← Chapters

သူ့ဦးလေးက လူလိမ်လား

Vol. 1 Ch. 7

သူ့ဦးလေးက လူလိမ်လား

Vol. 1 Ch. 7

ကျန်း၏ နာမည်အပြည့်အစုံမှာ ကျန်းရှင်းရှင်း ဖြစ်ပြီး လင်းချွမ်ထက် တစ်နှစ်သာ ငယ်သည်။ လက်ရှိ ကောလိပ်နောက်ဆုံးနှစ် တက်ရောက်နေပြီး အိမ်၌သာ ဘွဲ့အတွက် စာတမ်းပြင်ဆင်နေသည်။

ယခုတွင် ကာတွန်းအနွေးထည်နှင့် အားကစားဘောင်းဘီ မီးခိုးရောင် ဝတ်ဆင်ကာ လင်းချွမ်အိမ်ရှေ့ ရပ်နေလေသည်။ သာမာန်ဝတ်စုံ ဝတ်ထားသော်လည်း ငယ်ရွယ်နုပျိုမှုကို မဖုံးကွယ်နိုင်ပါ။

အသားအရည်မှာ ဖြူဖွေး၍ ညှစ်လိုက်လျှင် အရည်ထွက်လာနိုင်သကဲ့သို့ စိုပြေဝင်းပနေသည်။

လင်းချွမ် သက်ပြင်းချမိ၏။

ဒါ လူငယ်ဆိုတာပဲ။

ကျန်းရှင်းရှင်း စိတ်ပျက်လက်ပျက်ဖြင့်

“လင်းချွမ် ညီမစဉ်းစားနေတာလေ…”

လင်းချွမ် လန့်ဖျပ်၍

“ကျန်း ဦးလေးကျန်း အဖမ်းခံထားရတာ သိပါတယ်။ မင်း စိတ်ခံစားချက်မကောင်းတာလည်း သိတယ်။ ဒီအချိန်မှာ စိတ်ပြေလက်ပျောက်ဖြစ်ဖို့ လိုတယ်။ ဒါပေမဲ့ အဲ့တာငါ မဟုတ်ဘူး”

ကျန်းရှင်းရှင်း မျက်မှောင်ကြုတ်၍

“ဘာတွေ လျှောက်တွေးနေတာလဲ”

“ဒါဆို ငါ့ဆီ ဘာလာလုပ်တာလဲ”

လင်းချွမ် ပြန်မေးလိုက်၏။

“နောက်လဆို အစ်ကို့စာချုပ်သက်တမ်းပြည့်ပြီ။ အဲ့တာ အသစ်ထပ်တိုးမှာလားလို့”

လင်းချွမ် ခေါင်းငြိမ့်ပြလိုက်သည်။

ထိုအခါမှ ကျန်းရှင်းရှင်းလည်း သူ့အင်္ကျီအိတ်ထဲမှ စာချုပ်အား ကမ်းပေးလိုက်၏။

“အဆင်ပြေလား ကြည့်လိုက်ဦး။ ပြောင်းချင်တာ မရှိရင် လက်မှတ် ထိုးလိုက်တော့”

လင်းချွမ် အိမ်ပိုင်ရှင်မလေးကို တစ်ချက်ကြည့်၍ စာချုပ်အား လှမ်းယူလိုက်သည်။

အမလေး။ ငှါးခက ယွမ် (၂၀၀) တောင် ထပ်တက်သွားတာပဲ။

ကျန်းရှင်းရှင်း နှုတ်ခမ်းလေးစူလျက်

“ဒီပတ်ဝန်းကျင်မှာ ဒီငှါးခက အသက်သာဆုံးပဲ။ ယွမ် (၂၀၀) တိုးတာတောင် ဈေးပေါနေသေးတယ်”

လင်းချွမ်ကတော့ မျက်နှာပျက်နေ၏။

အရင်လခမှာ ယွမ် (၈၀၀) ဖြစ်ပြီး ယခုထပ်တိုးပါက ယွမ် (၁၀၀၀) အထိ ဖြစ်နေလေပြီ။ စာရေးရာမှ ရလာသောလခအကုန် ပြောင်တော့မည်။

ဘဝမှာ ခက်ခဲရသည့်အထဲ ပိုကြမ်းတမ်းနေ၏။

လင်းချွမ် ခဏစဉ်းစားပြီးနောက်

“ကျန်း ဂိမ်းတစ်ခုလောက် ဆော့ကြမလား”

ကျန်းရှင်းရှင်း မျက်မှောင်ကြုတ်ကာ

“ဂိမ်းလား”

လင်းချွမ် ပြုံးလျက်

“အဟမ်း ပိုကာဒေါင်းမလားလို့ပါ”

ကျန်းရှင်းရှင်း မျက်မှောင်ပိုကြုတ်လျက်

“တကယ့်ပိုကာလား။ နာမည်ပြောင်တစ်ခုခု ပြောနေတာလား”

