← Chapters

ချင်းဖျင်ဓား

Vol. 179 Ch. 2682

ချင်းဖျင်ဓား

Vol. 179 Ch. 2682

“ဒါက…”

လင်းလေ၏ မျက်လုံးများက တုန်လှုပ်စွာဖြင့် ပြူးကျယ်သွားပြီး မယုံကြည်နိုင်စွာ အံ့အားတသင့် ရေရွတ်လိုက်၏။

“ဖန်တီးခြင်းကြာပဒုမ္မာ”

ဖန်တီးခြင်းကြာပဒုမ္မာကသာ လောကမှာ ဤကဲ့သို့သော စွမ်းပကားကို ပိုင်ဆိုင်နိုင်သည်။

ထိုမျှသာမက ၎င်းသည် ၎င်း၏ အထွတ်အထိပ်အထိ ကြီးပြင်းလာခဲ့ပြီးဖြစ်သော အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာတစ်ခု ဖြစ်သည်။

ဆူဇီမို၏ အသိစိတ်ထဲမှာ တဖျပ်ဖျပ်တလက်လက် တာအိုသစ်သီးတစ်လုံးက စုဖွဲ့လာခဲ့၏။ ၎င်းသည် လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်များနှင့်အတူ စီးဆင်းနေပြီး အတော်လေး ရှုပ်ထွေးသော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။

မီးပဒေသာကျောက်တုံးနှင့် တမလွန်ကျောက်တုံးတို့က ယင်နှင့်ယန်၏ စွမ်းအားကို ထုတ်ဖော်ပြီး သူ့ဓမ္မတာအို၏ အမြုတေများအားလုံးကို တာအိုသစ်သီးထဲသို့ ထည့်သွင်းပေါင်းစည်းနေ၏။ ထိုသို့ဖြင့် သူ့ကို ပကတိဧကနယ်ပယ်သို့ တက်လှမ်းလာစေလေသည်။

တစ်ချိန်တည်းမှာပင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် သူ၏ အသွင်ပြောင်းလဲမှုကို ပြီးမြောက်စေပြီး ပြန်လည်မွေးဖွားလာကာ အဆင့်-၁၂၏ အထွတ်အထိပ်အထိ ကြီးပြင်းလာခဲ့၏။

ဆူဇီမို၏ သွေးချီက တလိပ်လိပ်ထိုးတက်လာ၏။

မြင့်မားသော သက်ရှိ၏ ရန်စမှုမှာ သူသည် ၎င်းကို လုံးဝ မဖိနှိမ်နိုင်ခဲ့ဘဲ သူ၏ မျိုးဆက်သွေးနယ်မြေကို လုံးလုံးလျားလျား ထုတ်ဖော်ခဲ့ရ၏။

ထို့ကြောင့်ပင် ဤကဲ့သို့ တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုက တောင်ကြားထဲမှာ ပေါ်ထွက်လာခြင်းဖြစ်သည်။

လောကတွင် ဖန်တီးခြင်းကြာပဒုမ္မာက တစ်ခုတည်းသာရှိပြီး အပင်သက်ရှိများအကြားမှာ နတ်ဘုရားဖြစ်လေသည်။

မြင့်မားသော သက်ရှိ၏ ထိတွေ့ရိုက်ခတ်မှုမှာ ဖန်တီးခြင်းကြာပဒုမ္မာက အဆက်မပြတ် ယိမ်းထိုး၍ အစိမ်းရောင် ရောင်လျှံစက်ဝန်းများကို ထုတ်ဖော်ကာ မြင့်မားသော သက်ရှိကို ဒဏ်ရာများဖြင့် ပြည့်နှက်သွားစေ၏။

တစ်ချိန်တည်းမှာပင် အဆင့်-၁၂ ကြာခုံက ကပ်ဘေးတိမ်စိုင်များကြားမှာ ဖူးပွင့်လာခဲ့ပြီဖြစ်၏။

ရောင်စုံအလင်းတစ်ခုက ကပ်ဘေးတိမ်စိုင်များကို ပြန့်ကျဲသွားစေ၏။ မြင့်မားသော သက်ရှိသည် သူ၏ စွမ်းအင်အထောက်အပံ့ကို ဆုံးရှုံးသွားရပြီဖြစ်ပြီး ၎င်းရှုံးနိမ့်ရဖို့က အချိန်တစ်ခုသာ လိုတော့၏။

