← Chapters

တာအိုပညာရှင် ဖြစ်လာခြင်း

Vol. 1 Ch. 5

တာအိုပညာရှင် ဖြစ်လာခြင်း

Vol. 1 Ch. 5

လောင်းကစားခန်းမကြီး ချက်ချင်း ရှုပ်ထွေး၍ ကစားသမားများလည်း ပိုက်ဆံပင် မယူနိုင်ဘဲ နေရာအနှံ့ ထွက်ပြေးသွားကြတော့၏။

“ဒီဘက်လာ”

တစ်ယောက်မှ လမ်းညွှန်ပြလေသည်။

လင်းချွမ်လည်း ထွက်ပြေးနေသော လူအုပ်ကြားထဲ ဦးတည်လိုက်၏။

လက်တွေ့၌ လူလိမ်များကို အဖမ်းခံရစေချင်သော်လည်း ပုံရိပ်ယောင်လောက၏ ကိုယ်တိုင်ကြုံနေရသော ဘဝတွင်တော့ အလွန် လွတ်မြောက်ချင်နေသည်။

သူသာ အဖမ်းခံရလျှင် အတွေ့အကြုံလောကလည်း ပျက်စီးသွားနိုင်၏။

ထိုသို့တော့ အဖြစ်မခံနိုင်ပေ။

အတွေ့အကြုံဘဝ မပြီးမြောက်လျှင် ထိုပညာများအား လက်တွေ့သို့လည်း မသယ်နိုင်ဖြစ်ပေမည်။

လင်းချွမ်၏ ပုံမှန်လောင်းကစား အရည်အချင်းမှာ အလွန်ဆိုးဝါးပြီး သူငယ်ချင်းများနှင့်ဆော့လျှင် အမြဲ ရှုံးနေကျဖြစ်သည်။

ယခုလို ပညာများဖြင့် လိမ်စရာမလိုဘဲ အမြတ် နည််းနည်းရသည်ကပင် အတော်အဆင်ပြေနေလေပြီ။

ဘဝမှာ ကြမ်းသင့်သလောက် ကြမ်းတမ်းပြီး၍ အနာပေါ် ဆားဖြူးရန်အထိတော့ မလိုအပ်လောက်ပေ။

သူသာ ထိုပညာများ ယူသွားနိုင်လျှင် နောက်တွင် ရည်းစားရလာ၍ ယောက္ခမကြီးနှင့် မာကျောက် ကစားရပါက ဆိုးဆိုးဝါးဝါး ရှုံးတော့မည် မဟုတ်ချေ။

အဟမ်း သူ၏ စိတ်ကူးယဉ်ခြင်း တစ်မျိုးပင်။

လင်းချွမ်မှာ ယခုထိတော့ လေလွင့်နေသောခွေးကဲ့သို့ လူပျိုဘဝနှင့် မျှော်လင့်ချက်မဲ့နေသည်။

လက်တွေ့ဘဝ။

ညခင်းကရွာထားသော မိုးပေါက်များ ပြတင်းတံခါးမှန်ပေါ် တဖောက်ဖောက် ကျနေပြီး အေးမြသော လေပြည်ညင်းများမှ နွေဦးကို သာယာစွာ ခေါ်ဆောင်လာ၏။

တစ်ဖက်တွင် အတွေ့အကြုံလောက၌ ဆက်လက် ဖြစ်တည်နေဆဲ။

လင်းချွမ်ရှေ့တွင် မြင်ကွင်းများ တစ်ခုပြီးတစ်ခု ပြောင်းသွားပြီး ရုပ်ရှင်ကြည့်နေရသကဲ့သို့ ဖြစ်လေသည်။

ဝတ္ထုတစ်ပုဒ်ကဲ့သို့ စိတ်လှုပ်ရှားစရာ ကောင်းနေ၏။

အန်လင်းမြို့မှ မိုးလည်း တိတ်သွားလေပြီ။

လင်းချွမ် အခန်းပြတင်းပေါက် အပြင်ဘက်ရှိ ညကောင်းကင်မှာ ကြည်လင်၍ တိမ်များကြားမှ လရောင်အလင်းကြောင့် အခန်းထဲ၌ အရောင်များ လက်နေသည်။

ထိုစဉ် လင်းချွမ်စိတ်ထဲ၌ သာယာသော စက်ရုပ်မိန်းကလေးအသံ ကြားရ၏။

[လူလိမ်ဘဝ ပြီးမြောက်သွားသည့်အတွက် ဂုဏ်ယူပါသည်။]

