ဘဝဆိုးလိုက်တာ
Vol. 1 Ch. 4
မိုးရေစက်များ ပြတင်းပေါက်ဘောင်ပေါ် ကျသည့်အသံများမှာ တိတ်ဆိတ်သောည၌ စည်းချက်ညီစွာ ထွက်ပေါ်နေသည်။ နားဝင်ချိုသော သီချင်းသံစဉ်နှင့်ပင် တူ၏။
လင်းချွမ်မှာ တစ်နေကုန် လေးလံခဲ့ရသော စိတ်အခြေအနေကြောင့် ထိုမိုးသံကို နားထောင်ရင်း ပြုံးမိသွားသည်။
အလုပ်အကိုင်အသစ်၊ အတွေ့အကြုံအသစ် ရောက်ရှိလာလေပြီ။ ပြောရလျှင် လင်းချွမ် ဘဝအစစ်မှ ပုံရိပ်ယောင်လောကထဲ လျှောက်လှမ်းသွားသကဲ့သို့ ဖြစ်၏။
အလုပ်မှာလည်း ကျပန်းဖြစ်သောကြောင့် မျှော်လင့်ရင်း စိတ်လှုပ်ရှားစရာကောင်းလှသည်။
“အခုချက်ချင်း ခံစားမယ်”
ထိုအခါ လင်းချွမ်အမြင်များ ရုတ်တရက် ဝေဝါးကာ မိုးသံနှင့် အေးမြမှုကို ခံစားရသော်လည်း ပုံရိပ်ယောင်လောကနှင့် ရောနေ၏။
“ဒီတစ်ခါတော့ အလုပ်အကိုင်ကောင်းကောင်းလေး ကြုံရပါစေ”
လင်းချွမ် စိတ်ထဲမှ ကျိတ်ဆုတောင်းနေမိ၏။
[အတွေ့အကြုံတိုင်းတွင် လှပသော အမှတ်တရများ ကျန်ရှိပါသည်။]
[ဤစနစ်မှ ဝတ္ထုပုံစံဖြင့် မှတ်ထားပေမည်။]
[ယခုဘဝတွင် သင့်အလုပ်အကိုင်မှာ… လူလိမ်]
လင်းချွမ် မျက်လုံးပြူးသွားသည်။
လူလိမ်လား။
ကောင်းပြီ ကောင်းပြီ။ စနစ်က ဒီလိုပေါ့လေ။
အရင်က သူခိုး။ အခု လူလိမ်။
တကယ် ရက်စက်တာပဲ။
[လိမ်လည်ခြင်းနည်းလမ်းများ တတ်မြောက်သည့်အတွက် ဂုဏ်ယူပါသည်။]
[သင့်အတွက် ပုံရိပ်ယောင်လောက ဖန်တီးပေးပါမည်။]
ချိုသာသော စက်ရုပ်မလေးအသံအဆုံး၌ လင်းချွမ်အရှေ့တွင် မြင်ကွင်းတစ်ခု ပေါ်လာသည်။
ပုံရိပ်ယောင်လောကသစ်တွင် လင်းချွမ်၏ အာရုံ (၅) ပါးလုံး ကောင်းစွာ ခံစားနိုင်လေသည်။ အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့ စသဖြင့် ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်း ထိန်းချုပ်နိုင်၏။
ကမ္ဘာသစ်ထဲတွင်။
ကြီးမားခမ်းနားသော ခန်းမထဲ၌ အနုစိတ်လှပသည့် ရုပ်တုများ၊ လင်းလက်တောက်ပနေသည့် မီးဆိုင်းများ၊ တလက်လက်ထနေသည့် ရွှေရောင် အသုံးအဆောင်များကြောင့် အိပ်မက်အလား မူးဝေလာသည်။
လင်းချွမ် ထိုအခန်းထဲ ရပ်နေရင်း ရေမွှေးရနံ့နှင့် ဆေးခြောက်နံ့များ နှာခေါင်းထဲ တိုးဝင်လာပြီး နားထဲ၌လည်း အသံမျိုးစုံ ကြားနေရ၏။
ရယ်မောသံ ခပ်ကျယ်ကျယ်၊ ပျော်ပါးအော်ဟစ်သံများနှင့် အချို့လည်း ခံပြင်းငိုကြွေးနေသံများ ဖြစ်သည်။
“ဒါ ကာစီနိုပဲ”
လင်းချွမ် ရေရွတ်လိုက်မိသည်။
