← Chapters

နည်းပညာစာရေးဆရာ

Vol. 1 Ch. 9

နည်းပညာစာရေးဆရာ

Vol. 1 Ch. 9

နွေဦးလေညင်းမှ အချိန်များကို ကုန်လွန်စေပြီးနောက် မျက်စိတစ်မှိတ်အတွင်း ညတစ်ည ပြီးဆုံးကာ မနက်ခင်းအချိန် ရောက်လာသည်။

ကောင်းကင်မှာ ကြည်လင်တောက်ပ၍ နေရောင်ခြည်များ ပြတင်းမှတစ်ဆင့် တိုးဝင်နေကြသည်။ နူးညံ့နွေးထွေးကာ တိတ်ဆိတ် အေးချမ်းလှ၏။

ပြတင်းအပြင်ဘက်တွင်တော့ ငှက်ကလေးများ၏ တကျီကျီအော်သံများ ကြားရပြီး ဂီတသံစဉ်ကဲ့သို့ အသက်ဝင်လှသည်။

လင်းချွမ်၏ကီးဘုတ်မှလည်း စည်းချက်ကျစွာ အသံတဒက်ဒက် မြည်နေ၏။

လင်းချွမ် စတင်ရေးသားနေပြီဖြစ်သည်။

တစ်ဖက်မှ ယုယွီလည်း မနက်အစောတည်းက လင်းချွမ်စည်းချက်ထဲ၌ ပါဝင်လာ၏။

ဝတ္ထုအစအဆုံးပြီးရန် အချိန်အနည်းငယ်တော့ ယူရပါသည်။

မွန်းတည့်ချိန်တွင်တော့ အားလုံး ပြီးသွားတော့သည်။

ဒင်!

စနစ်မှ အသံထွက်လာ၏။

[အလုပ် : လူလိမ်ဘဝ]

[အခြေအနေ : ရောင်းနေဆဲ]

[အောင်မြင်မှုအဆင့် : ၀/၁၀၀၀]

“တုံ့ပြန်မှု (၁၀၀၀) ရရင် နောက်ထပ်အတွေ့အကြုံ ရနိုင်ပြီပဲ”

လင်းချွမ်တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။

ထို့နောက် စကားပြောခန်းထဲဝင်၍

“အစ်ကိုတို့ စာအုပ်အသစ် ထွက်ပြီနော်။ subscribe လေး လုပ်ပေးကြပါဦး”

စာဖတ်သူများ ချက်ချင်း လှုပ်ရှားလာ၏။

[အံ့ဩစရာပဲ။ စာအုပ် ထွက်ပြီတဲ့။]

[ကျွန်တော် အခုပဲ သော့ပြင်နည်းသင်ထားတာကို။ သူခိုးဘဝက ဆက်မရေးတော့ဘူးလား။]

[ဘယ်လိုလုပ် သွားသင်တဲ့အထိတောင်လဲ။]

[ဆရာ့စာအုပ်ဖတ်ပြီး အရမ်းစမ်းချင်နေတာနဲ့ မန်နေဂျာအခန်းက တံခါးကို သွားဖွင့်ကြည့်တာ။ သူ့လုံခြုံရေးစနစ်ရှိတာ မေ့နေတယ်။]]

[တကယ့် ပြစ်မှုကြီးပဲ။]

[စာအုပ်အသစ်က ဘာအကြောင်းလဲ။]

[လူလိမ်ဘဝလေ။]

[ငါ အရင်ဆုံး ဖတ်ပြီပဲ။]

[တကယ် မိုက်မှာ။]

[အခုပဲ ဆရာ့နည်းလမ်းတွေ ပံ့ပိုးဖို့ ဖဲဝိုင်းရောက်နေပြီ။]

အမာခံပရိသတ်များမှာ ရွက်လွှင့်ခြင်း ဝက်ဘ်ဆိုဒ်၌ ချက်ချင်း ပြေးရှာကြလေသည်။

“လူလိမ်ဘဝ”

တစ်ချက်ကြည့်ရုံဖြင့် မှင်တက်၍ စကားပြောခန်းထဲ ပြန်ရောက်လာကြသည်။

[ဆရာ ဒါက စာအုပ်အသစ်လား။ အရှည်ကြီးပဲ။]

[တကယ် ကြောက်စရာပဲ။]

[ဘုရားသခင် ဘာကို တွေ့လိုက်မိတာလဲ။]

[ဆရာရယ် ဖြည်းဖြည်းရေးပါ။]

[ဒီပုံအတိုင်းဆို သူများတွေ လိုက်မမီဘဲ နေပါမယ်။]

