← Chapters

အခွင့်အလမ်း

Vol. 179 Ch. 2672

အခွင့်အလမ်း

Vol. 179 Ch. 2672

မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲပြီးခဲ့သည်မှာ ဆယ်ရက်ကြာသွားခဲ့ပြီဖြစ်သည်။ ဤအချိန်အတောအတွင်း မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ ကြီးမားစွာဂယက်ရိုက်စေခဲ့သည့် မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်၏ သတင်းက ကောင်းကင်ဘုံကမ္ဘာတစ်ဝန်း ပျံနှံ့လာခဲ့ပြီဖြစ်ပြီး အတော်လေး အုန်းအုန်းကျက်ကျက်ဖြစ်လာစေခဲ့သည်။

ကောင်းကင်ဘုံကမ္ဘာမှ လူတိုင်းနီးပါးသည် မိစ္ဆာမဟာနယ်မြေမှာ မိစ္ဆာအသစ်တစ်ဦးမွေးဖွားပေါ်ထွက်လာသည်ကို သိရှိလိုက်ကြသည်။ မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ သူသည် မဟာနယ်မြေနှစ်ခုမှ အင်မော်တယ်ဘုရင်များကို ဖိနှိမ်ပြီး မဟာနယ်မြေနှစ်ခုမှ ဧကရာဇ်နယ်ပယ်ပညာရှင်များကိုပင် ထိတ်လန့်စေခဲ့လေသည်။

ဤကိစ္စသည် ကောင်းကင်ဘုံကမ္ဘာထိပင် ပျံ့နှံ့သွားခဲ့ပြီဖြစ်ပြီး အခြားသောကမ္ဘာများမှ သက်ရှိများနှင့် ပညာရှင်များပင် အဲဒါကို ကြားမိလာကြ၏။

မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲ၏ သတင်းသည် ကောင်းကင်ဘုံကမ္ဘာမှာ အဆက်မပြတ် ပျံ့နှံ့ပြီး မရေမတွက်နိုင်သော ဆွေးနွေးပြောဆိုမှုများပေါ်ထွက်လာ၏။

ဤကိစ္စ၏ လက်သည်တရားခံ မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်သည် ငရဲကမ္ဘာသို့ ကျဆင်းသွားခဲ့ပြီဖြစ်ပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် လုံးလုံးလျားလျားခွဲထုတ်ခံလိုက်ရသည်ကို မည်သူကမှ မသိရှိကြပေ။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကတော့ သူသည် အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ တိုက်ပွဲနိုင်ငံမှာ တံခါးပိတ်ကျင့်ကြံရင်း အဆင့်ချိုးဖျက်တက်လှမ်းနိုင်မည့် အခွင့်အလမ်းတစ်ရပ်ကို ရှာဖွေနေ၏။

မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ ဆူဇီမိုသည် တည်ဆောက်သူသစ်ပင်ကို အသုံးချခဲ့ပြီး အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် သူ၏ တာအိုသစ်သီးကိုစုဖွဲ့ပြီး ပကတိဧကနယ်ပယ်သို့ တက်လှမ်းရာမှာ သူ့ကိုထောက်ပံပေးနိုင်မည့် လုံလောက်သည့် စွမ်းအင်အမြုတေကို စုပ်ယူထားခဲ့ပြီဖြစ်သည်။

သို့သော်လည်း သူ့အနေဖြင့် ပကတိအင်မော်တယ်တစ်ယောက်ဖြစ်လာဖို့က အခြားသောကျင့်ကြံသူများနှင့် သက်ရှိများထက် များစွာပိုမိုခက်ခဲလေသည်။

အကြောင်းမှာ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် မတူကွဲပြားသော ဓမ္မတာအိုများစွာကို ကျင့်ကြံထားသောကြောင့်ဖြစ်သည်။

ဒါ့အပြင် ဓမ္မတာအိုတိုင်း၏ စွမ်းအားက အလွန်တရာသန်မာအားကောင်းလေသည်။ သူတို့အားလုံးနီးပါးကို တဗူးဂမ္ဘီရကျင့်စဥ်များကနေ နားလည်ဆင်ခြင်ထားပြီး အခြားသောဓမ္မတာအိုများဖြင့် တုပဝါးမျိုနိုင်ခြင်း မရှိပေ။

