← Chapters

တိုက်ဆိုင်မှုများစွာ

Vol. 1 Ch. 2

တိုက်ဆိုင်မှုများစွာ

Vol. 1 Ch. 2

“အခုထိ ဝန်မခံသေးဘူးလား”

ရှန်ချန်းချန်း အေးစက်စက် မေးလိုက်၏။

ယခုအမှုမှာ သူ ပြစ်မှုစုံစမ်းရေးအဖွဲ့သို့ စရောက်ရောက်ချင်း ကြုံရသောအမှု ဖြစ်သည်။ ငွေပမာဏလည်း အလွန်များ၏။ ထို့ကြောင့် အထက်မှ အလွန်ဖိအားပေးနေလေပြီ။

အမှုကိုပြန်ကြည့်လျှင် တရားခံမှာ လက်ဗွေလုံးဝ မကျန်ခဲ့ဘဲ အစရှာမရ ဖြစ်နေသည်။

သက်သေများကိုလည်း လုံးဝ ဖျက်ဆီးထားခဲ့သည်။

ထို့ကြောင့် ပြစ်မှုစုံစမ်းရေးအဖွဲ့တစ်ခုလုံးလည်း လုံးဝ စိတ်ရှုပ်နေရ၏။

ထိုစဉ် ရှန်ချန်းချန်းတစ်ယောက် ဝတ္ထုစာအုပ်တစ်အုပ် တွေ့သွားသည်။

စာရေးသူ : ဆရာလင်း။

စာအုပ်၏ အဓိကဇာတ်လိုက်မှာ သူခိုးဖြစ်ပြီး ရှန်ချန်းချန်း ချက်ချင်းစွဲသွားကာ အဆက်မပြတ် ဖတ်ရင်း မှင်တက်လာမိ၏။

ဆရာလင်းဝတ္ထု၏ နောက်ဆုံးအပိုင်းမှာ ကျန်းနန်ရပ်ကွက်မှ အမှုနှင့် အလွန်တူညီလွန်း၏။

တိုက်ဆိုင်တာလား။

မဖြစ်နိုင်တာ။

ကိုယ်တွေ့မဟုတ်ရင် ဘယ်ဖြစ်နိုင်မလဲ။

သူ ရုတ်တရက် အဆိုတစ်ခုကို သတိရသွားသည်။

ပြီးပြည့်စုံသော ပြစ်မှုကျူးလွန်သူများမှာ သူတို့လုပ်ရပ်ကို အနုပညာသဖွယ် သဘောထား၍ နည်းအမျိုးမျိုးဖြင့် မှတ်တမ်းတင်ထားလေ့ရှိ၏။

ထို့ကြောင့် ဆရာလင်း၏ ဝတ္ထုမှာ ပြစ်မှုမှတ်တမ်းတင်ခြင်း ဖြစ်လေသည်။

ဖြစ်နိုင်ခြေမှာ ထင်ရှားလွန်းနေ၏။

စစ်ဆေးရေးအခန်း။

လင်းချွမ် စိတ်ရှုပ်ထွေးစွာဖြင့်

“ရဲမေကြီး ကျွန်တော် ကျန်းနန်ရပ်ကွက်ကိုလည်း တစ်ခါမှ မရောက်ဖူးပါဘူး။ ကျွန်တော့်ဝတ္ထုနဲ့ တူနေတာနဲ့ပဲ အဲ့လို စွပ်စွဲလို့ ဖြစ်မလားဗျ”

“မရောက်ဖူးဘူးတဲ့လား”

ရှန်ချန်းချန်း မျက်မှောင်ကြုတ်လျက်

“မင်းဝတ္ထုနဲ့ (၈၀) ရာခိုင်နှုန်းလောက် တူနေတာလေ။ ရှင်းပြကြည့်ပါဦး”

ပြစ်မှုမကျူးလွန်မီ ဝတ္ထုထွက်လာလျှင် ကြိုတင်စီစဉ်ခြင်း ဖြစ်ပြီး ပြစ်မှုပြီးမှ ဝတ္ထုထွက်ပါက ပြစ်မှုမှတ်တမ်းတင်ခြင်း ဖြစ်၏။ လင်းချွမ်မှာ ဒုတိယအခြေအနေမျိုး ဖြစ်သည်။

