← Chapters

ကောင်းကင်ဘုံကပ်ဘေးနှင့် တိုက်ခိုက်ခြင်း

Vol. 179 Ch. 2675

ကောင်းကင်ဘုံကပ်ဘေးနှင့် တိုက်ခိုက်ခြင်း

Vol. 179 Ch. 2675

“ဒါက…”

လင်းလေနဲ့ လင်းလောက ကြက်သေသေနေ၏။

ထိုအရာသည် အရင်တုန်းက လင်းလေကို သတ်ဖြတ်လုနီးပါးဖြစ်ခဲ့သော ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲက ခုနစ်ခု၊ အနက်ရောင် မိုးကြိုးလျှပ်စီး ဒီရေလှိုင်းဖြစ်လေသည်။ သို့သော်ယခု ၎င်းသည် ဆူဇီမိုထံမှ အကြည့်တစ်ချက်ဖြင့် ဖျက်ဆီးခံလိုက်ရ၏။

လူသားဧကရာဇ်လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မ လင်းလုံပင်လျှင် တုန်လှုပ်နေသော အမူအရာများကို ထုတ်ဖော်မိလိုက်ကြ၏။

သူတို့နှစ်ယောက်သည် ဆူဇီမို၏ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးအကြောင်း ကြားဖူးထားခဲ့ပြီးသားဖြစ်သည်။ သို့သော်လည်း သူသည် ဤမျှအထိ စွမ်းအားကြီးမားနေလိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ပေ။

စက္ခုနည်းစနစ်တစ်ခုသည် ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲမှ ခုနစ်ခု၏ မိုးကြိုးလျှပ်စီး ဒီရေလှိုင်းကို ခြေမွှဖျက်ဆီးပစ်လိုက်၏။

အဲဒါက မည်ကဲ့သို့သော နည်းလမ်းမျိုးလဲ။

လင်းကျန့်က ဘေးမှာရှိသော လင်းလေကို တစ်ချက်ကြည့်လိုက်၏။

“အခု မင်းတို့နှစ်ယောက်ကြားက ကွာခြားချက်ကို မင်း နားလည်သွားပြီမလား”

လင်းလေက နှုတ်ဆိတ်နေ၏။ သူသည် အဆင့် (၉) ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်မည်ဆိုလျှင် ဆူဇီမိုသည် ထိုစက္ခုနည်းစနစ်သက်သက်နှင့်ပင် သူ့ကို ဖိနှိပ်နိုင်မည်ဟု အဓိပ္ပာယ်ရနေသည်။

ကွာခြားချက်က အရမ်းကို ကြီးမားလွန်း၏။

လင်းလေသည် သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်ပြီး သူ့ကိုယ်သူ နှစ်သိမ့်ပေးလိုက်၏။

“ကပ်ဘေးကျော်ဖြတ်ခြင်းဆိုတာ ဖြစ်စဉ်တစ်ခုပဲ… အဲဒါက အနာဂတ် အောင်မြင်ထွန်းပေါက်မှုကို ကိုယ်စားပြုပေးနိုင်မှာ မဟုတ်ဘူး”

“ဆူဇီမိုက ပကတိဧကနယ်ပယ်ကို တက်လှမ်းပြီး ငါ့အဆင့်ထိ ကျင့်ကြံလာတဲ့အခါ ဘယ်သူ ပိုသန်မာမလဲဆိုတာ မသိရသေးပါဘူး”

လင်းလေသည် ဆူဇီမိုက အခြားသော ရည်ရွယ်ချက်များနှင့် လင်းလောအနားသို့ ချဉ်းကပ်နေသည်ဟု မှတ်ယူထားလေသည်။ ထို့ကြောင့် သူက ဆူဇီမိုကို အမြင်မကြည်ခြင်း ဖြစ်လေသည်။

