အထီးကျန်သိုင်းသခင်၏ အစစ်အမှန် ရုပ်ရည်သွင်ပြင်
Vol. 179 Ch. 2685
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ် အမွေခံကုန်းမြေမှာ…
လိုဏ်ဂူခန်းဝါတစ်ခုမှာ အဆင်တန်ဆာများက ရိုးရှင်းသေသပ်နေပြီး ခပ်ဖျော့ဖျော့ မွှေးရနံ့တစ်ခု ဖြာထွက်နေ၏။
လိုဏ်ဂူခန်းဝါက တိတ်ဆိတ်ငြိမ်သက်နေပြီး ရံဖန်ရံခါ ခပ်ဖျော့ဖျော့ တရွှမ်းရွှမ်းအသံတစ်ခုသာလျှင် ထွက်ပေါ်လာတတ်သည်။ အထဲမှာ ချောမောလှပသော အမျိုးသမီးတစ်ဦးက ထိုင်နေပြီး သူမ၏ ဘေးမှာ စက္ကူတစ်ရွက်တစ်ခု ရှိနေ၏။ သူမသည် စုတ်တံချောင်းကို ကိုင်ထားလျက် ပန်းချီဆွဲခြင်းအပေါ် အာရုံစိုက်ထားလေသည်။
အမျိုးသမီးသည် ပန်းချီတွင် လုံးလုံးလျားလျား နစ်မြောနေပြီး သူမ၏ မျက်လုံးများက ရေကဲ့သို့ ကြည်လင်နေ၏။
အမျိုးသမီး၏ ပခုံးတစ်ဖက်ပေါ်မှာ နှင်းဖြူရောင်လိပ်ပြာတစ်ကောင်က နားနေပြီး ၎င်း၏ တောင်ပံများကို ညင်သာစွာ ခတ်နေ၏။
လူတစ်ယောက်၊ လိပ်ပြာတစ်ကောင်၊ စုတ်တံတစ်လက်နှင့် ပန်းချီကားတစ်ချပ်။
ဤမြင်ကွင်းသည် အစကတည်းက ချို့ယွင်းချက်ကင်းမဲ့သော ပန်းချီကားတစ်ချပ်ဖြစ်နေ၏။
မသိလိုက်မသိဘာသာ အချိန်တစ်ခုကြာသွားပြီးနောက် အမျိုးသမီးက စိတ်သက်သာစွာ သက်ပြင်းချပြီး သူမရှေ့မှ ပန်းချီကားကနေ ရုန်းထွက်လိုက်၏။
“နင် သူ့အကြောင်းကို မစဉ်းစားဖို့ ဆုံးဖြတ်ပြီးသွားပြီ မဟုတ်ဘူးလား… ဘာလို့ အဲဒီလူရဲ့ ရုပ်ပုံကို ရေးဆွဲနေသေးတာလဲ”
ရုတ်တရက် နှင်းဖြူရောင်လိပ်ပြာက လူသားဘာသာစကားဖြင့် ခပ်ဆတ်ဆတ်မေးမြန်းလိုက်၏။
ပန်းချီကားပေါ်တွင် အနက်ရောင်ဆံပင်နှင့် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်ပုံသာ ရှိနေသည်။ သူ့လက်နှစ်ဖက်ကို နောက်ပစ်ထားရုံဖြင့် သူက စွမ်းအားကြီးမားသော အော်ရာတစ်ခုကို ထုတ်ဖော်ထား၏။
စက္ကူရွက်ပေါ်မှာပင်လျှင် သူထုတ်ဖော်ပေးနေသည့် ဖိအားကို ခံစားမိနိုင်ကြပေမည်။
သို့သော်လည်း အနက်ရောင်ဆံပင်နှင့် ခရမ်းရောင်ဝတ်လူနှင့်ပတ်သက်ပြီး ထူးခြားမှုတစ်စုံတစ်ရာ ရှိနေ၏။
သူ၏ မျက်နှာပေါ်မှာ လျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင်မီးတောက်များဖြင့် လောင်ကျွမ်းနေသည့် နက်ရှိုင်းသော မျက်ဝန်းတစ်စုံသာ ရှိလေသည်။
ထိုမျက်ဝန်းတစ်စုံမှလွဲလျှင် တခြားမည်သည့်မျက်နှာသွင်ပြင်ကိုမှ ရေးဆွဲမထားပေ။
ထိုသို့ဆိုလျှင်တောင် ဤပန်းချီကား ပေါ်ထွက်လာသည်နှင့် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှ ကျင့်ကြံသူအများစုသည် ပန်းချီကားထဲကလူက မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်ဖြစ်သည်ကို မှတ်မိသိရှိကြပေလိမ့်မည်။
