မိုးကြိုးကပ်ဘေးကိုဖြိုခွဲဖို့ သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ခြင်း
Vol. 179 Ch. 2674
ပကတိဧကကောင်းကင်ဘုံကပ်ဘေး၏ စတုတ္ထအဆင့်က စုစည်းလာခဲ့သည်။
အပြာရောင်မိုးကြိုးလျှပ်စီးများက ယှက်ဖြာသွားပြီး ဧရာမအလင်းတန်းတစ်ခုအဖြစ် သိပ်သည်းစုဖွဲ့ကာ ကောင်းကင်ထက်ကနေဆင်းသက်၍ ဆူဇီမိုပေါ်ကို ပစ်ချလိုက်သည်။
ပကတိဧကကောင်းကင်ဘုံကပ်ဘေး စတုတ္ထအဆင့်နှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမိုသည် နတ်ဘုရားစွမ်းအား၊ လျှို့ဝှက်အတတ် သို့မဟုတ် နတ်ဘုရားလက်နက်များကို အသုံးပြုခြင်း မရှိသေးပေ။ သူက တစ်ချိန်လုံး သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထားပြီး မိုးကြိုးလျှပ်စီးများ၏ ဆေးကြောသန့်စင်မှုကို ခံယူကာ ကောင်းကင်ဘုံကပ်ဘေးနှင့်အတူ သူ၏ ကိုယ်ကာယကို မီးဆေးနေ၏။
ဘုန်း... ဘုန်း... ဘုန်း...
မိုးကြိုးသံက ကျယ်လောင်စွာ တဝုန်းဝုန်းမြည်လာသည်။
အဆက်မပြတ် တိုက်ခိုက်မှုအောက်မှာ တစ်ခဏချင်းမှာပင် စတုတ္ထအဆင့်၏ ကောင်းကင်ဘုံကပ်ဘေးကိုးခုက သိပ်သည်းစုဖွဲ့လာလေသည်။
တောင်ကြားအထက် ကောင်းကင်မှာ မိုးပြာရောင်ပင်လယ်တစ်စင်းက ဖြစ်ပေါ်လာခဲ့ပြီဖြစ်ပြီး လောကမှာရှိသော အရာရာတိုင်းကို ဖျက်ဆီးပစ်ချင်သည့်အလား တလိပ်လိပ်ထိုးတက်လာ၏။ ၎င်းသည် တောင်ကြား၏ အလယ်မှာရှိသောပုံရိပ်ကို အဆက်မပြတ်ရိုက်ခတ်ပြီး ထိုပုံရိပ်ကို ဖျက်ဆီးပစ်ချင်နေ၏။
သို့သော်လည်း ထိုပုံရိပ်က နက်ရှိုင်းသောပင်လယ်၏ အောက်ခြေမှာ မလှုပ်မယှက်မတ်တတ်ရပ်နေ၏။
သူ့ခန္ဓာကိုယ်ထဲရှိအော်ရာက အဆက်မပြတ်မြင့်တက်လာနေဆဲဖြစ်ပြီး ပို၍ပင်သန်မာလာနေသည်။
ဤသည်က ကောင်းကင်ဘုံကပ်ဘေးကို ရန်စစိန်ခေါ်လိုက်ခြင်းဖြစ်ပုံရသည်။
လင်းလေက သူ၏ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး နှုတ်ဆိတ်နေ၏။
ပကတိဧကကောင်းကင်ဘုံကပ်ဘေး၏ စတုတ္ထအဆင့်၏ စွမ်းအားကို သူကကောင်းကောင်းသိလေသည်။
အရင်တုန်းက သူသည် သူ့အတွက် သူ့အဖေသွန်းလုပ်ပေးထားသော နတ်ဘုရားလက်နက်ကြောင့်သာ ပကတိဧကကောင်းကင်ဘုံကပ်ဘေး၏ စတုတ္ထအဆင့်ကို ခုခံနိုင်ခဲ့ခြင်းဖြစ်သည်။
ဘန်း... ဘုန်း...