…

ပျော်ရွှင်မှုရပ်ကွက်။

ခမ်းနားလှပသော အခန်းကြီးထဲတွင် သက်လတ်ပိုင်းလူတစ်ဦး နူးညံ့သော ဆိုဖာပေါ်တွင် ထိုင်၍ ရှေ့မှ ငါးကန်အား အသက်မဲ့စွာ ငေးကြည့်နေသည်။

ပုံစံမှာ ခပ်ဝဝနှင့် ဆံပင်ဖြူများလည်း ပြည့်နေ၏။

ထိုလူမှာ လင်းချွမ်၏အိမ်ပိုင်ရှင် ဦးလေးကျန်းပင်။

ရှေ့တစ်နေ့က ဖဲဝိုင်းတွင် အဖမ်းခံရပြီး ရဲစခန်း၌ တစ်ညဖြတ်သန်းပြီးနောက် ယခုမနက် ပိုက်ဆံပေးကာ အိမ်ပြန်ရောက်နေလေပြီ။

“အဖေ့ကို လောင်းကစားတွေ မလုပ်ပါနဲ့လို့ ပြောနေတာကို။ အခုကြည့်ဦး။ တစ်ညတည်း သိန်းချီပြီး ရှုံးလာတယ်။ နောက်ဆုံး ရဲစခန်းအထိပါ ရောက်ကုန်ပြီ”

ကျန်းရှင်းရှင်း သူ့အရှေ့တွင်ထိုင်ကာ ပြောနေသည်။

သူဌေးကျန်း၏ အသားအရည်များ တစ်ညအတွင်း မွဲခြောက်၍ အလွန်ပင်ပန်းသွားပုံ ရသည်။

“ဒါ ငါ့ဝါသနာပဲလေ”

သူဌေးကျန်းမှ ပြန်ပြော၏။

ကျန်းရှင်းရှင်းမှ ဆက်၍

“အဲ့တာ ဝါသနာလား။ လောင်းကစားလေ။ ထိတောင် မထိသင့်တာတွေကို”

သူဌေးကျန်း တစ်ဖက်သို့ လှည့်သွားပြီး

“သူငယ်ချင်းတွေနဲ့မှ ဖဲမရိုက်ရင် ဘာလုပ်စရာ ရှိသေးလို့လဲ။ တစ်နေ့တစ်နေ့ ပိုက်ဆံလိုက်ကောက်တာလည်း ပျင်းစရာကြီး”

ကျန်းရှင်းရှင်းကတော့ မျက်နှာပိုတည်သွားပြီး ဆက်ဆူနေ၏။

“အဖေလုပ်စရာ ဝါသနာတွေမှ အများကြီးပါ။ ငှက်တွေ သွားကြည့်လို့ ရတယ်။ ဗီဒီယိုတွေ ရိုက်တင်လို့ ရတယ်။ ဝတ္ထုဖတ်လို့ရတယ်။ အဲ့တာတွေလည်း ကောင်းတာပဲမလား။ ဒီလောက် လုပ်စရာတွေ အများကြီးကို ဘာလို့ လောင်းကစားပဲ လုပ်ချင်နေရတာလဲ။ လင်းချွမ်ဆို သူ့စာအုပ်တွေ ဒီလောက် အကြာကြီး မအောင်မြင်တာတောင် ပျော်အောင်နေတတ်သေးတယ်”

သူဌေးကျန်းလည်း သမီးကို မနိုင်တော့၍ လက်ယမ်းပြ၍

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ လောင်းကစား မလုပ်တော့ဘူးနော်။ အိမ်မှာပဲ ရုပ်ရှင်ကြည့်၊ စာအုပ်ဖတ် လုပ်ပါတော့မယ်ခင်ဗျာ။ ရပြီလား”

ကျန်းရှင်းရှင်းလည်း ထိုအခါမှ သင်ခန်းစာ ရပ်တော့သည်။

“ပြီးရော။ သမီး ဆိုင်သွားလိုက်ဦးမယ်”

သူဌေးကျန်း သူ့သမီး အောက်ထပ် ဆင်းသွားသည်အား သေချာလိုက်ကြည့်နေမိသည်။

အိမ်ပိုင်ရှင်ဖြစ်ရတာ ပျင်းစရာပဲ။

ဝတ္ထုလေးဘာလေး ဖတ်ရမယ်။

ထို့နောက် ဖုန်းကိုထုတ်၍ ဝတ္ထုတင်ပေးသော app ကို ဒေါင်းလုတ်ဆွဲလိုက်သည်။

“ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်တဲ့။ အခမဲ့တွေ များသားပဲ။ ဒါကောင်းမယ်”

