← Chapters

သေဆုံးခြင်း

Vol. 3 Ch. 160-B

သေဆုံးခြင်း

Vol. 3 Ch. 160-B

ရေသရဲနဲ့ပုဆိန်သရဲတို့က သီရာကိုချုပ်နှောင်ထားတဲ့အချိန်မှာ အကမယ်နဲ့လျှာသရဲတို့က သီရာနဲပိုပြီး နီးကပ်တဲ့နေရာကို ရောက်လာကြတယ်။ ကြည့်နေတဲ့ သူတွေအတွက်တော့ မလွတ်မြောက်နိုင်တော့တဲ့ အခြေအနေတစ်ရပ်လို့တောင် ထင်ချင်စရာပါ။

“မဖြစ်သေးဘူး...” သွေးစွန်းဘုန်းတော်ကြီးက ဝင်ပါဖို့အတွက် အသင့်ပြင်လိုက်တယ်။ ​ဘုရားကျောင်း တပ်မှူးတစ်ယောက်အနေနဲ့ သူတော်စင်တစ်​ယောက်ကို သူ့ရှေ့မှာသေခွင့်မပေးနိုင်ပါဘူး။ ဒါပေမဲ့ သူဝင်ပါမယ့်အချိန်မှာပဲ ရဟန်းမင်းကြီးပီးယပ်က သူ့ကို လက်ကာပြလိုက်ပြီး

“ငြိမ်ငြိမ်ကြည့်စမ်းပါ၊ ခင်ဗျားဝင်ပါစရာမလိုသေးဘူး။”

“....” ပီးယပ်ရဲ့အပြုအမှုက သွေးစွန်းဘုန်းတော်ကြီးကို လုံးဝအငိုက်မိသွားစေတယ်။ ဒါပေမဲ့သိပ်မကြာခင်မှာပဲ ပြောင်းလဲမှုတစ်ခုက စတင်ဖြစ်ပေါ်လာခဲ့ပါပြီ။

ဘုန်း...

တိုက်ပွဲကွင်းအလယ်ကနေ ဧရာမအလင်းတိုင်ကြီးတစ်ခု မြင့်တက်လာခဲ့တယ်။ သွေးစွန်းဘုန်းတော်ကြီးကြည့်လိုက်တော့ သီရာရဲ့ခန္ဓာကိုယ်ကိုအလင်း စွမ်းအင်များစွာက ဝန်းရံနေခဲ့ပြီး သီရာရဲ့ခန္ဓာကိုယ် အရေပြားတွေက ထွင်းဖောက်မြင်နိုင်လုနီးပါးအထိ ကြည်လင်လာခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်ကနေပြီး အလင်းမှုန်တွေက အရပ်မျက်နှာတိုင်းကိုဖြာထွက် နေခဲ့ပြီးတော့ သူ့ကိုချုပ်နှောင်ထားတဲ့ ရေသရဲက စူးစူးဝါးဝါး အော်ဟစ်လိုက်တယ်။

“အား...” နောက်တော့ အော်သံက တိခနဲပြတ်တောက်သွားခဲ့ပြီး မည်းညစ်ညစ်အမှုန်တွေအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားပါတော့တယ်။ သီရာက နွံတွေထဲကနေ လွတ်မြောက်လာပြီး လေပေါ် ဘောလောမျောနေတယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက နေတစ်စင်းလိုတောက်ပနေပြီး လေးကိုမြှောက်ကာ ပုဆိန်သရဲကိုချိန်လိုက်တယ်။ ပုဆိန်သရဲကတုန့်ပြန်ဖို့ ကြိုးစားလိုက်ပေမဲ့ လေးကြိုးကို သီရာလွှတ်ပေးတာနဲ့ ဘာမှတောင်မလုပ်လိုက်နိုင်ဘဲ ရေသဲလိုပဲ ပြာကျသွားခဲ့ပါပြီ။

“ဝူး....” အကမယ်သရဲနဲ့လျှာသရဲက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး နောက်ကိုလှည့်ပြေးတယ်။ ဒါပေမဲ့ သီရာရဲ့တိုက်ကွက်တွေကနေ လွတ်မြောက်နိုင်တဲ့သူဆိုတာ မရှိ​တော့ပါဘူး။ သီရာက လေးညို့ကို နောက်တစ်ခါဆွဲလိုက်တာနဲ့ သူ့နောက်မှာအလင်းမြား ဒါဇင်ပေါင်းများစွာပေါ်ထွက်လာတယ်။ နောက်တော့ ထွက်ပြေးနေတဲ့ တစ္ဆေဘုရင်နှစ်ကောင်ဟာ မြားမိုးတွေအောက်မှာ ပျောက်ကွယ်သွားပါတော့တယ်။

....