သူ ဥပဒေများ သေချာမသိ၍ ဝတ္ထုရေးရုံဖြင့် အပြစ်ရှိမရှိ နားမလည်သော်လည်း အခြေအနေတော့ မကောင်းပေ။

“ရဲမေကြီး ကျွန်တော့်ဝတ္ထုက ကျွန်တော် အိပ်မက် မက်တဲ့အကြောင်း ရေးထားတာပါ”

လင်းချွမ် ရှင်းပြ၏။

ထိုအိပ်မက်မှာ ဆင်ခြေသက်သက်သာ ဖြစ်လေသည်။ အမှန်တော့ စနစ်ပိုင်ဆိုင်သူတစ်ဦး ဖြစ်၏။

မတ်လ (၇) ရက်နေ့တွင် လင်းချွမ်တစ်ယောက် အလုပ်အကိုင်အတွေ့အကြုံစနစ်ဟူ၍ အလုပ်အမျိုးမျိုး၏ အတွေ့အကြုံရနိုင်သော နည်းပညာတစ်ခု ရလာခဲ့သည်။ အခြေအနေမှာ ပုံရိပ်မြင်နည်းပညာကဲ့သို့ အစစ်အတိုင်း ခံစားရ၏။

ထိုသို့အတွေ့အကြုံ ရပြီးလျှင် လင်းချွမ် အလိုအလျောက် ဝတ္ထုရေးနိုင်လေပြီ။

သူ ချက်ချင်း စိတ်လှုပ်ရှားစွာဖြင့် စတင်ခဲ့ပြီး ပထမဆုံး အလုပ်အကိုင်မှာ သူခိုးဖြစ်နေ၏။

ထို့ကြောင့် ခိုးယူခြင်းနှင့်ပတ်သက်သော အရည်အချင်းများ ရရှိကာ “သူခိုး” ဟူသော ဝတ္ထုကို စတင်ထုတ်ဝေခဲ့သည်။

သူ (၇) ရက်နေ့တည်းက ထုတ်ဝေရန် ပြင်ထားသော်လည်း တည်းဖြတ်သူ ယုယွီ နားရက်ဖြစ်နေ၍ (၉) ရက်နေ့မှ ထွက်လာခြင်း ဖြစ်၏။

“အိပ်မက်က… အရမ်းတိုက်ဆိုင်နေတာ မဟုတ်ဘူးလား”

ရှန်ချန်းချန်း ရယ်မော၍ ပြောလိုက်သည်။

ဝတ္ထုရေးဆရာဆိုသည့်အတိုင်း ဇာတ်လမ်းချက်ချင်း ဆင်နိုင်၏။

သို့သော် နားလည်ပေးနိုင်စရာ မရှိပေ။

ပြစ်မှုမှတ်တမ်းနှင့်တူသော ဝတ္ထု၊ သော့အတု၊ သော့ဖျက်ခြင်းနှင့်ဆိုင်သော ပစ္စည်းများ၊ သော့တုပြုလုပ်သော အရည်အချင်း၊ သက်သေ အထောက်အထားမရှိ…

အထင်လွဲစရာများသာ ဖြစ်လေသည်။

အမှန်တရားသာ တစ်ခုသာ ရှိ၏။

လင်းချွမ်မှာ ရဲစခန်းကို ပထမဆုံး ရောက်ဖူးပြီး အလွန် စိတ်လှုပ်ရှားနေ၍ အတင်းငြင်နေမိသည်။

“ဒါပေမဲ့ ကျွန်တော် (၈) ရက်နေ့က ချင်းရှုနယ်ရော၊ ကျန်းနန်ရပ်ကွက်ကိုရော မသွားခဲ့ဘူးလေ”

“ငါတို့ မင်းအိမ်နားက မှတ်တမ်းတွေကို ကြည့်ပြီးပြီ။ မင်း ညနေ (၄) နာရီလောက်တည်းက ထွက်သွားတာဆိုတော့ အချိန်က ကွက်တိပဲ”