သူ့ဘဝအတွေ့အကြုံမှာ ရက်စက်လွန်းလှသည်။
လင်းချွမ် ချက်ချင်း လူအုပ်ကြားထဲ တိုးဝင်သွားသောအခါ အဖြူရောင်ရှပ်အင်္ကျီ၊ စကတ်ခပ်ကြပ်ကြပ် အနက်ရောင်ဖြင့် မိန်းမလှလေးမှ ပြုံး၍ နှုတ်ဆက်လိုက်သည်။
“ဆရာ ဘာများ အကူအညီပေးရမလဲရှင်”
“ဂိမ်းနည်းနည်း ဆော့ချင်လို့ပါ”
လင်းချွမ်မှာ စနစ်မှ လှည့်ဖြားနည်းများ တတ်မြောက်ထား၍ ထိုသို့ လောင်းကစားနည်းများသာ ခေါင်းထဲပြည့်နေ၏။
“ကောင်းတာပေါ့။ ကျွန်မနောက် လိုက်ခဲ့ပေးနော်”
မိန်းမလှလေးမှ သူ့ကို ဒုတိယထပ်သို့ ခေါ်သွားလေသည်။
ဒုတိယထပ်၌မူ ဆူညံသံများ၊ ဆဲဆိုသံများ ပိုကျယ်လောင်နေ၏။
“ငရဲကျမယ့်အတူတူတော့ အကုန်ချ”
“အကုန်ထည့်ကွာ”
“ဟေ့ကောင် လူလိမ်ကောင် မင်းအဘိုးကို သွားလိမ်”
“…”
လင်းချွမ်လည်း ကစားဝိုင်းတစ်ခုထဲ ခပ်တည်တည်ဖြင့် ဝင်ထိုင်လိုက်၏။
စားပွဲပတ်လည်၌ မျက်နှာခပ်တင်းတင်း လောင်းကစားသမားများ ဝိုင်းထိုင်နေပြီး အခြေအနေကို မမှိတ်မသုန် အာရုံစိုက်နေကြသည်။
စားပွဲထိပ်တွင်တော့ ဆွဲဆောင်မှုရှိသော ခပ်မိုက်မိုက် အမျိုးသမီးတစ်ဦး ရပ်နေ၏။
ထိုအမျိုးသမီးသည် သူ့လက်ထဲမှ အံစာတုံး (၃) ခုကို ခွက်ထဲတွင် ခေါက်၍ စားပွဲပေါ် တလိမ့်လိမ့် ကျလာသည်။
ကာစီနိုများတွင် အံစားတုံးပစ်မိန်းကလေးဟု သိကြ၏။
လင်းချွမ်နားမှ အံစာတုံးခေါက်သံများ အစအဆုံးနှင့် လည်ပတ်ပုံကို သေချာတွေ့နေရပြီး ထူးခြားလှသည်။ ပုံမှန်အားဖြင့် ပထမဆုံးရောက်ဖူးသူမှာ ထိုအခြေအနေမျိုးကို ခန့်မှန်းနိုင်မည် မဟုတ်ချေ။
ယခုတော့ စနစ်၏ပညာများကြောင့် စရောက်ဖူးသည့် ကစားသမားနှင့် မတူတော့ပေ။
ဒေါက်!
အံစာတုံးခွက် စားပွဲပေါ် တင်လိုက်ပြီး လည်နေသော အံစာတုံးများလည်း အသံငြိမ်ကျသွား၏။
ထိုအခါမှ ကစားသမားများ လောင်းကြေး ထပ်ကြတော့သည်။
လင်းချွမ်လည်း ဆေးလိပ်တစ်လိပ် မီးညှိ၍ လောင်းကြေးအနည်းငယ် ထည့်လိုက်သည်။
“လောင်းကြေး ပိတ်ပါပြီ”
မိန်းကလေးမှ ဆွဲဆောင်မှုရှိစွာပြုံး၍ အံစာတုံးခွက်အား ဖြည်းဖြည်းချင်း မြှောက်ပြလိုက်သည်။
“အကြီး အကြီး အကြီး”
၁၂၂၊ ကိန်းအသေး။
လင်းချွမ် လောင်းသည်မှာ မှန်သွားသည်။ သူ့အကြားစွမ်းရည်မှာ သာမာန်မဟုတ်ပေ။ အံစာတုံး၏ ထောင့်တိုင်းတွင် ခြားနားသော အသံများ ရှိ၏။
ထို့ကြောင့် နောက်ဆုံး ကျရောက်လာသောအသံဖြင့် ခန့်မှန်းနိုင်ပါသည်။