ထိုစဉ်မှာပင် ထက်ရှသော အစိမ်းရောင်အလင်းတစ်ခုက ဖန်တီးခြင်းကြာပဒုမ္မာ၏ ကိုယ်ထဲကနေ ပေါက်ကွဲထွက်ပေါ်လာပြီး လေဟာနယ်ကို ဆုတ်ဖြဲကာ မြင့်မားသော သက်ရှိကို ခုတ်ပိုင်းချလိုက်၏။

အစိမ်းရောင်အလင်း၏ ထက်ရှမှုက အရမ်းကို သန်မာလွန်းသည်။

လင်းကျန့်နှင့် အခြားသုံးယောက်၏ ရှေ့မှာ လောကတစ်ခုလုံးက အစိမ်းရောင်အလင်းဖြင့် နှစ်ပိုင်းလှီးဖြတ်ခံလိုက်ရသည့်ပုံပင်။

ဟား…

အစိမ်းရောင်အလင်းက မြင့်မားသော သက်ရှိပေါ်သို့ ဆင်းသက်သောအခါ ၎င်းသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်းပင် ဝင်ရောက်ပြီး ပျောက်ကွယ်သွား၏။

ရုတ်တရက် လောကက တည်ငြိမ်မှုကို ပြန်လည်ရရှိလာ၏။

ကောင်းကင်ထက်ရှိ ကပ်ဘေးတိမ်စိုင်များကလည်း တဖြည်းဖြည်း ပျက်ပြယ်သွားကြသည်။

ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်ထားသည့် အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာက တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ ဆူဇီမို၏ ပုံရိပ်က အနက်ရောင်ဆံပင်နှင့် အစိမ်းရောင်ဝတ်ရုံနှင့်အတူ ပြန်လည်ပေါ်ထွက်လာ၏။ သူ၏ မျက်လုံးများက ကြည်လင်ရှင်းလင်းနေပြီး သူသည် အစိမ်းရောင်အလင်းဖြင့် ပြည့်နှက်နေသည့် ဓားရှည်တစ်လက်ကို ကိုင်စွဲထား၏။

မြင့်မားသော သက်ရှိက မလှုပ်မယှက်ရှိနေ၏။

ရုတ်တရက်ဆိုသလို…

မြင့်မားသော သက်ရှိ၏ ခန္ဓာကိုယ်က နှစ်ပိုင်းကွဲထွက်သွားပြီး လေထဲကနေ ဖြည်းဖြည်းချင်း လျှောကျလာခဲ့၏။

မြင့်မားသော သက်ရှိသည် ယခုတင် ဆူဇီမိုနှင့် အတန်ကြာအောင် တိုက်ခိုက်ခဲ့၏။ သူသည် အာဒိကပ္ပသမဂ္ဂ မြင်းမြီးကျာပွတ်၊ သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးနှင့် အမြီးကိုး‌ချောင်း နဂါးဖီးနစ်ယပ်တောင်တို့ဖြင့် တိုက်ခိုက်ခံခဲ့ရစဉ်မှာတောင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ခြင်း မရှိပေ။

သို့သော် ယခုအခါ သူသည် ဆူဇီမိုထံမှ ဓားချက်တစ်ချက်ဖြင့် နှစ်ပိုင်းကွဲထွက်သွား၏။

ဇီ…ဇီ…

လင်းလေ၏ အကြည့်က ရွေ့လျားသွားပြီး ဆူဇီမို၏ လက်ထဲရှိ အစိမ်းရောင်ဓားအပေါ် ဆင်းသက်ရောက်ရှိသွား၏။

“ဘယ်လောက်တောင် စွမ်းအားကြီးမားတဲ့ စိတ်ဝိညာဉ်ရတနာလဲ”

လင်းလေက တိတ်တဆိတ် ဆွံ့အသွား၏။

ထိုအစိမ်းရောင်ဓားသည် သာမန်ကပ်ဘေးကိုးခုသန့်စင်ယန် စိတ်ဝိညာဉ်ရတနာများထက်ပင် ပိုမိုသန်မာနေပုံရသည်။ ၎င်း၏ ထက်ရှမှုသည် နတ်ဘုရားလက်နက်များနှင့် ဓမ္မရတနာများ ခုခံနိုင်သော တစ်စုံတစ်ရာ မဟုတ်ပေ။

