အတွေ့အကြုံသစ် ချက်ချင်း စတင်လိုပါသလား
Vol. 1 Ch. 3
ကောင်းကင်ယံ၌ တိမ်များမှာ မီးခိုးရောင်သန်းနေပြီး နွေးထွေးသော နေမင်းကြီးအား ကွယ်ဖွက်ထားကြ၍ မကြာမီမိုးရွာတော့မယောင် ထင်ရသည်။
လင်းချွမ်လည်း ရဲစခန်းမှထွက်လာပြီး ဘတ်စ်ကား နံပါတ် (၁၃) ပေါ်သို့ ချက်ချင်း တက်လာခဲ့၏။
ဒင် ဒင် ဒင်!
သူ့ဖုန်းသံ မြည်လာသည်။
“အမေ ဘာကိစ္စလဲ”
လင်းချွမ် ဖုန်းကိုင်လိုက်သည်။
“ချွမ် နင်ရေးနေတဲ့ ဝတ္ထုက အခြေအနေ ဘယ်လိုလဲ”
တစ်ဖက်ရှိသူ့အမေမှ စိုးရိမ်တကြီး မေး၏။
လင်းချွမ် မျက်နှာပျက်သွားပြီး
“အရမ်းတော့ မကောင်းသေးပါဘူး”
“မကောင်းသေးဘူးလား။ ချွမ် ဒီနေ့ နင့်အဒေါ် လာသွားတယ်။ သူတို့အလုပ်မှာ ရုံးပိုင်းအတွက် ဝန်ထမ်း ခေါ်နေတယ်တဲ့။ စာချုပ်နဲ့တဲ့။ နင် လျှောက်ကြည့်ပါလားဟယ်။ နင့်အဒေါ်ပြောတာတော့ လခလည်း မဆိုးဘူးတဲ့။ တခြား အပိုရမှာတွေနဲ့ပါဆိုရင် တစ်လကို (၄-၅) ထောင်လောက် ရနိုင်တယ်ဆိုပဲ။ အလုပ်ကြိုးစားရင်လည်း အမြဲတမ်းရာထူး ရဦးမှာ။ နောင်ရေးအတွက်ပါ သေချာတာပေါ့”
သူ့အအေ အဆက်မပြတ် လွှတ်လေ၏။
လင်းချွမ် ခဏငြိမ်နေပြီးမှ ပြန်ပြောလိုက်သည်။
“စဉ်းစားကြည့်လိုက်ပါ့မယ်”
သူ့အမေမှာတော့ စိုးရိမ်စွာဖြင့်
“နင် အလုပ်ကောင်းကောင်းလေးရှိရင် ရည်းစားလည်း ရလာနိုင်တယ်လေ။ ဘေးအိမ်က မိန်းကလေးဟွာကို သိလား။ သူဆို အခု ကလေးတစ်ယောက်တောင် ရနေပြီ”
လင်းချွမ် ခပ်ပေါ့ပေါ့ ရယ်လိုက်မိသည်။
ရည်းစား…
သူ ချစ်ရသူ မရှိဖူးခြင်း မဟုတ်ပါ။ ဘွဲ့ရပြီးနောက် ထိုမိန်းကလေးမှ ချမ်းသာသည့်အိမ်မှ ဒုတိယမျိုးဆက်သားတစ်ဦးနှင့် လက်ထပ်သွားခြင်း ဖြစ်၏။
“ချွမ် ငါပြောတာ နားထောင်နေလား။ တစ်နေ့တစ်နေ့ ငှါးထားတဲ့ အခန်းလေးထဲမှာပဲ ဝတ္ထုတွေရေးနေတာ။ ဘယ်မှလည်း မထွက်ဘူး။ အဲ့လိုပုံနဲ့ ဘယ်လို ရည်းစားရမလဲ။ နင့်အခန်းတံခါးကို လာခေါက်တဲ့အထိ စောင့်နေတာလား”
အမေဖြစ်သူမှာ အဆက်မပြတ် ပွစိပွစိလုပ်နေတော့သည်။
မိန်းကလေးက တံခါးလာခေါက်မှာလား။
အမလေး။ မသိဘူးလား။ တကယ် လာခေါက်တာ ရှိတယ်လေ။
ရဲဝတ်စုံဝတ်ထားပြီး ရဲစခန်း ခေါ်သွားတာရယ်။ စစ်ဆေးခန်းထဲ ပိတ်ထားတာရယ်။ ကြောက်စရာကောင်းအောင် ပြောတာလေးတွေရယ်ပဲ ရှိတယ်။ ဒါပေမဲ့ ဒီလိုမိန်းကလေးက ညဘက်ကြီး ယာဉ်တစ်စီး ဖြတ်သွားသလောက်ပါပဲ။
ပြန်တွေ့ဖို့လား။
ထားပါ။
လင်းချွမ်မှာ ရှန်ချန်းချန်း သူ့ကို ထပ်ဆွဲခေါ်သွားပြီး စစ်ဆေးနေမည်ကိုသာ စိုးရိမ်နေမိသည်။
အိပ်မက်ဆိုးတစ်ခု ဖြစ်၏။
