← Chapters

သံသယရှိသူ ဆရာလင်း

Vol. 1 Ch. 1

သံသယရှိသူ ဆရာလင်း

Vol. 1 Ch. 1

“နာမည်ပြော”

“လင်းချွမ်”

“အသက်”

“(၂၄) နှစ်”

“အလုပ်အကိုင်”

“ဝတ္ထုရေးဆရာ”

အန်လင်းမြို့၏တစ်နေရာ၊ ပြစ်မှုစစ်ဆေးခြင်းအဖွဲ့၏ အခန်းထဲတွင် လင်းချွမ်တစ်ယောက် ရဲဝန်ထမ်းနှစ်ဦး၏ မေးခွန်းများကို ရင်ဆိုင်နေရပြီး အပ်ထိပ်ချွန်ပေါ် ထိုင်နေရသကဲ့သို့ ခံစားချက်မျိုး ဖြစ်လေသည်။

“ဝတ္ထုရေးဆရာဆိုတော့ စာရေးဆရာပဲပေါ့”

ဦးဆောင်စစ်ဆေးနေသူမှာ ရှန်ချန်းချန်းဆိုသည့် အမျိုးသမီးရဲဝန်ထမ်းဖြစ်ပြီး ဆံပင်များကို အနောက်ဘက်တွင် သပ်ရပ်စွာ စုချည်ထား၍ တောက်ပကြည်လင်သော မျက်ဝန်းများမှာ ပိုထင်ရှားနေပြီး လင်းချွမ်ကို အာရုံစူးစိုက်နေကြသည်။

လင်းချွမ် အံ့ဩသွားပုံဖြင့်

“ဝတ္ထုရေးဆရာကို စာရေးဆရာလို့ သတ်မှတ်တာလား”

ရှန်ချင်းချင်း ခဏစဉ်းစားပြီးနောက်

“အဲ့လိုပဲပေါ့”

လင်းချွမ်လည်း ခါးကိုမတ်၍ ခပ်ဖြောင့်ဖြောင့် ထိုင်လိုက်သည်။

ရှန်ချင်းချင်းမှ

“ဘာလို့ ရောက်လာတာလဲ”

လင်းချွမ် ချက်ချင်း ခေါင်းလေးယမ်းလျက်

“မသိဘူးလေ”

ထိုမနက်က…

လင်းချွမ်မှာ မျှော်လင့်ချက်အပြည့်ဖြင့် စာရေးရန် ပြင်နေသည်။ သို့သော် ရဲနှစ်ဦး ရုတ်တရက် ရောက်လာ၏။

“လင်းချွမ် ခင်ဗျားကို ပြစ်မှုကြီးတွေ ကျူးလွန်ခဲ့တယ်လို့ သံသယရှိတဲ့အတွက် ဖမ်းဆီးပါတယ်။ ကျွန်တော်တို့နဲ့ လိုက်ခဲ့ပေးပါ”

လင်းချွမ်မှာတော့ နားမလည်နိုင်ပေ။

ပြစ်မှုကြီးရေးတဲ့ ဝတ္ထုရေးဆရာက ပြစ်မှုကြီး ကျူးလွန်ရမှာလား။

ဖြစ်နိုင်ခြေမှာတော့ လွန်ခဲ့သည့်တစ်ပတ်က ရရှိခဲ့သော ဖုန်းထဲမှ စာတစ်စောင်ကြောင့် ဖြစ်နိုင်သည်။

“အစ်ကို အိမ်မှာတစ်ယောက်တည်းလား။ ယွမ် (၂၀၀) အတွက်လေ။ ကျွန်တော် အဝတ်လာလျှော်ပေးမယ်လေ”

သို့သော် လင်းချွမ်သည် ထိုယွမ် (၂၀၀) သုံးရန် အလွန် နှမျောနေသောကြောင့် အဝတ်များ လက်ဖြင့်သာ လျှော်လိုက်တော့သည်။

စစ်ဆေးခန်းထဲ၌။

ရှန်ချင်းချင်း မျက်မှောင်ကြုတ်၍ ဓာတ်ပုံတစ်ပုံ ထုတ်လိုက်ပြီး လင်းချွမ်ရှေ့ပြလိုက်သည်။

“ဒီနေရာ မှတ်မိလား”