ဆူဇီမိုသည် ပကတိဧကနယ်ပယ်သို့ ယခုမှ ဝင်ရောက်လာခါစဖြစ်သော်လည်း သူက ထိုဓားကို ကိုင်စွဲထားသည်နှင့်အမျှ လင်းလေသည်ပင် သူ့ကို စိုးရိမ်ထိတ်လန့်ရပေမည်။

အတွေးတစ်ချက်နှင့်အတူ ဆူဇီမို၏ လက်ထဲရှိ အစိမ်းရောင်ဓားက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီး ပျောက်ကွယ်သွား၏။

ဤအရာသည် အဆင့်-၁၂သို့ ချိုးဖျက်တက်လှမ်းစဉ် ဖန်တီးခြင်းကြာပဒုမ္မာကနေ ဆင်းသက်လာသော စတုတ္ထမြောက် ဓမ္မရတနာ ချင်းဖျင်ဓား ဖြစ်လေသည်။

ချင်းဖျင်ဓားသည် ကြာစေ့ ၁၀၈ ခုကနေ စုဖွဲ့ထားသော အစိမ်းရောင်ကြာပန်းဓားကို အရင်းခံကာ ဖြစ်ပေါ်လာပြီး ဓားတစ်လက်၏ ပုံစံမှာ ရှိလေသည်။

ချင်းဖျင်ဓားသည် အစိမ်းရောင်ကြာပန်းဓား၏ အမြုတေစိတ်ဝိညာဉ်တိုက်ခိုက်မှုကို ဆက်ခံရရှိခဲ့ရုံသာမက ၎င်းသည် မဟာရတနာသုံးခုကြားမှ အသန်မာဆုံး သတ်ဖြတ်စွမ်းအားနှင့် နတ်ဘုရားလက်နက်တစ်ခုလည်း ဖြစ်လေသည်။

ဆူဇီမိုသည် အဆင့်-၁၂ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာထဲရှိ ပြောင်းလဲမှုကို အာရုံခံမိသောအခါ ကျေနပ်နှစ်ခြိုက်သွား၏။

သူသည် နောက်ပိုင်းမှာ ခေါင်းလေးလုံး လက်ရှစ်ဖက်၏ အန္တိမနတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်နိုင်မည်ဆိုလျှင် ကောင်းကင်ဘုံကိုးလွှာသက်ရှိမြေဆီလွှာ၊ သုံးပါးရတနာကျောက်စိမ်းတောင်ဝှေး၊ အာဒိကပ္ပသမဂ္ဂ မြင်းမြီးကျာပွတ်၊ ချင်းဖျင်ဓားနှင့် အမြီးကိုး‌ချောင်း နဂါးဖီးနစ်ယပ်တောင်တို့အတွက် အဲဒါက ပြီးပြည့်စုံလာပေလိမ့်မည်။

သူ၏ တိုက်ခိုက်ရည်ခွန်အားကလည်း နောက်ထပ်တစ်ဆင့်သို့ သေချာပေါက် မြင့်တက်လာပေမည်။

ဆူဇီမိုသည် ချက်ချင်းထွက်ခွာမသွားပေ။ ထိုအစား သူက သုန်မှုန်နေသော အမူအရာဖြင့် ကောင်းကင်ထက်ကို မမှိတ်မသုန်စိုက်ကြည့်နေ၏။

ဒသမကပ်ဘေးတစ်ခု ပေါ်ထွက်လာမှာကို သူက စိုးရိမ်ပူပန်နေ၏။

အတန်ကြာ စောင့်ဆိုင်းပြီးနောက် လောကက ခါတိုင်းလို တည်ငြိမ်မှုကို ပြန်လည်ရရှိလာပြီး ကောင်းကင်ဘုံကပ်ဘေးတိမ်စိုင်များ စုစည်းလာမည့် မည်သည့်လက္ခဏာမှ ပြသမလာခဲ့ပေ။

ထိုအခါမှသာ သူက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

ကြည့်ရသည်မှာ ဒသမကပ်ဘေးကလည်း မူကွဲတစ်ခုဖြစ်ပုံရသည်။

သိုင်းတာအိုပင်မခန္ဓာ၏ ပေါ်ထွက်လာမှုကြောင့် မူကွဲဖြစ်သော ဒသမကပ်ဘေးက ပေါ်ထွက်လာခဲ့ခြင်းပင်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် လောကမှာ တစ်ခုတည်းသာရှိသော်လည်း ၎င်းသည် အမြဲတမ်းတည်ရှိခဲ့ပြီး သုံးဘုံလောက၏ ကန့်သတ်မှုများကနေ မလွတ်မြောက်နိုင်ပေ။