ပီးယပ်က တိုက်ပွဲရလဒ်ကို တည်ငြိမ်စွာနဲ့ကြည့်နေခဲ့တယ်။ သူဟာ အစကနေအဆုံးအထိ တိုက်ပွဲရလဒ်ကို ကြိုသိနေသူတစ်ယောက်လိုမျိုး ပြုမူနေခဲ့တာပါ။ ဒီနေရာမှာ တကယ်အံ့အားသင့်နေခဲ့တဲ့သူဆိုလို့ တစ်ယောက်သာရှိပါတယ်။ သွေးစွန်းဘုန်းတော်ကြီးပါ။

“အဖိုးကြီး၊ တစ္ဆေဘုရင်တွေမပြောနဲ့။ ခင်ဗျားတောင်မှ သူနဲ့တိုက်မယ်ဆိုရင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်မယ်လို့ ပြောရဲလား။”

ပီးယပ်က မေးလိုက်တော့ သွေးစွန်းဘုန်းတော်ကြီးက ဖြည်းညှင်းစွာခေါင်းခါပြလိုက်တယ်။ “ဒီကလေးမကို မင်းကစွမ်းအားသစ်တွေ ပေးခဲ့ရုံတင်မဟုတ်ဘူး။ သူ့နတ်ဘုရားခန္ဓာကိုယ်ကိုပါ နိုးထလာအောင် လုပ်ခဲ့တာပဲ။ သူ့လက်ထဲက အထွတ်အမြတ်လေးက သူ့ရဲ့အကြီးဆုံးလက်နက်မဟုတ်တော့ဘူး။ သူကိုယ်တိုင်က ဘုရားကျောင်းရဲ့အစွမ်းအထက်ဆုံး လက်နက်ပဲ။”

နောက်တော့ သူတို့နှစ်​ယောက်လုံး တိတ်ဆိတ်သွားပါတော့တယ်။

....

ကျယ်ပြန့်လှတဲ့ မြက်ခင်းပြင်တစ်နေရာ။ ကောင်းကင်မှာ ဝန်းစက်လုနီးပါးပြည့်နေတဲ့ လကြီးရှိနေပြီး ကြယ်တာရာတွေကလည်း တောက်ပလို့နေတယ်။ လေပြေနဲ့အတူ မြက်ခင်းပြင်တွေက ယိမ်းယိုင်နေခဲ့ပြီး အလွန်ကိုရင်သပ်ရှုမောစရာ ကောင်းတဲ့မြင်ကွင်းလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဒီမြင်ကွင်းကို ဖျက်ဆီးနေတဲ့ အကျဥ်းတန်ဖြစ်ရပ်တစ်ခုကတော့ ဖြစ်ပျက်လို့နေပါတယ်။

“အရှင်နဲ့အရှင်မက မင်းကို ဒီကိစ္စနဲ့ပတ်သက်ပြီး ခွင့်လွှတ်မှာမဟုတ်ဘူး။”

အဖြူရောင်ဝတ်ရုံဝတ် လူငယ်လေးတစ်ယောက်က အနက်ရောင်ဝတ်ရုံဝတ်ထားတဲ့ လူမမာလိုမျိုး အသားအရောင်ဖြူဖျော့နေတဲ့ ထိပ်ပြောင်လူကြီးတစ်ယောက်ကို လည်ပင်းညှစ်ထားပါတယ်။ လူကြီးရဲ့ခြေထောက်က မြေပြင်နဲ့လွတ်နေပြီး ယက်ကန်ယက်ကန်နဲ့ အသက်ရှုရဖို့အတွက် ရုန်းကန်နေရပါတယ်။