နှင်းဖြူရောင်လိပ်ပြာ၏ မေးခွန်းကို ကြားသောအခါ အမျိုးသမီးက သူမ၏ ခေါင်းကို အနည်းငယ်ငုံ့ပြီး နှုတ်ဆိတ်နေ၏။
ခဏနေပြီးနောက် သူမက သူမ၏ ခေါင်းကို မော့လိုက်၏။
“မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမတိုင်ခင်က ငါက နတ်ဘုရားတစ္ဆေအင်မော်တယ်မိစ္ဆာပန်းချီကားထဲက မိစ္ဆာရုပ်ပုံကို နားလည်ဆင်ခြင်ခါစဖြစ်ပြီး ပကတိဧကနယ်ပယ်ရဲ့ သုခဘုံလေဟာနယ်ကို တက်လှမ်းလာနိုင်ခဲ့တယ်”
“အဲ့တော့…”
နှင်းဖြူရောင်လိပ်ပြာက စဉ်းစားရခက်နေပြီး ထပ်မံ၍မေးလိုက်၏။
“နင်က နတ်ဘုရားရုပ်ပုံပြီးတော့ တစ္ဆေရုပ်ပုံနဲ့ အင်မော်တယ်ရုပ်ပုံတို့ကိုကျော်ပြီး ဘာလို့ မိစ္ဆာရုပ်ပုံကို အရင်နားလည်ဆင်ခြင်ခဲ့သလဲ ငါနားမလည်ခဲ့ဘူး”
အမျိုးသမီးက သူမ၏ သေးသွယ်သောလက်ကို ဆန့်ထုတ်ပြီး သူမရှေ့မှာရှိသော ပန်းချီကားပေါ်မှာ တင်လိုက်၏။ သူမ၏ လက်ချောင်းများက မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်၏ လစ်လပ်နေသောမျက်နှာကို ညင်သာစွာ ပွတ်သပ်သွားပြီး သူမ၏ လှပသော မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားနေသော အမူအရာတစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။
“အဲဒါက အေးစက်နေတဲ့ ငွေရောင်မျက်နှာဖုံးကြောင့် ဖြစ်လိမ့်မယ်”
အမျိုးသမီးက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ငါက မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ သူ့နဲ့ နောက်တစ်ခါတွေ့ဆုံခဲ့တယ်… ငါက သူ့မျက်လုံးတွေကို နားလည်ဆင်ခြင်ဖို့ မိစ္ဆာရုပ်ပုံရဲ့ဓမ္မတာအိုကို အသုံးချပြီး နောက်ဆုံးမှာ သူ့ရဲ့အစစ်အမှန်ရုပ်ရည်သွင်ပြင်ကို ရေးဆွဲနိုင်ကောင်း ရေးဆွဲနိုင်လိမ့်မယ်”
“ဟမ်”
နှင်းဖြူရောင်လိပ်ပြာက အနည်းငယ် အံ့အားသင့်သွားပြီး မေးလိုက်၏။
“နင်က မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်ရဲ့ အစစ်အမှန်ရုပ်ရည်သွင်ပြင်ကို ရေးဆွဲနိုင်မှာလား”
“ငါ သေချာတော့ မပြောတတ်သေးဘူး”
အမျိုးသမီးက ညင်သာစွာ ခေါင်းခါပြပြီး ခဏမျှရပ်တန့်ပြီးနောက် ပြောလိုက်လေသည်။
“ဒါပေမဲ့ ငါက အဲဒီမျက်လုံးတွေနဲ့ ပတ်သက်ပြီး အလိုလိုသိစိတ်တစ်ခု ရရှိနေတယ်… ငါ အဲဒါကို ကြိုးစားကြည့်နိုင်လောက်တယ်”
“အဲဒါဆိုလည်း ကောင်းတာပေါ့”
နှင်းဖြူရောင်လိပ်ပြာက စိတ်လှုပ်ရှားစွာ ပြန်ပြောလိုက်၏။
“ငါလည်း သိချင်နေတာ… အထီးကျန်သိုင်းသခင်က သူ့ရဲ့မျက်နှာဖုံးအောက်မှာ ဘယ်လိုပုံစံရှိနေမလဲ မသိဘူး”