ပြောရမည်ဆိုလျှင် ဒသမကပ်ဘေးက ယခုအချိန်မှာ ဆင်းသက်လာမည်ဆိုလျှင်တောင် ဆူဇီမိုက အကြောက်အလန့်မရှိပေ။ အလွန်ဆုံး သူက နောက်တစ်ကြိမ်တိုက်ခိုက်ရုံသာ ဖြစ်လေသည်။

ယခု သူသည် ပကတိဧကနယ်ပယ်သို့ ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အဆင့်-၁၂၏ အထွတ်အထိပ်ထိ ကြီးပြင်းလာခဲ့ပြီဖြစ်ကာ သူသည် နတ်ဘုရားလက်နက်ငါးခုကို ကိုင်စွဲထားပြီး ဒသမကပ်ဘေးနှင့်ပင် ဆန့်ကျင်တိုက်ခိုက်နိုင်လေသည်။

ထိုစဉ်မှာပင် တစ်ဝက်တစ်ပျက်မှတ်ဉာဏ်တစ်ခုက ဆူဇီမို၏ စိတ်ထဲသို့ ပြတ်တောင်းပြတ်တောင်းဖြင့် တိုးဝင်လာခဲ့၏။

ဆူဇီမိုက ဆတ်ခနဲ တုန်ယင်သွားပြီး သူ၏ မျက်လုံးနှစ်ဖက်က ပြူးကျယ်သွား၏။

ကြေမွပျက်စီး၍ တိတ်ဆိတ်ခြောက်ကပ်နေသော ကုန်းမြေမှာ ကောင်းကင်ထက်တွင် သွေးများက လွင့်မျောနေပြီး သူ၏ ခြေရင်းမှာ အလောင်းများက ပုံထပ်နေ၏။ သန်းပေါင်းများစွာသော သက်ရှိများ၏ ပူဆွေးငိုကြွေးသံများကို ကြားနေရသည့်အလားပင်။

အရာရာတိုင်းက ပျောက်ကွယ်လာနေ၏။

အရာရာတိုင်းက ဖျက်ဆီးခံနေရ၏။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများနှင့် လောကမှာရှိသော အရာရာတိုင်းသည် နေရာအနှံ့ကနေ ဝင်ရောက်လာသော ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့နေရပြီး မည်သူကမှ မလွတ်မြောက်နိုင်ကြပေ။

သူ့ရှေ့မှာ သူသည် ငရဲခန်းတစ်ခုကဲ့သို့ ဝေဝါးနေသော ကမ္ဘာဖျက်မြင်ကွင်းတစ်ခုကို တွေ့မြင်နေရ၏။

ရုတ်တရက် တားဆီးမရနိုင်သော အင်အားတစ်ခုက သူ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ပြီး လေဟာနယ်ထဲမှာ ပြန့်ကြဲသွားသလို ခံစားလာရ၏။

သိပ်သည်းပြင်းထန်သော နာကျင်မှုက သူ့ခန္ဓာကိုယ်ကို အထိန်းအကွပ်မဲ့စွာ တုန်ယင်လာစေ၏။

တောင်ကြား၏ အစပ်မှာ…

ဆူဇီမိုက ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်ကို တွေ့ရသောအခါ လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မ လင်းလုံတို့က စိတ်သက်သာစွာ သက်ပြင်းချပြီး ကျေနပ်အားရသော အပြုံးများနှင့်အတူ အကြည့်ချင်းဖလှယ်လိုက်ကြ၏။

အင်မော်တယ်ဘုရင်မ လင်းလုံက ပြောလိုက်၏။

“ရှေးဟောင်းခေတ်အဆက်ဆက်ကတည်းက ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုကို ဆွဲဆောင်နိုင်ခဲ့ကြတဲ့ ပြန်ဝင်စားမွန်းစတားတွေ အတော်များများ ရှိခဲ့တယ်… ဒါပေမဲ့ ဇီမိုတစ်ယောက်ကပဲ ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုကို ဒီလောက်အထိ သက်သောင့်သက်သာနဲ့ ဖြတ်ကျော်နိုင်မယ်ထင်တယ်”

အင်မော်တယ်ဘုရင်မ လင်းလုံက ချဲ့ကားပြောဆိုနေခြင်း လုံးဝမဟုတ်ပေ။

ပြန်ဝင်စားမွန်းစတား အများစုသည် ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုမှာ ရှင်သန်နိုင်မည်ဆိုလျှင်တောင် သူတို့သည် အသက်ငွေ့ငွေ့သာ ကျန်ရစ်ခဲ့ပေလိမ့်မည်။