လင်းလေသည် ဆူဇီမိုကို တမင်သက်သက် ပစ်မှတ်ထားနေခြင်း မဟုတ်ပေ။

ဤနှစ်များအားလုံးမှာ တိုက်ပွဲနိုင်ငံသည် အတွင်းရေး အပြင်ရေး ပဋိပက္ခများနှင့် ဖိစီးနှိပ်စက်ခံနေရပြီး တည်ငြိမ်မှု မရှိခဲ့ပေ။ အမှောင်ထဲမှာ သူတို့ကို စောင့်ကြည့်နေသော ရန်သူများနှင့် ပြိုင်ဘက်များက မရေမတွက်နိုင်အောင် ရှိနေ၏။

အရင်တုန်းက လင်းလောကို မကောင်းသော ရည်ရွယ်ချက်များနှင့် ချဉ်းကပ်ခဲ့သောလူများ ရှိခဲ့လေသည်။ ထို့ကြောင့် လင်းလေက သတိကြီးကြီးထားတတ်လာ၏။

သူတို့နှစ်ယောက် ပထမဆုံး တွေ့ဆုံစဉ်က ဆူဇီမိုသည် အဆင့် (၅) ကောင်းကင်အင်မော်တယ်တစ်ယောက်သာ ဖြစ်သည်။

အစကတော့ သူတို့၏ ကျင့်ကြံမှုနယ်ပယ် ကွာဟချက်ကြောင့် လင်းလေသည် ဆူဇီမိုကို အတည်အတံ့ မှတ်ယူမထားခဲ့ပေ။

သို့သော် ယခု ဆူဇီမိုက သူ့ကို ကျော်တက်တော့မည့် လက္ခဏာများ ပြလာသောအခါ သူက ထိုအချက်ကို လောလောဆယ်မှာ လက်မခံနိုင်သေးပေ။

လင်းလေ၏ အတွေးရိုင်းများ ခုန်ပေါက်နေစဉ် ပကတိဧက ကောင်းကင်ဘုံကပ်ဘေး၏ အဋ္ဌမအဆင့်က စုဖွဲ့လာခဲ့ပြီဖြစ်သည်။

ဖြောင်း…

အဖြူရောင် ကောင်းကင်ဘုံကပ်ဘေးက ကောင်းကင်ထက်ကနေ ဆင်းသက်လာ၏။

ဤတစ်ခေါက်မှာ ဆူဇီမိုသည် နေရာမှာတင် ရပ်မနေတော့ပေ။ ထိုအစား သူက လေထဲသို့ ခုန်တက်ပြီး ကောင်းကင်ဘုံကပ်ဘေးရှိရာသို့ ပစ်ဝင်သွားလေသည်။

အရင်တုန်းက သိုင်းတာအိုပင်မခန္ဓာသည် အစစ်အမှန်သိုင်းကောင်းကင်ဘုံကပ်ဘေး၏ အဋ္ဌမအဆင့်ကို သွားရောက်ကြိုဆိုဖို့ ထိုရွေးချယ်မှုကို ပြုလုပ်ခဲ့၏။

ယခု အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည်လည်း ကောင်းကင်ဘုံကပ်ဘေး ကိုးခု၏ အဋ္ဌမအဆင့်ကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့ ရွေးချယ်လိုက်လေသည်။

ဘုန်း…

ဆူဇီမိုက သူ၏ လက်ကို မြှောက်ပြီး ပစ်ထိုးကာ အဖြူရောင် ကောင်းကင်ဘုံကပ်ဘေးကို ထိတွေ့ရိုက်ခတ်သွားစေ၏။ သူ၏ ခန္ဓာကိုယ်က ဆတ်ခနဲတုန်ယင်သွားပြီး လေထဲသို့ ခုန်တက်သွားသော သူ၏ အလျင်အဟုန်က ချက်ချင်းပင် ရပ်တန့်သွားလေသည်။

အဖြူရောင် လျှပ်စီးလျှပ်ပန်းများက သူ၏ ဒွါရပေါက်များကနေတစ်ဆင့် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး သူ၏ အသွေးအသား၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါတို့ကို ဆေးကြောသန့်စင်ပေးနေ၏။