လင်းချွမ်လည်း နှုတ်ခမ်းထောင့်များ ကွေးတက်သွား၏။

စနစ်၏ နောက်ထပ်ကြေညာချက်များကို တိတ်တဆိတ် နားထောင်နေသည်။

[လိမ်လည်ခြင်းနည်းလမ်းများ ရရှိပါသည်။]

[သင်၏ လူလိမ်ဘဝမှာ ‘လူလိမ်’ ဟူသော ဝတ္ထုအဖြစ် ပြောင်းလဲသွားပါပြီ။]

[ယခု ထုတ်ဝေမည်လား။]

လင်းချွမ် ရယ်မောလျက်

“ထုတ်မှာ။ သေချာပေါက် ထုတ်မှာ”

မည်သို့ ထုတ်မည်နည်း။

စနစ်မှ လင်းချွမ်ကွန်ပျူတာတွင် ဆော့ဖ်ဝဲ ထည့်ထားပြီး အတွေ့အကြုံဘဝ ပြီးဆုံးသည်နှင့် အလိုအလျောက် စာများရေးသားလေသည်။

သို့သော် အချိန်တစ်ခုတော့ စောင့်ရ၏။

[ရိုက်နှိပ်နေဆဲ…]

[လူလိမ်ဘဝ အတွေ့အကြုံ၏ သက်တမ်းအရ စာလုံးရေ (၁) သန်းနှင့် အချိန် (၁၀) နာရီ ကြာမြင့်ပါမည်။]

[လက်ရှိ ဆောင်ရွက်ဆဲ : ၅%]

…

နောက်တစ်နေ့နံနက်၌ လင်းချွမ် နိုးလာပြီး မနေ့ည အတွေ့အကြုံကြောင့် မူးဝေနေဆဲဖြစ်၏။

သူခိုးဘဝနှင့်ယှဉ်လျှင် လူလိမ်ဘဝ၌ အချက်အလက်များ ပိုပါဝင်သည်။ အိပ်စက်ပြီးသော်လည်း ခေါင်းမှာ ထိုးကိုက်နေသေးသည်။

ဦးနှောက်ကို အလွန်အသုံးပြုလိုက်သောကြောင့် ဖြစ်နိုင်၏။ ထို့နောက် စာရေးနေသော အခြေအနေကို လှမ်းကြည့်လိုက်သည်။

[လက်ရှိ ဆောင်ရွက်ဆဲ : ၈၀%]

…

“အခုထိ မပြီးသေးဘူးပဲ။ လိမ်နည်း လေ့လာဖို့ ဖဲထုပ် သွားဝယ်ဦးမှ”

လင်းချွမ် ကိုယ်လက်သန့်စင်၍ အောက်ထပ် ဆင်းလာခဲ့သည်။

သူ ငှါးထားသော အခန်းမှာ (၆) လွှာတွင်ဖြစ်ပြီး ဓာတ်လှေကားမရှိဘဲ လမ်းလျှောက်ဆင်းရသည့် လှေကားသာ ရှိသည်။ အောက်ဆုံး၌ အိမ်ပိုင်ရှင်လည်း ဖြစ်သော ဦးလေးကျန်း၏ ဆိုင်ငယ်လေးရှိလေသည်။

ယနေ့ နေအလွန်သာနေ၏။

ဆိုင်လေးထဲရှိ ကောင်တာနောက်တွင် ဦးလေးကျန်း မဟုတ်ဘဲ အနွေးထည်ခပ်ပွပွနှင့် အားကစားဘောင်းဘီ မီးခိုးရောင် ဝတ်ဆင်ထားသော ချိုချဉ်လုံးစုပ်လျက် မိန်းမငယ်လေးသာ ရှိသည်။

လင်းချွမ် သူ့ကို သတိထားမိပါသည်။

ဦးလေးကျန်း၏ သမီးဖြစ်၏။

လင်းချွမ် ဆိုင်ထဲဝင်လာပြီး

“ကျန်း ကျွန်တော့်ကို ဖဲထုပ်နှစ်ထုပ်လောက် ပေးပါ”

ကျန်းဆိုသောမိန်းကလေးမှ ရုတ်တရက် ထရပ်လိုက်ပြီး ဘောင်းဘီပွပွကို ဆွဲတင်၍

“ဘာအလိုရှိပါသလဲ”