“သူ့မှာ စိမ်းဖန့်ဖန့်မျက်နှာ၊ အစွယ်တွေနဲ့ ကြမ်းတမ်းတဲ့ ရုပ်ရည်သွင်ပြင် ရှိနေမလား… သူက တခြားလူတွေ ကြောက်လန့်သွားမှာစိုးပြီး မျက်နှာဖုံးတစ်ခုကို အမြဲတမ်းတပ်ထားတာလည်း ဖြစ်နိုင်တာပဲ”
“ဟုတ်ရင်လည်း ဟုတ်မှာပေါ့”
အမျိုးသမီးကလည်း ရယ်မောလိုက်၏။
နှင်းဖြူရောင်လိပ်ပြာက ဆက်ပြောလိုက်၏။
“ဒါနဲ့ ငါတို့က သူ့ရဲ့ရုပ်ရည်သွင်ပြင်ကို ရေးဆွဲနိုင်ပြီး အဲဒီပန်းချီကားကို ဆုတ်ဖြဲလိုက်မယ်ဆိုရင် ငါတို့က သူ့ကို ပေါ်ထွက်လာစေမှာလား”
“ဟင့်အင်း”
အမျိုးသမီးက ခေါင်းခါပြလိုက်၏။
“သူ့ရဲ့ဓမ္မတာအိုက အရမ်းကို လျှို့ဝှက်ဆန်းကြယ်တယ်… ငါ အဲဒါကို မရေးဆွဲနိုင်ဘူး”
အမျိုးသမီး၏ ရင်ထဲမှာ သူမသည် အဲဒါကို ရေးဆွဲနိုင်မည်ဆိုလျှင်တောင် သူမက ထိုသို့ပြုလုပ်ချင်စိတ် မရှိပေ။
သူမ၏ ရင်ထဲတွင် မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်သည် အလွန်တရာ ထူးခြားသော အဆင့်အတန်းတစ်ခု ရှိလေသည်။ သူမသည် ဓမ္မရတနာတစ်ခုဖြစ်လာဖို့ ထိုပန်းချီကားကို ရေးဆွဲလိုခြင်း မရှိပေ။
အမျိုးသမီးက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူမ၏ စုတ်တံကို ပန်းချီကားရှေ့မှာ မြှောက်တင်ပြီးနောက် သူမ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ချလိုက်၏။
သူမသည် မိစ္ဆာရုပ်ပုံ၏ ဓမ္မတာအိုကို အာရုံခံပြီး မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်နှင့် ခရမ်းရောင်မီးတောက်များဖြင့် လောင်ကျွမ်းနေသော သူ၏ မျက်လုံးများကို ပြန်လည်ပုံဖော်ကြည့်နေ၏။ ထိုသို့ဖြင့် သူမသည် သူမ၏ နှလုံးသားထဲရှိ ထူးဆန်းသော ခံစားချက်တစ်ခုနောက်သို့ လိုက်ပါသွားလေသည်။
အမျိုးသမီး၏ လက်ထဲရှိ စုတ်တံက နောက်ဆုံးမှာ ဆင်းသက်သွားပြီး သူမက ပန်းချီကားကို ညင်သာစွာ ရေးဆွဲလိုက်၏။
…..
တက္ကသိုလ်၏ ပို့ဆောင်ရေးဝင်္ကပါမှာ…
ဆူဇီမိုသည် ထောင်ယောင်နှင့်လျှိုဖျင်ကို ပို့ဆောင်ရေးဝင်္ကပါသို့ ပို့ဆောင်ပြီးနောက် သူတို့နှစ်ယောက် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကနေ ထွက်ခွာသွားသောအခါ သူက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
ဆူဇီမိုက ပို့ဆောင်ရေးခန်းမထဲကနေ လျှောက်လှမ်းထွက်လာသည့် ခဏမှာပင် လူနှစ်ယောက်က မလှမ်းမကမ်းကနေ လျှောက်လှမ်းလာပြီး တစ်ခဏချင်းမှာပင် သူ့ရှေ့သို့ ဆင်းသက်လာခဲ့၏။
ဆူဇီမိုက ကြည့်လိုက်လေသည်။
သူတို့နှစ်ယောက်သည် တက္ကသိုလ်ဂိုဏ်းချုပ်၏ တာအိုကလေးငယ်နှစ်ယောက်၊ ကူယွဲ့နှင့် မူရွှမ်ဖြစ်လေသည်။ သူက သူတို့နှစ်ယောက်ကို တစ်ခါသာ မြင်ဖူးခဲ့လေသည်။