“ပူးတွဲပဒေသရာဇ်ရဲ့ပြည့်ရှင်နှစ်ပါးကိုပြောတာလား။ စိတ်မကောင်းစရာက သူတို့ကိုယ်တိုင်လာမယ်ဆိုရင်တောင် သူတို့က ငါ့ကိုတားနိုင်မှာမဟုတ်တာပဲ။”

ဆားဗီးရပ်က သူ့ခါးကဓားကို အားနေတဲ့လက်တစ်ဖက်နဲ့ ဆွဲထုတ်လိုက်ပြီးတော့ အဲဒီလူရဲ့နှလုံး နေရာတည့်တည့်ကို ထိုးချလိုက်တယ်။ အဲဒီလူက အစွယ်တွေနဲ့ပါးစပ်ကိုဟပြီး အော်ဟစ်လိုက်ပေမဲ့ အော်သံထွက်မလာခင်မှာပဲ တစ်ကိုယ်လုံးအမှုန်အဖြစ် ပြောင်းလဲသွားလေရဲ့။

ဖြတ်ဖြတ်ဖြတ်....

ရုတ်တရက် မျက်လုံးထောင့်ကနေ အရိပ်တချို့ လှုပ်ရှားသွားတာကို မြင်လိုက်ရတဲ့အတွက်ကြောင့် ဆားဗီးရပ်က ဓားကိုပြန်သိမ်းရမယ့်အစား သူ့ခန္ဓာကိုယ်ဘေးမှာ နိမ့်နိမ့်ပြန်ချထားလိုက်တယ်။ နောက်တော့ ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်လိုက်ပါတယ်။ အနက်ရောင်ဝတ်ရုံဝတ်ထားတဲ့ လူမမာရုပ်နဲ့လူတွေအများကြီးက သူ့ကိုဝိုင်းထားပြီး သူတို့တွေရဲ့လက်ထဲမှာတော့ ပြောင်လတ်နေတဲ့ သတ္တုဓားမြှောင်တွေကို ကိုင်ထားကြတယ်။ သူတို့ကို ဦးဆောင်လာသူက ရွှေရောင်ဆံပင်တွေရှိပြီး အနက်ရောင်လိုလီတာဝတ်စုံဝတ်ထားတဲ့ မိန်းမငယ်လေး၊ ဒါမှမဟုတ် မိန်းမငယ်လေးလို့ထင်ရတဲ့သူတစ်ယောက်ပါ။

“ရှင်ကျွန်မပိုင်နက်မှာ လုပ်နေတဲ့အရာတွေကို ရပ်သင့်ပြီလို့ မထင်ဘူးလား။” အဲဒီမိန်းမငယ်လေးက ဆားဗီးရပ်ရဲ့မျက်လုံးတွေထဲကို သေချာကြည့်လိုက်ပြီး ပြောလိုက်တယ်။ သူ့လေသံက မိန်းကလေးလေသံနဲ့ တူတယ်ဆိုပေမဲ့ သိပ်တော့သဘာဝမကျပါဘူး။ တမင်တကာအသံဖျက်ပြောသူတစ်ယောက်လို ခံစားနေရတယ်။

“မင်းတစ်ယောက်တည်းလား..မင်းသားလေး... “ ဆား​ဗီးရပ်က အထင်သေးတဲ့လေသံနဲ့ပြောလိုက်တယ်။ နောက်တော့ သူ့ခန္ဓာကိုယ်က နေရာကနေပျောက်သွားပြီး သွေးစုပ်ဖုတ်ကောင်မင်းသမီးရဲ့ရှေ့မှာ ချက်ချင်းပေါ်လာတယ်။ ဓားကတော့ မိန်းမငယ်လေးရဲ့နှလုံးသားနေရာကို ချိန်ထားရစ်ပြီးသား။

ဘုန်း....

