← Chapters

လိမ်လည်ခြင်းဘုရင်

Vol. 1 Ch. 15

လိမ်လည်ခြင်းဘုရင်

Vol. 1 Ch. 15

“ရှင့်ကိစ္စက ထူးခြားတာပဲ”

ရှန်ချန်းချန်းခေါင်းငြိမ့်ပြ၍

“ဆုံးဖြတ်ချက်မချခင်တော့ ကျွမ်းကျင်သူကို စောင့်ရလိမ့်မယ်။ အဲ့အချိန်အတွင်း ရှင် ထိန်းသိမ်းခံထားရပါမယ်”

လင်းချွမ် ရင်ထဲတွင် မွန်းကြပ်လာမိသည်။

ကံဆိုးလိုက်တာ။

လင်းချွမ် သံတိုင်များကြားမှ မီးခိုးရောင်နံရံများကို ကြည့်ရင်း ကြောက်စရာကောင်းစွာ သတိပေးနေသည်ဟု ခံစားရ၏။

အကျဉ်းခန်းထဲ ရောက်နေကျသူများမှာတော့ ပြတင်းပေါက်မရှိသည့် အခန်း၌ မည်မျှ မွန်းကြပ်ကာ ဖိအားများသည်ကို ကောင်းစွာ နားလည်ကြသည်။

အဘယ်ကြောင့်ဆိုသော် အခန်းထဲတွင်လည်း အများအားဖြင့် လူတစ်ယောက်တည်း နေရလေ့ မရှိပါ။

လင်းချွမ် လှမ်းကြည့်လိုက်သောအခါ ခေါင်းငိုက်စိုက်ကျနေသော အမျိုးသား (၇-၈) ယောက်ခန့်ကို တွေ့ရသည်။

အချို့မှာ မျက်နှာ၌ ဒဏ်ရာများနှင့် ခက်ထန် ကြောက်စရာကောင်းနေပြီး အချို့လည်း ကို့ရို့ကားရား လမ်းသရဲလေးများ ဖြစ်သည်။ ထို့အပြင် …

အိမ်ရှင် ဦးလေးကျန်း!

သူဌေးကျန်း လင်းချွမ်ကို တွေ့သွားပြီး

“လင်းချွမ် မင်း ဘယ်လိုလုပ် ဒီရောက်နေတာလဲ”

“ဦးလေးကျန်းရော ဒီရောက်နေတာလား”

နှစ်ယောက်သား အံ့ဩတကြီး နှုတ်ဆက်ဖြစ်ကြသည်။ မွေးရပ်မြေမှ မိတ်ဆွေကို ပြန်တွေ့ရသကဲ့သို့ မျက်ရည်များလည်း ဝိုင်းနေ၏။

အိမ်ရှင်နှင့် အိမ်ငှါးတို့ အကျဉ်းတစ်ခန်းထဲ ပြန်တွေ့ရမည်ဟု မည်သူမျှ မတွေးခဲ့ဖူးပေ။

“အမလေး…”

သူဌေးကျန်း လင်းချွမ်အား ထောင့်နားသို့ ခေါ်သွားကာ ထိုင်စေပြီး သက်ပြင်းချမိသည်။

လင်းချွမ် ရယ်မော၍

“ဦးလေးကျန်း လောင်းကစားဝိုင်းတွေ ထပ်မသွားတော့ဘူးဆို”

သူ လွန်ခဲ့သည့်ရက်ပိုင်းကမှ အဖမ်းခံရပြီးသည်ကို ယခု ထပ်ရောက်လာပြန်ပြီ။

“အဲ့တာတွေ မပြောပါနဲ့တော့ကွာ”

သူဌေးကျန်း နံရံတွင် မှီထိုင်လျက် လက်ယမ်းပြကာ

“လက်အရမ်းယားလာလို့ ကာစီနို ခဏသွားတာကို ရဲတွေရောက်တာနဲ့ တိုက်ရိုက်တိုးပြီး ဒီမှာရှိနေတာပဲ”

