← Chapters

အဆင့်မြင့်ဘဝ

Vol. 1 Ch. 8

အဆင့်မြင့်ဘဝ

Vol. 1 Ch. 8

တည်းဖြတ်သူယုယွီတစ်ယောက် ကော်ဖီတစ်ငုံ ထပ်သောက်ရင်း ပယ်ချရန်အတွေးများ ပျောက်ကွယ်သွားသည်။

လင်းချွမ်၏ ဝတ္ထုအဖွင့်မှာတင် လောင်းကစားသမား တစ်ဦး၏ ဘဝကို ကောင်းကောင်းထင်ဟပ်ကာ ခမ်းနားလှသည်။

ယုယွီ ပါရမီရှင်တစ်ယောက်၏ အငွေ့အသက်ကို ခံစားမိ၏။

လုံးဝ လူလိမ်တစ်ဦး၏ အတ္ထုပတ္တိနှင့် တူလေသည်။

ဦးလေးဆီက ကြားရုံနဲ့ အဲ့လောက် တိတိကျကျ ရေးနိုင်လား။

လင်းချွမ်ရဲ့ အတ္ထုပတ္တိများလား။

ယုယွီ ထိုသို့ ကောက်ချက်ချမိကာ မယုံနိုင်စွာဖြင့် ရယ်မောလိုက်မိသည်။

မဖြစ်နိုင်လိုက်တာ။

ထို့နောက် လင်းချွမ်အား ပြန်စာနှင့်အတူ ခပ်ရွဲ့ရွဲ့ အရုပ်ပုံလေး ပို့လိုက်သည်။

“ဒါ ရှင့်အတ္ထုပတ္တိမလား”

…

ပျော်ရွှင်မှုရပ်ဝန်း။

လင်းချွမ် အမဲသားခေါက်ဆွဲဆိုင်ထဲ ဝင်သွား၏။

“မင်္ဂလာပါ။ ဒီကောင်တာမှာ မှာလို့ရပါတယ်ရှင်”

အမျိုးသမီးတစ်ဦးမှ လင်းချွမ်ကိုကြည့်ကာ လှမ်းပြောသည်။

လင်းချွမ် မီနူးကို ကြည့်၍

“အမဲသားခေါက်ဆွဲတစ်ပွဲ ပေးပါ”

“(၁၅) ယွမ်ပါ”

ထို့နောက် ကောင်တာရှိ အမျိုးသမီးက ဆက်၍

“တခြား အရံဟင်းပွဲ ယူဦးမလားရှင့်။ အမဲသားအပို ထည့်ရင် (၈) ယွမ်၊ ကြက်ဥနဲ့ဆို (၃) ယွမ် ထပ်ပေးရပါမယ်”

လင်းချွမ် ခေါင်းယမ်းပြကာ

“မယူတော့ဘူးနော်”

ဈေးကြီးလိုက်တာ။

သူ ကြိုက်သလောက် စားနလျှင် နောက်လအခန်းခ မပေးနိုင်ဘဲ ဖြစ်တော့မည်။

သူ ထောင့်တစ်နေရာရှိ စားပွဲ၌ ဝင်ထိုင်လိုက်၏။

မကြာမီ ယုယွီထံမှ စာရောက်လာသည်။

“ဒါ ရှင့်အတ္ထုအတ္တိမလား”

လင်းချွမ် ချက်ချင်း စာပြန်လေ၏။

“အဲ့တာ ဖြစ်နိုင်လို့လား ယုယွီရယ်”

“ဟားဟား။ နောက်တာပါ။ ကျွန်မ အတွေးကို ပြောပြမယ်နော်”

“ပြောပါ”

ယုယွီ ခဏစဉ်းစားပြီးနောက် လက်သွယ်သွယ်လေးများ ကီးဘုတ်ပေါ်၌ စတင် လှုပ်ရှားလာသည်။

“ဒီအဖွင့်နဲ့တင် တော်တော် မှင်တက်ရတယ်။ လုံးဝ တကယ် ဖြစ်ခဲ့သလို စိတ်လှုပ်ရှားစရာ ခံစားချက်မျိုးပဲ”

“အံစာပစ်ကစားနည်းမှာ သုံးတဲ့စွမ်းရည်ဆိုရင် အသေးစိတ်ကျပြီး လောင်းကစားသမားနဲ့ ကွက်တိပဲ။ ဒီအရေးအသားအတိုင်း ထိန်းထားနိုင်ရင် လုံးဝ ပေါက်မှာသေချာတယ်”