ဆားဗီးရပ်ရဲ့ဓားချက်က မြက်ခင်းပြင်မှာမီတာနှစ်ရာကျော် အချင်းရှိတဲ့ပြတ်ရှရာကြီးတစ်ခုကို ဖြစ်ပေါ်လာစေခဲ့တယ်။ ဒါပေမဲ့ သွေးစုပ်ဖုတ်ကောင် မင်းသမီးကတော့ လုံလုံခြုံခြုံရှိနေဆဲပါ။ လက်တစ်ဖက်က ဆားဗီးရပ်ရဲ့လက်ကို ဖမ်းကိုင်ထားပြီး ဓားချက်ကိုလမ်းကြောင်း လွှဲပစ်လိုက်တာပါ။

“လူတစ်ယောက်ကို မြင်မြင်ချင်း တိုက်ခိုက်တာ ရိုင်းရာကျတယ်လို့ မထင်ဘူးလား။”

အဲဒီလက်ရဲ့ပိုင်ရှင်က ငွေရောင်ဆံပင်တွေရဲ့ပိုင်ရှင်၊ မျက်ဆန်တွေဒေါင်လိုက်ဖြစ်နေတဲ့ သမန်းဝံပုလွေ ဘုရင်လက်ချက်ပါပဲ။ ဆားဗီးရပ်က ဒီမြင်ကွင်းကိုမြင်တော့ ခပ်ဟဟပဲ ရယ်မောလိုက်ပါတယ်။

“သတိမေ့တတ်လွန်းတဲ့ငါ၊ ပူးတွဲပဒေသရာဇ်နှစ်ပါးက ဘယ်တုန်းက တစ်ယောက်တည်းခရီးသွားဖူးလို့လဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ မင်းတို့နှစ်ယောက်လုံးက သာမန်ဘုရင်အဆင့် မကောင်းဆိုးဝါးတွေပဲဥစ္စာ။”

“မင်း....” သမန်းဝံပုလွေဘုရင်က ဒီစကားကြောင့် ဒေါသထွက်သွားတယ်။ သူက ဘယ်ဘက်လက်ကို ဆုပ်လိုက်ပြီး ခန္ဓာကိုယ်က ရှစ်ပေလောက်မြင့်တဲ့ ငွေဖြူရောင်သမန်းဝံပုလွေကြီးအဖြစ်ပြောင်းသွားတယ်။ နောက်တော့ ဆားဗီးရပ်ရဲ့ဝမ်းဗိုက်ကို လက်သီးနဲ့ထိုးချတယ်။ ဆားဗီးရပ်ရဲ့ခန္ဓာကိုယ်က ကွေးညွှတ်သွားခဲ့ပေမဲ့ နှုတ်ခမ်းထောင့်ကနေ သွေးကျလာတာမျိုးမရှိပါဘူး။ သူက လာစတုန်းကလိုပဲ ပြုံးမြဲပြုံးနေဆဲ။

“အားနည်းလိုက်တာ....” ဆားဗီးရပ်က သမန်းဝံပုလွေဘုရင်ကို ပျက်ရယ်ပြုလိုက်ပြီးတဲ့နောက် သူ့ဓားကိုဝေ့ယမ်းလိုက်တယ်။ တစ်ပြိုင်နက်တည်းဆိုသလိုပဲ ​ပတ်ဝန်းကျင်တစ်ခုလုံးက ဓားမျက်နှာပြင်မှာ ထင်ဟပ်နေတဲ့ လအလင်းရောင်တွေရဲ့ဖုံးလွှမ်းခြင်းကို ခံလိုက်ရတယ်။

သမန်းဝံပုလွေဘုရင်နဲ့သွေးစုပ်ဖုတ်ကောင်မင်းသားက ဆားဗီးရပ်ကိုတတ်နိုင်သမျှ တန်ပြန်တိုက်ခိုက်ပါရဲ့။ သူတို့မှာ လူအရေအတွက်လည်းပိုများတယ်။ ဒီနေရာက သူတို့နယ်မြေလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဆားဗီးရပ်က ပိုအစွမ်းထက်ပါတယ်။ စွမ်းအား ကွာခြားမှုက နည်းနည်းလေးမဟုတ်ဘဲ ဆင်နဲ့ဆိတ်လိုကို ကွာခြားနေခဲ့တာပါ။