“စီနီယာအစ်ကိုဆူ… ကောင်းကင်မြေကြီးနန်းတော်ကို ကျွန်တော်တို့နောက်ကနေ အခုချက်ချင်းလိုက်ခဲ့ပေးပါ… ဂိုဏ်းချုပ်က ခင်ဗျားကို စောင့်နေတာ အတော်ကြာနေပြီ”
ကူယွဲ့က သူ၏ လက်သီးနှစ်ဖက်ကို အနည်းငယ်ယှက်ပြလိုက်၏။
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး ဤမြင်ကွင်းမှာ အံ့အားသင့်သွားခြင်း မရှိပေ။
အစကတော့ သူသည် ယန်လောရှုနှင့် မင်းသမီးသက်တံနီကို နှုတ်ဆက်လိုခဲ့၏။ ကြည့်ရသည်မှာ သူ့မှာ ထိုအခွင့်အရေး မရှိလောက်တော့ပေ။
“သွားကြတာပေါ့”
ဆူဇီမိုက လက်ကာပြပြီး မှင်သေသေဖြင့် ပြောလိုက်၏။
ဆူဇီမိုက တစ်စုံတစ်ရာကို သတိထားမိပုံမရှိသည့်အခါ ကူယွဲ့နှင့် မူရွှမ်က အကြည့်ချင်းဖလှယ်ပြီး အဓိပ္ပာယ်ပါပါပြုံးလိုက်ကြ၏။
သူတို့သုံးယောက်က ကောင်းကင်မြေကြီးနန်းတော်သို့ လျှောက်လှမ်းလာကြလေသည်။
ကူယွဲ့က ပြုံးပြလိုက်၏။
“စီနီယာအစ်ကိုဆူ… ခင်ဗျားက ပကတိဧကနယ်ပယ်ကို ဒီလောက်ထိ မြန်မြန်ဆန်ဆန် တက်လှမ်းသွားလိမ့်မယ်လို့ ကျုပ်မထင်ထားဘူး… ဂုဏ်ယူပါတယ်”
“တကယ်ပဲကိုး”
မူရွှမ်ကလည်း ပြုံးပြလိုက်၏။
“စီနီယာအစ်ကိုဆူ… အခု ခင်ဗျားက ပကတိအင်မော်တယ်တစ်ယောက် ဖြစ်လာပြီဆိုတော့ ခင်ဗျားကို နောက်ထပ်ကြီးမားတဲ့ အခွင့်အလမ်းတစ်ခုက စောင့်ဆိုင်းနေပြီ”
ဆူဇီမိုက တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ ပြုံးနေ၏။
သိပ်မကြာခင် သူတို့သုံးယောက်သည် တက္ကသိုလ်၏ အနက်ပိုင်းသို့ ရောက်ရှိ၍ ကောင်းကင်မြေကြီးနန်းတော်သို့ ရောက်ရှိလာကြလေသည်။
သူတို့သုံးယောက် ရောက်ရှိလာမှုကို အာရုံခံမိသွားသည့်အလား လေထဲမှာရှိသော တိမ်စိုင်များက စုစည်းလာပြီး ကောင်းကင်မြေကြီးနန်းတော်သို့ ဦးတည်နေသည့် တိမ်စိုင်တံတားတစ်စင်းကို ဖြစ်ပေါ်လာစေ၏။
သူတို့သုံးယောက်သည် တိမ်စိုင်တံတားပေါ်သို့ တက်လှမ်းပြီး တစ်ခဏချင်းမှာပင် ပင်မခန်းမထဲသို့ ဝင်ရောက်လာကြ၏။
အင်မော်တယ်ချီက ခန်းမထဲမှာ ရစ်ဝဲနေပြီး လေထဲမှာ လွင့်မျောနေသော ကူရှင်တစ်ခုပေါ်တွင် လူတစ်ယောက်ထိုင်နေသည်ကို ခပ်ရေးရေးတွေ့မြင်နိုင်လေသည်။
ကူယွဲ့နှင့် မူရွှမ်က ဆူဇီမိုကို ခေါ်လာပြီးနောက် သူတို့သည် ထိုလူ၏ နောက်ဘက်သို့ ရောက်ရှိသွားပြီး သူတို့၏ လက်များကို ဘေးမှာချကာ ထိုလူ၏ တစ်ဖက်တစ်ချက်စီတွင် မတ်တတ်ရပ်လိုက်ကြ၏။
ရုတ်တရက် အင်မော်တယ်ချီမြူခိုးများထဲမှာ တဖျပ်ဖျပ်တလက်လက် အလင်းလုံးနှစ်လုံးက ပေါ်ထွက်လာ၏။
ထိုအလင်းလုံးနှစ်လုံး၏ လွှမ်းခြုံမှုအောက်မှာ တက္ကသိုလ်ဂိုဏ်းချုပ်၏ ရုပ်ပုံက အတော်လေး ကြည်လင်ရှင်းလင်းလာခဲ့သည်။