လင်းချွမ် သက်ပြင်းချ၍

“အာ… လောင်းကစားက တကယ် အန္တရာယ်များတာပဲ”

“ဟုတ်ပါ့ကွာ”

သူဌေးကျန်းမှာ ယခုအချိန်အထိ တုန်ရီလျက် လက်များကို ဆုပ်ကိုင်ထားမိသည်။ လက်အဖြတ် မခံရသည်ကပင် ကံကောင်းပါသေးသည်။

“လင်းချွမ် မင်းက ဘယ်လိုလုပ် ရောက်လာတာလဲ”

“ပြောရရင်တော့ အရှည်ကြီးပဲ”

လင်းချွမ်လည်း စိတ်ဓာတ်ကျနေမိ၏။

သူဌေးကျန်း သူ့ပုခုံးကို လှမ်းဖက်၍ အားပေးလေသည်။

“ကောင်လေး မင်းကို ဖြောင့်မတ်တဲ့သူလို့ သိထားတာနော်။ ဟိုတစ်ခါ ပစ္စည်းလာပို့တဲ့ ကောင်မလေးကြောင့်တော့ မဟုတ်ဘူးမလား”

လင်းချွမ် ချက်ချင်း ခေါင်းယမ်း၍

“မလုပ်ရဲပါဘူးဗျာ”

ရောဂါရှိနေရင် ဘယ်လိုလုပ်မလဲ။

“အဲ့တာဆို ဘာကိစ္စလဲ”

သူဌေးကျန်း စိတ်ဝင်တစား မေးမိ၏။

လင်းချွမ် ဘေးဘီကိုကြည့်ကာ ခပ်တိုးတိုးဖြင့်

“ကျွန်တော် စာအုပ်တစ်အုပ် ရေးမိလို့”

“ဟင်”

သူဌေးကျန်း ပါးစပ်အဟောင်းသားဖြင့် အလွန် အံ့ဩနေသည်။

စာရေးရင်း ရဲစခန်းရောက်လာသည်ဟု တစ်ခါမှ မကြားဖူးပေ။

ထို့ကြောင့် စိတ်ဝင်စားမှုများ ပိုမြင့်တက်လာ၏။

“မင်းဝတ္ထုက တော်တော် လေးနက်သွားလို့လား”

“ကျွန်တော်က နဂိုတည်းက လေးလေးနက်နက် နေတတ်တဲ့သူပါ။ အဲ့တော့ လေးနက်တဲ့ ဝတ္ထုရေးတာပေါ့”

လင်းချွမ် မကျေမနပ် ပြောနေ၏။

“အဲ့တာက… ဘာလို့ အဖမ်းခံရတာလဲ”

လင်းချွမ်ဆက်၍

“ရဲတွေပြောတာတော့ ကျွန်တော်က ပြစ်မှု ကျူးလွန်အောင် သင်ပေးလို့တဲ့။ စာဖတ်သူတစ်ယောက် တိုင်လိုက်တာနေမှာပေါ့။ မိလို့ကတော့ အဲ့လူကိုပါ တစ်စစီ လုပ်ပစ်မယ်”

သူဌေးကျန်း လင်းချွမ် ပုခုံးကိုပုတ်ကာ ထောက်ခံလေသည်။

“ဟုတ်တယ်။ လုပ်ပစ်။ အဲ့လိုလူမျိုးတွေ အမုန်းဆုံးပဲ။ ညီအစ်ကိုစိတ်ဓာတ်ကို မရှိဘူး”

“ဟင်း”

နှစ်ဦးသား ခံစားချက်များ မျှဝေကာ သက်ပြင်းချမိကြပြန်သည်။

…

ထိုအချိန်တွင်။

အန်လင်းရဲစခန်း၏ လုံခြုံရေးအဖွဲ့မှတစ်ဦးသည် လင်းချွမ်၏ ဝတ္ထုကိုဖတ်ကြည့်ကာ ဆန်းစစ်အဖြေရှာနေ၏။