“ဟမ်.... ဒီလောက်ပဲလား....” ဆားဗီးရပ်က အတက်အကျမရှိတဲ့လေသံနဲ့ ပြောလိုက်တယ်။ သူ့ရှေ့မှာတော့ သမန်းဝံပုလွေဘုရင်က ဒူးထောက်ကျနေတယ်။ သူ့လက်နှစ်ဖက်လုံး ပခုံးနဲ့တွဲလျက် မရှိတော့ဘဲ မြေပြင်မှာပြုတ်ကျနေကာ တဆတ်ဆတ် ခုန်နေပါတယ်။ ဆားဗီးရပ်ရဲ့ဓားကတော့ သမန်းဝံပုလွေဘုရင်ရဲ့နှလုံးသားကို ထိုးဖောက်ဖို့အတွက် အသင့်ဖြစ်နေပြီးပါပြီ။ ပါလာသမျှလူတွေအားလုံးလည်း သေကုန်ပြီဖြစ်ပြီး ကူရာမဲ့အခြေအနေပါ။

ဒါပေမဲ့ သွေးစုပ်ဖုတ်ကောင်မင်းသမီးက သူတို့နှစ်ယောက်ကြားမှာဝင်ရပ်နေပြီး ဆားဗီးရပ် သူ့ကိုမသတ်ရလေအောင် တားဆီးနေပါတယ်။

“ဪ.... မင်းက မင်းချစ်ရတဲ့သူကို ကယ်တင်ချင်နေတာလား။ ဒါပေမဲ့ အလကားပဲ။ မင်းဘယ်လိုပဲ ပေးဆပ်ပေးဆပ်။ ငါ့အတွက်တော့ မင်းကိုအရင်သတ်ရမှာနဲ့ သူ့ကိုအရင်သတ်ရမှာပဲ ကွာခြားသွားမှာ။ အစီအစဥ်လေးတစ်ခုပါပဲ။ ကြီးစဥ်ငယ်လိုက်လား... ငယ်စဥ်ကြီးလိုက်လား... ဆိုသလိုပေါ့။”

သွေးစုပ်ဖုတ်ကောင်မင်းသမီးက မျက်လုံးကို မှေးလိုက်တယ်။ နောက်တော့ ဆားဗီးရပ်ကိုပြောလိုက်ပါပြီ။

“သူ့ကို အသက်ရှင်ခွင့်ပေးလိုက်ပါ။ နင်လိုချင်တာအားလုံး ငါပေးနိုင်တယ်။”

“မလုပ်နဲ့....” သမန်းဝံပုလွေဘုရင်က လှမ်းအော်တယ်။ ဒါပေမဲ့ သူလုပ်နိုင်တာ ဘာမှမရှိပါဘူး။ ဆားဗီးရပ်က ခြောက်ကပ်ကပ်ရယ်မောလိုက်တယ်။

“ပြောကြည့်လေ.... မင်းက ဘာတွေများပေးနိုင်လို့လဲ။ မင်းသမီးမဟုတ်တဲ့ မင်းသမီးလေး။”

သွေးစုပ်ဖုတ်ကောင်မင်းသမီးက နှုတ်ခမ်းကို ဖိကိုက်လိုက်တယ်။ နောက်တော့ သူ့လည်ပင်းမှာ တပ်ထားတဲ့ ဇာလည်ပတ်ကိုထိလိုက်ပါတယ်။ ပြီးတဲ့နောက်

“ငါတို့သွေးစုပ်ဖုတ်ကောင်တွေ စုဆောင်းထားသမျှ ချမ်းသာမှုတွေအကုန်ပေးမယ်။ ဒရယ်ကူလာရဲတိုက်ကို လိုချင်တယ်ဆိုရင်လည်းရတယ်။ နင့်ရဲ့ သူတော်စင်တိုက်ပွဲအတွက် မဟာမိတ်တွေလိုတယ်မဟုတ်လား။  ငါ့ရဲ့မျိုးနွယ်တွေ နင့်အတွက်ခစားပေးရမယ်ဆိုရင်လည်းရတယ်။ ကျေးဇူးပြုပြီး သူ့ကိုမသတ်ဘဲ ထားပေးရင်ရပြီ။”

ဆားဗီးရပ်ရဲ့အကြည့်တွေက လေးနက်သွားတယ်။ နောက်တော့ပျက်ရယ်ပြုလိုတဲ့ အပြုံးတစ်ခုက သူ့မျက်နှာပေါ်ရောက်လာတယ်။ ဒီရွံစရာကောင်းတဲ့ အပြုအမှုက သွေးစုပ်ဖုတ်ကောင်မင်းသမီးရဲ့နှလုံးသား ရေအေးအေးထဲအနစ်ခံလိုက်ရသလိုမျိုး ခံစားရစေတယ်။