“တကယ်လေ”

လင်းချွမ် ရယ်ကျဲကျဲဖြင့် ပြော၏။

“မဆော့ပါဘူး”

ကျန်းရှင်းရှင်း ချက်ချင်း ငြင်းသည်။

“အာ…”

လင်းချွမ် မျက်နှာပျက်သွား၏။

ဘာလို့ စီစဉ်တဲ့အတိုင်း မဖြစ်ရတာလဲ။

သူသာ အတူဆော့ရင် ရှုံးအောင်လုပ်ပြီး ငှါးခအကုန် ပြန်ရနိုင်ပြီကို။

သို့သော် အတင်းငြင်းနေလေ၏။

ဆိုးလိုက်တာ။

လင်းချွမ် အတွေးလွန်နေစဉ် ရုတ်တရက် ကျန်းရှင်းရှင်းမှ

“အဖေက ဖဲရိုက်လို့ ထောင်ကျတော့မှာကို။ သူ့ခြေရာ မလိုက်ချင်ပါဘူး”

“ကောင်းပါပြီ။ ဒါနဲ့ ငှါးခက ဘာလို့ ရုတ်တရက် တက်သွားတာလဲ”

လင်းချွမ် နားမလည်နိုင်စွာ မေးလိုက်၏။

သူ ဦးလေးကျန်းနှင့် နောက်ဆုံးတွေ့စဉ်ကပင် ငှါးခတိုးရန်မရှိဟုဆို၍ စိတ်အေးနေခဲ့သည်။

ယခုတော့ ရုတ်တရက် ငှါးခတက်သွားလေပြီ။

ကျန်းရှင်းရှင်း နှုတ်ခမ်းလေးကိုက်၍

“အဖေ မနေ့ညက ယွမ် (၆) သိန်း ရှုံးလာတယ်လေ။ အဲ့တာကြောင့် တက်ခိုင်းလိုက်တာ”

လင်းချွမ် မျက်လုံးပြူး၍ ရှုံ့မဲ့နေ၏။

“ဘယ်လောက်လို့ ပြောလိုက်တာ”

“(၆) သိန်း”

ကောင်းတာပေါ့။

သူမနေ့ညက ရထားသော လိမ်လည်နည်းနှင့်ဆိုလျှင် ထိုပမာဏမှာ အရေးမကြီးပေ။ သို့သော် ပုံရိပ်ယောင်လောကသာ ဖြစ်သည်။

လက်တွေ့၌ လောင်းကစားမှာ အန္တရာယ်များလှသည်။

နောက်ဆုံး ဦးလေးကျန်း ရှုံးတာကနေ ငါ့အခန်းခတိုးတော့ ငါပဲ ထိခိုက်တာပဲ။

“အဲ့တော့ စာချုပ်ထပ်ချုပ်မှာလား”

ကျန်းရှင်းရှင်း ထပ်မေး၏။

“ချုပ်မှာပါ”

လင်းချွမ် ခေါင်းငြိမ့်ပြလိုက်သည်။ ယခုအခန်းခမှာ ပတ်ဝန်းကျင်၌ အသက်သာဆုံး မှန်လေသည်။

ထို့ကြောင့် ပိုက်ဆံများများ မရှာနိုင်မီ ဒီနေရာ၌သာ ကပ်နေရမည် ဖြစ်၏။

“ဒီလအသုံးစရိတ်တော့ အခမဲ့ လုပ်ပေး။ မင်းကြည့်ချင်တဲ့ ရုပ်ရှင်တွေရှိတဲ့ ဝက်ဘ်ဆိုဒ် ပြောပြမယ်”

လင်းချွမ် ပြုံး၍ ပြောလိုက်ပြီး ဝက်ဘ်ဆိုဒ် ရှာပေးလိုက်သောအခါ အိမ်ရှင်မလေး ထွက်သွားတော့သည်။

ထို့နောက် သူ ကွန်ပျူတာရှေ့ ပြန်ထိုင်လိုက်၏။

ထို့နောက် သူ့ဝတ္ထုအစပိုင်းအား ဖတ်ကြည့်နေသည်။

‘ငါဟာ လူလိမ်တစ်ယောက်။ လောင်းကစားဝိုင်းရဲ့ ဘုရင်။ ညတစ်ညရဲ့ ကံကြမ္မာကို ဖန်တီးနိုင်သူ။ စားပွဲမှာ ဝင်ထိုင်လိုက်တာနဲ့ ရှုံးနေကြပြီ…’

လင်းချွမ် ဂရုတစိုက်ဖတ်ကြည့်နေ၏။

ထို့နောက်မှ ယုယွီထံ ပို့လိုက်တော့သည်။

“ယုယွီ ဒါ စာအုပ်အသစ်ရဲ့ အစပိုင်းပါ။ ဖတ်ကြည့်ပြီး ပြန်ပြောပေးနော်”