တစ်ခဏချင်းမှာပင် ပကတိဧကကောင်းကင်ဘုံကပ်ဘေး၏ ပဉ္စမအဆင့်က ဆင်းသက်လာခဲ့သည်။
ခရမ်းရောင်လျှပ်စီးများက တလိပ်လိပ်ထိုးတက်လာပြီး မိုးကြိုးလျှပ်စီးများက ကမ္ဘာတုန်လောက်လေသည်။ ခရမ်းရောင်အလင်းက လောကတစ်ခွင်ပြည့်နှက်နေပြီး တဖျတ်ဖျတ်တလက်လက်တောက်ပနေ၏။
အဝေးကနေစောင့်ကြည့်နေသော လူလေးယောက်ကြားမှာ လင်းလော၏ ကျင့်ကြံမှုနယ်ပယ်က အနိမ့်ဆုံးဖြစ်သည်။ သူမသည် သူမ၏ မြင်ကွင်းက လောင်ကျွမ်းလာပြီး အဆုံးမဲ့ခရမ်းရောင်အလင်းတစ်ခုသာလျှင် ကျန်တော့သည်ဟု ခံစားလိုက်ရလေသည်။ သူမက ဆူဇီမို၏ ပုံရိပ်ကိုပင် မတွေ့မြင်နိုင်တော့ပေ။
သူမသည် တောင်ကြား၏ အထက်မှာ မတ်တတ်ရပ်နေလျှင်ပင် သူမသည် တောင်ကြားထဲရှိ ခရမ်းရောင်မိုးကြိုးလျှပ်စီးပင်လယ်၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို အာရုံခံမိနိုင်ဆဲဖြစ်၏။
လင်းလောက တိတ်တဆိတ်တုန်လှုပ်နေ၏။
သူမ၏ အခြေအနေအရ သူမသည် ယခုအချိန်မှာ အဆင့်ချိုးဖျက်တက်လှမ်းမည်ဆိုလျှင်တောင် သူမသည် ပကတိဧကကောင်းကင်ဘုံကပ်ဘေး၏ ပဉ္စမအဆင့်မှာ ရှင်သန်နိုင်ဖို့ ခက်ခဲပေလိမ့်မည်။
ဘေးကနေစောင့်ကြည့်ခြင်းဖြင့် လင်းလောသည် သူမ၏ အားနည်းချက်များကို မြင်တွေ့လာရ၏။ သူမ၏ စိတ်က ငြိမ်သက်လာပြီး အဆင့်ချိုးဖျက်တက်လှမ်းဖို့အတွက် အခွင့်အလမ်းတစ်ရပ်ကို ရှာဖွေဖို့ အလောတကြီးရှိမနေတော့ပေ။ သူမသည် ဆက်လက်ကျင့်ကြံပြီး သူမ၏ ဓမ္မတာအိုကို ပိုမိုထက်ရှအောင်လုပ်ဖို့ပြင်ထား၏။
နောက်ဆုံးမှာတော့ ခရမ်းရောင်မိုးကြိုးလျှပ်စီးဒီရေလှိုင်းက နောက်သို့ ဆုတ်ခွာသွား၏။
လင်းလောက အာရုံစိုက်၍ကြည့်ရှုလိုက်၏။
ဆူဇီမိုသည် ခပ်လှမ်းလှမ်းမှာ မလှုပ်မယှက်မတ်တတ်ရပ်နေဆဲဖြစ်သည်။ သူ၏ ဘေးပတ်လည်မှ သစ်ပင်ဝါးပင်များကပင် ခရမ်းရောင်လျှပ်စီးဖြင့် ဖျက်ဆီးခံလိုက်ရပြီး သဲများနှင့် မြေဆီလွှာများက လောင်ကျွမ်းတူးချစ်နေ၏။
သို့သော်လည်း သူသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး အစက်အပြောက်ကင်းမဲ့နေ၏။
ပကတိဧကကောင်းကင်ဘုံကပ်ဘေး၏ ပထမငါးဆင့်ကို သူက သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးဖြင့်ပင် ခံယူခဲ့လေသည်။
အင်မော်တယ်ဘုရင်မလင်းလုံက လင်းကျန့်ကိုကြည့်ပြီး ညင်သာစွာပြောလိုက်၏။
“အရင်တုန်းက ရှင်ကလည်း တူညီတဲ့ပုံစံမျိုးနဲ့ ပြုလုပ်ခဲ့တဲ့ပုံပဲ”
လင်းကျန့်က သူ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။