လင်းချွမ် သူ့စာကို ဂရုတစိုက်ဖတ်ကြည့်နေ၏။

ပေါက်မည်ဟူသော စကားလုံးမှာ အလွန် ဆွဲဆောင်မှု ရှိနေသည်။

ပေါက်သွားမှာလား။

ဒါဆို တစ်လတစ်လ ဘယ်လောက် ရလောက်လဲ။

စာရေးဆရာ အသိုင်းအဝိုင်းမှာလည်း အဆင့်အမျိုးမျိုး ရှိပါသည်။

ယခု လင်းချွမ်မှာ အလွန်ရုန်းကန်နေရသော အဆင့် ဖြစ်၏။

ထိုအခြေအနေကို ချိုးဖောက်နိုင်ပါက သာမာန်လေး ပေါက်လျှင်ပင် ပိုမိုသက်သာချောင်လည်သော ဘဝလေး ရနိုင်သည်။ တစ်နပ်တွင် ဟင်း (၄) ပွဲ၊ စွပ်ပြုတ် (၁) ခွက်ဖြင့် ကောင်းကောင်းစားနိုင်ပြီ။ ဒီထက် အောင်မြင်ရန်တော့ လင်းချွမ် တွေးပင် မတွေးရဲချေ။

ရုတ်တရက် ရောဂါသည်ကဲ့သို့ လက်များ တုန်ရီလာပြီး

“ဒါက တကယ် ပေါက်နိုင်တာလား”

“ဒါပေါ့”

ယုယွီမှ ပြန်ဖြေ၏။

ယုယွီ၏ အားပေးစကားကြောင့် လင်းချွမ် စိတ်ကူးယဉ်ရဲလာသည်။ မျှော်လင့်ချက် အပြည့်ဖြင့် လက်သီးကို တင်းတင်းဆုပ်ကာ ကျောကို မတ်လိုက်သည်။ လူလိမ်ဘဝ၏ ယုံကြည်ချက်များ ချက်ချင်း ထိုးတက်လာ၏။

စနစ်က တကယ် အံ့ဩစရာပဲ။

“အမဲသားခေါက်ဆွဲ ရပြီနော် မောင်လေး”

အမျိုးသမီးမှ လင်းချွမ်ရှေ့သို့ ပန်းကန်လာချပေးသည်။

လင်းချွမ် ပန်းကန်ကြီးထဲမှ အမဲသားဖက်အနည်းငယ်ကို ကြည့်ကာ ပြန်လှမ်းခေါ်လိုက်သည်။

“ခဏလေး”

အမျိုးသမီး သူ့ကို အံ့ဩစွာကြည့်၍

“ဘာလို့လဲ မသိဘူး”

“အမဲသားရော ကြက်ဥရော အပိုထည့်ပေးပါ”

လင်းချွမ်မှာ တစ်ဆိုင်လုံး ပြေးဝယ်တော့မလို စိတ်ဓာတ်တက်ကြွနေ၏။

“အမဲသားနဲ့ ကြက်ဥအပိုထည့်မယ်လို့ ပြောတာလား”

အမျိုးသမီးလည်း သူ့အမူအရာပြောင်းသွားသည်အား ခံစားမိပါသည်။ ဆိုင်ထဲစဝင်လာစဉ်က မျက်လုံးမျိုး မဟုတ်တော့ပါ။

“အင်း”

လင်းချွမ် ခေါင်းငြိမ့်ပြ၍

“နောက်ပြီး ပဲနို့တစ်ပုလင်းပါ ပေးပါ”

“ဟုတ်ကဲ့။ ဒီအကွက်လေးထဲ စကန်ပြီး ပေးချေလို့ ရပါတယ်”

အမျိုးသမီးမှ ပြုံးရွှင်၍ ဝန်ဆောင်မှု ကောင်းစွာ ပြန်ပြောသည်။

ထိုရိုးရှင်းသော အမဲသားခေါက်ဆွဲဆိုင်မှာ လင်းချွမ်အတွက်တော့ ထိပ်တန်း စားသောက်ဆိုင်ကြီး ဖြစ်နေ၏။

ထို့နောက် ငွေချေပြီးသောအခါ အမျိုးသမီးလည်း ပန်းကန်အသစ်ဖြင့် ထပ်ရောက်လာသည်။

အမဲသားများ ပန်းကန်ထဲတွင် စီရီလျက် ကြက်သွန်မြိတ်စိမ်းစိမ်း ဖြူးကာ ကြက်ဥလုံးလုံးပြည့်ပြည့်ဖြင့် မွှေးကြိုင်သော ရနံ့ကို ခံစားမိနေတော့သည်။