ရှန်ချန်းချန်းမှ ပြောလေ၏။

အခင်းနေရာမှ တံခါးခြစ်ရာများအရ လွန်ခဲ့သော (၃) နာရီခန့်ကဖြစ်၍ (၄) နာရီနှင့် (၇) နာရီကြားအချိန် ဖြစ်သည်။

လင်းချွမ်က

“အဲ့နေ့က ကျွန်တော် အပြင်သွားတာ ကျွန်တော့်စာဖတ်သူရဲ့ မိန်းမဖောက်ပြန်တာ ဖမ်းဖို့ လိုက်ကူညီတာပါ”

“…”

ရှန်ချန်းချန်း မှင်တက်လျက် မှတ်တမ်းလိုက်ရေးနေသော ရဲအမျိုးသားလည်း ရပ်သွားသည်။

ဘာတွေပြောနေတာလဲ။ ဘယ်သူက ယုံမှာလဲ။

“ကဲ ပြောပါဦး”

ရှန်ချန်းချန်း လင်းချွမ်ကို မသင်္ကာစွာ ကြည့်နေ၏။

လင်းချွမ်လည်း အသေးစိတ် ရှင်းပြလိုက်လေသည်။

ဤသို့ဖြင့် လင်းချွမ်မှာ နာမည်မရှိသည့် ဝတ္ထုရေးဆရာတစ်ယောက် ဖြစ်ပြီး လူတောလည်း မတိုး၍ အွန်လိုင်းမှသာ အခြားစာရေးသူများ၊ စာဖတ်သူများနှင့် ဆက်သွယ်လေ့ ရှိသည်။

ထို့နောက် စာဖတ်သူများနှင့် ရင်းနှီးလာပြီး တံခါးသော့ပြင်ခြင်း အပါအဝင် ဟိုဟိုဒီဒီ အကုန်ပြောဖြစ်ကြ၏။

မတ်လ (၈) ရက်နေ့။

ရုတ်တရက် အန်လင်းမြို့မှ စာဖတ်သူတစ်ဦး အသံဖိုင်ဖြင့် ဆက်သွယ်လာလေသည်။ အကြောင်းမှာ သူ့တံခါးလော့ကျနေ၍ အိမ်ထဲမဝင်နိုင်ကြောင်း ဖြစ်၏။

အထဲတွင် သူ့မိန်းမ ဖောက်ပြန်နေသည်ဟုလည်း ထင်နေ၍ သူ့ကို သော့ဖွင့်ပေးရန် အကူအညီ တောင်းခဲ့သည်။

ထို့နောက် ထိုလူမှ သူ့ပိုင်ဆိုင်မှု၊ အထောက်အထားနှင့် အခြားအချက်အလက်များပါ ပို့ပေးခဲ့လေသည်။

လင်းချွမ် အတော်ကြာအောင် စဉ်းစားပြီးနောက် ကူညီရန် ဆုံးဖြတ်လိုက်၏။

တံခါးဖွင့်နိုင်သွားပြီး စာဖတ်သူလည်း ငိုကြွေးနေ၏။

သူ့သံသယများ သေချာသွားလေပြီ။ သူ့မိန်းမ အမှန်ပင် ဖောက်ပြန်နေသည်။

လင်းချွမ် အခြေအနေကို အသေးစိတ်ကျကျ ပြောပြနေ၍ ရဲဝန်ထမ်းများ မှင်တက်နေကြ၏။

ထိုမြင်ကွင်းမျိုးမှာ အလွန်ရှားပါးပါသည်။

“ဒီလောက် ပုံပြောကောင်းတာကို မင်းဝတ္ထုတွေ ပေါက်သင့်တယ်”

ရှန်ချန်းချန်း သူ့ကို ထူးဆန်းသလို ကြည့်၍ ပြောလိုက်သည်။

လင်းချွမ်လည်း အရှိုက်ကို ထိသွား၏။

သို့သော် သူ လုပ်ကြံပြောနေခြင်း မဟုတ်ပေ။

“ရဲမေကြီးရယ် ကျွန်တော် တကယ် ပြောနေတာပါ။ အဲ့ဒီ စာဖတ်သူကို မေးကြည့်လို့ ရပါတယ်။ သူ့မိန်းမ ဖောက်ပြန်တာကို ဗီဒီယိုရိုက်ထားသေးတယ်။ ကျွန်တော် ပါရင် ပါနေမှာ”