လူသားဧကရာဇ်နှင့် အင်မော်တယ်ဘုရင်မလင်းလုံပြောသည့်အတိုင်းပင် သူသည် ဖန်တီးခြင်းကြာပဒမ္မာဖြစ်နေခြင်းကြောင့် မဟုတ်လျှင် သူ၏ ခန္ဓာကိုယ်နှင့် အမြုတေစိတ်ဝိညာဥ်သည် ဤမျှများပြားသော ဓမ္မတာအိုများကို လက်ခံထားနိုင်လိမ့်မည်မဟုတ်ဘဲ ပေါက်ကွဲထွက်သွားပေလိမ့်မည်။

ဖန်တီးခြင်းကြာပဒုမ္မာကြောင့် အင်မော်တယ်တာအိုဖြစ်စေ၊ ဗုဒ္ဓတာအိုဖြစ်စေ၊ မိစ္ဆာ သို့မဟုတ် သားရဲတာအိုဖြစ်စေ သူတို့အားလုံးသည် သူ၏ ဖန်တီးမှုများနှင့် အခွင့်အလမ်းများဖြစ်လာခဲ့သည်။

ပကတိဧကနယ်ပယ်ကို မတက်လှမ်းခင် သူသည် ဒုက္ခများစွာနှင့်ကြုံတွေ့ခဲ့ရခြင်းမရှိပေ။ သို့သော်လည်း သူသည် ပကတိဧကနယ်ပယ်သို့ တက်လှမ်းတော့မည်ဆိုလျှင် သူသည် တာအိုသစ်သီးတစ်လုံးကို စုဖွဲ့ရပေမည်။

တာအိုသစ်သီးကို လူတစ်ယောက်၏ ဓမ္မတာအို၏ အနှစ်သာရနှင့် လေးနက်သိမ့်မွေ့မှုကနေ စုဖွဲ့ရခြင်းဖြစ်ပြီး အဲဒါသည် သူ့အတတ်ပညာများ၏ အထွတ်အထိပ်သို့ ပေါင်းစည်းမှုဖြစ်သည်ဟုဆိုနိုင်လေသည်။

သို့သော်လည်း အင်မော်တယ်၊ ဗုဒ္ဓ၊ မိစ္ဆာနှင့် သားရဲတာအိုများ၏ မတူညီသောဓမ္မတာအိုလေးခုသည် တာအိုသစ်သီးတစ်လုံးအဖြစ် စုဖွဲ့ဖို့ကြိုးပမ်းသည့်အခါ ပြင်းထန်သော တွန်းကန်မှုနှင့် ပဋိပက္ခတို့ ဖြစ်လာပေလိမ့်မည်။

အဲဒါသည် ကောင်းကင်ဘုံကို တက်လှမ်းရ​သလောက် ခက်ခဲပေလိမ့်မည်။

ဆူဇီမိုက အခွင့်အလမ်းတစ်ခုကို လိုအပ်နေ၏။

ဤဖြစ်ရပ်မတိုင်ခင်ကဆိုလျှင် သူ့အနေဖြင့် အချိန်တိုအတွင်းမှာ ဤအခွင့်အလမ်းကိုရရှိဖို့က ခက်ခဲပေလိမ့်မည်။

သူသည် ဆယ်ရက်ကို မပြောနှင့် ထိုခြေလှမ်းကိုလှမ်းဖို့ ဆယ်နှစ် သို့မဟုတ် နှစ်တစ်သိန်းပင် ကြာသွားနိုင်သည်။ သို့သော်လည်း အင်မော်တယ်ဘုရင်မလင်းလုံ၏ လမ်းညွှန်မှုနှင့် ယင်ယန်အဆောင်သုတ္တန်၏ ဘာသာပြန်က သူ့ကိုအထောက်အကူများစွာ ဖြစ်လာစေခဲ့၏။

သူ၏ လက်ရှိကျင့်ကြံမှုအရ သူသည် ယင်ယန်အဆောင်သုတ္ဆန်ကနေ သူ၏ ကိုယ်ပိုင်ဓမ္မတာအိုကို နားလည်ဆင်ခြင်နိုင်မည် မဟုတ်ပေ။