“အပြင်လေးဘာလေး ထွက်လည်ဦးလို့။ ငါပြောတာ ကြားလား”
သူ့အမေ ထပ်သတိပေးလေသည်။
“အင်းပါ။ ကြားပါတယ်”
လင်းချွမ် ဖုန်းချပြီးနောက် ဘတ်စ်ကားပြတင်းပေါက် မှတစ်ဆင့် မှိန်ပျပျ မြို့ရှုခင်းကို ငေးကြည့်နေသည်။ ကားထိုင်ခုံမှာတော့ အလွန်မာလွန်း၍ နေရခက်နေ၏။ စစ်ဆေးရေးခန်းမှခုံပင် ပိုအိစက်သေး၏။
လင်းချွမ် သက်ပြင်းချ၍ သူ့အခြေအနေကို သဘောပေါက်သွားသည်။
သတင်းကောင်း: ရွှေအခွင့်အရေးရရှိ။
သတင်းဆိုး: ရွှေအခွင့်အရေးမှာ အန္တရာယ်များ။
သတင်းကောင်း: ဝတ္ထုများ အလိုအလျောက် ရေးသားနိုင်။
သတင်းဆိုး: ထောင်ထဲရောက်လုနီးပါးဖြစ်။
ထိုရွှေအခွင့်အရေးမှာ…
လင်းရွှမ်တစ်ယောက် မှော်သေတ္တာကောက်ရသကဲ့သို့ ဖြစ်လေသည်။
အလုပ်အကိုင်မှာလည်း ကျပန်းဖြစ်၏။
အခြားကောင်းမွန်သော အလုပ်အကိုင် အတွေ့အကြုံများ ရလျှင်ပင် ဘဝအတွက် ဆက်လက်ရှင်သန်နိုင်သေးသည်။
ယခုတော့ ပထမဆုံးအလုပ်မှာ သူခိုးဖြစ်ပြီး သော့တုလုပ်ခြင်းကိုသာ တတ်ကျွမ်းခဲ့ရသည်။
ထို့ကြောင့် လင်းချွမ် စာရေးခြင်း၌သာ အာရုံပြန်စိုက်ရပေမည်။
ထွက်သမျှဝတ္ထုတိုင်း ကျရှုံးနေမည်တော့ မဖြစ်နိုင်ပေ။
အချစ်ရေးနှင့် အိမ်ထောင်ရေးမှာမူ လင်းချွမ် ထည့်ပင် မစဉ်းစားဖြစ်ချေ။
ပိုက်ဆံသာရှိလာလျှင် အရာရာဖြစ်နိုင်၏။
ထို့ကြောင့် ပိုက်ဆံကိုသာ အဓိက ကြိုးစား၍ ရှာရပေမည်။
လင်းချွမ် သူ့စနစ်ကိုဖွင့်လိုက်၏။
[အလုပ် : သူခိုးဘဝ]
[အောင်မြင်မှုအတိုင်းအတာ : ၇၆/၁၀၀]
“သူခိုးဘဝ” ဟူသော စာလုံးရေ (၃၂၉,၀၀၀) ဖြင့် ဝတ္ထုတစ်ပုဒ်ကို ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်၌ ထုတ်ဝေနိုင်ခဲ့သည်။
ထိုဝက်ဘ်ဆိုဒ်တွင် ဝတ္ထုများကို အပိုင်းစဉ် သို့ တစ်ပြိုင်နက်တည်း တင်နိုင်ပါသည်။ AI နည်းစနစ်ဖြင့် မိမိကြိုက်နှစ်သက်ရာကိုလည်း ရွေးချယ်ဖော်ပြပေးသေး၏။
“နောက်ထပ် တုံ့ပြန်မှု (၂၄) ခုရရင် အလုပ်အသစ် စနိုင်ပြီ”
လင်းချွမ် ပြုံးလျက် ရေရွတ်မိ၏။
ထို့နောက် စာဖတ်သူအဖွဲ့ထဲသို့ စိတ်ဝင်တစား ဝင်ကြည့်လိုက်တော့သည်။
အများစုမှာတော့ သူ့ကို သဘောကျသူများသာ ဖြစ်သည်။
[ဆရာ့စာအုပ်က အရမ်းလက်တွေ့ဆန်တာပဲ]
[အရမ်းစိတ်လှုပ်ရှားစရာ ကောင်းတယ်။ အရည်အချင်းရှိတဲ့ ဆရာပဲ]
[အင်း တစ်ခုခု လိုနေသေးတယ်။ ဆရာပဲ ပြောလိုက်ပါတော့]
[(၃) နာရီတောင်ကျော်နေပြီ။ ဘာအမှတ်အသားမှ မတွေ့ရသေးဘူး]
[တကယ်ကြီး အဖမ်းခံလိုက်ရတာ မဟုတ်ပါဘူးနော်]
[သူ တခြားကုန်ကြမ်း ထပ်ရှာရင်း ပါသွားပြီ ထင်တယ်]