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက အဋ္ဌမအဆင့်၏ စွမ်းအားက နောက်ထပ်တစ်ဆင့်ကို မြင့်တက်လာခဲ့ပြီဖြစ်သည်။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ပထမရှစ်ခုကို ခံယူခဲ့သော်လည်း သူကလည်း အတော်အတန်ကြီးမားသည့် ရိုက်ချက်တစ်ခုနှင့် ကြုံတွေ့လိုက်ရ၏။

“ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ရှစ်ခုက သေးငယ်တဲ့ကိစ္စ မဟုတ်ဘူး”

လင်းကျန့်က တည်တံ့စွာ ပြောလိုက်၏။

“ရှေးဟောင်းခေတ်ကတည်းက ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ရှစ်ခုရဲ့ ရိုက်ခတ်မှုကို ဘယ်သူကမှ သူတို့ရဲ့ ကိုယ်ကာယနဲ့ မခုခံနိုင်ခဲ့ကြဘူး”

အင်မော်တယ်ဘုရင်မ လင်းလုံက ပြောလိုက်၏။

“အရင်တုန်းက ရှင်က ကောင်းကင်ဘုံကပ်ဘေး ရှစ်ခုရဲ့ ထိတွေ့ရိုက်ခတ်မှုနဲ့ ဒဏ်ရာအပြင်းအထန်ရပြီး သေလုမတတ်ဖြစ်ခဲ့ရတယ်… အဲဒီတုန်းက အခြေအနေကို မမေ့နိုင်သေးဘူး”

လေထဲမှ ဆူဇီမိုသည် ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲ ပထမဆုံးရှစ်ခု၏ စွမ်းအားကို ချေဖျက်နေသည့်အလား လေထဲမှာ မတ်တတ်ရပ်နေ၏။

ဖြောင်း…

ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ရှစ်ခုသည် သူ့ကို အသက်ရှုခွင့်မပေးဘဲ ဒုတိယမြောက် ကောင်းကင်ဘုံကပ်ဘေးက ချက်ချင်းပင် ရောက်ရှိလာ၏။

ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏ ပင်ကိုနတ်ဘုရားစွမ်းအား၊ အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားကို ဆင့်ခေါ်လိုက်၏။

သူ၏ နောက်ဘက်မှာ ကျောက်စိမ်းဖြူရောင် ဆင်စွယ်ခြောက်ချောင်းက သူ၏ အသားများကြားကနေ လျင်မြန်စွာ တိုးထွက်လာလေသည်။ သူတို့က ထက်ရှ၍ စွမ်းအားကြီးမားသော ရှေးဟောင်းအော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။

ဆူဇီမို၏ အသားနှင့် အမြုတေစိတ်ဝိညာဉ်က ခွန်အားခြောက်ဆ ချက်ချင်းပင် တိုးလာခဲ့၏။

“အား…”

လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မ လင်းလုံက အံ့အားတသင့် ရေရွတ်လိုက်ကြ၏။

ဆူဇီမို၏ နောက်ဘက် ဆင်စွယ်ခြောက်ချောင်း၏ အောက်ဘက်မှာ နောက်ထပ် ဆင်စွယ်နှစ်ချောင်းက ခပ်ရေးရေး ပေါ်ထွက်နေသည်ကို သူတို့က ရှင်းလင်းစွာ တွေ့မြင်နေရ၏။

သို့သော်လည်း ထိုဆင်စွယ်နှစ်ချောင်းသည် အလွန်တရာ နုနယ်သေးပြီး ပုံရိပ်ယောင်များသာ ဖြစ်လေသည်။ သူတို့သည် ဆင်စွယ်ခြောက်ချောင်းကို လုံးဝ မယှဉ်နိုင်သေးပေ။

အဲဒီမှာ နောက်ထပ် ဆင်စွယ်အပိုနှစ်ချောင်းသာ ရှိလာသော်လည်း ဆူဇီမိုက ထူးဆန်းသော အော်ရာတစ်ခုကို ဖြာထုတ်လာခဲ့၏။

“အနှိုင်းမဲ့ နတ်ဘုရားစွမ်းအားလား”

လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မ လင်းလုံက တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး တစ်ယောက်စဉ်းစားနေသည့်အရာကို တစ်ယောက်ပြောနိုင်ကြလေသည်။

ထိုပင်ကိုနတ်ဘုရားစွမ်းအားသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု၏ ကနဦးပုံစံနှင့် ထိတွေ့မိနေပြီဖြစ်သည်။

တကယ်တော့ ဆူဇီမိုသည် နတ်ဆင်အသက်ရှုခြင်းနည်းစနစ်ကို ရရှိခဲ့ပြီးနောက် သူသည် တံခါးပိတ်ကျင့်ကြံသည့်အချိန်တိုင်း အဲဒါကို ကောက်ချက်ချဆင်ခြင်နေခဲ့၏။

အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားသည် နတ်ဆင်အသက်ရှုခြင်းနည်းစနစ်နှင့် ပေါင်းစည်းသွားပြီးနောက် ထိုပင်ကိုနတ်ဘုရားစွမ်းအားက တဖြည်းဖြည်း အသွင်ပြောင်းလဲလာနေ၏။

သို့သော်လည်း သူ့ကျင့်ကြံမှုနယ်ပယ်၏ ကန့်သတ်မှုကြောင့် ဆူဇီမိုသည် ၎င်းကို အပြည့်အဝ နားလည်ဆင်ခြင်နိုင်ခြင်း မရှိသေးဘဲ အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားက ယခုအချိန်ထိ ဆင့်ကဲအသွင်ပြောင်းလဲခြင်း မရှိသေးပေ။

ထိုပင်ကိုနတ်ဘုရားစွမ်းအားသည် ဆင်စွယ်ရှစ်ချောင်း နတ်ဘုရားစွမ်းအားအဖြစ် အသွင်ပြောင်းသွားမည်ဆိုလျှင် ၎င်းသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု၏ အဆင့်ကို ရောက်ရှိလာဖို့ အခွင့်များလေသည်။

ဘုန်း…

အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အား၏ အကူအညီနှင့်အတူ ဆူဇီမိုသည် သူ၏ လက်ကို နောက်တစ်ဖန်မြှောက်ပြီး ဆင်းသက်လာသော ကောင်းကင်ဘုံကပ်ဘေးကိုးခု၏ ရှစ်ခုထဲမှ ဒုတိယမြောက် ကောင်းကင်ဘုံကပ်ဘေးကို ခြေမွှဖျက်ဆီးပစ်လိုက်၏။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် အဋ္ဌမအဆင့်၏ ပထမဆုံး ကောင်းကင်ဘုံကပ်ဘေးနှစ်ခုကို သူ၏ ကိုယ်ကာယဖြင့် ခံယူလိုက်၏။

ထို့နောက် ချက်ချင်းပင် တတိယမြောက် ကောင်းကင်ဘုံကပ်ဘေးက ဆင်းသက်လာခဲ့၏။

“စိတ်ဝိညာဉ်လိပ်ဒိုင်းကာ”

ဆူဇီမိုက နောက်ထပ် ပင်ကိုနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်လေသည်။ ၎င်းသည် သူ၏ အသန်မာဆုံးနီးပါး ခံစစ်အား ဖြစ်လေသည်။

ဘုန်း…

ကမ္ဘာတုန်လောက်သော ပေါက်ကွဲသံနှင့်အတူ စိတ်ဝိညာဉ်လိပ်ဒိုင်းကာက ကြေမွသွား၏။ သူ့ပင်ကိုနတ်ဘုရားစွမ်းအားနှစ်ခု၏ အားဖြည့်ထောက်ပံ့မှုအပေါ် မှီခိုပြီး ဆူဇီမိုသည် ဒီရေလှိုင်းကို ဆန်တက်ကာ ကောင်းကင်ထက်ရှိ ကပ်ဘေးတိမ်ဆိုင်များနှင့် နီးသထက် နီးကပ်လာ၏။

ဖြောင်း…

လေးခုမြောက် ကောင်းကင်ဘုံကပ်ဘေးက ဆင်းသက်လာခဲ့၏။

“မဟာဝရဇိန် လှည်းဘီးချိပ်စည်း”