သူ ယုယွီ၏အဖြေကို စောင့်ရန်သာ ကျန်တော့သည်။

‘…’

“တစ်ခုခု စားဦးမှပဲ”

သူ ဗိုက်အလွန်ဆာလာမှ မနက်စာ မစားရသေးသည်အား သတိရသွားသည်။ အသင့်စား ခေါက်ဆွဲပြုတ်များ ထပ်မစားချင်တော့ပေ။

ထို့ကြောင့် အပြင်ထွက်စားရန် ပြင်လိုက်သည်။

…

နေ့လယ်ခင်း၌ နေရောင်ခြည်မှာ စူးရှတောက်ပနေ၏။

ယုယွီတစ်ယောက် ကော်ဖီတစ်ခွက်ဖျော်ကာ ရုံးပြတင်းပေါက်ကြီးရှေ့ ရပ်၍ အပြင်ဘက်သို့ ငေးကြည့်နေသည်။

သူ ကော်ဖီတစ်ငုံမြည်းကြည့်လိုက်သောအခါ အနည်းငယ် ခါး၏။

ထိုအခါမှ ပိုလန်းသွားပြီး အလုပ်စားပွဲတွင် ပြန်ထိုင်လိုက်သည်။

အချိန်မှာ နေ့လယ်ထမင်းစားချိန် ဖြစ်သော်လည်း စိတ်လိုလက်ရ အချိန်ပိုလုပ်နေခြင်း ဖြစ်၏။

နယ်ပယ်တိုင်းတွင် ပြိုင်ဆိုင်မှု ပြင်းထန်ကြပြီး ယခု ရွက်လွှင့်ခြင်း ဝက်ဘ်ဆိုဒ်တွင်လည်း စွမ်းဆောင်ရည် မကောင်းသူမှာ ထုတ်ပယ်ခံရနိုင်သည်။

လွန်ခဲ့သော (၂) နှစ်ကျော်တောက်လျှောက် သာမာန် အရည်အချင်းသာ ရှိခဲ့၍ ယခုနှစ် ထိုအတိုင်း ဆက်သွားလျှင် အလုပ်ပြုတ်ပေတော့မည်။

ဒင် ဒင် ဒင်!

ကွန်ပျူတာမှ စာများဝင်လာ၏။ သူလှမ်းကြည့်လိုက်သောအခါ လင်းချွမ်ထံမှ ဖြစ်သည်။

လင်းချွမ်ကို သူ အတော်လေး လေးစားမိပါသည်။

သူ့လုပ်ဆောင်ရည် အရမ်းမကောင်းသော်လည်း စာများ ဆက်တိုက်ရေး၍ တင်နေဆဲပင်။

“လူလိမ်လား”

ယုယွီ ရေရွတ်၍ စာဖိုင်အား ဖွင့်ကြည့်လိုက်သည်။

“သူ တကယ် ရေးထားတာလား”

လင်းချွမ်ကို ဤမျှအထိ ကြိုးစားမည်ဟု မထင်ထားမိပါ။

“တကယ့်လူလိမ်လား။ ပေါက်ကရလားလို့ ကြည့်ကြသေးတာပေါ့”

ထို့နောက် စာအုပ်အား စတင်ဖတ်ရှုလေ၏။

“ငါဟာ လူလိမ်တစ်ယောက်…”

“အဖွင့်က မဆိုးဘူးပဲ”

သူ ဆက်၍ ဖတ်ကြည့်သည်။

‘နာမည်က လင်း။ တခြား ထပ်မပါဘူး။ ဆရာလင်းပဲ ခေါ်ပါ’

‘ငါ့အဖေဟာ လောင်းကစားသမားတစ်ယောက်’

‘ငါ့အသက် (၇) နှစ်မှာ ဘာတစ်ခွန်းမှ မမှာခဲ့ဘဲ လမ်းဘေးတင် အသတ်ခံလိုက်ရတယ်’

‘ငါ လမ်းကြားထဲ ပုန်းနေရင်း အားလုံး တွေ့ခဲ့ရတယ်’

‘…’

ယုယွီ မျက်မှောင်ကြုတ်ကာ အာရုံစိုက်နေ၏။ ထိုအစပိုင်းအားလုံးပြီးမှ သက်ပြင်းချနိုင်တော့သည်။

တကယ့် လူလိမ်ဇာတ်လမ်း အရသာပဲ။

ဆယ်စုနှစ်လောက် အတွေ့အကြုံမှ မရှိရင် ရေးဖို့ မဖြစ်နိုင်ဘူး။

တည်းဖြတ်သူ ယုယွီမှာ အံ့ဩတကြီး ရေရွတ်မိလေ၏။

“သူ့ဦးလေးက တကယ်ပဲ လူလိမ်လား”

All Chapters