သို့သော် သူဝတ္ထုထဲ အာရုံမရောက်ပေ။ မနေ့ညက ရှုံးသွားသော ပိုက်ဆံများကိုသာ တွေးနေမိ၏။

ထိုညက အလွန်ဆုံးရှုံးသွားခြင်းမှာ တစ်ဖက်လူမှ ကံကောင်းသွား၍ ဖြစ်သည်။ ထိုသူ လိမ်ဆော့သည်ဟု သံသယဝင်မိသော်လည်း သက်သေမရှိပေ။

ဤသို့ဖြင့် တစ်ဦးမှ ထိုလူကို လူလိမ်ဟုဆိုကာ အိမ်သာထဲသွားစဉ် ရဲကိုဖုန်းဆက်၍ အားလုံး ပြဿနာကြီးသွားခြင်း ဖြစ်၏။

ဝတ္ထုများမှအချို့လည်း အကြံပေးချက်အနေဖြင့် တက်လာသည်။

“အနန္တလောင်းကစားပင်လယ်”

“လူလိမ်”

“အကုန်ဆုံးရှုံးပြီးတာတောင် လောင်းကစား လုပ်နေတုန်းလား”

သူဌေးကျန်း ဒုတိယတစ်ပုဒ်ကို မျက်စိကျသွားသည်။

လူလိမ်!

ချက်ချင်း စိတ်ဝင်စားမှု မြင့်တက်လာ၏။

“ငါသာ လိမ်နည်းတွေသိရင် အကုန်သိမ်းလို့ရပြီ”

သူဌေးကျန်း စ၍ အိပ်မက်မက်လာသည်။

သူ ဝတ္ထုထဲမှ တကယ်သင်နိုင်မည်ဟု ထင်နေခြင်း မဟုတ်သော်လည်း စိတ်ပြေရာပြေကြောင်း ဖြစ်နိုင်၏။

ထို့နောက် လူလိမ်ဟူသောစာအုပ်ကို နှိပ်လိုက်၏။

စာရေးသူမှာ ဆရာလင်း။ သူ ဂရုမစိုက်ဘဲ စာကိုသာ ဆက်၍ ဖတ်လေသည်။

“ငါဟာလူလိမ်ပဲ။ … လောင်းကစားက အောင်မြင်မှု မဟုတ်”

“ဒီကောင်လေး ဆရာလင်းဆိုတာက ကြည့်လိုက်တာနဲ့ လောင်းကစားဝိုင်းတောင် ရောက်ဖူးမယ့်ပုံ မပေါ်ဘူး”

သူဌေးကျန်း ဝေဖန်နေလေ၏။

လောင်းကစားသမားများမှာ အကြံဉာဏ် မလိုအပ်ပေ။

ထို့နောက် မျက်မှောင်ကြုတ်၍ ဆက်ဖတ်နေလေသည်။

“အရေးအသားကတော့ မဆိုးဘူးပဲ”

“ဟင် အံစာတုံးနားထောင်တဲ့ အရည်အချင်းပါ ပါတာလား”

သူဌေးကျန်း ဆိုဖာပေါ် မှီထိုင်နေရာမှ ရုတ်တရက် မတ်သွား၏။

ထို့နောက် တစ်ကြောင်းချင်း သေချာဖတ်နေသည်။

ထို့နောက် မျက်မှောင်ကြုတ်၍

“အရင် ရူပဗေဒအချက်နဲ့ ယှဉ်ပြောဖူးတဲ့သူက တကယ် မှန်နေတဲ့ပုံပဲ”

သူ ကျောင်း၌ သင်ကြားစဉ်ကအကြောင်းများ ပြန်တွေးမိလာသည်။

စာအုပ်ထဲ၌ အံစာတုံးမျက်နှာပြင် ထိခိုက်မှုများကို အသေးစိတ် ရေးပြထားလေသည်။

သူ ဒီအတိုင်း ဆက်မနေနိုင်တော့ပေ။

“တကယ် ဖြစ်နိုင်လို့လား”

သူ နားမလည်နိုင်ပေ။

အံဆွဲထဲမှ အံစာတုံးများထုတ်၍ စမ်းသပ်ကြည့်လိုက်၏။

သူဌေးကျန်း အာရုံစိုက်၍ အံစာခေါက်လိုက်သည်။

ဒေါက်!

“မင်းပြောတာ ဟုတ်မဟုတ် ကြည့်ကြတာပေါ့”

All Chapters