ထို့ကြောင့်ပင် ကျင့်ကြံသူများက ပကတိဧကနယ်ပယ်သို့ တက်လှမ်းသည့်အခါ ပညာရှင်များစွာက စောင့်ကြပ်ပေးရခြင်းဖြစ်လေသည်။

အရင်တုန်းက သိုင်းတာအိုပင်မခန္ဓာသည်ပင် ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုကို ကျော်ဖြတ်ပြီးနောက် စွမ်းအင်အမြောက်အများကို ကုန်ဆုံးစေခဲ့ရ၏။

လင်းကျန့်က ခေါင်းညိတ်ပြလိုက်၏။

“ပကတိဧက ကောင်းကင်ဘုံကပ်ဘေးမှာ ဒသမမြောက်ကပ်ဘေးဆိုတာ ရှိတယ်လို့ ငါကြားထားတယ်… ကြည့်ရတာတော့ ဒသမကပ်ဘေးက ဆင်းသက်လာမယ်ဆိုရင်တောင် ဇီမိုက ရှင်သန်နိုင်လိမ့်မယ်”

သူတို့နှစ်ယောက်က အပြန်အလှန်ပြောဆိုနေစဉ် လင်းလောက ရုတ်တရက်ပြောလိုက်၏။

“အဖေ… အမေ… ကြည့်ပါဦး… အစ်ကိုဆူက ဘာဖြစ်နေတာလဲ”

လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မ လင်းလုံက အလောတကြီး လှမ်းကြည့်လိုက်ကြ၏။

ဆူဇီမိုသည် ကြောက်စရာကောင်းသော တစ်စုံတစ်ရာကို တွေ့မြင်နေရသည့်အလား လေထဲမှာ ပြူးကျယ်နေသော မျက်လုံးများဖြင့် မတ်တတ်ရပ်နေ၏။ သူ၏ မျက်လုံးအနက်ပိုင်းထဲမှာ ကြောက်ရွံ့မှုနှင့် နာကျင်မှုက တဖျပ်ဖျပ်ပေါ်ထွက်နေ၏။

ထို့နောက်ချက်ချင်းပင် ဆူဇီမို၏ ခန္ဓာကိုယ်က အဆက်မပြတ် တုန်ယင်လာခဲ့၏။

သူ၏ ခန္ဓာကိုယ်က ကိုင်းညွှတ်သွားလေသည်။

သူသည် မည်ကဲ့သို့သော နာကျင်မှုကို တွေ့ကြုံဖြတ်သန်းနေရသလဲ မသိရပေ။ သို့သော်လည်း သူသည် ဖြူဖျော့နေသော မျက်နှာနှင့်အတူ အကြောများပင် ဆွဲနေပြီး ချွေးများက တပေါက်ပေါက်ကျဆင်းနေ၏။

“ဒါက…”

ဤသည်ကိုကြည့်ပြီး လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မ လင်းလုံက စိုးရိမ်ပူပန်၍ တွေဝေရှုပ်ထွေးလာကြ၏။

ဆူဇီမိုသည် မည်ကဲ့သို့သောအရာနှင့် ကြုံတွေ့နေရသလဲ သူတို့က မသိရှိဘဲ မဆင်မခြင် ရှေ့ကို မတက်လှမ်းရဲပေ။

“အဲဒါက ဒသမမြောက်ကပ်ဘေး ဖြစ်နိုင်မလား”

ဆူဇီမိုက ဒသမမြောက်ကပ်ဘေးနှင့် ကြုံတွေ့နေရသည်ဆိုလျှင် သူတို့က မဆင်မခြင် ရှေ့သို့တက်လှမ်းသွားပါက ဒသမမြောက်ကပ်ဘေးကို ပိုမိုပြင်းထန်ကြမ်းတမ်းစေပြီး ဆူဇီမိုကို ပျက်စီးထိခိုက်စေပေလိမ့်မည်။

သို့သော်လည်း အဲဒါက ဒသမမြောက်ကပ်ဘေး မဟုတ်ဘူးဆိုလျှင် ဆူဇီမိုက ဘယ်အရာနှင့် ကြုံတွေ့နေတာ ဖြစ်နိုင်မလဲ…။

သူက အန္တရာယ်တစ်ခုခု ရှိနေသလား…။

All Chapters