ထိုသို့ဆိုလျှင်တောင် သူသည် ပြီးခဲ့သည့်ဆယ်ရက်အတွင်း ယင်ယန်အဆောင်သုတ္တန်ကနေ အသိအမြင်များစွာကို ရရှိလာခဲ့၏။

လောကမှာရှိသောအရာအားလုံးသည် ယင်နှင့်ယန်၏ ဓမ္မတာအိုကို ပိုင်ဆိုင်ထားလေသည်။ အဲဒါသည် အရာရာတိုင်းကို ခြုံငုံမိထားခြင်းနှင့်တူလေသည်။

ကောင်းကင်နှင့်မြေကြီး၊ နေနှင့်လ၊ နေ့နှင့်ည၊ အအေးနှင့်အပူ၊ လှုပ်ရှားမှုနှင့်ငြိမ်သက်မှု၊ ဖွင့်လှစ်ခြင်းနှင့်ပိတ်ဆို့ခြင်း၊ အသက်နှင့်သေဆုံးခြင်း။

ယင်နှင့်ယန်သည် ကောင်းကင်နှင့်မြေကြီး၏ တာအိုဖြစ်ပြီး သက်ရှိများအားလုံး၏ ပုံကြမ်းဖြစ်လေသည်။ ၎င်းသည် အသက်ဓာတ်နှင့် သေဆုံးခြင်း၏ စတင်ရာဖြစ်လေသည်။

သူသည် အင်မော်တယ်၊ ဗုဒ္ဓ၊ မိစ္ဆာနှင့် သားရဲတာအိုများ၏ ဓမ္မတာအိုများကို တာအိုသစ်သီးတစ်လုံးအဖြစ် စုဖွဲ့လိုသည်ဆိုလျှင် သူသည် အဲဒါကို ယင်နှင့်ယန်၏ တာအိုဖြင့် အားဖြည့်ထောက်ပံ့ပြီး ဆန့်ကျင်ဘက်စွမ်းအားနှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ရမည်ဖြစ်သည်။

လိုဏ်ဂူခန်းဝါထဲမှာ ဆူဇီမိုသည် ရုတ်တရက် သူ၏ မျက်လုံးကို ဖွင့်လိုက်၏။ သူ၏ ဘယ်ဘက်မျက်လုံးက နက်မှောင်နေပြီး သူ၏ ညာဘက်မျက်လုံးက ပကတိဖြူဖွေးနေ၏။

တမလွန်နှင့် မီးပဒေသာကျောက်တုံးနှစ်တုံးသည် ယင်နှင့်ယန်အဖြစ် အသွင်ပြောင်းလဲသွားပုံရပြီး သူ၏ မျက်လုံးထဲမှာ တဖျတ်ဖျတ်လက်နေ၏။

ဆူဇီမိုက သူ၏ ထိုင်ခုံကနေ လွင့်မျောကျဆင်းလာ၏။

လိုဏ်ဂူခန်းဝါ၏ ဝင်ပေါက်ဝမှာ လင်းလောက အထဲမှာရှိသော ရုတ်ရုတ်သဲသဲအသံကိုကြားသောအခါ သူမ၏ ကျင့်ကြံရာကနေ နိုးထလာပြီး မတ်တတ်ထရပ်လိုက်၏။

ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း သူမသည် ဤနေရာမှာ ဆူဇီမိုကို ကာကွယ်စောင့်ရှောက်ပေးနေ၏။

ဆူဇီမိုမှာ ညွှန်ကြားမှုတစ်စုံတစ်ရာရှိလျှင် သူမက အချိန်မရွေးကူညီနိုင်ဖို့ဖြစ်သည်။

“အခြေအနေဘယ်လိုရှိလဲ”

လင်းလောက မျှော်လင့်ချက်တစ်စွန်းတစ်စနှင့်အတူ ဆူဇီမိုကို ကြည့်လိုက်၏။

သူတို့နှစ်ယောက်သည် တူညီသောကျင့်ကြံမှုနယ်ပယ်မှာရှိကြလေသည်။ သို့သော်လည်း သူမသည် အဆင့်ချိုးဖျက်တက်လှမ်းမည့် အခွင့်အရေးတစ်ရပ်ကို ယခုအချိန်ထိ ရှာမတွေ့သေးပေ။

ဆူဇီမိုက တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ ခေါင်းသာညိတ်ပြလိုက်၏။