ဓာတ်ပုံမှာ အိပ်ခန်းတစ်ခုအပြည့်ဖြစ်၏။

အလယ်တွင် နူးညံ့ကြီးမားသော အိပ်ရာကြီး ရှိနေပြီး အိပ်ရာခင်းနှင့် စောင်များ သပ်ရပ်စွာ ပြင်ဆင်ထားသည်။ ဘေးတွင်တော့ ဗီရိုကြီး ရှိနေပြီး တစ်ခန်းလုံး လင်းထိန်၍ သန့်ရှင်းအေးချမ်းသည့် အနေအထားမျိုး ရ၏။

လင်းချွမ် ဓာတ်ပုံကို အတော်ကြာအောင် ကြည့်ပြီးနောက် ခေါင်းယမ်းပြလေသည်။

“မမှတ်မိဘူး”

ရှန်ချန်းချန်း သူ့ဘေးမှ အမျိုးသားဝန်ထမ်းကို လှမ်းကြည့်လိုက်၏။

ထို့နောက် နောက်ထပ်ဓာတ်ပုံတစ်ခု ထုတ်ပြပြန်သည်။

“ဒီဟာရော။ နည်းနည်း မှတ်မိလား”

ဓာတ်ပုံသည် အညိုရင့်ရင့် တံခါးပုံဖြစ်ပြီး အခန်းနံပါတ် (၂၀၀၁) ဟု ရေးထား၏။

လင်းချွမ် ခေါင်းယမ်းကာ

“ဟင့်အင်း မသိဘူး”

သို့သော် တံခါးပေါ်မှ လက်ဗွေစနစ်ကိုတော့ တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။

သူခိုးမဝင်ရောက်နိုင်စေရန် လျှပ်စစ်နည်းပညာဖြင့် အဆင့်မြင့်စွာ ပြုလုပ်ထားသော သော့စနစ် ဖြစ်၏။

ရှန်ချန်းချန်း တိတ်ဆိတ်သွားကာ အခြားဝန်ထမ်းလည်း လင်းချွမ်ကို စိုက်ကြည့်နေသည်။

အခန်းတစ်ခုလုံး ငြိမ်သက်လျက် ဝန်ထမ်းများ၏ စူးရှသော အကြည့်များကြောင့် ခန္ဓာကိုယ်ပေါ် ပုရွက်ဆိတ်များ တရွရွ တက်နေသကဲ့သို့ လင်းချွမ် နေရခက်လာမိသည်။

ထိုသို့စစ်ဆေးခန်း ရောက်ဖူးသူများမှာတော့ အခန်း၏ ပိတ်လှောင်အေးစက်၍ မွန်းကြပ်စရာ အနေအထားကို နားလည်ကြပါသည်။

ထိုဖိအားမျိုးကို တော်ရုံ စိတ်အင်အားဖြင့် ခံနိုင်ရည် မရှိဘဲ ချက်ချင်း ဝန်ခံလာတတ်၏။

“အရာရှိကြီးတို့ ကျွန်တော် ဘာပြစ်မှု လုပ်ထားလဲဆိုတာလေး ပြောပြပေးလို့ ရမလားဟင်”

လင်းချွမ် စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

အချိန်အတော်ကြာမှ ရှန်ချန်းချန်းက

“မင်းကို ခိုးမှုကြီးတစ်ခုမှာ ပတ်သက်နေတယ်လို့ သံသယရှိတယ်”

လင်းချွမ် ခဏမှင်တက်နေပြီးမှ ချက်ချင်းပင်

“ဒီလိုတော့ အပြစ်မရှိတဲ့သူကို စွပ်စွဲလို့ မရဘူးလေ”

“အပြစ်မရှိတဲ့သူကို စွပ်စွဲတယ်လား”

ရှန်ချန်းချန်း ဟက်ခနဲရယ်၍

“မနေ့က မတ်လ (၉) ရက်နေ့မှာ မင်း ဝတ္ထုတစ်ပုဒ် ထုတ်ခဲ့တာ မှတ်မိတယ်မလား”

လင်းချွမ် နားမလည်နိုင်သလိုဖြင့်

“ဝတ္ထုရေးတာတော့ အပြစ်မဟုတ်ဘူးမလား”

ရှန်ချန်းချန်း ပြုံးလျက်

“မင်းဝတ္ထုထဲမှာ ကျန်းနန်ရပ်ကွက်က ခိုးမှုကြီးကို အစအဆုံး ပြည့်ပြည့်စုံစုံ ရေးပြထားတယ်”

လင်းချွမ် လန့်ဖျပ်ကာ ချက်ချင်း ငြင်းတော့သည်။

“အဲ့တာက စိတ်ကူးယဉ်ပြီးရေးတာလေ။ အဲ့တာလောက်နဲ့ စွပ်စွဲလို့ ဘယ်ရမလဲဗျ”