“မဟာမြင်းမိုရ်တောင်ချိပ်စည်း”

ဗုဒ္ဓကျောင်းတော်များ၏ အန္တိမဓမ္မချိပ်စည်းနှစ်ခုက ဆက်တိုက် ပေါက်ကွဲထွက်ပေါ်လာ၏။ ကပ်ဘေးတိမ်စိုင်များထက်ကနေ အလွန်ကြီးမား၍ ခမ်းနားသော တောင်တစ်လုံးက ဆင်းသက်လာပြီး သူတို့ကို ခြေမွှဖျက်ဆီးပစ်လိုက်သည့်အလားပင်။

သို့သော်လည်း ကောင်းကင်ဘုံကပ်ဘေးက ပြီးဆုံးမသွားပေ။ ကပ်ဘေးတိမ်စိုင်များက ကြေမွသွားစဉ် သူတို့က နောက်တစ်ဖန် လျင်မြန်စွာ စုစည်းလာခဲ့၏။

ဖြောင်း…

ငါးခုမြောက် ကောင်းကင်ဘုံကပ်ဘေးက ဆင်းသက်လာခဲ့၏။

“သတ်ဖြတ်ခြင်း စကားလုံး ပညာရပ်”

“လောင်ကျွမ်းကောင်းကင်ဆူပွက်ပင်လယ်”

“ပါရမီတံတား”

“ခြေလှမ်းတိုင်းမှာ ကြာပန်း”

“ကြယ်ခူးဆွတ်လက်”

ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်က ကြောက်စရာကောင်းပြီး အလွန်တရာ သိပ်သည်းကျစ်လျစ်လာကာ အန္တိမနတ်ဘုရားစွမ်းအားငါးခုကို ဆက်တိုက်ထုတ်ဖော်လိုက်၏။

ချက်ချင်းပင် မြေပြင်က လှုပ်ခါ၍ ရာသီဥတုက ပြောင်းလဲသွား၏။

ဘန်း… ဘန်း… ဘန်း…

အန္တိမနတ်ဘုရားစွမ်းအား ငါးခုက ကောင်းကင်ထက်သို့ တလိပ်လိပ် ထိုးတက်သွား၏။

သူတို့သည် ငါးခုမြောက် ကောင်းကင်ဘုံကပ်ဘေးကို ခြေမွှဖျက်ဆီးပစ်လိုက်ရုံသာမက သူတို့သည် ကပ်ဘေးတိမ်စိုင်များကြား တိုးဝင်ပြီး သူတို့ကို နောက်တစ်ဖန် မွှေနှောက်ပစ်လိုက်၏။

လင်းကျန့်က တုန်လှုပ်သွား၏။

သူ၏ အမြုတေစိတ်ဝိညာဉ်အရ သူသည် အန္တိမနတ်ဘုရားစွမ်းအား သုံးခုကို ဆက်တိုက်ထုတ်ဖော်ပြီးနောက် သူ၏ အကန့်အသတ်သို့ ရောက်ရှိလုနီးပါး ဖြစ်သွားပေလိမ့်မည်။

သူက စတုတ္ထမြောက် အန္တိမ နတ်ဘုရားစွမ်းအားကို အတင်းအကျပ် ထုတ်ဖော်မည်ဆိုလျှင် သူ၏ အမြုတေစိတ်ဝိညာဉ်က ထိခိုက်ဒဏ်ရာတချို့ ရရှိသွားနိုင်၏။

သူသည် အန္တိမ နတ်ဘုရားစွမ်းအား ငါးခုကို ဆက်တိုက်ထုတ်ဖော်မည်ဆိုလျှင် သူ၏ အမြုတေစိတ်ဝိညာဉ်က အရင်ဆုံး လဲပြိုကျသွားပေလိမ့်မည်။