ထိုစဉ် အနောက်တိုင်းဝတ်စုံနှင့် ထိပ်ပြောင်ပြောင် သက်လတ်ပိုင်းလူတစ်ဦး ရဲစခန်းထဲ ဝင်လာသည်။

ရဲမှူးလီဖျင်ပြုံး၍ လက်ပြလိုက်ပြီး

“ဆရာချန်ရယ် ခင်ဗျား ဆုံးဖြတ်ပေးဖို့ လိုနေတဲ့ အမှုတစ်ခုရှိလို့ပါ”

“ဟုတ်ကဲ့ ရဲမှူးလီ ဒါ ကျွန်တော့်တာဝန်ပဲကို”

ဆရာချန်ဆိုသော ချန်မင်မှာ အန်လင်းမြို့၏ နာမည်ကြီး လောင်းကစား ဆန့်ကျင်ရေးပညာရှင် ဖြစ်သည်။ လိမ်လည်နည်းများစွာကိုလည်း ကျွမ်းကျင် နားလည်ပြီး အန်လင်းမြို့တွင်း လောင်းကစား ကင်းစင်ရန် များစွာ စည်းရုံးခဲ့သည်။

“ဒီအမှုက ထူးခြားတယ်။ ရဲမေရှန်ပဲ သေချာ ရှင်းပြပါလိမ့်မယ်”

လီဖျင်မှ ပြုံး၍ ပြောလိုက်၏။

“ရဲမေရှန် ကြိုးစားပေးပါဦး”

ရှန်ချန်းချန်း ပြုံး၍ အသေးစိတ်ကို ပြောပြလိုက်သည်။

အစအဆုံး နားထောင်ပြီးနောက် ချန်မင်က

“ဝတ္ထုကနေတစ်ဆင့် လိမ်နည်းတွေ သင်ပေးတာလား”

“ဟုတ်ပါတယ်”

ချန်မင် ခေါင်းယမ်းကာ ရယ်မောလျက်

“သိပ်တော့ မဖြစ်နိုင်ဘူးဗျ။ လိမ်နည်းတိုင်းက ကျွမ်းကျင်ဖို့ ခက်တယ်လေ။ ကျွန်တော်တောင် (၁၀) နှစ်လောက် အနည်းဆုံး လေ့လာပြီးမှ ဒီလို ဆန့်ကျင်ရေး လိုက်လုပ်နိုင်တာ”

“အဲ့တော့ ဝတ္ထုကနေ လိမ်လည်နည်းသင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ ခင်ဗျား အဲ့စာရေးဆရာကို အထင်လွဲနေပြီ”

ချန်မင်မှ သေချာ ပြောနေ၏။

သူပြောတာလည်း မှန်လေသည်။

လိမ်လည်နည်းဆိုသည်မှာ မည်သူမဆို အလွယ်တကူ သင်နိုင်သောအရာ မဟုတ်သလို ကျွမ်းကျင်နိုင်သည်လည်း မဟုတ်ပေ။

ဗီဒီယိုနမူနာများ၊ အွန်လိုင်းမှ တိုက်ရိုက်သင်ကြားမှုများ ရှိသည်ပင် ကျွမ်းကျင်သူများ မပေါ်လာသေးပေ။

ယခုခေတ် လူလိမ်များသည် အဆင့်မြင့်နည်းပညာမှ တစ်ဆင့် ဖြန့်ဝေလေ့ရှိသောကြောင့် ဝတ္ထုရေးရင်း သင်ပေးသည်လား။