လင်းလောက ပါးနပ်ပြီး ဆူဇီမိုဆိုလိုချင်သည့်အရာကို ချက်ချင်းပင် နားလည်သဘောပေါက်သွားလေသည်။ သူမ၏ မျက်လုံးက ဝင်းလက်သွားလေသည်။

“ကျွန်မအခုပဲ အမေ့ကို ချက်ချင်းသွားပြီး သတင်းပေးလိုက်မယ်”

လင်းလောက လိုဏ်ဂူခန်းဝါတံခါးကို တွန်းဖွင့်ပြီး သတင်းပို့တော့မည့်ဆဲဆဲမှာပင် လင်းကျန့်၏ ပုံရိပ်က မလှမ်းမကမ်းမှာ ရုတ်တရက် ပေါ်ထွက်လာ၏။

“လောအာ... ဘာဖြစ်လို့လဲ”

ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း လင်းလောတစ်ယောက်တည်းသာလျှင် ဤနေရာမှာရှိနေခြင်း မဟုတ်ပေ။ လင်းကျန့်ကလည်း မလှမ်းမကမ်းမှာ ရှိနေခဲ့၏။ သူက ဆူဇီမိုကျင့်ကြံနေစဥ် အနီးနားမှာ စောင့်ကြပ်ပေးနေ၏။

ဆူဇီမိုက လင်းကျန်ကို ကြည့်လိုက်၏။

လင်းကျန်၏ မျက်နှာက လွန်ခဲ့သည့်ဆယ်ရက်ကထက် သိသိသာသာပို၍အသားရောင်သန်းလာခဲ့ပြီဖြစ်သည်။

ယင်ယန်အဆောင်သုတ္တန်သည် တကယ်ပင်ထူးဆန်းသော ကျမ်းစာတစ်ခုဖြစ်သည်။ ဆယ်ရက်မျှနှင့် ၎င်းသည် လင်းကျန့်၏ ထိခိုက်ဒဏ်ရာများအပေါ် သိသာထင်ရှားသော သက်ရောက်မှုတစ်ခုရှိလာခဲ့၏။

တကယ်တော့... မည်သို့ပင်ဆိုစေ အချိန်ကာလက အရမ်းကို တိုတောင်းလွန်းလေသည်။ လင်းကျန်၏ ထိခိုက်ဒဏ်ရာများသည် လုံးဝပျောက်ကင်းလာခြင်းမရှိသေးဘဲ သူက သူ၏ ယခင်အထွတ်အထိပ်အခြေအနေထိ မရောက်ရှိသေးပေ။

လင်းလောက မပြောရသေးခင်မှာပင် လင်းကျန်က ဆူဇီမိုကို တစ်ချက်ဝေ့ကြည့်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲကနေ လျှံ​ထွက်လာတော့မည့် သိပ်သည်းပြင်းထန်ကြီးမားသောစွမ်းအားကို အာရုံခံမိလိုက်၏။

ဤသည်က အဆင့်ချိုးဖျက်တက်လှမ်းတော့မည့် လက္ခဏာတစ်ရပ်ဖြစ်၏။

“ကောင်းတယ်ကွာ... ကောင်းတယ် ကောင်းတယ်”

လင်းကျန့်က ထပ်တလဲလဲခေါင်းညိတ်လိုက်၏။

“လင်းလုံက ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း အော်ရာလှုပ်ရှားမှုကို ပိတ်ဆို့တားဆီးပေးနိုင်တဲ့ အင်မော်တယ်ဝင်္ကပါကို ခင်းကျင်းနေခဲ့တာ... ငါ့နောက်ကလိုက်ခဲ့”

လင်းကျန့်က ဆူဇီမိုနှင့် လင်းလောနှင့်အတူ လေဟာနယ်ကို ဆုတ်ဖြဲပြီး တောင်ကြားတစ်ခုထဲသို့ ဆင်းသက်လာခဲ့၏။

“ဒါက... တိုက်ပွဲနိုင်ငံရဲ့ ပိုင်နက်နယ်မြေပဲ... ကီလိုမီတာငါးရာပတ်လည်အတွင်း လူသူကင်းမဲ့တယ်”