“ငါ့အကြားစွမ်းရည်နဲ့ အဆင်ပြေပြီ”
နောက်တစ်ပွဲစလာ၏။
မိန်းကလေးမှ အံစာတုံးများကို ခပ်ပြင်းပြင်း ခေါက်လိုက်သောကြောင့် ကစားသမားများ အံစာတုံးများကို အာရုံမရောက်တော့ပေ။ အကြည့်များ သတိလက်လွတ် အပေါ်အောက် ရွေ့လျားနေကြသည်။
လင်းချွမ် နောက်ထပ် လောင်းကြေးထပ်လိုက်၏။
သို့သော် ဂရုတစိုက်ဖြင့် များများစားစား မဟုတ်သေးပေ။
သင့်ထက်တော်သူ အမြဲရှိနေနိုင်သည်။
ထို့ကြောင့် အကြားစွမ်းရည်ကိုသာ ပိုရင်းနှီးလာရန် ပြင်ဆင်နေသည်။
လောင်းကြေးကိုလည်း တဖြည်းဖြည်းသာ တိုးသွားပြီး တစ်ခါတစ်ရံ တမင်အမှားဘက်၌ လောင်းလိုက်၏။
ကာစီနိုဝိုင်းတွင် အမြဲနိုင်နေသူမှာ သံသယဝင်ခံရနိုင်သည်။
အံစာတုံးအခန်း၌ သူ အမြတ်အနည်းငယ်ရလာပြီး အခြားအခန်းသို့ ရွှေ့လာခဲ့သည်။ ပိုကာအခန်း ဖြစ်၏။
ပိုကာကစားနည်းမှာ များစွာ ရှိလေသည်။
လင်းချွမ် All-in ဝိုင်းထဲ ဝင်လိုက်၏။
ဂိမ်းအစတွင် ကဒ်ဝေသူမှာ (၂) ကဒ် ကိုင်ထားပြီး ကဒ်ပိုကောင်းသော ကစားသမားမှ လောင်းကြေးကို ဆုံးဖြတ်ရသည်။ ဤသို့ဖြင့် အခြားကစားသမားများ၏ ရွေးချယ်မှုပေါ် မူတည်ကာ အရှုံး၊ အနိုင်ရှိလေသည်။
လင်းချွမ် ထောင့်တွင်ထိုင်လျက် တိတ်တိတ်လေး အာရုံစိုက်နေ၏။
“ဒမ် ဒမ် ဒမ်…”
ရုပ်ရှင်ထဲမှ နောက်ခံသံစဉ်ကဲ့သို့ ကြားနေရသည်။ လင်းချွမ်အတွက်တော့ အလွန်ဝတ္ထုဆန်လှ၏။ သူ တကယ် ရုပ်ရှင်ထဲ၌သာ တွေ့ဖူးလေသည်။
ယခုတော့ အတွေ့အကြုံရပြီ ဖြစ်၏။
ကဒ်ဝေသူ လူချောလေးမှ အားလုံးကို ဝေ့ကြည့်၍
“ဘယ်လူကြီးမင်းကများ ကဒ်မွှေချင်လဲဗျ”
လင်းချွမ် လက်ထောင်ပြလိုက်ပြီး အနည်းငယ် မွှေလိုက်သည်။
ထိုအချိန်အတွင်း ကဒ်များ၏ ထောင့်နေရာကို မှတ်ထားလိုက်သည်။
ထို့နောက် ပထမဆုံး (၃) ကျော့ကို ငြိမ်နေပြီး (၄) ကျော့မြောက်မှ စတင်ပါဝင်လာသည်။
ထို့နောက် သူ့လက်ထဲမှ ကဒ်ကောင်းများကို ဖွင့်ပြလိုက်၏။
သူ လိမ်လည်ခြင်းဖြင့် အနိုင်ရခဲ့သည် မဟုတ်ပေ။
ကဒ်အမှတ်အသားအပေါ်သာ အခြေခံထားသည်။
(၅) ကျော့မြောက်တွင်လည်း ထိုကဲ့သို့ အချီကြီး နိုင်ပြန်သည်။
ထိုစဉ် ရုတ်တရက် ပိုကာခန်းထဲမှ အထူးသတိပေးချက်အသံ ထွက်ပေါ်လာပြီး ကစားသမားများ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
“ရဲတွေ ရောက်လာပြီ”
“ပြေးကြ”
“တကယ်ပါပဲ။ ငါ နည်းနည်းပဲ နိုင်သေးတာကို”
လင်းချွမ်လည်း ရင်အလွန်ခုန်သွား၏။ အဖမ်းခံရတော့မှာလား။