“စိတ်ကူးယဉ်တယ်လား”

“ကျွန်တော် တကယ်ခိုးပြီး လျှောက်သွားနေပါ့မလား။ ဥပဒေကို လိုက်နာနဲ့သူပါ”

“မင်းရဲ့ဝတ္ထုက ဝတ္ထုသက်သက် မဟုတ်ဘူး။ ဒိုင်ယာရီ ရေးနေတာလို့ သံသယရှိတယ်”

ရှန်ချန်းချန်းအမူအရာ ချက်ချင်း ပြောင်းသွားကာ နင်းပြောလေ၏။

လင်းချွမ်လည်း အံ့ဩလျက်

“ကျွန်တော်က ဘာလို့ ဒိုင်ယာရီ ရေးရမှာလဲ”

ရှန်ချန်းချန်း စာရွက်အချို့ ထုတ်ပြ၍

“မတ်လ (၈) ရက်နေ့ ည (၇) နာရီ၊ (၂၃) မိနစ်မှာ ချင်းလျှိုနယ်၊ ကျန်းနန်ရပ်ကွက်၊ အိမ်နံပါတ် ၉-၂-၂၀၀၁ ပိုင်ရှင်ဆီကနေ တိုင်ကြားစာ ရောက်လာတယ်။ ယွမ် (၁) သိန်းလောက် တန်ဖိုးရှိတဲ့ ရတနာတစ်ခု ရုတ်တရက် ပျောက်သွားတယ်တဲ့”

လင်းချွမ် ချက်ချင်း အမြန်ကာကွယ်ရလေသည်။

“အဲ့တာ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူးလေ”

“ငါပြောတာ အရင်နားထောင်”

ရှန်ချန်းချန်း လက်ပြ၍ တားလိုက်သည်။

“အဲ့ဒီည (၇) နာရီ (၃၈) မိနစ်မှာ ငါတို့အဖွဲ့ အခင်းနေရာ ရောက်သွားပြီး သက်သေတွေကို စစ်ကြည့်လိုက်တော့ တကယ့်ပြီးပြည့်စုံတဲ့ ခိုးမှုကြီးလို့ ကောက်ချက်ချနိုင်တယ်”

လင်းချွမ် မှင်တက်နေမိသည်။

အဲ့တာက…

ရှန်ချန်းချန်းသည် သူ့အမူအရာအစအဆုံးကို သေချာ လိုက်ကြည့်နေ၏။

“အဲ့တော့ ယှဉ်ကြည့်လိုက်တဲ့အခါမှာ မင်းဝတ္ထုထဲက အချက်အလက်တွေနဲ့ တော်တော်လေး ကိုက်ညီနေတယ်။ (၈၀) ရာခိုင်နှုန်းလောက်အထိပေါ့”

“ဘာ”

လင်းချွမ် မျက်လုံးပြူးသွားသည်။

မဖြစ်နိုင်တာ။ အဓိပ္ပာယ် မရှိလိုက်တာ။

ရှန်ချန်းချန်းကတော့ ယုံကြည်ချက်အပြည့်ဖြင့်

“မင်းဝတ္ထုထဲမှာ အခန်း (၂၀၀၁) ကို ဒီလို ရေးထားတယ်။ ‘အညိုရင့်ရင့် တံခါးပေါ်တွင် အဆင့်မြင့် လက်ဗွေသုံးလော့ခ်တစ်ခု ရှိနေပြီး အလွန်လုံခြုံရေး အားကောင်းသည်။ သို့သော် ဖွင့်ရန်တော့ သိပ်မခက်လှပေ’။ နောက်ပြီး ဒီတံခါး ဖွင့်တဲ့နည်းအထိ အသေးစိတ် ထည့်ပြောထားတော့ ငါတို့အဖွဲ့ အခင်းနေရာမှာ စစ်ကြည့်လိုက်တဲ့အခါ တကယ် ဖွင့်လို့ရနေတယ်”

အဟွတ်!