လင်းချွမ် ထိုကဲ့သို့ ကောင်းကောင်း မစားရတာ အလွန်ကြာလေပြီ။

ထို့နောက် သူ့အဖြစ်သူ စဉ်းစား၍ ရယ်မောမိ၏။

တကယ် ဆင်းရဲရမှာ ကြောက်တယ်ကွာ။

ထားပါ။ အရမ်းမတွေးနဲ့တော့။

သူ စစားရန် ပြင်လိုက်သည်။

သူ့အမဲသားခေါက်ဆွဲမှာ အလွန်အရသာရှိပြီး ချက်ချင်း ဗိုက်ပြည့်သွားစေ၏။ ပဲနို့အရသာမှာလည်း ဈေးကြီးပေးရသည့် နို့လက်ဖက်ရည်များထက် ပိုကောင်းနေသည်။ အမှန်တော့ ထိုဈေးကြီးသော အအေးမျိုး သူ မသောက်ဖူးပါ။

ဟာ… တကယ် မဆင်းရဲချင်ဘူး။

…

နွေဦးလေညင်းမှာ အလွန် အေးချမ်း၏။

လင်းချွမ် ခေါက်ဆွဲဆိုင်မှထွက်လာပြီး လမ်းအိုလမ်းကြားလေးကို ဖြတ်ကာ မြို့ဟောင်းလေးမှ ပန်းရနံ့သင်းသင်းများကို ရှူရှိုက်လိုက်သည်။

ထို့နောက် တိုက်ခန်းဆီသို့ အမြန်ပြန်လာခဲ့တော့သည်။

L“ကျန်း ဗီဒီယိုအတိုလေးတွေ ကြည့်နေပြန်ပြီလား”

လင်းချွမ် ဆိုင်ငယ်လေးကိုဖြတ်ရင်း လှမ်းမေးလိုက်သည်။

“ငှါးခ ထပ်တိုးလိုက်ရမလား”

ကျန်း နှုတ်ခမ်းလေးစူ၍ ပြန်ပြော၏။

သို့သော် လင်းချွမ်တစ်ယောက် စက္ကန့်ပိုင်းအတွင်း (၆) လွှာသို့ ပြေးတက်သွားပြီးလေပြီ။

တည်းဖြတ်သူ ယုယွီ၏ အားပေးစကားကြောင့် ပိုက်ဆံများများ ရှာရန်သာ စိတ်ထဲရောက်နေသည်။

သူ ကွန်ပျူတာရှေ့ထိုင်၍ စာဖတ်သူအဖွဲ့ထဲ ဖွင့်ကြည့်လိုက်သည်။

“အားလုံးပဲ စာအုပ်အသစ် မကြာခင် ထွက်ပါမယ်ခင်ဗျာ”

စာဖတ်သးများ ချက်ချင်း တုံ့ပြန်လာ၏။

[နောက်ထပ်စာအုပ်လား။ ဘာအကြောင်းလဲဟင်]

[ဆရာက စာအုပ်အသစ် ထုတ်ပြီလား]

[ဆရာဘာရေးရေး ဖတ်မှာ]

[အဟမ်း တစ်ခုလောက် ပြောပြဦးမယ်။ ဆရာ့စာအုပ်ထဲက ဇာတ်ကောင်ကို အားကျလို့ အခုပဲ သော့ပြင်နည်းသင်ပြီး ရဲစခန်းမှာ အလုပ်စာရင်း သွင်းထားပြီ]

[ကောင်းတာပေါ့ အစ်ကိုရဲ့]

လင်းချွမ် ရယ်မောလျက်

“နောက်စာအုပ်က လူလိမ်အကြောင်းပါ။ မနက်ဖြန် အကြမ်းပြင်ပြီးရင် စာချုပ်ချုပ်ရုံပဲ။ မနက်ဖြန်တင် ဖတ်လို့ရလောက်တယ်…”

လင်းချွမ်အားရပါးရ ပြောပြနေ၏။

[လူလိမ်လား။ ဆရာ ရေးရဲတယ်နော်။]

[ဒီအလုပ်မျိုးက ရေးရခက်မှာကို။]

[အရမ်းမျှော်နေမိပြီ။ ဘယ်လိုလုပ်ကြမလဲ။]

[ဒီစာအုပ်မှာရော စနစ်ကျကျအကုန် ရေးပြမှာလား။]

“ဒါပေါ့”

သူခိုးဝတ္ထုလည်း စနစ်ကျလွန်းလို့ ရဲတွေတောင် လိုက်လာတာပဲ။

[ဝါး ဆရာ တကယ် ရေးနိုင်တာလား။]

[မယုံနိုင်ဘူး။ နည်းနည်းလောက် သင်ပေးပါဦး။]

[ကျွန်တော် ဒါတော့ သေချာသင်မှဖြစ်မယ်။]

[ဆရာက တကယ်ရှားပါးရတနာပဲ။]

All Chapters