုံခဲ့ဖူးသူ တစ်ယောက်လည်း ဖြစ်၏။ ထို့ကြောင့် နန်းဆောင်သခင်၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို ကောင်းကောင်း နားလည်သည်။
တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ကို အတွေးတစ်ချက်နှင့်ပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည့်အရာ ဆိုသည်မှာ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်ပင်လျှင် ပြုလုပ်နိုင်မည့်အရာမျိုး မဟုတ်ချေ။ ကွာစီ အင်မော်တယ် အင်ပါယာတစ်ယောက်သည် အတွေးတစ်ချက်နှင့်ပင် အင်မော်တယ်ဘုရင်တစ်ယောက်ကို ဖိနှိပ်နိုင်စွမ်းရှိ၏။ သို့ပေမဲ့ ကျင့်ကြံခြင်းအဆင့်များကိုတော့ ခဏအတွင်း ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ချေ။
ထိုအရာသည် ကျိန်းသေပေါက် သာလွန်လျက် ရှိနေသည့် အရည်အချင်းပင် ဖြစ်၏။ ပုံမှန် မဟုတ်သည့် နတ်ဘုရား နည်းစနစ်များကို တက်ကျွမ်းထားသည်လည်း ဖြစ်နိုင်၏။ ကောင်းကင်၏ အရှင်တစ်ပါးကဲ့သို့ပင် အတွေး တစ်ချက်နှင့် အရာအားလုံးကို အုပ်စိုးနိုင်စွမ်း ရှိသည့်လူသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ပင်ဖြစ်၏။ ထိုကဲ့သို့သော အရာမျိုးသည် အင်မော်တယ် အင်ပါယာ တစ်ယောက်သာလျှင် ပြုလုပ်နိုင်သည့် အရာမျိုးပင်။ ဟုတ်ပေ၏။ ဤအရာသည် နတ်ဘုရားအင်ပါယာပိုင်ယု၏ တွက်ချက်မှု တစ်ခုသာလျှင်ဖြစ်၏။