“မာန်မာနကြီးမားပါတယ်ဆိုတဲ့ သွေးစုပ်ဖုတ်ကောင်တွေရဲ့ဦးသျှောင်မင်းသားက တခြားမျိုးနွယ်စုက ဘုရင်တစ်ပါးအတွက် မျိုးနွယ်ကိုထိုးအပ်နေပါလား။ မင်းရဲ့ဘိုးဘေးဘလက် ဒရယ်ကူလာသာ ကြားမယ်ဆိုရင် သူဘယ်လိုထင်မယ်ထင်သလဲ။”

ဆားဗီးရပ်က ဓားကိုပြန်သိမ်းလိုက်တယ်။ သွေးစုပ်ဖုတ်ကောင်မင်းသမီးက စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်ချိန်မှာပဲ ဆားဗီးရပ်ကသူ့ရဲ့ဆံပင်တွေကို ဆောင့်ဆွဲလိုက်တယ်။

“မင်းသိလား... မင်းသမီး... ငါက မင်းနာမည်ကို ကြားရရုံနဲ့တင် ရွံနေတာ... မင်းပုံစံက ဦးသျှောင်တစ်ပါးဆိုတာထက် ဒီအမွှေးထူထူနဲ့ကောင်ရဲ့ ကျေးကျွန်လိုပဲ။ မင်းက ယောက်ျားတစ်ယောက်ဖြစ်နေပြီး တခြားတစ်ယောက်အတွက် အသက်ရှင်သန်နေသလိုမျိုး ပြုမူနေတာက ကျုပ်ကိုရွံရှာစေတယ်။”

ဘုန်း....

ဆားဗီးရပ်က သွေးစုပ်ဖုတ်ကောင်မင်းသမီးကို ခေါင်းကနေကိုင်ပြီး မြေပြင်နဲ့ဆောင့်ချလိုက်တယ်။ မြေပြင်ကကျောက်ခဲတစ်ခဲကြောင့် သွေးစုပ်ဖုတ်ကောင်မင်းသမီးရဲ့နှာခေါင်းကျိုးသွားပြီး သွေးတွေစိမ့်ကျလာတယ်။ သမန်းဝံပုလွေကဒေါသတကြီးနဲ့ ရှေ့တက်လာပြီး ဆားဗီးရပ်ရဲ့လည်ပင်းကို ကိုက်ခဲဖို့လုပ်တယ်။ ဒါပေမဲ့ဆားဗီးရပ်က သူ့ခြေတွေကိုပါဖြတ်ပစ်လိုက်ပြီး မြေပြင်မှာသစ်တုံးကြီးလိုမျိုး လဲကျနေအောင်လုပ်လိုက်ပါတယ်။

“ခင်ဗျားငြိမ်ငြိမ်နေတာကောင်းမယ်....”

နောက်တော့ ဆားဗီးရပ်က မြေပြင်ကနေကုန်းရုန်း ပြန်ထနေတဲ့ သွေးစုပ်ဖုတ်ကောင်မင်းသမီးဆီကို ထပ်မံအာရုံစိုက်လိုက်တယ်။ သူ့မျက်လုံးတွေကတော့ လရောင်အောက်မှာ ရွံမုန်းစရာကောင်းလောက်အောင် တောက်ပလို့။

“ဟေး... တန်ဖိုးမရှိတဲ့ကောင်... မင်းငါ့ခြေထောက်ကိုနမ်းပြီး ငါ့ကို သခင်ကြီးဆားဗီးရပ်လို့ခေါ်ရင် ဒီကောင့်ကိုရောမင်းကိုပါ အသက်ရှင်လျက်ထားပေးမယ်။”