လုံးဝ မဖြစ်နိုင်ပါ။

ရှန်ကျန်းကျန်းနှင့် လီဖျင်တို့ အချင်းချင်း ကြည့်မိပြီး

“ဒါပေမဲ့ ဝတ္ထုကနေ သင်လိုက်နိုင်တဲ့သူ ရှိနေတယ်”

ချန်မင် မျက်မှောင်ကြုတ်လျက်

“ဝတ္ထုကို တစ်ချက် ကြည့်လို့ရမလား”

ဤသို့ဖြင့် ထိုအုပ်စုမှ အတူတူ လင်းချွမ်ဝတ္ထု၏ လိမ်လည်နည်းများကို ကြည့်ကြလေသည်။

‘သတ္ထုတူအံစာတုံးများမှာ အသံဆတူရှိသော်လည်း တိုက်ခိုက်မိပုံ ကွာခြား၏။ ဥပမာ…’

“ဟင်းဟင်း”

ပထမဆုံးစာပိုဒ်ကိုဖတ်၍ ချန်မင် ပြုံးကာ

“ဒါက လုံးဝအခြေခံအဆင့်လေးပါ”

ရှန်ချန်းချန်း နောက်အပိုင်းကို လက်ညှိုးထိုးပြ၍

“ဖဲလိမ်ရိုက်တဲ့နည်းလည်း ပါသေးတယ်”

ချန်မင် စာအုပ်ကို ဆက်၍ ဖတ်ကြည့်လိုက်သည်။

‘ဖဲချပ်များကို ဘယ်ဘက်တွင်ကိုင်၍ ဘယ်လက်မဖြင့် ထောင့်ချိုးများကို တွန်းပါ။ ထို့နောက် ညာဘက် လက်ခလယ်ဖြင့် အောက်ဆုံးကဒ်ကို ဖြည်းဖြည်းချင်း ဆွဲလိုက်ပြီး လျင်မြန်သလို ဆောင်ရွက်ပါ…”

ဟူး!

ချန်မင် သက်ပြင်းချ၍

“ပြောရရင် စာရေးဆရာ ရေးထားတာက သပ်ရပ်တယ်။ စနစ်ကျကျ ထိန်းချုပ်နည်းကို အတိအကျ ရေးထားတာပဲ”

ရှန်ချန်းချန်း မျက်ခုံးပင့်ပြ၏။

လင်းချွမ် တကယ်ပဲ လောင်းကစားနည်းများ တတ်နေသည်လား။

အရင်တစ်ခါ သော့ပြင်နည်းနှင့် ယခုတော့ လိမ်နည်းများပါ ပါနေသည်။

အဲ့တာနဲ့များ ရိုးသားတဲ့ စာရေးဆရာလား။

ထွီ!

“တခြားလိမ်ဆော့နည်းတွေလည်း ပါသေးတယ်”

ဝန်ထမ်းတစ်ဦးမှ လှမ်းပြော၍ အားလုံး ကြည့်လိုက်မိ၏။

‘ကဒ်ကောင်းကို လက်ဖဝါးထဲတွင် အရင်ဖွက်ပြီး ကဒ်ဆွဲချိန်၌ ဟန်ဆောင်ပါ’

‘…’

ပညာရှင်ချန်မင်ပင် စိတ်လှုပ်ရှားလာပြီး အရင်အတွေးများ ပျောက်ကွယ်ကုန်၏။

ထို့နောက် အသက်ကိုဝအောင်ရှူကာ ဆက်၍ ဖတ်ကြည့်သည်။ သူ့ကို အံ့ဩစေသည်မှာတော့ နည်းလမ်းများမှာ အလွန်တိကျပြီး သူ့ထက် သာလွန်နေခြင်းပင်။

ချန်မင် နောက်ဆုံး ဆုံးဖြတ်ချက် ချလိုက်တော့၏။

“ရဲမှူးလီ ဒီစာရေးဆရာက သေချာပေါက် လိမ်လည်ခြင်း ဘုရင်ပဲ”

All Chapters