ဖြောင်း…

ကပ်ဘေးတိမ်စိုင်များက နောက်တစ်ဖန် ဆင်းသက်လာပြီး ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲ ရှစ်ခု၏ ဆဋ္ဌမမြောက် ကောင်းကင်ဘုံကပ်ဘေးက ဆင်းသက်လာခဲ့၏။

“ကျားဖြူ အလောင်းသိမ်းယူခြင်း”

ဆူဇီမို၏ ခန္ဓာကိုယ်က သွေးမြူခိုးတစ်ခုနှင့် ဆိုးယုတ်ချီနှင့်အတူ ပြည့်နှက်လာပြီး သူက အနောက်ဘက်အရပ်သို့ လက်ညှိုးထိုးလိုက်၏။

“ဝေါင်း…”

ကျယ်လောင်သော ဟိန်းဟောက်သံနှင့် ပြင်းထန်ကြမ်းတမ်းသော လေအဟုန်နှင့်အတူ တွဲဖက်၍ ကြီးမားသော ကျားဖြူအထွတ်အမြတ်တောကောင်က အနောက်ဘက်အရပ်ကနေ ပေါ်ထွက်လာပြီး ဆဋ္ဌမမြောက် ကောင်းကင်ဘုံကပ်ဘေးကို တစ်လုတ်တည်း ဝါးမြိုလိုက်လေသည်။

ထို့နောက် ကျားဖြူအထွတ်အမြတ်တောကောင်သည် ကပ်ဘေးတိမ်စိုင်များကြား ဒုန်းစိုင်းပြေးဝင်သွားလေသည်။

ကျားဖြူအထွတ်အမြတ်တောကောင်၏ ထိတွေ့ရိုက်ခတ်မှုအောက်မှာ ကပ်ဘေးတိမ်စိုင်များက စုဖွဲ့မှု များစွာနှေးကွေးသွားလေသည်။

ဆူဇီမို၏ ပုံရိပ်က ဆက်လက်၍ မြင့်တက်လာနေ၏။

ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲမှာ ရှစ်ခု၏ ထပ်တလဲလဲ တိုက်ခိုက်မှုများသည် သူ့ကို လုံးဝမတားဆီးနိုင်ပေ။

ဖြောင်း…

ခုနစ်ခုမြောက် ကောင်းကင်ဘုံကပ်ဘေးက ဆင်းသက်လာခဲ့၏။

“ကောင်းကင်ရဲ့ သတ်ဖြတ်ခြင်း စိတ်ဆန္ဒ ထွက်ပေါ်လာတဲ့အခါ ကြယ်တွေက နဂိုနေရာကနေ ရွေ့လျားကုန်လိမ့်မယ်”

“ကမ္ဘာမြေရဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပေါ်ထွက်လာတဲ့အခါ နဂါးမြွေတို့ ပေါ်ထွက်လာလိမ့်မယ်”

“လူသား သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ထွက်ပေါ်လာသည့်အခါ ကောင်းကင်နဲ့မြေကြီးက လဲပြိုကျလိမ့်မယ်”

ကောင်းကင်သတ်ဖြတ်ခြင်း၊ ကမ္ဘာမြေသတ်ဖြတ်ခြင်းနှင့် လူသားသတ်ဖြတ်ခြင်း ဓားပညာရပ်တို့ကို တစ်ချိန်တည်းမှာ ထုတ်ဖော်လိုက်၏။

ဘီလီယံနှင့်ချီသော ဓားချီများက ကောင်းကင်ထက်သို့ တလိပ်လိပ် ထိုးတက်သွားလေသည်။

မရေမတွက်နိုင်သော ကြယ်များက ကြယ်အလင်းရောင်နှင့် ဓားအလင်းတန်းများနှင့်အတူ ကောင်းကင်ထက်မှာ ပေါ်ထွက်လာ၏။

နဂါးနှင့်မြွေက လှည့်ပတ်၍ လေနှင့်မိုးကို ဆင့်ခေါ်လိုက်၏။

လူသားသတ်ဖြတ်ခြင်းဓားပညာရပ်၏ ဓားစိတ်ဆန္ဒက လောကကို ချာချာလည်လာစေလေသည်။

All Chapters