လင်းချွမ် ရယ်မော၍ ‘ရဲစခန်းမှာ’ ဟူသည့် စာတန်းဖြင့် ပုံတစ်ပုံ ပို့ပေးလိုက်သည်။
[အမလေးလေး ဆရာရယ် တကယ်ကြီး အဖမ်းခံရတာလား]
[တခြားဇာတ်လမ်း တကယ် ထွက်ရှာတာလား]
[ရှူး! ဆရာ တကယ့်ဒိုင်ယာရီကို ရေးနေတာလား]
လင်းချွမ် ချက်ချင်း ပြန်ငြင်းရ၏။
“ပေါက်ကရတွေ။ ကျွန်တော်က နိုင်ငံကြီးသားပါဗျ။ ရဲစခန်းမှာက ကူညီစရာလေးရှိလို့။ ထူးဆန်းတာတွေ မတွေးပါနဲ့ဗျာ”
[မယုံပါဘူး။ ဆရာ ပြဿနာတစ်ခုခု ရှိတယ်မလား]
[အရေးအသားက လက်တွေ့ဆန်နေတာ မဆန်းပါဘူး]
[ဒီပုံအတိုင်းဆို စာရေးဆရာ တကယ် ထောင်ကျတော့မှာပဲ]
စာဖတ်သူများမှ အဆက်မပြတ် ဝေဖန်နေကြသည်။
[ဆရာ ကျွန်တော့်ကိုလည်း သော့တုလုပ်နည်း သင်ပေးဦး။ ကျွန်တော် မဖွင့်တတ်လို့]
[ညီလေးက စာမဖတ်ဘဲ ဒါတွေ သင်ချင်နေတာလား]
[တကယ် နည်းစနစ်ကျတဲ့ စာရေးဆရာပါကွာ]
[ဒီဆရာ ဘာထပ်ရေးရေး အားပေးမှာ]
[ကျွန်တော်လည်း ပညာသင်ချင်လိုက်တာ]
“နောက်စာအုပ်လား”
လင်းချွမ် ဘတ်စ်ကားခုံပေါ်မှီရင်း ရေရွတ်မိ၏။ နောက်ထပ် အလုပ်အတွေ့အကြုံရရင် ရေးလို့ ရမှာပေါ့။
ဟင်းဟင်း…
ဘတ်စ်ကားနံပါတ် (၁၃) မှာ အန်လင်းမြို့ကို ဖြတ်၍ မောင်းနှင်လာပြီး မကြာမီ ချွမ် သူ့မှတ်တိုင်၌ ဆင်းလိုက်သည်။
လင်းချွမ်တစ်ယောက် ရဲစခန်းမှ ပြန်လာပြီး ပျော်စရာ လူနေမှုထဲ ပြန်ရောက်လာသည်။
ထိုရပ်ကွက်မှာ ရှေးကျပြီး ကားအဝင်အထွက် စစ်ဆေးခြင်းများလည်း မရှိပေ။
လမ်းဘေးအုတ်ခုံများလည်း ပြိုပျက်၍ အရောင်လွင့်လျက်ရှိ၏။
လင်းချွမ်အတွက်မူ နေစရာရှိလျှင် ရပါပြီ။
အခြားကိစ္စများမှာ အရမ်းအရေးမကြီးလှပေ။
သူ ရဲစခန်းမှ လွတ်မြောက်လာ၍ စိတ်လက်ပေါ့ပါးနေပြီး အခန်းတံခါးလေး ဖွင့်ဝင်၍ ခေါက်ဆွဲပြုတ်စားရန် ပြင်လိုက်သည်။
ထို့နောက်။
ကွန်ပျူတာကိုဖွင့်၍ ကျန်ရှိသော တုံ့ပြန်မှုအမှတ်များအား ကြည့်လိုက်သည်။
သို့သော် တိုးတက်နှုန်း အလွန်နှေးနေ၏။
မကြာမီ နာရီလက်တံ (၃) ခုဆုံရာ (၁၂) နာရီ ထိုးသွားတော့သည်။
[အလုပ် : သူခိုးဘဝ]
[အောင်မြင်မှုတန်ဖိုး : ၁၀၀/၁၀၀]
နောက်ဆုံးတော့ အမှတ် (၁၀၀) ပြည့်သွားလေပြီ။
ထိုစဉ်။
စက်ရုပ်ကဲ့သို့ ခပ်ရှရှဖြင့် ချိုသာသော အမျိုးသမီးတစ်ဦးအသံ ထွက်လာသည်။
[စိတ်အားထက်သန်မှု၊ ကြိုးစားမှုအပြည့်ဖြင့် ဘဝအသစ်၊ အတွေ့အကြုံအသစ်]
[သူခိုးဘဝ ဝတ္ထုဖြင့် အမှတ် (၁၀၀) ရခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ အလုပ်အကိုင်အသစ် စတင်နိုင်ပါပြီ]
[ယခုချက်ချင်း စတင်လိုပါသလား]