လင်းချွမ် အသက်ရှူကြပ်သွား၏။

“ရဲမေကြီးရယ် ဒါ တိုက်ဆိုင်တာပါ။ ယုံတယ်မလားဟင်”

“တိုက်ဆိုင်တယ်လား”

ရှန်ချန်းချန်း ဒေါသမထွက်ဘဲ ရယ်မော၍

“အခန်း (၂၀၀၁) အိပ်ခန်းပုံစံကလည်း မင်းရေးထားတဲ့ ဝတ္ထုထဲက အတိုင်းပဲ။ အဲ့တာရော တိုက်ဆိုင်တာလား”

“ဟို အဲ့တာက…”

လင်းချွမ်မှာ လုံးဝ သတိမကပ်နိုင်အောင် ဖြစ်နေ၏။

သူ ထင်ထားသည်ထက် များစွာ ထူးခြားလွန်းနေသည်။

ရှန်ချန်းချန်း အခြားပစ္စည်းတစ်ခု ထပ်ထုတ်ပြ၍

“နောက်ပြီး မင်းအိမ်မှာ ဒီပစ္စည်း တွေ့ခဲ့တယ်”

ပြောပြောဆိုဆိုနှင့် လက်တစ်ဝါးစာမျှ အရွယ်ရှိသော အိတ်အနက်လေးတစ်ခု ပေါ်လာသည်။

လင်းချွမ် မျက်နှာပျက်သွား၏။ အိတ်အထဲတွင် ဘာရှိနေမှန်း သူ ကောင်းကောင်း သိပါသည်။

အွန်လိုင်းမှ ဝယ်ယူထားသော ပလယ်ယာ၊ ဝက်အူလှည့်၊ ဝိုင်ယာ၊ သော့တုအခံ စသဖြင့် ဖြစ်သည်။

“ဒါကိုရော ဘယ်လိုဖြေရှင်းမလဲ”

ရှန်ချန်းချန်းမှ မေးလိုက်၏။

“ကျွန်တော် ဟိုတစ်လောကမှ သော့တုလုပ်နည်း သင်ထားလို့ပါ”

ရှန်ချန်းချန်းမှ မယုံသင်္ကာဖြင့်

“ဝတ္ထုရေးဆရာက အဲ့တာသင်စရာ လိုလို့လား”

လင်းချွမ် နေရခက်စွာဖြင့်

“ကျွန်တော် သိပ်အဆင်မပြေလို့ပါ”

ရှန်ချန်းချန်း မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။

“စာရေးဆရာတွေက ပိုက်ဆံရှာနိုင်မယ် ထင်တာ”

လင်းချွမ်ကိုယ်လေး ကျုံ့သွား၏။

သူ ရှင်းပြစရာမရှိ ဖြစ်နေသည်။

“ရဲမေကြီး ကျွန်တော် ဝတ္ထုရေးတာက သိပ်မရပါဘူး။ အဲ့တော့…”

“အဲ့တော့ အသက်နဲ့ရင်းပြီး လိုက်ခိုးနေတယ်ပေါ့”

ရှန်ချန်းချန်း မျက်ဝန်းများ စူးရှနေ၏။

လင်းချွမ် ချက်ချင်း လက်ယမ်းပြကာ

“အဲ့လို မဟုတ်ပါဘူး။ ဒီပစ္စည်းတွေနဲ့က အပိုဝင်ငွေလေး ရအောင်လို့ပါ”

“ဒါပေမဲ့ မင်းမှတ်တမ်းတွေကို စစ်လိုက်တော့ စာရင်းမသွင်းထားဘူးလေ”

ရှန်ချန်းချန်း ပြန်ပြော၏။

သော့ပြင်ခြင်းအတွက်လည်း စာရင်းသွင်းရပါသည်။

လင်းချွမ် ရှုံ့မဲ့လျက်

“စာရင်းက မသွင်းရသေးရုံပါ”

“ဆင်ခြေတွေ”

ရှန်ချန်းချန်း နှာခေါင်းရှုံ့လျက်

“အခိုးခံလိုက်ရတဲ့ပစ္စည်းက ယွမ်သိန်းချီပြီး တန်တယ်။ အဲ့လောက်ပမာဏဆိုရင် မင်း (၃) နှစ်ကနေ (၁၀) နှစ်အတွင်း ထောင်ကျနိုင်တဲ့အပြင် အဆိုးဆုံး တစ်သက်တစ်ကျွန်းတောင် ဖြစ်နိုင်တယ်။ အခု ဝန်ခံရင်တော့ အပြစ်လျှော့ပေးနိုင်တယ်”

“ကျွန်တော်မှ တကယ်မခိုးခဲ့တာ ဘယ်လို ဝန်ခံရမှာလဲ”

လင်းချွမ် ခံပြင်းလွန်း၍ ငိုချင်လာ၏။

ငါ့ဝတ္ထုက ဘာလို့အပြင်ကပြစ်မှုနဲ့ (၈၀) ရာခိုင်နှုန်း တူနေရတာလဲ။

အခုတော့ သံသယရှိသူ ဖြစ်နေပြီ။

All Chapters