စားပွဲပေါ်ရှိ တက်ဘလက်ထဲမှ ဗီဒီယိုကတော့ ပွင့်နေဆဲပင်။

‘သူဌေးကတော် စိတ်မဝင်စားတာ သေချာလား’

လင်းချွမ် ဂရုတစိုက် လှမ်းကြည့်လိုက်မိသည်။

ဒါ အသစ်ထွက်တဲ့ ဇာတ်လမ်းမလား။

သူ ထွက်သမျှဇာတ်ကားများ အားလုံးနီးပါး သိပါသည်။

ကျန်းမှာ နေရခက်စွာဖြင့် တက်ဘလက်ကို အမြန်လှမ်းပိတ်လိုက်ပြီး

“ခုနက… ဘာလိုချင်တယ်လို့ ပြောလိုက်တာလဲ”

လင်းချွမ် ပြုံးလျက်

“ဖဲထုပ် (၂) ထုပ်ပါ”

ကျန်း စင်ပေါ်မှ ဖဲထုပ်များ လှမ်းယူ၍ ပေးလိုက်သည်။

“(၄) ယွမ်ပါ”

“ကျန်း မင်း စိတ်မဝင်စားတာ သေချာလား…”

လင်းချွမ် ခပ်တည်တည်ဖြင့် ပြောလိုက်၏။

“ယူပြီး မြန်မြန် သွားစမ်းပါ”

ကျန်းမှာ မျက်နှာလေးရဲလျက် ဖဲအုပ်ကို လင်းချွမ်ထံ အတင်းထိုးပေးနေသည်။

လင်းချွမ် ပြုံး၍

“အံစာတုံးတွေရော ရှိလားဟင်”

ကျန်း နှုတ်ခမ်းလေးစူကာ အံစာတုံး ယူပေးလိုက်၏။

“ဦးလေးကျန်းရော”

လင်းချွမ် ခပ်အေးအေး မေးလိုက်သည်။

“မနေ့က တစ်ညလုံး ဖဲသွားရိုက်နေတာ။ အဲ့မှာပဲ နေမှာပေါ့”

ကျန်း နှာခေါင်းလေးရှုံ့ကာ

“ဝတ္ထုရေးဆရာကြီးရယ် သူများကိစ္စတွေ ဘာလို့ အဲ့လောက် စပ်စုနေတာလဲ”

“အဟမ်း အဟမ်း မိန်းကလေးတွေ ရုပ်ရှင်ပဲ ကြည့်မနေနဲ့နော်”

လင်းချွမ် ရယ်မောလျက် ထွက်သွားတော့သည်။

သူ ထိုရပ်ကွက်၌ လာနေသည်မှာ အတော်ကြာပြီဖြစ်ပြီး ထိုဆိုင်တွင် နေ့စဉ် လိုအပ်သော ပစ္စည်းများ ဝယ်နေရ၍ ဦးလေးကျန်း၊ မိန်းကလေးကျန်းတို့နှင့် ရင်းနှီးနေလေပြီ။

အိမ်ရှင်ဦးလေးကျန်း၏ အလုပ်မှာ ငှါးခများ လိုက်ကောက်ခြင်းဖြစ်ပြီး ဖဲရိုက်ခြင်း၊ မာကျောက် ကစားခြင်းတို့ကို ဝါသနာပါ၍ တစ်ခါတစ်ရံ ညသန်းခေါင်နှင့် တစ်ညလုံးပင် ကစားနေတတ်သည်။ အချီကြီး ရှုံးလာလျှင်တော့ ငှါးခများ တိုးကောက်တတ်သောကြောင့် လင်းချွမ် သူ့ကို အနိုင်ယူလိုစိတ် မရှိပေ။

ထို့နောက် အိပ်ခန်းတစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းသာ ပါသော သူ့အခန်းဆီ ပြန်ရောက်လာ၏။

မနေ့ညကမိုးမှာ စိတ်ညစ်စရာဖိအားများကို လွင့်ပျောက်စေ၍ နေရောင်ခြည် အလွန်သာယာနေသည်။

လင်းချွမ်လည်း သက်ပြင်းရှည်ကြီးချကာ ပစ္စည်းများ ထုတ်လိုက်လေသည်။

ပထမဆုံး အံစာတုံး ပစ်ကြည့်၏။

အံစာတုံးများကို ခွက်ထဲထည့်ကာ ခေါက်လိုက်သည်။

စနစ်မှ ပေးလိုက်သော ပညာမှာ သီအိုရီအရသာ ဖြစ်ပြီး ကိုယ်တိုင် ကျင့်သုံးကြည့်မှ လက်တွေ့၌ အဆင်ပြေမည်ဖြစ်သည်။

ဒေါက်!