လင်းကျန့်က ရှင်းပြလိုက်၏။

“အင်မော်တယ်ဝင်္ကပါရဲ့ အကူအညီနဲ့ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်ကို ဖုံးဖိပေးထားနိုင်တဲ့ လင်းလုံရဲ့ ဓမ္မအတတ်တွေနဲ့ဆိုရင် မင်းက ဘယ်သူ့ကိုမှ သတိမထားမိစေဘဲ ဒီနေရာမှာ ကပ်ဘေးဖြတ်ကျော်မှုကို ခံယူနိုင်တယ်... အဲဒါက မင်းကို လောကကနေ ဖုံးကွယ်ပေးထားလိမ့်မယ်”

“ကျေးဇူးတင်ပါတယ် စီနီယာတို့”

ဆူဇီမိုက ကျေဇူးတင်စွာဖြင့် ဦးညွှတ်လိုက်၏။

ဤသည်က သူ့အတွက် အရမ်းကို အရေးပါလေသည်။

သူနှင့်ကြိုးကိုင်ခြယ်လှယ်သူကြား အားပြိုင်မှုက စတင်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၏။

သည့်ယခင်က သူသည် ပြုသမျှနုရသည့်အခြေအနေမှာရှိနေခဲ့ပြီး သူ၏ လှုပ်ရှားမှုများက ပေါ်ပေါ်ထင်ထင်ရှိနေခဲ့သည်။ တကယ်ဆို သူ၏ ကံကြမ္မာကို ဘယ်သူက ကြိုးကိုင်ခြယ်လှယ်နေသလဲပင် သူမသိရှိခဲ့ပေ။

သို့သော်ယခု... လူသားဧကရာဇ်နှင့် အင်မော်တယ်ဘုရင်မလင်းလုံ၏ အကူအညီနှင့်အတူ သူသည် ဤအားပြိုင်မှုမှာ စတင်လှုပ်ရှားလာခဲ့ပြီဖြစ်သည်။

ထိုစဥ်မှာပင် အင်မော်တယ်ဘုရင်မလင်းလုံက ရုတ်ရုတ်သဲသဲအခြေအနေကို အာရုံခံမိသွားပြီး အနားသို့ချဥ်းကပ်လာ၏။

လင်းလေက သူမ၏ နောက်ဘက်ကနေ လိုက်ပါလာ၏။

သူတို့နှစ်ယောက်က ဖြူဖျော့နေပြီး သူတို့၏ အော်ရာများက အားနည်းနေသည့်ပုံပေါ်လေသည်။

ဆယ်ရက်အတွင်း အင်မော်တယ်ဝင်္ကပါကို ခင်းကျင်းဖို့အတွက် လင်းလေနှင့် အင်မော်တယ်ဘုရင်မလင်းလုံသည် စွမ်းအင်မြောက်မြားစွာကို သုံးစွဲခဲ့ရသည်မှာ သိသာလေသည်။

ဆူဇီမိုက ကျေးဇူးတင်ရှိနေပြ နောက်တစ်ဖန်ကျေးဇူးတင်စွာ ဦးညွှတ်လိုက်၏။

သူက လင်းလေကို ကြည့်ပြီး သူ၏ လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။

“ညီကိုလင်း ကျေးဇူးတင်ပါတယ်”

လင်းလေက ခေါင်းညိတ်ပြီး မှင်သေသေ​ဖြင့် ပြောလိုက်၏။

“ငါ့ကိုဘာမှကျေးဇူးတင်နေစရာမရှိဘူး... အရင်တုန်းက ငါ့ညီမကို မင်းထည့်ပေးလိုက်တဲ့ အသောကသစ်သီးနဲ့ ဒွာရ​ကိုးပေါက်ယန်ပြန်လည်ရောက်ရှိခြင်းဆေးလုံးကြောင့်မဟုတ်ရင် ငါကမင်းကို ကူညီဖို့အရေးလုပ်နေမှာ မဟုတ်ဘူး”

ဆူဇီမိုက ပြုံး၍ မည်သည့်စကားမှ မဆိုပေ။

အင်မော်တယ်ဘုရင်မလင်းလုံက မျက်မှောင်အနည်းငယ်ကြုတ်ပြီး သူမ၏ ခေါင်းကို ခါယမ်းကာ သူမဘာသာသူမ တွေးလိုက်၏။