သွေးစုပ်ဖုတ်ကောင်မင်းသမီးက ဆန့်ကျင်စကား မပြောပါဘူး။ အဲဒီအစား ဆားဗီးရပ်ရှေ့ကိုတွားသွားပြီး ရောက်လာတယ်။ ဆားဗီးရပ်က ခြေထောက်ကို မြှောက်ပေးတော့ အဲဒီခြေထောက်ကိုလက်နဲ့ကိုင်ပြီး မရွံမရှာနမ်းဖို့လုပ်တယ်။ တစ်ဖက်မှာကြည့်နေတဲ့ သမန်းဝံပုလွေဘုရင်ကတော့ တတ်နိုင်သမျှ အသံကျယ်ကျယ်နဲ့အော်ဟစ်နေတယ်။

“မလုပ်နဲ့... မင်းက ပူးတွဲပဒေသရာဇ်ရဲ့ဦးသျှောင်ပဲ။ ဒီလိုလုပ်လို့ ငါတို့နှစ်ယောက်လုံးအသက်ရှင်မယ်ဆိုရင်တောင် ငါတို့တိုက်ယူခဲ့တဲ့ လွတ်လပ်ရေးနဲ့ဂုဏ်သိက္ခာကို ဆုံးရှုံးသွားရလိမ့်မယ်။”

ဒါပေမဲ့ သွေးစုပ်ဖုတ်ကောင်မင်းသမီးကတော့ ဆားဗီးရပ်ကို နာခံဖို့အတွက် ကြိုးစားနေဆဲပါပဲ။ ဒါပေမဲ့ မင်းသမီးရဲ့နှုတ်ခမ်းက သူ့ခြေထောက်ကိုထိခါနီးမှာပဲ ဆားဗီးရပ်မျက်နှာကအပြုံးပျောက်သွားပြီး မင်းသမီးရဲ့မျက်နှာကို ကန်လိုက်တယ်။ ရှေ့သွားတချို့ကျိုးပဲ့သွားပြီး သွားတွေမြေပြင်ကိုကျွတ်ကျတယ်။ ဒါပေမဲ့ ဆားဗီးရပ်ကတော့ မရပ်တန့်သေးဘဲ မင်းသမီးရဲ့ဝမ်းဗိုက်ကို ဆက်ကန်တယ်။

“လောကမှာ ငါအမုန်းဆုံးက မင်းလိုအားနည်းပြီး တခြားသူကို အလွယ်တကူခစားတဲ့ကောင်တွေကိုပဲ။”

ဘုန်း... ဘုန်း.... ဘုန်း.... ဘုန်း....

ဆားဗီးရပ်ရဲ့ကန်ချက်တွေအောက်မှာ သွေးစုပ်ဖုတ်ကောင်မင်းသမီး လူးလှိမ့်နေအောင်ခံရတယ်။ သမန်းဝံပုလွေက တစ်ခုခုကူညီပေးချင်ပေမဲ့လည်း သူကိုယ်တိုင်က ကူရာမဲ့နေတယ်။ နောက်ဆုံး မင်းသမီးလုံးဝသတိမေ့သွားတာတောင် ဆားဗီးရပ်က အနားမပေးဘဲ ဆက်ကန်နေခဲ့ပါတယ်။

ဂဲ....

အဲဒီအချိန်မှာပဲ ကောင်းကင်ပေါ်မှာစာပို့သိမ်းငှက်တစ်ကောင်ပေါ်လာပြီး ဆားဗီးရပ်ရဲ့လက်မောင်းပေါ် လာနားတယ်။

“ဘုရားကျောင်းက နောက်ဆုံးတော့တရားဝင် စာပို့လာပြီပေါ့လေ။”

ဆားဗီးရပ်က တစ်ချက်ပြုံးလိုက်ပြီး စာကိုဖတ်ကြည့်တယ်။ စာထဲမှာတော့ ပီးယပ်ရဲ့အမိန့်နဲ့ ဆားဗီးရပ်ကို အမြန်ဆုံးမီလန်မြို့ကိုသွားဖို့နဲ့ နက်ဆန်ကို နှိမ်နင်းဖို့ရေးထားတယ်။ ပြီးတော့ မီလန်တိုက်ပွဲရဲ့ အသေးစိတ်အချက်အလက်တွေကိုရောပေါ့။

“ဒီတော့ ငါ့ပြိုင်ဘက်ဟောင်းကြီးက သူတော်စင်တစ်အုပ်စုလုံးကို အနိုင်ယူပစ်ခဲ့တာပဲ။ ဒါပေမဲ့ ငါကလည်း ခုကာလအတောအတွင်း အတော်တိုးတက်လာတာ။ သူအခုပြထားတဲ့အစွမ်းက ငါ့ထက်နည်းနေတုန်းပဲ။ ဆောင်းယဥ်စွန်းတန်းအချိန်လောက်ကျမှ သွားတွေ့ရင်ကောင်းမယ်ထင်တယ်။ ပီးယပ်ရဲ့စာကိုတော့ ငါလစ်လျူရှုရမှာပေါ့....”