“အရင်တုန်းက ငါ့ရဲ့ခန္ဓာကိုယ်ကို မီးဆေးဖို့အတွက် ငါက ကပ်ဘေးဖြတ်ကျော်မှုကို ငါ့ရဲ့ကိုယ်ကာယနဲ့ခံယူဖို့ ရွေးချယ်ခဲ့တယ် ဒါပေမဲ့... ငါကအလွန်ဆုံး ပဉ္စမအဆင့်ထိပဲ တောင့်ခံနိုင်ခဲ့တယ်... ငါ့ရဲ့အရေပြားနဲ့အသားက ကောင်းကင်ဘုံကပ်ဘေးကြောင့်ကွဲထွက်ပြီး စုတ်ပြတ်သတ်သွားခဲ့တယ်... အဲဒါက အခုသူ့လိုမျိုး သက်တောင့်သက်သာရှိနေတာ မဟုတ်ဘူး”
“ငါ့အထင်တော့... သူ့ရဲ့ကိုယ်ကာယနဲ့မျိုးဆက်သွေးနဲ့ဆို သူ့အနေနဲ့ ပကတိဧကကောင်းကင်ဘုံကပ်ဘေးရဲ့ ပထမခြောက်ဆင့်ကို ထိပ်တိုက်ရင်ဆိုင်ဖို့က ပြဿနာတစ်ခုဖြစ်မှာ မဟုတ်ဘူး”
ထိုစကားကိုကြားသောအခါ လင်းလေက ရင်တစ်ချက်ထိတ်သွား။
ရုတ်တရက် သူကပြောလိုက်သည်။
“အရင်တုန်းက ဆူဇီမိုက နဂါးမျိုးနွယ်ဝင်တစ်ယောက်ဖြစ်ပြီး နဂါးတစ်ကောင်ရဲ့မျိုးဆက်သွေးကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ ကောလာဟလတွေရှိခဲ့တယ်... အဲဒါက အမှန်ပဲလား”
သူသိထားရသလောက် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများကြားမှာ နဂါးမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်လို မျိုနွယ်စုအနည်းအကျဥ်းသာ ပကတိဧကကောင်းကင်ဘုံကပ်ဘေး၏ ပထမငါးဆင့်ကို သူတို့၏ ကိုယ်ကာယများဖြင့် ခံယူနိုင်ကြသည်။ ဒါ့အပြင် သူတို့သည် သူတို့၏ မျိုးနွယ်များကြားမှာ အနှိုင်းမဲ့ပြန်ဝင်စားမွန်းစတားများဖြစ်ရပေမည်။
“ကောလာဟလတွေက အမှန်မဟုတ်ဘူး”
အင်မော်တယ်ဘုရင်မလင်းလုံက မှင်သေသေဖြင့် ပြောလိုက်၏။
သူတို့ပြောဆိုနေစဥ် ပကတိဧကကောင်းကင်ဘုံကပ်ဘေး၏ ဆဋ္ဌမအဆင့်က ဆင်းသက်လာခဲ့ပြီဖြစ်သည်။
မီးခိုးရောင်မိုးကြိုးလျှပ်စီးက မရဏအော်ရာနှင့်အတူ ရုန်းထွက်နေပြီး ၎င်းဖြတ်သွားရာနေရာတိုင်းမှာ အသက်ဓာတ်ကို ဖျက်ဆီးပစ်နေ၏။
မီးခိုးရောင်လျှပ်စီးကြောင်းက တစ်ခုပြီးတစ်ခုဆင်းသက်လာကြသည်။ သူတို့သည် ကောင်းကင်ဘုံကပ်ဘေးများမဟုတ်ဘဲ အသက်ဓာတ်ကို ရိတ်သိမ်းမည့် တမလွန်ဘုံမှ သေမင်းတမန်များဖြစ်နေသည့်အလားပင်။
မီးခိုးရောင်မိုးကြိုးလျှပ်စီးက ကျယ်လောင်သော မြည်သံများစွာနှင့်အတူ ဆူဇီမို၏ ခန္ဓာကိုယ်ကို ပစ်ချလိုက်၏။ သူတို့လေးယောက်ရှေ့မှာတင် ဆူဇီမိုက နောက်ဆုံးမှာလှုပ်ရှားလိုက်၏။
သို့သော်လည်း သူက အနည်းငယ်သာယိမ်းနွဲ့လိုက်ပြီး ပုံမှန်အတိုင်းပြန်ဖြစ်သွားလေသည်။
ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်မလာသေးပေ။
ကပ်ဘေးဖြတ်ကျော်စဥ်ကတည်းက သူသည် ထိုနေရာမှာမတ်တတ်ရပ်နေပြီး ကောင်းကင်ဘုံကပ်ဘေးကို သူ့ထံသို့ တစ်ခုပြီးတစ်ခုတိုက်ခိုက်ခွင့်ပေးထားသည်။ သူသည် မိုးကြိုးကို ထိန်းချုပ်ထားသော နတ်ဘုရားတစ်ပါးကဲ့သို့ မတ်မတ်ရပ်နေ၏။
ပကတိဧကကောင်းကင်ဘုံကပ်ဘေး၏ ဆဋ္ဌမအဆင့် အဆုံးသတ်သွားတော့မည့်ဆဲဆဲမှာပင် ဆူဇီမိုက လုံးဝထိခိုက်ဒဏ်ရာရရှိမလာခဲ့ပေ။
သူတို့သည် ဤကဲ့သို့ ကပ်ဘေးဖြတ်ကျော်ခြင်းနည်းလမ်းတစ်ခုကို တစ်ခါမှ မမြင်ဖူးမကြားဖူးခဲ့သည်ကို အသာထား... လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မလင်းလုံပင်လျှင် သူတို့၏ အသိပညာများနှင့်ပင် အဲဒါကို စဥ်းစားမကြည့်ရဲပေ။
“ဖန်တီးခြင်းကြာပဒုမ္မာဆိုတဲ့အတိုင်းပါပဲလား”
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ညည်းတွားရေရွတ်လိုက်၏။
ရုတ်တရင် လင်းလောက ပြောလိုက်၏။
“အစ်ကိုဆူက ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုကို ဆွဲဆောင်နိုင်မှာလား”
ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခု...။
ထိုစကားကိုကြားသောအခါ လင်းလေက တုန်လှုပ်သွားပြီး ချက်ချင်းပြောလိုက်၏။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုက ကောင်းကင်ဘုံကမ္ဘာမှာ နှစ်တစ်သန်းနေရင်တောင် တစ်ကြိမ်ပေါ်ထွက်လာမှာ မဟုတ်ဘူး”
“အရင်တုန်းက အဖေတောင်မှ ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ရှစ်ခုကိုပဲ ရင်ဆိုင်ခဲ့ရတယ်”
“နောက်ပြီး... ကောင်းကင်ကပ်ဘေးကိုးခုထဲက ကိုးခုက ဘယ်လောက်တောင်စွမ်းအားကြီးမားလိုက်သလဲ... သမိုင်းတစ်လျှောက်မှာ ရှေးဟောင်းမှတ်တမ်းတွေကအရ ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတွေရဲ့ထက်ဝက်ကျော်က ကောင်းကင်ဘုံကပ်ဘေးကိုးခုရဲ့ကိုးခုအောက်မှာ သေဆုံးခဲ့ရတယ်”
“ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲကကိုးခုက အမှန်တကယ်ဆင်းသက်လာခဲ့မယ်ဆိုရင် သူက သေသွားရမှာပဲ”
တကယ်တော့... လက်ရှိအခြေအနေအရ ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲမှ ခုနှစ်ခုသည် ဆူဇီမို၏ အကန့်အသတ်မဟုတ်ဘူးဆိုတာကို လင်းလေက ကောင်းကောင်းပြောနိုင်လေသည်။
ထိုရှုထောင့်ကနေကြည့်မည့်ဆိုလျှင် ဆူဇီမိုက သူ့ထက်သာလွန်နေခဲ့ပြီဖြစ်သည်။
ဝုန်း... ဝုန်း...
ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲမှ ခုနှစ်ခုမြောက်က သိပ်သည်းစုဖွဲ့လာပြီး မိုးကြိုးလျှပ်စီးအရောင်က ပို၍ပင်ညိုမည်းလာခဲ့၏။ ၎င်းသည် နက်မှောင်လာခဲ့ပြီဖြစ်ပြီး ချောက်ချားစရာကောင်းသော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။
လင်းလေက လက်သီးနှစ်ဖက်ကို အလိုလိုဆုပ်လိုက်၏။
သူသည် ကပ်ဘေးဖြတ်ကျော်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာသွားခဲ့ပြီဖြစ်သော်လည်း အနက်ရောင်မိုးကြိုးလျှပ်စီး၏ မြင်ကွင်းသည် သူ၏ မှတ်ဉာဏ်များ၏ အနက်ပိုင်းထဲမှ အကြောက်တရားတချို့ကို နှိုးဆွလိုက်ဆဲဖြစ်သည်။
အရင်တုန်းက ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲမှ ခုနှစ်ခု၏ ရိုက်ခတ်မှုမှာ ရှင်သန်ဖို့အတွက် မျှော်လင့်ချက်ပါးပါးကလေးသာ ရှိခဲ့လေသည်။
ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲမှ ခုနှစ်ခုက ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲ သူက ကောင်းကောင်းသိလေသည်။
ဆူဇီမိုသည် သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးမျှနှင့် ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲမှ ခုနှစ်ခုမြောက်၏ ထိတွေ့ရိုက်ခတ်မှုကို ခုခံနိုင်မည်မဟုတ်ဟု သူယုံကြည်လေသည်။
သတ္တမအဆင့်၏ ပထမဆုံးကောင်းကင်ဘုံကပ်ဘေးက ဆင်းသက်လာခဲ့၏။ နက်မှောင်နေသော မိုးကြိုးလျှပ်စီးကြောင်းက အနက်ရောင်လှံတစ်လက်ကဲ့သို့ဖြစ်ပြီး ဖျက်ဆီး၍မရနိုင် တားဆီး၍မရနိုင်ပေ။
ဆူဇီမိုက မလှုပ်မယှက်ငြိမ်သက်နေပြီး သူ၏ မျက်လုံးကိုပင် ဖွင့်မလာခဲ့ပေ။
အနက်ရောင်လှံက သူ၏ ဦးခေါင်းထိပ်ကို ထိုးစိုက်တော့မည့်ဆဲဆဲမှာပင် သူက ရုတ်တရက် သူ၏ လက်ညှိုးကိုဆန့်ထုတ်ပြီး အနက်ရောင်လှံနှင့် ထိခတ်သွားစေ၏။
လှံဖျားက သူ၏ လက်ညှိုးထိပ်ဖျားနှင့် ထိခတ်သောအခါ လောကက တုန်ခါသွား၏။
မြင်နိုင်သောလေဟာနယ်လှိုင်းဂယက်တစ်ခုက အဘက်ဘက်ကို ဖြန့်ကြက်သွားပြီး လေလှိုင်းများက မိုးကြိုးလျှပ်စီးများနှင့်အတူ တလိပ်လိပ်ထိုးတက်လာ၏။
အနက်ရောင်လှံက ကြေမွသွားလေသည်။
ထိုကဲ့သို့ပင် သတ္တမအဆင့်၏ ပထမဆုံးကောင်းကင်ဘုံကပ်ဘေးက ဆူဇီမို၏ လက်ညှိုးတစ်ချောင်းဖြင့် ခြေမွှဖျက်ဆီးခြင်း ခံလိုက်ရ၏။
လင်းလေက ကြက်သေသေနေ၏။
သူက ထိုကဲ့သို့သောပုံစံဖြင့် ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်နိုင်တာလား။
အရင်တုန်းက ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ခုနှစ်ခုသည် အရင်တုန်းက သူ့ကို သေလုမတတ်ဖြစ်စေခဲ့သော ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲမှခုနှစ်ခုသည် ထိုလူ၏ လက်ညှိုးတစ်ချောင်းဖြင့် ဖျက်ဆီးခြင်း ခံလိုက်ရလေသည်။
အဲဒီမှာ နတ်ဘုရားစွမ်းအားများ၊ လျှို့ဝှက်အတတ်များ၊ နတ်ဘုရားလက်နက်များ သို့မဟုတ် ဓမ္မရတနာများ ရှိမနေပေ။
ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ယခင် ကောင်းကင်ဘုံကပ်ဘေးများ၏ ဆေးကြောသန့်စင်မှုနှင့် မီးဆေးမှုနှင့်အတူ အဆင့်-၁၁၏ အထွတ်အထိပ်ထိ ကြီးပြင်းလာခဲ့ပြီကို လင်းလေက မသိရှိပေ။
အဲဒီမှာ တဗူးဂမ္ဘီရကျင့်စဥ်များ၊ ရတနာသူတော်စင်ကျောက်စိမ်းကျမ်းနှင့် ကောင်းကင်သင်္ချိုင်းသုတ္တန်၏ သန့်စင်မွမ်းမံမှုနှင့် နတ်ဆင်အသက်ရှုခြင်း၊ ဗလာနယ်မိုးကြိုးကျမ်းနှင့် အခြားသောထိပ်တန်းကျင့်ကြံရေးနည်းစနစ်များစွာ၏ အားဖြည့်စုဆောင်းမှုရှိနေ၏။
ထိပ်တန်းအဆင့် နတ်ဘုရားလက်နက်များကပင် သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးကို မယှဥ်နိုင်ပေ။
ဝုန်း...