ရှန်ချန်းချန်းလည်း သူ့အချက်အလက်များ တောင်း၍ ချက်ချင်း အပြင်ထွက်ကာ ဆက်သွယ်လိုက်သည်။

အချိန်များစွာ ကြာပြီးနောက်။

ရှန်ချန်းချန်း အခန်းထဲ ပြန်ဝင်လာ၏။

“လင်းချွမ် ရှင့်သံသယတွေ ကင်းရှင်းသွားပါပြီ”

လင်းချွမ်တစ်ယောက် စာဖတ်သူမိန်းမ ဖောက်ပြန်သည်အား ဖမ်းရန်သွားကြောင်း အတည်ပြုပြီး ဖြစ်၏။

လင်းချွမ် သက်ပြင်းချကာ အခန်းထဲမှ ထွက်ရန် ပြင်လိုက်သည်။

“ဒါပေမဲ့ ပြန်လို့မရသေးဘူး”

ရှန်ချန်းချန်း ပြုံး၍ ကြည့်နေ၏။

“ဘာလို့လဲ”

ရှန်ချန်းချန်းမှာ ပါးချိုင့်လေးများပေါ်အောင် ပြုံးလျက်

“ရှင် သော့ပြင်မယ်ဆို စာရင်းသွင်းရမယ်လေ။ ဒီဘက်က လုံခြုံရေးအဖွဲ့မှာ မှတ်တမ်းတင်ရမယ်။ လိုက်ခဲ့ပေးပါ”

လင်းချွမ်မှာ သံသယရှိသူ မဟုတ်တော့၍ ရှန်ချန်းချန်း အမူအရာလည်း ချက်ချင်း ပြောင်းသွားပြီး အနည်းငယ် နူးညံ့လာသည်။

“ကျေးဇူးတင်ပါတယ်ဗျာ”

လင်းချွမ် ထိုအခါမှ သက်ပြင်းချနိုင်ပြီး အမြန် ကျေးဇူးတင်လိုက်၏။ မိန်းကလေး၏ နူးညံ့သော အသွင်အပြင်နှင့် ချိုသာသောအသံကိုလည်း ထိုအခါမှ သတိထားမိတော့သည်။

ထိုမိန်းကလေးမှာ ပြစ်မှုစုံထောက် ဖြစ်နေမည်ဟု မည်သူက ထင်မည်နည်း။

ဖြူစင်သော်လည်း ကြောက်စရာကောင်းပြီး အများကြီး မတွေးရဲပေ။

ရှန်ချန်းချန်း နောက်မှ လိုက်သွားပြီး စာရင်းသွင်းခြင်းကို ချောမောစွာ ပြီးဆုံးသွား၏။

“လင်းချွမ် ရှင့်ဝတ္ထုတွေက အရမ်းလက်တွေ့ဆန်ပြီး ဆွဲဆောင်မှုရှိတယ်။ ကျွန်မအထင် ရှင် ဒီသော့ပြင်တဲ့ အပိုအလုပ်လုပ်စရာ မလိုလောက်တော့ပါဘူး”

ရှန်ချန်းချန်း၏ မျက်တောင်ကော့များနှင့် ခွက်နေသော ပါးချိုင့်လေးများကြောင့် သူ့အပြုံးမှာ ပိုဆွဲဆောင်မှု ရှိနေသည်။

“ရဲမေရှန်က နောက်နေပြန်ပါပြီ”

လင်းချွမ် ခေါင်းယမ်းကာ ရှက်လျက် ပြောလေသည်။

သူ ဝတ္ထုစရေးစဉ်က ယုံကြည်ချက်အပြည့်ဖြင့် စတင်ခဲ့သော်လည်း ယခုတော့ ကျရှုံးခြင်းကို နားလည်နေလေပြီ။

သူသာ ထိုအပိုအလုပ် ထပ်မလုပ်လျှင် လိုအပ်သော အခွန်များ ပေးနိုင်မည်ပင် မဟုတ်ပေ။

ကျရှုံးခြင်းမှာ သာမာန်သာ ဖြစ်သည်။

All Chapters