ဟမ်....

ရုတ်တရက် ကျောနောက်ကနေ နွေးခနဲခံစားလိုက်ရတဲ့အတွက် ဆားဗီးရပ်က သူ့ရင်ဘတ်ကိုသူငုံကြည့်လိုက်တယ်။ သူ့ရင်ဘတ်နောက်ကနေ ဝံပုလွေအမွှေးတွေဖုံးအုပ်နေတဲ့ လက်တစ်ဖက်က ဖောက်ထွက်နေပြီးတော့ လက်ထဲမှာ ကြေမွနေတဲ့သူ့နှလုံး ရှိနေတယ်။ တစ်ပြိုင်နက်တည်းမှာပဲ လည်ပင်းနားကနေ နွေးထွေးတဲ့ ထွက်သက်ဝင်သက်ကို သူခံစားလိုက်ရတယ်။

“ဓားသူတော်စင်၊ မင်းသမန်းဝံပုလွေတွေနဲ့ပတ်သက်ပြီး သတိမထားမိတဲ့ သင်ခန်းစာတစ်ခုရှိပုံပဲ။ ငါတို့ဒဏ်ရာတွေက မြန်မြန်ဆန်ဆန်ပြန်ကောင်း လာနိုင်တယ်ကွ။”

မှားစရာမရှိတာကတော့ ဒါဟာ သမန်းဝံပုလွေဘုရင်ရဲ့လက်ပါပဲ။ ဆားဗီးရပ်ကပြုံးလိုက်တယ်။ နှုတ်ခမ်းထောင့်ကနေ သွေးတွေစီးကျလာတယ်။

“မင်းငါ့ကိုသတ်နိုင်သွားပြီပေါ့။”

သမန်းဝံပုလွေဘုရင်က သူ့လက်ကို ဆားဗီးရပ်ကိုယ်ထဲက ပြန်ဆွဲထုတ်လိုက်တယ်။ ဆားဗီးရပ် မြေပြင်ပေါ်ပြိုလဲကျသွားချိန်မှာ သမန်းဝံပုလွေက သတိလစ်နေတဲ့ သွေးစုပ်ဖုတ်ကောင်မင်းသမီးလေးကို ပွေ့ချီလိုက်ပါတယ်။ သွေးစုပ်ဖုတ်ကောင်မင်းသမီး ရထားတဲ့ဒဏ်ရာတွေက များလွန်းတဲ့အ​ပြင် ကိုယ်တွင်းအင်္ဂါတွေပါထိခိုက်ကုန်တဲ့အတွက် ဘုရင်အဆင့်မွန်းစတားတစ်ယောက်ဖြစ်နေရင်တောင် ပြန်ကောင်းလာဖို့မလွယ်လှပါဘူး။ ကံကောင်းရင် ရာစုနှစ်နဲ့ချီပြန်ကောင်းဖို့စောင့်ရနိုင်ပြီး ကံမကောင်းရင်တော့ ဒဏ်ရာတွေကြောင့်ပဲ သေသွားရတော့မှာပါ။

“ဒီဒဏ်ရာတွေကို ကုသပေးနိုင်လောက်အောင် စွမ်းတဲ့သူဆိုလို့ တစ်ယောက်ပဲရှိတော့တယ်။”

သမန်းဝံပုလွေဘုရင်က မင်းသမီးကို ပွေ့ချီလိုက်ပြီး နေရာကနေ ထွက်ခွာတယ်။ မြက်ခင်းပြင်မှာတော့ ဆားဗီးရပ်က သူ့ဓားကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း လဲကျကျန်နေရစ်တယ်။

All Chapters