သတ္တမမြောက်အဆင့်၏ ဒုတိယမြောက်ကောင်းကင်ဘုံကပ်ဘေးက ဆင်းသက်လာခဲ့၏။
ဆူဇီမိုက လက်ချောင်းနှစ်ချောင်းကို ပူးကပ်ပြီး ဓားပညာရပ်တစ်ခုကို ဖန်တီးကာ ကောင်းကင်ဘုံကပ်ဘေးရှိရာသို့ ထိုးညွှန်လိုက်လေသည်။
ဝုန်း...
ဒုတိယမြောက်ကောင်းကင်ဘုံကပ်ဘေးက နောက်တစ်ဖန်ပျက်ပြယ်သွား၏။
ဝုန်း... ဝုန်း... ဝုန်း...
ကောင်းကင်ဘုံကပ်ဘေးသုံးခုက ကောင်းကင်ထက်ကနေ တစ်ခုပြီးတစ်ခုဆင်းသက်လာခဲ့၏။
ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထားပြီး သူ၏ လက်နှစ်ဖက်ကိုသာ ဝေ့ယမ်းလိုက်လေသည်။ သူ၏ လက်ချောင်းများ၊ လက်သီးများ၊ လက်ဖဝါးများနှင့် ချိပ်စည်းများက သာမန်ကာလျှံကာပြောင်းလဲသွားပြီး ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ခုနှစ်ခုကို ခြေမွှဖျက်ဆီးပစ်နေ၏။
တစ်ခဏချင်းမှာပင် သတ္တမအဆင့်၏ ရှစ်ခုမြောက်ကောင်းကင်ဘုံကပ်ဘေးက အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။
ကောင်းကင်ဘုံကပ်ဘေးက မိုးကောင်းကင်ထက်မှာ အဆက်မပြတ် သိပ်သည်းစုဖွဲ့လာပြီး မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးကြောင်းများက ဖြည်းဖြည်းချင်းလည်ပတ်ကာ နက်မှောင်နေသော မိုးကြိုးလျှပ်စီး ဒီရေလှိုင်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။
၎င်းသည် အောက်သို့ကျဆင်းမလာခင် ကောင်းကင်ဘုံကပ်ဘေး၏ စွမ်းအားကို ၎င်း၏ အထွတ်အထိပ်ထိ စုဆောင်းနေပုံရလေသည်။
ထိုစဥ်မှာပင် ဆူဇီမိုက သူ၏ ခေါင်းကိုမော့ပြီး သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။
သူ၏ ညာဘက်မျက်လုံးကနေ ကျိန်းစပ်နေသော အလင်းရောင်တစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။
ဘုန်း...
အလင်းတန်းက နက်မှောင်နေသော မိုးကြိုးလျှပ်စီးဒီရေလှိုင်းထဲသို့ တိုးဝင်သွားပြီး ၎င်းကို အပိုင်းပိုင်းပေါက်ကွဲထွက်သွားစေသည်။