'ကလေး... ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရဲ့ လန့်ဖုန်းမြို့တော်မှာတုန်းက နင်နဲ့လောအာကို ကယ်တင်ပေးခဲ့တဲ့သူက သူဆိုတာကိုနင်သိရင် နင်အခုချိန်မှာ ဘယ်လောက်တောင်ရှက်နေမလဲ'

ဤကိစ္စသည် ဆူဇီမို၏ လျှို့ဝှက်ချက်နှင့် ပတ်သက်နေပြီး အင်မော်တယ်ဘုရင်မလင်းလုံက အဲဒါကို ရှင်းမပြနိုင်ပေ။

သူမက လင်းလေကိုသာ မျက်လုံးစွေကြည့်လိုက်၏။

အင်မော်တယ်ဘုရင်မလင်းလုံက ဆူဇီမိုကို လှည့်ကြည့်ပြီး ညင်သာစွာပြောလိုက်၏။

“ဇီမို... ဒီအင်မော်တယ်ဝင်္ကပါကို ခင်းကျင်းပြီးသွားပြီ... ဒီနေရာမှာ ကပ်ဘေးဖြတ်ကျော်ဖို့ကိုသာ အာရုံစိုက်... တခြားဘာမှအာရုံစိုက်နေစရာမလိုဘူး”

“နင်လုပ်စရာရှိတာက ပကတိဧကကောင်းကောင်ဘုံကပ်ဘေးကို ကောင်းကောင်းကိုင်တွယ်ဖို့ပဲ ပေါ့ပေါ့ဆဆမလုပ်နဲ့”

လင်းကျန့်ကလည်း သတိပေးလိုက်၏။

“ပကတိဧကကောင်းကင်ဘုံကပ်ဘေးက သေးငယ်တဲ့ကိစ္စ မဟုတ်ဘူး... အထူးသဖြင့် ကောင်းကင်ဘုံကပ်ဘေးကိုးခုရဲ့ ခုနှစ်ခုမြောက်ကစပြီး သူ့ရဲ့စွမ်းအားက ဆပွားတိုးလာလိမ့်မယ်... မင်းသတိထားရလိမ့်မယ်”

လင်းကျန့်က လင်းလေကို တစ်ဖန်ကြည့်လိုက်၏။

“အရင်တုန်းက လေအာက ပကတိဧကကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်ခဲ့တုန်းက သူက ကောင်းကင်ဘုံကပ်ဘေးကိုးခုရဲ့ ခုနှစ်ခုမှာ သေလုမတတ်ဖြစ်ခဲ့ရတယ်”

ထိုအကြောင်းကိုပြောဆိုချိန်မှာ လင်းလေ၏ မျက်နှာက နီမြန်းသွား၏။

လင်းလေသည် အခြားသူများ၏ ရှေ့မှာ သူ့အဖေ၏ ဆူပူကြိမ်းမောင်းခံနေရပြီး သူက ခွန်းတုံ့မပြန်ရဲပေ။ သူက မကျေမနပ်ဖြင့် တီးတိုးရေရွတ်လိုက်သည်။

“သူက ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ခုနှစ်ခုကို ဆွဲဆောင်နိုင်မှပဲ အဲဒီအကြောင်းကို ဆက်ပြောကြတာပေါ့”

ယေဘုယျအားဖြင့်ပြောရလျှင် လူတစ်ယောက်၏ ပါရမီနှင့်အလားအလာက ပိုမိုသန်မာလေလေ ပကတိဧကကောင်းကင်ဘုံကပ်ဘေးက ပို၍ကြောက်စရာကောင်းလေလေပေ။

မိုးကြိုးဧကရာဇ်နှင့် လူသားဧကရာဇ်လင်းကျန့်သည် တစ်ခါက ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲမှ ရှစ်ခုကို ဆွဲဆောင်နိုင်ခဲ့ကြ၏။

အင်မော်တယ်ဘုရင်မလင်းလုံနှင့် လင်းလေကတော့ အရင်တုန်းက ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲမှ ခုနှစ်ခု၏ ဆေးကြောသန့်စင်မှုကို ခံယူနိုင်ခဲ့ကြ၏။

ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲမှ ခုနှစ်ခုကို ဆွဲဆောင်နိုင်သောသူများကပင် ရှားရှားပါးပါး ပြိုင်စံရှားများဖြစ်နေလေပြီ။

All Chapters