အံစာခွက် ငြိမ်ကျသွား၏။

“(၆) သုံးလုံး။ ဖွင့်မယ်”

သူ ခွက်ဖွင့်လိုက်သောအခါ (၆) သုံးလုံး တွေ့ရလေသည်။

ထပ်စမ်းမယ်။

ဒေါက်။

ဒေါက်။

ဒေါက်။

အဆက်မပြတ် လေ့ကျင့်ပြီးနောက် လင်းချွမ်လက်ယဉ်လာသည်။

အကြိမ်တိုင်း (၆) သုံးလုံး ရနေ၏။

“ငါ တကယ် တော်တာပဲ”

သူ့သွားများ နေရောင်ဖြင်ါ လက်နေသည်အထိ ဖြီးသွားသည်။

သံပူနေချိန်တွင် နာနာထုရမည်။

ထို့နောက် ဖဲချပ်များ စမ်းသပ်ရန် ဖြစ်၏။

သူ့လက်အရှိန် အလွန်မြန်ပြီး လိုချင်သည့်ကဒ် ချက်ချင်း ရလေသည်။ ထိုအရည်အချင်းမှာ ဆယ်စုနှစ်တစ်ခုအထိ ကြိုးကြိုးစားစား ဆော့မှသာ ရနိုင်သော အခြေအနေ ဖြစ်လေသည်။

“ငါ လုပ်နိုင်သွားပြီ။ ဒီပညာမှာတော့ တာအိုဆရာပဲ”

“ဒီနေ့ကစပြီး လောင်းကစားဘုရင်ပဲ”

“ဟားဟားဟား”

လင်းချွမ်၏ရယ်သံများ အခန်းကျဉ်းလေးထဲ ပြည့်နှက်သွားလေသည်။

ထိုစဉ် ပတ်ဝန်းကျင်၌ ဆူညံသံများ ပေါ်လာပြန်၏။

လင်းချွမ်လည်း ပြတင်းပေါက်မှတစ်ဆင့် ပြင်ပလောကကို လှမ်းကြည့်လိုက်သည်။

အောက်ထပ်၌ ရဲကားများ ရပ်နေပြီး အပြာရောင် ယူနီဖောင်းဖြင့် ရဲအချို့ စီတန်းနေကြသည်။

ဘေးမှ ပြည်သူများလည်း စိတ်ဝင်တစား ဝိုင်းကြည့်နေကြလေသည်။

“ဘာဖြစ်တာလဲ”

လင်းချွမ် ရေရွတ်မိ၏။

ရုတ်တရက် လူအုပ်ထဲတွင် ရင်းနှီးနေသော လူတစ်ဦးကို တွေ့လိုက်ရသည်။

အိမ်ပိုင်ရှင် ဦးလေးကျန်း။

သူ့သမီးကျန်းနှာ ဘေးတွင် မျက်ရည်များ သုတ်လျက် ပါလာသည်။

တကယ်ပါပဲ။

လင်းချွမ် အခြေအနေကို ချက်ချင်း သဘောပေါက်သွား၏။

ဦးလေးကျန်းတို့အဖွဲ့ ဖဲဝိုင်း၌ အဖမ်းခံရခြင်းပင်။

လင်းချွမ်လည်း သူ့လက်ထဲမှ အံစာတုံးနှင့် ဖဲချပ်များကို ငုံ့ကြည့်ကာ ရုတ်တရက် ရေခဲရေဖြင့် အပက်ခံရသကဲ့သို့ တောင့်သွားသည်။

လောင်းကစားလား။

ထိုအရာမှာ တစ်ခါ ပတ်သက်မိလျှင် ရုန်းမထွက်နိုင်တော့ချေ။

လင်းချွမ် ပစ္စည်းများကို ချက်ချင်း လွှင့်ပစ်လိုက်သည်။

“ထားပါတော့။ လူလိမ်ဘဝ ဝတ္ထုကို ကြိုက်တဲ့သူ ရှိလားကြည့်တာပေါ့”

လင်းချွမ် တစ်ယောက်တည်း ရေရွတ်၍ ကွန်ပျူတာဘက် ဦးတည်လိုက်သည်။

လောင်းကစားမှာ လမ်းကြောင်းမှန် မဖြစ်လာနိုင်ပေ။

စာရေးခြင်းကသာ ပန်းတိုင် ဖြစ်၏။

All Chapters