တက္ကသိုလ်ဂိုဏ်းချုပ်က အစိမ်းရောင်ကွန်ဖြူးရှပ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မတ်မတ်ထိုင်နေ၏။ သူ၏ နဖူးက တမူထူးခြားစွာ ကျယ်ပြန့်ပြီး သူ၏ မျက်လုံးများက ကြယ်တာရာကောင်းကင်များနှင့်တူကာ မလှမ်းမကမ်းမှာရှိသော ဆူဇီမိုကို စိတ်ကျေနပ်အားရသော အမူအရာဖြင့် ကြည့်နေ၏။
“မင်္ဂလာပါ ဆရာ”
ဆူဇီမိုက ရှေ့သို့တက်လှမ်းပြီး ဦးညွှတ်လိုက်၏။
တက္ကသိုလ်ဂိုဏ်းချုပ်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။
“မဆိုးဘူးပဲ… မဆိုးဘူး… မင်းရဲ့ကျင့်ကြံမှုနယ်ပယ်က မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲပြီးတဲ့နောက် အဆင့်ချိုးဖျက်တက်လှမ်းပြီး ပကတိဧကနယ်ပယ်ကို ဝင်ရောက်လာခဲ့ပြီပဲ”
ရုတ်တရက် တက္ကသိုလ်ဂိုဏ်းချုပ်၏ မျက်လုံးများသည် အထဲမှာရှိသော အလင်းတစ်ချက်နှင့်အတူ နက်ရှိုင်း၍ ကျယ်ပြောလာခဲ့၏။
“ငါထင်တာ မမှားဘူးဆိုရင် မင်းရဲ့ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက အဆင့် ၁၂ရဲ့ အထွတ်အထိပ်ကို ရောက်ရှိလာခဲ့ပြီပဲ”
“ဟုတ်ပါတယ်”
ဆူဇီမိုက တည်ငြိမ်သော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။
ဤကဲ့သို့သော ကိစ္စတစ်ခုကို တက္ကသိုလ်၏ ဂိုဏ်းချုပ်ထံမှာ ဖုံးကွယ်ထားနိုင်လိမ့်မည် မဟုတ်ပေ။
တက္ကသိုလ်ဂိုဏ်းချုပ်က ညင်သာစွာ ပြုံးပြလိုက်၏။
“ဇီမို… ဒီနှစ်တွေထဲမှာ တက္ကသိုလ်က မင်းကို ဘယ်လိုပြုမူဆက်ဆံခဲ့လဲ”
“အတော်လေး ကောင်းပါတယ်”
ဆူဇီမိုက ပြောလိုက်၏။
“ရစ်ခွေနဂါးတောင်ကြောရိုးမှာတုန်းက တက္ကသိုလ်က ကျုပ်ကို လက်ခံပေးခဲ့တာကြောင့်မဟုတ်ရင် ကျုပ်က သေသွားခဲ့ရလိမ့်မယ်… ဒီနှစ်တွေထဲမှာ ကိစ္စတစ်ခုခုပေါ်ထွက်တိုင်း တက္ကသိုလ်က မျှမျှတတ ကိုင်တွယ်ပေးခဲ့တယ်”
တက္ကသိုလ်ဂိုဏ်းချုပ်က ခေါင်းညိတ်ပြီး ထပ်မေးလိုက်၏။
“ငါကရော မင်းကို ဘယ်လိုပြုမူဆက်ဆံခဲ့လဲ”
ဆူဇီမိုက သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောလိုက်၏။
“ဆရာ… ခင်ဗျားက ကျုပ်ကို တစ်ခါကယ်တင်ပေးခဲ့ဖူးတယ်… ကျုပ်က တာအိုနှလုံးသားလှေကားမှာ ဒသမလှေကားထစ်ကို စုဖွဲ့ခဲ့တုန်းက ခင်ဗျားက ကျုပ်ကို အမွေခံတပည့်အဖြစ် လက်ခံပြီး ကျုပ်ကို မြင့်မြင့်မားမား တန်ဖိုးထားခဲ့တယ်”
“အမှန်ပဲ”
တက္ကသိုလ်၏ ဂိုဏ်းချုပ်က ကျေနပ်အားရသော အမူအရာဖြင့် ပြောလိုက်၏။
“မင်းရဲ့ဒီစကားတွေက ငါ မင်းအပေါ်မှာ အကဲဖြတ်မမှားခဲ့ဘူးဆိုတာကို သက်သေပြပေးနေတာပဲ… ငါ့ရဲ့ကြိုးစားအားထုတ်မှုတွေက အချည်းအနှီး မဖြစ်ခဲ့ဘူးပဲ။”